အခန်း (၂၆)
Vol. 3 Ch. 26
အဆောက်အအုံ ၁ ထဲက ဒီမိစ္ဆာကောင်က ဘယ်လိုနည်းနဲ့များ ဒီလောက်အထိ ရွံရှာဖွယ်ကောင်းအောင် ဆင့်ကဲပြောင်းလဲသွားတာလဲဆိုတာ လုချွမ်း တကယ်ကို စဉ်းစားလို့မရနိုင်အောင် ဖြစ်နေရသည်။
ပြီးခဲ့တဲ့တစ်ခေါက် ကြုံခဲ့ရစဉ်က အကောင်ရဲ့ သွေးအလိမ်းလိမ်းနဲ့ အရုပ်ဆိုးအကျည်းတန်လှတဲ့ ပုံစံကို ပြန်တွေးမိတိုင်း လုချွမ်း အနည်းငယ် ပျို့အန်ချင်သလိုတောင် ခံစားရသည်။ ဇွန်ဘီတစ်ကောင် ဖြစ်နေရင်တောင်မှ အနည်းဆုံးတော့ လူသားတစ်ဦးရဲ့ ပုံသဏ္ဌာန်တော့ အနည်းအကျဉ်း ကျန်ရှိသင့်တာ မဟုတ်ဘူးလား။ ဒါပေမဲ့ အဲဒီလျှာရှည်ဇွန်ဘီကတော့ သူ့ရဲ့ အတိတ်ဘဝက လူသားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မှတ်မိဖို့တောင် မလွယ်ကူတော့တဲ့အထိ ပုံပျက်ပန်းပျက် ဖြစ်နေခဲ့၏။
ပြီးခဲ့တဲ့တစ်ခေါက်က ဒီမိစ္ဆာရဲ့ လက်ချက်နဲ့ သူ့ရုပ်သေးတွေ မျက်စိတစ်မှိတ်အတွင်း ခေါင်းပွင့်သွားခဲ့ရတာကြောင့် ဒီတစ်ကြိမ်မှာတော့ လုချွမ်းက အထူးပြင်ဆင်လာခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု အတော်လေး ရှိနေသည်။
"မင်း ငါ့ရဲ့ ပုဆိန်ကိုင်ဂိုဏ်းကို ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ မိစ္ဆာကောင်"
လုချွမ်းကတော့ အဆောက်အအုံ ၅ ထဲမှာပဲ ရှိနေပြီး ဇွန်ဘီရုပ်သေးတပ်ဖွဲ့ကို ထိန်းချုပ်ဖို့အတွက်သာ အာရုံစိုက်ထားသည်။ ယခုအခါ သူ၏ စိတ်စွမ်းအင် ထိန်းချုပ်နိုင်စွမ်းမှာ ၃ ကီလိုမီတာအထိ ကျယ်ပြန့်သွားပြီဖြစ်ရာ တိုက်ပွဲမြေပြင်သို့ ကိုယ်တိုင်သွားနေရန် မလိုအပ်တော့ပေ။ ထိုမိစ္ဆာမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် လုချွမ်းအနေဖြင့် အနီးကပ်တိုက်ပွဲတွင် ယှဉ်နိုင်မည်မဟုတ်ဟု တွေးထားရာ နေအိမ်မှာ ပုန်းအောင်းနေခြင်းကသာ အလုံခြုံဆုံးဖြစ်ပေသည်။
လုချွမ်းသည် ဇွန်ဘီရုပ်သေး ၁၀ ကောင်ကို အဝေးမှ ထိန်းချုပ်ကာ အဆောက်အအုံ ၁ ၏ တံခါးအတွင်းသို့ ဝင်ရောက်စေပြီး ပထမထပ်မှစတင်ကာ တစ်ခန်းချင်းစီကို သေချာစွာ စစ်ဆေးစေခဲ့သည်။ သူသည် အလောတကြီး မလုပ်ဆောင်ဘဲ မည်သည့်ထောင့်စွန်းကိုမျှ မလွတ်စေရန် အလွန်သတိထား၍ စစ်ဆေးနေခြင်း ဖြစ်သည်။ အထူးသဖြင့် မျက်နှာကျက်များကို လုချွမ်းက ပို၍ အာရုံစိုက်ခိုင်းထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသွေးရောင်ဆင့်ကဲမိစ္ဆာ၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ အလွန်ထူးဆန်းနေသောကြောင့် ဖြစ်သည်။
