အခန်း (၅၅)
Vol. 6 Ch. 55
သို့သော်လည်း ကျိရုရွှယ်နှင့် စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူ အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည့် အဖြစ်အပျက်မှာ တိတ်ဆိတ်ခြောက်ကပ်သော ညဉ့်နက်သန်းခေါင်ယံ အချိန်တွင် ဖြစ်ပွားခဲ့သည်။
မူလက ငြိမ်သက်နေသော လမ်းမထက်၌ ထူးဆန်းသော မြေပြင်တုန်ခါမှုတစ်ခု ရုတ်တရက် ဟိန်းထွက်လာပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလေတော့သည်။ ကောင်းကင်ယံ၌ လျှပ်စီးများ လက်ခနဲ ဖြစ်သွားချိန်တွင် မြို့ရိုးပေါ်ရှိ ကင်းစောင့်ရဲဘော်များသည် စခန်း၏ အပြင်
ဘက်၌ ဧရာမ ဇွန်ဘီလှိုင်းလုံးကြီးတစ်ခုကို တွေ့ရှိလိုက်ရသည်။
ရေတွက်၍မရနိုင်သော ဇွန်ဘီများသည် စခန်းရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။ အဆိုးရွားဆုံးမှာ စခန်းပတ်လည်၌ ဇွန်ဘီများကို ထောင်ဖမ်းရန် စနစ်တကျ ပြုလုပ်ထားသော ထောင်ချောက်များကို ထိုဇွန်ဘီအုပ်ကြီးက ထူးဆန်းစွာ ရှောင်ကွင်းသွားနိုင်ခြင်းပင်။ ဤဇွန်ဘီလှိုင်းလုံးကြီးသည် တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုကို ခံထားရသည့်အလား စခန်း၏ အားနည်းချက်များကိုသာ ရွေးချယ်၍ တိုက်ခိုက်နေခဲ့သည်။
ကနဦးတွင် စခန်းတာဝန်ရှိသူများက ဤဇွန်ဘီလှိုင်းကို အရေးမပါသကဲ့သို့ သဘောထားခဲ့သော်လည်း မကြာမီမှာပင် သူတို့၏ ပေါ့ဆမှုအတွက် ကြီးလေးသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ လျော့ရဲလှသော ခုခံမှုများကြောင့် ဇွန်ဘီအုပ်ကြီးသည် စခန်း၏ ရှေ့တန်းအထိ အလုံးအရင်းနှင့် ရောက်ရှိလာခဲ့သည်။ ထို့ပြင် ထိုဇွန်ဘီအုပ်ကြီးအတွင်း၌ အင်အားကြီးမားသော ဆင့်ကဲဇွန်ဘီ အမြောက်အမြားလည်း ပုန်းအောင်းပါဝင်လာခဲ့သည်။
ဇွန်ဘီလှိုင်းသည် စခန်း၏ မြို့ရိုးသို့ ရောက်ရှိလာသည့်အခါတွင်မူ ထိုဆင့်ကဲဇွန်ဘီများသည် ၎င်းတို့၏ ရက်စက်လှသော လက်သည်းများကို ထုတ်ဖော်ကာ စတင်တိုက်ခိုက်ကြတော့သည်။ ထိုအချိန်တွင် လူသားများဘက်မှ ခုခံရန် အချိန်မမီတော့ဘဲ ကျိရုရွှယ် ခိုလှုံနေသော အင်အားကြီးစခန်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဤဇွန်ဘီလှိုင်းအောက်တွင် ရက်ရက်စက်စက် ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။
လူသားတို့၏ ထောင်ချောက်များကို ရှောင်ကွင်းနိုင်ခြင်းနှင့် ခုခံမှုအားနည်းသော နေရာများကို ရွေးချယ်တိုက်ခိုက်နိုင်ခြင်း၏ နောက်ကွယ်တွင် ဇွန်ဘီဘုရင်တစ်ပါး၏ ကွပ်ကဲမှု ရှိနေသောကြောင့်ပင်။ ဇွန်ဘီဘုရင်များသည် ကိုယ်တိုင်တိုက်ခိုက်ရေးစွမ်းရည် အားနည်းသော်လည်း လူသားများနှင့် မခြားနားသော ထက်မြက်သည့် ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြသည်။ အဓိကအချက်မှာ ၎င်းတို့သည် အသိစိတ်မဲ့၍ သွေးဆာနေသော ဇွန်ဘီများကို အစွမ်းထက်သော စစ်တပ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး ဆင့်ကဲဇွန်ဘီများကိုပင် စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်း ရှိခြင်းပင်။
