စိတ်ဝိညာဉ်တာအိုအက်ကွဲမှု
Vol. 38 Ch. 523
“ဒေသအရှင်မချင်းယွီလား သိုင်းပညာရှင်(၁၅)ယောက်ထဲက တစ်ယောက်တဲ့လား”
ကျန်းရီက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သုန်မှုန်သည့် အမူအရာဖြင့် မေးမြန်းလိုက်တော့သည်။
“ဒေသအရှင်မက ဘယ်အဆင့် ရောက်ပြီလဲ”
ထောင်ဖေးက ရိုးရိုးသားသား ပြန်ပြောသည်။
“သခင် ဒေသအရှင်မ(၁၅)ယောက်လုံးက ဗာဂျရာနယ်ပယ် အဋ္ဌမအဆင့်ခွန်အားကို ပိုင်ဆိုင်ထားပါတယ် ကျွန်မတို့ရဲ့ဒေသသခင်မက ချင်းယွီက ဗာဂျရာနယ်ပယ်အမြင့်ဆုံးအဆင့်ကို ရောက်နေပြီ ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ဖို့ ခြေလှမ်းတစ်ဝက်ပဲ လိုပါတော့တယ်၊ ဒါပေမဲ့ သူမက ချင်မျိုးနွယ်စု ခေါင်းဆောင်ရဲ့ စိတ်ဝိညာဉ်တာအိုကွဲကြောင်းကို သန့်စင်ပြီး ကျင့်ကြံခဲ့တာကြောင့် ကောင်းကင်ဧကရာဇ်အဆင့်ကို ချိုးဖျက်တက်နိုင်ဖို့ အခွင့်အရေးက လျော့ကျသွားတယ်၊ ဒေသအရှင်မချင်းယွီက အသက်(၂၃)နှစ်ပဲ ရှိပါသေးတယ်၊ ဒါကြောင့် မတော်တဆတစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အချိန် ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်”
“ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်တဲ့လား အသက်(၂၃)နှစ်လား..”
ကျန်းရီက ထိတ်လန့်အံ့အားသင့်သွားသည်။ ဖီးနစ်အော်သံနေရာအနှံ့၌ ဗာဂျရာနယ်ပယ် သိုင်းပညာရှင် ရှိနိုင်သည်လော။ ကျန်းပိုင်လီသည် ကောင်းကင်ကြယ်တာရာနယ်မြေ၏ နံပါတ်တစ်ပါရမီရှင်ဟူ၍ လူသိများကြပေသည်။ သူ အသက်(၂၃)နှစ်အရွယ်သို့ ရောက်ချိန်၌ စိတ်ဝိညာဉ်မျောလွင့်ခရီးသွား အမြင့်ဆုံးအဆင့်တွင်သာ ရှိသေး၏။ ကျန်းရီက အသက်(၁၈)နှစ်သာ ရှိပြီး ဗာဂျရာနယ်ပယ်တွင် ပြိုင်ဘက် ကင်းမဲ့နေသည့်တိုင် သူ၏ခွန်အားအစစ်အမှန်ဟု သတ်မှတ်၍ မရပေ။ ယင်းက သတ်ဖြတ်ခြင်းဆန္ဒနှင့် တစ္ဆေမီးလျှံများကြောင့် ဖြစ်ပေသည်။
“ဒါ မဟုတ်ဘူး..”
