အခန်း (၁၇၀၃)
Vol. 122 Ch. 1703
အခန်း(၁၇၀၃)
လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ဟန်မူယဲ့သည် ကြယ်စင်စုစကြာဝဠာထဲ၌ နတ်ဘုရားအဆင့်ထက်မြင့်သော ပန်းပဲအတတ်ပညာများကို ဆင်ခြင်နားလည်ခဲ့သည်။
လက်နက်သန့်စင်ခြင်း၏ အန္တိမပန်းတိုင်က အသက်ဓာတ်ဖန်တီးခြင်း ဖြစ်သည်။
ယင်းက ကျင့်ကြံခြင်းလမ်းစဉ်၏ ဖန်ဆင်းရှင်အဆင့်နှင့် တူညီသည်။ သို့သော်လည်း ယင်းက တစ်စုံတစ်ရာကို ဆန္ဒဖြင့် ဖန်တီးနိုင်သော ဖန်ဆင်းရှင်ကို မယှဉ်နိုင်ပေ။
အတိတ်မှာ အံ့ဖွယ်ကိုးပါးတောင်သခင်က ထိုအဆင့်သို့ ရောက်ခဲ့သလော မည်သူမှ သေချာမသိကြပေ။ သို့သော်လည်း သူက နတ်ဘုရားလက်နက်ခုနစ်မျိုးကို ဖန်တီးသန့်စင်ခဲ့သည်။
ထိုလက်နက်ခုနစ်မျိုးက မိုးမြေကို ထိန်းချုပ်နိုင်ကြသည်။
လက်နက်တစ်ခုစီမှာ ကိုယ်ပိုင်ထူးခြားချက်များရှိပြီး ရှိန်လောက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
ကံမကောင်းသည်မှာ ထိုနတ်ဘုရားလက်နက်ခုနစ်မျိုးသည်ပင် မဟာပန်သွန်ဘုံထဲမှာ အများကြီး အသုံးမဝင်ပေ။
အကြောင်းမှာ လက်နက်သန့်စင်ခြင်းအရည်အသွေးက နိမ့်ကျနေသောကြောင့် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လက်နက်သန့်စင်ခြင်းအရည်အသွေးက အလွန်မြင့်မားသည်။ သို့သော်လည်း ထိုလက်နက်များ ထိန်းချုပ်နိုင်သော စွမ်းအားအဆင့်က မလုံလောက်ပေ။
မူလစွမ်းအား အလုံအလောက်မရှိလျှင် ယင်းတို့က သာမန်တိုက်ပွဲစွမ်းအားကိုသာ ထုတ်လွှတ်နိုင်လိမ့်မည်။
ဟန်မူယဲ့က သူသိမ်းဆည်းထားသော နတ်ဘုရားလက်နက်များကို ပျိုးထောင်ပေးရန် ကြိုးစားခဲ့သည်။ သို့သော်လည်း နတ်ဘုရားလက်နက်များကို ဖန်တီးထားသော ကုန်ကြမ်းပစ္စည်းများမှာ အရည်အသွေး အကန့်အသတ်ရှိနေသည်။ အကယ်၍ သူက မူလစွမ်းအားကို ထပ်မံ အားဖြည့်ပေးမည်ဆိုလျှင်ပင် ယင်းတို့က နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ အသုံးပြုနိုင်သော အစစ်အမှန် နတ်လက်နက်များ မဖြစ်လာနိုင်ကြချေ။
ယင်း၏ အဓိကပြဿနာမှာ လက်နက်သန့်စင်ခြင်းပညာ မဟုတ်ပေ။ ယင်းအစား မူလစွမ်းအား မလုံလောက်ခြင်းနှင့် ကုန်ကြမ်းပစ္စည်းများ၏ အရည်အသွေး ဖြစ်သည်။
ကြယ်စင်စုစကြာဝဠာမှ ပန်းပဲပညာရှင်များသည် မဟာပန်သွန်ဘုံပေါ်သို့ ခြေချရန် မည်သည့်အခါမှ အခွင့်အရေးမရရှိခဲ့ကြပေ။ သို့မဟုတ်လျှင် ကြယ်စင်စုစကြာဝဠာ၏ ပန်းပဲအမွေအနှစ်ဖြင့်ဆိုလျှင် သူတို့က မဟာပန်သွန်ဘုံထဲမှာ ကြီးမားသော အောင်မြင်မှုများကို သေချာပေါက် စွမ်းဆောင်နိုင်ကြလိမ့်မည်။
