အခန်း (၁၇၀၂)
Vol. 122 Ch. 1702
အခန်း(၁၇၀၂)
ဤလောက၏ အဓိကအင်အားစုများဆီမှာ သူတို့ကိုယ်ပိုင် မူဝါဒများနှင့် ပြဿနာဖြေရှင်းနည်းများ ရှိကြသည်။
အဓိကအင်အားစုများသည် အဖြူအမည်း မခွဲခြားကြချေ။ ယင်းအစား သူတို့က ငြင်းဆန်ခြင်း၊ ဖြေရှင်းခြင်း၊ စူးစမ်းခြင်းနှင့် ပူးပေါင်းခြင်း အစရှိသည်တို့ကို လုပ်ဆောင်ကြသည်။
အရိုးရှင်းဆုံး ပြောရမည်ဆိုလျှင် မင်းက သူတို့ကို အနိုင်မယူနိုင်လျှင် သူတို့နှင့် အတူပူးပေါင်းရမည်။ အကယ်၍ မင်းက သူတို့နှင့် အတူတူ ရပ်တည်နိုင်သည်ဆိုလျှင် သူတို့ကို ဝါးမျိုရမည်။
အကယ်၍ ဟန်မူယဲ့မှာသာ လုံလောက်သော ခွန်အားမရှိလျှင် ယခု သူ၏ အရိုးများက နန်းမြို့တော်၏ ဂိတ်တံခါးအပြင်ဘက်မှာ နေလှန်းခံထားရလိမ့်မည်။
အကယ်၍ ဟန်မူယဲ့၏ ခွန်အားက အလုံအလောက် မသန်မာလျှင် သူက ယနေ့အထိ အသက်ရှင်နိုင်ပြီး နန်းမြို့တော်၏ ရွှေခန်းဆောင်ထဲမှာ ယခုကဲ့သို့ စကားပြောနိုင်နေလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း သူ၏ ခွန်အားက အလုံအလောက် သန်မာသည်။ သူက အင်မော်တယ်မင်းဆက်၏ စမ်းသပ်မှုများကို ကျော်ဖြတ်နိုင်ခဲ့ရုံသာမက သူ့ကိုယ်ပိုင်စွမ်းအားနှင့် တန်ဖိုးကိုလည်း ဖော်ပြနိုင်ခဲ့သည်။
ထို့ကြောင့် အင်မော်တယ်မင်းဆက်က သူ့အပေါ် ရိုသေလေးစားပြီး ယခုကဲ့သို့ အခွင့်အာဏာအပ်နှင်းပေးခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ဘုံအစောင့်တပ်နှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်(၈၃)ပါးက သူ၏ အမိန့်ပေးမှုကို စောင့်ဆိုင်းနေကြသည်။
သူ့မှာ အလုံအလောက် သန်မာသော အင်အားမရှိလျှင် ထိုသို့အာဏာက သူ့လက်ထဲသို့ တိုက်ရိုက် ကျရောက်လာလိမ့်မည် မဟုတ်ချေ။
ယင်းက မဟာပန်သွန်ဘုံ၏ ပုံစံဖြစ်သည်။
ဤလောကတွင် ထိုသို့လက်ဆောင်ကြီးကို ငြင်းဆန်နိုင်သောလူ မရှိပေ။
ဟန်မူယဲ့သည်ပင် ထိုသို့ပေးကမ်းမှုကို မငြင်းဆန်နိုင်ပေ။
သူ၏ လက်ထဲမှာ ကောင်းကင်ဘုံအစောင့်တပ်နှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်(၈၃)ပါးရှိနေမည်ဆိုလျှင် ယွင်ကျိနတ်သခင်ကဲ့သို့ တခြားနတ်သခင်များနှင့် ဖွဲ့စည်းထားသော မဟာမိတ်ထဲမှာ သူ၏ အဆင့်အတန်းက အထွတ်အထိပ်သို့ မြင့်တတ်သွားလိမ့်မည်။
ယုလင်းကောင်းကင်နဂါးကလန်သည်ပင် ဖိနှိပ်ခံရလိမ့်မည်။
အကယ်၍ သူတို့က ရှေးဟောင်းမျိုးနွယ်စုများနှင့် ဓားကျင့်ကြံသူများကိုသာ မှီခိုအားထားမည်ဆိုလျှင် နောက်ထပ် အနှစ်တစ်သန်းကြာသွားလျှင်ပင် ကောင်းကင်နင်းခြေမျိုးနွယ်ကို အနိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
ဟန်မူယဲ့က အသင်္ချေအသူရာချောက်နက်ဆီသို့ သွားရောက်ရန် ရည်ရွယ်ထားသည်။ ထို့ပြင် လောကဖန်ဆင်းရှင်က သူတို့ကို အနှစ်တစ်သိန်းသာ အချိန်ပေးခဲ့သည်။
