အခန်း (၆)
Vol. 1 Ch. 6
ဤသို့သော စိတ်ကူးမယဉ်ရဲစရာ အတွေးတစ်ခုသည် ကျိရုရွှယ်၏ စိတ်ထဲတွင် အမြစ်တွယ်သွားသည်နှင့်အမျှ တားဆီး၍မရနိုင်အောင်ပင် ပျံ့နှံ့လာတော့သည်။
ကျိရုရွှယ်သည် ဤဇွန်ဘီနှင့် စတင်တွေ့ဆုံခဲ့စဉ်က အခြေအနေကို မတွေးဘဲ မနေနိုင်တော့ချေ။ တံခါးကို အရူးအမူး ရိုက်ပုတ်ခြင်း သို့မဟုတ် လက်သည်းများဖြင့် ကုတ်ခြစ်ခြင်းတို့ကိုသာ သိရှိကြသော အခြားဇွန်ဘီများနှင့်မတူဘဲ...
သူမ ပထမဆုံး မြင်လိုက်ရချိန်တွင် ဤဇွန်ဘီသည် တံခါးလက်ကိုင်ကို အရင်ဆုံး လှည့်ကြည့်ခဲ့သည်ကို ကျိရုရွှယ် မှတ်မိနေသည်။ ဆိုလိုသည်မှာ ဤဇွန်ဘီသည် တံခါးဖွင့်နည်းကို မူလကတည်းက သိရှိထားခြင်းပင်။ အိပ်ခန်းမှာ သော့ခတ်ထားသဖြင့်သာ သံတူရွင်းကို အသုံးပြု၍ သော့ကို ရိုက်ခွဲခဲ့ခြင်းပင်။
ယခင်ကမူ ကျိရုရွှယ်သည် အလွန်အမင်း ဆာလောင်နေပြီး ထိတ်လန့်နေခဲ့သဖြင့် ဤအချက်ကို သတိမထားမိခဲ့ပေ။ ယခု ပြန်စဉ်းစားကြည့်မှသာ ဇွန်ဘီတစ်ကောင်က သံတူရွင်းကို အသုံးပြုသည်ဆိုခြင်းမှာ မည်မျှ ထူးဆန်းနေသည်ကို သူမ သဘောပေါက်လိုက်တော့သည်။
ကျိရုရွှယ်၏ အမှတ်ရမှုများအရ သာမန် အဆင့် ၁ ဇွန်ဘီများသည် အကိုက်ခံရပြီး ပြောင်းလဲသွားသည်နှင့် သွေးဆာနေသည့် ဗီဇတစ်ခုတည်းသာရှိသော တိရစ္ဆာန်ရိုင်းများကဲ့သို့ ဖြစ်သွားကြပြီး ကိရိယာတန်ဆာပလာ အသုံးပြုခြင်းဟူသော အယူအဆ လုံးဝမရှိကြချေ။ တံခါးဖွင့်မရသည့်အခါ သံတူရွင်းဖြင့် ရိုက်ခွဲရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ထို့ပြင် သူမကို ဝါးမြိုစားသောက်မည့်အစား နို့မှုန့်ဖျော်တိုက်ခြင်းမှာလည်း လုံးဝ ယုတ္တိမရှိသော ကိစ္စပင်။ အလွန်ပြင်းထန်သော စိတ်ဓာတ်ခွန်အားရှိသည့် စစ်သည်တော်များပင်လျှင် ဗိုင်းရပ်စ်ကူးစက်ခံရပါက သွေးဆာနေသည့် သားရဲများသာ ဖြစ်သွားကြသည်ကို ကျိရုရွှယ် မြင်တွေ့ခဲ့ဖူးသည်။
လူသားမျိုးနွယ်၏ ဧကရီဟောင်းတစ်ပါးအနေဖြင့် ကျိရုရွှယ်သည် ဇွန်ဘီပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ဖူးသော်လည်း တံခါးကို ရိုက်ခွဲဝင်ရောက်ကာ ကလေးကို နို့တိုက်သည့် ဇွန်ဘီအကြောင်း တစ်ခါမျှ မကြားဖူးခဲ့ပေ။ ယနေ့တွင်မူ သူမ၏ ဒိုင်ပါကိုပင် လဲလှယ်ပေးနေသေးသည်...