ဟန်မူယဲ့က ယခု ကိစ္စနှစ်ခုကို ဆောင်ရွက်နေသည်။
ပထမတစ်ခုက သူဆင့်ခေါ်ထားသော ပန်းပဲပညာရှင်များ၏ ကျင့်ကြံခြင်းအခြေခံကို အဆင့်မြင့်ဘုံများမှ စွမ်းအားသို့ ပြောင်းလဲပေးရန် ဖြစ်သည်။ ဒုတိယတစ်ခုက သူတို့ကို မဟာပန်သွန်ဘုံထဲမှာ အသုံးပြုနိုင်မည့် လက်နက်သန့်စင်ခြင်းပညာရပ်များအား သင်ကြားပေးခြင်း ဖြစ်သည်။
လေဟာပြင်မြို့တော်၏ မဟာဝင်္ကပါက အသက်ဝင်လာသည်။
မဟာဝင်္ကပါအတွက် ဟန်မူယဲ့က သေခြင်းရှင်ခြင်းမဟာပန်သွန်ကျောက်တုံးဆယ်သန်းနှင့် ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့သုံးသောင်းကို ရင်းနှီးမြှုပ်နှံခဲ့သည်။
မဟာဝင်္ကပါထဲမှ အနှစ်တစ်သောင်းအချိန်က အပြင်လောကတွင် တစ်နှစ်သာ ကြာမြင့်သည်။
ထိုအတောအတွင်းမှာ ဟန်မူယဲ့က သူ၏ တစ်နေ့တာ အချိန်တစ်ဝက်ကို အသုံးပြု၍ သူတတ်ကျွမ်းထားသော ပန်းပဲအတတ်ပညာများကို ကြယ်စင်စုစကြာဝဠာမှ ပန်းပဲပညာရှင်များအား သင်ကြားပေးသည်။
ကြယ်စင်စုစကြာဝဠာမှ ပန်းပဲပညာရှင်များက နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ဖြစ်သော ဟန်မူယဲ့ကို ရိုသေလေးစားကြသည်။ ထို့ကြောင့် သူတို့က ဟန်မူယဲ့ထံမှ ပန်းပဲအတတ်ပညာကို စိတ်အားထက်သန်စွာ သင်ယူကြသည်။
ကျန်အချိန်တစ်ဝက်ကိုတော့ ဟန်မူယဲ့က ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်အကြောင်း စူးစမ်းလေ့လာရန် အသုံးပြုသည်။
၎င်းက မဟာပန်သွန်ဘုံ၏ နန်းမြို့တော်ကို ဖိနှိပ်ထားသော စစ်ပွဲရုပ်သေးရုပ် ဖြစ်သည်။
နန်းမြို့တော်၏ ရွှေခန်းဆောင်ထဲတွင် ဟန်မူယဲ့က ထိုရုပ်သေးရုပ်နှင့်ပတ်သက်သော သတင်းအချက်အလက်အားလုံးကို သိနားလည်ခဲ့သည်။
မည်သို့သော စစ်ပွဲရုပ်သေးရုပ်က နန်းမြို့တော်ကို ဖိနှိပ်ထားနိုင်ကြောင်း အလွန် သူစိတ်ဝင်စားသည်။
စစ်ပွဲရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကို သူထိလိုက်သည့်အခါ ၎င်း၏ အစစ်အမှန် ခွန်အားက မည်သည့်နေရာမှာတည်ရှိနေကြောင်း ဟန်မူယဲ့ နားလည်သွားသည်။
၎င်းက ဖန်ဆင်းရှင်အဆင့် ရုပ်ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းမှာ စိတ်နယ်ပယ်မရှိပေ။
ထို့ကြောင့် ၎င်းက နန်းမြို့တော်တစ်ခုလုံးမှ ကျင့်ကြံသူအားလုံး၏ ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစည်းနိုင်သည်။
နန်းမြို့တော်ထဲမှ ကျင့်ကြံသူအားလုံး၏ ဝိညာဉ်စွမ်းအားပေါင်းစပ်မှု… ။
ယင်းက မည်မျှကြောက်စရာကောင်းလိမ့်မည်နည်း။
ထိုနည်းလမ်းက ကြယ်စင်စုစကြာဝဠာထဲမှာ သူဖန်တီးခဲ့သော အာကာသစစ်ပွဲရုပ်သေးရုပ်များနှင့် သဘောတရားတူညီသည်။
