အခန်း (၁၇၀၀)
Vol. 122 Ch. 1700
အခန်း(၁၇၀၀)
နတ်ဘုရားနိဂုံးပူးကပ်ခြင်း… ။
နတ်ဘုရားနိဂုံးအဆင့်မှ အစွမ်းထက်ပညာရှင်များသည် သူတို့၏ အသိစိတ်ကို ဆုံးရှုံးသွားပြီး အိပ်မောမကျသွားမီ တစ်စုံတစ်ယောက်ကို ပူးကပ်ရန် သူတို့၏ အသိစိတ်အမျှင်တန်းတစ်ခုကို ထုတ်လွှတ်လိမ့်မည်။
ထိုအသိစိတ်အမျှင်တန်းက သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို မမြှင့်တင်ပေးနိုင်ပေ။ အသိစိတ်အမျှင်တန်း ပူးကပ်ခြင်း၏ တစ်ခုတည်းသော အကျိုးကျေးဇူးမှာ နတ်ဘုရားနိဂုံးအဆင့် အစွမ်းထက်ပညာရှင်က နှစ်ချိုက်စွာ အိပ်မောကျနေစဉ် ဤလောကထဲမှ သက်ရှိများ၏ အရာအားလုံးကို တစ်ပြိုင်နက် ခံစားသိရှိနိုင်လိမ့်မည်။
ယေဘုယျအားဖြင့်ဆိုရသော် အသိစိတ်အမျှင်တန်းသည် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ချေးငှား၍ သေမျိုးလောက၊ သက်ရှိများနှင့် အရာအားလုံးကို တွေ့ကြုံခံစားနိုင်လိမ့်မည်။
ထိုအတောအတွင်းမှာ ပူးကပ်ခံထားရသော ကျင့်ကြံသူသည်ပင် ယင်းကို သတိပြုမိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း မိုးမြေဘုံတစ်ခုအတွက်တော့ ယင်းက ကောင်းမွန်သောကိစ္စ မဟုတ်ပေ။ နတ်ဘုရားနိဂုံးပူးကပ်ခံထားရသော တစ်စုံတစ်ယောက်က ၎င်း၏ ဘုံထဲမှာ တည်ရှိနေမည်ဆိုလျှင် ဘုံ၏ အနှစ်သာရသည်လည်း နတ်ဘုရားနိဂုံးစွမ်းအားဖြင့် စွန်းထင်ခံရလိမ့်မည်။
နတ်ဘုရားနိဂုံးစွမ်းအား… ။
ယင်းက အရာအားလုံးကို ဖျက်ဆီးဝါးမျိုပစ်ပြီး ဗလာနတ္ထိအဖြစ် ပြောင်းလဲပစ်နိုင်သည်။
မည်သည့်ဘုံဖြစ်ပါစေ နတ်ဘုရားနိဂုံးစွမ်းအားဖြင့် စွန်းထင်ခံရမည်ဆိုလျှင် ဘုံက ဗလာနတ္ထိအဖြစ် အရည်ပျော်သွားလိမ့်မည်။
ဟန်မူယဲ့က နတ်ဘုရားနိဂုံးပူးကပ်ခံထားရသော ယွင်ကျိနတ်ဘုရင်ကို သတ်ဖြတ်ခဲ့ခြင်းက မဟာပန်သွန်ဘုံအတွက် ကောင်းမွန်သောကိစ္စ ဖြစ်သည်။
သူက မဟာပန်သွန်ဘုံကို ကယ်တင်ခဲ့ခြင်းပင်။
သို့တိုင် ယခု နတ်ဘုရားနိဂုံးအဆင့် အစွမ်းထက်ပညာရှင်က နိုးထလာပြီး ဘုံတစ်ခုလုံးကို ဝါးမျိုရန် ကြံစည်နေသည်။ ယင်းက မဟာပန်သွန်ဘုံအတွက် မဟာကပ်ဘေးဖြစ်သည်။
“ မဟာပန်သွန်ဘုံကို ဝါးမျိုချင်တယ်လား ”
ရွှေရောင်သံချပ်ကာဝတ်ထားသော တာအိုပညာရှင်က တိုးညင်းစွာ အော်လိုက်သည်။ ရွှေရောင်နတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းလာသည်။