ဤအချက်ကို သတိပြုမိသွားချိန်တွင် ကျိရုရွှယ်မှာ ခဏတာ မှင်တက်သွားရသည်။ ဘုရင်အဆင့် ဇွန်ဘီများသည် အလွန်ပင် ရှားပါးလှရာ ဇွန်ဘီတစ်သိန်းတွင်ပင် တစ်ကောင်တွေ့ရန် ခဲယဉ်းလှသည်။ သူမနှင့် ဇွန်ဘီဖေဖေတို့မှာ ဤမျှအထိ ကံဆိုးမိုးမှောင်ကျကာ နေရောင်ခြည်ရပ်ကွက်အတွင်း၌ ဇွန်ဘီဘုရင်တစ်ပါးနှင့် ထိပ်တိုက်တွေ့နေရပြီလား။
စောစောက မြင်တွေ့ခဲ့ရသော ဇွန်ဘီများမှာ တစ်ကောင်နှင့်တစ်ကောင် ငြိမ်းချမ်းစွာ ရှိနေရုံမျှမက စနစ်တကျ စည်းကမ်းရှိနေသည့် ဟန်ပန်ကို ပြန်လည်စဉ်းစားမိသည့်အခါ သူမ၏ သံသယမှာ ပိုမိုခိုင်မာလာတော့သည်။
ဇွန်ဘီ အကောင်နှစ်ဆယ်ခန့် စုဝေးနေကြသော်လည်း သွေးဆာနေသည့် အရိပ်အယောင် လုံးဝမရှိဘဲ တာဝန်တစ်ခုကို ထမ်းဆောင်နေသည့် စစ်ကြောင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဤမျှ ထူးဆန်းသော မြင်ကွင်းမျိုးမှာ နောက်ကွယ်မှ ဇွန်ဘီဘုရင်တစ်ပါးက ကြိုးကိုင်ထားခြင်း မဟုတ်ပါက ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
သာမန်ဇွန်ဘီများသည် ဆင့်ကဲဇွန်ဘီများ၏ ဖိနှိပ်သောအရှိန်အဝါကို ကြောက်ရွံ့၍ ရှောင်ရှားကြမည်ဖြစ်သလို ဆင့်ကဲဇွန်ဘီအချင်းချင်းမှာလည်း အမြုတေကို လုယူရန် သဲသဲမဲမဲ တိုက်ခိုက်ကြမည်သာ ဖြစ်သည်။ ယခု သူမ မြင်တွေ့ခဲ့ရသကဲ့သို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်မှာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"ဒါဆိုရင် ဖေဖေနဲ့ တခြားဆင့်ကဲဇွန်ဘီတွေက ဒီရပ်ကွက်ထဲမှာရှိတဲ့ ဇွန်ဘီဘုရင်ရဲ့ အမိန့်ကို နာခံနေရတာများလား"
သို့မဟုတ်ပါက... ဖေဖေကိုယ်တိုင်က ဇွန်ဘီဘုရင် ဖြစ်နေတာလား။
ဤအတွေးသည် ကျိရုရွှယ်၏ စိတ်ထဲတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမကိုယ်တိုင် ချက်ချင်းပင် ပြန်လည်ပယ်ဖျက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ မှတ်ဉာဏ်များအရ ဇွန်ဘီဘုရင်များသည် တိုက်ခိုက်ရေးစွမ်းရည် အလွန်အားနည်းသော်လည်း အလွန်ထက်မြက်သော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော ဇွန်ဘီများသည် ဘေးကင်းလုံခြုံစွာ ရှင်သန်နိုင်ရန်အတွက် ၎င်းတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို အမြဲတမ်း ဖုံးကွယ်ထားလေ့ရှိပြီး လူမြင်ကွင်းသို့ ထွက်လာလေ့မရှိကြပေ။
ဇွန်ဘီဘုရင်များသည် များသောအားဖြင့် တစ်နေရာရာတွင် ပုန်းအောင်းနေတတ်ပြီး အခြားဇွန်ဘီများကိုသာ အမိန့်ပေးစေခိုင်းတတ်ကြသည်။ ဇွန်ဘီလှိုင်းလုံးကြီးများ တိုက်ခိုက်ချိန်တွင်ပင် ၎င်းတို့မှာ လျှို့ဝှက်စွာ ပုန်းကွယ်နေတတ်ကြသည်။ သို့သော် ယနေ့တွင် သူမ၏ ဇွန်ဘီဖေဖေသည် ဇွန်ဘီအုပ်ကြီးနှင့်အတူ ကိုယ်တိုင်လိုက်ပါသွားခဲ့သည်။ ဤသည်မှာ ဇွန်ဘီဘုရင်များအတွက် လုံးဝ ရှောင်ကြဉ်ရမည့် ကိစ္စဖြစ်သည်။ ၎င်းတို့၏ လုံခြုံရေးအတွက် မိမိကိုယ်ကိုယ် အန္တရာယ်ရှိသော နေရာသို့ မည်သည့်အခါမျှ ထုတ်မပြတတ်ပေ။
ထို့အပြင် ဇွန်ဘီဘုရင် ရှိသည့်နေရာတိုင်းတွင် မိမိအား အကာအကွယ်ပေးမည့် ဇွန်ဘီအုပ်ကြီး အမြဲတမ်း ဝန်းရံနေရမည် ဖြစ်သည်။ သို့သော် သူမ၏ ဖေဖေမှာမူ...
တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်ချိန် သို့မဟုတ် အပြင်ထွက်ချိန်မှလွဲ၍ ကျန်အချိန်အများစုကို သူမနှင့်အတူသာ ကုန်ဆုံးစေသည်။ သူမကဲ့သို့ သေးငယ်သော ကလေးငယ်လေးတစ်ဦးက ဇွန်ဘီဘုရင်တစ်ပါးအတွက် လုံခြုံမှုပေးနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ၎င်းမှာ ဘုရင်ကို ကာကွယ်မည့် စစ်တုရင်နယ်ရုပ်များ အမြဲတမ်း ဘေး၌ ရှိနေရမည်ဟူသော သဘောတရားနှင့် တူညီနေသည်။
သို့သော်လည်း ယနေ့မှလွဲ၍ ကျိရုရွှယ်သည် ဖခင်ဖြစ်သူ၏ ဘေးပတ်လည်၌ အခြားဇွန်ဘီများကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
ထို့ပြင် ကျိရုရွှယ်၏ အသိပညာအရ ဇွန်ဘီဘုရင်များသည် မိမိတို့၏ အမျိုးအနွယ်အပေါ် ပြင်းထန်သော စွဲလမ်းမှုရှိကြသူများ ဖြစ်သည်။ ၎င်းတို့သည် ကြမ်းတမ်းရက်စက်ပြီး သွေးဆာလောင်မှု အလွန်ပြင်းပြသူများ ဖြစ်ကြရာ လတ်ဆတ်သော အသားစိုင်များကို စားသုံးရသည်ကို နှစ်သက်ကြပြီး ကိုယ်ပေါ်တွင်လည်း ညှီစူးသော သွေးနံ့များ အမြဲတမ်း စွဲကပ်နေတတ်သည်။
သို့သော် သူမ၏ ဇွန်ဘီဖေဖေမှာမူ အနံ့အသက်ဆိုး မထွက်သည့်အပြင် သင်းပျံ့သော ရနံ့ပင် ရှိနေသေးသည်။ ၎င်းအပြင် ဇွန်ဘီဘုရင်တစ်ပါး၏ စရိုက်အရ လူသားကလေးငယ်တစ်ဦးကို ခေါ်ယူမွေးစားပြီး နေ့စဉ်မပြတ် ပြုစုစောင့်ရှောက်နေမည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ သူမအနေဖြင့် ဖခင်ဖြစ်သူ ဒေါသတကြီး ဖြစ်နေသည်ကိုပင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ဤအချက်များအပေါ် အခြေခံ၍ ကျိရုရွှယ်သည် ဖခင်ဖြစ်သူမှာ ဇွန်ဘီဘုရင် ဖြစ်နိုင်ခြေကို ယာယီအားဖြင့် ပယ်ဖျက်လိုက်သည်။ သို့သော် ဖခင်ဖြစ်သူမှာ ဆင့်ကဲဇွန်ဘီတစ်ဦး ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်ရာ ဤရပ်ကွက်အတွင်း ပုန်းအောင်းနေသော ဇွန်ဘီဘုရင်၏ အမိန့်ကို နာခံနေရမည်မှာ သေချာသလောက် ရှိနေသည်။
ဖခင်ဖြစ်သူက သူမကို မွေးစားနိုင်ခဲ့ခြင်းမှာ သူ၏ စိတ်အတွင်း၌ လူသားတစ်ဦးကဲ့သို့သော အသိစိတ်အကြွင်းအကျန်များ ရှိနေခြင်းကြောင့် ဖြစ်မည်ဟု ကျိရုရွှယ် သံသယဝင်မိသည်။ ထိုအသိစိတ်ကြောင့်ပင် ဖခင်ဖြစ်သူသည် ဇွန်ဘီဘုရင်၏ ထိန်းချုပ်မှုကို ခံနေရသော်လည်း အချို့သောကိစ္စရပ်များတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်နေခြင်း ဖြစ်ပေလိမ့်မည်။