အာကာသစစ်ပွဲရုပ်သေးရုပ်များ၏ ဒီဇိုင်းပုံစံက ထိုကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်ထက် အများကြီး ခေတ်ရှေ့ပြေးသည်။
အာကာသစစ်ပွဲရုပ်သေးရုပ်များက ထိန်းချုပ်သူ၏ ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစပ်နိုင်သည့်အပြင် ပိုပြီးအားကောင်းသော စစ်ပွဲရုပ်သေးရုပ်အဖြစ် ပြောင်းလဲရန် ပြန်ဖြုတ်ခြင်း သို့မဟုတ် ပြန်တပ်ဆင်ခြင်း ပြုလုပ်နိုင်ကြသည်။
ဟန်မူယဲ့က ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်ကို စစ်ဆေးလေ့လာပြီးနောက် ကြယ်စင်စုစကြာဝဠာမှ အစွမ်းထက် ပန်းပဲပညာရှင်များကို ဤနေရာသို့ ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။
သူ၏ ရည်ရွယ်ချက်က မဟာပန်သွန်ဘုံ၏ ဝိညာဉ်သတ္ထုကုန်ကြမ်းများဖြင့် တိုက်ပွဲချပ်ဝတ်အသစ် ဖန်တီးရန် ဖြစ်သည်။
ယင်းတို့က ကြယ်စင်စုစကြာဝဠာမှ တိုက်ပွဲချပ်ဝတ်များအတိုင်း ဝတ်ဆင်သူ၏ ခွန်အားကို အနည်းဆုံးနှစ်ဆ တိုးမြှင့်ပေးနိုင်လိမ့်မည်။
ဟန်မူယဲ့ကိုယ်တိုင်သည်ပင် ထိုအလုပ်ကို အလွန်စိတ်ဝင်စားနေသည်။ အထူးသဖြင့် အသန်မာဆုံး ဝိညာဉ်သတ္ထုများ၊ သွေးချီစွမ်းအားနှင့် မူလစွမ်းအားဖြင့် ဖန်တီးသန့်စင်မည့် တိုက်ပွဲချပ်ဝတ်များက သူ၏ စွမ်းအားကိုပင် အနည်းငယ် တိုးမြှင့်ပေးနိုင်လိမ့်မည်။
သူ၏ လက်ရှိအဆင့်အရ အနည်းငယ်မျှ စွမ်းအားတိုးမြှင့်သွားမည်ဆိုလျှင်ပင် ယင်းက အလွန်ကြောက်စရာကောင်းလိမ့်မည်။
ထို့ကြောင့် ဟန်မူယဲ့က အာကာသတိုက်ပွဲချပ်ဝတ်အသစ်အပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိထားသည်။
အကယ်၍ မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများက ထိုသို့ချပ်ဝတ်ကို ဝတ်ဆင်ပြီး တိုက်ခိုက်မည်ဆိုလျှင် သူတို့၏ တိုက်ပွဲစွမ်းအားက အဆပေါင်းများစွာ တိုးမြှင့်သွားလိမ့်မည်။
သို့သော်လည်း အားနည်းချက်မှာ အရင်းအမြစ်ကန့်သတ်ချက်ကြောင့် ထိုတိုက်ပွဲချပ်ဝတ်က မူလစွမ်းအား ပြောင်းလဲမှုအပေါ် အလိုက်သင့် မပြုပြင်ပေးနိုင်ပေ။
ယင်း၏ အဓိပ္ပာယ်မှာ အကယ်၍ မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများက ထိုချပ်ဝတ်ကို တခြားဘုံများတွင် ဝတ်ဆင်မည်ဆိုလျှင် သူတို့က ဘီလူးအသွင်သို့ ပြောင်းလဲနိုင်ကြတော့မည် မဟုတ်ချေ။ သို့မဟုတ်လျှင် တိုက်ပွဲချပ်ဝတ်ကို ပြန်ရုပ်သိမ်းရလိမ့်မည်။
