အခန်း (၁၆၉၉)
Vol. 122 Ch. 1699
အခန်း(၁၆၉၉)
သုံးပေရှည်လျားသော ဓားက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားစဉ် လျှပ်စီးတန်းများက ဓားထိပ်ဖျားပေါ်မှာ စုဝေးသွားကြသည်။ ဓားအလင်းက မိုးကောင်းကင်တစ်ခွင် ဖြန့်ကြက်သွားသည်နှင့် ဘီလီယံနှင့်ချီသော မိုးကြိုးသွားများက ဟင်းလင်းပြင်ထဲမှ ဆင်းသက်လာကြပြီး မိုးမြေကို ဖုံးလွှမ်းသွားကြသည်။
ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ရွှေရောင်ဧရာမလက်ဝါးက မိုးကြိုးဓားနှင့် ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ မဟာပန်သွန်ဘုံတစ်ခုလုံး တုန်လှုပ်သွားသည်။
ထိုမိုးကြိုးဓားသည် နတ်ဘုရားများကို သတ်ပစ်နိုင်သည်။
“ ဂျိန်း ဂျိန်း ဂျိန်း ”
ကျယ်လောင်သော မိုးခြိမ်းသံများ ဆက်တိုက် ပဲ့တင်ထပ်သွားသည့်အခါ အဆုံးမဲ့သော မိုးကြိုးသွားများက နန်းမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အဝေးမှ ကြည့်လျှင် ဧရာမမိုးကြိုးနဂါးတစ်ကောင်က နန်းမြို့တော်ကို အပေါ်မှ လွှမ်းခြုံထားဟန် ရ၏။
မိုးကြိုးတချို့က အရပ်မျက်နှာအသီးသီးဆီသို့ ကျဆင်းသွားသည့်အခါ ကောင်းကင်နှင့် မြေပြင်က အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
ထိုတိုက်ခိုက်မှုသည် မိုးမြေကြားထဲမှ မူလစွမ်းအားကို တုန်ယင်သွားစေသည်။
“ ပြီးပြည့်စုံတဲ့ နတ်ဘုရားအဆင့် မိုးကြိုးတာအိုစွမ်းအား ”
“ ဓားကို အသုံးပြုပြီး မိုးကြိုးကို အမိန့်ပေးတယ်… သူ့ရဲ့ ဓားကျင့်ကြံခြင်းကလည်း မိုးကြိုးတာအိုထက် မနိမ့်လောက်ဘူး ”
နန်းမြို့တော်ထဲတွင် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံနန်းတော်အရှေ့တွင် မရေမတွက်နိုင်သော ပုံရိပ်များ ထွက်ပေါ်လာကြသည်။ သူတို့က ခေါင်းမော့လိုက်ကြပြီး ကောင်းကင်ပေါ်မှ မိုးကြိုးများကို တည်ကြည်လေးနက်သော မျက်နှာဖြင့် ကြည့်လိုက်ကြသည်။
ရွှေရောင်လက်ဝါးက အပိုင်းပိုင်းအစစ အက်ကွဲသွားသည့်အခါ ယွင်ကျိနတ်ဘုရင်၏ မျက်နှာက သုန်မှုန်သွားပြီး သူ၏ ခန္ဓာကိုယ်က အနောက်သို့ ယိုင်တိယိုင်တိုင် ဆုတ်သွားသည်။
ဟန်မူယဲ့၏ မိုးကြိုးဓားထဲမှာ ကိန်းအောင်းနေသော စွမ်းအားက သူမျှော်လင့်ထားသည်ထက် အများကြီး ကျော်လွန်နေသည်။ သူက နန်းမြို့တော်၏ မဟာဝင်္ကပါစွမ်းအားကို ချေးငှား၍ ဦးစွာတိုက်ခိုက်ခဲ့သော်လည်း ဟန်မူယဲ့၏ ဓားတစ်ချက်ကို မခုခံနိုင်ခဲ့ပေ။
ဒီလောက် အစွမ်းထက်တဲ့ ဓားနတ်ဘုရားတစ်ပါးက ဘယ်တုန်းက မဟာပန်သွန်ဘုံထဲမှာ ထွက်ပေါ်လာတာလဲ… ။
