← Chapters

အခန်း (၅၉)

Vol. 6 Ch. 59

အခန်း (၅၉)

Vol. 6 Ch. 59

ကျိရုရွှယ်သည် ဤဇွန်ဘီဘုရင်၏ စွမ်းပကားမှာ သူမ ထင်မှတ်ထားသည်ထက်ပင် ပိုမိုလွန်ကဲနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ အနည်းဆုံးတော့ သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များအရ နေရောင်ခြည်ရပ်ကွက်အတွင်းရှိ ဇွန်ဘီဘုရင်မှာ ယခင်က သူမ ကြုံတွေ့ခဲ့ဖူးသမျှသော ဇွန်ဘီဘုရင်များထက်ပင် ပိုမိုထူးခြားဆန်းပြားနေသည်။

သူမ၏ အတိတ်ဘဝတွင် တွေ့ကြုံခဲ့ရသော ဇွန်ဘီဘုရင်များသည် အခြားဇွန်ဘီများကို စုစည်း၍ တိုက်ခိုက်ခိုင်းခြင်းထက် ပိုမို၍ မလုပ်ဆောင်နိုင်ကြချေ။ သို့သော် ဤရပ်ကွက်အတွင်းရှိ တစ်ဦးမှာမူ ဇွန်ဘီတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို များစွာ သာလွန်အောင် မြှင့်တင်ပေးထားနိုင်စွမ်း ရှိပေသည်။

ကျိရုရွှယ်သည် ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းကို ခါယမ်းလိုက်တော့သည်။

“မဖြစ်သေးဘူး... အခုလောလောဆယ် ရန်သူကို သတိမပြုမိစေတာ အကောင်းဆုံးပဲ”

ယခုအချိန်အထိ သူမအနေဖြင့် ဤဇွန်ဘီဘုရင်နှင့် အခြေအနေဆိုးရွားသည့် အဆင့်သို့ မရောက်ရှိသေးပေ။ အရေးကြီးဆုံးအချက်မှာ ၎င်းသည် မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကို သူမ မသိရှိခြင်းပင်။ ထို့ပြင် ဤဇွန်ဘီဘုရင်တွင် မည်သို့သော စွမ်းအားမျိုး ရှိနေသည်ကိုလည်း သူမ မသိနိုင်သေးရာ အကယ်၍ လုပ်ကြံမှု မအောင်မြင်ခဲ့ပါက ရန်သူမှာ ပိုမိုသတိကြီးသွားပေလိမ့်မည်။

ကျိရုရွှယ်၏ အတွေ့အကြုံအရ ဇွန်ဘီဘုရင်များသည် အန္တရာယ်အရိပ်အယောင်ကို ခံစားမိသည်နှင့် သူတို့၏ စခန်းကို ချက်ချင်း ပြောင်းရွှေ့ပြီး ပိုမိုနက်ရှိုင်းစွာ ပုန်းအောင်းနေထိုင်တတ်ကြသည်။ အကယ်၍ ဇွန်ဘီဘုရင်သာ ထွက်ပြေးသွားပါက ကိစ္စမရှိသော်လည်း ပြဿနာမှာ ၎င်းသည် သူမ၏ ဇွန်ဘီဖခင်အပေါ် သြဇာညောင်းနေခြင်းပင်။ ၎င်းသည် သူမ၏ဖခင်ကိုပါ နေရောင်ခြည်ရပ်ကွက်မှ ခေါ်ဆောင်သွားရန် အမိန့်ပေးနိုင်ပေသည်။

အကယ်၍ ယခုအချိန်တွင် ထွက်ခွာသွားရပါက ဖခင်ဖြစ်သူ အပင်ပန်းခံ စုဆောင်းထားခဲ့သော နေအိမ်အတွင်းရှိ ရိက္ခာများနှင့် ပစ္စည်းများအားလုံးမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် လုပ်ကြံမှု မအောင်မြင်ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ရလဒ်များကိုလည်း ကျိရုရွှယ် အာမမခံနိုင်ပေ။

ဤကဲ့သို့ အသိဉာဏ် မြင့်မားလှသော ဇွန်ဘီဘုရင်မျိုးကို သူမအနေဖြင့် တစ်ချက်တည်းနှင့် အသေအချာ သုတ်သင်နိုင်မည့် အခွင့်အရေးရှိမှသာ လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤရပ်ကွက်အတွင်း၌ပင် ဆင့်ကဲဇွန်ဘီသုံးကောင်အထိ ရှိနေသောကြောင့် ဖြစ်သည်။ ဆင့်ကဲဇွန်ဘီ သုံးကောင်ကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ခြင်းမှာ လွယ်ကူသော ကိစ္စမဟုတ်ရာ ဤဇွန်ဘီဘုရင်သည် အနည်းဆုံး ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားနေသည်။

