← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

ပုံဆောင်ခဲအမြုတေကို ဝါးမြိုပြီးနောက် ခန္ဓာကိုယ်အတွင်း စွမ်းအင်များ တဟုန်ထိုး စီးဝင်လာမှုကို ခံစားလိုက်ရသည့် အချိန်မှစ၍ လုချွမ်းသည် သန်မာလိုစိတ် ပြင်းပြနေသည့် သူ၏အတွင်းစိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ပေ။

ထို့ကြောင့် ဤအတောအတွင်း လုချွမ်းသည် သူ၏ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်နှင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် တိုက်ခိုက်ရေးပညာရပ်များကို အပြင်းအထန် လေ့ကျင့်နေခဲ့သည်။ တစ်ဖက်တွင်လည်း လိုအပ်သော အရင်းအမြစ်များကို ရှာဖွေရန်နှင့် ဆင့်ကဲဇွန်ဘီများ၏ နောက်ကြောင်းကို ထောက်လှမ်းရန်အတွက် ဇွန်ဘီရုပ်သေးများကို စေလွှတ်ထားခဲ့သည်။

ဤသို့ မျိုးရိုးဗီဇပြောင်းလဲထားသော ဇွန်ဘီများ စတင်ပေါ်ပေါက်လာပြီဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် အလွန်တရာ အစွမ်းထက်သော သတ္တဝါများအဖြစ်သို့ မုချပြောင်းလဲသွားကြမည်ဖြစ်ကြောင်း လုချွမ်း ကောင်းစွာ နားလည်ထားသည်။

အစဦးတွင် ခြေလှမ်းနှေးပါက နောင်တွင် ခရီးမတွင်နိုင်ဟူသော စကားအတိုင်းပင်။ အကယ်၍ သူသည် အစောပိုင်းကာလ၌ ဆင့်ကဲဇွန်ဘီများ၏ အရှိန်အဟုန်ကို အမီလိုက်နိုင်မည့် နည်းလမ်းကို မရှာဖွေနိုင်ပါက သူသည် အခြားသူများအတွက် အမြောက်စာ သို့မဟုတ် အစာအဖြစ် ဝါးမြိုခြင်းကိုသာ ခံရပေလိမ့်မည်။

သို့ရာတွင် လက်ရှိအခြေအနေ၌ ဆင့်ကဲဇွန်ဘီများ၏ အရေအတွက်မှာ အလွန်အမင်း များပြားခြင်း မရှိသေးပေ။ လုချွမ်းသည် လမ်းမများပေါ်တွင် ရည်ရွယ်ချက်မဲ့ လှည့်လည်သွားလာနေသည့် သာမန်ဇွန်ဘီများကိုသာ အများဆုံး တွေ့ရှိနေရခြင်း ဖြစ်သည်။ ရက်အတော်ကြာ ရှာဖွေခဲ့သော်လည်း တစ်ကောင်မျှ မတွေ့ရှိခဲ့ဘဲ ယနေ့မှသာ တစ်ကောင်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ရာ လုချွမ်းအနေဖြင့် ဤအခွင့်အရေးကို လွယ်လွယ်နှင့် လက်လွှတ်ခံမည် မဟုတ်ပေ။

သူသည် ဇွန်ဘီရုပ်သေးတစ်ကောင်ကို အကွာအဝေးတစ်ခုမှနေ၍ ထို သွက်လက်သောဇွန်ဘီ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်စေခဲ့သည်။ ကျန်ရှိသော ဇွန်ဘီရုပ်သေး ၄ ကောင်ကိုမူ မူလလုပ်ငန်းဆောင်တာများ ရပ်တန့်စေပြီး ထက်မြက်၍ လေးလံသော မီးသတ်ပုဆိန်များကို ကိုင်ဆောင်စေကာ ထိုသွက်လက်သောဇွန်ဘီရှိရာ အရပ်သို့ အမြန်ဆုံး စေလွှတ်လိုက်တော့သည်။