“ ဟန်မူယဲ့… မင်းက မဟာပန်သွန်ဘုံနဲ့ အင်မော်တယ်မင်းဆက်ကို ရန်ပြုနေတယ်ဆိုတာ သိရဲ့လား ”
ယွင်ကျိနတ်ဘုရင်က ဟန်ချက်ပြန်ထိန်းလိုက်ပြီး အရှေ့သို့ မော့ကြည့်ကာ အော်ပြောလိုက်သည်။
အကယ်၍ ကောင်းကင်ပေါ်မှာသာ ရွှေရောင်အလင်းအကာအကွယ်မရှိနေလျှင် သူက ဟန်မူယဲ့ကို ထိုသို့မျက်နှာချင်းဆိုင်ဝံ့လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း အကယ်၍ သူက အနောက်ဆုတ်သွားမည်ဆိုလျှင် သူ၏ ဂုဏ်သိက္ခာကို ဆက်ပြီး ထိန်းသိမ်းနိုင်ဦးမည်လော။
“ အင်မော်တယ်မင်းဆက်ကို ရန်ပြုတယ်လား ”
ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ အပိုင်းပိုင်းအစစ အက်ကွဲသွားခဲ့သော ဓားအလင်းက သူ၏ လက်ဖဝါးပေါ်မှာ ပြန်စုဝေးသွားသည်။
“ ယွင်ကျိ… ခင်ဗျားက နန်းမြို့တော်ကို ကိုယ်စားပြုဖို့ အရည်အချင်းမရှိသလို အင်မော်တယ်မင်းဆက်ကို ကိုယ်စားပြုဖို့လည်း အရည်အချင်းမရှိဘူး ”
ဟန်မူယဲ့၏ အသံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူ၏ လက်ဖဝါးပေါ်မှ ဓားအလင်းက တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ထိုဓားအလင်းက ဂုဏ်သိက္ခာကြီးမြတ်သော ယွင်ကျိနတ်ဘုရင်ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။
“ သတ် ”
သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် ရင်ဆိုင်ရသောအခါ ယွင်ကျိနတ်ဘုရင်သည် သူ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။ သူက ကျယ်လောင်စွာ အော်လိုက်လေရာ ရွှေရောင်အလင်းတန်းက ပေါ်လျှိုးလာသည်။
ကောင်းကင်ဘုံအစောင့်တပ်… ။
ယွင်ကျိနတ်ဘုရင်က ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်တစ်ခုကို ပိုင်ဆိုင်ထားလေရာ အင်မော်တယ်မင်းဆက်၏ ကောင်းကင်ဘုံအစောင့်တပ်ကို ဆင့်ခေါ်နိုင်သော အခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။
ကောင်းကင်ဘုံအစောင့်တပ်ထဲတွင် အနည်းဆုံး နတ်သခင်ငါးပါးက သူတို့၏ ပုံရိပ်ကို ထုတ်ဖော်လိုက်ကြသည်။
နတ်ဘုရားများ၏ ဦးဆောင်မှုအောက်မှာ ကောင်းကင်ဘုံအစောင့်စစ်သည်များ ဖွဲ့စည်းလိုက်သော တိုက်ပွဲဝင်္ကပါ၏ အရှိန်အဝါက အချင်းမိုင်တစ်သန်းဧရိယာကို တုန်ယင်သွားစေသည်။
တိုက်ပွဲဝင်ရွှေရောင်စစ်သူကြီးငါးပါးက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြပြီး သူတို့၏ စစ်ပွဲလက်နက်များဖြင့် ဟန်မူယဲ့ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်ကြသည်။
“ ခုခံကာကွယ်ကြ ”