၎င်းမှာ သူမ၏ လက်ရှိစွမ်းအားနှင့် အဆင့်တူညီသော တည်ရှိမှုတစ်ခုပင်။

အရေးကြီးဆုံးအချက်မှာ ကျိရုရွှယ်သည် လက်ရှိတွင် ကလေးငယ်တစ်ဦးသာ ဖြစ်နေသေးခြင်းပင် ဖြစ်သည်။ သူမသည် ဒုတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အခြားသောအချက်များကြောင့် တိုက်ခိုက်ရေးစွမ်းရည်မှာ ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်။

“တတိယအဆင့်ကို ရောက်တဲ့အထိ စောင့်ဆိုင်းပြီးမှ လှုပ်ရှားတာက ပိုကောင်းလိမ့်မယ်...”

“အဲဒီအချိန်ကျရင်တော့ အဆင့်ချင်းကွာခြားမှု အားသာချက်နဲ့ ဒီဇွန်ဘီဘုရင်ကို အမြစ်ပြတ်ချေမှုန်းဖို့ အခွင့်အရေးရှိလာမှာပဲ”

ကျိရုရွှယ်သည် သူမ၏ ကျင့်စဉ်တိုးတက်မှုအပေါ် များစွာယုံကြည်မှုရှိသည်။ ကမ္ဘာပျက်ကပ် အစောပိုင်းကာလရှိ ဇွန်ဘီများအတွက် အဆင့်တက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဇွန်ဘီအမြုတေများကို စဉ်ဆက်မပြတ် စုဆောင်းစားသုံးခြင်းသာ ဖြစ်သည်။ သို့သော် ကျိရုရွှယ်မှာမူ ကမ္ဘာပျက်ကပ် နောက်ပိုင်းကာလများတွင် လူသားတို့ ဖော်ထုတ်ခဲ့သည့် သိပ္ပံနည်းကျ အကျဆုံးသော လေ့ကျင့်မှုနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်ထားသဖြင့် သူမ၏ ကျင့်စဉ်တိုးတက်မှုနှုန်းမှာ သိသိသာသာ မြန်ဆန်နေခြင်း ဖြစ်သည်။

“ဖေဖေ... သမီးကို ခဏလောက် ထပ်စောင့်ပေးပါဦး။ မကြာခင်မှာ ဖေဖေ့ကို ဇွန်ဘီဘုရင်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မယ်လို့ သမီး ယုံကြည်ပါတယ်”

ကျိရုရွှယ်သည် အရိပ်ထဲတွင် ပုန်းကွယ်နေသော သူမ၏ ဇွန်ဘီဖခင်ကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် အပေါ်ထပ်သို့ ပြတ်သားစွာ ပြန်လည်တက်လာခဲ့သည်။ ယခုအချိန်တွင် နေရောင်ခြည်ရပ်ကွက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော လူသားများမှာ ဇွန်ဘီရုပ်သေးများ၏ ခုတ်ပိုင်းမှုကြောင့် အပိုင်းပိုင်းပြတ်ကာ သေဆုံးကုန်ကြပြီဖြစ်ရာ အန္တရာယ်မရှိတော့ပေ။ ဆင့်ကဲဇွန်ဘီများသည် လူသားတို့၏ အနံ့အသက်ကို အလွန်အမင်း ခံစားသိရှိနိုင်စွမ်းရှိပြီး ယခုနေရာမှာ ဒုတိယထပ်မျှသာ ဖြစ်သဖြင့် သူမကိုယ်သူမ လူမိသွားနိုင်သည့် အခြေအနေရှိနေသည်။ ထို့ကြောင့် မိမိ၏ ဇွန်ဘီဖခင်အား အခက်အခဲမဖြစ်စေရန် ကျိရုရွှယ်သည် သတ္တမထပ်သို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်ခဲ့သည်။

“တကယ်ကို ထူးဆန်းတာပဲ။ လက်နက်အပြည့်အစုံနဲ့ ဒီရဲတွေက သူတို့စခန်းကို စွန့်ခွာပြီး နေရောင်ခြည်ရပ်ကွက်အထိ ဘာလို့ တကူးတက လာကြတာလဲ”

