အခန်း (၁၆၉၆)
Vol. 122 Ch. 1696
အခန်း(၁၆၉၆)
မိုးမြေ၏ အစတွင် မိုးကြိုးနှင့် လျှပ်စီးက ပထမဆုံး မွေးဖွားခဲ့သည်။
မိုးကြိုးထဲမှာ မိုးမြေ၏ အခွင့်အာဏာ ကိန်းအောင်းနေပြီး ယင်းက သက်ရှိအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ကျောက်ဖင်းကျန်းဖြစ်စေ သို့မဟုတ် ဟန်မူယဲ့ဖြစ်စေ မိုးကြိုးနှင့် လျှပ်စီးအပေါ် သူတို့၏ ထိန်းချုပ်နိုင်စွမ်းက အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်။
နောက်တစ်ဆင့်က မိုးကြိုးမူလစွမ်းအား၏ ဘိုးဘေးဇစ်မြစ်ဆီသို့ ပြန်ခြင်း ဖြစ်သည်။ သူတို့၏ မိုးကြိုးထဲမှာ ဘိုးဘေးဇစ်မြစ်ရှိလာသည့်အခါ သူတို့က ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်သွားကြလိမ့်မည်။
သို့သော်လည်း မိုးကြိုးတာအိုအပေါ် သူတို့နှစ်ယောက်၏ လက်ရှိ ဆင်ခြင်နားလည်မှုက ထိုအဆင့်သို့ ရောက်ရန် အဝေးကြီး လိုနေသေးသည်။
ဟင်းလင်းပြင်ထဲတွင် မိုးကြိုးခွေသားရဲက မိုးကြိုးပုံရိပ်သုံးခုနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
ကျန်းတစ်ရာပတ်လည်အတွင်း၌ အဆုံးမဲ့သော လျှပ်စီးကြောင်းများက ထွက်ပေါ်လာကြသည်။ မရေမတွက်နိုင်သော လောကများက ထိုလျှပ်စီးကြောင်းများထဲမှာ မွေးဖွားလာကြပြီး နောက်အခိုက်အတန့်မှာ ပျက်စီးသွားကြသည်။
ဟန်မူယဲ့နှင့် ကျောက်ဖင်းကျန်းက တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်လိုက်ကြပြီး သူတို့၏ အရှေ့၌ အစဉ်မပြတ် ဖွဲ့စည်းသွားနေပြီး ဆက်တိုက် ပျက်စီးသွားနေသော မိုးမြေကို ကြည့်လိုက်ကြသည်။
ယင်းက မွေးဖွားခြင်းနှင့် သေဆုံးခြင်းတာအို ဖြစ်သည်။ ယင်းက မိုးကြိုးတာအိုအပေါ် သူတို့၏ ဆင်ခြင်နားလည်မှုနှင့် မိုးကြိုးမူလစွမ်းအားအပေါ် သူတို့၏ ထိန်းချုပ်နိုင်မှုချင်း ယှဉ်ပြိုင်မှုဖြစ်သည်။
နတ်ဘုရားအဆင့်အောက်မှ ကျင့်ကြံသူများက ထိုမိုးကြိုးစက်ဝန်းထဲသို့ ခြေချမည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်က မတူညီသော မိုးကြိုးနှစ်ခုကြောင့် ချက်ချင်း ဖျက်ဆီးခံရလိမ့်မည်။
သာမန်နတ်ဘုရားတစ်ပါးသည်ပင် ထိုသို့မိုးကြိုးစွမ်းအားကို ထိပ်တိုက် ရင်ဆိုင်ဝံ့လိမ့်မည် မဟုတ်ချေ။
ရွှေရောင်မိုးကြိုးက ဘေးပတ်ဝန်းကျင်ဆီသို့ ဖြန့်ကြက်သွားသည့်အခါ ဘေးပတ်ပတ်လည်မှ မိုးမြေက ယင်းကို နောက်ထပ် မတောင့်ခံနိုင်တော့ဟန် ရ၏။
ကျောက်ဖင်းကျန်း၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။ သူက တိုးညင်းစွာ ကြုံးဝါးလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။ သူလက်ညှိုးညွှန်လိုက်သည်နှင့် အသွားနှစ်ဖက်ပါဓားမော့က ဟန်မူယဲ့ဆီသို့ ပျံသန်းသွားသည်။
