← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

ကျိရုရွှယ်သည် ကြမ်းတမ်းလှသော ကမ္ဘာပျက်ကပ်ကြီးကို ဖြတ်သန်းခဲ့ဖူးသော်လည်း သူမ၏ ကိုယ်ပိုင်မူဝါဒများကိုမူ မြဲမြံစွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။

သူမ၏ အမြင်တွင် ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာခြင်းသည် လူသားဆန်မှုများကို စွန့်လွှတ်ရမည်ဟု မဆိုလိုသလို အကျိုးအကြောင်းဆင်ခြင်တုံတရားဖြင့် ရှင်သန်ခြင်းသည်လည်း လုံးဝအေးစက်ရက်စက်သော သွေးအေးလူသတ်သမား ဖြစ်လာရမည်ဟု မဆိုလိုပေ။ ယခင်ဘဝတွင်ပင် ကျိရုရွှယ်သည် ကျေးဇူးရှိက ဆပ်ပြီး။ ရန်စရှိက တုံ့ပြန်တတ်သည့် စရိုက်ရှိသူတစ်ဦး ဖြစ်ခဲ့သည်။

ယခုအခါ သူမသည် တစ်ကျော့ပြန် မွေးဖွားလာခဲ့ပြီး မိမိကိုယ်ကိုယ်ပင် မကာကွယ်နိုင်ဘဲ ဘာမှမတတ်နိုင်သော ကလေးငယ်လေးတစ်ဦးအဖြစ် ရောက်ရှိနေသည်။ အကယ်၍သာ ဤထူးဆန်းသော ဇွန်ဘီဖေဖေနှင့် မတွေ့ဆုံခဲ့ပါက သူမ၏ နောက်ဆက်တွဲကံကြမ္မာမှာ မည်သို့ရှိမည်ကို ကျိရုရွှယ် ကောင်းကောင်းကြီး ခန့်မှန်းနိုင်သည်။

ဇွန်ဘီများ၏ ကိုက်ဖြတ်ခြင်းကို ခံရကာ အပိုင်းပိုင်းပြတ်သွားခြင်း သို့မဟုတ် ကလေးပုခက်ထဲတွင် တစ်ကိုယ်တည်း လဲလျောင်းရင်း ငတ်ပြတ်ကာ တဖြည်းဖြည်း သေဆုံးသွားခြင်း... ဤနှစ်မျိုးထဲမှ တစ်ခုခုသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဤဇွန်ဘီဖေဖေသည် သူမ၏ အသက်သခင်ကျေးဇူးရှင် ဖြစ်ရုံသာမက မိဘတစ်ဦးကဲ့သို့ ပြုစုပျိုးထောင်ပေးနေသူဟုပင် ဆိုနိုင်သည်။ အသိစိတ်မဲ့ပြီး သွေးဆာနေသော ဇွန်ဘီမည်မျှသည် လူသားတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် မိမိ၏ တိရစ္ဆာန်ဆန်သော အလိုရမ္မက်ကို ချိုးနှိမ်ထားနိုင်မလဲ။

၎င်းအပြင် လူသားကလေးငယ်တစ်ဦးအတွက် ရိက္ခာမျိုးစုံကို အသည်းအသန် လိုက်လံစုဆောင်းပေးကာ နို့ဖျော်၍ တိုက်ကျွေးနေသည်မှာ တကယ့်ကို အံ့ဩစရာပင်။ ကျိရုရွှယ်သည် ကျေးဇူးတရားကို အမြဲတန်ဖိုးထားသူဖြစ်ရာ ဤမျှကြီးမားသော ကျေးဇူးကို လုံးဝမေ့လျော့မည်မဟုတ်ပေ။

ဤဇွန်ဘီဖေဖေသည် အလွန်ပင် သာမန်ကာလျှံကာ ဖြစ်နေသည့်တိုင် အောက်ခြေအဆင့် သာမန်ဇွန်ဘီတစ်ကောင်မျှသာ ဖြစ်နေသည့်တိုင် သူမအတွက်မူ အရေးမကြီးချေ။ ကျိရုရွှယ်သည် မည်သို့ပင်ဖြစ်စေကာမူ ဤဇွန်ဘီဖေဖေကို သူမ၏ တစ်သက်တာလုံး ကာကွယ်ပေးသွားမည်ဟု စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