သူက စဉ်းစားပြီးနောက် မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူက ဆက်လက်မေးမြန်းလိုက်တော့၏။
“ချင်မျိုးနွယ်စု ဘိုးဘေးရဲ့ စိတ်ဝိညာဉ်တာအိုအက်ကွဲမှုကို သန့်စင်ပြီး ကျင့်ကြံတာက ဘာကို ဆိုလိုတာလဲ၊ တာအိုဆိုတာက ကိုယ်တိုင် နားလည်သဘောပေါက်အောင် ဆင်ခြင်ရတာ မဟုတ်ဘူးလား”
အတွင်းအားကျင့်ရန်အတွက် အလွန်လွယ်ကူပေသည်။ ကောင်းကင်ကို ဖီဆန်သည့် သဘောထား ပိုင်ဆိုင်ထားသည့် သိုင်းပညာရှင်တိုင်းအတွက် ဧကရာဇ်နန်းတော်ကဲ့သို့ ကျင့်ကြံရေးလက်နက်တစ်မျိုးထဲတွင် လုံ့လဝီရိယရှိစွာ ကျင့်ကြံနိုင်၏။ သူ့အဖို့ အသက်(၂၀) ဝန်းကျင်၌ ဗာဂျရာနယ်ပယ်သို့ ရောက်ရန် မလွယ်ကူချေ။ သို့သော် ဗာဂျရာနယ်ပယ်သို့ ရောက်ရှိပြီးနောက် သူတို့သည် သူတို့၏ ခွန်အားနှင့်အဆင့်ကို တိုးတက်ရန်အတွက် တာအိုကို နားလည်သဘောပေါက်အောင် ဆင်ခြင်ရပေမည်။
ကောင်းကင်နှင့် မြေကြီး၏တာအိုပုံစံက အသေးစိတ်ကျသော အမှန်တရားများ ဖြစ်ပေသည်။ ယင်းက နိယာမ၊ အနှစ်သာရနှင့် ကောင်းကင်နှင်မြေကြီး၏မူလပင် ဖြစ်သည်။
ထိုတာအိုကို အလိုအလျောက် ဖမ်းဆုပ်၍သာရပြီး စကားလုံးများဖြင့် လွဲပြောင်း၍ မရပေ။
အစောပိုင်း၍ ကျန်းရီသည် ဟယ်လောင်ထံ တာအိုသဘောတရား သင်ပေးရန်အတွက် တောင်းဆိုသည့် အချိန်တွင် ကျန်းရီကို ငြင်းပယ်ခဲ့သည်။ ထိုသို့သော အရာမျိုးကို သင်ယူခဲ့လျှင် သင်ယူသူသည် မှားယွင်းသော လမ်းကြောင်းထဲသို့ ဝင်မိသွားနိုင်ပြီး သူတို့သည် တာအိုကို ဘယ်တော့မှ နားလည်သဘောပေါက်မှာ မဟုတ်ဟူ၍ ကျန်းရီအား ပြောခဲ့သည်။
ယခု ကျန်းရီသည် ဖော်ပြချက် အသစ်တစ်ခုကို ကြားခဲ့ရ၏။
“စိတ်ဝိညာဉ်တာအိုကွဲကြောင်းကို သန့်စင်တာတဲ့လား၊ တာအိုပုံစံကို သန့်စင်နိုင်တာလား။ ဆိုလိုတာက သူတို့တွေက ပညာရှင်တွေ ဖန်တီးနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား”
“သခင်.. သခင်တွေးနေသလိုမျိုး မဟုတ်ပါဘူး” ထောင်ဖေးက ကျန်းရီ စိတ်ရှုပ်ထွေးနေတာကို မြင်နေရ၏။ ထို့ကြောင့် သူမက ရှင်းပြလိုက်သည်။
“ကျွန်မတို့ ဖီးနစ်အော်သံနယ်မြေရဲ့ ကျွမ်းကျင်သူတွေအပြင် တခြားသူတွေက ဒီစိတ်ဝိညာဉ်တာအို ကွဲကြောင်းတွေကို သန့်စင်ဖို့ ဘယ်သူမှ မလုပ်နိုင်ဘူး၊ ဒီစိတ်ဝိညာဉ်ကွဲအက်မှုက သေမင်းတံခါးဝမှာ ရောက်နေပြီဖြစ်တဲ့ ကျွန်မတို့ နယ်မြေရဲ့သိုင်းပညာရှင်ကြီးတွေက မှော်စွမ်းအားတွေ အများကြီးကို သိပ်သည်းပြီး တာအိုပုံစံ နားလည်သဘောပေါက်မှုတွေ ပါဝင်နေတဲ့ သူတို့ရဲ့စိတ်ဝိညာဉ်အက်ကွဲမှုကို သူတို့ရဲ့ မျိုးဆက်တွေနဲ့ ပေါင်းစည်းခွင့် ပေးလိုက်ပြီး သူ့ထဲမှာ ပါတဲ့ တာအို ပုံစံကို ကိုးကားစေချင်တာပဲ၊ ဒါပေမဲ့ အဲဒီတာအိုပုံစံတွေက သူတို့တွေ နားလည်သဘောပေါက်တာ မဟုတ်ဘဲ သူတို့ရဲ့သက်ကြီးမျိုးဆက်တွေ နားလည်သဘောပေါက်တာ ဒီအတွက် သူတို့ရဲ့ တိုးတက်မှုက သိသိသာသာ ဆုတ်ယုတ်သွားတာလေ”