ဟန်မူယဲ့သည် နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ သူရောက်ရှိသွားပြီး ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့်အချိန်မှ အသင်္ချေအသူရာချောက်နက်ဆီသို့ ခရီးထွက်ရန် စီစဉ်ထားသည်။
သူက အသေခံရန် အသင်္ချေအသူရာချောက်နက်ဆီသို့ သွားရောက်မည် မဟုတ်ချေ။
သူရှာဖွေနေသည့်အရာက ဖန်ဆင်းရှင်အဆင့်၏ အထွတ်အထိပ်နှင့် ထာဝရကောင်းကင်ဘုံ ဖြစ်သည်။
“ ကောင်းပြီ… ဒီနေ့ကစပြီး ဒီမြို့စားက ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်ပါမယ် ”
“ ကောင်းကင်ဘုံအစောင့်တပ်ကို စနစ်တကျ လေ့ကျင့်ပေးဖို့ အနှစ်တစ်သောင်း ကျုပ်အသုံးပြုမယ်… အနှစ်တစ်သောင်းကြာပြီးရင် ကောင်းကင်ဘုံအစောင့်တပ်က ဒီမြို့စားနောက်ကို လိုက်ပြီး ကောင်းကင်နင်းခြေမျိုးနွယ်နဲ့ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကို အမြစ်ပြတ်ရှင်းပစ်မယ့် စစ်ပွဲမှာ ပါဝင်ရမယ် ”
“ ကျုပ်တို့တွေ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ကို အမြစ်ပြတ်ရှင်းပစ်ပြီး နောက်ဆုံးကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ပြန်သိမ်းယူကြမယ် ”
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ခန်းဆောင်ထဲတွင် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များနှင့် ဖန်ဆင်းရှင်များက မတ်တတ်ရပ်လိုက်ကြသည်။
“ ကောင်းတယ်… ဒါဆိုရင် ကျုပ်တို့တွေ အနှစ်တစ်သောင်း စောင့်နေပါမယ် ”
“ ဒီအနှစ်တစ်သောင်းအတွင်းမှာ ဝေယွမ်မြို့စား အလိုရှိတာရှိရင် ကျုပ်တို့ကို ပြောပါ… ဝေယွမ်မြို့စား အလိုရှိတာကို အင်မော်တယ်မင်းဆက်က ပထမဦးစားပေးအဖြစ် ဆောင်ရွက်ပေးမယ် ”
အရှေ့ဆုံးမှာ မတ်တတ်ရပ်နေသော ဖန်ဆင်းရှင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ဒါပေမဲ့ မဟာပန်သွန်ဘုံရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး… ကျင့်ကြံခြင်းအရင်းအမြစ်အားလုံးကို တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ပဲ လဲလှယ်နိုင်တယ် ”
အင်မော်တယ်မင်းဆက်ထံမှ ကျင့်ကြံခြင်းအရင်းအမြစ်များကို လဲလှယ်ရန် တိုက်ပွဲအကျိုးပြုအမှတ်များကို လိုအပ်သည်။ ယင်းက မပြောင်းလဲနိုင်သော သံမဏိစည်းမျဉ်းဖြစ်သည်။
အကယ်၍ သာမန်အရင်းအမြစ်များဆိုလျှင် ကောင်းကင်ဘုံစစ်ပွဲတစ်ပွဲက လုံလောက်လိမ့်မည်။
သို့သော် ကောင်းကင်ဘုံအစောင့်တပ်ထဲမှာ စစ်သည်တော်မည်မျှပါဝင်သနည်း။
ကောင်းကင်ဘုံအစောင့်စစ်သည်အားလုံးကို လေ့ကျင့်ပျိုးထောင်ပေးရန် မည်မျှများပြားသော အရင်းအမြစ်များကို လိုအပ်လိမ့်မည်နည်း။
