အခန်း (၈)
Vol. 1 Ch. 8
လမ်းမပေါ်တွင်မူ လုချွမ်းသည် သူ၏ခေါင်းပေါ်ရှိ သွေးရောင်လကြီးကို စိုက်ကြည့်ရင်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။
တစ်ကျော့ပြန် မွေးဖွားလာသူ ဧကရီကျိရုရွှယ်မှာမူ ကမ္ဘာပျက်ကပ်ကို ဖြတ်သန်းခဲ့ဖူးသူပီပီ ဤသွေးရောင်လနှင့် ပတ်သက်၍ များစွာ သိရှိထားသော်လည်း အေးချမ်းသာယာသော အခြားကမ္ဘာတစ်ခုမှ ရောက်ရှိလာသည့် လုချွမ်းမှာမူ ယင်းသည် ဘာကို ဆိုလိုမှန်း လုံးဝမသိရှိချေ။
ဘယ်လိုပင်ဆိုစေကာမူ လုချွမ်းသည် ထောင့်တစ်နေရာသို့ အမြန်ပြေးဝင်လိုက်ပြီး သူပိုက်ထားသော ကလေးနို့မှုန့်ဘူးများကို အသာအယာ ချထားလိုက်သည်။ နို့မှုန့်ဘူးကို ဖွင့်ကြည့်လိုက်ပြီးနောက် အတွင်းရှိ နို့မှုန့်များမှာ ဖြူဖွေးလျက်ရှိနေသေးကြောင်း မြင်လိုက်ရမှသာ လုချွမ်း စိတ်အေးသွားတော့သည်။
"တော်သေးတာပေါ့... ငါ့မှာ လန့်သွားတာပဲ။ ငါ့မျက်စိတွေ နာပြီး အမြင်အာရုံတွေ ဝေဝါးကုန်ပြီလားလို့ ထင်နေတာ"
"ငါ့မျက်စိတွေက ပုံမှန်ပဲဆိုတော့... ဒါက တကယ်ပဲ လမင်းကြီး သွေးရောင်ပြောင်းသွားတာပေါ့လေ"
ဤရုတ်တရက် အပြောင်းအလဲကြောင့် လုချွမ်း အနည်းငယ် အံ့အားသင့်သွားသော်လည်း အချိန်မဆွဲတော့ဘဲ ပစ္စည်းများကို ပြန်လည်ကောက်ယူကာ အိမ်အပြန်လမ်းသို့ ဆက်လျှောက်ခဲ့သည်။ ဤကဲ့သို့ ထူးဆန်းသော ကမ္ဘာကြီးတွင် ဇွန်ဘီကပ်ဘေးပင် ဖြစ်ပွားနိုင်သေးလျှင် လမင်းကြီး သွေးရောင်ပြောင်းသွားခြင်းမှာလည်း မဖြစ်နိုင်သည့် အရာမဟုတ်ပေ။
အတိအကျ ပြောရမည်ဆိုလျှင်...
တိတ်ဆိတ်မှောင်မိုက်သော ည၊ လူသူကင်းမဲ့သော မြို့ပျက်ကြီး၊ သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံများနှင့် သွေးရောင်လမင်းကြီး... ဤသည်မှာ ကမ္ဘာပျက်ကပ် ဇာတ်လမ်းများ၏ စံသတ်မှတ်ချက်အရ နောက်ခံအပြင်အဆင်များပင်။
လုချွမ်းသည် သွေးရောင်လ ထွက်ပေါ်လာခြင်းကြောင့် မည်သည့် မသက်မသာဖြစ်မှုကိုမျှ မခံစားရဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် အရာတစ်ခုအဖြစ်သာ မှတ်ယူလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ၏ ယခင်ဘဝက သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ပေါင်းများစွာတွင် ဤကဲ့သို့သော မြင်ကွင်းများကို သူ မြင်တွေ့ဖူးနေကျ ဖြစ်သည်။
ကောင်းကင်ယံမှ အပြောင်းအလဲများကို လျစ်လျူရှုကာ လုချွမ်းသည် ထိုညတွင် ရိက္ခာများကို အသိုက်ထဲသို့ အသည်းအသန် သယ်ယူစုဆောင်းနေသော ရှူးပျံလေးတစ်ကောင်အလား အလုပ်ရှုပ်နေတော့သည်။
