အခန်း (၁၇၀၁)
Vol. 122 Ch. 1701
အခန်း(၁၇၀၁)
မင်းဘာသိထားလဲ… ။
အကယ်၍ အပြင်လူတစ်ယောက်ဆိုလျှင် သူတို့က ထိုမျှများပြားသော လျှို့ဝှက်ချက်များကို မသိနိုင်ပေ။
ခန်းဆောင်ထဲမှ ပုဂ္ဂိုလ်များ မသိကြသည်မှာ နတ်ဘုရားနိဂုံးအဆင့် အစွမ်းထက်ပညာရှင်များမှလွဲ၍ ဤလောက၌ နတ်ဘုရားနိဂုံးစွမ်းအားအကြောင်းကို အကောင်းမွန်ဆုံး နားလည်ထားသူက ဟန်မူယဲ့ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူက နတ်ဘုရားနိဂုံးစွမ်းအားကို သူ၏ ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းထားနိုင်သည့် တစ်ဦးတည်းသောလူ ဖြစ်သည်။
“ ဝီး ”
သူလက်ဝှေ့ယမ်းလိုက်သည့်အခါ အဖြူအနက်ဓားအလင်းက ခန်းဆောင်ထဲမှာ ထွက်ပေါ်လာသည်။
ထိုဓားအလင်း ထွက်ပေါ်လာသည့်အခိုက် ခန်းဆောင်ထဲမှ အစွမ်းထက်ပုဂ္ဂိုလ်အားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။
ဖန်ဆင်းရှင်ငါးပါးက အကာအကွယ်အလွှာများကို သူတို့၏ အရှေ့၌ ဖန်တီးလိုက်ကြပြီး ဓားအလင်းကို ခုခံတားဆီးလိုက်ကြသည်။
ယင်းက နတ်ဘုရားနိဂုံးစွမ်းအား ဖြစ်သည်။
ဟန်မူယဲ့က နတ်ဘုရားနိဂုံးစွမ်းအားကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားသည်။
ထိုစွမ်းအားက နတ်ဘုရားအဆင့်အောက်မှ ကျင့်ကြံသူများအတွက် သာမန်သာဖြစ်ပြီး အသက်အန္တရာယ်မပေးနိုင်ပေ။
သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ဖန်ဆင်းရှင်များ အကြောက်ဆုံးအရာက နတ်ဘုရားနိဂုံးစွမ်းအားဖြင့် ထိတွေ့ရမည်ကို ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားနိဂုံးစွမ်းအားက သူတို့၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာမည်ဆိုလျှင် သူတို့က နတ်ဘုရားနိဂုံးနယ်ပယ်ထဲသို့ ကျရောက်သွားကြလိမ့်မည်။
“ ဝေယွမ်မြို့စား… ခင်ဗျားရဲ့ အပြုအမူက ဘာအဓိပ္ပာယ်လဲ ”
ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်က ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
သူက နတ်ဘုရားတစ်ပါး ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူ၏ သွေးချီစွမ်းအားက တစ်ဟုန်ထိုး ပေါ်လျှိုးလာနေပြီး သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။
ဟန်မူယဲ့ထံမှ အဖြူအနက်ဓားအလင်းက သူရင်ဆိုင်နိုင်သောအရာ မဟုတ်ကြောင်း တာအိုပညာရှင်က နားလည်လိုက်သည်။
ယင်းက နတ်ဘုရားကိုပင် ကြောက်ရွံ့စေသည်။
ယင်းက စိတ်ကူးမယဉ်နိုင်သောကိစ္စ ဖြစ်သည်။
“ ဒီဟာက နတ်ဘုရားနိဂုံးစွမ်းအား ”
ဟန်မူယဲ့က သူ့အရှေ့မှ ဓားအလင်းကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။
ယင်းက နတ်ဘုရားနိဂုံးစွမ်းအားဖြစ်ကြောင်း ခန်းဆောင်ထဲမှ အစွမ်းထက်ပုဂ္ဂိုလ်အားလုံး သိကြသည်။