ဟွမ်ကျစ်ဟူက အော်လိုက်သည်နှင့် ထွန်းလင်းတောက်ပသော ဓားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။
သူ့အနောက်မှ ဓားကျင့်ကြံသူအားလုံးက ဝင်္ကပါတစ်ခုကို အမြန်ဖွဲ့စည်းလိုက်ကြသည်။ သူတို့၏ ဓားအလင်းတန်းများက အတူတကွ ပေါင်းစည်းသွားကြပြီး နတ်သခင်ငါးပါး၏ တိုက်ပွဲဝင်္ကပါစွမ်းအားကို ခုခံတားဆီးလိုက်ကြသည်။
သူတို့၏ ဓားဝင်္ကပါက ပြိုကွဲလုနီးပါး အခြေအနေမှာရှိနေသော်လည်း သူတို့က နတ်သခင်ငါးပါး ထိန်းချုပ်ထားသော တိုက်ပွဲဝင်္ကပါစွမ်းအားကို ခုခံတားဆီးနိုင်ခဲ့ကြောင်း ထင်ရှားပေသည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ အစိမ်းရောင် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
“ ကောင်းကင်ဘုံအစောင့်တပ်က ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို မမှတ်မိဘူးဆိုရင် ဒီလောကမှာ ကောင်းကင်ဘုံအစောင့်တပ် နောက်ထပ် တည်ရှိနေစရာမလိုတော့ဘူး ”
ဟန်မူယဲ့က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ မိုးကြိုးစွမ်းအားက လွင့်ပြယ်သွားပြီး မှိန်ဖျော့သော ဓားအလင်းတစ်ခုသာ ကျန်နေခဲ့သည်။
ထိုမြင်ကွင်းကို အပြင်လူများ မြင်သွားသောအခါ သူတို့က စိတ်မကောင်းစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့၏ အမြင်တွင် ဟန်မူယဲ့က နန်းမြို့တော်၏ အကာအကွယ်အလွှာကို မချိုးဖြတ်နိုင်သောကြောင့် လက်လျော့လိုက်ဟန် ရသည်။
သို့တိုင် ဟန်မူယဲ့က မိုးကြိုးစွမ်းအားကို ပြန်ရုပ်သိမ်းလိုက်သည့်အခိုက် နန်းမြို့တော်ထဲတွင် ကြီးမားသော အင်အားနှစ်မျိုး ပေါ်ထွက်လာကြသည်။
“ အတိတ်မှာ ဓားကွက်တစ်ကွက်ကို ကျုပ်ကျင့်ကြံခဲ့တယ်… ဓားတစ်သောင်းက ဓားတစ်လက်တည်း ပေါင်းစည်းသွားခြင်း… ”
“ အဲ့ဒီဓားကွက်က မဟာပန်သွန်ဘုံက အင်မော်တယ်မင်းဆက်ရဲ့ နန်းမြို့တော်ရဲ့ အရှိန်အဟုန်ကို ချိုးဖြတ်ဖို့ လုံလောက်ပါတယ် ”
ဟန်မူယဲ့၏ အသံ ပဲ့တင်ထပ်သွားသည်နှင့် ဓားအလင်းက သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
ယင်းက သာမန်ဓားအလင်း မဟုတ်ပေ။ ယင်းအစား ဓားအလင်းတစ်သောင်းက တစ်ခုတည်း ပေါင်းစည်းနေခြင်း ဖြစ်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ဓားအလင်းတန်းက ပိုပြီးစူးရှတောက်ပလာသည်။
ဤအခိုက်အတန့်မှာ ယင်းက ဓားအလင်းတစ်သောင်း၏ ပေါင်းစည်းမှုမဟုတ်တော့ပေ။ ယင်းအစား ဓားအလင်းဆယ်သန်း၏ ပေါင်းစည်းမှု ဖြစ်သည်။