“အခု ငါ သိသွားပြီ”
ယနေ့တွင် ကျန်းရီက အမှန်တကယ် အမြင်ကျယ်လာပေ၏။ ဤအံ့ဩဖွယ်ကောင်းသည့် ကွဲပြားခြားနားသော လောကထဲတွင် မည်သည်ကိုမှ အလကား မရနိုင်ချေ။ သေဆုံးခါနီးပြီ ဖြစ်သော အကြီးအကဲတစ်ဦးက သူတို့ တစ်ဘဝလုံးစာ သင်ယူခဲ့သမျှ အရာအားလုံးကို စိတ်ဝိညာဉ်အက်ကွဲမှုထဲ သိပ်သည်းပြီး သူတို့၏ မျိုးဆက်များကို လက်ဆင့်ကမ်းခဲ့သည်။ မျိုးဆက်သစ်များက ထိုစိတ်ဝိညာဉ်အက်ကွဲမှုအရ တာအိုပုံစံများကို ဆင်ခြင်ကြတာပဲ ဖြစ်သည်။ ဤနည်းဖြင့် သူတို့သည် မှားယွင်းသော လမ်းကြောင်းဆီသို့ လျှောက်လှမ်းမိမှာ မဟုတ်ချေ။
နားလည်သဘောပေါက်ခြင်းနှင့် နားလည်အောင် ပြုလုပ်ခြင်း ဟူသည့် အဓိပ္ပာယ်က ကွဲပြားနိုင်ပေ၏။ သို့သော် သူတို့နှစ်ခုကြားရှိ သွေဖယ်မှုက မိုးနှင့်မြေနှယ် ဖြစ်နေသည်။
နားလည်သဘောပေါက်ခြင်းဟူသည် အခြားသူများထံမှ သင်ယူ၍ မရသော အရာဖြစ်သည်။ လူတစ်ယောက်၏နားလည်မှု စမ်းသဝါးဝါး ဖြစ်မှု ကောင်းကင်နှင့်မြေကြီးကို ဖြတ်ကျော်လျက် အတွေ့အကြုံတို့ကနေသာ ရနိုင်တာဖြစ်သည်။
နားလည်သဘောပေါက်အောင် ဆင်ခြင်ခြင်းက သင်ကြားမှုများမှ လေ့လာနိုင်သည်။ သူတို့က စိတ်ဝိညာဉ်အက်ကွဲမှုထဲတွင် ပါဝင်သည့် တာအိုပုံစံများအရ သင်ယူနိုင်ပေသည်။ ထူးခြားသော အဆင့်သို့ ရောက်သွားသည်နှင့် သူတို့သည် တာအိုပုံစံကို အပြည့်အဝ နားလည်သဘောပေါက်သွားပြီဟု ဆိုလိုတာပဲ ဖြစ်သည်။ သို့သော် ယင်းက သင်ယူသူသည် တာအိုပုံစံကို အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိ ကောင်းကင်နှင့်မြေကြီး၏ နောက်ကွယ်ရှိ အမှန်တရားကို စစ်မှန်စွာ နားလည်ခြင်းမရှိဟု ဆိုလိုပေ၏။ ယင်းက ပုံစံကို သင်ယူနေသော်ငြား နောက်ကွယ်ရှိ စိတ်ဝိညာဉ်ကို မသိတာနှင့် ဆင်တူနေပေ၏။
ထို့ကြောင့် နောင်တွင် တာအိုပုံစံများကို ထပ်ပေါင်းထည့်ရန် စိတ်ဝိညာဉ်တာအို အက်ကွဲမှုကို သန့်စင်သည့်သူများအတွက် အဆင့်တစ်ဆင့်တက်ဖို့က ပိုတောင်ခက်ခဲသွားမှာပဲ ဖြစ်သည်။ သူတို့သည် တာအိုပုံစံနောက်ကွယ်ရှိ သဘောတရားကို အပြည့်အဝ နားမလည်သောကြောင့် ကွဲပြားခြားနားသည့် တာအိုပုံစံသုံးမျိုးကို မည်သို့ ပေါင်းစည်းနိုင်မည်နည်း။
ကျန်းရိက နောက်ဆုံးတွင် ထိုနောက်ကွယ်မှ အကြောင်းအရင်းကို ဖော်ထုတ်နိုင်သွားပြီ ဖြစ်သည်။ သို့သော် ဖီးနစ်အော်သံနယ်မြေ၏ ဘိုးဘေးများအတွက် သူ၏လေးစားမှုက မလျော့သွားပေ။