ဇွန်ဘီတစ်ကောင်ဖြစ်ခြင်း၏ အကျိုးကျေးဇူးမှာ မောပန်းနွမ်းနယ်မှုကို မခံစားရဘဲ ခွန်အားမှာလည်း ယခင်ကထက် သိသိသာသာ ပိုမိုသန်မာလာခြင်းပင်။
ထို့ကြောင့် လုချွမ်းသည် ကလေးငယ်လေးအတွက် လိုအပ်နိုင်မည့် ပစ္စည်းမှန်သမျှကို တစ်သုတ်ပြီးတစ်သုတ် မနားတမ်း သယ်ယူပို့ဆောင်တော့သည်။ နို့မှုန့်များ၊ နို့ဘူးများနှင့် ဒိုင်ပါများမှာ ကလေးတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သဖြင့် လုချွမ်းသည် တစ်ခေါက်သွားတိုင်း ထိုပစ္စည်းများကို အပုံလိုက်ကြီး သယ်ဆောင်လာခဲ့သည်။
မကြာမီမှာပင် အခန်းထဲ၌ လုချွမ်း စုဆောင်းထားသော ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများမှာ အပြည့်အနှက် ဖြစ်သွားတော့သည်။ ထို့နောက်တွင်မူ လုချွမ်းသည် မုန့်အမျိုးမျိုး၊ ကလေးကစားစရာများနှင့် ကလေးပုံပြင်စာအုပ်များကိုပါ စတင်သိုလှောင်တော့သည်။ ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေသည့်တိုင် ကလေးငယ်လေးကို စာဖတ်တတ်ရန်နှင့် စကားပြောတတ်ရန် သင်ကြားပေးဖို့မှာ အလွန်အရေးကြီးသည်ဟု လုချွမ်း ခံစားမိသည်။
ပညာရေးမှာတော့ ဘယ်တော့မှ အလျှော့မပေးရဘူးဆိုသည့် စကားအတိုင်းပင်။
ကျိရုရွှယ်မှာမူ လုချွမ်း သယ်လာသော သုံးနှစ်စာ လေ့ကျင့်ခန်းနှင့် ငါးနှစ်စာ စာမေးပွဲမေးခွန်းဟောင်းများစာအုပ်ပုံကြီးကို ကြည့်ကာ တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ဖြစ်သွားရသည်။
ငါ မှတ်မိသလောက်ဆိုရင်... ငါ့အသက်က တစ်နှစ်တောင် မပြည့်သေးဘူး မဟုတ်လား။
အခုကတည်းက စာမေးပွဲမေးခွန်းတွေနဲ့ စရမှာလား... ဒါက နည်းနည်း စောလွန်းမနေဘူးလား။
ဒါ့အပြင်... ကမ္ဘာပျက်နေတဲ့အချိန်မှာ စာမေးပွဲတွေ ဖြေနေရဦးမှာလား။
သို့သော် လုချွမ်းကမူ ထိုအရာများကို ဂရုမစိုက်ဘဲ သူအသုံးဝင်မည်ဟု ထင်သမျှကိုသာ အကုန်သယ်လာခဲ့သည်။ ကလေးငယ်မှာ တစ်နှစ်ပင်မပြည့်သေးသော်လည်း လုချွမ်းမှာမူ ကီလိုငါးဆယ်ဝင် ဆန်အိတ်ပေါင်းများစွာကိုပါ သယ်လာခဲ့သေးသည်။ ဇွန်ဘီဖြစ်ပြီးနောက် သူ၏ခွန်အားမှာ သိသိသာသာ တိုးတက်လာပြီး ကီလိုငါးဆယ်ဝင် အိတ်များကို လက်တစ်ဖက်တည်းနှင့်ပင် မတင်နိုင်သည်ကို လုချွမ်း တွေ့ရှိလိုက်ရသည်။
"ဆန်ဆိုတာ ကောင်းတယ် ဆန်စားရင် ဗိုက်ဝတယ်"
ဤသည်မှာ လုချွမ်း၏ ရိုးရှင်းလှသော အတွေးပင် ဖြစ်တော့သည်။
ရေနှင့် မီးမရှိဘဲ ထမင်းကို ဘယ်လိုချက်ရမလဲ။ တစ်နှစ်ပင်မပြည့်သေးသော ကလေးက ဆန်ကို ဘယ်အချိန်တွင် စားနိုင်မလဲဆိုသည်မှာ လောလောဆယ် သူ၏စဉ်းစားချက်ထဲတွင် မရှိသေးပေ။
တစ်နေ့နေ့တော့ ဒါတွေက အသုံးဝင်လာမှာပဲဆိုသည့် အတွေးဖြင့်သာ...