ဇွန်ဘီရုပ်သေးများ၏ လက်ချက်ဖြင့် အပိုင်းပိုင်းပြတ်နေသော ရဲအရာရှိအလောင်းများကို ကြည့်ရင်း လုချွမ်းသည် ဇဝေဇဝါ ဖြစ်နေမိသည်။ လုချွမ်းသည် နေရောင်ခြည်ရပ်ကွက်တစ်ခုလုံးကို ရှာဖွေရန် ဇွန်ဘီရုပ်သေးများကို စေလွှတ်ထားသော်လည်း ဤရဲများကို မည်သည့်အရာက ဆွဲဆောင်ခဲ့သည်ကို သူ အဖြေရှာမရသေးပေ။

သို့သော်လည်း လုချွမ်းအနေဖြင့် ဤအကြောင်းကို အလွန်အမင်း တွေးတောမနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အင်အားမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတောင့်တင်းလာနေပြီဖြစ်ရာ အသက်ရှင်ကျန်ရစ်သူ အဖွဲ့ငယ်လေးများ၏ တိုက်ခိုက်မှုကို သူ စိုးရိမ်စရာမလိုတော့သောကြောင့် ဖြစ်သည်။ လက်နက်ကြီးများ တပ်ဆင်ထားသည့် စစ်တပ်ကြီးတစ်ခု ရောက်ရှိမလာသရွေ့ လုချွမ်းအတွက် ထွေထွေထူးထူး ပူပန်နေရန် မလိုအပ်ပေ။

အလောင်းများ၏ လက်ထဲတွင် ရှိနေသော ပစ္စတိုသေနတ်များကို မြင်လိုက်ရသောအခါ လုချွမ်းသည် အနည်းငယ် ပြုံးလိုက်မိပြီး သုတို့၏ သေနတ်များနှင့် ကျည်ဆန်အားလုံးကို သိမ်းဆည်းလိုက်တော့သည်။

လက်ထဲရှိ အနက်ရောင် သေနတ်များကို ကိုင်တွယ်ကြည့်ရင်း လုချွမ်းသည် အလွန်ခိုင်မာသော လုံခြုံမှုအရှိန်အဝါကို ရုတ်ချည်း ခံစားလိုက်ရသည်။

အကယ်၍ သူ၏ ဇွန်ဘီရုပ်သေးတိုင်းကို သေနတ်တစ်လက်စီ တပ်ဆင်ပေးနိုင်မည်ဆိုပါက ဘယ်လောက်အထိ ပစ်အားကောင်းလာမလဲဟု လုချွမ်း မတွေးဘဲ မနေနိုင်တော့ချေ။ သေနတ်ကိုင်ဆောင်ထားသော ဇွန်ဘီများကို ဘယ်သူက ခုခံနိုင်မှာလဲ။

ဇွန်ဘီများသည် ဦးခေါင်းကို အပြတ်မခုတ်နိုင်သရွေ့ သတ်ရန် အလွန်ခက်ခဲလှသော သတ္တဝါများ ဖြစ်ကြသည်။ ထို့ပြင် ခန္ဓာကိုယ်တစ်ပိုင်းသာ ကျန်ရှိတော့သည့်တိုင်အောင် အဆက်မပြတ် တိုက်ခိုက်နိုင်စွမ်း ရှိကြရာ ယခုကဲ့သို့ လက်နက်များပါ ပိုင်ဆိုင်လာပါက ၎င်းတို့မှာ အနှိုင်းမဲ့ စစ်သည်တော်များ ဖြစ်လာပေလိမ့်မည်။

ဗုန်း…ဗုန်း…ဗုန်း…

ထိုစဉ် ရပ်ကွက်အဝင်ဝဘက်မှ ထုရိုက်သံများ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်သည်။ အပြင်ဘက်တွင် ရဲမေတစ်ဦး ကျန်ရှိနေသေးကြောင်း လုချွမ်း သတိရသွားကာ သူ၏အာရုံကို တာဖန်းထံသို့ အမြန်ဆုံး လွှဲပြောင်းလိုက်သည်။

