← Chapters

အခန်း (၅၇)

Vol. 6 Ch. 57

အခန်း (၅၇)

Vol. 6 Ch. 57

လုချွမ်း၏ မျက်မှောင်များမှာ တင်းတင်းကြပ်ကြပ် ကြုတ်သွားရသည်။ သေရာမှ ပြန်လည်ရှင်သန်လာကာစ ရှိသေးသော ဤရဲမေသည် မိမိအား ထပ်မံလာရောက်ရန်စရုံမျှမက ယခုတစ်ကြိမ်တွင် လူအများအပြားကိုပါ ခေါ်ဆောင်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

တစ်ချိန်တည်းမှာပင် ဤအချက်က ကျောက်လင်းအား အမြစ်ပြတ်ချေမှုန်းပစ်ရန် လုချွမ်း၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေသည်။

"ဒီတစ်ခါတော့ မင်းရဲ့ အသားအစုံကို ကျေအောင် ထောင်းပစ်မယ်။ အဲဒီကျမှ မင်း ပြန်ရှင်နိုင်ဦးမလား ကြည့်ကြတာပေါ့"

လုချွမ်းသည် တာဖန်းကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး သံတူတစ်စုံကို ဝှေ့ယမ်းကာ ကျောက်လင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်စေတော့သည်။ ကျောက်လင်းသည်လည်း သူမ၏ နည်းဟောင်းအတိုင်းပင် သေနတ်ကို အမြန်မြှောက်ကာ တာဖန်း၏ ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်လိုက်ပြန်သည်။

သို့သော် လုချွမ်းက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် ဧရာမသံတူကြီးကို အသုံးပြု၍ တာဖန်း၏ ဦးခေါင်းရှေ့မှ တိုက်ရိုက်ကာကွယ်လိုက်သည်။

ဒိုင်း…

ကျည်ဆန်မှာ သံတူကြီးပေါ်သို့ အတိအကျ ထိမှန်သွားပြီးနောက် လုချွမ်းသည် တာဖန်း၏ လက်မောင်းကို အားဖြင့် လွှဲလိုက်ရာ ဧရာမသံတူကြီးမှာ ကျောက်လင်းထံသို့ ပြင်းထန်စွာ ဝေ့ယမ်းသွားတော့သည်။

"ဟွန့် ဒီကစားကွက်ကိုပဲ ငါနဲ့ ထပ်ကစားဦးမလို့လား"

ယခုတစ်ကြိမ်တွင် ကျောက်လင်းသည် တာဖန်း၏ တိုက်ခိုက်မှုကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူမ၏ ခြေထောက်ကြွက်သားများမှာ တင်းအားပြည့်သွားကာ ကြီးမားသော ခွန်အားများ ပေါက်ကွဲထွက်လာပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ စပရိန်တစ်ခုပမာ ဘေးသို့ လွင့်ထွက်ရှောင်တိမ်းသွားခဲ့သည်။

ဘုန်း…

ကျောက်လင်း၏ အရှိန်အဟုန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် တာဖန်း၏ သံတူကြီးမှာ လွဲချော်သွားခဲ့ရသည်။ လုချွမ်း အနည်းငယ် အံ့အားသင့်သွားသော်လည်း လက်မလျှော့ဘဲ သံတူကို ထပ်မံဝှေ့ယမ်းကာ လိုက်လံတိုက်ခိုက်စေပြန်သည်။

သို့သော် တာဖန်းအနေဖြင့် အရှိန်အဟုန်ဖြင့် ပြေးလွှားတိုက်ခိုက်နေသော်လည်း ဤရဲမေကို လုံးဝ မမီနိုင်ကြောင်း သူ တွေ့ရှိလိုက်ရသည်။ သူမသည် လေးလံသော ရဲတပ်ဖွဲ့သုံး ဝတ်စုံများကို ဝတ်ဆင်ထားသော်လည်း သူမ၏ ပြေးနှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းနေသည်။ တာဖန်း၏ တစ်မီတာနီးပါး ရှည်လျားသော ဧရာမသံတူကြီးနှစ်လက်မှာ သူမကို တစ်ချက်ကလေးမျှ မထိမှန်နိုင်ဘဲ ဖြစ်နေတော့သည်။