ဟန်မူယဲ့က တိုက်ပွဲချပ်ဝတ်များအပြင် မဟာပန်သွန်ဘုံထဲမှာ ဖန်တီးသန့်စင်နိုင်သော စစ်ပွဲရုပ်သေးရုပ်များကိုလည်း သုတေသနပြုလုပ်ခဲ့သည်။
၎င်းတို့က ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်ကို တုပဖန်တီးထားခြင်းဖြစ်သော်လည်း ယင်းထဲမှာ သူ့ကိုယ်ပိုင် အတွေးအခေါ်များ ပါဝင်နေသည်။
ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်ကို ထိန်းချုပ်ရန် အလွန်အားကောင်းသော ဝိညာဉ်စွမ်းအားကို လိုအပ်သည်။
နတ်ဘုရားအဆင့် ဝိညာဉ်စွမ်းအား… ။
အာဏာရှင်အဆင့်သို့ ဝင်ရောက်ပြီးသော ကျင့်ကြံသူများ ရှာဖွေနေကြသည်မှာ မဟာတာအိုကို သူတို့၏ ဝိညာဉ်စွမ်းအားဖြင့် ရရှိနိုင်ရန် ဖြစ်သည်။ သို့မှသာ သူတို့က နတ်ဘုရားအဆင့်သို့ ဝင်ရောက်နိုင်ကြလိမ့်မည်။
နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များသာလျှင် နတ်ဘုရားအဆင့် စစ်ပွဲရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်ကြလိမ့်မည်။
နတ်ဘုရားအဆင့်ထက် ပိုမြင့်သော ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်က ဖန်ဆင်းရှင်များနှင့် တိုက်ခိုက်နိုင်ကြသည်။
သို့သော်လည်း ဤလောကတွင် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက မည်မျှရှိသနည်း။
ဖန်ဆင်းရှင်များကိုတော့ ပြောနေစရာမလိုပေ။
ထာဝရကောင်းကင်ဘုံမှ ယူဆောင်လာသော ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်က တစ်ခုတည်းဖြစ်နိုင်သည်။ အကယ်၍ အရေအတွက်အနည်းငယ် ပိုရှိမည်ဆိုလျှင်ပင် မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများက ၎င်းတို့ကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။
၎င်းတို့ကို ထိန်းချုပ်နိုင်သော ဖန်ဆင်းရှင်များက အရေအတွက် အလုံအလောက်မရှိပေ။
ဟန်မူယဲ့ ဖန်တီးမည့် အာကာသစစ်ပွဲရုပ်သေးရုပ်များက ဖန်ဆင်းရှင်အဆင့်အောက်မှ ကျင့်ကြံသူများကို အတူတကွ အင်အားပေါင်းစည်းစေပြီး ရုပ်သေးရုပ်မှတဆင့် စိတ်ကူးမယဉ်နိုင်သော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်စေမည်။
အစမှအဆုံးအထိ သူက ကျန်းကောင်းကင်ဘုံအစောင့်တပ်ကို လေ့ကျင့်ပျိုးထောင်ပေးရန် ကောင်းကင်ဘုံစစ်ပွဲများမှတဆင့် တိုက်ပွဲအကျိုးပြုအမှတ်များ စုဆောင်းမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
ယင်းက အဆင့်အနိမ့်ဆုံး နည်းလမ်းဖြစ်သည်။
သူလုပ်ချင်သည်မှာ အရင်းအမြစ်များကို အရင်းအမြစ်များဖြင့် လဲလှယ်ပြီး ကောင်းကင်ဘုံအစောင့်တပ်ကို သူ၏ လက်အောက်ထဲသို့ သိမ်းသွင်းရန် ဖြစ်သည်။
…..