ဝူလင်းကုန်းမြေ၏ အစောင့်အရှောက်တစ်ယောက်အနေဖြင့် ဤနေရာ၏ မိုးမြေ ပျက်စီးသွားမည်ကို သူခွင့်မပြုနိုင်ပေ။
အကယ်၍ မိုးကြိုးက အပြင်သို့ လွတ်မြောက်သွားမည်ဆိုလျှင် အချင်းမိုင်သန်းပေါင်းများစွာ ကျယ်ပြောသော ဧရိယာထဲမှ သက်ရှိအားလုံးက သေကြေပျက်စီးသွားလိမ့်မည်။
ဟန်မူယဲ့၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူက ညင်သာစွာ လက်ဆန့်ထုတ်လိုက်သည်။
သူက ဓားကို မဆွဲထုတ်ပေ။ ယင်းအစား သူက မိုးကြိုးသွားတစ်စင်းကို ပစ်လွှတ်လိုက်သည်။
သို့သော်လည်း ထိုမိုးကြိုးသွား ထွက်ပေါ်လာသည့်အခိုက် ကျောက်ဖင်းကျန်းက အမူအရာပြောင်းလဲသွားသည်။
အဘယ့်ကြောင့်ဆိုသော် ထိုမိုးကြိုးသွားထဲမှာ အဖြူအနက်အရှိန်အဝါတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။
ထိုအဖြူအနက်မိုးကြိုးသွားထဲမှာ ဘိုးဘေးဇစ်မြစ်ပါရှိနေကြောင်း ထင်ရှားသည်။
ယင်းက မိုးကြိုးမူလဇစ်မြစ်၏ အထွတ်အထိပ်ဖြစ်ပြီး မိုးကြိုးမှ အသက်မွေးဖွားခြင်း ဖြစ်သည်။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ”
ကျောက်ဖင်းကျန်းက တိုးညင်းစွာ အော်လိုက်သည်။ သူက အသွားနှစ်ဖက်ပါဓားမော့ကို ပြန်ရုပ်သိမ်းရန် ကြိုးစားလိုက်သော်လည်း အလွန်နောက်ကျသွားချေ၏။
အဖြူအနက်မိုးကြိုးသွားက သူ၏ ဓားမော့ကို ရစ်ပတ်သွားသည်နှင့် ဓားမော့က ချက်ချင်း အက်ကွဲသွားသည်။
နှစ်ပေါင်းများစွာကြာအောင် သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော နတ်ဘုရားလက်နက်က ထိုသို့ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။
ကျောက်ဖင်းကျန်း၏ မျက်နှာက ဖြူဖျော့သွားပြီး သူက အနောက်သို့ ဒယိမ်းဒယိုင်ဆုတ်သွားသည်။
ဟန်မူယဲ့က သူ၏ လက်ဖဝါးကို အရှေ့သို့ ဖိချလိုက်သည်။ သူ့အရှေ့မှ မိုးကြိုးအားလုံးက နေရာမှာ ဖိနှိပ်ခံလိုက်ရသည်။
ကျောက်ဖင်းကျန်း ကျင့်ကြံထားသော မိုးကြိုးစွမ်းအားသည်လည်း ဟန်မူယဲ့၏ ဖိနှိပ်ခံလိုက်ရသည်။ မိုးကြိုးအားလုံးက လေထဲမှာ ရပ်တန့်သွားသည်။
မတူညီသော မိုးကြိုးနှစ်ခု၏ ပေါင်းစပ်စွမ်းအားကြောင့် ဟန်မူယဲ့၏ မျက်လုံးထဲမှာ ရွှေရောင်နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
သူက ကျောက်ဖင်းကျန်း၏ မိုးကြိုးကို သူ့ကိုယ်ပိုင်မိုးကြိုးစွမ်းအားအဖြစ် သန့်စင်လိုက်သည်။