စိတ်ဝိညာဉ်တာအိုပုံစံ အက်ကွဲမှုကို သိပ်သည်းနိုင်သည့် အရည်အချင်း ပိုင်ဆိုင်ထားခြင်းက မျိုးဆက်သစ်များကို တိုးတက်မှုရပ်တန့်စေတာမျိုး မဖြစ်နိုင်လောက်ပေ။ သို့သော် အနည်းဆုံးတော့ သူတို့၏ မူလအဆင့်ကို ထိန်းသိမ်းထားနိုင်အောင် ကူညီပေးနိုင်မှာပဲ ဖြစ်သည်။ သူတို့၏ မျိုးနွယ်စုကို မျိုးဆက်များစွာအထိ ဆက်လက်တည်တံ့စေနိုင်ပြီး ဖီးနစ်အော်သံနယ်မြေထဲ၌ သူတို့၏စွမ်းအားများကို ထိန်းသိမ်းထားစေနိုင်မှာ ဖြစ်သည်။
မျိုးနွယ်စုတစ်စု၏ ခွန်အားဖြင့် ကာကွယ်ပေးထားခြင်းဖြင့် ယင်း မရေမတွက်နိုင်သော အရင်းအမြစ်များစွာကို ပိုင်ဆိုင်ရရှိနိုင်ပေမည်။ ပြီးနောက် သူတို့သည် ပညာရှင်များကို ပိုတောင် ပြုစုပျိုးထောင်နိုင်ရန်အတွက် ထိုအရင်းအမြစ်များကို အားထားရမှာပဲ ဖြစ်သည်။ နောင်မျိုးဆက်သစ်များထဲ၌ ခြွင်းချက်မရှိ ကျွမ်းကျင်သူတစ်ဦး မွေးဖွားလာတာ ဖြစ်နိုင်ပြီး သူတို့က ကောင်းကင်ဧကရာဇ်အဆင့် သို့မဟုတ် ထိုထက် ပိုမြင့်သည့် အဆင့်ကို တက်သွားတာလည်း ဖြစ်နိုင်၏။
“ကျန်တဲ့ သိုင်းပညာရှင်(၁၄)ယောက်ကရော တာအိုပုံစံအက်ကွဲမှုကို သန့်စင်ခဲ့တာလား၊ ဒါ့အပြင် မင်းတို့ရဲ့ဧကရီက ကောင်းကင်ဧကရာဇ်အဆင့်လို့ မပြောခဲ့ဘူးလား သူကရော ဒီနည်းလမ်းကို သုံးတာပဲလား”
ကျန်းရီက ဆက်လက်မေးမြန်းနေ၏။ သူတို့က စိတ်ဝိညာဉ်တာအိုပုံစံ အက်ကွဲမှုအားလုံးကို သန့်စင်ခဲ့လျှင် သူတို့ကို သူ ကြောက်နေရန် မလိုပေ။ အပေါ်ယံတွင် သူတို့က ဗာဂျရာနယ်ပယ်အမြင့်ဆုံးအဆင့် ခွန်အား ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ပေမည်။ သို့သော် သူတို့၏ ခွန်အားအစစ်အမှန်က ဗာဂျရာနယ်ပယ် ပဉ္စမအဆင့်တွင်သာ ရှိလောက်မည်မလား။ သူတို့သည် တာအိုပုံစံကို အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိသည့်အတွက် သူတို့က ဖြုံလောက်သည့် တိုက်ကွက် မည်သို့ ဖော်ဆောင်နိုင်မည်နည်း။
ထောင်ဖေးက အနည်းငယ် တွေးဆပြီးနောက် ပြန်ပြောလိုက်သည်။
“သူတို့ထဲက တချို့ပဲ သုံးတာပါ၊ အဓိကမျိုးနွယ်စု(၁၅)စုထဲမှ သူတို့ကိုယ်တိုင် အဆင့်တက်နိုင်ခဲ့တဲ့ မျိုးဆက်တွေ ရှိခဲ့ရင် သူတို့က စိတ်ဝိညာဉ်တာအိုပုံစံ အက်ကွဲမှုကို ဘယ်တော့မှ မသုံးကြဘူး၊ ဘာလို့လဲ ဆိုတော့ အဲဒီအက်ကွဲမှုတွေကို သိပ်သည်းဖို့ အင်မတန်ခက်ခဲပြီး ကျရှုံးနိုင်ခြေကလည်း များတာကြောင့် မလိုအပ်ဘဲ သူတို့ရဲ့မျိုးဆက်တွေကို သန့်စင်ခွင့် မပေးထားဘူးလေ အသုံးပြုမှုတိုင်းက သူတို့ရဲ့သိမ်းဆည်းထားမှုကို လျော့နည်းသွားစေတယ်လေ..”