သံတူကြီးကို ပစ်ပေါက်လိုက်တိုင်း ဤရဲမေသည် အလွန်ပါးနပ်စွာဖြင့် ရှောင်တိမ်းနိုင်နေသည်။ လုချွမ်းအနေဖြင့် သံတူနှစ်လက်လုံးကို တရစပ် ပစ်ပေါက်လိုက်လျှင်ပင် သူမသည် ထူးဆန်းအံ့သြဖွယ်ကောင်းသော နည်းလမ်းများဖြင့် ရှောင်ထွက်သွားနိုင်ဆဲ ဖြစ်သည်။

ဗုန်း... ဗုန်း... ဗုန်း….

လုချွမ်းသည် တာဖန်းကို ထိန်းချုပ်ကာ သံတူနှစ်လက်လုံးဖြင့် တရစပ် ဝှေ့ယမ်းတိုက်ခိုက်စေသော်လည်း ရှေ့မှရဲမေကို လုံးဝ မထိမှန်နိုင်ပေ။ တစ်ရက်အတွင်းမှာတင် ဤရဲမေ၏ တုံ့ပြန်မှုအရှိန်အဟုန်က ဤမျှအထိ တိုးတက်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။

တစ်ချိန်တည်းမှာပင် အိပ်ခန်းအတွင်းရှိ ကျိရုရွှယ်သည် ရုတ်တရက် ထွက်ပေါ်လာသော သေနတ်သံများကြောင့် ချက်ချင်း နိုးကြားသွားခဲ့သည်။ ကလေးငယ်လေးသည် ဝရန်တာသို့ အပြေးသွားကာ မှန်ပြောင်းဖြင့် ရပ်ကွက်အတွင်းရှိ အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။ မှန်ပြောင်းမှတစ်ဆင့် မနေ့က တာဖန်း၏ သံတူအောက်တွင် သေဆုံးသွားခဲ့သော ရဲမေကို ကျိရုရွှယ် ပြန်လည်တွေ့ရှိလိုက်ရသည်။ သူမသည် ယခင်ကထက် ပိုမိုဖျတ်လတ်နေရုံမျှမက အလွန်ပင် သက်ဝင်လှုပ်ရှားနေတော့သည်။

"ဒါ ဘယ်လိုဖြစ်တာလဲ။ ဒီမိန်းမက မနေ့က ဇွန်ဘီကြီးရဲ့ သံတူနဲ့ အသေအရိုက်ခံလိုက်ရတာ မဟုတ်ဘူးလား။ ဒီနေ့ ဘယ်လိုဖြစ်ပြီး အကောင်းအတိုင်း ပြန်ဖြစ်နေတာလဲ"

"ဟော... ဒီနေ့ လူတွေ ပိုများလာပါလား"

ကျိရုရွှယ်သည် ပြန်လည်ရှင်သန်လာသော ရဲမေအပြင် အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံများ ဝတ်ဆင်ထားသည့် အခြားရဲအရာရှိအချို့ကိုပါ မှန်ပြောင်းမှတစ်ဆင့် မြင်လိုက်ရသည်။ သူတို့သည် ဇွန်ဘီများ၏ ကိုက်ခဲမှုကို ခံနိုင်ရည်ရှိစေရန် အကာအကွယ်ဝတ်စုံများကို အပြည့်အစုံ ဝတ်ဆင်ထားကြသည်။ ယခုအခါ ထိုအရာရှိများသည် ကျောက်လင်းက တာဖန်းကို မျှားခေါ်သွားချိန်ကို အခွင့်ကောင်းယူကာ နေရောင်ခြည်ရပ်ကွက်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာကြပြီ ဖြစ်သည်။

"ဒီလို လက်နက်အပြည့်အစုံနဲ့ ရဲတွေက နေရောင်ခြည်ရပ်ကွက်ထဲမှာ ဘာလာလုပ်ကြတာလဲ"