ထို့နောက် အဆုံးမဲ့သော ဓားအလင်းများက ဆက်လက် စုစည်းသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော ဓားရှည်တစ်လက်က ဟန်မူယဲ့၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
ထိုဓားထွက်ပေါ်လာသည်နှင့်ချက်ချင်း နန်းမြို့တော်ထဲမှ နတ်သခင်အများအပြားက လေထဲသို့ ပျံသန်းသွားကြပြီး ရှိန်လောက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။
“ သတိထားကြ… အဲ့ဒီဓားက အရမ်းအားကောင်းတယ် ”
“ အဲ့ဒါ ဓားနတ်ဘုရားရဲ့ စွမ်းအား ”
“ သူ့ရဲ့ တိုက်ပွဲစွမ်းအားက ငါ့ရဲ့ ဝိညာဉ်ကို တုန်ယင်စေတယ်… အံ့ဩစရာပဲ ”
တိုးညင်းသော အာမေဋိတ်သံများက မြို့တော်ထဲမှာ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ အနည်းဆုံး နတ်သခင်အပါးသုံးဆယ်က မြို့တော်ထဲမှာ ထွက်ပေါ်လာကြသည်။
ထိုစဉ် ဟန်မူယဲ့၏ လက်ထဲမှ ဓားအလင်းက ပြိုင်ဘက်ကင်း ထွန်းလင်းတောက်ပမှုကို ထုတ်လွှတ်နေသည်။
“ ဒီဓားကွက်ရဲ့ နာမည်က ‘ ဓားတစ်သောင်းတို့ အိမ်အပြန် ’ ”
ဟန်မူယဲ့က တိုးညင်းစွာ ရေရွတ်လိုက်သည်။
ဤအခိုက်အတန့်မှာ သူက အတိတ်မှ အံ့ဖွယ်ကိုးပါးတောင်ပေါ်သို့ ပြန်ရောက်သွားဟန် ရသည်။
သူက ကျမ်းစာဆောင်ထဲမှာ ရပ်နေပြီး အကြီးအကဲမိုယွမ်ထားခဲ့သော ရှေးဟောင်းစာအုပ်ကို ဖတ်ရှုနေသည့်အလားပင်။
“ ဓားတစ်သောင်းတို့ အိမ်အပြန် ”
ဓားအလင်းများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
အသင်္ချေဓားအလင်းများက ဘီလီယံနှင့်ချီသော ကြယ်များကိုသာမက သူရိန်နေမင်းကိုလည်း ဖုံးကွယ်သွားသည်။
ဘီလီယံနှင့်ချီသော ဓားအလင်းများက တစ်ခုတည်း ပေါင်းစည်းသွားသည့်အခါ မိုးမြေကြားထဲမှ မည်သည့်အတားအဆီးကိုမဆို ချိုးဖြတ်နိုင်လိမ့်မည်။
မဟာပန်သွန်ဘုံထဲမှ နန်းမြို့တော်၏ အကာအကွယ်ဝင်္ကပါသည်ပင် ချွင်းချက်မဟုတ်ပေ။
ပြိုင်စံရှားဓားအလင်းတန်းသည် မိုးမြေကို ထက်ခြမ်း ပိုင်းဖြတ်သွားရုံသာမက ယွင်ကျိနတ်ဘုရင်၏ ဦးခေါင်းပေါ်သို့လည်း တန်းမတ်စွာ ကျဆင်းသွားသည်။
ယွင်ကျိနတ်ဘုရင်က ထွက်ပြေးရန် ကြိုးစားချင်သော်လည်း အလွန်နောက်ကျသွားချေ၏။ သူ၏ ခန္ဓာကိုယ်က ထိုဓားအလင်းအောက်မှာ တိုက်ရိုက် အက်ကွဲသွားသည်။
ဓားအလင်းတန်းက အရှေ့သို့ ဆက်လက် ပျံသန်းသွားပြီး နန်းမြို့တော်ပေါ်သို့ ကျဆင်းသွားသည်။
အချင်းမိုင်သုံးထောင်အတွင်းမှ တောင်တန်းများနှင့် မြစ်ချောင်းများက ဓားအလင်းတန်း၏ အဖျက်စွမ်းအားကြောင့် ပြိုကျပျက်စီးသွားကြပြီး ကုန်းမြေအများအပြားက တိုက်ရိုက် အက်ကွဲသွားကြသည်။
နန်းတော်ထဲမှ ခန်းဆောင်များသည်လည်း ထိုဓားအလင်းအောက်မှာ ပြာပုံဖြစ်သွားကြသည်။