သူလက်မြှောက်လိုက်သည့်အခါ သူ၏ နန်းမြို့တော်ထဲတွင် သန်းပေါင်းများစွာသော သွေးချီအမျှင်တန်းများက ထွက်ပေါ်လာကြသည်။ ကောင်းကင်ပေါ်တွင် ထိုသွေးချီအမျှင်တန်းများက အတူတကွ ပေါင်းစည်းသွားကြပြီး သွေးသားရဲပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
“ အတိတ်မှာ ငါ့ရဲ့ မဟာပန်သွန်ဘုံက ဘုံတစ်သောင်းကို ဝါးမျိုပစ်ခဲ့တယ်… ဒီနတ်ဘုရားနိဂုံးသေးသေးလေးက ငါ့ကို အခက်တွေ့အောင် လုပ်နိုင်မှာလား ”
ကောင်းကင်ပေါ်မှ သွေးသားရဲက ကျယ်လောင်စွာ မြည်ဟိန်းလိုက်သည်။ မိုးကြိုးနှင့် သွေးအလင်းရောင်က ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းသွားစဉ် သွေးသားရဲက ပါးစပ်ဟလိုက်ပြီး အနက်ရောင်မြူခိုးထုကို တစ်လုပ်တည်း ဝါးမျိုလိုက်သည်။
သွေးသားရဲ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထို့နောက် သွေးသားရဲ၏ ပုံရိပ်က ဝေဝါးသွားပြီး နန်းမြို့တော်အောက်သို့ နစ်မြုပ်သွားသည်။
“ မဟာပန်သွန်ဘုံ… ကောင်းတယ်… အရမ်းကောင်းတယ်… ”
နတ်ဘုရားနိဂုံးအဆင့် အစွမ်းထက်ပညာရှင်၏ စကားသံက ပျောက်ကွယ်သွားသည်။
နတ်ဘုရားနိဂုံးစွမ်းအားက အမှန်တကယ် မပျက်စီးသွားကြောင်း ဟန်မူယဲ့ ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ယင်းက နန်းမြို့တော်ထဲမှ သက်ရှိသန်းပေါင်းများစွာ၏ သွေးချီစွမ်းအားဖြင့် ယာယီဖိနှိပ်ခံထားရရုံသာ ဖြစ်၏။
မဟာပန်သွန်ဘုံ၏ အခြေခံအုတ်မြစ်က သွေးချီစွမ်းအားဖြစ်နေခြင်းမှာ မထူးဆန်းတော့ပေ။ သူတို့က သွေးချီစွမ်းအားကို နတ်ဘုရားနိဂုံးစွမ်းအားအား ဖိနှိပ်ရန်ပင် အသုံးပြုနိုင်ကြသည်။
မဟာပန်သွန်ဘုံ၏ အဆုံးမဲ့သော သွေးချီစွမ်းအားဖြင့်ဆိုလျှင် နတ်ဘုရားနိဂုံးစွမ်းအားသည်ပင် ဖိနှိပ်ခံရလိမ့်မည်။
သို့သော်လည်း ထိုသို့ဖိနှိပ်မှုက ပြီးပြည့်စုံသော ဖြေရှင်းနည်းမဟုတ်ပေ။
နတ်ဘုရားနိဂုံးစွမ်းအားက အစဉ်မပြတ် ယိုယွင်းတိုက်စားပြီး နောက်ဆုံးမှာ လွတ်မြောက်သွားနိုင်သည်။
မဟာပန်သွန်ဘုံဆီမှာ တခြားနည်းလမ်းများ ရှိနေသေးသလော။
ဟန်မူယဲ့က နန်းမြို့တော်အပြင်ဘက်မှာ ရပ်နေသည်။ တည်ကြည်လေးနက်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
မဟာပန်သွန်ဘုံ၏ အင်အားက သူစိတ်ကူးထားသည်ထက် အများကြီး ပိုသန်မာသည်။
“ ဝေယွမ်မြို့စား… ဒီနေ့ကိစ္စကို ဒီနေရာမှာတင် အဆုံးသတ်ရအောင် ”
