ငါတို့တော့ ပြီးသွားပြီ
Vol. 15 Ch. 213
ဩဂတ်စ် နိုးထလာပြီးနောက်တွင် ဧဒင်ဥယျာဉ်မှ ကိုယ်စားလှယ်များသည် တောင်ပံပြာအရိုးနဂါးနှင့် ရင်ဆိုင်မိကြသည်။ ထို့ကြောင့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး ဤပွဲစဉ်တွင် သူတို့အဖွဲ့အတွက် ပထမဆုံးသော သောက်တော်ရေခွက်ကို ရရှိလိုက်ကြသည်။
သုံးဦးသား ထွက်ခွာတော့မည့် ဆဲဆဲမှာပင် အမောတကောဖြင့် ရောက်ရှိလာကြသော ချင်ကျစ်တို့နှင့် တွေ့ဆုံမိကြသည်။ ထို့ကြောင့် ဧဒင်ဥယျာဉ်မှ ကိုယ်စားလှယ်များသည် အလွန်အံ့ဩသွားကြခြင်း ဖြစ်သည်။
“နောက်ကျသွားပါပြီကွယ်”
ရှယ်လီသည် ညစ်ကျယ်ကျယ်ဖြင့် သွားဖြီးပြလိုက်သည်။
အချိန်အတော်ကြာ နိမ့်ကျနေပြီးနောက်တွင် ဩဂတ်စ်၏ နိုးထလာမှုနှင့်အတူ ယုံကြည်မှုများ ပြန်လည်ရရှိလာခဲ့ကြသည်။ ယခုအခါတွင် သူတို့သည် အခြားအင်အားစုများအား အမီလိုက်ရန် အဆင်သင့်ဖြစ်နေလေပြီ။
“ကြည့်ရတာတော့ ဖန်တီးခြင်းခန်းမက မျှော်လင့်လို့မရတော့ဘူး”
ဩဂတ်စ်သည် နူးညံ့စွာ မှတ်ချက်ပြုသည်။
“ကောင်းကင်ဘုံပိုင်နက်နဲ့ ဗုဒ္ဓလောက ကပဲ ငါတို့ရဲ့ ပြိုင်ဘက်တွေ ဖြစ်လာပြီ။ အခုတော့ ဗုဒ္ဓလောကရဲ့ ကိုယ်စားလှယ်တွေက သူ့အလိုလို ငါတို့ရှေ့ ရောက်လာကြတော့လည်း အားလုံးလွယ်ကူ သွားတာပေါ့”
ဩဂတ်စ်၏ မှတ်ချက်စကားအား ကြားသည့်အခါတွင် ဟုန်သိုနှင့် တုန်ယန်တို့ ဒေါသထွက်လာကြသည်။ ဤကဲ့သို့ နိုင်ထက်စီးနင်း ပြုကျင့်ခြင်း ခံနေရစဉ်မှာပင် အဝေးသို့ဆုတ်ခွာ ပြေးထွက်သွားသည့် ချင်ကျစ်နှင့် ချင်ရှင်းအား မြင်လိုက်ရလေသည်။
“ဟိုလီဖာ့ခ် အဲဒီလောက်မြန်မြန် ထွက်ပြေးရတာ မင်းတို့ မရှက်ကြဘူးလားကွ”
ဟုန်သိုသည် ဗုဒ္ဓလောကမှ ကိုယ်စားလှယ်များ လွတ်မြောက်သွားသည်ကို မြင်လိုက်သည့်အခါတွင် အော်ဟစ်ညည်းညူ လိုက်တော့သည်။
“တောင်းပန်ပါတယ်။ သောက်တော်ရေခွက်ကို တခြားသူတွေ ရသွားပြီလေ။ ဧဒင်ဥယျာဉ်က ဒီငယ်ရွယ်တဲ့ ကိုယ်တော်တို့ကို သတ်ဖြတ်ဖို့ ကြံစည်နေတာကြောင့် နည်းလမ်းကျကျ နောက်ဆုတ် လိုက်ရခြင်းပါ”
ချင်ကျစ်သည် ပြေးလွှားရင်းနှင့် အော်ဟစ်လိုက်သည်။ သူ၏ပုံရိပ်အား ဂရုမထားတော့ချေ။
သို့သော်လည်း ယင်းသည် အတော်လေး ယုတ္တိရှိလှသည်။ ဤနေရာတွင်နေပြီး မီးသွေးကဲ့သို့ လောင်ကျွမ်းခံမည့်အစား ထွက်ပြေးခြင်းက ပိုကောင်းသည်။
“သူတို့ကိုတား”