မဟာဝင်္ကပါထဲတွင် အနှစ်တစ်သောင်း ကုန်ဆုံးသွားသည်။
အပြင်လောကတွင်တော့ တစ်နှစ်ကြာမြင့်ခဲ့သည်။
ပန်းပဲပညာရှင်သန်းသုံးဆယ်ထဲတွင် သန်းနှစ်ဆယ်ကျော်သာ ကျန်ရှိကြတော့သည်။ ကျန်လူများက ကျင့်ကြံခြင်းစွမ်းအား မလုံလောက်သောကြောင့် သို့မဟုတ် ဆင်ခြင်နားလည်မှုမလုံလောက်သောကြောင့် သူတို့က ရွေးချယ်စရာမရှိသည့်အဆုံး ရှေးဦးအပျက်အစီးကုန်းမြေဆီသို့ ပြန်သွားကြသည်။
သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက အဆင့်မြင့်ဘုံများမှ စွမ်းအားသို့ ပြောင်းလဲသွားပြီ ဖြစ်၏။ သို့ဖြစ်၍ ရှေးဦးအပျက်အစီးကုန်းမြေသို့ ပြန်သွားသည့်အခါကျလျှင် သူတို့က မီတာတစ်ရာရှည်လျားသော ဘီလူးများအဖြစ် အသွင်ပြောင်းလဲနိုင်ကြလိမ့်မည်။ ယင်းက သူတို့၏ တိုက်ပွဲစွမ်းအားကို ကြီးကြီးမားမား တိုးမြှင့်စေမည်။
ကမ္ဘာဦးဘုံကို ဟန်မူယဲ့၏ ကိုယ်ပွားက ထမ်းပိုးထားဆဲပင်။ ယခု ဟန်မူယဲ့က မဟာပန်သွန်ဘုံ၏ မြို့စားတစ်ယောက်ဖြစ်လာလေရာ သူ၏ ကိုယ်ပွားကို အချိန်မရွေး ပြန်သိမ်းယူနိုင်သွားသည်။
သို့သော်လည်း ယခု သူက နတ်ဘုရားနိဂုံးပြဿနာနှင့် ရင်ဆိုင်နေရလေရာ သူ၏ ကိုယ်ပွားကို အလျင်စလို ပြန်သိမ်းယူရန် မစဉ်းစားသေးပေ။
မဟာပန်သွန်ဘုံဆီသို့ ဟန်မူယဲ့ ပြန်ရောက်လာသည့်အခါ ဘုံထဲမှ အထွတ်အထိပ်ပုဂ္ဂိုလ်များက ချက်ချင်း သတိထားမိသွားကြသည်။
တစ်နှစ်ကြာ ပျောက်ကွယ်သွားခဲ့သော ဟန်မူယဲ့က ပြန်ပေါ်လာပြီးနောက် မည်သည့်အရာအား လုပ်ဆောင်မည်ကို လူတိုင်းက စူးစမ်းသိချင်နေကြသည်။ ထိုတစ်နှစ်အတွင်းမှာ ဟန်မူယဲ့က မည်သည့်အရာကို လုပ်ဆောင်ခဲ့ကြောင်းကိုလည်း သူတို့က သိချင်နေကြသည်။
သို့သော်လည်း တစ်နှစ်ဟူသော အချိန်က သူတို့အတွက် မျက်တောင်တစ်ခတ်အချိန်သာ ဖြစ်၏။ မည်သို့ဖြစ်ပါစေ သူတို့တံခါးပိတ်ကျင့်ကြံလျှင် အနည်းဆုံး နှစ်တစ်သန်းခန့် ကြာမြင့်လေ့ရှိသည်။
…..