မိုးကြိုးတာအိုကို တစ်ဘဝလုံး အထူးပြုကျင့်ကြံခဲ့သော နတ်ဘုရားတစ်ပါး၏ မိုးကြိုးစွမ်းအားက အလွန်အမင်း အားကောင်းသည်။ ယင်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားက ဟန်မူယဲ့ ပိုင်ဆိုင်ထားသော မိုးကြိုးထက်ပင် သာလွန်နေသည်။
ထိုသို့မိုးကြိုးစွမ်းအားက သူ့ကိုယ်ပိုင်မိုးကြိုးတာအိုနှင့် အတူပေါင်းစပ်သွားသည့်အခါ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ ထွက်ပေါ်လာကြသည်။
သူ၏ အနောက်တွင် မိုးကြိုးအတောင်ပံတစ်စုံ ဖြန့်ကားထွက်လာပြီး ကောင်းကင်ကို ဖုံးအုပ်သွားသည်။
သူ၏ ဦးခေါင်းထက်တွင် အရွယ်အစား ကြီးမားသော ဦးချိုပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲမှာ လွင့်မျောနေသည်။
ခွေသားရဲက သူ့အရှေ့မှာ မတ်တတ်ရပ်နေပြီး ဦးညွတ်လိုက်သည်။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မိုးကြိုးကနေ အသက်ဓာတ်မွေးဖွားတယ်… ပြီးပြည့်စုံတဲ့ နတ်ဘုရားအဆင့်… ”
ကျောက်ဖင်းကျန်းက သူ့အရှေ့မှ ဟန်မူယဲ့ကို ကြည့်လိုက်လေရာ မျက်လုံးပြူးကျယ်သွားသည်။
ယင်းက နှစ်ပေါင်းမရေမတွက်နိုင်အောင် သူရှာဖွေနေခဲ့သော နယ်ပယ်ဖြစ်သည်။
ပြီးပြည့်စုံသော နတ်ဘုရားအဆင့်… ။
သို့သော်လည်း သူက ထိုအဆင့်သို့ ဝင်ရောက်ရန် အမြဲတမ်း ခြေတစ်လှမ်း ဝေးကွာနေသည်။
မဟာပန်သွန်ဘုံတစ်ခုလုံးတွင် ထိုအဆင့်သို့ ခြေချနိုင်သူများက အရေအတွက် အနည်းငယ်သာ ရှိသည်။
သူ့အရှေ့မှ ဟန်မူယဲ့က ပြီးပြည့်စုံသော နတ်ဘုရားအဆင့် မိုးကြိုးတာအိုကို ပိုင်ဆိုင်ထားမည်ဟု သူမမျှော်လင့်ထားပေ။
သို့သော် ဟန်မူယဲ့က ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှား၏။
“ ဗုန်း ”
ကျောက်ဖင်းကျန်း၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ မျက်နှာက မည်းမှောင်သွားသည်။
ဟန်မူယဲ့က ကျောက်ဖင်းကျန်းနောက်သို့ အမြန်လိုက်သွားသည်။
“ ချီတတ်ကြ ”
ဟင်းလင်းပြင်ထဲတွင် အမိန့်ပေးသံ ထွက်ပေါ်လာသည်။
တိုက်ပွဲဝင်ရွှေရောင်စစ်သူကြီးများက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။ သူတို့က မရေမတွက်နိုင်သော သွေးချီအနှစ်သာရအလင်းတိုင်များဖြင့် ပေါင်းစည်းသွားကြပြီး ဟန်မူယဲ့ထံသို့ ဦးတည်သွားကြသည်။
ယင်းက ကောင်းကင်ဘုံအစောင့်တပ်၏ တိုက်ပွဲဝင်္ကပါစွမ်းအား ဖြစ်သည်။
သူတို့က နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရပ်တန့်ရန် မစွမ်းဆောင်နိုင်ကြောင်း သိသော်လည်း ကောင်းကင်ဘုံအစောင့်တပ်သည် အရှေ့တတ်ရန် ရွေးချယ်ခဲ့ဆဲပင်။
သူ့အရှေ့မှ တိုက်ပွဲဝင်္ကပါများကို ကြည့်နေရင်း ဟန်မူယဲ့က လက်မြှောက်လိုက်သည်။
“ ကျီး ”