“ နန်းမြို့တော်ရဲ့ ရွှေခန်းဆောင်က ခင်ဗျားကို ဖြေရှင်းချက်တစ်ခု ပေးပါ့မယ် ”
ဖန်ဆင်းရှင်နှစ်ပါး၏ စကားသံက နန်းမြို့တော်ထဲမှ ပဲ့တင်ထပ်လာသည်။
ဒီနေ့ကိစ္စကို ဒီနေရာမှာတင် အဆုံးသတ်ရအောင်… ။
ရွှေခန်းဆောင်က ဖြေရှင်းချက်တစ်ခု ပေးမယ်… ။
ထိုစကားကို ကြားသောအခါ မရေမတွက်နိုင်သော ကျင့်ကြံသူများက ကောင်းကင်ပေါ်မှ ဟန်မူယဲ့ကို မော့ကြည့်လိုက်ကြသည်။
ယင်းက နှစ်သန်းပေါင်းများစွာကြာပြီးနောက် အင်မော်တယ်မင်းဆက်က ပထမဆုံးအကြိမ် အလျော့ပေးလိုက်ခြင်း ဖြစ်သည်။
မြို့စားတစ်ယောက်က တော်ဝင်မိသားစုကို ဦးညွတ်စေရန် အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့သည်။
ရွှေရောင်အကာအကွယ်အလွှာ၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ ကောင်းပြီ ”
သူက မိုင်သန်းပေါင်းများစွာ အကွာအဝေးကို ဖြတ်သန်း၍ နန်းမြို့တော်ဆီသို့ ရောက်လာခဲ့ပြီး ယွင်ကျိနတ်ဘုရင်ကို သတ်ဖြတ်ခဲ့သည်။
သူ၏ အဓိကရည်ရွယ်ချက်က သူ့ကိုယ်ပိုင်အင်အားကို ပြသပြီး အင်မော်တယ်မင်းဆက်၏ ရိုသေလေးစားမှုကို ရယူရန် ဖြစ်သည်။
အင်မော်တယ်မင်းဆက်ကို ဆန့်ကျင်တိုက်ခိုက်ရန်သည် မလိုအပ်ပေ။
မဟာပန်သွန်ဘုံ၏ အစစ်အမှန် အင်အားက ယခု သူမြင်တွေ့နေရသည်ထက် အများကြီးပိုကြောင်း ဟန်မူယဲ့ သိသည်။ ပိုပြီးအစွမ်းထက်သော ပုဂ္ဂိုလ်များက မဟာပန်သွန်ဘုံထဲမှာ ပုန်းကွယ်နေကြဆဲပင်။
သူကိုယ်၌က မဟာပန်သွန်ဘုံကို ဆန့်ကျင်ရန် အတွေးမရှိပေ။ ယင်းအစား သူက ကောင်းကင်နင်းခြေမျိုးနွယ်နှင့် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကို ရင်ဆိုင်ဖြေရှင်းရန်အလို့ငှာ မဟာပန်သွန်ဘုံ၏ အင်အားကို ချေးငှားချင်သည်။
ကောင်းကင်နင်းခြေမျိုးနွယ်၏ အခြေခံအုတ်မြစ်နှင့် အရင်းအမြစ်များကို ဝါးမျိုနိုင်မှသာလျှင် သူ၏ ကျင့်ကြံခြင်းစွမ်းအားက နောက်ထပ် တိုးတတ်သွားပြီး နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိနိုင်လိမ့်မည်။
နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလျှင် သူက အသင်္ချေအသူရာချောက်နက်ဆီသို့ ခရီးထွက်လိမ့်မည်။
လောကဖန်ဆင်းရှင်ကို ထာဝရကောင်းကင်ဘုံဆီသို့ ဝင်ရောက်နိုင်ရန် ကူညီပေးခြင်းဖြစ်စေ သို့မဟုတ် သူကိုယ်တိုင်က ဖန်ဆင်းရှင်တစ်ပါးဖြစ်လာခြင်းဖြစ်စေ အရာအားလုံးက အသင်္ချေအသူရာချောက်နက်ထဲမှာ စတင်လိမ့်မည်။
…..