နတ်ဘုရားနိဂုံး… ။
ယင်းက ဖန်ဆင်းရှင်များ၏ အဆုံးသတ်နှင့် ကံကြမ္မာ ဖြစ်သည်။ လက်ရှိ လောကတွင် ကျင့်ကြံသူများ နားလည်ထားကြသည်မှာ ယင်းက ကျင့်ကြံခြင်းလမ်းစဉ်၏ အဆုံးသတ် ဖြစ်သည်။ ထို့အတူ ယင်းက အသင်္ချေစကြာဝဠာများ ဖျက်ဆီးခံရမည့် ကပ်ဘေး၏ အစမှတ်လည်း ဖြစ်သည်။
“ တကယ်တော့ နတ်ဘုရားနိဂုံးက ကျင့်ကြံခြင်းအဆင့်အားလုံးရဲ့ အထက်မှာ တည်ရှိနေတဲ့ စွမ်းအားတစ်မျိုးပဲ ”
“ နတ်ဘုရားနိဂုံးက စွမ်းအင်အားလုံးကို ဗလာနတ္ထိအဖြစ် ပြောင်းလဲပစ်နိုင်သလို ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ အတားအဆီးအားလုံးကိုလည်း ဖယ်ရှားပေးနိုင်တယ် ”
“ အတိတ်မှာ ကျုပ်က ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်နဲ့ တွေ့ဆုံခဲ့တယ်… သူတို့ရဲ့ သွေးမျိုးဆက်ထဲမှာ နတ်ဘုရားနိဂုံးစွမ်းအားက စိမ့်ဝင်နေတယ် ”
“ ခင်ဗျားတို့အားလုံး သိကြပြီးဖြစ်မှာပါ… ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်တွေက ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တွေအဖြစ် ပြောင်းလဲနိုင်ကြတယ် ”
ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့တွေ… ။
ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် သေဆုံးသွားသည့်အခါ သို့မဟုတ် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်များ သေဆုံးသွားကြသည့်အခါ သူတို့၏ ရုပ်ခန္ဓာကိုယ်က ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။
ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ထံမှ ဖွဲ့စည်းသွားသော ပုတီးစေ့၏ စွမ်းအားက သာမန်ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ဝင်များထံမှ ဖွဲ့စည်းထားသော ပုတီးစေ့များထက် အများကြီး ပိုအားကောင်းသည်။
သို့သော် မည်သူမှ ငြင်းမရသည့်အချက်တစ်ချက်မှာ ဤလောက၏ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့အများစုက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ထံမှ ရရှိလာခြင်း ဖြစ်သည်။
“ ဟန်မူယဲ့… ခင်ဗျားက ဘာကို ပြောချင်တာလဲ ”
ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော တာအိုပညာရှင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး စိတ်မရှည်စွာ ပြောသည်။
ဟန်မူယဲ့ပြောနေသော အရာက သူတို့အားလုံး နားလည်ထားကြပြီးသားအရာ ဖြစ်သည်။
မည်သို့ဖြစ်ပါစေ ဤနေရာမှာ စုဝေးရှိနေကြသည့် လူတိုင်းက မဟာပန်သွန်ဘုံ၏ အထွတ်အမြတ်ပုဂ္ဂိုလ်များ မဟုတ်ကြပါလော။