မဟုတ်ဘူး... ငါ့ဖေဖေကို ဇွန်ဘီဘုရင်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်အောင် နည်းလမ်းရှာရမယ်။
ဇွန်ဘီဘုရင်၏ ထိန်းချုပ်မှုကို ဖျက်ဆီးရန် နည်းလမ်းမှာ ရိုးရှင်းပါသည်။ အဆင့်အတန်းများစွာ ကွာခြားသွားသော သတ္တဝါများကို ဇွန်ဘီဘုရင်က ထိန်းချုပ်ရန် ခဲယဉ်းလှသည်။ ထို့ကြောင့် ဇွန်ဘီအမြုတေအမြောက်အမြားကို ရှာဖွေကာ ဖခင်ဖြစ်သူအား စားသုံးစေခြင်းဖြင့် သူ၏အဆင့်ကို ဇွန်ဘီဘုရင်ထက် များစွာ သာလွန်အောင် မြှင့်တင်ပေးလိုက်မည်ဆိုပါက သူသည် ထိန်းချုပ်မှုဒဏ်မှ အလိုအလျောက် ကင်းလွတ်သွားမည် ဖြစ်သည်။
ကျိရုရွှယ်သည် အောက်ထပ်ရှိ ဇွန်ဘီများကို ကြည့်ရင်း သူမ၏ မျက်ဝန်းအိမ်များတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"ဟွန့် အဲဒီ အသုံးမကျတဲ့ ဇွန်ဘီဘုရင်က ဘာကောင်မို့လို့လဲ။ ငါ ကျိရုရွှယ်ရဲ့ ဖေဖေကို မင်းလို သတ္တဝါမျိုးက အမိန့်ပေးခိုင်းစေလို့ မရစေရဘူး"
"ဒီရပ်ကွက်ထဲမှာပဲ သေချာပုန်းနေလိုက်။ မင်းကို ငါ ရှာတွေ့တာနဲ့ သေချာပေါက် အသေသတ်
ပစ်မယ်"
တစ်ဖက်တွင်မူ လုချွမ်းသည် နောက်ထပ် ဆင့်ကဲဇွန်ဘီရုပ်သေးတစ်ကောင် ထပ်မံရရှိခဲ့သဖြင့် များစွာ စိတ်ရွှင်လန်းနေခဲ့သည်။ သူနှင့် သူ၏ ရုပ်သေးများသည် သမီးလေး ချီချီ၏ သေစာရင်းထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းကိုမူ သူ လုံးဝ မရိပ်မိသေးပေ။
လျှပ်စီး ၂ နှင့်အတူ ပြန်လည်ရောက်ရှိလာပြီးနောက် လုချွမ်းသည် တာဝန်များကို စတင်ခွဲဝေတော့သည်။
တာဖန်းက ရပ်ကွက်ဂိတ်ဝ၌ သံတူတစ်စုံဖြင့် ဆက်လက်ကင်းစောင့်ရန်နှင့် သူ၏ ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ခုခံနိုင်စွမ်းကို ဂိတ်ဝစောင့်ရန် အသုံးမပြုပါက နှမြောစရာပင်။
လျှပ်စီး ၁ နှင့် လျှပ်စီး ၂ တို့မှာ လျင်မြန်ဖြတ်လတ်မှုရှိသော ဇွန်ဘီများဖြစ်သည့်အလျောက် တစ်ဦးလျှင် လက်နက်အပြည့်အစုံတပ်ဆင်ထားသော သာမန်ဇွန်ဘီရုပ်သေး ၁၀ ကောင်စီကို ဦးဆောင်ကာ ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်ရန်ပင်။
ရုပ်သေးအဖွဲ့တစ်ခုချင်းစီသည် ၎င်းတို့၏ တာဝန်ဝတ္တရားများကို စနစ်တကျ ထမ်းဆောင်နေသည်ကို ကြည့်ရင်း လုချွမ်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏ ရည်မှန်းချက်မှာ ဤရပ်ကွက်တစ်ခုလုံးကို မည်သူမျှ ထိုးဖောက်၍မရသော ခိုင်မာသည့် ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ရန်ပင်။