အခန်း (၁၇)
Vol. 2 Ch. 17
ပေါက်ကွဲမှုဖြစ်ပွားသည့် ခဏအတွင်းမှာပင် လုချွမ်းသည် သူ၏အသိစိတ်ကို ဇွန်ဘီရုပ်သေးနှစ်ကောင်ထံမှ အချိန်မီ ပြန်လည်ရုပ်သိမ်းနိုင်ခဲ့သဖြင့် သူကိုယ်တိုင် အထိအခိုက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ ဆိုင်အတွင်းရှိ ပြင်းထန်သော မီးတောက်များမှာ ဆက်လက်တောက်လောင်နေပြီး ညအမှောင်ထုအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။
ဂတ်စ်အိုးနှစ်လုံး၏ ပေါက်ကွဲအားမှာ လုချွမ်းပင် လန့်ဖျပ်သွားရလောက်အောင် ပြင်းထန်လှသည်။ လုချွမ်း သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။ တော်သေးသည်မှာ သူသည် လူနေအဆောက်အအုံများနှင့် အနည်းငယ်ဝေးသော နေရာကို ရွေးချယ်ခဲ့ခြင်းပင်။ သို့မဟုတ်ပါက သူပါ ပေါက်ကွဲမှုဒဏ်လှိုင်းကြားတွင် ပါသွားနိုင်ပေသည်။
အဓိက အရေးကြီးဆုံးအချက်မှာ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော ကျယ်လောင်သည့် အသံနှင့် သိသိသာသာ ထိန်လင်းနေသော မီးတောက်များပင်။ အနီးနားရှိ ဇွန်ဘီအချို့မှာ ထိုဆူညံသံကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရသော်လည်း ဧရာမ ဇွန်ဘီကြီး၏ ဖိအားပေးနိုင်သော အရှိန်အဝါက ပြင်းထန်လွန်းနေပုံရသည်။ ထို့ကြောင့် သာမန်အောက်ခြေအဆင့် ဇွန်ဘီများသည် အဝေးမှသာ ဝဲလည်ဝဲလည် လုပ်နေကြပြီး လောလောဆယ်တွင် အနားသို့ မချဉ်းကပ်ရဲကြသေးပေ။
လုချွမ်းသည် ချက်ချင်း ဝုန်းခနဲ ထွက်မလာဘဲ အမှောင်ရိပ်ထဲတွင်သာ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။ စောစောက တွေ့မြင်ခဲ့ရသော ဇွန်ဘီကြီး၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းလှသဖြင့် လုချွမ်း ချက်ချင်း ရှေ့သို့ မတိုးရဲသေးခြင်း ဖြစ်သည်။
ကင်းခြေများဟာ သေသွားရင်တောင် ချက်ချင်း လဲမကျသွားတတ်ဘူး ဆိုသကဲ့သို့ပင် အကယ်၍ ဤဇွန်ဘီကြီးမှာ လုံးဝမသေသေးဘဲ သူ့ကို လက်သီးဖြင့် လှမ်းထိုးလိုက်လျှင် သူ၏ဘဝ ဇာတ်သိမ်းသွားပေလိမ့်မည်။
ဇွန်ဘီ၏ ခန္ဓာကိုယ်ထဲတွင် အဆီအချို့ ကျန်ရှိနေသေးပုံရသဖြင့် မီးတောက်များမှာ ထိုဧရာမ ဇွန်ဘီကြီးကို မရပ်မနား ဆက်လက်လောင်မြိုက်နေသည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် မီးလောင်နေသော်လည်း ဇွန်ဘီကြီးမှာ လုံးဝ မလှုပ်မယှက် ရှိနေတော့ရာ လုချွမ်းသည် ၎င်း အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးမှသာ သတိကြီးစွာဖြင့် အနားသို့ ချဉ်းကပ်သွားရဲတော့သည်။