ဒါကြီးက ငါတွေးနိုင်တဲ့အရာထက် အများကြီးကျာ်လွန်သွားပြီ။
ဤပုံမှန်မဟုတ်သော လုပ်ရပ်များကြောင့် ကျိရုရွှယ်သည် သူမ၏ ယူဆချက်ကို ပိုမိုယုံကြည်လာတော့သည်။
"ငါ့ရှေ့က ဒီထူးဆန်းတဲ့ ဇွန်ဘီက... အရင်ဘဝက လူသားတစ်ယောက်ရဲ့ အသိစိတ်ကို သေချာပေါက် ထိန်းသိမ်းထားနိုင်တာပဲ"
အကယ်၍ ထိုသို့သာ မဟုတ်ပါက သူမသည် ယခုအချိန်အထိ အသက်ရှင်နေနိုင်စရာ အကြောင်းမရှိဘဲ လွန်ခဲ့သော အချိန်ကတည်းက အပိုင်းပိုင်း အဆွဲဖြတ်ခံရပြီး ဖြစ်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ကျိရုရွှယ်သည် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။ သူမ၏ ယခင်ဘဝတွင် အရာအားလုံးကို မြင်တွေ့ခဲ့ဖူးပြီး အစွမ်းထက်လှသော ဇွန်ဘီများနှင့် အခြားသတ္တဝါပေါင်းစုံကို ရင်ဆိုင်ခဲ့ဖူးသော်လည်း ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် လူသားတစ်ဦး၏ အသိစိတ်ကို ထိန်းသိမ်းထားနိုင်သည့် အဖြစ်အပျက်မျိုးကိုမူ ယခုမှ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
လူသားတစ်ဦး၏ စိတ်ဆန္ဒကသာ ထိုကဲ့သို့ သွေးဆာနေသည့် ဗီဇရိုင်းများကို ဖိနှိပ်ထားနိုင်မည် မဟုတ်ပါလား။
ဒါပေမဲ့ ခဏလေးနေဦး...။
သူမရှေ့က ဒီဇွန်ဘီကို ဘယ်လိုပဲကြည့်ကြည့်... အမျိုးသမီးတစ်ယောက်နဲ့တော့ မတူဘူး...။
"ငါ့လို ဧကရီတစ်ပါးကို... ယောက်ျားတစ်ယောက်က အနှီးလဲပေးလိုက်တာလား"
ကျိရုရွှယ်သည် မျက်လုံးအစုံကို ဝိုင်းစက်အောင် ဖွင့်လိုက်မိပြီးမှ လက်ရှိအခြေအနေကို သဘောပေါက်သွားတော့သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အရှက်အကြောက်မရှိ ဖွင့်ဟပြသလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားရ၏။
ယခင်ဘဝ၌ သူမသည် အမျိုးသားတစ်ဦး၏ လက်ကိုပင် တစ်ခါမျှ မထိတွေ့ခဲ့ဖူးပေ။ ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ပင် ဆန့်ကျင်ဘက်လိင်နှင့် မည်သည့် ရင်းနှီးကျွမ်းဝင်မှုကိုမျှ မပြုလုပ်ခဲ့ဖူးချေ။ သူမ တစ်သက်လုံး ထိန်းသိမ်းလာခဲ့သော အပျိုစင်ဘဝလေးမှာ ဒိုင်ပါတစ်ခုကြောင့် ပျက်စီးသွားရလိမ့်မည်ဟု ဘယ်သူက ထင်မှတ်ထားမှာလဲ။
ခေတ္တမျှ ကျိရုရွှယ်သည် ငိုချင်စိတ်ပေါက်သွားသော်လည်း မျက်ရည်မူ ထွက်မလာခဲ့ပေ။ တစ်ကျော့ပြန် မွေးဖွားလာပြီးနောက်ပိုင်း ဖြစ်နိုင်သမျှသော ကံဆိုးမှုအပေါင်းက သူမထံသို့သာ စုပြုံရောက်ရှိလာသကဲ့သို့ ခံစားရကာ မြည်တမ်းမိတော့သည်။