"သမီးလေး ငယ်စဉ်မှာ ပါးပါးက ပြုစုပျိုးထောင်ပေးသလို၊ ပါးပါး အိုမင်းမစွမ်းဖြစ်ချိန်မှာ သမီးလေးက ပြန်လည်စောင့်ရှောက်မယ်" ဆိုသည့် စကားမှာ သူမအတွက်တော့ စကားလုံးသက်သက် မဟုတ်တော့ပေ။ ထို့ပြင် တစ်ကျော့ပြန် မွေးဖွားလာသူပီပီ ကျိရုရွှယ်သည် ဇွန်ဘီများ ဆင့်ကဲပြောင်းလဲနိုင်သည့် နည်းလမ်းများစွာကိုလည်း ကောင်းစွာ သိရှိထားပြီးဖြစ်သည်။

ဇွန်ဘီအများစု ဆင့်ကဲပြောင်းလဲနိုင်သည့် အဓိကနည်းလမ်းမှာ သက်ရှိသတ္တဝါများကို ကိုက်ခဲဝါးမြိုခြင်းဖြစ်ပြီး အခြားသူများ၏ သွေးနှင့် စွမ်းအင်ကို အသုံးပြု၍ မိမိတို့၏ ခွန်အားကို မြှင့်တင်ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဇွန်ဘီများက လူသားများ သို့မဟုတ် အခြားသော သက်ရှိများကို စားသုံးခြင်းသည် အတိုင်းအတာတစ်ခုအထိ ဇီဝကမ္မဖြစ်စဉ်အရ ဆင့်ကဲပြောင်းလဲလိုသော ဗီဇပင် ဖြစ်တော့သည်။

၎င်းအပြင် နောက်ထပ်နည်းလမ်းတစ်ခုမှာ မိမိတို့ကဲ့သို့သော အခြားဇွန်ဘီများ၏ ဦးနှောက်

အတွင်း၌ ဖြစ်တည်နေသော ပုံဆောင်ခဲအမြုတေများကို လုယူစားသုံးခြင်းပင်။ ထူးခြားသော စွမ်းအားများ နိုးထလာသည့် ဇွန်ဘီတိုင်းတွင် မည်သည့်အမျိုးအစားဖြစ်စေ သူတို့၏ စိတ်အာရုံထဲ၌ ထူးခြားသည့် အမြုတေတစ်ခု ဖြစ်တည်လာလေ့ရှိသည်။

ဤပုံဆောင်ခဲအမြုတေသည် ဇွန်ဘီတစ်ကောင်၏ စွမ်းရည်များကို ထိန်းချုပ်မောင်းနှင်ရာ အဓိကဗဟိုချက် ဖြစ်လာသည်။ သို့သော်လည်း အောင်မြင်စွာ ဆင့်ကဲပြောင်းလဲနိုင်ခဲ့သော ဇွန်ဘီများတွင်သာ ဤအမြုတေရှိတတ်ပြီး သာမန်ဇွန်ဘီများတွင်မူ မရှိချေ။ အကယ်၍သာ အောက်ခြေအဆင့် ဇွန်ဘီတိုင်းတွင် ဤအမြုတေများသာ ရှိနေခဲ့ပါက လူသားများ ရင်ဆိုင်ရမည့် အခြေအနေမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးဝါးပေလိမ့်မည်။

ကျိရုရွှယ်သည် အစီအစဉ်တစ်ခုကို ချမှတ်လိုက်သည်။ သူမ၏ဖခင်ဖြစ်သူမှာ ကိုယ်ကာယစွမ်းရည်ပိုင်း၌ သာမန်မျှသာ ရှိနေသော်လည်း ဤသည်မှာ သူမအတွက် ပြဿနာမဟုတ်ပေ အကြောင်းမှာ သူမသည် ဧကရီတစ်ပါး ဖြစ်သောကြောင့်ပင်။ ကျိရုရွှယ်သည် သူမ၏ စွမ်းအားနှင့် အနာဂတ်အလားအလာများအပေါ် အလွန်ပင် ယုံကြည်မှုရှိနေသည်။

