အခန်း (၁၈)
Vol. 2 Ch. 18
သတ္တမထပ် အိပ်ခန်းအတွင်း...
"တော်တော်တောင် နောက်ကျနေပြီပဲ ဇွန်ဘီဖေဖေ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ..."
ကျိရုရွှယ်သည် ကုတင်ပေါ်တွင် လဲလျောင်းရင်း စိတ်မအေးနိုင်ဖြစ်နေသည်။ သူမသည် ဆိုင်
ခန်းဆီမှ ကြီးမားသော ပေါက်ကွဲသံကြီးကိုသာမက ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများ၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံများကိုပါ ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ ညသန်းခေါင်ယံအချိန်တွင် ထွက်ပေါ်လာသော ထို တင့်ကားအမျိုးအစားဇွန်ဘီ၏ ဒေါသတကြီး ဟိန်းဟောက်သံမှာ နားထောင်ရသည်မှာပင် သွေးပျက်စရာ ကောင်းလှသည်။
ကျိရုရွှယ်သည် တစ်ကျော့ပြန်မွေးဖွားလာသော ဧကရီတစ်ပါး ဖြစ်သော်လည်း လက်ရှိ နို့စို့ကလေးငယ်ဘဝနှင့်မူ ဤကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည် မြင့်မားလှသော ဇွန်ဘီမျိုးနှင့် ရင်ဆိုင်ရပါက ရလဒ်မှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ သေခြင်းတရားပင်။
လက်ရှိတွင် သတ္တမထပ်၌ ရှိနေသဖြင့် သူမ၏တည်နေရာကို ဇွန်ဘီများ ရှာတွေ့မည်ကို ကျိရုရွှယ် သိပ်မစိုးရိမ်သော်လည်း အခုထိ ပြန်မလာသေးသော ဇွန်ဘီဖေဖေကြောင့် သူမ ရင်တထိတ်ထိတ် ဖြစ်နေရသည်။ ဆင့်ကဲမပြောင်းလဲသေးသော သာမန်ဇွန်ဘီများအနေဖြင့် ဤသို့သော ဆင့်ကဲဇွန်ဘီများနှင့် တွေ့ပါက သေလမ်းမှလွဲ၍ အခြားမရှိချေ။ အသက်ရှင်ကျန်ရစ်သူ စခန်းတစ်ခုပင်ဖြစ်ပါစေ လုံလောက်သော လက်နက်ခဲယမ်းနှင့် ကြိုတင်ပြင်ဆင်မှု မရှိပါက ဤကဲ့သို့သော တင့်ကားဇွန်ဘီမျိုးကြောင့် တစ်စခန်းလုံး ပြုတ်ပြုတ်ပြုန်းသွားနိုင်သည်။
"ငါ့ရဲ့ ဇွန်ဘီဖေဖေ... ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါစေနဲ့..."
"ငါက အခုထိ မြေပြင်ပေါ်မှာတောင် လမ်းမလျှောက်နိုင်သေးဘူး။ ပါးပါး တစ်ခုခုဖြစ်သွားရင်တော့ ငါလည်း သွားပြီပဲ"
ကျိရုရွှယ်သည် သူမ၏ ကံကြမ္မာမှာ ဤမျှပင် ခက်ခဲကြမ်းတမ်းရမည်လားဟုပင် တွေးတောမိလာသည်။ ယခင်ဘဝမှာကော ယခုဘဝမှာပါ သူမသည် မိဘကံ အလွန်နည်းလှသည်ဟု ဆိုရမည်။ နောက်ဆုံးတော့ သေဆုံးပြီးသား ဇွန်ဘီဖေဖေတစ်ဦးကို ရရှိထားပြီး ဖခင်မေတ္တာကို စတင်ခံစားခါစမှာပင် အရာအားလုံး ပြိုကွဲပျက်စီးရတော့မည့် အစပျိုးခြင်းသို့ ပြန်လည်ရောက်ရှိတော့မည်လား။