“ ဒေါင် ”
“ ဒေါင် ”
“ ဒေါင် ”
ခေါင်းလောင်းမြည်သံက မိုးမြေတစ်လျှောက် ပဲ့တင်ထပ်သွားစဉ် မဟာပန်သွန်ဘုံ၏ နန်းမြို့တော်ထဲမှ ကျင့်ကြံသူအားလုံးက ခေါင်းမော့လိုက်ကြသည်။
ကောင်းကင်ယံတွင် ရွှေရောင်အကာအကွယ်အလွှာက ပြန်ရုပ်သိမ်းသွားသည်။
နတ်ဘုရားအလင်းက မိုးမြေကြားမှာ ဖြန့်ကြက်သွားစဉ် ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ထဲမှာ ရွှေညိုရောင်အလင်းတန်းများ ပေါ်လျှိုးလာကြသည်။
“ သူတို့က ဝေယွမ်မြို့စားကို နန်းမြို့တော်ထဲ ဝင်ရောက်ဖို့ တခမ်းတနား ကြိုဆိုနေပါလား ”
“ ဒီဟာက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးနောက် တော်ဝင်မိသားစုက ပထမဆုံးအကြိမ် အလျော့ပေးလိုက်တာပဲ ”
“ သူက နတ်ဘုရင်တစ်ပါးကို သတ်ဖြတ်ခဲ့ပေမဲ့ အပြစ်ဒဏ်မပေးခံရတဲ့အပြင် နန်းမြို့တော်ထဲ တခမ်းတနား ကြိုဆိုခံရတယ် ”
စိတ်ခံစားချက်မျိုးစုံ ပါဝင်နေသော စကားသံများက နန်းမြို့တော်ထဲ၌ ဆက်တိုက် ထွက်ပေါ်လာသည်။
သူတို့က နန်းမြို့တော်ထဲမှ ကျင့်ကြံသူများဖြစ်လေရာ သူတို့ကိုယ်သူတို့ အမြဲတမ်း ဂုဏ်ယူဝံ့ကြွားခဲ့ကြသည်။
ယင်းက လူအများ၏ အထက်မှာ တည်ရှိနေသော ဂုဏ်ယူဝံ့ကြွားမှု ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် ဟန်မူယဲ့က သူတို့အားလုံး၏ ဂုဏ်ယူဝံ့ကြွားမှုကို တစ်စစီ ဆုတ်ဖြဲပစ်လိုက်သည်။
မင်းတို့က တော်ဝင်မိသားစုဝင်ဖြစ်တော့ရော ဘာဖြစ်လဲ… ။
မင်းတို့က နတ်ဘုရားတွေဆိုရင်တောင် ဘာဖြစ်လဲ… ။
မင်းတို့အားလုံး ငါ့ရဲ့ ဓားအောက်မှာ အသတ်ခံရမယ်… ။
“ ဝေယွမ်မြို့စား နန်းမြို့တော်ထဲ ဝင်ရောက်ဖို့ ကြိုဆိုပါတယ်… ”
ကျယ်လောင်သော အော်သံက နန်းမြို့တော်ထဲမှ ထွက်ပေါ်လာသည်။
ရွှေရောင်လျှောက်လမ်းတစ်ခုက လေထဲမှာ ထွက်ပေါ်လာပြီး လျှောက်လမ်းပေါ်တွင် မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများက ထွက်ပေါ်လာကြသည်။ နောက်အခိုက်အတန့်မှာ ထိုအလင်းတန်းများက ခမ်းနားထည်ဝါသော တောင်တန်းပုံရိပ်များနှင့် အဆုံးမဲ့စွာ ရှည်လျားသော မြစ်ချောင်းပုံရိပ်များအဖြစ် ပြောင်းလဲသွားကြသည်။
သူတို့က ဝေယွမ်မြို့စားကို တောင်တန်းများနှင့် မြစ်ချောင်းများ၏ ခမ်းနားထည်ဝါမှုဖြင့် ကြိုဆိုကြသည်။
နန်းတော်အပြင်ဘက်မှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့က ခမ်းနားထည်ဝါသော ထိုမြင်ကွင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လျှောက်လမ်းပေါ်သို့ ခြေချလိုက်သည်။
သူ၏ အနောက်တွင် ဓားဝင်္ကပါများက တစ်ခုပြီးတစ်ခု အသက်ဝင်လာကြသည်။ ဓားကျင့်ကြံသူများက နန်းမြို့တော်ထဲသို့ ဂုဏ်ယူဝင့်ကြွားစွာ ဝင်ရောက်သွားကြသည်။
…..