"ဒီရပ်ကွက်ထဲမှာ ကယ်တင်ဖို့ စောင့်နေတဲ့ အသက်ရှင်ကျန်ရစ်သူမှ မရှိတာ။ အင်အားကြီးတဲ့ ဆင့်ကဲဇွန်ဘီတွေနဲ့ ဇွန်ဘီဘုရင်ပဲ ရှိတာကို"

ကျိရုရွှယ်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ အောက်ထပ်ရှိ ရဲများသည် သေတွင်းထဲသို့ သက်သက်လာတိုးနေကြသည်ဟု သူမ ခံစားနေရသည်။

"ဒုက္ခပါပဲ... ဖေဖေ ဘယ်ပျောက်သွားတာလဲ"

ထိုအခါမှ ကျိရုရွှယ်သည် သူမ၏ ဇွန်ဘီဖေဖေ အခန်းထဲမှာ မရှိတော့သည်ကို သတိပြုမိလိုက်သည်။ ဤအချက်က သူမကို အတော်လေး ပူပန်သွားစေသည်။ အောက်ထပ်မှ ရဲအရာရှိများသည် သေနတ်များ ကိုင်ဆောင်ထားကြရာ ယခုကဲ့သို့သော အစောပိုင်းကာလရှိ ဇွန်ဘီများအတွက် ၎င်းမှာ အလွန်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ကျည်ဆန်တစ်တောင့်ကသာ ဦးခေါင်းကို ထိမှန်သွားပါက ဆင့်ကဲဇွန်ဘီပင်ဖြစ်လင့်ကစား သေဆုံးသွားနိုင်သည်မဟုတ်ပါလား။

ဖေဖေက ဘာလို့ ဒီလိုအချိန်မျိုးမှာ အပြင်ထွက်သွားရတာလဲ။

သူ အန္တရာယ်နဲ့ ကြုံနေရပြီလား။

ကျိရုရွှယ်၏ စိတ်ထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ သူမ၏ ဖေဖေအနေဖြင့် အောက်ထပ်မှ လူများနှင့် ထိပ်တိုက်မတွေ့ဆုံရန် သူမ အလိုရှိနေသည်။ သို့သော် ဖခင်ဖြစ်သူတွင် လူသားကဲ့သို့ အသိစိတ်ရှိနေသည်ဖြစ်ရာ ထိုသူများ၏ သေနတ်ပြောင်းဝရှေ့သို့ မိုက်မိုက်ကန်းကန်း သွားရောက်လိမ့်မည်မဟုတ်ဟု သူမ မျှော်လင့်မိသည်။ ယခုအချိန်တွင် ကျိရုရွှယ် လုပ်နိုင်သည်မှာ ဖခင်ဖြစ်သူ အမှားအယွင်းမလုပ်မိစေရန် တိတ်တဆိတ် ဆုတောင်းနေရုံသာ ရှိတော့သည်။

"အားလုံး မြန်မြန်လုပ်ကြ။ ကျောက်လင်းက အဲဒီဘက်မှာ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ ငါတို့မသိဘူး။ အမြန်ဆုံး ကုန်တင်ကားသော့တွေကို ရှာပြီး ဒီနေရာကနေ အမြန်ထွက်ကြမယ်"

ရဲအရာရှိများသည် နေရောင်ခြည်ရပ်ကွက်အတွင်းသို့ ရောက်ရှိလာကြသည်။ ဂိတ်ဝတွင် ဂိတ်

စောင့်နတ်မင်းကြီးပမာ မတ်တတ်ရပ်နေသော တာဖန်းကို မြင်တွေ့ခဲ့ရစဉ်က ဤဆင့်ကဲဇွန်ဘီ၏ အရှိန်အဟါဝါကြောင့် ၎င်းတို့အားလုံး တုန်လှုပ်ခဲ့ကြရသည်။ ရပ်ကွက်အတွင်းသို့ ရောက်ရှိလာပြီးနောက်တွင်ပင် ဧရာမသံတူကြီး မြေပြင်ပေါ်သို့ ကျရောက်သံ ဗုန်းခနဲ မြည်ဟည်းသံများကို ရံဖန်ရံခါ ကြားနေရဆဲဖြစ်ရာ သူတို့၏ ဦးရေပြားများပင် ရှိန်းတိန်းရှိန်းတိန်း ဖြစ်လာရသည်။