သို့သော် ခဏအကြာတွင် ကျိရုရွှယ်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ထားလိုက်ပါတော့လေ... ထားလိုက်ပါတော့...။
ပိုးကောင်မျိုးနွယ် ဘုရင်မနဲ့ တိုက်ပွဲမှာတင် ငါက သေသွားခဲ့သင့်တာပဲ။ အခုလို ပြန်လည်မွေးဖွားလာရတာကိုက ကံကောင်းခြင်းတစ်ရပ်လို့ ဆိုရမှာပေါ့။
"ဒါ့အပြင် ငါ့အသက်ကိုလည်း သူကပဲ ကယ်တင်ထားတာ အခုလို အသက်ရှင်နေရတာကိုက တကယ့်ကို ကံကောင်းလှပြီပဲ"
ဤသို့ တွေးတောမိပြီးနောက် ကျိရုရွှယ်သည် ထိုကိစ္စကို စိတ်ထဲ၌ ဆက်လက် အတိအကျ မထားတော့ပေ။ အထူးသဖြင့် သူမသည် ယခုအခါ ယခင်ဘဝကကဲ့သို့ အားလုံးက ရိုသေလေးစားရသော ဧကရီတစ်ပါး မဟုတ်တော့ဘဲ နို့စို့သူငယ်လေးတစ်ဦးသာ ဖြစ်နေသည်မဟုတ်ပါလား။
သူမ၏ ဒိုင်ပါကို အလေးအနက်ထား၍ လဲလှယ်ပေးနေသော လုချွမ်းကို ကြည့်ရင်း ကျိရုရွှယ် စိတ်လှုပ်ရှားမိသည်။ ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ လူသားဆန်မှုနှင့် ကိုယ်ကျင့်တရားတို့မှာ လုံးဝဥဿုံ ပြိုလဲပျက်စီးသွားခဲ့ပြီဖြစ်သည်။ စနစ်တကျ ရှိခဲ့သော အစီအစဉ်များမှာလည်း ကွယ်ပျောက်သွားသည်မှာ ကြာလှပြီ။
ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်နိုင်ရန် ရုန်းကန်ခဲ့ရစဉ်အတွင်း လူသားတို့ မည်မျှအထိ ယုတ်ညံ့သွားနိုင်သည်ကို ကျိရုရွှယ် ကောင်းကောင်းကြီး မြင်တွေ့ခဲ့ဖူးသည်။ အသက်ရှင်ကျန်ရစ်သူများအတွက် အသက်ဆက်နိုင်ဖို့မှာ အဓိကဖြစ်ရာ ရှင်သန်ရန်အတွက်ဆိုလျှင် သူတို့သည် ဘာမဆို လုပ်ဝံ့ကြသည်။ သူငယ်ချင်းနှင့် မိသားစုကို သစ္စာဖောက်ခြင်း၊ ဘေးနားရှိလူများကို ဇွန်ဘီများထံ အစာအဖြစ် ကျွေးခြင်းတို့မှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသည့် ကိစ္စများပင်။
ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်းနှင့် ကာမရောင်းချခြင်းတို့မှာလည်း ကမ္ဘာပျက်ကပ်၏ ပုံမှန်မြင်ကွင်းများ ဖြစ်နေခဲ့သည်။ သူမ၏ ယခင်ဘဝ၌ ကျိရုရွှယ်သည် ဆုံးရှုံးမှုများစွာကို ကြုံတွေ့ခဲ့ရပြီး ထိုအတွေ့အကြုံများကပင် သူမကို ရက်စက်ကြမ်းကြုတ်လှသော ဤကမ္ဘာကြီးနှင့် ကျင့်သားရလာစေခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း သူမ၏ ဒိုင်ပါကို အာရုံစိုက်လဲပေးနေသော ဤဇွန်ဘီကို ကြည့်ရသည်မှာ ကမ္ဘာမပျက်မီက လူသားဆန်သော ခံစားချက်မျိုးကို ကျိရုရွှယ်အား ပြန်လည်ခံစားရစေသည်။
ဒီဇွန်ဘီက ငါ့ကို သူ့သမီးလေးလို သဘောထားနေတာလား...