ထို့ပြင် ကောင်းကင်ဘုံအစောင့်တပ်ထဲမှာ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်(၈၃)ပါး၊ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်များနှင့် အာဏာရှင်များက ထောင်သောင်းချီရှိကြသည်။
ထိုမျှများပြားသော ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်မည့် အရင်းအမြစ်ပမာဏက သေးငယ်လိမ့်မည် မဟုတ်ချေ။ ယင်းက စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားလိမ့်မည်။
အမှန်မှာ အနှစ်တစ်သောင်းကို မဆိုထားနှင့် အကယ်၍ တစ်စုံတစ်ယောက်ဆီမှာ အနှစ်တစ်သန်း သို့မဟုတ် အနှစ်ဆယ်သန်း အချိန်ရှိမည်ဆိုလျှင်ပင် ထိုသူက ကောင်းကင်ဘုံအစောင့်တပ်ကို အမှန်တကယ် လေ့ကျင့်ပျိုးထောင်နိုင်လိမ့်မည် မဟုတ်ချေ။
ဤလောကတွင် ထိုမျှများပြားသော အရင်းအမြစ်များကို မည်သူက ထောက်ပံ့ပေးနိုင်မည်နည်း။
“ ရတယ် ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ နန်းမြို့တော်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်ကို ကျုပ်မြင်ချင်တယ် ”
ခန်းဆောင်ထဲတွင် ဖန်ဆင်းရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က လက်ဝှေ့ယမ်းလိုက်ကြသည်။
ရွှေရောင်အလင်းတန်းများက ခန်းဆောင်ထဲမှာ ထွက်ပေါ်လာကြသည်။ ထို့နောက် မျက်လုံးမှိတ်ထားသော ရွှေရောင်သံချပ်ကာဝတ် ဗိုလ်ချုပ်တစ်ယောက်က သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ရှိန်လောက်ဖွယ်ကောင်းသော စွမ်းအားတစ်မျိုးကို ထိုဗိုလ်ချုပ်၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသည်။ ယင်းက သူ့ကို တိုက်ရိုက် မကြည့်နိုင်အောင် ခဲယဉ်းစေသည်။
နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များသည်ပင် နှလုံးတုန်ယင်သွားကြသည်။
အကယ်၍ ထိုကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်သာ မျက်လုံးဖွင့်လိုက်ပြီး လှုပ်ရှားမည်ဆိုလျှင် သူတို့ထဲမှ မည်သူမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
ရွှေရောင်အလင်းလွှာများက ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာပြီး သူ့ကို ကာကွယ်ပေးလိုက်သည်။
သူက အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
တစ်ခဏကြာပြီးနောက် ဟန်မူယဲ့က မူလနေရာဆီသို့ ပြန်ဆုတ်သွားသည်။ သူက ခန်းဆောင်ထဲမှ ဖန်ဆင်းရှင်များကို အရိုအသေပေးပြီးနောက် နေရာမှ ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့ ထွက်သွားသည့်အခါ ဖန်ဆင်းရှင်ငါးပါးက ရွှေရောင်သံချပ်ကာဝတ် ဗိုလ်ချုပ်ကို မူလနေရာဆီသို့ ပြန်ပို့လိုက်ကြသည်။
