အခန်း (၅၈)
Vol. 6 Ch. 58
ကျိရုရွှယ်သည် ဝရန်တာတွင် မတ်တတ်ရပ်ရင်း အောက်ထပ်မှ ရဲမေကို မှန်ပြောင်းဖြင့် အသေအချာ အကဲခတ်နေမိသည်။ သူမ ကြည့်လေလေ ပို၍ ရင်းနှီးလာလေလေပင်။
မနေ့ကတည်းက ဤမိန်းမ၏ ရုပ်ရည်မှာ အလွန်ရင်းနှီးနေသည်ဟု သူမ သတိပြုမိခဲ့သော်လည်း ချက်ချင်း မမှတ်မိခဲ့ပေ။ ယနေ့တွင်မူ ထိုသူ၏ ထူးဆန်းသော ပြောင်းလဲမှုများကို ပေါင်းစပ်ကြည့်လိုက်သည့်အခါတွင်မူ ကမ္ဘာပျက်ကပ်အတွင်း ကျော်ကြားခဲ့သော သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ကျိရုရွှယ် နောက်ဆုံးတွင် မှတ်မိသွားတော့သည်။
သို့သော်လည်း သူမ၏ ရှေ့မှ ရဲမေမှာ အတိတ်ဘဝက သူမ ကြုံတွေ့ခဲ့ဖူးသော ကိုးကြိမ်သေ နတ်ဆိုးရဲမေနှင့် အနည်းငယ် ကွာခြားချက်ရှိနေသေးသည်။ ကျိရုရွှယ်၏ မှတ်ဉာဏ်ထဲတွင် နတ်ဆိုးရဲမေသည် ဆံပင်တိုတိုဖြင့် အလွန်ပင် ခန့်ညားထက်မြက်ပြီး တစ်ဖက်လူကို ကြောက်ရွံ့သွားစေနိုင်သည့် အရှိန်အဝါမျိုး ရှိသူဖြစ်သည်။ ထိုစဉ်က သူမသည် ပြတ်သားစွာ သတ်ဖြတ်နိုင်သူ၊ အစွမ်းထက်သူဖြစ်ပြီး တိုက်ပွဲအတွင်း၌ မည်သည့်အခါမျှ ကရုဏာသက်လေ့မရှိသူ ဖြစ်သည်။
ယခု ကျောက်လင်းမှာမူ ဆံပင်ရှည်ထားကာ နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦးနှင့် ပိုတူနေသည်။ ရုပ်ရည်မှလွဲ၍ ကျန်သည့်အချက်များမှာ များစွာ ကွဲပြားနေသောကြောင့် ကျိရုရွှယ် ချက်ချင်း မမှတ်မိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါ သူမ၏ ပြန်လည်ရှင်သန်နိုင်မှုနှင့် ပြောင်းလဲလာသော စွမ်းရည်များကို ကြည့်ပြီး ကျိရုရွှယ် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ရုပ်ရည်နှင့် စရိုက်မှာ ကမ္ဘာပျက်ကပ်အတွင်း ဖြစ်ပျက်သော အဖြစ်အပျက်များကြောင့် ပြောင်းလဲသွားနိုင်သော်လည်း ပြန်လည်ရှင်သန်နိုင်စွမ်းကမူ အတုလုပ်၍မရနိုင်ပေ။ ကမ္ဘာမပျက်ခင်က ရဲမေတစ်ဦး ဖြစ်နေခြင်း၊ အသတ်ခံရပြီးနောက် ပြန်လည်ရှင်သန်လာနိုင်ခြင်းနှင့် ပြန်လည်ရှင်သန်နိုင်တိုင်း ပိုမိုသန်မာလာခြင်း... ဤအချက်များက ကျန်းဟိုင်မြို့မှ နတ်ဆိုးရဲမေမှလွဲ၍ အခြားသူ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။
ကျန်းဟိုင်မြို့ကဲ့သို့သော နေရာလေးတစ်ခုတွင် ဤမျှရှားပါးလှသော ပါရမီစွမ်းရည်မျိုးကို နောက်ထပ်လူတစ်ယောက်က ပိုင်ဆိုင်ထားလိမ့်မည်ဟု ကျိရုရွှယ် မယုံကြည်ပေ။
ဂိတ်ဝအပြင်ဘက်တွင် ကျောက်လင်းတစ်ယောက် ဇွန်ဘီကြီးကို ပတ်ချာလည်အောင် လှည့်စားနေသည်ကို ကြည့်ရင်း ကျိရုရွှယ်၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် ကျန်းဟိုင်မြို့ရှိ အနာဂတ် ထိပ်တန်းစွမ်းအားရှင်များကို ဘယ်လို စုဆောင်းရမလဲဟု သူမ တွေးတောနေခဲ့ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ မကြီးထွားသေးသော ဤနတ်ဆိုးရဲမေနှင့် သူမ အမြန်ဆုံး ဆုံတွေ့လိုက်ရခြင်းပင်။