၎င်းသည် တိုက်ခိုက်ရေးအတွက် လူသားပုံသဏ္ဌာန်ကို စွန့်လွှတ်ထားပြီး လက်သည်းများပါသည့် ခြေလက်များနှင့် ပြင်းထန်သော ခန္ဓာကိုယ်ခွန်အားကို ရရှိထားသည်။ ထို့ကြောင့် နံရံများနှင့် မျက်နှာကျက်များပေါ်တွင် အလွန်လျင်မြန်စွာ လှုပ်ရှားသွားလာနိုင်စွမ်း ရှိနေခြင်းပင်။
လုချွမ်း၏ စနစ်တကျရှာဖွေမှုမှာ တစ်လက်မချင်းစီကိုပင် အလွတ်မပေးဘဲ သေချာစွာ စစ်ဆေးနေခြင်း ဖြစ်သည်။
မကြာမီမှာပင် ၎င်းတို့သည် အထပ် ၄ ထပ်အထိ ရှာဖွေပြီးစီးသွားခဲ့သော်လည်း ထိုသွေးရောင်
မိစ္ဆာ၏ အရိပ်အယောင်ကိုမျှ မတွေ့ရသေးပေ။ လုချွမ်းသည် မျက်မှောင်ကြုတ်လိုက်မိပြီး "လေးထပ်လုံးလုံး ရှာတာတောင် မတွေ့ဘူးဆိုတော့ ဒီမိစ္ဆာကောင်က ကြိုတင်ပြီး ထွက်ပြေးသွားတာများလား" ဟု တွေးတောနေမိသည်။
မကြာမီမှာပင် ဇွန်ဘီရုပ်သေးအဖွဲ့သည် ပဉ္စမထပ်သို့ ရောက်ရှိသွားပြီး အခန်းများအတွင်းသို့ အလွန်သတိထားကာ ဆက်လက်ဝင်ရောက်ခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့သည် အခန်းအတွင်းသို့ ဝင်လိုက်ချိန်၌ တံခါး၏ အပေါ်တည့်တည့်တွင် ကပ်ငြိနေသော လျှာရှည်ဇွန်ဘီကို သတိမပြုမိလိုက်ကြချေ။
၎င်းမိစ္ဆာ၏ လက်သည်းလေးခုမှာ သံမဏိဓားများကဲ့သို့ နံရံအတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်နေပြီး၊တံခါးအပေါ်တွင် ပင့်ကူတစ်ကောင်ကဲ့သို့ အသံမထွက်ဘဲ ဝပ်စုံနေခြင်း ဖြစ်သည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးအစုံမှာ အောက်ဘက်ရှိ ဇွန်ဘီရုပ်သေးများအပေါ်သို့ စိုက်ကြည့်နေသည်။ မိစ္ဆာကောင် ဝပ်နေသည့် နေရာမှာ အလွန်ပါးနပ်လှပြီး ဇွန်ဘီရုပ်သေးများ၏ အမြင်အာရုံကွယ်နေသောနေရာ အတိအကျပင်။
ဘာပဲဖြစ်ဖြစ် လုချွမ်းသည် အဝေးမှ ထိန်းချုပ်နေခြင်းဖြစ်ပြီး ရုပ်သေးများ၏ အမြင်အာရုံကိုသာ မျှဝေခံစားနိုင်သည်ဖြစ်ရာ ကိုယ်တိုင်ရှိနေသကဲ့သို့ တိုက်ရိုက်မြင်ကွင်းမျိုးကို ရရှိရန်မှာ မဖြစ်နိုင်ပေ။
"ဒီမိစ္ဆာကောင်က ဘယ်ကိုများ ရောက်သွားတာလဲ။ ဒီအဆောက်အအုံထဲကနေ အပြင်ကို ထွက်ပြေးသွားတာတော့ မဟုတ်ပါဘူးနော်"
လုချွမ်းသည် စိုးရိမ်စိတ်များ မြင့်တက်လာသည်။ ဤလျှာရှည်ဇွန်ဘီမှာ ကိုင်တွယ်ရ အလွန်ခက်ခဲလှသည်။ အကယ်၍ ၎င်းသာ အဆောက်အအုံ ၁ မှ လွတ်မြောက်သွားပြီး အမှောင်ထဲတွင် ပုန်းအောင်းနေမည်ဆိုပါက အန္တရာယ်မှာ အဆပေါင်းများစွာ ပိုမိုကြီးမားလာမည် ဖြစ်သည်။ ၎င်းသည် ထိပ်တန်းအဆင့် လူသတ်သမားဇွန်ဘီ တစ်ကောင်ဖြစ်ကြောင်းမှာ သေချာလှပေသည်။
ဝှစ်...