ခန်းဆောင်ထဲတွင် လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ထို့နောက် ဖန်ဆင်းရှင်ငါးပါးနှင့် အထွတ်အထိပ် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အပြုံးက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဘယ်သူမှ ကောင်းကင်ဘုံအစောင့်တပ်ကို အမှန်တကယ် မထိန်းချုပ်နိုင်ဘူး ”
“ အနှစ်တစ်သောင်းမပြောနဲ့ သူ့မှာ အနှစ်ဆယ်သန်းအချိန်ရှိမယ်ဆိုရင်တောင် ရုန်းကန်နေရဦးမှာပဲ… အဲ့ဒီအချိန်ကျရင် သူကိုယ်တိုင်တောင် သတိမထားမိဘဲ မဟာပန်သွန်ဘုံရဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ် ”
“ ဟား ဟား… ငါခန့်မှန်းလိုက်မယ်… အများဆုံး သူက ကောင်းကင်ဘုံအစောင့်စစ်သည် သန်းသုံးဆယ်နဲ့ နတ်ဘုရားဆယ်ပါးကိုပဲ ထိန်းချုပ်နိုင်လိမ့်မယ် ”
ခန်းဆောင်ထဲတွင် တီးတိုးစကားသံများ ထွက်ပေါ်လာသည်။
ယင်းက လျှို့ဝှက်အကြံအစည် မဟုတ်ပေ။ ယင်းအစား လူအိုကြီးများ၏ ဉာဏ်များမှုသာ ဖြစ်သည်။
သူတို့က ဟန်မူယဲ့ကို ကောင်းကင်ဘုံအစောင့်တပ်၏ အခွင့်အာဏာအား လွှဲပြောင်းပေးခဲ့သည်။ သို့သော်လည်း ယင်းကို ထိန်းချုပ်နိုင်ခြင်း မထိန်းချုပ်နိုင်ခြင်းက ဟန်မူယဲ့ပေါ်မှာသာ မူတည်၏။
ကောင်းကင်ဘုံအစောင့်တပ်ကို လေ့ကျင့်ပျိုးထောင်ပေးမည့် အရင်းအမြစ်များကိုလည်း ကိုယ့်ဘာသာ ပေးရလိမ့်မည်။
“ ကဲ… ဒါဆိုရင် သူဘယ်လိုတုံ့ပြန်မလဲ ငါတို့စောင့်ကြည့်ရအောင် ”
“ တကယ်လို့ သူက ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်နိုင်ပြီး ဘီလီယံနဲ့ချီတဲ့ ဘုံတွေကို သိမ်းပိုက်နိုင်မယ်… ပြီးတော့ နောက်ဆုံးကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ပြန်ရယူနိုင်မယ်ဆိုရင် သူ့လက်ထဲ ရွှေခန်းဆောင်နဲ့ မဟာပန်သွန်ဘုံကို လွှဲပြောင်းပေးဖို့က မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး ”
“ ဘာပဲပြောပြော… ငါတို့အတွက်တော့ မဟာပန်သွန်ဘုံ မပျက်စီးသေးသရွေ့ ထာဝရအသက်ရှင်သန်နိုင်လိမ့်မယ် ”
“ ဘယ်သူပဲ ဒီဘုံကို ထိန်းချုပ်ပါစေ ကြီးကြီးမားမား ပြောင်းလဲသွားမှာ မဟုတ်ဘူး ”
ခန်းဆောင်ထဲ၌ တီးတိုးစကားသံများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
…..
ဝေယွမ်မြို့စားက ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်လိုက်ပြီဟူသော သတင်းက ပျံ့နှံ့သွားသည့်အခါ နန်းမြို့တော်ထဲမှ အင်အားစုအသီးသီးက အံ့ဩထိတ်လန့်သွားကြသည်။
တော်ဝင်မိသားစုက ကောင်းကင်ဘုံအစောင့်တပ်အား ထိန်းချုပ်နိုင်သော အခွင့်အာဏာကို အမှန်တကယ် လက်လျော့လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ။