မူလက ကျိရုရွှယ်သည် ဖန်သားအသက်ရှူနည်းစနစ်ကို ကျင့်ကြံနေခြင်းဖြစ်သော်လည်း ယခုအခါ သူမ၏စိတ်ထဲတွင် လုချွမ်း၏ ပုံရိပ်များသာ ထပ်ခါတလဲလဲ ပေါ်လာနေသဖြင့် စိတ်ကိုတည်ငြိမ်အောင် မထားနိုင်ဘဲ ကျင့်ကြံရန် ခက်ခဲနေတော့သည်။
မမျှော်လင့်ဘဲ ဆုံစည်းခဲ့ကြရသည့် ဤသားအဖနှစ်ဦးသည် ယခုအခါ တစ်ဦးကိုတစ်ဦး ဤကမ္ဘာပျက်ကပ်ကြီးအတွင်း အစားထိုး၍မရသော အရေးအကြီးဆုံး အဖော်မွန်များအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်ပါသည်။
လုချွမ်း၏ မျက်ဝန်းများသည် သွေးကဲ့သို့ နီရဲနေသော်ငြားလည်း ကျိရုရွှယ်မှာမူ ဇွန်ဘီဖခင်၏ အကြည့်များအတွင်း၌ ဖခင်တစ်ဦး၏ နူးညံ့သော မေတ္တာတရားကို အစဉ်အမြဲ မြင်တွေ့နေရသကဲ့သို့ ခံစားနေရသည်။ ခက်ခက်ခဲခဲ ရရှိထားသော ဤမိသားစု သံယောဇဉ်လေးကို သူမအနေဖြင့် အချိန်မတိုင်မီ အဆုံးရှုံးမခံနိုင်ပါပေ။
ဂျောက်…
ထိုအချိန်တွင်ပင် အပြင်ဘက်မှ တံခါးဖွင့်သံ ထွက်ပေါ်လာခဲ့သဖြင့် ကျိရုရွှယ်သည် ချက်ချင်းဆိုသလို သက်ပြင်းချကာ စိတ်အေးသွားခဲ့ရသည်။ သာမန် အောက်ခြေအဆင့် ဇွန်ဘီများသည် တံခါးသော့၏ သဘောတရားကို နားလည်နိုင်စွမ်း မရှိကြပေ။ လူသားအသိစိတ် ကျန်ရှိနေသေးသော သူမ၏ ဇွန်ဘီဖခင် တစ်ဦးတည်းသာလျှင် ဤကဲ့သို့ ထူးဆန်းသော လုပ်ရပ်မျိုးကို လုပ်ဆောင်နိုင်ခြင်းပင်။
"တော်သေးတာပေါ့... ဘာမှမဖြစ်လို့ တကယ်ပဲ ကျေးဇူးတင်မိပါတယ်"
ကျိရုရွှယ်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လွင်လာခဲ့သည်။ လုချွမ်း အခန်းအတွင်းသို့ ဝင်ရောက်လာသည့်အခါ မိမိကိုကြည့်၍ ပြုံးနေသော ချီချီလေးကို မြင်တွေ့လိုက်ရသဖြင့် နှလုံးသားတစ်ခုလုံး နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤကလေးငယ်အတွက်ဆိုလျှင် မိမိထက် အဆပေါင်းများစွာ သန်မာသော ဇွန်ဘီများနှင့် ရင်ဆိုင်ရပါစေဦး လုချွမ်းသည် လုံလောက်သော သတ္တိများ ရှိနေသည်ဟု ခံစားနေရပါသည်။
လုချွမ်းသည် မီးဖိုချောင်အတွင်းသို့ တန်းတန်းမတ်မတ် သွားရောက်၍ နို့မှုန့်ဖျော်စပ်ရန် ပြင်ဆင်ပါတော့သည်။ ဇွန်ဘီကြီးကို သတ်ဖြတ်ရန် ထောင်ချောက်ဆင်ခြင်းနှင့် ပုံဆောင်ခဲအမြုတေကို ဝါးမြိုခြင်းတို့မှာ အချိန်အတော်လေး ကုန်ဆုံးသွားခဲ့သဖြင့် ကလေးငယ် ဗိုက်ဆာနေမည်ကို သူ စိုးရိမ်နေမိခြင်းပင်။
ယနေ့တွင် မိမိ၏ အင်အားများ သိသိသာသာ တိုးတက်လာသည်ကို ပြန်လည်စဉ်းစားရင်း ချီချီလေး နို့သောက်နေသည့် ပုံစံလေးကို ကြည့်ရှုကာ လုချွမ်းသည် အမှန်တကယ်ပင် ပျော်ရွှင်နေမိသည်။ လက်ရှိတွင် ကမ္ဘာကြီးမှာ ပျက်စီးနေဆဲ ဖြစ်သော်လည်း လုချွမ်းမှာမူ သူ၏ဘဝအတွက် မျှော်လင့်ချက်များ ပိုမိုရရှိလာခဲ့ပြီ ဖြစ်ပါသည်။
