အခန်း (၂၈)
Vol. 3 Ch. 28
ကျိရုရွှယ်သည် သူမ၏ ဇွန်ဘီဖေဖေကို စိတ်ထဲမှ အထင်သေးနေခြင်းမျိုးတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သာမန်ဇွန်ဘီတစ်ကောင်အဖြစ်နှင့် ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ရှင်သန်နိုင်ရန်မှာ မည်မျှခက်ခဲကြောင်း သူမ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။
ကျိရုရွှယ်၏ အမှတ်သညာများအရ ဆင့်ကဲဇွန်ဘီများနှင့် ကြောက်မက်ဖွယ် သားရဲတိရစ္ဆာန်များ ပိုမိုများပြားလာသည်နှင့်အမျှ အောက်ခြေအဆင့် သာမန်ဇွန်ဘီများမှာ လမ်းဘေးရှိ ပုရွက်ဆိတ်များကဲ့သို့ပင် တန်ဖိုးမဲ့လှပြီး အမြဲတမ်း အသေခံအသုံးချခံများသာ ဖြစ်ကြရသည်။
ထို့ပြင် သွေးရောင်လွှမ်းနေသောလညဖြစ်စဉ်နောက်ပိုင်းတွင် လူသားများကြား၌လည်း ဆင့်ကဲပြောင်းလဲလာသူများအမြောက်အမြား ပေါ်ထွက်လာခဲ့သည်။ အစောပိုင်းတွင် လူသားများသည် သာမန်ဇွန်ဘီများကို မြင်လျှင်ပင် ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရသော်လည်း ၎င်းတို့ကိုယ်တိုင် ဆင့်ကဲပြောင်းလဲလာချိန်တွင်မူ အောက်ခြေအဆင့် ဇွန်ဘီများကို အလွယ်တကူပင် ပြန်လည်အမဲလိုက်နိုင်လာခဲ့ကြသည်။
ခွန်အားလည်းမရှိ အဆင့်အတန်းလည်းမရှိသော သာမန်ဇွန်ဘီတစ်ကောင်အတွက် အသက်ရှင်
ရန်ပင် ခက်ခဲလှသော်လည်း သူမကဲ့သို့သော နို့စို့ကလေးငယ်တစ်ဦးကိုပါ ပြုစုစောင့်ရှောက်နေခြင်းမှာ အမှန်တကယ်ပင် ချီးကျူးဖွယ် ဖြစ်သည်။
ထို့ပြင် သူမ၏ဖေဖေသည် ဤသို့လုပ်ဆောင်နေခြင်းမှာ သူမ၏ ဘေးကင်းလုံခြုံမှုအတွက်သာ ဖြစ်ကြောင်း ကျိရုရွှယ်၏ စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိနေသည်။ သတ္တမထပ်ရှိ ဤအိပ်ခန်းလေးသည် သူမ၏ ရှင်သန်ရာ နေရာဖြစ်ပြီး သူမအား အခြားဇွန်ဘီများ၏ အနှောင့်အယှက်မခံရစေရန် ဖခင်ဖြစ်သူက မျှော်လင့်နေခြင်းပင်။
သစ်သားပြားများကို အသေအချာ စိုက်ကြည့်နေသော သူမ၏ ဇွန်ဘီဖေဖေကို ကြည့်ရင်း ကျိရုရွှယ်၏ နှလုံးသားထဲတွင် နွေးထွေးမှုလှိုင်းလုံးလေးတစ်ခု ဖြတ်သန်းသွားခဲ့သည်။
ဤကဲ့သို့ ကြမ်းတမ်းလှသော ကမ္ဘာပျက်ကပ်အတွင်း၌ပင်... အချိန်မရွေး ကျရောက်လာနိုင်သည့် အသက်အန္တရာယ်နှင့် ဖိအားများစွာကို ရင်ဆိုင်နေရပါလျက်နှင့်ပင်...
သူမ၏ ဇွန်ဘီဖေဖေသည် ကမ္ဘာပျက်ကပ်ကို အလွန်အမင်း ကြောက်လန့်နေပြီး အိမ်ပြင်ပင် မထွက်ရဲလောက်အောင် ဖြစ်နေပါစေဦးတော့...