သို့သော်လည်း ဝေယွမ်မြို့စားက ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်နိုင်သွားသည်ဆိုလျှင်ပင် ကောင်းကင်ဘုံအစောင့်စစ်သည်အများအပြားက ဝေယွမ်မြို့စားအကြောင်း သိကြဦးလိမ့်မည် မဟုတ်ချေ။
ဝေယွမ်မြို့စားက ကောင်းကင်ဘုံအစောင့်စစ်သည်အားလုံးကို ထိန်းချုပ်နိုင်မည်လော မည်သူမှ သေချာမသိပေ။
မည်သို့ဖြစ်ပါစေ ကောင်းကင်ဘုံအစောင့်တပ်များက မဟာပန်သွန်ဘုံတစ်ခုလုံးမှာ ဖြန့်ကြက်နေပြီး သူတို့ထဲမှ အများစုက အပြင်လောကဘုံများတွင် ကောင်းကင်ဘုံစစ်ပွဲများကို ဆင်နွှဲနေကြဆဲဖြစ်သည်။ မည်သူမှ ကောင်းကင်ဘုံအစောင့်စစ်သည်များ၏ အရေအတွက်အတိအကျကို မသိကြပေ။
နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်အများအပြားက ဦးဆောင်နေသော ထိုသို့စစ်တပ်ကို ဝေယွမ်မြို့စားက အမှန်တကယ် ထိန်းချုပ်နိုင်မည်လော။
အတိတ်၌ ယွင်ကျိနတ်ဘုရင်သည် တော်ဝင်မိသားစု၏ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို လက်ဝယ်ပိုင်ဆိုင်ခဲ့သော်လည်း ကောင်းကင်ဘုံအစောင့်စစ်သည် ဆယ်သန်းကျော်ကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။
ကောင်းကင်ဘုံအစောင့်တပ်ကို တည်ဆောက်ခဲ့သည့်အချိန်မှစ၍ သူတို့က တိုက်ပွဲအကျိုးပြုအမှတ်များဖြင့် အရင်းအမြစ်များကို လဲလှယ်ခဲ့ကြပြီး မရေမတွက်နိုင်သော ဂိုဏ်းများကို တည်ထောင်ခဲ့ကြသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ဟန်မူယဲ့၏ လုပ်နိုင်စွမ်းအပေါ် သံသယရှိနေကြစဉ် ဟန်မူယဲ့က မဟာပန်သွန်ဘုံထဲမှ ထွက်သွားသည်။
…..
ယုလင်းကောင်းကင်နဂါးကလန် နေထိုင်သော လေဟာပြင်မြို့တော်ထဲတွင်…။
ဤအခိုက်အတန့်မှာ ရွှေရောင်အလင်းတန်းအများအပြားက လေဟာပြင်မြို့တော်ထဲမှာ ထွက်ပေါ်လာကြသည်။
ဝတ်ရုံရှည်ဝတ်ဆင်ထားကြသော ပုံရိပ်များက ထိုအလင်းတိုင်လုံးများထဲမှ ထွက်လာကြသည်။ သူတို့၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှု၊ အံ့ဩမှုဖြင့် ပြည့်နှက်နေသည်။
သူတို့အားလုံးက ပန်းပဲပညာရှင်များ ဖြစ်ကြသည်။
သူတို့က ကြယ်စင်စုစကြာဝဠာ၏ ပန်းပဲပညာရှင်များ ဖြစ်ကြသည်။
သူတို့၏ ပန်းပဲပညာအရည်အချင်းက သာမန်အဆင့်လေးနှင့် အဆင့်ငါးမှစတင်၍ နတ်ဘုရားအဆင့်ထိ အသီးသီးရှိကြသည်။
မှန်ပေသည်။ ကြယ်စင်စုစကြာဝဠာမှ နတ်ဘုရားအဆင့်က ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်များနှင့် တိုက်ပွဲချပ်ဝတ်များအား ပြုပြင်ပေးနိုင်သော အဆင့်ကို ဆိုလိုသည်။
“ ဆရာဟန် ”
“ ဒီတစ်ကြိမ်မှာ ဆင့်ခေါ်ခံထားရတဲ့ ပန်းပဲပညာရှင်သန်းသုံးဆယ်လုံး ရောက်လာကြပါပြီ ”
ဟဲယန်စွန်းက ဟန်မူယဲ့ကို အရိုအသေပေးလိုက်ပြီး ပြောသည်။