ကိုးကြိမ်သေ နတ်ဆိုးရဲမေ၏ ပြန်လည်ရှင်သန်နိုင်သော စွမ်းပကားမှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်းရှိလှပေသည်။ အကယ်၍ သူမသည် အစောပိုင်းကာလများတွင်သာ တည်ငြိမ်ရင့်ကျက်စွာဖြင့် သတိကြီးစွာ လှုပ်ရှားနိုင်ခဲ့ပါက သေဆုံးရမည့် အကြိမ်
အရေအတွက်ကို လျှော့ချရင်း နောင်တစ်ချိန်တွင် ဧကရာဇ်အဆင့်သို့ပင် အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်သည်။
ဤနတ်ဆိုးရဲမေ မကြီးထွားသေးမီ အချိန်အတွင်း သူမအား သိမ်းသွင်းနိုင်ခဲ့ပါက အနာဂတ်တွင် သူမ၏ အားကိုးထိုက်သော စစ်သူကြီးတစ်ဦး ဖြစ်လာပေလိမ့်မည်။ သူမကိုယ်တိုင် အနားတွင် မရှိသည့်တိုင်အောင် သူမသည် သူမ၏ဇွန်ဘီဖခင် ဘေးကင်းလုံခြုံစေရန် လုံလောက်စွာ ကာကွယ်ပေးနိုင်လိမ့်မည်ပင်။
တစ်ဖက်တွင်မူ လုချွမ်းသည် မိမိ၏ နယ်မြေအတွင်းသို့ ကျူးကျော်သူများ ထပ်မံဝင်ရောက်လာကြောင်း သိရှိသွားချိန်တွင် သူ၏ မျက်ဝန်းအိမ်များ၌ အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွားခဲ့သည်။
"တာဖန်း…အဲဒီရဲမေကို ငါ့အတွက် အသေသတ်ပစ်စမ်း"
လုချွမ်းသည် တိုက်ရိုက်ထိန်းချုပ်မှုကို လွှတ်ပေးလိုက်ပြီး တာဖန်းအား မိမိစိတ်ကြိုက် လွတ်လပ်စွာ လှုပ်ရှားတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူသည် သူ၏ အာရုံကို ရပ်ကွက်အတွင်း၌ ကင်းလှည့်နေသော ဇွန်ဘီရုပ်သေးတပ်ဖွဲ့ထံသို့ ချက်ချင်းပင် ပြောင်းလဲလိုက်သည်။
သူထင်မှတ်ထားသည့်အတိုင်းပင် ရဲတပ်ဖွဲ့သုံး အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်ထားသော လူအချို့ကို တွေ့ရှိလိုက်ရသည်။ သူတို့သည် ရပ်ကွက်အတွင်းသို့ တဖြည်းဖြည်း ကျူးကျော်ဝင်ရောက်လာကြသော်လည်း ဤမျှများပြားလှသော ဇွန်ဘီများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ကြိုတင်မျှော်လင့်ထားပုံမရပေ။
လုချွမ်း၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့ကို မြင်တွေ့လိုက်ရသောအခါ သူတို့သည် မှင်တက်သွားကြပြီး အကာအကွယ်ဦးထုပ်များအောက်ရှိ သူတို့၏ မျက်နှာများသည်လည်း သိသိသာသာ ဖြူဖျော့သွားကြသည်။ လုချွမ်း၏ မျက်လုံးများတွင်မူ ရက်စက်လှသော လူသတ်ငွေ့များ ပြည့်နှက်နေတော့သည်။
ဤလူများ၏ ရည်ရွယ်ချက်ကို သူ အသေအချာ မသိရှိသော်လည်း နေရောင်ခြည်ရပ်ကွက်မှာ သူ၏ အပိုင်စားနယ်မြေ ဖြစ်သည်။ သူ၏ နယ်မြေကို ကျူးကျော်ဝင်ရောက်လာသော သူများအတွက် သေခြင်းတရားမှတစ်ပါး အခြားသော လမ်းစမရှိပေ။
