အခန်း (၂၇)
Vol. 3 Ch. 27
"တောက်... ဒီကောင် လွတ်သွားပြီ"
ပြတင်းပေါက်အပြင်ဘက်မှာ ပျောက်ကွယ်သွားတဲ့ သွေးရောင်အရိပ်ကို ကြည့်ရင်း လုချွမ်း တစ်ချက် ကျိန်ဆဲလိုက်မိသည်။ ဇွန်ဘီရုပ်သေး ၁၀ ကောင်အပြင် အသေအချာ ပြင်ဆင်လာခဲ့ပါလျက်နှင့် ထိုမိစ္ဆာကောင် လွတ်မြောက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုဇွန်ဘီသည် ကိုးဆယ်ဒီဂရီ မတ်စောက်သော အဆောက်အအုံနံရံများပေါ်တွင်ပင် မြေပြင်ပေါ်၌ လမ်းလျှောက်နေသကဲ့သို့ အားစိုက်စရာမလိုဘဲ သွားလာနိုင်စွမ်းရှိသည်။ ၎င်း၏ လှုပ်ရှားမှုများမှာ အလွန်လျင်မြန်လွန်းလှသဖြင့် မွေးရာပါ လူသတ်သမားတစ်ဦးနှင့်ပင် တူလှသည်။
လုချွမ်းအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်များကို ကြိုတင်ပြင်ဆင်ပေးခဲ့မိခြင်းမှာ အမှန်တကယ် ကံကောင်းခဲ့သည်ဟု ဆိုရမည်။ အကယ်၍သာ ဦးထုပ်များမပါခဲ့ပါက ယနေ့တွင် ထိုမိစ္ဆာကို မဖမ်းနိုင်ရုံတင်မကဘဲ သူ၏ ဇွန်ဘီရုပ်သေးအမြောက်အမြားကိုပါ ဆုံးရှုံးရဖွယ် ရှိနေသည်။
လျှာရှည်ဇွန်ဘီ၏ အရှိန်မှာ ဘယ်လောက်မြန်သလဲဆိုလျှင် လုချွမ်း၏ မျက်စိဖြင့်ပင် ၎င်း၏ လှုပ်ရှားမှုများကို အမီမလိုက်နိုင်တော့ပေ။ ယခုကဲ့သို့ အပိုင်ဖမ်းရမည့် တိုက်ပွဲတွင် အဆုံးသတ်အောင် မသတ်နိုင်ခဲ့ခြင်းမှာ ထိုမိစ္ဆာကို ပို၍ သတိကြီးသွားစေသလို ကလဲ့စားချေလိုစိတ်ကိုလည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် အန္တရာယ်ရှိလှသည်။
၎င်း၏ ခြေလက်များတွင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ရှိနေပြီး မည်သည့်နေရာတွင်မဆို ဇောက်ထိုးတွဲလွဲခိုရင်း အချိန်မရွေး တိုက်ခိုက်ရန် အသင့်ရှိနေနိုင်သည်။ ၎င်းမှာ လုချွမ်း ယနေ့အထိ ကြုံတွေ့ခဲ့ရသမျှ ဆင့်ကဲဇွန်ဘီများထဲတွင် ကိုင်တွယ်ရ အခက်ခဲဆုံး ရန်သူပင်။
ဤမိစ္ဆာကို လွှတ်ပေးလိုက်ရခြင်းမှာ အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးကို အနားတွင် ထားရှိလိုက်သကဲ့သို့ပင်။ အကယ်၍ ၎င်းသာ ဤရပ်ကွက်အတွင်းမှ လုံးဝထွက်ခွာသွားပါက ပြဿနာမရှိသော်လည်း ရပ်ကွက်အတွင်း၌ပင် ပုန်းအောင်းနေမည်ဆိုပါက လုချွမ်းအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။
ဤဇွန်ဘီသည် အသံမထွက်ဘဲ လှုပ်ရှားနိုင်သဖြင့် ၎င်း၏ တည်နေရာကို ခြေရာခံရန်မှာ အလွန်ခက်ခဲလှသည်။ တစ်ယောက်ချင်း ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက လုချွမ်းသည် ၎င်း၏ ပြိုင်ဘက် မဟုတ်ပေ။ အဆိုးရွားဆုံးအချက်မှာ အဆောက်အအုံ၏ အပြင်ဘက်နံရံများမှာ ထိုဇွန်ဘီအတွက် မည်သည့်အတားအဆီးမျှ မဖြစ်ဘဲ ပင့်ကူတစ်ကောင်ကဲ့သို့ လွတ်လပ်စွာ တွားသွားနိုင်ခြင်းပင်။