ပန်းပဲပညာရှင်အားလုံးက ခေါင်းမော့လိုက်လေရာ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဟန်မူယဲ့ကို မြင်သွားကြသည်။ သူတို့က စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။
“ အဲ့ဒါ ဆရာသခင်ဟန်ပဲ ”
“ ကြယ်စင်စုစကြာဝဠာရဲ့ နံပါတ်တစ်ပန်းပဲပညာရှင် ”
“ ဒီတော့ ငါတို့ကို ဆင့်ခေါ်ခဲ့တဲ့ လူက တကယ် ဆရာသခင်ဟန်ပဲကို ”
အတိတ်မှာ ဟန်မူယဲ့က ကြယ်စင်စုစကြာဝဠာထဲတွင် စကြာဝဠာအဆင့် တိုက်ပွဲလက်နက်များနှင့် ရုပ်သေးရုပ်များကို ဖန်တီးသန့်စင်ပေးခဲ့သည်။
သူတစ်ယောက်တည်း၏ အင်အားက ကြယ်စင်စုစကြာဝဠာတစ်ခုလုံးကို ဖိနှိပ်နိုင်ပြီး သူက ကြယ်စင်စုစကြာဝဠာ၏ မည်သူမှ မေးခွန်းမထုတ်နိုင်သော နံပါတ်တစ်ပန်းပဲပညာရှင် ဖြစ်သည်။
ကြယ်စင်စုစကြာဝဠာထဲမှ ကောင်းကင်ပြောင်းလဲခြင်းစံအိမ်နှင့် ဟင်းလင်းပြင်ထဲမှ လေဟာပြင်မြို့ကြီးများကို ဟဲယန်စွန်းနှင့် တခြားလူများက စီမံအုပ်ချုပ်နေကြသည်။
“ ဒီနေ့ ကြယ်စင်စုစကြာဝဠာရဲ့ ပန်းပဲပညာရှင်အားလုံးကို ကျုပ်ဆင့်ခေါ်လိုက်ရတာက အဆင့်မြင့်ဘုံတွေ ထိန်းချုပ်နိုင်တဲ့ စစ်ပွဲရုပ်သေးရုပ်တွေကို ခင်ဗျားတို့ကို ဖန်တီးသန့်စင်ခိုင်းဖို့ပါပဲ ”
ဟန်မူယဲ့က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဒီလေဟာပြင်မြို့တော်ထဲမှာ ခင်ဗျားတို့ နေထိုင်ကြပါ… ကျုပ်က မြို့တော်ရဲ့ မဟာဝင်္ကပါကို အသုံးပြုပြီး ခင်ဗျားတို့ကို အနှစ်တစ်သောင်းအချိန်ပေးပါမယ်… ကမ္ဘာဦးအဆင့် တိုက်ပွဲချပ်ဝတ်တွေနဲ့ စစ်ပွဲရုပ်သေးရုပ်တွေကို ဖန်တီးသန့်စင်နိုင်တဲ့ လူတွေက ဒီမြို့ထဲမှာ ဆက်ပြီး နေနိုင်ကြပါမယ်… တခြားလူတွေကတော့ ကြယ်စင်စုစကြာဝဠာဆီ ပြန်ကြရပါမယ် ”
“ ဒီအနှစ်တစ်သောင်းအတွင်းမှာ ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက အဆင့်မြင့်ဘုံတွေရဲ့ သတ်မှတ်ချက်အတိုင်း ပြောင်းလဲသွားပါလိမ့်မယ် ”
“ ပြီးတော့ ခင်ဗျားတို့က အဆင့်မြင့်ဘုံတွေရဲ့ စွမ်းအားတွေနဲ့ နေသားကျသွားပါလိမ့်မယ် ”
ဟန်မူယဲ့၏ စကားများထဲမှာ မငြင်းဆန်နိုင်သော ဆွဲဆောင်မှု ပါရှိသည်။
“ ဒါ့အပြင် ကျုပ်က ခင်ဗျားတို့ကို လက်နက်သန့်စင်ခြင်းပညာတွေ သင်ကြားပေးပါမယ် ”
“ ဘာမှမစိုးရိမ်ကြပါနဲ့… ကြယ်စင်စုစကြာဝဠာက အလုပ်ရုံတွေထဲမှာလို အလုပ်လုပ်ပေးရုံပါပဲ… ခင်ဗျားတို့က အကောင်းဆုံး ကြိုးစားမယ်ဆိုရင်၊ ကျုပ်သင်ပေးတဲ့ လက်နက်သန့်စင်ခြင်းပညာရပ်နဲ့ အမြန်ဆုံး အကျွမ်းတဝင် ရှိလာမယ်ဆိုရင် အဆင့်မြင့်ဘုံတွေထဲမှာ အမြဲတမ်း နေထိုင်နိုင်ပါလိမ့်မယ် ”
ဟန်မူယဲ့၏ စကားဆုံးသွားသည့်အခါ အောက်ဘက်မှ သန်းပေါင်းများစွာသော ပန်းပဲပညာရှင်များက မျက်လုံးဝင်းလက်သွားကြသည်။ သူတို့၏ မျက်နှာပေါ်မှာ စိတ်အားထက်သော အမူအရာ ထွက်ပေါ်လာသည်။