အနီးကပ်ကြည့်လိုက်သောအခါ ဇွန်ဘီကြီးမှာ ပြင်းထန်သောမီးဒဏ်ကြောင့် မည်သူမည်ဝါမှန်း ခွဲခြား၍မရအောင် လောင်ကျွမ်းနေပြီး ဂတ်စ်အိုးပေါက်ကွဲမှု၏ ပြင်းထန်သော ရိုက်ခတ်မှုနှင့်ပေါင်းစပ်ကာ ၎င်း၏ခန္ဓာကိုယ်မှာ ဆိုးရွားစွာ ပျက်စီးနေပြီဖြစ်သည်။
လောင်ကျွမ်းနေသော အသားစများ၏ စူးရှသော အနံ့ဆိုးမှာ လေထုထဲတွင် ပျံ့နှံ့နေပြီး ဇွန်ဘီ၏ကိုယ်ပေါ်မှ မည်းနက်ပြီး ထူထဲသော မီးခိုးငွေ့များ အဆက်မပြတ် ထွက်ပေါ်နေသည်။ အကယ်၍ လူသားတစ်ဦးသာ အနားသို့ချဉ်းကပ်ပြီး ဤမီးခိုးများကို ရှူရှိုက်မိပါက မူးဝေအော့အန်သွားနိုင်သော်လည်း ကံကောင်းထောက်မစွာဖြင့် လုချွမ်းမှာ ဇွန်ဘီတစ်ကောင်ဖြစ်နေသဖြင့် ဤအရာများက သူ့အပေါ် သက်ရောက်မှုမရှိပေ။
ယခုအချိန်တွင် ဇွန်ဘီကြီး၏ ရုပ်သွင်မှာ ကြည့်မကောင်းလှသော်လည်း လုချွမ်းက ဂရုမစိုက်အားပေ။ သူသည် ဘာမှမပြောဘဲ ဓားမကြီးကို ဝှေ့ယမ်းကာ ဇွန်ဘီ၏ ဦးခေါင်းခွံကို ရိုက်ခွဲလိုက်သည်။ ဇွန်ဘီများ ဆင့်ကဲပြောင်းလဲပြီးနောက်တွင် ၎င်းတို့၏ ပြင်ပကာကွယ်ရေးစွမ်းအားမှာ သာမန်အောက်ခြေအဆင့် ဇွန်ဘီများနှင့်နှိုင်းယှဉ်ပါက သိသိသာသာ သန်မာလာကြောင်း လုချွမ်း သတိပြုမိလိုက်သည်။ မီးလောင်ကျွမ်းထားသော အလောင်းဖြစ်သည့်တိုင် ဦးခေါင်းနောက်စေ့ကို ခွဲထုတ်ရန် သူ အတော်လေး အားစိုက်လိုက်ရသည်။
ဖလပ်... ဂွပ်…
ဓားသွားက တစ်ဖက်လူ၏ ဦးခေါင်းခွံကို နှစ်ခြမ်းခွဲလိုက်သည့်အခါ သွေးပျစ်ပျစ် ဦးနှောက်
အသားစများကြားတွင် ထူးခြားသော ပုံဆောင်ခဲအမြုတေတစ်ခုကို လုချွမ်း အမှန်တကယ်ပင် ရှာတွေ့ခဲ့သည်။ သို့သော် ဤအမြုတေမှာ နေ့ခင်းက သူတွေ့ခဲ့သော အရာနှင့် မတူဘဲ စင်ကြယ်သော အဖြူရောင်မဟုတ်ဘဲ အနီရောင်သန်းနေသည်။
ထို့ပြင် ဤအမြုတေက ပေးစွမ်းသော ဆွဲဆောင်မှုမှာ နေ့ခင်းကထက်ပင် ပိုမိုပြင်းထန်နေကြောင်း လုချွမ်း သတိထားမိလိုက်သည်။ ဤအရာများက အတိအကျ ဘာလဲဆိုသည်ကို လုချွမ်း မသိသော်လည်း ဇွန်ဘီဗီဇအရ ဤအနီရောင်သန်းနေသော အမြုတေမှာ နံနက်ပိုင်းက တွေ့ခဲ့သော အဖြူစင်ရောင်ထက် ဇွန်ဘီများအတွက် သေချာပေါက် ပိုမိုအကျိုးရှိကြောင်း သူ ခံစားမိနေသည်။
"ဖြစ်နိုင်တာကတော့ အဖြူရောင် အမြုတေတွေက ဒီဇွန်ဘီတွေ ဆင့်ကဲပြောင်းလဲပြီးစမှာ ပေါ်လာတဲ့ အခြေခံအကျဆုံး အမြုတေတွေ ဖြစ်မှာပဲ..."