နတ်သခင်တစ်ပါးပြီးတစ်ပါးက ထိုဓားအလင်းကို ခုခံတားဆီးရန် အရှေ့ထွက်လာကြသော်လည်း သူတို့အားလုံးက အဝေးသို့ လွင့်စင်သွားကြသည်။
ထိုဓားအလင်းကို မည်သူမှ မခုခံနိုင်ပေ။
“ တော်သင့်ပြီ ”
ကြီးကျယ်မြင့်မြတ်သော အော်သံက နန်းမြို့တော်ထဲမှ ထွက်ပေါ်လာသည်။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဦးခေါင်းထက်မှာ ရွှေသရဖူဆောင်းထားသော ပုံရိပ်တစ်ခုက ဓားအလင်း၏ အရှေ့မှာ ထွက်ပေါ်လာပြီး လက်တစ်ဖက်ကို မြှောက်လိုက်သည်။
မိုင်သန်းပေါင်းများစွာ အကွာအဝေးကို ဖြတ်သန်းလာခဲ့သော ဓားအလင်းက နောက်ဆုံးမှာ ရပ်တန့်သွားသည်။
အဖိုးအိုက လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး ဓားအလင်းကို ညင်သာစွာ တို့ထိလိုက်သည်နှင့် ဓားအလင်းက ချက်ချင်း အက်ကွဲသွားသည်။
“ မင်းရဲ့ ဓားစွမ်းရည်အရ မင်းက မဟာပန်သွန်ဘုံထဲမှာ ပျိုးထောင်ခံရဖို့ ထိုက်တန်တယ် ”
“ ကံမကောင်းစွာပဲ မင်းက အင်မော်တယ်မင်းဆက်ကို မလေးမစားလုပ်ခဲ့တယ်… အင်မော်တယ်မင်းဆက်ရဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုခဲ့တယ် ”
အဖိုးအိုက သူ၏ လက်ညှိုးကို ပြန်ရုပ်သိမ်းလိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်က ဟန်မူယဲ့၏ အရှေ့မှ လေဟာနယ်ကို ပြိုကွဲသွားစေသည်။
သူ၏ အနောက်တွင် ဓားဝင်္ကပါက ကျယ်လောင်သော မြည်သံဖြင့် ပေါက်ကွဲသွားပြီး ဟွမ်ကျစ်ဟူအပါအဝင်၊ ဓားကျင့်ကြံသူအားလုံးက အနောက်သို့ ဆုတ်သွားကြသည်။ သူတို့က သွေးအန်လိုက်ကြရသည်။
ဓားဝင်္ကပါ၏ အရှေ့မှာ ကောင်းကင်ဘုံအစောင့်တပ်၏ နတ်ဘုရားငါးပါးရှိနေသောကြောင့်မဟုတ်လျှင် ဓားဝင်္ကပါ ပေါက်ကွဲသွားသည်နှင့် ထိုဓားကျင့်ကြံသူအားလုံး ပြာဖြစ်သွားကြလိမ့်မည်။
“ ဖန်ဆင်းရှင်လား ”
ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အဆုံးမဲ့သော နတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပေါ်လျှိုးလာသည်။
သူ၏ အနောက်တွင် အဖြူအနက်ဓားတစ်လက် ပေါ်လျှိုးလာသည်။
ထိုဓားထွက်ပေါ်လာသည်နှင့် ဝတ်စုံဖြူအဖိုးအိုက မျက်မှောင်ကြုတ်လိုက်သည်။
“ ဖန်ဆင်းခြင်းစွမ်းအားလား ”
“ မဟုတ်ဘူး… အဲ့ဒါက… ”
ဟန်မူယဲ့က ထိုအဖိုးအိုကို စဉ်းစားချိန်မပေးပေ။ သူက ဓားရှည်ကို အရှေ့သို့ ပစ်လွှတ်လိုက်သည်။
ဓားရှည်က လေထဲမှာ အဖြူအနက်အလင်းတန်းအဖြစ် ပြောင်းလဲသွားစဉ် ဓားအလင်းတန်းထဲမှ စွမ်းအားနှစ်မျိုးက အပြန်အလှန် ဆန့်ကျင်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားအလင်းတန်းက ဝတ်စုံဖြူအဖိုးအို၏ အရှေ့၌ ထွက်ပေါ်လာသည်။