အစိမ်းရောင်ချိပ်တံဆိပ်တစ်ခုက လေထဲသို့ မြှောက်တတ်သွားပြီး မိုးကောင်းကင်ကို ဖုံးအုပ်လိုက်သည်။
ချိပ်တံဆိပ်၏ အောက်ဘက်တွင် ရေးထွင်းထားသော ရွှေရောင်စာလုံးများက ထွန်းလင်းတောက်ပလာပြီး ကောင်းကင်ဘုံအစောင့်တပ်၏ ရွှေရောင်အလင်းဖြင့် ပေါင်းစည်းသွားသည်။
“ ကောင်းကင်ဘုံအစောင့်တပ်… ချိပ်တံဆိပ်ကိုင်ဆောင်သူရဲ့ အမိန့်ကို နာခံမယ် ”
ဟန်မူယဲ့က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ကောင်းကင်ဘုံအစောင့်တပ်များ၏ ရွေ့လျားမှုက ချက်ချင်း ရပ်တန့်သွားသည်။
ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်… ။
တိုက်ပွဲဝင်ရွှေရောင်စစ်သူကြီးအားလုံးက ဟန်မူယဲ့ကို လေးနက်စွာ စိုက်ကြည့်လိုက်ကြသည်။
“ ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် ”
“ ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် ”
ထို့နောက် နှုတ်ဆက်စကားသံက သံပြိုင်ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံအစောင့်တပ်ကို အပြင်လူများက အမိန့်မပေးနိုင်ကြပေ။ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သုံးခု၏ ပိုင်ရှင်များသာလျှင် သူတို့ကို အမိန့်ပေးနိုင်ကြသည်။
ယင်းက မပယ်ဖျက်နိုင်သော သံမဏိစည်းမျဉ်း ဖြစ်သည်။
ယခု ဟန်မူယဲ့၏ လက်ထဲမှာ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်တစ်ခုရှိနေလေရာ သူက မြို့တော်ထဲမှ ကောင်းကင်ဘုံအစောင့်တပ်အားလုံးကို ထိန်းချုပ်နိုင်သွားသည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က စစ်တပ်များကို ဖြတ်ကျော်သွားပြီး မြေကွက်လပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
“ ဗုန်း ”
ပုံရိပ်တစ်ခုပြီးတစ်ခုက မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ကြရသည်။
သူတို့က ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူလေးယောက်နှင့် အာဏာရှင်သုံးဆယ်ကျော် ဖြစ်ကြသည်။
ဝူလင်းကုန်းမြေ၏ ထိပ်တန်းပညာရှင်များသည် ကြိုးချည်ခံထားရသော ဝက်များသဖွယ် မြေကွက်လပ်ထဲသို့ ပစ်ချခံလိုက်ကြရသည်။ ယခု သူတို့ဆီမှာ ခုခံနိုင်သောအင်အား လုံးဝ မရှိပေ။
သူတို့က မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း ဘေးပတ်ဝန်းကျင်မှ ဓားအလင်းများက သူတို့ကို ကြမ်းတမ်းစွာ ဖိနှိပ်ထားသည်။ ယင်းက သူတို့ကို မြေကြီးပေါ်မှာ ဒူးထောက်နေရန် အတင်းဖိအားပေးသည်။
“ ဝေယွမ်မြို့စား… ခင်ဗျားဘာလုပ်နေတာလဲ ”