"ဒီဇွန်ဘီတွေက တစ်ကောင်နဲ့တစ်ကောင် ဝါးမြိုပြီး သူတို့ရဲ့စွမ်းအားတွေကို ပိုမြှင့်တင်လိုက်တဲ့အခါမှာ ပုံဆောင်ခဲအမြုတေတွေက အနီရောင်သန်းလာတာနေမှာ။ အကယ်၍ တစ်ခုလုံးသာ အနီရောင်ပြောင်းသွားမယ်ဆိုရင်... သူတို့က အခုထက်ပိုပြီး တောင် မသန်မာလာနိုင်ဘူးလား"
ကမ္ဘာပျက်ကပ်အတွင်းက ဇွန်ဘီများ၏ ဆင့်ကဲပြောင်းလဲမှု နည်းဥပဒေတွေကို လုချွမ်း အသေအချာ နားမလည်သေးပေမဲ့ သူကိုယ်တိုင် အကဲခတ်မိသလောက် အခြေခံပုံစံအချို့ကိုတော့ ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။ လုချွမ်းကို ပိုပြီးအံ့ဩသွားစေတာကတော့ အခုလက်ရှိ ဒီဇွန်ဘီကြီးကတောင် ဒီလောက်ထိ ကြောက်စရာကောင်းနေပြီဆိုရင် ဆက်ပြီး ဆင့်ကဲပြောင်းလဲသွားဦးမယ်ဆိုရင် ဘယ်လောက်တောင် ထိတ်လန့်ဖို့ကောင်းလိုက်မလဲ ဆိုတာပင်။
မီးတောက်များကြောင့် ဆွဲဆောင်ခြင်းခံရပြီး ရောက်ရှိလာသော ဇွန်ဘီများ ပိုမိုများပြားလာသည်ကို မြင်တွေ့ရသဖြင့် လုချွမ်းသည် ပုံဆောင်ခဲအမြုတေကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။ ထို့နောက် လမ်းဘေးတွင် လျှောက်သွားနေသည့် ဇွန်ဘီများထဲမှ ကိုယ်လက်အင်္ဂါ အပြည့်အစုံရှိသော ဇွန်ဘီနှစ်ကောင်ကို ရွေးချယ်ကာ နောက်လိုက်အသစ်များအဖြစ် ဖန်တီးလိုက်သည်။ ဇွန်ဘီရုပ်သေးနှစ်ကောင်နှင့် ပြန်လည်ချိတ်ဆက်ပြီးနောက် လုချွမ်းသည် လူနေရပ်ကွက်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိလာခဲ့ပါသည်။
သူသည် အဆိုပါ ရုပ်သေးအသစ်နှစ်ကောင်ကို အောက်ထပ်ဝင်ပေါက်၌ ကင်းစောင့်စေခဲ့ပြီး လုချွမ်းတစ်ဦးတည်း တတိယထပ်သို့ တက်လာခဲ့သည်။ လက်ထဲတွင် ကိုင်ဆောင်ထားသော ထူးခြားသည့် အမြုတေကို ကြည့်ရှုရင်း လုချွမ်း၏ ဝါးမြိုလိုသည့်စိတ်မှာ ပိုမိုပြင်းထန်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ဤအမြုတေကို ဗီဇအရ တောင်းတနေခြင်းပင်။
ပတ်ဝန်းကျင် ဘေးကင်းကြောင်း သေချာသွားသည့်အခါ လုချွမ်းသည် သူ၏ အတွင်းစိတ်
ဆန္ဒကို ထပ်မံ၍ မထိန်းချုပ်တော့ဘဲ တစ်ကျိုက်တည်း မျိုချလိုက်တော့သည်။ နောက်တစ်
စက္ကန့်တွင် ထိုအမြုတေသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ချက်ချင်း အရည်ပျော်သွားပြီး ပြင်းထန်သော စွမ်းအင်များက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရပါသည်။