လုချွမ်း၏ လက်ရှိအကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ ထိုလျှာရှည်ဇွန်ဘီသည် သူနေထိုင်ရာ အဆောက်အအုံ ၅ အတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာမည်ကိုပင် ဖြစ်သည်။
အကြောင်းမှာ ဤသတ္တဝါသည် လှေကားများကို အသုံးပြုရန် မလိုအပ်ဘဲ အပြင်ဘက်နံရံများမှတစ်ဆင့် တက်လာနိုင်သောကြောင့်ဖြစ်သည်။ အဆောက်အအုံအတွင်းရှိ စင်္ကြံလမ်းများတွင် ဇွန်ဘီရုပ်သေးများကို မည်မျှပင် ကင်းစောင့်ခိုင်းထားစေကာမူ အပြင်ဘက်မှ ကျူးကျော်လာပါက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ ထိုမိစ္ဆာက သမီးလေး ချီချီကိုသာ ရှာဖွေတွေ့ရှိသွားပါက နံရံကိုတွယ်တက်၍ ဝင်ရောက်တိုက်ခိုက်နိုင်သဖြင့် လက်ရှိခံစစ်များမှာ အသုံးမဝင်တော့ပေ။
သို့သော်လည်း လုချွမ်းသည် မိမိကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေရုံမှအပ အခြားမတတ်နိုင်သေးချေ။ သူသည် ထိုသတ္တဝါ၏ အစွမ်းကို လျှော့တွက်ခဲ့မိသဖြင့် လွတ်မြောက်သွားစေခဲ့ခြင်း ဖြစ်သည်။
နွားပျောက်မှ ခြံကာဆိုသကဲ့သို့ပင် နောက်ကျနေပြီဖြစ်သော်လည်း လုချွမ်းသည် စိတ်ကိုအမြန်ဆုံး ပြန်လည်စုစည်းကာ ခုခံရေးစီမံချက်များကို စတင်ရေးဆွဲတော့သည်။ သူသည် လက်နက်အပြည့်အစုံတပ်ဆင်ထားသော သန်မာသည့် ဇွန်ဘီရုပ်သေး သုံးကောင်ကို အဆောက်အအုံ ၅ အတွင်း၌ နေ့စဉ်ကင်းလှည့်ရန် ချက်ချင်း တာဝန်ပေးလိုက်သည်။ ၎င်းမှာ ထိုမိစ္ဆာ ခိုးဝင်လာပါက ကြိုတင်သတိပြုမိစေရန်နှင့် အလစ်အငိုက် အတိုက်မခံရစေရန်အတွက် ဖြစ်၏။
နံရံပေါ်တွင် ဇွန်ဘီချန်ရစ်ခဲ့သော ခြေရာလက်ရာများကို ကြည့်ရင်း လုချွမ်းမှာ မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ ဤကဲ့သို့ အစွမ်းထက်သော သတ္တဝါ၏ ခန္ဓာကိုယ်အတွင်းရှိ ပုံဆောင်ခဲအမြုတေထဲမှ စွမ်းအင်များသည် သူယခင်က တွေ့ရှိခဲ့ဖူးသော ဧရာမဇွန်ဘီ သို့မဟုတ် သွက်လက်သောဇွန်ဘီများထက် များစွာ သာလွန်နေမည်မှာ ဧကန်မုချပင်။ အကယ်၍သာ ထိုမိစ္ဆာ၏ အမြုတေကို ဝါးမြိုနိုင်ခဲ့ပါက သူ၏ခွန်အားမှာ နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားမည်မှာ သေချာလှသည်။
လောလောဆယ်တွင်မူ လုချွမ်းသည် ကျန်ရှိသော ရုပ်သေးများကို ပတ်ဝန်းကျင်သို့ စေလွှတ်၍ ကင်းလှည့်ခိုင်းထားပြီး အခြားသော ဆင့်ကဲဇွန်ဘီများနှင့် ကြုံတွေ့ရရန်သာ မျှော်လင့်နေရတော့သည်။ အမြုတေ နှစ်ခုကို ဝါးမြိုပြီးနောက် လုချွမ်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေခဲ့သော်လည်း ဤလျှာရှည်ဇွန်ဘီက သူ့အား လက်တွေ့ဘဝ၏ ကြောက်မက်