သူသည် သူမဟူသော ဤဝန်ထုပ်ဝန်ပိုးကို စွန့်ပစ်ရန် မည်သည့်အခါမျှ မစဉ်းစားခဲ့ပေ။
သူ့တွင် လုံလောက်သော ခွန်အားမရှိသော်လည်း သူမ၏ လုံခြုံရေးအတွက် တတ်နိုင်သမျှ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကာကွယ်ပေးနေဆဲ ဖြစ်သည်။ သူမ၏ ဖခင်သည် ဇွန်ဘီတစ်ကောင် ဖြစ်နေသော်လည်း ဤကမ္ဘာပျက်ကပ်အတွင်းရှိ လူသားအတော်များများထက်ပင် သာလွန်
မွန်မြတ်နေခဲ့၏။
အနည်းဆုံးတော့ ကျိရုရွှယ်အတွက်မူ အတိတ်ဘဝတွင်ဖြစ်စေ ယခုဘဝတွင်ဖြစ်စေ ဤကဲ့သို့ နက်ရှိုင်းလှသော ဖခင်မေတ္တာကို ခံစားရသည်မှာ ယခုတစ်ကြိမ်သည် ပထမဆုံးပင်။
"ဇွန်ဘီဖေဖေ... သမီးကို ခဏလောက် စောင့်နေပေးနော်။ သိပ်မကြာခင်မှာ ဖေဖေ ဒီလိုမျိုး စိုးရိမ်ပူပန်နေရတာတွေ ကြောက်လန့်နေရတာတွေ မရှိစေရတော့ဘူး"
"သမီးကို ကြီးထွားဖို့အတွက် အချိန်အလုံအလောက်သာ ပေးမယ်ဆိုရင် အဲဒီအချိန်ကျရင် ဖေဖေကို သမီးက ပြန်ပြီး ကာကွယ်ပေးမှာပါ"
သူမ၏ ဇွန်ဘီဖေဖေ၏ နောက်ကျောပုံရိပ်ကို ကြည့်ရင်း ကျိရုရွှယ်၏ မျက်ဝန်းများတွင် သူမ၏ အသက်အရွယ်နှင့် မလိုက်ဖက်အောင် ပြတ်သားလှသော သန္နိဋ္ဌာန်များ အရောင်ဟပ်နေတော့သည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာခြင်းသည် လူသားတို့ထံမှ အရာအားလုံးကို ဆုံးရှုံးစေခဲ့သည်။ ကျိရုရွှယ်အနေဖြင့် သူမ၏ ဘဝနှစ်ခုစလုံးတွင် တစ်ခါမျှ မရရှိခဲ့ဖူးသည့် ဤအဖိုးတန်လှသော မိသားစုမေတ္တာကို ထပ်မံ၍ အဆုံးရှုံးမခံနိုင်တော့ပေ။
ဒုန်း... ဒုန်း... ဒုန်း..
လုချွမ်းသည် သံများကို မနားတမ်း ရိုက်နှက်နေပြီးနောက် နောက်ဆုံးတွင် ပြတင်းပေါက်ကို ခိုင်ခံ့အောင် ပြုလုပ်ပြီးစီးသွားခဲ့သည်။ သို့သော်လည်း လုချွမ်းသည် ပြတင်းပေါက်ကို လုံးဝပိတ်ပစ်ခြင်းမျိုး မဟုတ်ဘဲ အလင်းရောင်နှင့် လေဝင်လေထွက်ရစေရန်အတွက် အပေါက်ငယ် နှစ်ခုကို ချန်ထားခဲ့သည်။ ဘေးကင်းလုံခြုံမှုမှာ အလွန်အရေးကြီးသော်လည်း ချီချီလေးအား သူမ၏ ငယ်ရွယ်စဉ်အရွယ်တွင် အလွန်အမင်း မွန်းကြပ်ပိတ်လှောင်နေသော ပတ်ဝန်းကျင်မျိုး၌ မနေထိုင်စေလိုသောကြောင့် ဖြစ်သည်။