ဩဂတ်စ်၊ ရှယ်လီနှင့် အာသာတို့သည် တောင်ပံခတ်ကာဖြင့် ဘုန်းကြီး နှစ်ပါးနောက်သို့ ပြေးလိုက်သွားကြသည်။
ပျောက်ကွယ်သွားသည့် ပုံရိပ်များအားကြည့်ကာ ဟုန်သိုနှင့် တုန်ယန်သည် အတွေးထဲ နစ်မျောနေမိကြသည်။
“၈ ငါတို့ကို လုံးဝသောက်ဖက် မလုပ်သွားတာ။ အထင်သေးသွားတာ”
ဟုန်သို ဒေါသတကြီး ဖြစ်လာသည်။
ဖြစ်စဉ်တစ်ခုလုံးတွင် ဧဒင်ဥယျာဉ်မှ ကိုယ်စားလှယ် သုံးဦးသည် သူတို့အား တစ်ချက်လေးပင် ကြည့်မလာကြချေ။ ယင်းသည် ဟုန်သိုအား ပေါက်ကွဲစေရန် လုံလောက်ပေသည်။
တုန်ယန်မှာမူ စိတ်ဆိုးသည့်ဟန် မရှိချေ။ ထို့အပြင် သူမသည် အသက်ပြင်းပြင်း ရှူရှိုက်နေသည်။
“ငါ တွက်ကြည့်ပြီးပြီ”
တုန်ယန် ဖြည်းညင်းစွာ ပြောသည်။
“အခု ငါတို့က ၇၀.၂ မှတ် ရထားတယ်။ ကောင်းကင်ဘုံ ပိုင်နက်က ၇၆.၇ နဲ့ အများဆုံးပဲ။ လက်ရှိမှာ သံသောက်တော်ရေခွက် နှစ်ခွက်နဲ့ ရွှေသောက်တော်ရေခွက် တစ်ခွက် ကျန်နေသေးတယ်။ ဆိုလိုတာကတော့ ကျန်နေသေးတဲ့ သောက်တော်ရေခွက်တွေကို ရအောင်ယူနိုင်မယ်ဆိုရင် ငါတို့ ပထမ ရနိုင်တယ်”
ဟုန်သို ရှုံ့မဲ့သွားလေသည်။ ကြုံတွေ့ရမည့် အခက်အခဲများကို ခံစားနေမိသည်။ လုံးဝ မဖြစ်နိုင်။ သူတို့ထံတွင် မျှော်လင့်ချက် မရှိတော့ဟု ဩဂတ်စ် ပြောခဲ့ခြင်းမှာ အံ့ဩစရာ မကောင်းတော့ချေ။
သို့သော်လည်း အရှုံးပေးလိုခြင်း မရှိသေးပေ။ မိုးကောင်းကင်သည် သူ့အား သတ်ဖြတ်လိုလျှင် မိုးကောင်းကင်အား ရင်ဆိုင်မည် ဖြစ်သည်။
“ဟွန့် အဲဒါဆိုလည်း ကျန်နေသေးတဲ့ သောက်တော်ရေခွက်တွေကို ရှာကြတာပေါ့”
ဟုန်သို၏ ဒေါသတကြီး ပြောဆိုပုံသည် တုန်ယန်၏ မှတ်ချက်စကားထက် ပိုမိုတက်ကြွ လာစေသည်။
“ဂုဏ်ယူပါတယ်။ ကောင်းကင်ဘုံပိုင်နက်မှ ရမှတ် ၁ မှတ် ရရှိပါတယ်”
ကြေညာသံ ထွက်ပေါ်လာသည်။
တုန်ယန် : “…”
ဟုန်သိုမှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး သွေးဆာနေသည့် မျက်လုံးများမှာ ဖျော့တော့ကာ အသက်မဲ့သွားလေသည်။
“ဒီပြိုင်ပွဲမှာ ငါတို့ကတော့ ပြီးသွားပြီ”
***
လိုဏ်ဂူတစ်ခုအတွင်း။
ဤနေရာတွင် ဝင်္ကပါတစ်ခု ခင်းကျင်းထားပြီး အော်ရာများကို ဖုံးကွယ်ထားလေသည်။
ဘုန်းတော်ကြီး နှစ်ပါးသည် မြေပြင်တွင်ထိုင်ကာဖြင့် အသက်ပြင်းပြင်း ရှူနေကြလေသည်။