ယခင်ဘဝက သူမသည် ကမ္ဘာပျက်ကပ်အတွင်း ဧကရီပလ္လင်သို့ တက်လှမ်းနိုင်ရန် တစ်လှမ်းချင်းစီ ခက်ခဲစွာ ရုန်းကန်ခဲ့ရသည်။ ယခုအခါတွင်မူ အတွေ့အကြုံနှင့် မှတ်ဉာဏ်များအပြင် အစွမ်းထက်လှသော နိုးထမှုစွမ်းရည်ကိုပါ ပိုင်ဆိုင်ထားသဖြင့် ယခင်ဘဝကထက် ပိုမိုမြန်ဆန်စွာနှင့် ပိုမိုသန်မာစွာ ကြီးထွားလာမည်ဟု ကျိရုရွှယ် ယုံကြည်နေသည်။

အဆိုးဆုံးအခြေအနေတွင် သူမ သန်မာလာသည့်အခါ အခြားသော ဆင့်ကဲပြောင်းလဲထားသည့် ဇွန်ဘီများထံမှ ပုံဆောင်ခဲအမြုတေများကို လိုက်လံလုယူပေးရုံသာ ရှိတော့သည်။ ပုံဆောင်ခဲအမြုတေများစွာကို အပုံလိုက် အပင်လိုက် ကျွေးရပါစေဦးတော့ သူမ၏ဖခင်ကို အဆင့်မြင့်ဇွန်ဘီတစ်ကောင် ဖြစ်လာစေရန် သူမ ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဇွန်ဘီတစ်ကောင်သည် အဆင့်မြင့်အဆင့်သို့ ရောက်ရှိသွားပါက ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး အခြားဇွန်ဘီများကဲ့သို့ ဟိန်းဟောက်နေရုံသာမက စကားပြောဆိုနိုင်သည့် စွမ်းရည်ကိုပါ ရရှိလာမည် ဖြစ်သည်။

အဆင့်မြင့်အဆင့်သို့ တက်လှမ်းနိုင်ခြင်း၏ အရေးအကြီးဆုံး အစိတ်အပိုင်းမှာ ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုပင် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိပါက ၎င်းတို့သည် လူသားခန္ဓာကိုယ်ကို ပြန်လည်ရရှိနိုင်ပြီး သာမန်လူသားများနှင့် မခြားနားတော့ချေ။

စိတ်မပူပါနဲ့ ဇွန်ဘီဖေဖေရယ်... သမီးက အလားအလာအများကြီးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုမို့လို့ သမီးကို ပြုစုပျိုးထောင်ပေးရတာ ပါးပါးအတွက် ဘယ်တော့မှ အရှုံးမရှိစေရပါဘူး။

ကျိရုရွှယ်သည် တွေးတောနေရင်း သူမ၏ နှုတ်ခမ်းထောင့်ရှိ နို့အကြွင်းအကျန်များကို မသိစိတ်ဖြင့် လျှာလေးဖြင့် လျက်လိုက်မိသည်။

အရသာရှိလိုက်တာ…

လုချွမ်းမှာမူ ကလေးငယ်လေး၏ အတွေးများကို မသိရှာဘဲ သူ့ကို အသည်းအသန် စိုက်ကြည့်နေသော ကလေးငယ်၏ အမူအရာကို ကြည့်ကာ သဘောကျနေမိသည်။ ဖြူစင်နက်မှောင်နေသော မျက်ဝန်းအိမ်ကြီးများမှာ အလွန်ပင် ချစ်စရာကောင်းလှသည်။ ယခင်ဘဝမှာဖြစ်စေ ယခုဘဝမှာဖြစ်စေ လုချွမ်းအနေဖြင့် နို့စို့အရွယ်ကလေးငယ်တစ်ဦးကို ဤမျှအနီးကပ် ကြည့်ဖူးသည်မှာ ယခု ပထမဆုံးအကြိမ်ပင်။