“အမ်.. ကျွန်မတို့ ဧကရီကတော့..”
ထောင်ဖေး၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ပေါ်လာပြီးနောက် ခေါင်းခါလိုက်သည်။
“လွန်ခဲ့တဲ့သုံးနှစ်မှာ လုနှစ်မှာ ဧကရီက ထီးနန်းပလ္လင်ကို ဆက်ခံတဲ့အချိန် သူက ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်ပြီးတာ ကြာပြီလို့ပဲ သတေင်းရရှိပါတယ်၊ ဒါပေမဲ့ သိုင်းပညာရှင်(၁၅)ယောက်အပြင် ကျန်တဲ့သူတွေက ဧကရီကို တစ်ခါမှ မတွေ့ဖူးပါဘူး၊ ကောလာဟလတွေအရ ဧကရီက အသက်သိပ်မကြီးသေးဘဲ အသက်(၂၀)သာ ရှိသေးတယ်လို့ ပြောကြတယ်”
“သေစမ်း..”
ကျန်းရီက သူ့မျက်လုံးကို ပွတ်လိုက်၏။
ကောင်းကင်ဧကရာဇ်အဆင့်ကို အသက်(၂၀)မှာ ရောက်တယ်တဲ့လား၊ သူက အဲဒီအဆင့်ကို ရောက်နိုင်ဖို့ သူ့အရည်အချင်းကိုပဲ အားကိုးခဲ့တာ ဆိုရင် ကျန်းရီက တိုဟူးသွားဝယ်ပြီး သူ့ကိုယ်သူသေအောင် ခေါင်းကို ထုလိုက်တော့မယ်။
အမ်.. ဒီဧကရီကို လျစ်လျူရှုထားလိုက်ရအောင် ငါက အရှေ့ပိုင်းတော်ဝင်နယ်မြေရဲ့မြေပုံရဖို့ပဲ ဆန္ဒရှိတာလေ။ ဒေသအရှင်မ ချင်းယွီကို ဆွဲချဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ တွေးကြရအောင်။
ကျန်းရီက စိတ်ထဲ၌ တွေးတောနေပြီး ချက်ချင်းပင် ပြန်ပြောလိုက်၏။
“ဒေသသခင်မချင်းယွီရဲ့ တည်နေရာက ဘယ်မှာလဲ အဲဒီမြို့မှာ ကျွမ်းကျင်သူတွေ ဘယ်နှစ်ယောက် ရှိလဲ ဒေသသခင်မချင်းယွီက အင်မတန် အစွမ်းထက်တာလား”
“ကြိမ်ပင်နက်မြို့က အရှေ့ပိုင်းမှာ တည်ရှိတယ်၊ ဒီနေရာကနေ သွားမယ်ဆိုရင် လေးရက်လောက် အချိန်ယူရမှာ၊ ချင်းမျိုးနွယ်စုမှာ ဗာဂျရာနယ်ပယ်သိုင်းပညာရှင်(၅)ဦးရှိတယ် သူတို့ထဲက နှစ်ယောက်က အမြင့်ဆုံးအဆင့်မှာပဲ.. စိတ်ဝိညာဉ်မျောလွင့်ခရီးသွား သိုင်းပညာရှင်တစ်သိန်းနဲ့ စစ်သည်တော်တစ်သန်း ရှိတယ် ကျွန်မတို့ရဲ့မြို့သခင်မက စိတ်ညှို့ခြင်းအတတ်နဲ့ နာမည်ကျော်ကြားတယ် သူ့မှာ တခြားအရည်အချင်းတွေ ရှိလားဆိုတာ ကျွန်မမသိဘူး”
ထောင်ဖေးက သူမ၏ ဝိညာဉ်ချိပ်ကို ကမ်းလှမ်းခဲ့ပြီး ဖြစ်ရာ ကျန်းရီထံတွင် သူမကိုယ်သူမ နှစ်မြှုပ်ထားပြီး ဖြစ်သောကြောင့် မည်သည့်လျှို့ဝှက်ချက်ကိုမျှ ထပ်မဖုံးကွယ်ရဲတော့ချေ။
“ဒီလောက်များတဲ့ ကျွမ်းကျင်သူတွေ တကယ်ရှိလား”