ဘဝအပေါ် ထားရှိသည့် ဤကဲ့သို့သော မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုမျိုးမှာ ပြီးခဲ့သည့်လက ပန်းတိုင်မဲ့စွာ ဝေဝေဝါးဝါး ဖြတ်သန်းခဲ့ရသည့် ရက်စွဲများနှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားလှပါသည်။
"ချီချီလေး လိမ်လိမ်မာမာနေနော်... ပါးပါးရဲ့ ခွန်အားတွေက ထပ်ပြီး တိုးလာပြန်ပြီ။ နောက်ဆိုရင် သမီးလေးကို ပိုပြီး ကာကွယ်ပေးနိုင်တော့မှာဖြစ်သလို ဒီကမ္ဘာပျက်ကပ်ကြီးထဲမှာလည်း သမီးလေး ကောင်းကောင်းရှင်သန်နိုင်အောင် ပါးပါးကူညီပေးမယ်"
တိုးတက်လာသော ခွန်အားများကြောင့်ပင် ဖြစ်စေ တဖြည်းဖြည်း ပြောင်းလဲလာသည့် ကမ္ဘာကြီးကြောင့်ပင် ဖြစ်စေ သို့မဟုတ် ကလေးငယ်၏ စင်ကြယ်လှပသော အပြုံးလေးကြောင့်ပင် ဖြစ်စေ... လုချွမ်းသည် ပုပ်သိုးနေသည့် သဋ၏ ခန္ဓာကိုယ်အတွင်း၌ ကြီးမားသော သက်စောင့်အားမာန်များ ပြန်လည်ကိန်းအောင်းလာသကဲ့သို့ ခံစားနေရပါသည်။
လက်ရှိတွင် သူသည် ဇွန်ဘီတစ်ကောင် ဖြစ်သွားပြီ ဖြစ်သော်ငြားလည်း ဘဝ၌ ပျော်ရွှင်မှုအသစ်များကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။ ပြန်လည်စဉ်းစားကြည့်ပါက သူ လူသားဘဝတုန်းက ကုမ္ပဏီ၌ နေ့စဉ် အချိန်ပိုများဆင်းကာ အသက်မဲ့သော ရုပ်အလောင်းတစ်ခုကဲ့သို့ အလုပ်နှင့်အိမ် ကူးချည်သန်းချည် ပြုလုပ်ခဲ့ရသည့် ဘဝမှာလည်း ယခုထက် ပိုမိုစိတ်ဝင်စားဖွယ် မကောင်းခဲ့ပေ။
ခွန်အားများ တိုးလာပြီးနောက်ပိုင်း နှစ်ရက်အတွင်း လုချွမ်းသည် အမှတ် ၅ အဆောက်အအုံမှ အပြင်သို့ ထပ်မံထွက်ခွာခြင်း မရှိတော့ပေ။ ထို့အစား သူ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ အနီးနားရှိ ဇွန်ဘီရုပ်သေးများကို စေလွှတ်ကာ လိုအပ်သော ပစ္စည်းများကို လိုက်လံရှာဖွေခိုင်းတော့သည်။ ဇွန်ဘီရုပ်သေး အမြောက်အမြားကို တစ်ပြိုင်နက် ခိုင်းစေခြင်းမှာ လုချွမ်းကိုယ်တိုင် သယ်ယူခြင်းထက် အဆပေါင်းများစွာ ပိုမိုလျင်မြန်ပါသည်။
ယခုအခါ လုချွမ်းသည် အောက်ထပ်ရှိ အခန်းအချို့ကို သူ၏ ကုန်လှောင်ရုံများအဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ ချီချီလေးအတွက် ယခုရော နောင်အနာဂတ်တွင်ပါ လိုအပ်လာမည့် ပစ္စည်းအမျိုးမျိုးကို လုချွမ်းက စုဆောင်းထားခြင်းပင်။ ဤအဆောက်အအုံ တစ်ခုလုံးမှာ လုချွမ်း၏ ကိုယ်ပိုင်နယ်မြေ ဖြစ်သွားခဲ့သည်။