အကယ်၍ ဆင့်ကဲပြောင်းလဲသူ ကျောက်လင်းသာ ထိုဇွန်ဘီကြီးကို မျှားခေါ်မသွားပါက သူတို့ ဤနေရာသို့ လုံးဝ ရောက်ရှိလာနိုင်မည်မဟုတ်ပေ။ အဖွဲ့သည် နေရောင်ခြည်ရပ်ကွက်အတွင်း၌ အလျင်အမြန် ရှာဖွေမှုများ ပြုလုပ်ကြသော်လည်း မကြာမီမှာပင် လုချွမ်း၏ မီးသတ်ပုဆိန်ကိုင် ဇွန်ဘီရုပ်သေးတပ်ဖွဲ့နှင့် ဆင့်ကဲဇွန်ဘီ လျှပ်စီး ၁ တို့နှင့် ထိပ်တိုက်တိုးပါတော့သည်။

ရဲအရာရှိများသည် ထိုဇွန်ဘီအုပ်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မှင်တက်သွားကြပြီး ဦးနှောက်များပင် ဗလာဖြစ်သွားကြသည်။

ဒိုင်း... ဒိုင်း... ဒိုင်း….

ရပ်ကွက်ဂိတ်ဝအပြင်ဘက်တွင် လုချွမ်း ထိန်းချုပ်ထားသော တာဖန်းမှာ သံတူကြီးများကို တရစပ် ဝှေ့ယမ်းနေသော်လည်း သွယ်လျသော ကျောက်လင်းမှာမူ မကုန်ခမ်းနိုင်သော အားအင်များ ရှိနေသည့်အလားပင်။

သူမသည် တာဖန်း၏ ရှေ့တည့်တည့်၌ပင် ပါးနပ်စွာ ရှောင်တိမ်းနေပြီး သံတူကြီးများ မည်သို့ပင် ကျရောက်လာပါစေ သူမကို တစ်ချက်မျှ မထိမှန်နိုင်ပေ။ ဤသည်မှာ လုချွမ်းအနေဖြင့် တာဖန်းကို စတင်ထိန်းချုပ်ခဲ့သည့် အချိန်မှစ၍ ပထမဆုံးအကြိမ် ရင်ဆိုင်ရသော အခက်ခဲဆုံး ပြိုင်ဘက်ပင်။

အောင်မြင်စွာ ဆင့်ကဲပြောင်းလဲပြီးနောက် ကျောက်လင်းသည် တာဖန်း၏ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ရှောင်တိမ်းနိုင်ခဲ့သဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ သူမ၏ ထူးကဲသော ဖျတ်လတ်မှုနှင့် အရှိန်အဟုန်ကို အသုံးချကာ တာဖန်းကို ဂိတ်ဝ၌ပင် ပတ်ချာလည်အောင် လှည့်စားထားနိုင်ခဲ့သည်။

"လူကောင်ကြီး... မင်းမှာ ဒီလောက်ပဲ စွမ်းတာလား"

ကျောက်လင်းသည် ရှေ့မှ ပြေးလွှားရင်း လမ်းဘေးရှိ တုတ်တစ်ချောင်းကို ကောက်ယူကာ တာဖန်းထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေါက်၍ ရန်စလိုက်သည်။ သူမ၏ အဖွဲ့ဝင်များ နေရောင်ခြည်ရပ်ကွက်အတွင်းသို့ ဝင်ရောက်သွားသည်ကို သူမ မြင်တွေ့ထားပြီးဖြစ်ရာ ဤဆင့်ကဲဇွန်ဘီကြီး အထဲသို့ ပြန်မဝင်သွားစေရန် သူမ အတတ်နိုင်ဆုံး ထိန်းထားခြင်း ဖြစ်သည်။