"အားလုံး... သေကြစမ်း"
လုချွမ်းက သူ၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့ကို အရှိန်အဟုန်ဖြင့် ရှေ့တက်ရန် အမိန့်ပေးလိုက်သည်။ အလုံးအရင်းနှင့် ပြေးဝင်လာသော ဇွန်ဘီများကို မြင်လိုက်ရသည့်အခါမှသာ ရဲအရာရှိများသည်လည်း သတိဝင်လာပြီး သေနတ်ခလုတ်များကို အလောတကြီး ဆွဲလိုက်ကြတော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း…
တရစပ် ထွက်ပေါ်လာသော သေနတ်သံများသည် ရပ်ကွက်တစ်ခုလုံး၌ ဟိန်းထွက်သွားပြီး ကြားရသူတိုင်း၏ စိတ်ကို တုန်လှုပ်ခြောက်ခြားသွားစေတော့သည်။
ခုနစ်ထပ်မြောက် ဝရန်တာထက်တွင်ရှိနေသော ကျိရုရွှယ်သည် သူမ၏မျက်နှာရိပ်မျက်နှာကဲ ရုတ်ချည်းပျက်ယွင်းသွားကာ ဇွန်ဘီဖခင်၏ ဘေးအန္တရာယ်ကိုသာ ချက်ချင်းတွေးတောမိတော့သည်။
ဂိတ်ဝအပြင်ဘက်ရှိ ကိုးကြိမ်သေ နတ်ဆိုးရဲမေမှာ အငြင်းပွားဖွယ်မရှိသော ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ပေသည်။ ထို့ပြင် ယခုရောက်ရှိလာသော အခြားလူသားများထဲတွင်လည်း နောက်ထပ် ဆင့်ကဲပြောင်းလဲသူများ ပါဝင်နေခြင်း ရှိမရှိမှာ အသေအချာ မသိရှိနိုင်သေးပေ။ အကယ်၍ ဆင့်ကဲပြောင်းလဲသူ အများအပြားပါဝင်နေပြီး ခေတ်မှီလက်နက်များ၏ ပစ်အားနှင့်ပါ ပေါင်းစပ်လိုက်ပါက ထိုစွမ်းပကားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေမည်။
ကျိရုရွှယ်သည် နေရောင်ခြည်ရပ်ကွက်အတွင်း၌ ဇွန်ဘီဘုရင်တစ်ပါး တည်ရှိနေသည်ကို သတိရမိပြီး တစ်ကိုယ်လုံး တုန်ရင်သွားရသည်။
“ဒီလူသားတွေက ဇွန်ဘီဘုရင် တည်ရှိနေတာကို ကြိုတင်သိရှိပြီးမှ သူ့ကို သုတ်သင်ဖို့ စောစောစီးစီး ရောက်လာကြတာလား”
ကျိရုရွှယ်သည် တွေးတောလေလေ ဖြစ်နိုင်ခြေ ပိုရှိလေလေဟု ခံစားရလေသည်။ သို့မဟုတ်ပါက လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဤရဲအဖွဲ့သည် နေရောင်ခြည်ရပ်ကွက်သို့ ဘယ်လိုလုပ် ရောက်လာရမှာလဲ။
ဤနေရာ၌ ရိက္ခာလည်းမရှိ၊ ကယ်တင်ရန် အသက်ရှင်ကျန်ရစ်သူလည်းမရှိရာ ဇွန်ဘီဘုရင်မှတစ်ပါး အခြားဆွဲဆောင်မှု မရှိနိုင်ပေ။
သူမသည် တွေးတောရင်း ပိုမိုစိုးရိမ်ပူပန်လာသဖြင့် သူမ၏ဇွန်ဘီဖခင်အား လူသားစွမ်းအားရှင်များ၏ လက်ချက်ဖြင့် မသေဆုံးစေရန်အတွက် နေအိမ်အတွင်းမှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။ သူမသည် ခုနစ်ထပ်မြောက်မှ ဒုတိယထပ် ဝရန်တာသို့ အပြေးအလွှား ဆင်းလာခဲ့တော့သည်။