ကလေးသုံး ပစ္စည်းများနှင့် အစားအစာများသာမက ဇွန်ဘီများကို တိုက်ခိုက်ရန် လိုအပ်သော ကိရိယာတန်ဆာပလာ အတော်များများကိုလည်း သူ စုဆောင်းထားရှိသည်။ ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီနှစ်ကောင်၏ ပြင်းထန်သည့် တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီးနောက် သွေးရောင်လွှမ်းနေသောလညပြီးကတည်းက ဤကမ္ဘာကြီးမှာ သူနှင့် စိမ်းသက်သွားရုံသာမက နောက်ထပ်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်းကို လုချွမ်း ကောင်းစွာ သတိပြုမိသွားခဲ့ပါသည်။
ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန်အတွက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်နှင့် လုံလောက်သော ခုခံကာကွယ်မှုဆိုင်ရာ ပြင်ဆင်မှုများကို လုပ်ဆောင်ရန် လိုအပ်ကြောင်း လုချွမ်း နားလည်ထားသည်။
လုချွမ်းသည် သူ၏ ဇွန်ဘီထိန်းချုပ်မှုစွမ်းရည်ကို အသုံးပြု၍ ဂတ်စ်အိုးအချို့ကို သယ်ယူလာခဲ့ရုံသာမက ပိတ်ထားသော အဆောက်အအုံများအတွင်းမှ မီးသတ်ပုဆိန်များ၊ မီးလောင်လွယ်သော ဖျော်ရည်ပုလင်းများကို အသုံးပြု၍ ပြုလုပ်ထားသော မီးလောင်ဗုံးများကိုလည်း ပြင်ဆင်ထားခဲ့သည်။ သံတူးရွင်းများ၊ ဂေါ်ပြားများနှင့် မီးဖိုချောင်သုံး ဓားများပင် မချန်ဘဲ အသုံးဝင်မည့်အရာ မှန်သမျှကို သူ သိမ်းကျုံးသယ်ယူလာခဲ့သည်။
ဤအတောအတွင်း လုချွမ်းသည် ချီချီလေးကို ပြုစုစောင့်ရှောက်ခြင်း သို့မဟုတ် အားလပ်သော အခန်းလွတ်တစ်ခုအတွင်း၌ တိုက်ခိုက်ရေး နည်းစနစ်များကို ကိုယ်တိုင်လေ့ကျင့်ခြင်းဖြင့် အချိန်ကုန်ဆုံးစေခဲ့သည်။ သူ၏ နေ့စဉ်ဘဝမှာ ထပ်တလဲလဲ ဖြစ်နေသော်လည်း လုချွမ်းသည် အလွန်ပင် စိတ်ကျေနပ်မှု ရှိနေသည်။ အကြောင်းမှာ သူ၏ ခွန်အားများမှာ အဆက်မပြတ် တိုးတက်လာနေသည်ကို သူ ကိုယ်တိုင် ခံစားသိရှိနေရသောကြောင့် ဖြစ်သည်။ သူ သန်မာလာလေလေ ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ရှင်သန်နိုင်ခြေမှာလည်း တစ်စတစ်စ မြင့်တက်လာလေလေ ဖြစ်သည်။
တစ်ဖက်တွင်လည်း ကျိရုရွှယ်သည် ကုတင်ပေါ်၌ လဲလျောင်းကာ နေ့စဉ် နို့သောက်လိုက် ဖန်သားအသက်ရှူနည်းစနစ်ကို ကျင့်ကြံလိုက်ဖြင့် အလုပ်ရှုပ်နေသည်။ လက်ရှိတွင် သူမ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသဖြင့် ဤအသက်ရှူနည်းစနစ်ကို အသုံးပြု၍ ခွန်အားမြှင့်တင်ရန် လိုအပ်နေခြင်းဖြစ်သည်။ လေထုထဲရှိ စွမ်းအင်ဓာတ်များသည် ကျိရုရွှယ်၏ နုနယ်သော ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ် ပြုပြင်ပေးနေသလို ကလေးငယ်တစ်ဦးအဖြစ် အားနည်းနေသော သူမ၏ စိတ်စွမ်းအင်ကိုလည်း ပိုမိုအားကောင်းလာစေသည်။