ဖွယ်ကောင်းပုံကို သတိပေးလိုက်ခြင်းပင်။
လုချွမ်းသည် သူ၏ခွန်အားကို အမြန်ဆုံး မြှင့်တင်လိုစိတ်များ ပြင်းပြနေသည်။ သို့မဟုတ်ပါက နောက်ထပ် ပိုမိုစွမ်းအားကြီးသော ဇွန်ဘီများနှင့် ရင်ဆိုင်ရလျှင် ဇွန်ဘီရုပ်သေး အနည်းငယ်ကို ထိန်းချုပ်ထားရုံမျှဖြင့် မည်သို့မျှ အရာထင်မည် မဟုတ်ပေ။ လက်ရှိတွင် လုချွမ်းသည် မီတာ ၃,၀၀၀ အကွာအဝေးအတွင်းရှိ ရုပ်သေးများကို ထိန်းချုပ်နိုင်စွမ်းရှိနေပြီ ဖြစ်ရာ ဤအကွာအဝေးမှာ အတော်လေး ကျယ်ပြန့်လှသည်ဟု ဆိုရမည်။
တစ်ဖက်တွင်မူ သတ္တမထပ်ရှိ အိပ်ခန်းအတွင်း၌ ရှိနေသော ကျိရုရွှယ်၏ စိတ်စွမ်းအင်သည်လည်း သိသာထင်ရှားသော တိုးတက်မှုများ ရှိလာခဲ့ပြီ ဖြစ်ပေသည်။
ထိုအချိန်တွင် သူမသည် အရုပ်နှစ်ရုပ်ကို လေထဲ၌ ပျံဝဲနေအောင် စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ကစားနေခြင်း ဖြစ်သည်။
အနှိုင်းမဲ့ဧကရီဖြစ်ခဲ့ဖူးသူပီပီ ကျိရုရွှယ်သည် အစပိုင်းတွင် ဤကဲ့သို့သော ကလေးကစားစရာများကို စိတ်ဝင်စားမှု လုံးဝမရှိခဲ့ပေ။ သို့သော်လည်း လုချွမ်း၏ စေတနာကို တုံ့ပြန်လိုသောကြောင့် နောက်ပိုင်းတွင် ထိုအရုပ်များကို ထိန်းချုပ်ခြင်းက ပျော်စရာကောင်းရုံသာမက သူမ၏ စိတ်စွမ်းအင်ကိုလည်း ပိုမိုတိုးတက်စေကြောင်း တွေ့ရှိလာရသောကြောင့် သူမသည် မထင်မှတ်ဘဲ ဤအလုပ်တွင် စွဲလန်းနှစ်သက်သွားခဲ့ရသည်။
တံခါးအပြင်ဘက်မှ လုချွမ်း ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သည်နှင့် ကျိရုရွှယ်သည် စိတ်စွမ်းအင်အသုံးပြုမှုကို ချက်ချင်းရပ်တန့်လိုက်ပြီး အရုပ်များကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပုန်းကွယ်ထားလိုက်သည်။ လုချွမ်း အခန်းထဲသို့ ဝင်လာချိန်တွင်မူ ချီချီလေးသည် အရုပ်များနှင့်အတူ ပျော်ရွှင်စွာ ကစားနေသည်ကိုသာ မြင်တွေ့လိုက်ရတော့သည်။
သူမ၏ အပြုံးမှာ ဖြူစင်လွန်းလှပြီး သူမ၏ မျက်ဝန်းအစုံမှာလည်း မည်သည့် အပြစ်အနာအဆာမျှမရှိသော အပြစ်ကင်းစင်မှုများဖြင့် ဝင်းလက်နေပေသည်။ ဤကဲ့သို့ ဖြူစင်ပြီး လှပလွန်းသော သတ္တဝါငယ်လေးကို မြင်တွေ့လိုက်ရခြင်းက လုချွမ်း၏ ပင်ပန်းနွမ်းနယ်နေသော စိတ်ဓာတ်များကို ပြန်လည်ကုစားပေးလိုက်သကဲ့သို့ပင်။
"သမီးလေး... ဒီကမ္ဘာကြီးက အရမ်းကို မှောင်မိုက်ပြီး ပျက်စီးနေပြီ။ သမီးကြီးလာတဲ့အခါ ဒီကမ္ဘာကြီးအပေါ် စိတ်ပျက်မသွားဖို့ ဖေဖေ မျှော်လင့်ပါတယ်..."