“ နတ်ဘုရားနိဂုံးစွမ်းအားက တခြားစွမ်းအားတွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးအဆင့်မြင့်တယ်… ဒါကြောင့် နတ်ဘုရားနိဂုံးစွမ်းအားက ရပ်တန့်ခြင်းမရှိဘဲ အဆက်မပြတ် ယိုယွင်းတိုက်စားနိုင်တယ်… ဒီလောကထဲက ဘယ်အရာမှ အဲ့ဒါကို မဖိနှိပ်နိုင်ဘူး… နောက်ဆုံးကျရင် အရာအားလုံးက နတ်ဘုရားနိဂုံးရဲ့ ယိုယွင်းတိုက်စားတာ ခံရလိမ့်မယ် ”
“ ကျုပ်ရဲ့ လက်ထဲက နတ်ဘုရားနိဂုံးစွမ်းအားက ကျုပ်ကို ဖန်ဆင်းရှင်အဆင့်ဆီ ဝင်ရောက်နိုင်အောင် ကူညီပေးလိမ့်မယ်… ဒါပေမဲ့ ဖန်ဆင်းရှင်အဆင့်ကို ကျုပ်ခြေချလိုက်တာနဲ့ ကျုပ်က နတ်ဘုရားနိဂုံးနယ်ပယ်ဆီ ဝင်ရောက်သွားလိမ့်မယ် ”
ဟန်မူယဲ့က ဘေးဘီကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ဤလောကတွင် နတ်ဘုရားနိဂုံးစွမ်းအားထက် ပိုပြီးသန်မာသော စွမ်းအားမရှိသလို ယင်းကို ဖိနှိပ်နိုင်သော အရာလည်း မရှိပေ။
ယင်းက စွမ်းအားအဆင့် ကွာခြားမှုအကြောင်း ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်းပင်။
ဟန်မူယဲ့၏ စကားများအရ သူက နတ်ဘုရားနိဂုံးစွမ်းအားအကြောင်းကို ကောင်းမွန်စွာ နားလည်ထားသောကြောင့် နတ်ဘုရားနိဂုံးစွမ်းအားကို မဟာပန်သွန်ဘုံက မဖိနှိပ်နိုင်ကြောင်း သိနားလည်ထားခြင်း ဖြစ်သည်။
နတ်ဘုရားနိဂုံးစွမ်းအားက တခြားစွမ်းအားများကို မဆန့်ကျင်ပေ။ ယင်းအစား ဆန့်ကျင်ဘက်အနေဖြင့် နတ်ဘုရားနိဂုံးစွမ်းအားက တခြားစွမ်းအားများကို အဆင့်မြှင့်တင်ပေးသည်။
မဟာပန်သွန်ဘုံထဲ၌ နတ်ဘုရားနိဂုံးစွမ်းအားကို အသုံးပြုနိုင်သော နတ်ဘုရားတစ်ပါးက ပေါ်ထွန်းလာပြီး ဖြေရှင်းမှသာလျှင် ထိုနတ်ဘုရားနိဂုံးစွမ်းအားကို အပြီးတိုင် ဖယ်ရှားပစ်နိုင်လိမ့်မည်။ သို့မဟုတ်လျှင် နတ်ဘုရားနိဂုံးစွမ်းအားက မဟာပန်သွန်ဘုံ၏ ဖိနှိပ်မှုကို တဖြည်းဖြည်း ယိုယွင်းတိုက်စားပြီး နောက်ဆုံးမှာ လွတ်မြောက်သွားလိမ့်မည်။
ထိုအခါကျလျှင် မဟာပန်သွန်ဘုံက နတ်ဘုရားနိဂုံးစွမ်းအား၏ ဝါးမျိုခံရလိမ့်မည်။
သို့သော် ဤလောကတွင် နတ်ဘုရားနိဂုံးစွမ်းအားကို တခြားနတ်ဘုရားနိဂုံးစွမ်းအားဖြင့် ဖိနှိပ်ခြင်းက တစ်ခါမှ မကြုံဖူးသောအရာ ဖြစ်သည်။
ပိုပြီးအရေးကြီးသည်မှာ နတ်ဘုရားနိဂုံးစွမ်းအားနှစ်ခု၏ အပြန်အလှန်ဆန့်ကျင်မှုက ပိုပြီးကြီးမားသော အဖျက်စွမ်းအားကို သယ်ဆောင်လာနိုင်ခြေရှိသည်။
ဟန်မူယဲ့၏ စကားဆုံးသွားပြီးနောက် ခန်းဆောင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဟန်မူယဲ့ပြောသည့် စကားက မှန်ကန်ကြောင်း သူတို့အားလုံး နားလည်ကြသည်။
နတ်ဘုရားနိဂုံးစွမ်းအားဖြင့် ရင်ဆိုင်ရသောအခါ မဟာပန်သွန်ဘုံဆီမှာ ဖြေရှင်းနည်းမရှိတော့ပေ။ နတ်ဘုရားနိဂုံးစွမ်းအားက မဟာပန်သွန်ဘုံ၏ ဖိနှိပ်မှုမှ အချိန်မရွေး လွတ်မြောက်သွားနိုင်သည်။ ထိုအခါကျလျှင် ဘုံတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။