မဟာပန်သွန်ဘုံ… ။
နန်းမြို့တော်အတွင်းမှ… ။
ကျင်းယွမ်မြို့စား၏ စံအိမ်တော်ထဲတွင်… ။
ကျင်းယွမ်မြို့စားသည် ကောင်းကင်ဘုံအစောင့်တပ်၏ တပ်မှူးဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ လက်အောက်တွင် ကောင်းကင်ဘုံအစောင့်စစ်သည် ရှစ်သိန်းရှိသည်။
သူ၏ လက်အောက်မှ စစ်သည်တော်အားလုံးက အစစ်အမှန် လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့ထဲမှ အားအနည်းဆုံးလူက ကနဦးမူလအဆင့်၏ အထွတ်အထိပ်မှာ ရှိသည်။
ဤအခိုက်အတန့်မှာ ကျင်းယွမ်မြို့စားစံအိမ်တော်ထဲ၌ သွေးချီအားလှိုင်းများက အရပ်ရှစ်မျက်နှာဆီသို့ ပျံ့လွင့်သွားသည်။
ကောင်းကင်ဘုံအစောင့်တပ်မှ စစ်ဗိုလ်ချုပ်များက ခမ်းနားထည်ဝါသော မြေကွက်လပ်တစ်ခုပေါ်မှာ ရပ်နေကြပြီး ရှိန်လောက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေကြသည်။
အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော ကျင်းယွမ်မြို့စားက တည်ကြည်လေးနက်သော မျက်နှာဖြင့် သူ့အရှေ့မှ ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
“ ဝေယွမ်မြို့စား… ခင်ဗျားက ကောင်းကင်ဘုံအစောင့်တပ်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ကျုပ်တို့တပ်မှူးတွေက ခင်ဗျားရဲ့ အမိန့်ကို နာခံကြရပါမယ်… ဒါပေမဲ့… ”
ကျင်းယွမ်မြို့စားက မြေကွက်လပ်ပေါ်မှာ မတ်တတ်ရပ်နေကြသော စစ်ဗိုလ်ချုပ်များကို လှည့်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ ကျုပ်ရဲ့ ညီအကိုတွေက ကျင့်ကြံဖို့ လိုအပ်ပါတယ်… တကယ်လို့ ဝေယွမ်မြို့စားက ကျုပ်တို့ကို လုံလောက်တဲ့ တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ အရင်းအမြစ်တွေ မထောက်ပံ့ပေးဘူးဆိုရင် ကျုပ်တို့က သေချာအလုပ်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး ”
“ ညီအကိုတို့ ကျုပ်ပြောတာ သဘောတူကြလား ”
ကျင်းယွမ်မြို့စားက အော်ပြောလိုက်သည်။
“ မြို့စားပြောတာ မှန်ပါတယ် ”
“ ဝေယွမ်မြို့စား… ခင်ဗျား ကျုပ်တို့ကို အမိန့်ပေးချင်ရင် တန်ကြေးတစ်ခုတော့ ပေးရလိမ့်မယ် ”
“ ထိုက်သင့်တဲ့ တန်ကြေးမရရင် ကျုပ်တို့က အလုပ်မလုပ်ပေးနိုင်ဘူး ”
မြေကွက်လပ်ပေါ်မှာ ရပ်နေကြသော စစ်ဗိုလ်ချုပ်အားလုံးက ပြိုင်တူ အော်ပြောလိုက်ကြသည်။
နန်းမြို့တော်ထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများက ကျင်းယွမ်မြို့စားစံအိမ်တော်ပေါ်မှာ စုဝေးသွားကြသည်။ ဟန်မူယဲ့က မည်သို့တုံ့ပြန်မည်ကို သူတို့မြင်ချင်ကြသည်။