ယခုအခါ အိပ်ခန်းပြတင်းပေါက်ကို သစ်သားပြားများဖြင့် အထပ်ထပ် ကာရံထားပြီးဖြစ်ရာ အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်းရှိသွားပြီ ဖြစ်သည်။ လုချွမ်းသည် ပြတင်းပေါက်ကို ကြည့်ကာ အားရကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ထိုလျှာရှည်ဇွန်ဘီသည် အမှန်တကယ် စွမ်းအားကြီးသော်လည်း ဖန်သားပြင်များနှင့် သစ်သားပြားအထပ်ထပ်ကို ဖောက်ထွင်း၍ အထဲသို့ ဝင်ရောက်ရန်မှာ ၎င်းအတွက် အချိန်အနည်းငယ် ပေးရမည်ဖြစ်ပေသည်။
ထိုလျှာရှည်ဇွန်ဘီ၏ ဇွန်ဘီများအပေါ် တိုက်ခိုက်မှုမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကဲ့သို့ ပြင်းထန်သော်လည်း ၎င်း၏ ခွန်အားမှာ ထွားကြိုင်းသော ဇွန်ဘီများကဲ့သို့တော့ မကြီးမားလှပေ။ အနည်းဆုံးတော့ ဤပြတင်းပေါက် ခံစစ်သည် လုချွမ်းအတွက် တုံ့ပြန်ရန် အချိန်အနည်းငယ် ဝယ်ယူပေးနိုင်မည် ဖြစ်သည်။
အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ရာ နောက်ထပ် သုံးရက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို ပတ်ဝန်းကျင်သို့ စေလွှတ်၍ အမြဲမပြတ် ရှာဖွေခိုင်းထားသော်လည်း ထိုလျှာရှည်ဇွန်ဘီ ပျောက်ကွယ်သွားကတည်းက ၎င်း၏ အရိပ်အယောင်ကို တစ်ခါမျှ ပြန်မတွေ့ရတော့ပေ။ ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကို မမြင်ရတော့သဖြင့် လုချွမ်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
သို့သော်လည်း လုချွမ်းသည် သတိကို လုံးဝမလျှော့ဘဲ အဆောက်အအုံ ၅ အတွင်း၌ ဇွန်ဘီရုပ်သေး နှစ်ကောင်ကို အမြဲတစေ ကင်းလှည့်ခိုင်းထားဆဲပင်။
အဘယ်ကြောင့်ဆိုသော် ဤဇွန်ဘီများသည် အစားအသောက်နှင့် ရေ မလိုအပ်သလို အနားယူရန်လည်း မလိုပေ။ ထို့ပြင် ၎င်းတို့ကို လုပ်ခလစာ ပေးရန်လည်း မလိုအပ်သည်မှာ လုချွမ်းအတွက် အလွန်အဆင်ပြေလှသည်။
ရုတ်တရက် လုချွမ်း၏ စိတ်ထဲတွင် စွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်သွားခဲ့သည်။ အဝေးတစ်နေရာတွင် ရိက္ခာရှာဖွေနေသော ဇွန်ဘီရုပ်သေးတစ်ကောင်ထံမှ ထူးခြားသော ရှာဖွေတွေ့ရှိမှုတစ်ခု ရရှိလိုက်ခြင်း ဖြစ်သည်။ ရင်းမြစ်များ စုဆောင်းရန်အတွက် ထိုရုပ်သေးသည် လမ်းနှစ်လမ်းအကွာရှိ ဆိုင်ငယ်လေးတစ်ဆိုင်သို့ ရောက်ရှိသွားပြီး တံခါးကို တွန်းဖွင့်ကာ ပစ္စည်းများ စတင်စုဆောင်းနေစဉ်မှာပင်...