ရှည်လျားသော ပုဆိန်များကို ကိုင်ဆောင်ထားသည့် ဇွန်ဘီ ၄ ကောင်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် လမ်းမပေါ်တွင် ချီတက်သွားပုံမှာ လူဆိုးဂိုဏ်းတစ်ခု လမ်းလျှောက်လာသည့်အလား ထင်မှတ်ရပေသည်။ ထိုမြင်ကွင်းမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ရာ ကောင်းလှ၏။ အကယ်၍ အသက်ရှင်ကျန်ရစ်သူတစ်ဦးဦးသာ မြင်တွေ့ခဲ့ပါက ဇွန်ဘီများက လက်နက်များကို တက်ကြွစွာ အသုံးချနေခြင်းကြောင့် အံ့အားသင့်ကာ စကားပင် ဆိုနိုင်တော့မည် မဟုတ်ပေ။ ၎င်းမှာ သဘာဝတရား၏ နိယာမကို ဆန့်ကျင်နေသကဲ့သို့ပင်။

မကြာမီမှာပင် လုချွမ်း၏ ဇွန်ဘီရုပ်သေး ၅ ကောင်လုံးသည် တစ်နေရာတည်းတွင် စုမိသွားကြပြီး တစ်ကောင်ချင်းစီက မီးသတ်ပုဆိန်များကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ ရောက်ရှိသွားကြတော့သည်။

ဇွန်ဘီတစ်ကောင်ချင်းစီ၏ သွေးရောင်လွှမ်းနေသောလွှမ်းသော မျက်လုံးအစုံတို့သည် ရန်လိုမှုများဖြင့် တောက်ပနေပြီး တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် အလွန်တရာ ဖိအားပေးလွန်းသော အရှိန်အဝါကို ထုတ်ဖော်နေကြသည်။

လုချွမ်းသည် စိတ်လိုက်မာန်ပါ မလုပ်ဆောင်ဘဲ ဇွန်ဘီငါးကောင်အား ဟန်ချက်ညီညီ ဖြန့်ခွဲလိုက်ပြီး သာမန်ဇွန်ဘီများကဲ့သို့ပင် ရည်ရွယ်ချက်မဲ့ လမ်းလျှောက်နေဟန်ဖြင့် သွက်လက်သောဇွန်ဘီရှိရာသို့ ချဉ်းကပ်စေခဲ့သည်။ လုချွမ်းသည် ၎င်းတို့အား အနည်းငယ် ခွာ၍ လျှောက်လှမ်းစေသည်မှာ အကြောင်းမဲ့မဟုတ်ပေ။ အကယ်၍ ပုဆိန်ကိုင်ထားသော ဇွန်ဘီငါးကောင် တစ်စုတစ်ဝေးတည်း ချီတက်နေပါက မည်သူမဆို သတိပြုမိသွားနိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် လက်ထဲတွင် မီးသတ်ပုဆိန်များ ကိုင်ဆောင်ထားချိန်၌ တစ်နေရာတည်းတွင် စုပြုံနေခြင်းမှာ တိုက်ပွဲဝင်ရန်အတွက် အဆင်မပြေလှပေ။ သို့ရာတွင် လုချွမ်းသည် ဇွန်ဘီများကို လုံးဝလူစုကွဲသွားစေရန်လည်း မရည်ရွယ်ပေ။ သူ၏ အစီအစဉ်မှာ ထိုသွက်လက်သောဇွန်ဘီအား ဝိုင်းပတ်ပိတ်ဆို့ရန်ဖြစ်ပြီး အကယ်၍ အလွန်အမင်း ဝေးကွာသွားပါက ပြိုင်ဘက်၏ အရှိန်အဟုန်ကြောင့် ၎င်းတို့၏ ပုဆိန်များဖြင့် မတိုက်ခိုက်ရသေးမီမှာပင် တစ်ကောင်ချင်းစီ အသတ်ခံရနိုင်သောကြောင့် ဖြစ်သည်။

လူသားအသက်ရှင်ကျန်ရစ်သူကို သတ်ဖြတ်ပြီးနောက် သွက်လက်သောဇွန်ဘီသည် လတ်ဆတ်သော အသားစများကို စတင်စားသုံးနေသည်။ ကမ္ဘာပျက်ကပ် ကာလကြာမြင့်လာသည်နှင့်အမျှ ဖမ်းဆီးရမိနိုင်သော အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာလည်း နည်းပါးလာခဲ့ပြီ ဖြစ်သည်။