ကျောက်ဖင်းကျန်းက လက်တုန်သွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ဝေယွမ်မြို့စား… ခင်ဗျားက အရမ်းသန်မာတယ်ဆိုတာ ကျုပ်အသိအမှတ်ပြုပါတယ်… ဒါပေမဲ့ ခင်ဗျားတစ်ခုသိထားရမှာက ဒီကိစ္စက အင်မော်တယ်မင်းဆက်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ် ”
ဂုဏ်သိက္ခာ… ။
အင်မော်တယ်မင်းဆက်ကို မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အင်မော်တယ်မင်းဆက်၏ ဂုဏ်သိက္ခာက ထိုပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည်။ အင်မော်တယ်မင်းဆက်ကို စော်ကားခြင်းက ထိုပုဂ္ဂိုလ်များကို စော်ကားလိုက်ခြင်းပင်။
အင်မော်တယ်မင်းဆက်က မဟာပန်သွန်ဘုံကို အရေအတွက် မည်မျှများပြားသော ဘုံများအား ဝါးမျိုနိုင်ရန် ကူညီပေးခဲ့ကြောင်း အပြင်လူများက မသိနိုင်ပေ။ ထိုသို့ကူညီပေးမှုကြောင့် မဟာပန်သွန်ဘုံက အင်မော်တယ်မင်းဆက်ကို အလွန်ပေါကြွယ်ဝသော မူလစွမ်းအားအား ပြန်ပေးအပ်ခဲ့သည်။ ထို့နောက် မဟာပန်သွန်ဘုံထဲမှာ အစွမ်းထက်ပုဂ္ဂိုလ်အများအပြား ပေါ်ထွန်းလာခဲ့ကြသည်။
ယင်းက အထူးဘုံတစ်ခု၏ လည်ပတ်မှုပုံစံ ဖြစ်သည်။
“ ကောင်းပြီ… အင်မော်တယ်မင်းဆက်ရဲ့ ဂုဏ်သိက္ခာကို ငါအလေးထားပေးမယ် ”
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး သူ၏ ဓားအလင်းအားလုံးကို ပြန်ရုပ်သိမ်းလိုက်သည်။
ဝူလင်းကုန်းမြေ ရွှေအစောင့်အရှောက်နန်းတော်၏ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူများနှင့် အစွမ်းထက် အာဏာရှင်များက မြေပြင်ပေါ်မှာ ယိုင်တိယိုင်တိုင်ဖြစ်သွားကြသည်။ ထိုပုံစံက သူတို့၏ အဆင့်အတန်းနှင့် လုံးဝ မအပ်စပ်ပေ။
ဤအခိုက်အတန့်မှာ မည်သူမှ ဟန်မူယဲ့ကို မကြည့်ဝံ့ကြချေ။
အစွမ်းထက် နတ်ဘုရားတစ်ပါး၏ အခွင့်အာဏာက သူတို့အားလုံးကို ကြောက်ဒူးတုန်စေသည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်မှ လျှပ်စီးတန်းများက မှေးမှိန်သွားပြီး ပျောက်ကွယ်သွားသည့်အခါ သူက သရုပ်တုံကင်ကို သာမန်ကာလျှံကာ ထုတ်လိုက်သည်။ ထို့နောက် သူက မထူးမခြားနား ပြောသည်။
“ တိုက်ပွဲအကျိုးပြုအမှတ်ဆယ်ဘီလီယံကို ကျုပ်လဲလှယ်ချင်တယ်… အဲ့ဒီအတွက် ဘာပြဿနာမှ မရှိဘူးမလား ”
သူ၏ စကားက ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူလေးယောက်ကို မျက်နှာအမူအရာ ပြောင်းလဲသွားစေသည်။
“ ဝေယွမ်မြို့စား… ကျုပ်တို့ရဲ့ ဝူလင်းကုန်းမြေမှာ မရှိ… ”
ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ခေါင်းဆောင်ကျင့်ကြံသူ၏ စကားမဆုံးမီ ကျောက်ဖင်းကျန်းက ကြားဖြတ်ပြောသည်။
“ ကိစ္စမရှိပါဘူး ”
…..