“ ဝေယွမ်မြို့စားက တကယ်ထူးခြားတာပဲ ”
ဖန်ဆင်းရှင်တစ်ပါးဖြစ်သော ဝတ်စုံဖြူအဖိုးအိုက နူးညံ့စွာ ပြောသည်။
“ ဒီလောကမှာ နတ်ဘုရားနိဂုံးကို ဖိနှိပ်နိုင်တဲ့ နေရာတစ်နေရာ ရှိတယ် ”
“ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက မဟာပန်သွန်ဘုံရဲ့ မရေမတွက်နိုင်တဲ့ အထွတ်အမြတ်ပညာရှင်တွေက အဲ့ဒီနေရာဆီ ခြေချခဲ့ကြတယ် ”
ဝတ်စုံဖြူအဖိုးအိုက ဟန်မူယဲ့ကို ကြည့်လိုက်လေရာ တောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ထာဝရကောင်းကင်ဘုံ ”
ထာဝရကောင်းကင်ဘုံ… ။
မဟာပန်သွန်ဘုံက အတိတ်မှာ ထာဝရကောင်းကင်ဘုံဆီသို့ ခြေချခဲ့ဖူးသည်လော။
ဟန်မူယဲ့က ခန္ဓာကိုယ်တုန်ယင်သွားပြီး သူ့အရှေ့မှ ဝတ်စုံဖြူအဖိုးအိုကို ကြည့်လိုက်သည်။
ထာဝရကောင်းကင်ဘုံထဲမှာ ဘာရှိလဲ… ။
ဝတ်စုံဖြူအဖိုးအိုက ဟန်မူယဲ့၏ အတွေးကို နားလည်သဘောပေါက်သည်။ သူက ခေါင်းယမ်းလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ထာဝရကောင်းကင်ဘုံရဲ့ အတွင်းပိုင်းကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး ”
“ မဟာပန်သွန်ဘုံရဲ့ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ဝက်ခန့်ကို စတေးပြီးတဲ့နောက်မှာ ငါတို့က ထာဝရကောင်းကင်ဘုံကနေ ပစ္စည်းသုံးခု ပြန်ယူလာနိုင်ခဲ့တယ် ”
“ တစ်ခုက နန်းမြို့တော်ကို ကာကွယ်စောင့်ကြပ်ပေးနေတဲ့ ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ် ”
“ နောက်တစ်ခုက မဟာပန်သွန်ဘုံတစ်ခုလုံးကို ဖိနှိပ်ထားတဲ့ ဝိညာဉ်စုစည်းကောင်းကင်ခေါင်းလောင်း ”
“ နောက်ဆုံးတစ်ခုက ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်သုံးခု ”
ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်… ။
ဝိညာဉ်စုစည်းကောင်းကင်ခေါင်းလောင်း… ။
ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်… ။
ဒါဆို ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်က ထာဝရကောင်းကင်ဘုံဆီက ပစ္စည်းပေါ့… ။
ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်နှစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
တစ်ခုက ရွှေရောင်ဖြစ်ပြီး အခြားတစ်ခုက အစိမ်းရောင်ဖြစ်သည်။
ဟန်မူယဲ့က ထိုချိပ်တံဆိပ်ကို ယခင်က စစ်ဆေးကြည့်ခဲ့ဖူးသည်။ သို့သော်လည်း ထူးဆန်းစွာပင် သူက မည်သည့်ဆန်းကြယ်မှုကိုမှ အာရုံမခံမိခဲ့ပေ။
ယခု ကြည့်ရသည်မှာ ထိုကျန်းကောင်းကင်ဘုံချိပ်တံဆိပ်က မပြည့်စုံသေးသောကြောင့် မည်သည့်ထူးခြားမှုမှ မရှိဟန် ရသည်။ ထို့ပြင် ယင်းက ဤလောက၏ ထိပ်တန်းပုဂ္ဂိုလ်များ သွားရောက်ချင်ကြသော ထာဝရကောင်းကင်ဘုံထဲမှ ရရှိလာသော ပစ္စည်းဖြစ်သည်။