"သမီးကို ဘာစိုးရိမ်မှုမှမရှိဘဲ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာစေချင်တယ် ပြီးတော့ ငါတို့နှစ်ယောက်လုံး ဒီကမ္ဘာပျက်ကပ်ကြီးထဲမှာ ဆက်ပြီး အသက်ရှင်သွားနိုင်ဖို့လည်း မျှော်လင့်တယ်"
သူ့ရှေ့မှ ကလေးငယ်လေးကို ကြည့်ရင်း လုချွမ်းသည် သူလုပ်ဆောင်သမျှ အရာတိုင်းအတွက် ခွန်အားသစ်များ ရရှိလာခဲ့သည်။ ပြတင်းပေါက်အပြင်ဘက်တွင် ပျက်စီးယိုယွင်းမှုများဖြင့် ပြည့်နှက်နေသော်လည်း ဤအိပ်ခန်းအတွင်း၌မူ လူသားဆန်သော အလှတရားနှင့် ဖြူစင်မှုများ ကျန်ရှိနေသေးသည်။ ဤကမ္ဘာတွင် ရှင်သန်နိုင်ရန်မှာ အစဉ်အမြဲ သတ်ဖြတ်နေရမည်ဖြစ်ပြီး ဤအိပ်ခန်းလေးသည်သာ လုချွမ်းအတွက် နောက်ဆုံးသော ခိုနားရာနေရာပင်။
အိပ်ခန်းပြတင်းပေါက်ကို ကြည့်ရင်း လုချွမ်း၏ မျက်နှာအမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်သွားကာ အခန်းထဲမှ အလောတကြီး ထွက်ခွာသွားခဲ့သည်။ ကျိရုရွှယ်မှာမူ ရက်အတော်ကြာအောင် အပြင်ထွက်၍ ရိက္ခာမရှာဘဲ အိမ်ထဲမှာပဲ အောင်းနေသည့် သူမ၏ ဇွန်ဘီဖေဖေကို ကြည့်ပြီး ထူးဆန်းစွာဖြင့် စပ်စုချင်စိတ် ဖြစ်ပေါ်နေမိတော့သည်။
ယခုအခါ လုချွမ်းသည် အဝင်အထွက်လုပ်တိုင်း မျက်မှောင်ကြုတ်နေတတ်ရာ အပြင်လောကတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သလားဟု ကျိရုရွှယ် စဉ်းစားနေမိသည်။
မကြာမီမှာပင် သူမ၏ ဇွန်ဘီဖေဖေသည် သစ်သားပြားပုံကြီးနှင့် သံများကို သယ်ဆောင်၍ ပြန်ရောက်လာသည်ကို ကျိရုရွှယ် မြင်လိုက်ရသည်။ ထို့နောက် သူသည် ပြတင်းပေါက်များကို သစ်သားပြားများဖြင့် တစ်ချပ်ပြီးတစ်ချပ် ရိုက်ပိတ်တော့သည်။
ထိုလျှာရှည်ဇွန်ဘီသည် သာမန်ဇွန်ဘီများထက် များစွာ သာလွန်ပြီး ခန့်မှန်းရခက်လှသည်။ ၎င်းသည် လူကဲ့သို့ မတ်တတ်မတ်တတ် လမ်းမလျှောက်နိုင်သော်လည်း နံရံများကို အံ့မခန်းတွားတက်နိုင်စွမ်းရှိသည်။ အဆောက်အအုံ၏ အပြင်ဘက်နံရံများမှာ ၎င်းအတွက် အတားအဆီးမဖြစ်နိုင်သဖြင့် ယခင်က ဘေးကင်းသည်ဟု ယူဆခဲ့သော သတ္တမထပ်မှာ ယခုအခါ လုံခြုံမှု မရှိတော့ပေ။