အစောပိုင်းကာလ၌ လူသားအမြောက်အမြားမှာ သတ်ဖြတ်ခံရခြင်း သို့မဟုတ် ဇွန်ဘီအဖြစ် ကူးပြောင်းခြင်းတို့ကို ခံခဲ့ရသော်လည်း ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူ အနည်းငယ်မှာမူ အစောပိုင်း ထိတ်လန့်တုန်လှုပ်မှုများမှ သင်ခန်းစာယူကာ ရှင်သန်ရေးနည်းလမ်းများကို တတ်မြောက်သွားကြပြီဖြစ်သည်။ ထို့ကြောင့် လတ်ဆတ်သော သွေးသားကို ရရှိရန်မှာ အလွန်ခက်ခဲလှပေသည်။ အကယ်၍ ထိုအသက်ရှင်ကျန်ရစ်သူမှာ သိုလှောင်ထားသော ရိက္ခာများ ကုန်ဆုံးသွားခြင်းမရှိပါက အပြင်သို့ထွက်၍ စွန့်စားရှာဖွေမည် မဟုတ်ပေ။

သွက်လက်သောဇွန်ဘီမှာ လတ်ဆတ်သော လူသားအသားကို မမြည်းစမ်းရသည်မှာ ရက်

အတော်ကြာပြီဖြစ်ရာ ယခုရရှိသော သွေးနံ့မှာ ၎င်းအတွက် အလွန်ပင် မွှေးပျံ့နေတော့သည်။

ဂြွတ်... ဂြွတ်...

ဇွန်ဘီသည် အသားစများကို အငမ်းမရ ဝါးမြိုနေစဉ် အနီးနားရှိ သာမန်ဇွန်ဘီများသည်လည်း ထိုအသံကြောင့် ဗီဇအရ စုရုံးရောက်ရှိလာကြသည်။

ဝူး... ဝူး...

မိမိ၏ အစာကို လာရောက်လုယူမည်ကို စိုးရိမ်သဖြင့် သွက်လက်သောဇွန်ဘီသည် အောက်ခြေအဆင့် သာမန်ဇွန်ဘီများကို ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံများဖြင့် ခြောက်လှန့်လိုက်သည်။ ပြင်းထန်သော အရှိန်အဝါကြောင့် သာမန်ဇွန်ဘီများမှာ အနားသို့ မချဉ်းကပ်ရဲဘဲ နောက်ဆုတ်သွားကြတော့မှသာ ထိုဇွန်ဘီသည် စိတ်အေးလက်အေးဖြင့် ဆက်လက်စားသုံးနေတော့သည်။

သို့သော်လည်း ထိုခဏ၌ပင် အခြားသော ခြေသံများကို ထပ်မံကြားလိုက်ရပြန်သည်။

သာမန်ဇွန်ဘီ ငါးကောင်သည် ၎င်း၏ သတိပေးမှုကို လျစ်လျူရှုကာ မကြောက်ရွံ့ဘဲ ချဉ်းကပ်လာနေခြင်းပင်။

ဝူး...

သွက်လက်သောဇွန်ဘီသည် ဒေါသတကြီးဖြင့် ထပ်မံဟိန်းဟောက်လိုက်ပြန်သည်။ ၎င်း၏ အသံထဲတွင် စိတ်တိုဒေါသထွက်နေသည့် အရိပ်အယောင်များ ပါဝင်နေပေသည်။

ရှပ်... ရှပ်... ရှပ်...

မမျှော်လင့်ဘဲ ထိုအောက်ခြေအဆင့် ဇွန်ဘီများသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ၎င်းရှိရာသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

"တိုက်စစ်ဖွင့်စမ်း အဲဒီကောင်ကို သတ်ပစ်"

လုချွမ်းသည် ၎င်း၏ ဇွန်ဘီရုပ်သေးငါးကောင်အား သွက်လက်သောဇွန်ဘီကို အမြန်ဆုံး တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ အစောပိုင်းတွင် လုချွမ်းသည် ထိုရုပ်သေးများကို သာမန်ဇွန်ဘီများကဲ့သို့ပင် ရည်ရွယ်ချက်မဲ့ လှုပ်ရှားစေကာ ရန်သူကို လှည့်စားထားခဲ့ခြင်း ဖြစ်သည်။