"တောက်... ဒီဆိုင်ထဲမှာ ဘာလို့ လူရှိနေတာလဲ"
"ဂရုမစိုက်နဲ့ ငါတို့နဲ့ တိုးတာ သူကံဆိုးတာပဲ။ သတ်ပစ်လိုက်"
ထိုစဉ်မှာပင် အပြင်ဘက်မှ လူသားအသက်ရှင်ကျန်ရစ်သူ အနည်းငယ်သည် သံပိုက်လုံးများနှင့် မီးဖိုချောင်သုံးဓားများကို ကိုင်ဆောင်ကာ အထဲသို့ ပြေးဝင်လာကြသည်။ ၎င်းတို့တစ်ဦးချင်းစီ၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ရှိနေကြ၏။ သို့သော် လုချွမ်းက ဇွန်ဘီရုပ်သေးအား လှည့်ကြည့်ရန် ထိန်းချုပ်လိုက်သောအခါတွင်မူ ထိုသူအားလုံး တောင့်ခဲသွားကြတော့သည်။
"ဟာ... ဒါ... ဒါက ဇွန်ဘီကြီးပါလား"
ခုနက အားတက်သရော ပြေးဝင်လာသူများသည် လုချွမ်းထိန်းချုပ်ထားသော ဇွန်ဘီရုပ်သေးကို မြင်လိုက်ရသောအခါ လန့်ဖျပ်သွားကြသည်။ ဖြူဖျော့နေသော ခန္ဓာကိုယ်နှင့် သွေးရောင်လွှမ်းနေသောလွှမ်းနေသော မျက်ဝန်းများက ၎င်းမှာ ဇွန်ဘီတစ်ကောင်ဖြစ်ကြောင်း အထင်အရှား သက်သေပြနေသည်။
စောစောက ရန်လိုနေသောသူများသည် ချက်ချင်းပင် ခြေလှမ်းများ တန့်သွားကြပြီး သူတို့၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားခဲ့သည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း လူသားများ၏ စိတ်ထဲတွင် ဇွန်ဘီများအပေါ် ဗီဇအရ ကြောက်ရွံ့စိတ်မှာ ရှိနေဆဲ ဖြစ်သည်။
လုချွမ်းသည်လည်း ရုတ်တရက် ပြေးဝင်လာသော ထိုလူအုပ်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။ ဤအနီးအနားတွင် အသက်ရှင်ကျန်ရစ်သူများ ပုန်းအောင်းနေဦးမည်ဟု သူ မထင်ထားခဲ့ပေ။ ပြဿနာများ ထပ်မံမဖြစ်ပွားလိုသဖြင့် လုချွမ်းသည် ထိုဆိုင်အတွင်းမှ ဇွန်ဘီရုပ်သေးအား ပြန်လည်ထွက်ခွာလာရန် ထိန်းချုပ်ရန် ပြင်လိုက်သည်။
သို့သော် ထိုလူအုပ်ထဲမှ တစ်ဦးက "မင်းတို့ကလည်း ကြောက်နေလိုက်တာ။ ဒါက ဇွန်ဘီတစ်ကောင်တည်းပါကွ။ ဘာကြောက်စရာ ရှိလို့လဲ" ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
သံမဏိပိုက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် ထွားကြိုင်းသော အမျိုးသားတစ်ဦးသည် လုချွမ်း၏ ဇွန်ဘီရုပ်သေးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
လုချွမ်းမှာမူ မတတ်သာသည့်အဆုံး ခေါင်းကိုသာ ခါယမ်းလိုက်မိတော့သည်။ သူသည် မည်သည့်ပြဿနာမျှ မဖြစ်လိုသော်လည်း ယခုမူ ဇွန်ဘီရုပ်သေးအား မီးသတ်ပုဆိန်ဖြင့် ပြန်လည်ခုခံရန် ထိန်းချုပ်လိုက်ရုံမှအပ အခြားနည်းလမ်းမရှိပေ။
ဂလောက်…
ပုဆိန်နှင့် သံပိုက်လုံးတို့ အရှိန်ပြင်းစွာ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ထိုခဏ၌ပင် လုချွမ်းမှာ များစွာ အံ့အားသင့်သွားခဲ့ရ၏။ သူရွေးချယ်ထားသော ဇွန်ဘီရုပ်သေးမှာ ခန္ဓာကိုယ်ထွားကြိုင်းသန်မာသူဖြစ်ပြီး ပုံမှန်အားဖြင့် ဇွန်ဘီများသည် သာမန်လူထက် ပိုမိုခွန်အားကြီးကြသည်။ သို့သော်လည်း ဤအမျိုးသား၏ ခွန်အားမှာ မယုံနိုင်လောက်အောင် ကြီးမားနေလိမ့်မည်ဟု လုချွမ်း မထင်ထားခဲ့မိပေ။ သံပိုက်လုံးမှ ရိုက်ခတ်လိုက်သော အရှိန်မှာ ပြင်းထန်လွန်းလှသဖြင့် ဇွန်ဘီရုပ်သေး၏ လက်မောင်းမှာ ထုံကျဉ်သွားခဲ့ရသည်။