ကလေးငယ်များတွင် သဘာဝအတိုင်း ပါရှိလာသော ရှင်သန်ခြင်းမျှော်လင့်ချက်မှာ လူသားများကို စိတ်ကြည်နူးစေကြောင်း သူ ရုတ်တရက် သတိပြုမိလိုက်သည်။

သမီးလေး... အေးအေးချမ်းချမ်းပဲ ကြီးပြင်းလာပါ။ အပြင်လောကအတွက် ဘာမှစိုးရိမ်စရာမလိုဘူး။ သမီးအတွက် သက်တော်စောင့်အသစ် နှစ်ယောက်တောင် ရှာထားပေးတယ်။ သူတို့ အောက်ထပ်မှာ ကင်းစောင့်နေကြပြီ။ သူတို့က အစားအသောက်၊ နေစရာနဲ့ အာမခံလည်း ဘာမှမလိုဘူး။ အရေးကြီးဆုံးက သူတို့က ကျန်းမာရေး အထူးကောင်းမွန်တယ်။ ဖျားမှာလည်း မကြောက်ရဘူး။ တာဝန်လည်း ပျက်ကွက်မှာ မဟုတ်ဘူး။ သူတို့ရှိရင် ငါတို့သားအဖဘဝက ပိုပြီး လုံခြုံသွားမှာပါ။

လုချွမ်းသည် ကုတင်ဘေးတွင် ထိုင်ကာ ကုတင်ပေါ်မှ ကလေးငယ်လေးကို တိတ်တဆိတ် ငေးကြည့်နေမိသည်။ သူ၏နှလုံးသားမှာ တဖြည်းဖြည်း တည်ငြိမ်နူးညံ့လာခဲ့သော်လည်း သူ၏ မျက်ဝန်းများမှာမူ သွေးရောင်လွှမ်းနေသောလွှမ်းနေဆဲ ဖြစ်သဖြင့် ကျိရုရွှယ်အနေဖြင့် သူ၏ စိတ်ခံစားချက် အပြောင်းအလဲကို မမြင်နိုင်ရှာပေ။

သမီးလေး မြန်မြန်ကြီးလာပါစေ။ ပါးပါးက သမီးအတွက် အရုပ်တွေအများကြီး ယူလာပေးတယ်။ ဘာဘီအရုပ်တွေ၊ ဝက်ဝံရုပ်တွေ၊ သောမတ်စ်ရထားနဲ့ ထရန်စဖော်မာတွေ...

"အဟမ်း... တကယ်တော့ ထရန်စဖော်မာအရုပ်တွေက ပါးပါးဆော့ဖို့ပဲ။ ဒါပေမဲ့ သမီးဆော့ချင်တယ်ဆိုရင်လည်း ဆော့လို့ရပါတယ်"

"အရုပ်တွေနဲ့ပဲ ဆော့နေပြီး ပညာရေးမှာ စိတ်ဓာတ်ကျသွားမှာလည်း မစိုးရိမ်နဲ့ဦး၊ ပါးပါးက သမီးအတွက် လေ့ကျင့်ခန်းစာအုပ်တွေပါ တစ်ခါတည်း သယ်လာပေးတယ်... တကယ်လို့ ဘာမှသုံးစားမရရင်တောင် မီးမွှေးဖို့အတွက် သုံးလို့ရတာပေါ့..."

လုချွမ်းသည် တိုက်တိုက်ဆိုင်ဆိုင် ကောက်ရခဲ့သော ဤကလေးငယ်လေးကို သူ၏သမီးအရင်းသဖွယ် ပြုစုပျိုးထောင်ရန် အပြည့်အဝ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ သူသည် တစ်ခါမျှ ရည်းစားမထားဖူးသလို သားသမီးလည်း မရှိဖူးသော်လည်း ယခုအချိန်တွင်မူ ကမ္ဘာပေါ်၌ အပျော်ရွှင်ဆုံး ဖခင်တစ်ဦးကဲ့သို့ ခံစားနေရသည်။ မိမိကိုယ်ကိုယ်ပင် မသိလိုက်ဘဲ သူ၏ပုခုံးထက်တွင် တာဝန်ယူမှုဟုခေါ်သော အလေးချိန်အသစ်တစ်ခု ကိန်းအောင်းလာခဲ့သည်။ ဤကြွေရုပ်လေးနှင့်တူသော ကလေးငယ်မှာ လုချွမ်းအတွက် မျှော်လင့်ချက်အသစ်နှင့် အဖိုးတန်ရတနာလေးပင် ဖြစ်တော့သည်။