ရန်သူ၏ အရှိန်နှုန်းနှင့် ကားများကိုပင် ဆွဲဖြဲနိုင်သော လက်သည်းခွန်အားကို ထည့်သွင်းစဉ်းစားပါက အမှားအယွင်းတစ်ခုသည် ရုပ်သေးငါးကောင်လုံး ပျက်စီးသွားစေနိုင်ကြောင်း လုချွမ်း သိရှိထားသည်။ ထို့ကြောင့် အကွာအဝေးမှာ ဆယ်မီတာခန့်သာ လိုတော့သည့်အချိန်တွင် လုချွမ်းသည် တိုက်စစ်ကို စတင်လိုက်ခြင်း ဖြစ်၏။

လုချွမ်း ထိန်းချုပ်ထားသော ဇွန်ဘီရုပ်သေးများမှာ အရွယ်ရောက်ပြီးသား အမျိုးသားဇွန်ဘီများ ဖြစ်ကြသဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်ကြရာ သွက်လက်သောဇွန်ဘီရှိရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားကြသည်။ ၎င်းတို့သည် အေးစက်စက် အရှိန်အဝါရှိသော မီးသတ်ပုဆိန်များကို မြှောက်ကိုင်ကာ မဆိုင်းမတွပင် ခုတ်ပိုင်းလိုက်ကြတော့သည်။

သွက်လက်သောဇွန်ဘီသည် အောက်ခြေအဆင့် ဇွန်ဘီများက မိမိကို တိုက်ခိုက်ရဲသည်ဟု ယူဆကာ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။ ၎င်းသည် ချက်ချင်းပင် လှုပ်ရှားလိုက်သော်လည်း လုချွမ်း၏ ကြိုတင်စီစဉ်ထားသော ဝိုင်းပတ်ပိတ်ဆို့မှုကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွင် ဒဏ်ရာရရှိသွားခဲ့သည်။

၎င်း၏ လျင်မြန်လှသော အရှိန်နှုန်းကြောင့် တိုက်ခိုက်မှု အများစုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း လုချွမ်းသည် တစ်ဝက်တစ်ပျက် ဝိုင်းရံထားသည့် အနေအထားဖြင့် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုဇွန်ဘီသည် ထွက်မပြေးပါက ဒဏ်ရာရရှိရန်မှာ မုချမလွဲပင်။

ပထမဆုံး ထိတွေ့တိုက်ခိုက်မှုတွင်ပင် ထိုဇွန်ဘီ၏ ညာဘက်လက်မောင်းနှင့် ကျောပြင်တို့၌ ဒဏ်ရာများ ရရှိသွားခဲ့သည်။

သို့သော်လည်း ဇွန်ဘီရုပ်သေးတစ်ကောင်၏ ပုဆိန်မှာ ရန်သူ၏ နံရိုးကြားတွင် ညပ်နေခဲ့ရာ သွက်လက်သောဇွန်ဘီသည် အလွန်အမင်း ဒေါသထွက်သွားပြီး ၎င်း၏ လက်သည်းများဖြင့် ထိုရုပ်သေး၏ ဦးခေါင်းခွံကို ဆွဲဖြဲပစ်လိုက်တော့သည်။ အမှန်စင်စစ် သွက်လက်သောဇွန်ဘီမျိုးနွယ်များသည် အရှိန်နှုန်းနှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်စစ်အပေါ်တွင်သာ အဓိက အခြေခံ၍ ဆင့်ကဲပြောင်းလဲထားခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့၏ ခံစစ်စွမ်းရည်မှာ ထွားကြိုင်းသော ဇွန်ဘီများနှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းလှပေသည်။ လုချွမ်း၏ အမြင်၌မူ ၎င်းတို့၏ ခံစစ်မှာ သာမန်ဇွန်ဘီများထက် အနည်းငယ်မျှသာ သာလွန်သည်ဟု ယူဆရသည်။

လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ဇွန်ဘီရုပ်သေးနှစ်ကောင်သည် ရှေ့တည့်တည့်မှ ဟန်ပြတိုက်ခိုက်လိုက်ကြသည်။