ထိုစဉ်မှာပင် လေထုကို ဖြတ်တောက်လိုက်သည့် အသံနှင့်အတူ အပေါ်ဘက်မှ သွေးရောင်
အရိပ်တစ်ခုက ရုတ်တရက် ခုန်ဆင်းလာခဲ့သည်။
ဒုန်း…
လျှာရှည်ဇွန်ဘီသည် ၎င်း၏လက်သည်းများဖြင့် အားကုန်လွှဲယမ်းလိုက်ရာ အနီးရှိ ဇွန်ဘီရုပ်သေးတစ်ကောင်မှာ အရှိန်ပြင်းစွာ အထိခံလိုက်ရပြီး လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လုချွမ်းသည် ကြိုတင်ပြင်ဆင်ထားကာ ဇွန်ဘီများအားလုံးကို မျက်နှာအပြည့်ဖုံး ဦးထုပ်များ ဆောင်းပေးထားခဲ့မိသည်။
ဆိုင်ကယ်စီးဦးထုပ်မှာ တစ်ဝက်နီးပါး ကွဲအက်သွားပြီး ဇွန်ဘီရုပ်သေး၏ ဦးခေါင်းမှာလည်း ကြေမွလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း ဦးထုပ်၏ အကာအကွယ်ကြောင့် ထိုရုပ်သေးမှာ လုံးဝဥဿုံ သေဆုံးသွားခြင်းမရှိဘဲ ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်။
လုချွမ်းသည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ဇွန်ဘီရုပ်သေးများကို လျင်မြန်စွာ လှည့်ပတ်စေကာ ၎င်းတို့၏ မီးသတ်ပုဆိန်များဖြင့် ထိုသွေးရောင်အရိပ်ဆိုးကို ဝိုင်းဝန်းခုတ်ပိုင်းစေတော့သည်။ အားကောင်းလှသော ပုဆိန်ချက်များသည် လေထုကို ဖြတ်သန်းကာ တစီစီမြည်သံများ ထွက်ပေါ်နေသည်။
အကယ်၍သာ ကျိရုရွှယ် ဤနေရာတွင် ရှိနေခဲ့ပါက သူမ၏ အတိတ်ဘဝ အမှတ်သညာများအရ ဤဇွန်ဘီမျိုးနွယ်ကို ချက်ချင်းပင် မှတ်မိသွားပေလိမ့်မည်။ ၎င်းမှာ ကမ္ဘာပျက်ကပ် အစောပိုင်းကာလ၌ လူသားအသက်ရှင်ကျန်ရစ်သူ အမြောက်အမြားကို သေကြေပျက်စီးစေခဲ့သော လျှာရှည်ဟု ခေါ်သည့် ဇွန်ဘီမျိုးပင်။
သွေးရောင်လွှမ်းနေသောလွှမ်းနေသော ဤ လျှာရှည်ဇွန်ဘီသည် ၎င်း၏ နယ်မြေအတွင်းသို့ ကျူးကျော်လာသော ဇွန်ဘီရုပ်သေးအဖွဲ့ကြောင့် အလွန်အမင်း ဒေါသထွက်နေပုံရသည်။ ဝှေ့ယမ်းလာသော ပုဆိန်များကို ဂရုမစိုက်ဘဲ ၎င်းသည် ရုပ်သေးများကိုသာ ဆက်တိုက် တိုက်ခိုက်နေတော့သည်။
ထိုအရာကို မြင်လိုက်ရသည့် လုချွမ်း၏ နှုတ်ခမ်းထောင့်မှာ အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဇွန်ဘီဆိုတာ ဇွန်ဘီပါပဲ ဘယ်လောက်ပဲ ဆင့်ကဲပြောင်းလဲပါစေ ဦးနှောက်က မပါလာရင်တော့ အလကားပဲ"
လျှာရှည်ဇွန်ဘီသည် ဇွန်ဘီရုပ်သေးများအကြား အလွန်လျင်မြန်စွာ လှုပ်ရှားသွားလာနေသည်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော လက်သည်းချက်များကြောင့် ဇွန်ဘီအချို့မှာ လွင့်ထွက်သွားခဲ့ရသည်။ သို့သော်လည်း လုချွမ်း၏ အမိန့်ပေးမှုအောက်တွင် ထိုရုပ်သေးများသည် ဦးခေါင်းမကြေမွသရွေ့ ဆက်လက်တိုက်ခိုက်နေကြသည်။ ခန္ဓာကိုယ်များ ထိုးဖောက်ခံရလျှင်ပင် ၎င်းတို့၏ ပုဆိန်များကို ရန်သူ့ထံသို့ တည့်တည့်မတ်မတ် ပစ်လွှတ်နေကြသည်။
ဗြိ...