ဒုတိယထပ် ဝရန်တာသို့ ရောက်ရှိ၍ အကဲခတ်ကြည့်လိုက်သောအခါ ဇွန်ဘီရုပ်သေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူမထင်မှတ်ထားသည်ထက် များစွာ သာလွန်နေသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ ရဲအရာရှိများက သေနတ်ဖြင့် တရစပ် ပစ်ခတ်နေသော်လည်း ဇွန်ဘီရုပ်သေးများသည် မီးသတ်ပုဆိန်များကို မြှောက်၍ သူတို့၏ ဦးခေါင်းများကို ကာကွယ်လျက် ရှေ့သို့ ရူးသွပ်စွာ တိုးဝင်နေကြသည်။
ဇွန်ဘီရုပ်သေးများ၏ ထူးဆန်းသော တိုက်ခိုက်မှုပုံစံကြောင့် ရဲအရာရှိများမှာ ထိတ်လန့်
တုန်လှုပ်သွားကြရသည်။ သူတို့ပစ်ခတ်လိုက်သော ကျည်ဆန်များကို ပုဆိန်များဖြင့် ကာကွယ်နေသည်ကို မြင်တွေ့ရသောအခါ သူတို့မှာ မှင်တက်သွားကြတော့သည်။
“ဒါတွေက တကယ်ပဲ ဇွန်ဘီတွေလား။ ကျည်ဆန်တွေကို ဘယ်လိုလုပ် ကာကွယ်နိုင်ကြတာလဲ”
ဒိုင်း... ဒိုင်း... ဒိုင်း…
ရဲအရာရှိများသည် ဇွန်ဘီတို့၏ ဦးခေါင်းကို အသေသတ်ရန် ကြိုးပမ်းကြသော်လည်း သူတို့၏ ပစ္စတိုနှင့် ရိုင်ဖယ်ကျည်ဆန်များသည် ခိုင်ခံ့သော မီးသတ်ပုဆိန်များကို ဖောက်ထွက်၍ နောက်ကွယ်ရှိ ဇွန်ဘီများကို မသတ်နိုင်ခဲ့ပေ။ ထို့ပြင် လုချွမ်းသည် ဤဇွန်ဘီရုပ်သေးများအား ဦးခေါင်းတစ်ခုလုံးကို ဖုံးအုပ်နိုင်သော ဆိုင်ကယ်စီးဦးထုပ်များကိုပါ ဆောင်းပေးထားခဲ့သေးသည်။
“တောက် ဟိုကောင်မ ကျောက်လင်းသာ အဲဒီကုန်တင်ကားကိုသာ လိုချင်ဇော မကြီးခဲ့ရင် ငါတို့ အခုလို ဒုက္ခမျိုးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူး”
ရဲအရာရှိများသည် ကျည်ဆန်များကို တရစပ်ပစ်ခတ်ရင်း ဒေါသတကြီး ဆဲဆိုနေကြလေသည်။ ဤဇွန်ဘီများသည် သဋတို့ယခင်က ကြုံတွေ့ဖူးသမျှသော ဇွန်ဘီများနှင့် လုံးဝမတူဘဲ ထူးခြားဆန်းပြားနေသဖြင့် သူတို့၏ တိုက်ပွဲဝင်ဗျူဟာများမှာလည်း အလုံးစုံ ပျက်ပြားသွားခဲ့ရသည်။
ဒုတိယထပ် ဝရန်တာမှနေ၍ ကျိရုရွှယ်သည် စစ်မြေပြင်ကို အကဲခတ်ကြည့်ရှုနေသော်လည်း သူမ၏ဖခင်ကို ရှာမတွေ့သေးသဖြင့် စိုးရိမ်စိတ်များ တိုးပွားနေခဲ့သည်။ သို့သော် ရပ်ကွက်တစ်ခုလုံးကို အသေအချာ ရှာဖွေကြည့်လိုက်သောအခါ အဆောက်အအုံတစ်ခု၏ ထောင့်၌ ပုန်းကွယ်နေသော သူမ၏ဖခင်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ သူမ၏ဖခင် ဘေးကင်းလုံခြုံစွာ ရှိနေသည်ကို မြင်လိုက်ရမှသာ ကျိရုရွှယ်သည် သက်ပြင်းချကာ စိတ်အေးသွားတော့သည်။
သူမ၏ ဇွန်ဘီဖခင်မှာ အမှန်တကယ်ပင် ထူးခြားသူဖြစ်ဟန်တူပေသည်။ သူသည် ဇွန်ဘီဘုရင်၏ အမိန့်ကိုနာခံကာ ရှေ့တန်း၌ အသေခံရမည့် အမြောက်စာအဖြစ် ပါဝင်ခြင်းမရှိပေ။ တစ်ဖက်တွင်လည်း ဇွန်ဘီရုပ်သေးများသည် မီးသတ်ပုဆိန်များနှင့် ဦးထုပ်များကို အကာအကွယ်အဖြစ် အသုံးပြုထားသည့်အပြင် လျင်မြန်ဖြတ်လတ်သော ဇွန်ဘီများကလည်း ပစ်မှတ်ကို လွှဲဖယ်ပေးနေသဖြင့် ဇွန်ဘီရုပ်သေးတပ်ဖွဲ့သည် ရဲအရာရှိများထံသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်သွားနိုင်ခဲ့သည်။