ထိုစဉ် လုချွမ်းသည် ကလေးငယ်ကို ကောက်ရခဲ့ပြီးကတည်းက နာမည်ပင် မပေးရသေးကြောင်း ရုတ်တရက် သတိရသွားသည်။ သူမသည် လူသားတစ်ဦးဖြစ်သဖြင့် ကိုယ်ပိုင်နာမည်တစ်ခု ရှိသင့်သည်မဟုတ်ပါလား။ လုချွမ်းသည် ယခင်က ကလေးနာမည်ပေးရန် တစ်ခါမျှ မစဉ်းစားဖူးသဖြင့် အနည်းငယ် ဝေခွဲမရဖြစ်နေမိသည်။ မျိုးရိုးနာမည်အတွက်မူ ရိုးရှင်းသည်။ သူ၏သမီးဖြစ်သဖြင့် သူ၏မျိုးရိုးအမည် လုကိုပင် ယူရမည်ဖြစ်သည်။

"လု... လု ဘယ်သူလို့ ပေးရမလဲ?"

လုချွမ်းသည် သူ၏မှတ်ဉာဏ်ထဲရှိ ယခင်ဘဝက အာဂုံဆောင်ခဲ့ဖူးသမျှ ကဗျာများနှင့် စကားလုံးများကို အသည်းအသန် ပြန်လည်စဉ်းစားနေမိသည်။ သို့သော်လည်း အလောတကြီးဖြစ်နေသဖြင့် ကောင်းမွန်သော နာမည်တစ်ခုကို မစဉ်းစားနိုင်ဘဲ ဖြစ်နေရသည်။ နောက်ဆုံးတွင် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာမှ သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။

"ငါတို့တွေက သတ္တမထပ်မှာ နေကြတာဖြစ်ပြီး ဒါက ဒီကမ္ဘာမှာ ငါတို့ရဲ့ ပထမဆုံးအိမ်လည်း ဖြစ်တယ်။ ဒါကြောင့် သမီးရဲ့နာမည်ကို လုချီချီလို့ပဲ ပေးလိုက်မယ်။

"သမီးရဲ့ နာမည်ပြောင်ကတော့ ချီချီပေါ့။ နောင်အနာဂတ်မှာ ဘာတွေပဲဖြစ်လာပါစေ။ သမီးရဲ့နာမည်ကို တွေးလိုက်တာနဲ့ ငါတို့သားအဖ သတ္တမထပ်က အိမ်လေးမှာ အတူတူပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတဲ့ အချိန်တွေကို သတိရနေမှာပါ"

ဘဝပျက်နေသော လူငယ်လေးတစ်ဦးမှ ဖခင်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် လုချွမ်း၏ စိတ်နေစိတ်ထားမှာလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူသည် မိမိကိုယ်တိုင်အတွက်သာ ရည်ရွယ်ချက်မရှိ ရှင်သန်နေသူ မဟုတ်တော့ပေ။

"ချီချီ... စိတ်မပူနဲ့နော် သမီးလေး ဘာမှပူပင်စရာမလိုဘဲ ကြီးပြင်းလာနိုင်အောင် ပါးပါးက သေချာစောင့်ရှောက်ပေးပါ့မယ်။ ဒီကမ္ဘာပျက်ကပ်ကြီးထဲမှာ သမီးလေးအတွက် ဘေးကင်းရာ နားခိုရာတစ်ခုကို ပါးပါး ဖန်တီးပေးမယ်"

All Chapters