ချင်ရှင်း၏မျက်နှာတွင် ခါးသီးသည့် အပြုံးတစ်ခု ရှိနေပြီး နဖူးရှိချွေးများကို သုတ်လိုက်သည်။ ကနဦးတွင် သူတို့အား ထွက်ပြေးစေခဲ့သည့် အရိုးနဂါးနှင့် ပတ်သက်၍ စိုးရိမ်မိခဲ့သည်။ ယခုအခါတွင်မူ ပို၍ကောင်းပေသည်။ အရိုးနဂါးကြောင့် ထွက်ပြေးခြင်း ပြုရတော့ပေ။ ထို့အစား ငှက်လူသား သုံးဦးကြောင့် ထွက်ပြေးခဲ့ကြရသည်။
ကောင်းကင်ဘုံပိုင်နက်မှ နောက်ထပ်တစ်မှတ် ရရှိသွားသည်ကို ကြားလိုက်သည့်အခါတွင် ပျံသန်းလျက်ရှိကြသော ဩဂတ်စ်၊ အာသာနှင့် ရှယ်လီတို့သည် သက်ပြင်းသာ ချမိလိုက်ကြသည်။
လက်ရှိတွင် ဧဒင်ဥယျာဉ်သည် ၇၄.၂ မှတ် ရရှိထားပြီး၊ ဗုဒ္ဓလောကမှာ ၇၄.၁ မှတ် ရရှိထားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ ပိုင်နက်သည် ၇၇.၇ မှတ် ရရှိထားလေသည်။ ယခုအခါတွင် ကျုံးလုံတောင်တန်းအတွင်း၌ သံသောက်တော်ရေခွက် တစ်ခွက်နှင့် ရွှေသောက်တော်ရေခွက် တစ်ခွက်သာလျှင် ကျန်ရှိတော့သည်။ သံသောက်တော် ရေခွက်အား ရရှိခြင်းရှိမရှိမှာ အရေးမပါလှသော်လည်း ရွှေသောက်တော် ရေခွက်အား ရရှိမည့်အဖွဲ့သည် အမြင့်ဆုံးရမှတ်ကို ရရှိမည်ဖြစ်သည်။
“သံသောက်တော်ရေခွက် ကတော့ ငါတို့အတွက် အဓိပ္ပာယ် မရှိတော့ဘူး။ ရွှေသောက်တော် ရေခွက်ကို ရှာဖို့ကိုပဲ အာရုံစိုက်ကြတာပေါ့”
ဩဂတ်စ်မှပြောသည်။
သို့သော်လည်း ရှယ်လီမှာမူ ထိုသို့မတွေးပေ။
“ငါတော့ သံသောက်တော် ရေခွက်ကို ရှာသင့်တယ်လို့ ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယနေရာကို သေချာသွားတာပေါ့”
တစ်ချိန်တည်းမှာပင် ဖန်တီးခြင်းခန်းမ၏ တုန်ယန်နှင့် ဟုန်သိုတို့သည်လည်း ပြောဆိုဆွေးနွေးလျက်ရှိကြသည်။
“တုန်ယန်ရေ ငါတို့အတွက် ပထမနေရာ ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့လည်း သုညနဲ့တော့ အဆုံးမသတ်နိုင်ဘူး။ ငါတို့က ရွှေသောက်တော်ရေခွက် အတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်း မရှိပေမဲ့လည်း သံသောက်တော် ရေခွက်ကိုရှာပြီး ငါတို့ရဲ့ ရလဒ်ကို နည်းနည်းပိုကောင်းအောင် လုပ်ကြတာပေါ့”
ဟုန်သို၏ စိတ်တိုလွယ်ခြင်းနှင့် မဆင်မခြင် ပြုမူတတ်ခြင်းတို့မှာ အရူးနှင့်တူသော်လည်း သူ၏ခိုင်မာသည့် ဆုံးဖြတ်ချက်မှာ အမှန်တကယ်ကို စိတ်ထဲမှလာခြင်း ဖြစ်သည်။
တုန်ယန်သည် အပြတ်အသတ် ခေါင်းညိတ်လိုက်သည်။ ဟုန်သို၏ စကားများကြောင့် စိတ်လှုပ်ရှားသွားခြင်းဖြစ်သည်။
“ရက်စ် ပထမနေရာ မရရင်တောင် ငါတို့ရဲ့ ဖန်တီးခြင်း ခန်းမအတွက် အကောင်းဆုံး ကြိုးစားကြမယ်”