ဤသို့ ပစ္စည်းများသယ်ယူပို့ဆောင်နေစဉ် တစ်လျှောက်လုံး လုချွမ်းသည် မောပန်းခြင်းမရှိဘဲ ဘဝသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်ဟုသာ ခံစားနေရသည်။ ယခု သူလုပ်ဆောင်နေသမျှသည် ပိုမိုကောင်းမွန်သော ဘဝသစ်အတွက် အခြေခံအုတ်မြစ် ချနေခြင်းဖြစ်သည်ဟု သူယူဆထားပြီး တစ်ကြိမ်စတင်မိသည်နှင့် သူ မရပ်တန့်နိုင်တော့ချေ။
စတုရန်းပေ တစ်ထောင်ခန့်ရှိသော ဤအိမ်လေးမှာ လုချွမ်း သယ်လာသော ပစ္စည်းများဖြင့် ပြည့်လျှံနေပြီဖြစ်သည်။ စတုတ္ထအကြိမ်မြောက် ပစ္စည်းသယ်ယူပြီးချိန်တွင်မူ လုချွမ်းသည် သူ၏ခန္ဓာကိုယ်၌ တစ်စုံတစ်ခု မူမမှန်တော့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
လုချွမ်းသည် သူသယ်လာသော ရိက္ခာများကို အမြန်ချလိုက်ပြီး နံရံကို မှီလိုက်ရသည်။ ထိုအခိုက်အတန့်တွင် ဇွန်ဘီဖြစ်နေပြီဖြစ်သော သူ၏ခန္ဓာကိုယ်အတွင်း၌ ဖော်ပြ၍မရနိုင်သော ပူလောင်စပ်ဖျဉ်းသည့် အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရခြင်းပင်။
ဤထူးဆန်းသော ဖြစ်ရပ်ကြောင့် လုချွမ်း အလွန်အမင်း ထိတ်လန့်သွားရသည်။ သူသည် လက်ရှိတွင် ဇွန်ဘီတစ်ကောင်ဖြစ်ကာ အတိအကျပြောရလျှင် ရွေ့လျားနေသော အလောင်းတစ်ခုသာ ဖြစ်သည်။ သူ၏သွေးများသည် စီးဆင်းမှု ရပ်တန့်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ရောဂါရနေသော အညိုရင့်ရောင် အသွေးများအဖြစ် ပြောင်းလဲနေခဲ့ပြီဖြစ်သည်။
တစ်ကိုယ်လုံး အေးစက်နေတတ်သော သူ့အတွက် ဤကဲ့သို့ ပူလောင်လှသော ခံစားချက်မှာ အလွန်ပင် စိမ်းသက်သလို တစ်ဖက်တွင်လည်း ရင်းနှီးနေသကဲ့သို့ ရှိနေသည်။ ထိုခဏ၌ လုချွမ်း၏ စိတ်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာ၏။ ခန္ဓာကိုယ်အတွင်းမှ တိုးထွက်လာသော ပူလောင်သည့် စွမ်းအင်များကြောင့် သူသည် လူကောင်းဘဝသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
သို့သော်လည်း ထိုသို့ခံစားရပြီးသည်နှင့် တပြိုင်နက် လုချွမ်းသည် သူ၏ဦးနှောက်အတွင်း၌ မခံမရပ်နိုင်အောင် ယားယံလာပြီး ပေါက်ကွဲထွက်တော့မည့်အတိုင်း ဖြစ်လာတော့သည်။ လုချွမ်းမှာ ထောင့်တစ်နေရာတွင် ကုန်းကုန်းလေးထိုင်ကာ သူ၏ခေါင်းကို အတင်းဖိထားရင်း တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်နေမိသည်။ မိမိကိုယ်ပေါ်တွင် ဘာတွေဖြစ်ပျက်နေသည်ကို သူ လုံးဝနားမလည်နိုင်တော့ချေ။
"တောက်….သောက်လခွမ်း ငါ့ရဲ့ လူသားအသိစိတ် သက်တမ်းကုန်သွားပြီလား။ ငါလည်း ဟိုသွေးဆာနေတဲ့ ဇွန်ဘီတွေလိုပဲ ဖြစ်တော့မှာလား"
ရုတ်တရက် ကျရောက်လာသည့် ဤထူးဆန်းသော ခံစားချက်ကြောင့် လုချွမ်းသည် အမှန်
တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားရသည်။ သူသည် ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်ရန် မျှော်လင့်ချက်နှင့် ပန်းတိုင်အသစ်များကို ရှာဖွေတွေ့ရှိရုံမျှသာ ရှိသေးသည်။ ဤပျက်စီးနေသော ကမ္ဘာကြီးအတွင်း အတူတကွ ယှဉ်တွဲရှင်သန်သွားမည့် အဖော်တစ်ဦးကိုလည်း သူ ရှာဖွေတွေ့ရှိထားပြီး ဖြစ်သဖြင့် လုချွမ်းအနေဖြင့် ယခုကဲ့သို့ မိမိ၏ အသိစိတ်များ ပျောက်ကွယ်သွားမည့်အရေးကို လုံးဝ လက်မခံနိုင်ပါပေ။
ထိုအခိုက်အတန့်တွင် လုချွမ်းသည် အံတင်းတင်းကြိတ်ထားလိုက်ပြီး မူလက သွေးရောင်လွှမ်းနေသည့် သူ၏ မျက်ဝန်းများအတွင်း၌ ပြတ်သားသော စိတ်ဓာတ်များ ပြည့်နှက်လာပါသည်။ မိမိ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည် မည်ကဲ့သို့ ပြောင်းလဲသွားမည်ကို မိမိကိုယ်တိုင် မသိရှိသော်လည်း သူ၏ အသိစိတ်ကိုမူ အတတ်နိုင်ဆုံး ထိန်းသိမ်းထားလိုသည့် စိတ်ဆန္ဒသာ ပြင်းပြနေမိသည်။
ထိုအချိန်၌ လုချွမ်း သတိမမူမိလိုက်သည့် အချက်မှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မည်းနက်နေသော သွေးကြောများသည် တဖြည်းဖြည်း အရောင်ဖျော့သွားပြီး စိမ်းဖန့်ဖန့်အရောင်ဘက်သို့ ပြောင်းလဲလာခြင်းပင်။ တစ်ချိန်တည်းမှာပင် တစ်လကြာမျှ ပုပ်သိုးခြောက်ကပ်၍ ကြည့်ရဆိုးနေသော ပုခုံးပေါ်ရှိ ဒဏ်ရာကြီးမှာလည်း အံ့ဩဖွယ်ရာ ကောင်းလောက်အောင် ဖြည်းညှင်းစွာ ပြန်လည်ကျက်လာသည်။
မူလ လူသားဘဝကဲ့သို့ ပကတိအတိုင်း ပြန်လည်ဖြစ်ပေါ်ခြင်း မရှိသေးသော်လည်း ယခင်ကလောက်မူ ကြောက်မက်ဖွယ် မကောင်းတော့ပေ။ လုချွမ်း၏ လက်သည်းများသည်လည်း တဖြည်းဖြည်း ပြောင်းလဲလာပြီး ချွန်ထက်၍ ဖရိုဖရဲဖြစ်နေသော သွားများသည်လည်း စနစ်တကျ ပြန်လည်ဖြစ်ပေါ်လာသည်။ ဇွန်ဘီဖြစ်သည့် အချိန်မှစ၍ ကျွတ်ထွက်ပြီး ပါးလျသွားခဲ့သော ၎င်း၏ ဆံပင်များသည်လည်း တစ်ကိုယ်လုံး တုန်ယင်နေရင်းဖြင့် ပြန်လည်သန်စွမ်း ကာ ထူထဲလာခဲ့သည်။ လူကောင်းဘဝကဲ့သို့ မဟုတ်သေးသော်ငြားလည်း ဇွန်ဘီဘဝထက်မူ သိသိသာသာ ကောင်းမွန်လာခြင်းပင်။
တိတ်ဆိတ်နေသော ညအမှောင်ထုအတွင်း ဇွန်ဘီများ၏ ဟိန်းဟောက်သံများမှာ တစ်ချက်တစ်ချက် ပဲ့တင်ထပ်လျက် ရှိသည်။ လရောင်အောက်ရှိ ဇွန်ဘီအများအပြားသည်လည်း လုချွမ်းကဲ့သို့ပင် ခန္ဓာကိုယ်များ တုန်ယင်လျက်ပင်။ သွေးရောင်လရောင်နှင့် ထိတွေ့မိသည့် အသက်ရှင်ကျန်ရစ်သူအချို့မှာလည်း ကိုယ်အပူချိန် မြင့်တက်လာပြီး ထူးခြားသော ပြောင်းလဲမှုများကို ခံစားနေကြရသည်။ သူတို့၏ သွေးလည်ပတ်မှုများ မြန်ဆန်လာပြီး ကိုယ်တွင်းအင်္ဂါများမှာ ပိုမိုအားကောင်းလာသကဲ့သို့ ကြွက်သားများမှာလည်း ပိုမိုကျစ်လစ်လာကာ အရိုးများမှာလည်း ပိုမိုမာကျောလာသည်။
နေရောင်ခြည်ရပ်ကွက် အတွင်း၌မူ...
အိပ်ခန်းအတွင်းရှိ ကျိရုရွှယ်သည်လည်း ပြတင်းပေါက်မှ ဖြာကျနေသော သွေးရောင်
လရောင်အောက်တွင် ရှိနေ၏။ သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ တုန်ယင်လာပြီး တစ်ကိုယ်လုံး ပူထူလာသည်ကို ကျိရုရွှယ် ခံစားနေရသည်။