ပြန်လည်ရှင်သန်နိုင်ခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်း စွမ်းရည်တို့ကြောင့် ကျောက်လင်း၏ ကိုယ်ကာယ ကြံ့ခိုင်မှုမှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူမသည် လေးလံထိုင်းမှိုင်းသော တာဖန်း၏ ရှေ့တွင် လွယ်ကူစွာ ရှောင်တိမ်းနေနိုင်ပြီး ဤတင့်ကားအမျိုးအစား ဇွန်ဘီကြီးကို စနောက်ကစားနေသကဲ့သို့ပင်။ သို့သော် ကျောက်လင်းကိုယ်တိုင်လည်း သူမ၏ လက်ရှိအင်အားဖြင့် ဤဇွန်ဘီကြီးကို ထိပ်တိုက်ရင်ဆိုင်ရန်မှာ အလွန်ခက်ခဲနေဆဲဖြစ်ကြောင်း နားလည်ထားသည်။ သို့သော် ၎င်းကို ပတ်ချာလည်အောင် ဆွဲခေါ်ထားရန်မှာမူ သူမအတွက် အခက်အခဲ မရှိပေ။

ကျောက်လင်း၏ မူလအစီအစဉ်မှာ အချိန်ဆွဲထားရန်သာ ဖြစ်သည်။ သူမ၏ အဖွဲ့ဝင်များ ရပ်ကွက်အတွင်းသို့ ဝင်ရောက်ကာ ကုန်တင်ကားသော့များကို ရှာဖွေနိုင်ရန် အခွင့်အရေး ဖန်တီးပေးခြင်း ဖြစ်သည်။ ကုန်တင်ကားကို ရရှိသည်နှင့် သူတို့သည် ဤမြို့တွင်းမှ ထွက်ခွာနိုင်မည့် မျှော်လင့်ချက် ရှိလာပေလိမ့်မည်။ သို့သော် ကျောက်လင်း မသိရှိသည်မှာ သူမ၏ ရဲအဖွဲ့ဝင်များအားလုံး ရပ်ကွက်အတွင်း၌ ဇွန်ဘီများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဆိုသည့် အချက်ပင်။ ရဲစခန်းမှ ရောက်ရှိလာသော ဤလူစုထဲတွင် ဆင့်ကဲပြောင်းလဲသူ ဖြစ်သည့် သူမတစ်ဦးတည်းသာ အသက်ရှင်လျက် ကျန်ရှိတော့သည်။

လုချွမ်း၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် တာဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ရုတ်ချည်းပင် အဆမတန် မြင့်မားလာခဲ့သည်။ လတ်တလောကာလအတွင်း လေ့ကျင့်မှုများကြောင့် လုချွမ်း၏ တိုက်ပွဲဝင်အသိစိတ်မှာ ယခင်ကထက် များစွာ ပိုမိုထက်မြက်လာခဲ့ပြီ ဖြစ်သည်။

လုချွမ်း၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ဆင့်ကဲဇွန်ဘီတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပိုမိုပြင်းထန်လာခဲ့သည်။ မူလက ကျောက်လင်းသည် တာဖန်း၏ တိုက်ခိုက်မှုများကို လွယ်ကူစွာ ကိုင်တွယ်နိုင်ခဲ့သော်လည်း ယခုအခါ တာဖန်း၏ သံတူဝှေ့ယမ်းမှုများသည် ပိုမိုမြန်ဆန်၍ ကြမ်းတမ်းလာသည်ကို သူမ ရုတ်တရက် သတိပြုမိလိုက်သည်။

အဆိုးဝါးဆုံးအချက်မှာ သံတူချက်တစ်ခုချင်းစီ၏ ပစ်မှတ်မှာ ပိုမိုပါးနပ်လာပြီး ကျောက်

လင်း၏ လှုပ်ရှားမှုများကို တိကျစွာ ကြိုတင်ခန့်မှန်းနိုင်နေခြင်းပင်။ ကျောက်လင်းသည် သူမ၏ ဆင့်ကဲပြောင်းလဲထားသော ခန္ဓာကိုယ်ကို အသုံးပြု၍ တိုက်ခိုက်မှုများကို သီသီလေးသာ ရှောင်တိမ်းနိုင်တော့သည်။ ရုတ်တရက် ကျရောက်လာသော ဖိအားများကြောင့် ကျောက်လင်း၏ မျက်ဝန်းအိမ်များ ကျုံ့ဝင်သွားရပြီး အမှားတစ်ခုလေး ကျူးလွန်မိသည်နှင့် တာဖန်း၏ သံတူဒဏ်ကို ခံရတော့မည်ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။

“ဒါ ဘယ်လိုဖြစ်တာလဲ။ ဒီအရူးကြီးက ဘာလို့ ရုတ်တရက် ဒီလောက် ထက်မြက်သွားရတာလဲ”