“ နန်းမြို့တော်ထဲက ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်က အသန်မာဆုံး တိုက်ခိုက်မှုတွေကို ခုခံတားဆီးပေးနိုင်တယ်… ဒါပေမဲ့ သူ့ကို ခုခံကာကွယ်ဖို့အတွက်ပဲ အသုံးပြုနိုင်တယ် ”
“ ဝိညာဉ်စုစည်းကောင်းကင်ခေါင်းလောင်းက ဘုံတစ်ခုလုံးကို ဖိနှိပ်ထားတာကြောင့် ခေါင်းလောင်းက ကောင်းကင်ဘုံတာအိုနဲ့ တစ်သားတည်း ပေါင်းစည်းနေတယ်… ဘယ်သူမှ အဲ့ဒါကို မထိန်းချုပ်နိုင်ဘူး ”
“ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်က အစိတ်အပိုင်းသုံးခု ပြီးပြည့်စုံမှပဲ သူ့ရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မယ် ”
“ အတိတ်မှာ ကျန်းကောင်းကင်ဘုံချိတ်တံဆိပ်က နတ်ဘုရားနိဂုံးစွမ်းအားကို ဖိနှိပ်နိုင်ခဲ့ပြီး ထာဝရကောင်းကင်ဘုံရဲ့ ဂိတ်တံခါးကို ဖွင့်လှစ်နိုင်ခဲ့တယ် ”
ဝတ်စုံဖြူအဖိုးအိုက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ တည်ငြိမ်သော အမူအရာထဲမှာ မျှော်လင့်ချက်တစ်စွန်းတစ်စ ရှိသည်။
“ ဒါကြောင့် ငါတို့က မင်းကို ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ရဲ့ တတိယအပိုင်းအစကို ရှာဖို့ တာဝန်ပေးနေတာပဲ ”
“ တကယ်လို့ မင်းသာ တတိယအပိုင်းအစကို ရှာနိုင်မယ်ဆိုရင် မင်းက ဒီရွှေခန်းဆောင်ရဲ့ အရှင်သခင်ဖြစ်လာလိမ့်မယ် ”
“ မင်းက ဖန်ဆင်းရှင်တစ်ပါးဖြစ်လာပြီး လက်ထဲမှာ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ကိုင်ထားမယ်ဆိုရင် နတ်ဘုရားနိဂုံးကို ကြောက်စရာမလိုတော့ဘူး ”
“ အဲ့ဒီအချိန်ကျရင် မင်းက မဟာပန်သွန်ဘုံတစ်ခုလုံးကို ဖိနှိပ်နိုင်မယ့် ဓားတာအိုဖန်ဆင်းရှင်တစ်ပါး ဖြစ်လာလိမ့်မယ် ”
နတ်ဘုရားနိဂုံးစွမ်းအားကို ဖိနှိပ်နိုင်မယ်… ။
တောက်ပသော နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အကယ်၍ သူသာ နတ်ဘုရားနိဂုံးစွမ်းအားကို အမှန်တကယ် ဖိနှိပ်နိုင်မည်ဆိုလျှင် ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်ရန် တုံ့ဆိုင်းနေစရာမလိုတော့ပေ။
ဟန်မူယဲ့က သူ့အရှေ့မှ ချိပ်တံဆိပ်နှစ်ခုကို ကြည့်နေရင်း ခေါင်းမော့လိုက်သည်။
“ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ရဲ့ နောက်ဆုံးအပိုင်းအစက ဘယ်မှာလဲ ”
ခန်းဆောင်ထဲမှ လူတိုင်းက အနည်းငယ် အံ့ဩသွားကြသည်။
ဟန်မူယဲ့က နောက်ဆုံးကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ရှာဖွေရန် ဆန္ဒရှိသည်လော။
“ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကို မင်းကြားဖူးလား ”
ဝတ်စုံဖြူအဖိုးအိုက နူးညံ့စွာ ပြောသည်။
ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်… ။
အံ့ဩသော အမူအရာက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက မျက်လုံးဝင်းလက်သွားသည်။
“ ကျုပ် ဒီကို ရောက်လာခဲ့တာလည်း ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကြောင့်ပဲ… ”
ခန်းဆောင်ထဲတွင် အကြည့်များစွာက ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားကြသည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လေရာ ရွှေရောင်သွေးဘောလုံးတစ်လုံးက သူ့အရှေ့သို့ လွင့်မျောသွားသည်။
“ ကောင်းကင်နင်းခြေမျိုးနွယ် ”
အံ့ဩသော အော်သံများက ခန်းဆောင်ထဲမှာ ထွက်ပေါ်လာသည်။
ထိုသွေးဘောလုံးက မဟာပန်သွန်ဘုံကိုပင် ရင်ဆိုင်ဝံ့သော ကောင်းကင်နင်းခြေမျိုးနွယ်၏ သွေးချီအနှစ်သာရ ဖြစ်သည်။
“ ကျုပ် ဟင်းလင်းပြင်လောကထဲမှာ ကောင်းကင်နင်းခြေမျိုးနွယ်နဲ့ ရင်ဆိုင်တွေ့ခဲ့တယ်… ပြီးတော့ သူတို့ရဲ့ အနောက်မှာ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ရှိနေတာကို ရှာတွေ့ခဲ့တယ်… အခု လောလောဆယ်မှာ နှစ်ဖက်အင်အားစုက မျှခြေညီနေတယ် ”
ဟန်မူယဲ့က ခန်းဆောင်ထဲမှ လူတိုင်းကို ကြည့်လိုက်သည်။
“ ကောင်းကင်နင်းခြေမျိုးနွယ်ကို အပြတ်ရှင်းပစ်ဖို့ မဟာပန်သွန်ဘုံက စစ်တပ်စေလွှတ်ပေးနိုင်မလား ကျုပ်သိချင်တယ် ”
စစ်တပ် စေလွှတ်ပေးနိုင်မလား… ။
ခန်းဆောင်ထဲတွင် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက တစ်ယောက်ကိုတစ်ယောက် တည်ကြည်လေးနက်စွာ ကြည့်လိုက်ကြသည်။
“ ဝေယွမ်မြို့စား… ကောင်းကင်နင်းခြေမျိုးနွယ်ကို အမြစ်ဖြတ်သုတ်သင်ပြီး ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကို ရှင်းလင်းပစ်ဖို့က ဒီရွှေခန်းဆောင်ကို ဖွဲ့စည်းထားတဲ့ ငါတို့ရဲ့ အဓိကရည်ရွယ်ချက်ပဲ ”
“ မင်းသာ ကောင်းကင်နင်းခြေမျိုးနွယ်ကို ရန်ပြုပြီး ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ထဲက အင်အားစုတွေကို တိုက်ပွဲမြေပြင်ဆီ ဆွဲခေါ်လာနိုင်မယ်ဆိုရင် ငါတို့ရဲ့ မဟာပန်သွန်စစ်တပ်တွေက သေချာပေါက် ရောက်လာလိမ့်မယ် ”
ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော မုတ်ဆိတ်နက်တာအိုပညာရှင်က မတ်တတ်ရပ်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ မင်း ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို အသုံးပြုပြီး ကောင်းကင်ဘုံစစ်ပွဲတစ်ပွဲကို အစပျိုးနိုင်တယ် ”
“ ကောင်းကင်ဘုံအစောင့်တပ်ထဲမှာ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင် စုစုပေါင်း (၈၃)ယောက် ရှိတယ် ”
“ သူတို့အားလုံးက မင်းရဲ့ အမိန့်အတိုင်း ဆောင်ရွက်ကြလိမ့်မယ် ”