လက်ထဲမှ မီးသတ်ပုဆိန်မှာလည်း တင်းကြပ်စွာ မဆုပ်ကိုင်နိုင်တော့ဘဲ လွင့်ထွက်သွားခဲ့ရတော့၏။
ထိုအမျိုးသား၏ တိုက်စစ်မှာ ပြတ်သားလွန်းလှသည်။ လုချွမ်း တုံ့ပြန်ရန် အချိန်မရမီမှာပင် သံပိုက်လုံးသည် ဇွန်ဘီ၏ ဦးခေါင်းတည့်တည့်သို့ အားကုန်ဝှေ့ယမ်း၍ ကျရောက်လာခဲ့သည်။
ခွပ်…
ထုံထိုင်းသော အသံတစ်ခုနှင့်အတူ ဇွန်ဘီရုပ်သေး၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ကွဲအက်သွားခဲ့သည်။ ထိုအမျိုးသားသည် လုချွမ်း၏ ရုပ်သေးအလောင်းအနားသို့ ချဉ်းကပ်သွားပြီး မြေပြင်ပေါ်သို့ လွင့်စင်သွားသော မီးသတ်ပုဆိန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။
"ဒီကမ္ဘာကြီးကတော့ တကယ်ကို ရူးစိစိနိုင်လာပြီပဲ။ ဇွန်ဘီတွေတောင် လက်နက်တွေ ကိုင်နေကြပြီလား"
"ဒါ ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီအသစ်များလား မသိဘူး"
သိပ်မကြာခင်မှာပင် သူသည် ထိုအကြောင်းကို စိတ်မဝင်စားတော့ဘဲ သူ၏ နောက်ပါလူများကို အလျင်အမြန် တိုက်တွန်းလိုက်တော့သည်။
"ကဲ... မြန်မြန်လုပ်ကြ။ ဒီရိက္ခာတွေကို အမြန်သယ်ရအောင်။ အချိန်အကြာကြီးနေရင် ဆင့်ကဲဇွန်ဘီတွေ ရောက်လာလိမ့်မယ်"
ထိုစကားကို ကြားသည်နှင့် လူတစ်စုမှာ အလျင်အမြန်ပင် အလုပ်များသွားကြပြီး ၎င်းတို့၏ ကျောပိုးအိတ်များအတွင်းသို့ စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများကို အဆက်မပြတ် ထည့်သွင်းကြတော့သည်။ ဤကမ္ဘာပျက်ကပ်အတွင်း၌ မည်သူမျှ မသိမ်းဆည်းရသေးသော ဆိုင်တစ်ဆိုင်ကို တွေ့ရှိခြင်းမှာ နိဗ္ဗာန်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ပင်။
"တော်သေးတာပေါ့ ကန်းကျစ်ပါလာလို့။ မဟုတ်ရင် ဒီလောက် ရိက္ခာအများကြီး တွေ့မှာမဟုတ်ဘူး"
"ဟုတ်ပါ့... ဆင့်ကဲဇွန်ဘီဆိုတာ ငါတို့အတွက် ဘာများခက်လို့လဲ။ အစ်ကိုကြီး ကန်းကျစ်ရဲ့ နတ်ဘုရားလို ခွန်အားရှေ့မှာဆိုရင် တစ်ချက်တည်းနဲ့ အပြတ်ပဲ"
ထွားကြိုင်းသော အမျိုးသားက ဇွန်ဘီကို တစ်ချက်တည်းနှင့် အလဲသိမ်းလိုက်သည်ကို မြင်ရသောအခါ အဖော်များက ရိက္ခာများ သိမ်းဆည်းရင်း တကမ္ဘာလုံးကို ချီးကျူးစကားများ ဆိုနေကြတော့သည်။ အဘယ်ကြောင့်ဆိုသော် သန်မာသော အဖော်တစ်ဦးရှိခြင်းက ရှင်သန်နိုင်ခြေကို များစွာ မြင့်တက်စေသောကြောင့် ဖြစ်၏။
ကန်းကျစ်ဟု ခေါ်သော ထိုအမျိုးသားသည်လည်း လူအများ၏ ချီးကျူးမှုကို ရရှိသောအခါ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။