လျှာရှည်ဇွန်ဘီသည် ဇွန်ဘီရုပ်သေးတစ်ကောင်၏ ခန္ဓာကိုယ်ကို လက်သည်းဖြင့် ထိုးဖောက်
လိုက်သော်လည်း လုချွမ်းသည် ထိုရုပ်သေးအား လျှာရှည်ဇွန်ဘီ၏ လက်မောင်းကို တင်းကြပ်စွာ ဖက်တွယ်ထားစေရန် ထိန်းချုပ်လိုက်သည်။ ထို့နောက် မဆိုင်းမတွပင် ပုဆိန်ဖြင့် ၎င်း၏ဦးခေါင်းကို အားကုန်လွှဲ၍ နှက်လိုက်တော့သည်။ ကျန်ရှိနေသော ဇွန်ဘီရုပ်သေးများကလည်း မီးသတ်ပုဆိန်များဖြင့် တစ်ဟုန်ထိုး ပြေးဝင်လာကာ ၎င်းတို့၏ လက်နက်များကို အဆက်မပြတ် ဝှေ့ယမ်း၍ တိုက်ခိုက်ကြတော့သည်။
လျှာရှည်ဇွန်ဘီသည် မယုံနိုင်လောက်အောင် လျင်မြန်သော်လည်း ဇွန်ဘီရုပ်သေးများ၏ ဝိုင်းရံပိတ်ဆို့မှုကို ခံထားရသဖြင့် အဆက်မပြတ်ကျလာသော ပုဆိန်ချက်များကို ရှောင်တိမ်းရန် ရုန်းကန်နေရပြီး အကြိမ်အတော်များများ ထိမှန်ခံလိုက်ရသည်။
ဤအတောအတွင်း လုချွမ်းသည် သူ၏ကိုယ်ပိုင် အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်ကိုသာမက ရုပ်သေးများအတွက် ပုဆိန်ခုတ်နည်းဗျူဟာများကိုပါ အသေအချာ လေ့လာလေ့ကျင့်ပေးထားခဲ့သည်။ ဇွန်ဘီရုပ်သေးများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အမြင့်ဆုံးရောက်ရှိစေရန် ပုဆိန်ကို ပိုမိုမြန်ဆန်စွာနှင့် ထိရောက်စွာ ဝှေ့ယမ်းနိုင်မည့် နည်းစနစ်များကို သူအသုံးပြုခဲ့ခြင်း ဖြစ်သည်။
လုချွမ်းသည် ရုပ်သေးအတော်များများကို ထိန်းချုပ်၍ ထိုလျှာရှည်ဇွန်ဘီ၏ ခန္ဓာကိုယ်ရှိ နေရာတစ်ခုတည်းကိုပင် အစီအစဉ်တကျ ထပ်ခါတလဲလဲ ခုတ်ပိုင်းစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုမိစ္ဆာ၏ ကြွက်သားများမှာ အလွန်တရာ ကျစ်လျစ်ခိုင်မာနေသောကြောင့်ပင်။ သာမန်ဇွန်ဘီများ၏ ခွန်အားမျှဖြင့် ဤမိစ္ဆာအား ပြင်းထန်သောဒဏ်ရာရအောင် လုပ်ရန်မှာ မလွယ်ကူကြောင်း သူနားလည်ထားသည်။
သို့သော်လည်း သူ၏ အင်အားသုံး၍ ဝိုင်းဝန်းတိုက်ခိုက်ခြင်းမှာ အမှန်တကယ် အလုပ်ဖြစ်ခဲ့သည်။ လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် မနားတမ်းခုတ်ပိုင်းမှုများကြောင့် လျှာရှည်ဇွန်ဘီ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် လုချွမ်း ခန့်မှန်းထားသည့်အတိုင်းပင် ၎င်း၏ကြွက်သားများမှာ အလွန်တောင့်တင်းလှသဖြင့် သာမန်ဇွန်ဘီများ၏ ပုဆိန်ချက်များမှာ အသားစများကိုသာ လှီးဖြတ်နိုင်ပြီး အရိုးထိအောင် ဒဏ်ရာရစေရန်မှာ ခက်ခဲနေဆဲဖြစ်သည်။