ဤရဲအဖွဲ့တွင် ကျောက်လင်းတစ်ဦးတည်းသာ ဆင့်ကဲပြောင်းလဲသူဖြစ်သဖြင့် ဇွန်ဘီများ အနီးကပ်ရောက်ရှိလာချိန်တွင် သာမန်လူသားများအတွက် အခြေအနေမှာ အလွန်ဆိုးရွားသွားတော့သည်။ အကယ်၍ သာမန်ဇွန်ဘီများနှင့်သာ ရင်ဆိုင်ရခြင်းဖြစ်ပါက သူတို့ဝတ်ဆင်ထားသော အကာအကွယ်ဝတ်စုံများဖြင့် ကိုက်ခဲမှုကို ခုခံနိုင်မည်ဖြစ်သော်လည်း ယခုမူ လုချွမ်းကိုယ်တိုင် ထိန်းချုပ်ထားသော ဇွန်ဘီရုပ်သေးတပ်ဖွဲ့နှင့် ထိပ်တိုက်တိုးနေခြင်း ဖြစ်သည်။
“အလှည့်ကျ ပစ်ကြ။ ကျည်အိမ်လဲတာကို သတိထား”
“ဆုတ်ခွာကြ။ အားလုံး အခုချက်ချင်း ဆုတ်ခွာကြတော့”
ထူးဆန်းလှသော ဤဇွန်ဘီများကို ရင်ဆိုင်ရင်း ရဲအရာရှိများသည် တိုက်ပွဲဝင်စိတ်ဓာတ်များ လုံးဝပျက်ပြားသွားကာ ရပ်ကွက်ဂိတ်ဝဘက်သို့ အသည်းအသန် ထွက်ပြေးကြတော့သည်။ သူတို့သည် ဇွန်ဘီရုပ်သေးများကို အစောပိုင်းကတည်းက ထိရောက်စွာ မသတ်နိုင်ခဲ့သဖြင့် အနီးကပ်တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကြောင်းမှာ ချက်ချင်းပင် ပြိုကွဲသွားခဲ့ရသည်။
လုချွမ်း၏ အမိန့်ပေးမှုအောက်တွင် ဇွန်ဘီရုပ်သေးများသည် ရဲအရာရှိများထံ ရောက်ရှိသည်နှင့် သူတို့၏ လည်ပင်းများနှင့် အဆစ်အမြစ်များကို ပုဆိန်များဖြင့် ခုတ်ပိုင်းတော့သည်။ နာကျင်စွာ အော်ဟစ်သံများသည် ရပ်ကွက်တစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။
“တောက် ကျောက်လင်း မင်းကို ငါ သေတဲ့အထိ ကျိန်ဆဲသွားမယ်”
“ဒီဇွန်ဘီတွေက ဘယ်ကနေ ရောက်လာတာလဲဟ”
နာကျင်စွာ အော်ဟစ်နေကြသည့် ကြားမှပင် ရဲအရာရှိအချို့မှာ ပုဆိန်ဖြင့် အခုတ်ခံရကာ အသက်ပျောက်ခဲ့ကြရသည်။ ရပ်ကွက်အတွင်းရှိ သေနတ်သံများသည်လည်း ရုတ်ချည်း ငြိမ်သက်သွားတော့သည်။
ကျိရုရွှယ်သည် ဝရန်တာတွင် မတ်တတ်ရပ်ရင်း မမျှော်လင့်ဘဲ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
“နေရောင်ခြည်ရပ်ကွက်ထဲက ဇွန်ဘီဘုရင်က ဒီလောက်အထိ ကြောက်စရာကောင်းလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ ဇွန်ဘီတွေက လက်နက်တပ်ဆင်ရုံတင်မကဘူး။ ကျည်ဆန်တွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာတောင် သိနေကြတာပဲ”
ဤကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီဘုရင်သည် တစ်နေရာရာတွင် ပုန်းကွယ်နေပေလိမ့်မည်။ ကျိရုရွှယ်သည် မျက်မှောင်ကြုတ်လျက် ဤအခွင့်အရေးကို အသုံးချကာ ဇွန်ဘီဘုရင်ကို ရှာဖွေနှိမ်နင်းရန် တိတ်တဆိတ် ကြံစည်နေတော့သည်။