ဝုန်း…

သွက်လက်သောဇွန်ဘီသည် ပြင်းထန်သော ခွန်အားကို အသုံးချကာ ၎င်း၏လက်သည်းများဖြင့် လုချွမ်း၏ ရုပ်သေးနှစ်ကောင်ကို ခြေလှမ်းအတော်များများ နောက်ဆုတ်သွားအောင် တွန်းထုတ်လိုက်သည်။ သို့ရာတွင် ကျန်ရှိသော ရုပ်သေးနှစ်ကောင်မှာမူ မဆိုင်းမတွပင် ၎င်းတို့၏ ပုဆိန်များကို ဝှေ့ယမ်းလိုက်ကြတော့သည်။

တစ်ကောင်က အပေါ်မှ အားကုန်နှက်၍ ခုတ်ပိုင်းလိုက်ပြီး အခြားတစ်ကောင်က ဘေးတိုက်လှီးဖြတ်လိုက်ရာ သွက်လက်သောဇွန်ဘီသည် အပေါ်မှ ကျလာသော ပုဆိန်ကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကျန်ပုဆိန်တစ်ခုမှာမူ ၎င်း၏ ခါးအတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့သည်။

ဖျတ်…

ခါးမှ အသားစအမြောက်အမြားမှာ ပြတ်ထွက်သွားခဲ့ရာ သွက်လက်သောဇွန်ဘီမှာ ပြင်းထန်သော ဒဏ်ရာကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

ဝူး...

အတိုင်းအထက်အလွန် ဒေါသထွက်သွားသော ထိုဇွန်ဘီသည် အရှိန်အဟုန်ကို မြှင့်တင်လိုက်ပြီး အခြားရုပ်သေးတစ်ကောင်၏ ဦးခေါင်းကို လက်သည်းများဖြင့် ထပ်မံဆွဲဖြဲပစ်လိုက်ပြန်သည်။ သို့သော်လည်း ကျန်ရှိသော ဇွန်ဘီသုံးကောင်မှာမူ ရပ်တန့်ခြင်းမရှိဘဲ ဝိုင်းအုံ၍ တိုက်ခိုက်ကြတော့သည်။ ထိုဇွန်ဘီသည် မည်မျှပင် လျင်မြန်စေဦးတော့အရပ်မျက်နှာအနှံ့မှ ကျလာသော ပုဆိန်ချက်များကို မရှောင်တိမ်းနိုင်တော့ချေ။

ဒုန်း... ဒုန်း... ဒုန်း

ပုဆိန်ချက် သုံးချက်မှာ တစ်ခုပြီးတစ်ခု ထိမှန်သွားခဲ့ပြီး နောက်ဆုံးတွင်မူ ပုဆိန်တစ်ချက်သည် ထိုဇွန်ဘီ၏ ဦးခေါင်းကို လည်ပင်းမှ ပြတ်တောက်သွားစေခဲ့တော့သည်။

"ဘယ်လောက်ပဲ ပညာတော်တော် လက်နက်ကို မယှဉ်နိုင်ဘူး။ အထူးသဖြင့် ငါ့မှာ ပုဆိန်ငါးလက်ရှိနေတဲ့အချိန်မှာပေါ့"

လဲကျသွားသော သွက်လက်သောဇွန်ဘီကို ကြည့်ရင်း လုချွမ်းမှာ အလွန်အမင်း ဝမ်းမြောက်သွားခဲ့သည်။ ဤဆင့်ကဲဇွန်ဘီမှာ အမှန်တကယ်ပင် စွမ်းအားကြီးလှပေသည်။ အကယ်၍ အဝေးမှ ထိန်းချုပ်နိုင်စွမ်းသာ မရှိပါက အောက်ခြေအဆင့် ဇွန်ဘီငါးကောင်မှာ ခဏချင်းအတွင်း ပျက်စီးသွားမည်မှာ အမှန်ပင်။

ယခုမူ ရုပ်သေးနှစ်ကောင်သာ ဆုံးရှုံးခဲ့ရသည်။ လုချွမ်းသည် ကျန်ရှိသော ဇွန်ဘီရုပ်သေးများကို ပုံဆောင်ခဲအမြုတေအား ထုတ်ယူရန် အမိန့်ပေးလိုက်ပြီးနောက် ၎င်းကို သိမ်းဆည်းကာ နေအိမ်ရှိရာ ရပ်ကွက်သို့ အမြန်ဆုံး ပြန်လည်ခြေဦးလှည့်ခဲ့တော့သည်။

All Chapters