အကယ်၍ ယနေ့ ဟန်မူယဲ့က ကျင်းယွမ်မြို့စားနှင့် သူ့လက်အောက်မှ ကောင်းကင်ဘုံအစောင့်စစ်သည်ရှစ်သိန်းကို အမိန့်ပေးရန် ကျရှုံးခဲ့မည်ဆိုလျှင် သူက အနာဂတ်မှာ မည်သည့်နည်းနှင့်မှ ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။
အကယ်၍ သူက ရွှေခန်းဆောင်ထဲမှ ဖန်ဆင်းရှင်များကို အကူအညီတောင်းမည်ဆိုလျှင် ဖြစ်နိုင်လိမ့်မည်။ သို့သော်လည်း ထိုအတွက် ကုန်ကျမည့် တန်ဖိုးက တိုက်ပွဲအကျိုးပြုအမှတ်များနှင့် အရင်းအမြစ်များ စုဆောင်းခြင်းထက် ပိုပြီးများပြားလိမ့်မည်။
“ တကယ်တော့ ဝေယွမ်မြို့စားက တိုက်ပွဲအကျိုးပြုအမှတ်နဲ့ အရင်းအမြစ်တွေ စုဆောင်းဖို့ကို အဓိကအာရုံစိုက်သင့်တယ်… ကိုယ်ပိုင်စစ်တပ်ကို ဦးဆောင်ပြီး ကောင်းကင်ဘုံစစ်ပွဲအများကြီး ဆင်နွှဲမယ်ဆိုရင် တိုက်ပွဲအကျိုးပြုအမှတ်နဲ့ အရင်းအမြစ်တွေ ရှာဖွေနိုင်လိမ့်မယ် ”
“ ဟုတ်တယ်… နှစ်တစ်သောင်းကြာပြီးလို့ အရင်းအမြစ်တွေ အလုံအလောက်စုဆောင်းမိတဲ့အခါကျမှ နတ်ဘုရားဆယ်ပါးနဲ့ ကောင်းကင်ဘုံအစောင့်စစ်သည်ဆယ်သန်းကို ထိန်းချုပ်သင့်တယ်… အဲ့ဒီနောက် သူက ကောင်းကင်နင်းခြေမျိုးနွယ်နဲ့ စစ်ပွဲစတင်သင့်တယ်… တကယ်လို့ စစ်ပွဲမှာ သူမသေသွားရင် မဟာပန်သွန်ဘုံဆီ ပြန်လာပြီး ကျင့်ကြံနိုင်မယ် ”
“ ဟုတ်တယ်… အရင်းအမြစ်တွေ မထောက်ပံ့ပေးဘဲ ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်ချင်နေတယ်ဆိုရင် ဘယ်နည်းနဲ့မှ သူအောင်မြင်နိုင်မှာ မဟုတ်ဘူး ”
နတ်ဘုရားစိတ်အာရုံများက မည်သည်ကိုမှ မချုပ်ထိန်းဘဲ ပြောသည်။
ရွှေခန်းဆောင်ထဲ၌ ကျန်းကောင်းကင်ဘုံချိပ်တံဆိပ်ကို ဟန်မူယဲ့ လက်ခံလိုက်သည့်အချိန်မှစ၍ ယင်းတို့က သူကျော်လွှားရမည့် အတားအဆီးများ ဖြစ်လာသည်။
ယင်းက အင်မော်တယ်မင်းဆက်၏ လျှို့ဝှက်အကြံအစည်တစ်ခုဖြစ်စေ သို့မဟုတ် ဉာဏ်များမှုဖြစ်စေ အရေးမကြီးပေ။
ဟန်မူယဲ့က မြေကွက်လပ်ထဲမှာ မတ်တတ်ရပ်နေသည်။ သူက တည်ငြိမ်သော အမူအရာဖြင့် သူ့အရှေ့မှ ကျင်းယွမ်မြို့စားကို ကြည့်လိုက်သည်။
“ ကျင်းယွမ်မြို့စား… ကြည့်ရတာ ခင်ဗျားနားလည်မှုလွဲနေပုံပဲ ”
“ ကျုပ် ဒီကို ရောက်လာတာ ခင်ဗျားကို အမိန့်ပေးဖို့ မဟုတ်ဘူး ”
“ ကျုပ်က ကောင်းကင်ဘုံအစောင့်တပ်အတွက် ဘယ်လိုဆုလာဘ်ပေးရမလဲ စဉ်းစားမရဖြစ်နေတယ်… ဒီအတောအတွင်းမှာ ကျုပ်က တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ လဲလှယ်နိုင်မယ့် ဆုလာဘ်တချို့ကို ပြင်ဆင်ထားခဲ့တယ်… အဲ့ဒါတွေက အသုံးဝင်ပါ့မလား ကျုပ်မသိဘူး… အဲ့ဒါကြောင့် ခင်ဗျားကို အကဲဖြတ်ခိုင်းဖို့ ကျုပ်ရောက်လာတာပါ ”
ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ ရွှေရောင်အလင်းတန်းက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းတန်းက အလင်းတိုင်လုံးအဖြစ် စုစည်းသွားသည်။ ထိုအလင်းတိုင်လုံးထဲတွင် တိုက်ပွဲအကျိုးပြုအမှတ်များဖြင့် လဲလှယ်နိုင်သော ပစ္စည်းများ၏ နာမည်စာရင်းက ထွက်ပေါ်လာသည်။ ထို့ပြင် ပစ္စည်းများ၏ ဘေးမှာ ပုံရိပ်များလည်း ထွက်ပေါ်နေကြသည်။
အလင်းအမှောင်ပုံရိပ်က ယှက်ထွေသွားသည့်အခါ အနက်ရောင်တိုက်ပွဲချပ်ဝတ်များနှင့် စစ်ပွဲရုပ်သေးရုပ်များ ထွက်ပေါ်လာကြသည်။
“ စုစုပေါင်း အနက်ရောင်တိုက်ပွဲချပ်ဝတ်ဆယ့်နှစ်စုံနဲ့ စစ်ပွဲရုပ်သေးရုပ်သုံးခု ရှိတယ်… အဲ့ဒါတွေကို တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ လဲလှယ်နိုင်တယ် ”
“ ဒါပေါ့… အဲ့ဒါတွေက ကောင်းကင်ဘုံအစောင့်တပ်အတွက်ပဲ ”
“ ကျင်းယွမ်မြို့စား… ကျုပ် ခင်ဗျားနဲ့ ခင်ဗျားရဲ့ စစ်သည်တော်တွေကို ဒီအနက်ရောင်တိုက်ပွဲချပ်ဝတ်တွေနဲ့ စစ်ပွဲရုပ်သေးရုပ်တွေ စမ်းအသုံးပြုစေချင်တယ်… ဒါမှ ပြုပြင်ဖို့ တစ်ခုခုလိုနေသေးလား သိနိုင်မယ် ”
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေလျက် ပြုံးလိုက်သည်။
“ အို ဒါနဲ့ ခင်ဗျားတို့ကို ကျုပ်မပြောရသေးဘူး… ကျုပ်က ပန်းပဲပညာရှင်လည်း ဟုတ်ပါတယ်… နန်းမြို့တော်ရဲ့ ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ်က ကျုပ်ကို ဉာဏ်အလင်းအများကြီး ပေးခဲ့တယ် ”
တိုက်ပွဲချပ်ဝတ်တွေနဲ့ စစ်ပွဲရုပ်သေးရုပ်တွေ… ။
ကျင်းယွမ်မြို့စားနှင့် သူ့အနောက်မှ စစ်ဗိုလ်ချုပ်များက ဇဝေဇဝါဖြစ်သွားကြသည်။
နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ၏ နတ်ဘုရားစိတ်အာရုံများသည်ပင် ဤအခိုက်အတန့်မှာ နှုတ်ဆိတ်သွားကြသည်။
ထိုတိုက်ပွဲချပ်ဝတ်များနှင့် စစ်ပွဲရုပ်သေးရုပ်များက မဟာပန်သွန်ဘုံ၏ ရှိန်လောက်ဖွယ်ကောင်းသော မူလစွမ်းအားကို အမှန်တကယ် အစွမ်းမြှင့်တင်ပေးနိုင်မည်လော။
“ ဝေယွမ်မြို့စားက ကိုယ်တိုင်တောင်းဆိုနေမှတော့ အဲ့ဒါကို ကျုပ်စမ်းသပ်ကြည့်မယ် ”
ကျင်းယွမ်မြို့စားက ပြောသည်။
“ ဒါပေမဲ့ အခုကတည်းက ကျုပ် ရှင်းရှင်းလင်းလင်း ပြောထားမယ်… တကယ်လို့ အဲ့ဒီချပ်ဝတ်တွေနဲ့ စစ်ပွဲရုပ်သေးရုပ်တွေက ကျုပ်တို့အတွက် နည်းနည်းပဲ ခွန်အားမြှင့်ပေးနိုင်တယ်ဆိုရင် အနာဂတ်မှာ အဲ့ဒါတွေကို တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ ကျုပ်လဲလှယ်မှာ မဟုတ်ဘူး ”
“ ကိုယ့်အကျိုးအတွက် အခွင့်အာဏာကို အလွဲသုံးစားလုပ်တာမျိုး ကျုပ်ခွင့်မပြုဘူး ”