၎င်းသို့ဖြင့် ဟုန်သိုနှင့် တုန်ယန်တို့သည် စိတ်ဓာတ်ကျနေရာမှ ပြန်လည် ကောင်းမွန်လာကြသည်။ တစ်ဦးကိုတစ်ဦး ဆွဲထူလိုက်ပြီးနောက် သံသောက်တော် ရေခွက်အား ရှာဖွေရန် ထွက်ခွာသွားလေသည်။
သို့သော်လည်း တိုတောင်းလှသည့် အချိန်အတွင်းမှာပင် ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။
“ဂုဏ်ယူပါတယ်။ ကောင်းကင်ဘုံပိုင်နက်မှ ရမှတ် ၁ မှတ် ရရှိပါတယ်”
ဟုန်သို : “…”
တုန်ယန် : “…”
ဟုန်သို၏ခန္ဓာကိုယ်မှာ ယိမ်းယိုင်လာလေသည်။ သူ၏ရင်ဘတ်ရှိ မီးတောက်မှာလည်း မှေးမှိန်လာပြီး ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။ အရုပ်ကြိုးပြတ်ဖြစ်ကာ ပြောစရာစကား မဲ့သွားသည်။
ပြန်လည်ကာ စိတ်ဓာတ်တက်ကြွလာ ပြီးသည့်နောက်တွင် တုန်ယန်သည် ထိုကြေညာချက်ကြောင့် မျှော်လင့်ချက်များ ကွယ်ပျောက်ကာ စိတ်အားငယ်လာမိသည်။ တုန်ယန်သည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီးနောက် ငိုချင်းချလိုက်တော့သည်။
“ကောင်းကင်ဘုံ ပိုင်နက်က အကြင်နာမဲ့လွန်းတယ်”
ကျုံးလုံတောင်တန်း အလယ်ရှိ နေရာတစ်ခုတွင် မီးပုံတစ်ခု ရှိလေသည်။ ထိုမီးပုံအနီးတွင် ပေတစ်ရာရှည်သည့် သစ်ပင်လူသားတစ်ဦး မြေပြင်တွင် လဲကျနေပြီး အသက် စွမ်းအင်မှာလည်း ကင်းမဲ့နေပြီဖြစ်သည်။
လျှိုချင်ဟွမ်သည် အပြုံးကြီးကြီး ပြုံးကာဖြင့် သောက်တော် ရေခွက်များအား ကြမ်းပြင်တွင်ချကာ ဆော့ကစားလျက် ရှိသည်။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် အောင်ပွဲခံနေခြင်း ဖြစ်ကာ ယင်းသည် သူမ၏ အနှစ်သက်ဆုံး အရုပ်ကလေးများကို ပြသနေသည်နှင့်ပင် တူလေသည်။
သံသောက်တော်ရေခွက် လေးခွက်နှင့် ငွေသောက်တော်ရေခွက် တစ်ခွက် ဖြစ်သည်။
“ဟားစား ငါတို့က အနည်းဆုံးတော့ ဒုတိယနေရာမှာ ရောက်နေပြီ။ ဒီနေရာမှာ အိပ်ပြီလှဲနေရင်တောင် ပထမနေရာ ရချင်ရင် ရနိုင်သေးတယ်”
ပခုံးပေါ်မှာ ဝန်ထုပ်ကြီး ပြုတ်ကျသွားသကဲ့သို့ အန်လင်းသည် အေးအေးလူလူ အနားယူနေလေသည်။
ယခုအခါတွင် ရွှေသောက်တော်ရေခွက် တစ်ချက်သာလျှင် ကျန်ရှိတော့သည်။ ငွေသောက်တော် ရေခွက်များ ရရှိရေးတွင် ရင်ဆိုင်ခဲ့ရသည့် ခက်ခဲမှုနှင့် နှိုင်းယှဉ်ပါက ရွှေသောက်တော်ရေခွက် ရရှိရေးအတွက် ရင်ဆိုင်ရမည့် အခက်အခဲမှာ မျှော်မှန်းကြည့်၍ပင် မရနိုင်ချေ။ အခြားသော အင်အားစုများမှ ကိုယ်စားလှယ်များ သည်ပင်လျှင် ရွှေသောက်တော် ရေခွက်အတွက် ကြိုးစားရင်းနှင့် ထုတ်ပယ် ခံရနိုင်သေးသည်။ ထိုသို့ဖြစ်လာမည့် အလားအလာမှာလည်း လွန်စွာမြင့်လွန်းသည်။