ဤစွမ်းအင်များသည် လုချွမ်း၏ ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲပေးနေပြီး ပုပ်သိုးနေသော အရေပြားများကို လူသားနှင့် ပိုမိုတူညီသည့် ပုံစံမျိုးဖြစ်အောင် တဖြည်းဖြည်း ပြောင်းလဲပေးနေသည်။ သို့သော်လည်း လုချွမ်း သတိပြုမိသည်မှာ သူသည် အမြုတေကို ဝါးမြိုပြီးနောက်တွင် အစောပိုင်းက သူတွေ့ရှိခဲ့သော ဇွန်ဘီနှစ်ကောင်ကဲ့သို့ ထူးခြားသည့် တိုက်ခိုက်ရေးစွမ်းရည်မျိုးများ ရရှိမလာခြင်းပင်။
သူ့ထံတွင် သွက်လက်ဇွန်ဘီကဲ့သို့ ဓားသွားသဏ္ဌာန် လက်သည်းများ ပေါက်ထွက်မလာခဲ့သလို ဧရာမဇွန်ဘီကြီးကဲ့သို့ ထွားကြိုင်းသော ကြွက်သားများနှင့် ခံစစ်စွမ်းရည်မျိုးများလည်း ရှိမလာခဲ့ပါပေ။
အပြင်ပန်းကကြည့်လျှင် သူ၏ရုပ်သွင်မှာ ယခင်ကကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး ရုပ်ဆိုးခြင်း မရှိတော့ဘဲ လူသားနှင့် ပိုမိုတူညီလာသည်။ သူ၏ ခန္ဓာကိုယ်ခွန်အား၊ သွက်လက်မှုနှင့် ခံနိုင်ရည်တို့မှာလည်း ယခင်ကထက် အနည်းငယ် တိုးတက်လာခဲ့သည်။
သို့သော် လုချွမ်းသည် သူ၏ဦးနှောက်အတွင်း၌မူ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားနေသကဲ့သို့ ခံစားလိုက်ရသည်။ ကြီးမားလှသော စွမ်းအင်များမှာ သူ၏စိတ်အစဉ်အတွင်းသို့ တိုးဝှေ့ဝင်ရောက်လာသဖြင့် ခဏတာမျှ မူးဝေသွားခဲ့ရသည်။
ပုံဆောင်ခဲအမြုတေဖြင့် ဆင့်ကဲပြောင်းလဲနေစဉ်အတွင်း လုချွမ်းသည် မအောင့်နိုင်တော့ဘဲ ဟိန်းဟောက်သံအချို့ကို ထုတ်ဖော်လိုက်မိသည်။ အောက်ထပ်တွင် လျှောက်သွားနေသော ဇွန်ဘီများသည် လုချွမ်း၏ ဟိန်းဟောက်သံကို ကြားရသောအခါ အနည်းငယ် တုန်လှုပ်သွားကြပြီး အဝေးသို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြတော့သည်။
ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားချိန်တွင် လုချွမ်းသည် သူ၏စိတ်အစဉ်မှာ အလွန်တရာ ကြည်လင်နေပြီး အာရုံငါးပါးမှာလည်း ယခင်ကထက် ပိုမိုထက်မြက်လာကြောင်း ခံစားလိုက်ရသည်။ အရေးကြီးဆုံးအချက်မှာ လုချွမ်းသည် ဇွန်ဘီများကို ထိန်းချုပ်ရန် ယခုအခါ ပိုမိုလွယ်ကူလာခြင်းပင်။
လုချွမ်းသည် အနည်းငယ်မျှ စဉ်းစားကြည့်ရုံဖြင့် ဤအကြောင်းရင်းကို နားလည်သွားခဲ့သည်။ ဇွန်ဘီအမျိုးမျိုးမှာ မတူညီသော ပင်ကိုယ်ပါရမီစွမ်းအားများ နိုးထလာတတ်ကြပြီး သူ၏ဖြစ်ရပ်တွင်မူ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ကို အဓိက မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ ယနေ့ သူတွေ့ခဲ့သော ဇွန်ဘီနှစ်ကောင်မှာ အနီးကပ်တိုက်ခိုက်ရေး အမျိုးအစားများဖြစ်ပြီး တစ်ကောင်မှာ ခွန်အားနှင့် ခံစစ်ကို မြှင့်တင်ထားကာ အခြားတစ်ကောင်မှာ သွက်လက်မှုကို မြှင့်တင်ထားခြင်း ဖြစ်သည်။