မဟာပန်သွန်ဘုံ၏ ရွှေခန်းဆောင်… ။
ထိုနေရာက မဟာပန်သွန်ဘုံတစ်ခုလုံးမှ အစွမ်းထက်ပညာရှင်များ စုဝေးရှိနေကြသောနေရာ ဖြစ်သည်။ များသောအားဖြင့် ရွှေခန်းဆောင်ထဲတွင် မဟာပန်သွန်ဘုံနှင့် သက်ဆိုင်နေသော ကိစ္စကြီးများကိုသာ ဆွေးနွေးတိုင်ပင်ကြသည်။
ယခု ဟန်မူယဲ့က ရွှေခန်းဆောင်ထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည်။
တစ်စုံတစ်ယောက်မှာ နတ်ဘုရားအဆင့် တိုက်ပွဲစွမ်းအားမရှိလျှင် ဤခန်းဆောင်ထဲသို့ ခြေချရန် အရည်အချင်းမပြည့်မီပေ။
ရွှေခန်းဆောင်ထဲသို့ ဝင်ရောက်သွားသည့်အခါ မဟာပန်သွန်ဘုံထဲမှ မည်သည့်နေရာကိုမဆို ဤနေရာမှတဆင့် သွားရောက်နိုင်ကြောင်း ဟန်မူယဲ့ နားလည်သဘောပေါက်သွားသည်။
ခန်းဆောင်ထဲတွင် သိမ်မွေ့သော အလင်းစီးကြောင်းများက ပျံ့လွင့်နေကြသည်။ ထိုအလင်းစီးကြောင်းတစ်ခုစီက မဟာပန်သွန်ဘုံထဲမှ ကုန်းမြေအသီးသီးဆီသို့ သွားရောက်နိုင်သော လေဟာနယ်အက်ကွဲကြောင်းများ ဖြစ်ကြသည်။
အများက ပြောကြသည်မှာ မဟာပန်သွန်ဘုံ၏ လေဟာနယ်က အလွန်ခိုင်မြဲသောကြောင့် အစွမ်းထက်ပုဂ္ဂိုလ်များက လေဟာနယ်ကို မဖြတ်သန်းသွားနိုင်ကြချေ။ ယခု ကြည့်ရသည်မှာ ထိုအယူအဆက လုံးဝ မှားယွင်းနေ၏။
“ မဟာပန်သွန်ဘုံမှာ အရေးကြီးကိစ္စတစ်ခု ရှိလာပြီဆိုရင် အရည်အချင်းပြည့်မီတဲ့ လူတိုင်းက ရွှေခန်းဆောင်ထဲကို တိုက်ရိုက် ဝင်ရောက်နိုင်ကြတယ် ”
အသံတစ်သံက ဟန်မူယဲ့၏ အရှေ့မှ ထွက်ပေါ်လာသည်။
“ ဒီရွှေခန်းဆောင်ကို ဟင်းလင်းပြင်မျိုးနွယ်စု(၁၂)စုရဲ့ လေဟာနယ်မူလစွမ်းအားနဲ့ တည်ဆောက်ခဲ့တာ ”
ခန်းဆောင်တစ်ခုဆောက်လုပ်ရန် ဟင်းလင်းပြင်မျိုးနွယ်စု(၁၂)စုကို အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့သည်။
မှန်ပေသည်။ မဟာပန်သွန်ဘုံကဲ့သို့ လွှမ်းမိုးဖိနှိပ်သော ဘုံတစ်ခုသာလျှင် ထိုသို့လုပ်ဆောင်ဝံ့လိမ့်မည်။
ဟန်မူယဲ့က ဘေးသို့ ခေါင်းလှည့်လိုက်ပြီး တော်ဝင်ဝတ်စုံဖြင့် ထွက်ပေါ်လာကြသော ပုံရိပ်များကို ကြည့်လိုက်သည်။
သူတို့တစ်ယောက်စီက အစွမ်းထက်နတ်ဘုရားများ ဖြစ်ကြသည်။
သူတို့ထဲမှ ငါးယောက်က ဖန်ဆင်းရှင်အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
“ လူတွေပြောကြတာက မဟာပန်သွန်ဘုံထဲမှာ တော်ဝင်မိသားစုရှိတယ်… ဒါပေမဲ့ အဲ့ဒါက အတိအကျမမှန်ဘူး ”
“ မဟာပန်သွန်ဘုံက အမြဲတမ်း အစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်… တကယ်လို့ မင်းက အလုံအလောက် သန်မာမယ်ဆိုရင် ဒီနေရာကို ခြေချနိုင်ပြီး အမတ်(၃၆၀)ပါးထဲက တစ်ပါးဖြစ်လာလိမ့်မယ် ”
ဖန်ဆင်းရှင်တစ်ပါးဖြစ်သော ဝတ်စုံဖြူအဖိုးအိုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ဝေယွမ်မြို့စား… မင်းက ဒီနေရာမှာ ရှိနေဖို့ အရည်အချင်းပြည့်မီတယ် ”
ယင်းက ဟန်မူယဲ့၏ ခွန်အားကြောင့် ဖြစ်သည်။
ဟန်မူယဲက ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ပြောသည်။