ထို့ကြောင့် ကောင်းကင်ဘုံ ပိုင်နက်သည် အင်အားကြီး လေးရပ်ထဲတွင် ဖိအားအနည်းဆုံး ဖြစ်နေခြင်းပင်။
ဖန်တီးခြင်း ခန်းမသည်လည်း ဖိအားနည်းသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း သူတို့မှာ လုံးဝ မျှော်လင့်ချက် မရှိတော့ခြင်းသာ ဖြစ်သည်။
“ကျောင်းသား အန်လင်းရေ အရမ်းကြီး အထင်ကြီးမနေပါနဲ့။ ဒီအခြေအနေကို ဆက်ထိန်းထားပြီး အရှုံးမပေးဘဲနဲ့ ရွှေသောက်တော်ရေခွက် ရရှိအောင် ငါတို့ကြိုးစားသင့်တယ်။ ကောင်းကင်ဘုံ ပိုင်နက်ရဲ့ စွမ်းအားနဲ့ ခွန်အားကို ပြသရမယ့်အချိန်ပဲ”
အန်လင်းသည်လည်း ခေါင်းညိတ်လိုက်သည်။ ရွှေသောက်တော် ရေခွက်မှာ မည်သည့်ပုံ ဖြစ်မည်ကို သူလည်းပဲ မြင်ချင်မိသည်။ ထို့နောက်တွင် ယင်းမှာ ၅ မှတ် တန်ဖြစ်သည်။ ရွှေသောက်တော်ရေခွက် တစ်ခွက်သည် သံသောက်တော်ရေခွက် ငါးခွက်နှင့် ညီမျှလေသည်။
စစ်မိစ္ဆာတွေက သံသောက်တော်ရေခွက် ငါးခွက်လုံးကို အတူတူစောင့်ကြပ် နေခဲ့ကြတာဆိုရင် သောက်တော် ရေခွက်တွေကို တစ်ယောက်တောင်မှ ရမှာမဟုတ်ဘူး။
အန်လင်းသည် စိတ်ထဲ၌ တွေးနေမိသည်။ အကြောင်းမှာ အင်အားကြီးလေးရပ် စုပေါင်းတိုက်ခိုက်လျှင်ပင် စစ်မိစ္ဆာများ၏ ပြိုင်ဘက် မဟုတ်ကြချေ။
အဲဒီတော့ ရွှေသောက်တော် ရေခွက်ကို ရဖို့ဘယ်လောက်တောင် ခက်မှာလဲကွာ။ မစောင့်နိုင်တော့ဘူး။
အန်လင်း၏ ထက်သန်လှသော မျှော်လင့်ချက်နှင့် နှိုင်းယှဉ်ပါက ဧဒင်ဥယျာဉ်နှင့် ဗုဒ္ဓလောကမှ ကိုယ်စားလှယ်များသည် စိုးရိမ်ပူပန်ကာဖြင့် ဖိအားများစွာ ရှိကြလေသည်။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရွှေသောက်တော် ရေခွက်အား ရရှိရန်သာဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် ယခုအချိန်တွင် ရွှေသောက်တော် ရေခွက်အား ရှာဖွေဖို့ရန် စိတ်မရှည်နိုင်တော့ပေ။
လျှိုချင်ဟွမ်သည် သောက်တော် ရေခွက်များအား လေ့လာလျက်ရှိပြီး ရုတ်ရက်ဆိုသလို အသက်ပြင်းပြင်း ရှူလိုက်လေသည်။ သူမသည် တုတ်ချောင်း တစ်ချောင်းအား ကောက်ယူကာဖြင့် မြေပြင်ပေါ်တွင် ရေးခြစ်နေလေသည်။
အန်လင်းမှာ နားမလည်နိုင်ဘဲရှိလေသည်။
“ဘာတွေဆွဲနေတာလဲ”
“ဆင့်ခေါ်ခြင်းမန္တန်လေ”
“ဘာကို ဆင့်ခေါ်မှာလဲ”
“ရွှေသောက်တော်ရေခွက်”
***