ကျင့်ကြံမှုပြီးဆုံးသောအခါ ကျိရုရွှယ်သည် ခန္ဓာကိုယ်အတွင်းမှ မသန့်စင်သော လေများကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။ အချိန်အတန်ကြာ လေ့ကျင့်ပြီးနောက်တွင် သူမ၏ စိတ်စွမ်းအင်မှာ ယခင်ကထက် သိသိသာသာ ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်သည်။ ဧည့်ခန်းအတွင်းမှ သဲ့သဲ့ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရသဖြင့် ကျိရုရွှယ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူမ၏ ဇွန်ဘီဖေဖေသည် လူသားဘဝမှ အသိစိတ်များ ကျန်ရှိနေသေးသဖြင့် ယခင်ကဆိုလျှင် ညဘက်၌ ပစ္စည်းများရှာဖွေရန် အပြင်သို့ ထွက်လေ့ရှိသည်။ သို့သော် ယခုမူ အပြင်မထွက်သည်မှာ နှစ်ရက်ရှိသွားပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်က ဖြစ်ပွားခဲ့သော ဆင့်ကဲဇွန်ဘီများ၏ တိုက်ပွဲ၊ ရပ်ကွက်အနီးမှ ပဟေဠိဆန်သော ပေါက်ကွဲသံများနှင့် ကြောက်မက်ဖွယ် ဇွန်ဘီဟိန်းဟောက်သံများကို ကျိရုရွှယ် ပြန်လည်အမှတ်ရမိသည်။ သူမ၏ ဇွန်ဘီဖေဖေမှာ ကံမကောင်းစွာဖြင့် အထူးစွမ်းရည်များ နိုးထလာသော ထိုဇွန်ဘီများနှင့် တိုးခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျိရုရွှယ် သံသယဝင်နေသည်။
ဆင့်ကဲပြောင်းလဲမှု အောင်မြင်သွားသော ဇွန်ဘီတစ်ကောင်၏ ပြင်းထန်သော အရှိန်အဝါမှာပင် သာမန်အောက်ခြေအဆင့် ဇွန်ဘီများအတွက် ယှဉ်နိုင်စွမ်း မရှိတော့ချေ။ ဆင့်ကဲဇွန်ဘီများနှင့် သာမန်ဇွန်ဘီများသည် အမျိုးအနွယ်တူသော်လည်း တဖြည်းဖြည်းနှင့် မတူညီသော မျိုးစိတ်များအဖြစ် ကွဲထွက်သွားကြမည်ဖြစ်သည်။ အဆင့်မြင့် စွမ်းအားရှင်များ၏ ဖိနှိပ်မှုမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး သာမန်ဇွန်ဘီများမှာ ဤအရှိန်အဝါကို ခုခံနိုင်စွမ်း မရှိသလောက်ပင်။
ထို့အပြင် ဆင့်ကဲဇွန်ဘီများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း သာမန်ဇွန်ဘီများထက် အဆပေါင်းများစွာ သာလွန်လှသည်။ သာမန်အောက်ခြေအဆင့် ဇွန်ဘီတစ်ကောင်ဖြစ်သည့် သူမ၏ ဇွန်ဘီဖေဖေမှာ ယခုအချိန်တွင် အလွန်အမင်း ကြောက်လန့်နေပေလိမ့်မည်ဟု ကျိရုရွှယ်က တွေးတောနေမိတော့သည်။