ဝတ်စုံဖြူအဖိုးအိုက မျက်နှာတည်ကြည်သွားပြီး လက်မြှောက်လိုက်လေရာ ရွှေညိုရောင်ကြာပန်းတစ်ပွင့်က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
“ ဘန်း ”
ရွှေညိုရောင်ကြာပန်းက တိုက်ရိုက် ပေါက်ကွဲသွားပြီး အဖြူအနက်ဓားအလင်း၏ ဝါးမျိုခံလိုက်ရသည်။ ထို့နောက် ဓားအလင်းက ရပ်တန့်သွားခြင်းမရှိဘဲ အရှေ့သို့ ဆက်လက် ပျံသန်းသွားသည်။
“ အဲ့ဒါ နတ်ဘုရားနိဂုံးစွမ်းအား ”
ကြောက်ရွံ့သော အမူအရာက ဝတ်စုံဖြူအဖိုးအို၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ချက်ချင်း အနောက်လှည့်၍ ထွက်ပြေးသည်။
နတ်ဘုရားနိဂုံးစွမ်းအားကို သူမထိဝံ့ပေ။
“ မောက်မာလှချည်လား ”
ဝတ်စုံဖြူအဖိုးအို၏ အရှေ့တွင် ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော မုတ်ဆိတ်နက်တာအိုပညာရှင်တစ်ယောက် ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ လက်ထဲမှ တိုက်ပွဲလှံဖြင့် အဖြူအနက်ဓားအလင်းကို တိုက်ရိုက် ထိုးစိုက်လိုက်သည်။
“ ဘန်း ”
ဓားအလင်းက အက်ကွဲသွားပြီး အဖြူရောင်နှင့် အနက်ရောင်အလင်းက ထိုနေရာမှာ အရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ရွှေရောင်သံချပ်ကာဝတ် တာအိုပညာရှင်က သူ၏ တိုက်ပွဲလှံကို ဟန်မူယဲ့ထံသို့ ချိန်ရွယ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ နတ်ဘုရားနိဂုံးစွမ်းအားကို ကစားရဲတယ်… ဒီနေ့ မင်းအတွက် တစ်ခုတည်းသော ရွေးချယ်စရာက သေလမ်းပဲ ”
တိုက်ပွဲလှံ၏ ထိပ်ဖျားပေါ်တွင် ရွှေရောင်အလင်းက စုဝေးသွားသည်။
သို့တိုင် သူမလှုပ်ရှားနိုင်မီ သူနှင့် သူ့အနောက်မှ ဝတ်စုံဖြူအဖိုးအိုက အကြီးအကျယ် မျက်နှာပျက်ယွင်းသွားကြသည်။
အစောနက ဟန်မူယဲ့၏ ဓားအလင်းတန်း ကျဆင်းသွားခဲ့ပြီး ယွင်ကျိနတ်ဘုရင်ကို သတ်ပစ်ခဲ့သော နေရာတွင် အနက်ရောင်မြူခိုးက ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုမြူခိုးထုက နတ်ဘုရားနိဂုံးစွမ်းအား ဖြစ်သည်။
ယင်းက သူတို့မမျှော်လင့်ထားသော အပြောင်းအလဲဖြစ်သည်။
“ ဒီဘုရင် အိပ်မောကျနေတာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ပြီ… မဟာပန်သွန်ဘုံထဲက မင်းတို့အားလုံးက ဒီနတ်ဘုရားနိဂုံးသေးသေးလေးကိုတောင် မဖြေရှင်းနိုင်ဘူးလား ”
အသံတစ်သံက မြူခိုးထုထဲမှ ပေါ်ထွက်လာသည်။
“ ဒီလိုဆိုမှတော့ မဟာပန်သွန်ဘုံကို ဒီဘုရင် ဝါးမျိုပါရစေ… ”