ဤသို့ တွေးမိလိုက်သည်နှင့် ကျိရုရွှယ်၏ ရင်ခုန်သံမှာ မြန်လာပြီး သူမ၏ စိတ်ထဲတွင် ဝမ်းနည်းစရာကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကို မသိစိတ်မှ ပုံဖော်နေမိတော့သည်။
ဖြစ်နိုင်သည်မှာ ဤဇွန်ဘီသည် ကမ္ဘာမပျက်မီက အလွန်ချစ်မြတ်နိုးရသော သမီးလေးတစ်ဦး ရှိခဲ့ဖူးပေလိမ့်မည်။ သို့သော် ဤကမ္ဘာပျက်ကပ်ကြီးအတွင်း၌ လူသားတို့၏ အသက်မှာ မြက်ပင်လေးများကဲ့သို့ပင် နုနယ်လွန်းလှသည်။ လှိုင်းလုံးကြီးများနှယ် တိုးဝင်လာသော သွေးဆာနေသည့် ဇွန်ဘီအုပ်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် လူသားဆယ်ယောက်လျှင် တစ်ယောက်သာ အသက်ရှင်နိုင်ခဲ့ကြသည်။
အထူးသဖြင့် ကပ်ဘေး စတင်ဖြစ်ပွားချိန်တွင် မြို့ပြတွင် နေထိုင်ကြသော သာမန်လူသားများအတွက် အသက်ရှင်ရန် မျှော်လင့်ချက်မှာ လုံးဝမရှိသလောက်ပင်။ ထို့ကြောင့် ဤဇွန်ဘီ၏ သမီးလေးမှာ ကမ္ဘာပျက်ကပ်အတွင်း သေဆုံးသွားခဲ့ရသော်လည်း သူ၏စိတ်ထဲတွင်မူ သမီးဖြစ်သူအပေါ် လွမ်းဆွတ်တမ်းတမှုများ ကျန်ရှိနေဆဲ ဖြစ်ပေလိမ့်မည်။
သေခြင်းတရားကို ကျော်လွန်သွားသော ဤမိသားစုသံယောဇဉ်ကြောင့်ပင် သွေးဆာနေရမည့် ဇွန်ဘီတစ်ကောင်မှာ သူမကို သမီးရင်းသဖွယ် ဆက်ဆံနေခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်လည်း သူမကို မြင်လိုက်ရသည့်အခါ အခြားဇွန်ဘီများနှင့်မတူဘဲ နူးညံ့ကြင်နာမှုများကို ပြသခဲ့ခြင်းဖြစ်သည်။ ဤဇွန်ဘီသည် သူမအတွက် လုပ်ဆောင်ပေးသမျှ အရာအားလုံးမှာ ယခင်က သူ၏သမီးလေးအတွက် လုပ်ပေးခဲ့ဖူးသည့် အရာများသာ ဖြစ်ပေလိမ့်မည်။ ဇွန်ဘီအဖြစ် ပြောင်းလဲသွားသည့်တိုင် သူ၏သမီးလေးအပေါ်ထားသော သံယောဇဉ်ကိုမူ သူ လုံးဝမစွန့်လွှတ်နိုင်ခဲ့ရှာပေ။
တောင့်တင်းလှသော ခြေလက်အင်္ဂါများဖြင့် သူမ၏ဒိုင်ပါကို အားတုံ့အားနာနှင့် ကသီကရီ လဲလှယ်ပေးနေသော လုချွမ်းကို ကြည့်ရင်း ကျိရုရွှယ်၏ စိတ်ထဲတွင် စာနာစိတ်နှင့် သနားစိတ်တို့ ရောပြွမ်း၍ ဖြစ်ပေါ်လာရသည်။
ပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်ထားသော လူသားတစ်ဦးသည် ရုတ်တရက်ဆိုသလို ကမ္ဘာပျက်ကပ်ကြီးနှင့် ရင်ဆိုင်လိုက်ရသည်ကို မြင်ယောင်ကြည့်ပါက….
မိမိနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သမျှ အရာအားလုံးမှာ ပြောင်းလဲသွားခဲ့ပြီး မိမိကိုယ်တိုင်ပင်လျှင် ချစ်မြတ်နိုးရသော မိသားစုကို ဆုံးရှုံးလိုက်ရကာ သွေးဆာနေသည့် ဇွန်ဘီတစ်ကောင် ဖြစ်သွားခဲ့ရသည်။
အဆိုးဝါးဆုံး အချက်မှာ အရာအားလုံးကို ဆုံးရှုံးလိုက်ရသည့်တိုင် ဤဇွန်ဘီသည် လူသားတစ်ဦး၏ အသိစိတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းပင်။ သူသည် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း နာကျင်မှုများစွာဖြင့် ဆက်လက်ရှင်သန်နေရရှာသည်။ သူသည် ပျက်စီးယိုယွင်းနေသော ဤမြို့ပြကြီးထဲတွင် တစ်ကိုယ်တည်း ဆက်လက်ရှင်သန်နေရသည်။
သူနှင့် အမှန်တကယ် လက်တွဲဖော်ဟူ၍ တစ်ဦးမျှမရှိဘဲ ဇွန်ဘီအုပ်ကြီးကြားတွင် အထီးကျန်စွာ လှည့်လည်သွားလာနေရသည်။ သူသည် လူသားအသိစိတ် ရှိနေသဖြင့် အခြားဇွန်ဘီများကဲ့သို့ သွေးဆာကာ အသိမဲ့သော ဘဝဖြင့် နေ့စဉ်ဖြတ်သန်းရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ဇွန်ဘီတစ်ကောင် ဖြစ်သွားခဲ့ရပြီဖြစ်သဖြင့် လူသားအသိုက်အဝန်းအတွင်းသို့လည်း ပြန်လည်ဝင်ရောက်၍ မရတော့ချေ။
သူ တစ်ချိန်က သိကျွမ်းခဲ့သော လူသားမျိုးနွယ်များက သူ့ကို ရွံရှာမုန်းတီးသော မျက်ဝန်းများဖြင့် ကြည့်ကာ လက်နက်များဖြင့် ချိန်ရွယ်နေကြသည်ကို သူ ငေးကြည့်နေရုံသာ တတ်နိုင်
တော့သည်။ ဇွန်ဘီလောကမှာဖြစ်စေ လူသားလောကမှာဖြစ်စေ သူ နားခိုရန် နေရာမရှိတော့ပေ။ သူသည် ဤကမ္ဘာလောကကြီး၏ အပြင်ဘက်သို့ ရောက်ရှိနေသော အထီးကျန်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေချေပြီ။
ဤကမ္ဘာကြီးမှာ အလွန်ကျယ်ပြောလှသော်လည်း သူနှင့်အတူ လျှောက်လှမ်းမည့် အဖော်တစ်ဦးမျှပင် မရှိပေ။ ဤကမ္ဘာပေါ်တွင် တစ်ကိုယ်တည်း လျှောက်လှမ်းနေရခြင်းမှာ သေခြင်းတရားထက်ပင် ပို၍ ဆိုးဝါးလှသော ကံကြမ္မာတစ်ခု ဖြစ်ပေလိမ့်မည်။
ကျိရုရွှယ်သည် သူမရှေ့မှ ဇွန်ဘီကို ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ လူသားမျိုးနွယ်၏ ဧကရီမဖြစ်လာမီက သူမသည်လည်း ဖြူစင်ရိုးသားကာ နူးညံ့သော စိတ်နှလုံးရှိသည့် မိန်းကလေးတစ်ဦးသာ ဖြစ်ခဲ့ဖူးသည်မဟုတ်ပါလား။
"နင်က ငါ့ကို သမီးလေးတစ်ယောက်လို သဘောထားတယ်ဆိုရင်လည်း... ငါ ဧကရီက ကြေညာလိုက်မယ်..."
"ဒီနေ့ကစပြီး... နင်က ဒီဧကရီရဲ့ ဇွန်ဘီဖေဖေပဲ"