ကျန်းရီက ထိတ်လန့်အံ့အားသင့်သွား၏။ နတ်ဆိုးဧကရီနှင့် တုကူချိုး ပြောတာ မှန်နေပုံရသည်။ ကောင်းကင်ကြယ်တာရာနယ်မြေက သေးလွန်းနေ၏။ ဖီးနစ်အော်သံနယ်မြေ၏ ဒေသသခင်မ၏ မြို့ထဲတွင် ရှိသော ကျွမ်းကျင်သူ အရေအတွက်က ကောင်းကင်ကြယ်တာရာနယ်မြေထဲရှိ ကျွမ်းကျင်သူ သုံးပုံတစ်ပုံနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ ကောင်းကင်ကြယ်တာရာနယ်မြေက ဒီလောက်သေးတယ် ဆိုမှတော့ လောကကြီးက ကောင်းကင်ကြယ်တာရာနယ်နိမိတ်လို့ ဘာလို့ ခေါ်တာလဲ။ ကောင်းကင်ကြယ်တာရာနယ်မြေက ကောင်းကင်ကြယ်တာရာနယ်နိမိတ်ဆိုပြီး ပေးထားတာလား။
ကျန်းရီ၏ စိတ်ထဲ၌ သံသယများ ပေါ်လာပြီးနောက် သူက ဆက်လက်မေးမြန်းတော့သည်။
“စိတ်ညှို့ခြင်းအတတ်လား ဘယ်လို စိတ်ညှို့တာလဲ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်တဲ့ အရည်အချင်းလား..”
“မဟုတ်ဘူး အဲဒါ မမှန်ပါဘူး” ထောင်ဖေးက ရှင်းပြလိုက်၏။
“ချင်းမျိုးနွယ်စုရဲ့ဘိုးဘေးက ကောင်းကင်နဲ့မြေကြီး စိတ်ဝိညာဉ်တာအို ပုံစံတစ်မျိုးကို နားလည်သဘောပေါက်ခဲ့တယ်၊ ဒီတော့ စိတ်ညှို့ခြင်းအတတ်က အရည်အချင်းတစ်ခု မဟုတ်ဘဲ တာအိုပုံစံတိုက်ကွက်တစ်ကွက်ပဲ၊ အဲဒီတာအိုပုံစံ တိုက်ကွက်က သိပ်ကို ကြောက်မက်ဖွယ် ကောင်းတယ်၊ အထီးအမမရွေး ဘယ်သူ့အပေါ်မှာမဆို အသုံးပြုနိုင်တယ်လေ၊ ပစ်မှတ်ထားခံရတဲ့လူရဲ့ စိတ်ဝိညာဉ်က ထိတ်လန့်တဲ့ အခြေအနေထဲ ဝင်ရောက်သွားပြီး သူ ဘယ်လို သေလဲတောင် သိလိုက်မှာ မဟုတ်ဘူး..”
“ကောင်းပြီ ငါနားလည်ပြီ”
ကျန်းရီက ခေါင်းညိတ်ပြီးနောက် လက်ကာပြလိုက်သည်။
“ထောင်ဖေး မင်းရဲ့ဒဏ်ရာတွေကို အရင်သွားကုလိုက် ဒဏ်ရာပျောက်ကင်းသွားပြီ ဆိုတာနဲ့ ငါ့ကို ကြိမ်ပင်နက်မြို့ကို ခေါ်သွားပေး၊ အရှေ့ပိုင်းတော်ဝင်နယ်မြေရဲ့ မြေပုံကို ရတဲ့အချိန် မင်းကို လွတ်လပ်ခွင့် ပေးမယ်”
ထောင်ဖေး၏ အသားအရောင်က ပြောင်းလဲသွားပြီးနောက် ကြောက်လန့်တကြား ပြောသည်။
“သခင့်ကို အဲဒီကို ခေါ်သွားပေးရမှာလား ဒေသအရှင်မသာ သိသွားခဲ့ရင် ဒီကိစ္စပြီးတာနဲ့ ကျွန်မသေချာပေါက် သေမှာပဲ”
ကျန်းရီက ကောက်ကျစ်သော်ငြား ဆွဲဆောင်မှုရှိသည့် အပြုံးမျိုး ပြုံးပြပြီးနောက် ပြန်ပြောလိုက်သည်။
“မင်းမှာ တခြားရွေးချယ်စရာ ရှိသေးလို့လား”
***