ပြင်းထန်လှသော တိုက်ပွဲဖိအားများကြောင့် ကျောက်လင်းမှာ ချွေးများ ခပ်ပျပျထွက်လာရသည်။ သူမသည် ရှေ့မှ ဧရာမသတ္တဝါကြီးကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ သူမ၏ ပြိုင်ဘက်မှာ ခဏအတွင်းမှာပင် ဤမျှအထိ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာလိမ့်မည်ဟု ကျောက်လင်း လုံးဝ ထင်မှတ်မထားခဲ့ပေ။

တစ်ဖက်တွင်လည်း ကျိရုရွှယ်သည် သတ္တမထပ်မှနေ၍ တိုက်ပွဲကို ဆက်လက်စောင့်ကြည့်နေဆဲ ဖြစ်သည်။ ကျောက်လင်းတစ်ယောက် တာဖန်း၏ ဖိနှိပ်မှုကို ခံနေရသည်ကို မြင်သောအခါ ကျိရုရွှယ်မှာ အလွန်ပင် အားမလိုအားမရ ဖြစ်သွားရသည်။

“ဒီအရူးမ မင်းမှာ အသက်ကိုးသက်ပဲ ရှိတာကို အခုတော့ အဲဒီထဲက တစ်သက်ကို ထပ်ပြီး အလဟဿ ဖြုန်းတီးတော့မှာပဲ”

ကျိရုရွှယ် ထင်မှတ်ထားသည့်အတိုင်းပင် လုချွမ်း၏ ပြင်းထန်လှသော တိုက်စစ်အောက်တွင် ကျောက်လင်းမှာ ကြာရှည်မခံနိုင်တော့ပေ။

ဗုန်း…

လုချွမ်းသည် အခွင့်အရေးကို အရယူကာ ဘယ်ဘက်လက်ရှိ ဧရာမသံတူကြီးဖြင့် ထိုးနှက်လိုက်ရာ ကျောက်လင်းမှာ ဟန်ချက်ပျက်၍ လဲကျသွားတော့သည်။ ထို့နောက် သူမ တုံ့ပြန်ရန် အချိန်မရမီမှာပင် လုချွမ်းသည် ညာဘက်လက်ရှိ သံတူကြီးဖြင့် ပြင်းထန်စွာ ဆင့်အုပ်လိုက်ရာ ကျောက်လင်း၏ ကျောရိုးမှာ ကျိုးကြေသွားပြီး အရိုးကျိုးသံမှာ သိသိသာသာ ထွက်ပေါ်လာခဲ့သည်။

ဗုန်း…ဗုန်း..ဗုန်း…

ဤအမျိုးသမီးမှာ သေရာမှ ပြန်လည်ရှင်သန်လာသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်တွင် လုချွမ်းသည် သံတူနှစ်လက်လုံးဖြင့် အငြိုးတကြီး ထုနှက်တော့သည်။ အသားစိုင်များကို ထောင်းနေသည့်အလား လုချွမ်းသည် ကျောက်လင်း၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးအားလုံးကို ချေမှုန်းပစ်ကာ အတွင်းကလီစာများကိုပါ ပျက်စီးစေခဲ့သဖြင့် သွေးများမှာ နေရာအနှံ့ စဉ်းထွက်သွားတော့သည်။

ကျောက်လင်း နောက်ဆုံးထွက်သက် ချုပ်ငြိမ်သွားသည်ကို မြင်တွေ့ရမှသာ လုချွမ်းသည် ထုနှက်မှုကို ရပ်တန့်လိုက်သည်။ လုချွမ်းသည် သူ့အား ရည်ရွယ်ချက်ရှိရှိ ရန်ရှာလာသူကို မည်

သည့်အခါမျှ ကရုဏာထားလေ့မရှိပေ။ ထို့ပြင် ကျောက်လင်းသည် မနေ့က ပြန်လည်

ရှင်သန်လာပြီး ယနေ့တွင် လူအင်အားဖြင့် ပြန်လာခဲ့ရာ နောင်တစ်ချိန်တွင် စစ်တပ်နှင့်အတူ ပြန်လာမည်ကို မည်သူမှ မသိနိုင်ပေ။

“မင်းကို ငါ အစုံသုပ်ဖြစ်အောင် ထောင်းပစ်လိုက်ပြီ။ ပြန်ရှင်နိုင်သေးရင်လည်း ရှင်ကြည့်။ အဲ့ကျထပ်ပြီးသတ်ပစ်မယ်…”

All Chapters