လုချွမ်းသည် စိတ်လှုပ်ရှားစွာဖြင့် လမ်းမပေါ်သို့ ပြေးထွက်ကာ စမ်းသပ်ကြည့်လိုက်ရာ သူ၏ စိတ်စွမ်းအင်မှာ နှစ်ဆတိုးလာပြီး ဇွန်ဘီ ၅ ကောင်အထိ တစ်ပြိုင်နက် ထိန်းချုပ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
အရေးကြီးဆုံးမှာ လုချွမ်းသည် စွမ်းရည်သစ်တစ်ခုကိုပါ ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ဇွန်ဘီရုပ်သေးများ၏ အမြင်အာရုံကို မျှဝေခံစားနိုင်ခြင်းပင်။ အဆင့်မတက်မီက လုချွမ်းသည် သူ၏ မျက်စိရှေ့တွင် မြင်နေရသော ရုပ်သေးများကိုသာ ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုအခါ အဝေးမှနေ၍ အလိုအလျောက် ထိန်းချုပ်နိုင်ပြီဖြစ်သည်။
ဤစွမ်းရည်ကြောင့် လုချွမ်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ ဤစွမ်းရည်ရှိပါက သူကိုယ်တိုင် အပြင်သို့ ထွက်စရာမလိုတော့ဘဲ သူ၏ နောက်လိုက်များကို အဝေးမှ အမိန့်ပေးကာ လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။ ဤနည်းလမ်းမှာ အလွန်ပင် အဆင်ပြေရုံသာမက သူ၏ ရှင်သန်နိုင်စွမ်းကိုလည်း များစွာ မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ဇွန်ဘီရုပ်သေးများကို ထိန်းချုပ်နိုင်သည့် အကွာအဝေးမှာမူ အကန့်အသတ် ရှိနေဆဲဖြစ်သည်။ စမ်းသပ်ကြည့်ပြီးနောက် လုချွမ်း၏ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်နိုင်သော အကွာအဝေးမှာ အများဆုံး မီတာ ၁၀၀၀ အထိ ကျယ်ပြန့်လာကြောင်း သိရသည်။
ဆိုလိုသည်မှာ မီတာ ၁၀၀၀ ပတ်လည်အတွင်း၌ လုချွမ်းကိုယ်တိုင် လှုပ်ရှားစရာမလိုဘဲ ဇွန်ဘီရုပ်သေးများကို အဝေးမှ ထိန်းချုပ်ကာ အလုပ်မှန်သမျှ လုပ်ခိုင်းနိုင်တော့မည် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် လုချွမ်းသည် သူ၏ ယခင်ဘဝမှ ထိန်းချုပ်ရေးစနစ်တစ်ခုကဲ့သို့ မိမိလက်အောက်တွင် လူမဲ့စက်ရုပ်အုပ်စုလိုက် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
"ဟဲဟဲ... ငါကိုယ်တိုင် ထွက်ပြလာစရာ မလိုတော့ဘူးဆိုရင်တော့ သတ်ဖြတ်တာ မီးရှို့တာ ဓားပြတိုက်တာနဲ့ ပစ္စည်းလုတာတွေက အရင်ထက် အများကြီး ပိုလွယ်သွားပြီပေါ့"