လုချွမ်းသည် စင်္ကြံလမ်းများတွင် ဇွန်ဘီရုပ်သေးများကို ကင်းစောင့်ခိုင်းထားသော်လည်း... ထိုကဲ့သို့သော ဇွန်ဘီမျိုးမှာ ပုံမှန်လမ်းကြောင်းများကို အသုံးမပြုဘဲ ကျော်လွှားနိုင်ကြသည်။ အကယ်၍ ၎င်းသာ အိပ်ခန်းပြတင်းပေါက်မှတစ်ဆင့် ကျူးကျော်လာပါက ခုခံကာကွယ်ရန် အလွန်ခက်ခဲပေလိမ့်မည်။ သူသည် အိပ်ခန်းပြတင်းပေါက်ကို အမြဲမပြတ် စောင့်ကြည့်မနေနိုင်သဖြင့် လောလောဆယ်တွင် သစ်သားပြားများဖြင့် အလုံပိတ်ထားရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ အနည်းဆုံးတော့ ဤနည်းလမ်းက အလစ်အငိုက် အတိုက်ခံရခြင်းမှ ကာကွယ်ပေးနိုင်ပြီး ချီချီလေး၏ ဘေးကင်းမှုကို အတိုင်းအတာတစ်ခုအထိ အာမခံချက်ပေးနိုင်ပေလိမ့်မည်။
ကျိရုရွှယ်သည် ကုတင်ပေါ်တွင် လဲလျောင်းနေရင်း မြင်တွေ့နေရသော မြင်ကွင်းကြောင့် ဝေခွဲမရ ဖြစ်နေမိသည်။ သူမ၏ ဇွန်ဘီဖေဖေမှာ ရက်အတော်ကြာအောင် အပြင်မထွက်ဘဲ အိမ်မှာပဲ အောင်းနေပြီး ယနေ့တွင်မူ ပြတင်းပေါက်များကို လိုက်လံရိုက်ပိတ်နေသည် မဟုတ်ပါလား။ ဇွန်ဘီဖေဖေ၏ တည်ကြည်လေးနက်နေသော မျက်နှာထားကို ကြည့်ရင်း ကျိရုရွှယ်က မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
"ငါ့ရဲ့ ဇွန်ဘီဖေဖေက ဆင့်ကဲဇွန်ဘီတွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို မြင်သွားပြီး ကြောက်လန့်နေတာများလား။ အပြင်က ရုန်းရင်းဆန်ခတ်မှုတွေကြားကနေ ထွက်ပြေးချင်နေတာလား"
ကျိရုရွှယ်က စဉ်းစားနေမိသည်။ ပုံမှန်အားဖြင့် ဇွန်ဘီများသည် ပြတင်းပေါက်များကို လိုက်လံရိုက်ပိတ်လေ့မရှိသဖြင့် ဤအချက်မှာ တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ရှင်းပြချက်ပင်။ ကျိရုရွှယ် သိထားသလောက်မူ အောက်ခြေအဆင့် သာမန်ဇွန်ဘီများသည် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီများနှင့် ရင်ဆိုင်ရပါက ဗီဇအရပင် ကြောက်ရွံ့တတ်ကြသည်။ သာမန်ဇွန်ဘီများမှာ ဆင့်ကဲဇွန်ဘီများကို အနိုင်ရရန် မည်သို့မျှ အခွင့်အရေးမရှိချေ။
သို့သော်လည်း ပြတင်းပေါက်များကို ပိတ်ရသည်အထိ ကြောက်လန့်နေစရာတော့ မလိုဘူးဟု သူမ ထင်မြင်မိသည်။ ကျိရုရွှယ်သည် မတတ်သာသည့်အဆုံး ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး
"ငါ့ရဲ့ ဇွန်ဘီဖေဖေက တကယ့်ကို သူရဲဘောကြောင်တာပဲ"