“ စီနီယာ… ဒီနေရာမှာ ထိုင်ခုံ(၃၆၀)ခုံပဲ ကျုပ်တွေ့တယ်… အဲ့ဒါရဲ့ အဓိပ္ပာယ်က ကျုပ်က ယွင်ကျိနတ်ဘုရင်ရဲ့ နေရာကို ယူရမယ်လို့ ပြောတာလား ”
ဟန်မူယဲ့၏ စကားက ခန်းဆောင်အတွင်းမှ နတ်ဘုရားအဆင့် ပညာရှင်အများစုကို ပြုံးသွားစေသည်။
ဝတ်စုံဖြူအဖိုးအိုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်သည်။
“ ယွင်ကျိရဲ့ ခွန်အားအရ သူက ဒီခန်းဆောင်ထဲ ဝင်ရောက်ဖို့ အရည်အချင်းမပြည့်မီသေးဘူး ”
“ ဒါပေမဲ့ မင်းက သူ့ကို သတ်ပစ်လိုက်ပြီဆိုမှတော့ သူ့နေရာကို မင်းဆက်ခံတာက သဘာဝကျပါတယ် ”
“ မင်းကို လျော်ကြေးပေးတဲ့အနေနဲ့ ကောင်းကင်ဘုံအစောင့်တပ်ကို မင်းဆီ လွှဲပြောင်းပေးမယ်… ပြီးတော့ ယွင်ကျိပိုင်ဆိုင်ထားတဲ့ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကိုရော မင်းကို ပေးမယ် ”
ကောင်းကင်ဘုံအစောင့်တပ်… ။
ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်… ။
ယင်းက ကြီးမားသော ပေးကမ်းမှု ဖြစ်သည်။
ဟန်မူယဲ့၏ မျက်လုံးထဲမှာ မှေးမှိန်သော ရွှေရောင်အလင်း ထွက်ပေါ်လာသည်။
“ အဲ့ဒီအတွက် ကျုပ်က ဘာလုပ်ပေးရမလဲ ”
ဤလောကတွင် အလကားရသောအရာ မရှိပေ။ အရာအားလုံးတွင် တူညီသော တန်ကြေးရှိသည်။
“ ဝေယွမ်မြို့စား… ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်နောက်တစ်ခုကို မင်းရှာဖွေဖို့ လိုအပ်တယ် ”
ဝတ်စုံဖြူအဖိုးအိုက လက်ဝှေ့ယမ်းလိုက်လေရာ စာလိပ်တစ်ခုက ဟန်မူယဲ့၏ အရှေ့သို့ ပျံသန်းသွားသည်။
“ ချိပ်တံဆိပ်သုံးခု ပေါင်းစည်းသွားမှပဲ အစစ်အမှန် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို မင်းပိုင်ဆိုင်နိုင်လိမ့်မယ် ”
“ တကယ်လို့ မင်းသာ အစစ်အမှန် ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဒီရွှေခန်းဆောင်ရဲ့ အရှင်သခင်ဖြစ်လာဖို့က ပြဿနာမဟုတ်တော့ဘူး ”
ရွှေခန်းဆောင်ရဲ့ အရှင်သခင်… ။
ယင်းက မဟာပန်သွန်ဘုံတစ်ခုလုံးကို ထိန်းချုပ်နိုင်မည့် အထွတ်အမြတ်တည်ရှိမှု ဖြစ်သည်။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေစဉ် သွေးချီစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ဖြည်းဖြည်းချင်း မြှောက်တတ်လာသည်။
“ မဟာပန်သွန်ဘုံက နတ်ဘုရားနိဂုံးစွမ်းအားကို မဖိနှိပ်နိုင်ဘူးမလား ”
ဟန်မူယဲ့က ထိုသို့ပြောလိုက်သည်နှင့်ချက်ချင်း ကြီးမားသော စွမ်းအင်မုန်တိုင်းက ခန်းဆောင်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများက ဟန်မူယဲ့ပေါ်သို့ ကျဆင်းလာကြသည်။
ခေါင်းဆောင်များဖြစ်ကြသော ဖန်ဆင်းရှင်ငါးပါး၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
“ ကြည့်ရတာ ဝေယွမ်မြို့စားက ငါတို့မျှော်လင့်ထားတာထက် ပိုပြီးဗဟုသုတကြွယ်ဝတာပဲ… ”
ဝတ်စုံဖြူအဖိုးအိုက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည်။ မှန်ဖျော့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးသွားသည်။
“ မင်းဘာသိထားလဲ ငါတို့ကို ပြောပြပါ ”