လုချွမ်းသည် ချက်ချင်းပင် ဗျူဟာပြောင်း၍ ဇွန်ဘီရုပ်သေးသုံးကောင်အား ၎င်းတို့၏ ပုဆိန်များအားလုံးကို တစ်နေရာတည်းသို့ စုပြုံခုတ်ပိုင်းရန် ညွှန်ကြားလိုက်သည်။
ဗြိ...
သုံးကောင်ပေါင်း တိုက်စစ်မှာ နောက်ဆုံးတွင် အောင်မြင်သွားခဲ့သည်။ နောက်ဆုံးဇွန်ဘီ၏ ပုဆိန်ချက်ကျလာချိန်တွင် လျှာရှည်ဇွန်ဘီမှာ အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ လက်မောင်းတစ်ဖက် ပြတ်တောက်သွားခဲ့ရတော့သည်။ လက်မောင်းတစ်ဖက် ဆုံးရှုံးသွားပြီးနောက်တွင်မူ လျှာရှည်ဇွန်ဘီသည် သူ၏ရှေ့မှ ဇွန်ဘီတပ်ဖွဲ့၏ ကြောက်မက်ဖွယ်ကောင်းမှုကို သဘောပေါက်သွားကာ ရုပ်သေးများအကြားမှ အတင်းရုန်းထွက်၍ မျက်နှာကျက်ပေါ်သို့ ခုန်တက်သွားခဲ့သည်။
လုချွမ်းက ရုပ်သေးများကို ၎င်းတို့၏ ပုဆိန်များဖြင့် မျက်နှာကျက်ပေါ်သို့ ပစ်ပေါက်ရန် ချက်ချင်းအမိန့်ပေးလိုက်သည်။
ဒုန်း... ဒုန်း... ဒုန်း…
သို့သော်လည်း ကံမကောင်းစွာဖြင့် ဝိုင်းရံမှုအတွင်းမှ လွတ်မြောက်သွားပြီးနောက် လျှာရှည်ဇွန်ဘီ၏ အရှိန်မှာ အဆမတန် မြန်ဆန်သွားခဲ့သည်။ အဝေးမှ ထိန်းချုပ်နေရသောကြောင့် ရုပ်သေးများ၏ ပစ်ပေါက်မှု အရှိန်နှင့် တိကျမှုမှာ အားနည်းသွားခဲ့သည်။ လျှာရှည်ဇွန်ဘီသည် လျင်မြန်စွာ တုံ့ပြန်ကာ ပုဆိန်များကို ရှောင်တိမ်းပြီးနောက် ပြတင်းပေါက်မှန်များကို ရိုက်ခွဲကာ အပြင်ဘက်သို့ ခုန်ချထွက်ပြေးသွားတော့သည်။
လုချွမ်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ သူသည် ရုပ်သေးများ၏ အမြင်အာရုံမှတစ်ဆင့် ထိုလျှာရှည်ဇွန်ဘီသည် အဆောက်အအုံ၏ အပြင်ဘက်နံရံများပေါ်တွင် မြေပြင်ပေါ်၌ လမ်းလျှောက်နေသကဲ့သို့ပင် အလွန်လျင်မြန်စွာ တွားသွားနေသည်ကို မြင်လိုက်ရသည်။ ၎င်း၏ လှုပ်ရှားမှုမှာ မည်မျှပင် မြန်ဆန်သနည်းဆိုလျှင် မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။