ကျောက်လင်း၏ ဆင့်ကဲပြောင်းလဲထားသော ခွန်အားမှာ သာမန်လူထက် သာလွန်သော်လည်း တင့်ကားအမျိုးအစားဇွန်ဘီဖြစ်သော တာဖန်းအတွက်မူ ဤတိုက်ခိုက်မှုမှာ ယားရုံမျှသာ ရှိသေးသည်။

လုချွမ်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ရှေ့မှ အမျိုးသမီးမှာ ခွန်အားပိုင်းတွင် တာဖန်းကို မယှဉ်နိုင်သော်လည်း သူမ၏ တုံ့ပြန်မှုနှင့် ဖျတ်လတ်မှုမှာ တာဖန်းထက် တစ်ပန်းသာနေသဖြင့် သူ ခဏတာ အကြံအိုက်သွားရသည်။ ထို့ပြင် ထိုအမျိုးသမီးမှာ ရည်ရွယ်ချက်ရှိရှိဖြင့် သူ့ကို ပတ်ချာလည်အောင် မျှားခေါ်နေခြင်း ဖြစ်သည်။

ဤရဲအရာရှိတစ်စုသည် နေရောင်ခြည်ရပ်ကွက်သို့ အဘယ်ကြောင့် ရုတ်တရက် ရောက်ရှိလာရတာလဲဆိုသည်ကို လုချွမ်း ဇဝေဇဝါ ဖြစ်နေမိသည်။ မနေ့က ဖြစ်ရပ်မှလွဲ၍ သူတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိခဲ့ပေ။ လုချွမ်းအတွက် ပိုမိုအံ့သြစရာကောင်းသည်မှာ သေရာမှ ပြန်လည်ရှင်သန်လာပြီးနောက် ဤရဲမေမှာ မနေ့ကနှင့် လုံးဝ မတူတော့ဘဲ တစ်ခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခြင်းပင်။

ဝရန်တာပေါ်ရှိ ကျိရုရွှယ်သည်လည်း မှန်ပြောင်းဖြင့် အောက်ထပ်မှ အခြေအနေကို စဉ်ဆက်မပြတ် အကဲခတ်နေရင်း တွေးတောနေမိသည်။

"ဒီရဲမေက သူမရဲ့ လက်အောက်ငယ်သားတွေ နေရောင်ခြည်ရပ်ကွက်ထဲကို ခိုးဝင်နိုင်ဖို့အတွက် ဒီလူကောင်ကြီးရဲ့ အာရုံကို တမင်သက်သက် ဆွဲဆောင်နေတာပဲ။ ဒါပေမဲ့ သူမရဲ့ အင်အားက ဘာလို့ ဒီလောက်အထိ ရုတ်တရက် တိုးတက်လာရတာလဲ"

နေပါဦး…

ကျိရုရွှယ်၏ မျက်ဝန်းအိမ်များ ရုတ်တရက် ကျုံ့ဝင်သွားသည်။ အတိတ်ဘဝက မှတ်ဉာဏ်အချို့ သူမ၏ ခေါင်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။ မနေ့က သူမသည် ဤလူကောင်ကြီး၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် သေဆုံးသွားခဲ့သော်လည်း ယနေ့တွင် ပိုမိုအစွမ်းထက်သော စွမ်းရည်များဖြင့် ပြန်လည်ရှင်သန်နိုင်လာခဲ့သည်။

ဒါက ကျန်းဟိုင်မြို့... ပြီးတော့ ရှေ့ကလူက ရဲမေတစ်ယောက်...

အချက်အလက်အားလုံးက တစ်ခုနှင့်တစ်ခု စပ်ဆက်သွားပြီ။

"ဒီအမျိုးသမီးက ငါ့ရဲ့ အတိတ်ဘဝမှာ ကြုံတွေ့ခဲ့ဖူးတဲ့ ကိုးကြိမ်သေ နတ်ဆိုးရဲမေများလား"

All Chapters