တစ်ရက်ကြာပြီးနောက် ဟန်မူယဲ့က ကျောက်ဖင်းကျန်းစီစဉ်ပေးသော အရင်းအမြစ်များကိုသာမက ဝူလင်းကုန်းမြေ၏ ရွှေအစောင့်အရှောက်နန်းတော် နှစ်ပေါင်းများစွာကြာအောင် သိမ်းဆည်းထားသော အရင်းအမြစ်များကိုလည်း တစ်ပါတည်း ယူဆောင်ကာ ထွက်သွားသည်။
ဟန်မူယဲ့ ထွက်သွားသည်ကို မြင်သောအခါ လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
“ အမတ်ကျောက်… ဝေယွမ်မြို့စားက ရွှေအစောင့်အရှောက်နန်းတော်ရဲ့ အရင်းအမြစ်တွေကိုပါ လုယက်သွားတာက နည်းနည်း တရားမလွန်ဘူးလား ”
“ ဟုတ်တယ်… သူက အင်မော်တယ်မင်းဆက်ကို လုံးဝ အလေးမထားဘူး ”
အာဏာရှင်တချို့က ခံပြင်းဒေါသထွက်သော အမူအရာဖြင့် ကျောက်ဖင်းကျန်းကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က နတ်ဘုရားတစ်ပါးဖြစ်သည်ဆိုလျှင်ပင် အင်မော်တယ်မင်းဆက်၏ အရာရှိများဖြစ်သော သူတို့ကို အနည်းငယ် မျက်နှာသာပေးသင့်သည်။
သို့သော် ဟန်မူယဲ့က သူတို့ကို နည်းနည်းမှ မျက်နှာသာမပေးဘဲ တိုက်ရိုက် ဖိနှိပ်ခဲ့သည်။ ယင်းက မည်သည့်အဓိပ္ပာယ်နည်း။
“ အမတ်ကျောက်… ကျောက်စိမ်းလေဟာပြင်တောင်အောက်မှာ အာဏာရှင်ခုနစ်ပါးက အခုထိ ဖိနှိပ်ခံထားရတုန်းပဲ ”
ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ကျောက်ဖင်းကျန်းကို တိုးညင်းစွာ ပြောသည်။
ကျောက်ဖင်းကျန်းက ခေါင်းယမ်းလိုက်သည်။
သူက လက်နှစ်ဖက်ကို အနောက်ပစ်လျက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
“ ဒီလောက်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ဆိုရင် အင်မော်တယ်မင်းဆက်အပေါ် မျက်နှာသာပေးဖို့ လိုဦးမှာလား ”
“ ဒီလောကမှာ နတ်ဘုရားဘယ်နှစ်ပါးက အင်မော်တယ်မင်းဆက်အပေါ် တကယ် ရိုသေလေးစားလို့လဲ ”
ထို့နောက် စိတ်ဝင်စားသော အမူအရာက ကျောက်ဖင်းကျန်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက နူးညံ့စွာ ရေရွတ်လိုက်သည်။
“ ဒါပေမဲ့ အခုချိန်က အင်မော်တယ်မင်းဆက် လှုပ်ရှားတော့မယ့်အချိန်ပဲ ”
“ ကျောက်ပုရှင်းက ဒီဝဲဂယက်ကို သူ့ဘာသာ ဖန်တီးခဲ့တာ… အဲ့ဒီတော့ ဒီဟာကို သူကိုယ်တိုင်ပဲ ဖြေရှင်းရမယ် ”
“ တကယ်လို့ ဟန်မူယဲ့က ဒီတစ်ခေါက် ကပ်ဘေးကို ကျော်လွှားနိုင်မယ်ဆိုရင် သူက ဝေဟွမ်မြို့စား တကယ်ဖြစ်လာလိမ့်မယ် ”
“ တကယ်လို့ သူမကျော်လွှားနိုင်ဘူးဆိုရင်… ”
…..
ဟန်မူယဲ့က ဟင်းလင်းပြင်ထဲမှာ ပျံသန်းနေစဉ် ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏ အနောက်တွင် အပြာရောင်တိမ်တိုက်များက ရုတ်ချည်း ထွက်ပေါ်လာကြပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို ချိပ်ပိတ်လိုက်သည်။
“ ငါမင်းကို လျော့တွက်ခဲ့မိတယ်ဆိုတာ ငါဝန်ခံတယ် ”
“ ကျောက်ကျင်းက မင်းဆီကနေ တိုက်ပွဲအကျိုးပြုအမှတ်နဲ့ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို အတင်းအဓမ္မ တောင်းဆိုခဲ့တယ်… ဒါကြောင့် ငါသူ့ကို သတ်ပစ်လိုက်တယ် ”
“ ဟန်မူယဲ့… ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ်… မင်းရဲ့ အမှားကို ဝန်ခံပြီး တော်ဝင်မြို့တော်က ရှုချန်းခန်းဆောင်ရဲ့ အပြင်ဘက်မှာ အနှစ်တစ်သောင်း ဒူးထောက်ပါ… ဒါဆိုရင် မင်းကို ဝေယွမ်မြို့စားအဖြစ် ဆက်ရှိစေမယ်… မင်း ဘယ်လိုသဘောရလဲ ”