အခန်း (၁၇၀၄)
Vol. 122 Ch. 1704
အခန်း(၁၇၀၄)
ကျင်းယွမ်မြို့စား၏ လေသံထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။
မည်သို့ဖြစ်ပါစေ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်အနေဖြင့် သူက စည်းမျဉ်းများကို ဂရုစိုက်နေမည် မဟုတ်ချေ။
အာဏာရှင်အဆင့်၏ အထက်မှ ကျင့်ကြံသူများသည် သူတို့အတွက် အကျိုးရှိနိုင်သော စည်းမျဉ်းများကို ပြဌာန်းကြသည်။
ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့၏ တပ်မှူးတစ်ယောက်ဖြစ်သလို အင်မော်တယ်မင်းဆက်၏ မြို့စားတစ်ယောက်ဖြစ်သော ကျင်းယွမ်က ကောင်းကင်ဘုံအစောင့်တပ်ထဲမှာ အတော်လေး ဩဇာအာဏာ ရှိသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
ဓားကျင့်ကြံသူအုပ်စုတစ်စုက အရှေ့သို့ လျှောက်လာကြသည်။ သူတို့၏ အနောက်တွင် ဝတ်ရုံရှည်ဝတ်ဆင်ထားကြသော ပန်းပဲပညာရှင်များက လိုက်လာကြသည်။
“ ဝီး ”
သူတို့ထဲမှ ဓားကျင့်ကြံသူတစ်ယောက်က အစိမ်းရောင်ဖျော့ဖျော့ တိုက်ပွဲချပ်ဝတ်တစ်ထည်ကို သူ၏ မူလလေဟာနယ်ထဲမှ ထုတ်လိုက်ပြီး ဝတ်ဆင်လိုက်သည်။
ထိုတိုက်ပွဲချပ်ဝတ် ထွက်ပေါ်လာသည့်အခိုက် ထက်ရှသော အလင်းက လူတိုင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ကျင်းယွမ်မြို့စားစံအိမ်တော်ထဲတွင် အားအနည်းဆုံး ကျင့်ကြံသူများက ခြေလှမ်းဝက်ကမ္မအဆင့်မှာ ဖြစ်ကြသည်။ သူတို့က ထိုချပ်ဝတ်၏ အရည်အသွေးကို အကြည့်တစ်ချက်ဖြင့် ပြောနိုင်ကြသည်။
“ ကနဦးမူလအဆင့် ကျင့်ကြံသူတွေ ဝတ်ဆင်ဖို့ မဆိုးဘူး… လှုပ်ရှားတဲ့အခါမှာလည်း သွက်လက်တယ် ”
“ တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ပြီးရင် သွေးချီစွမ်းအားနဲ့ မိုးမြေစွမ်းအားရဲ့ အားဖြည့်ပေးမှုကို ရရှိလိမ့်မယ်… အဲ့ဒါက ဝတ်ဆင်သူကို အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း အစွမ်းတိုးမြှင့်ပေးနိုင်တယ် ”
ထိုသို့အရည်အသွေးမြင့်သော တိုက်ပွဲချပ်ဝတ်ကို သူတို့၏ လက်အောက်မှ ကောင်းကင်ဘုံအစောင့်စစ်သည်များ ဝတ်ဆင်နိုင်မည်ဆိုလျှင် စစ်တပ်၏ တိုက်ပွဲအင်အားက သုံးဆယ်ရာခိုင်နှုန်း တိုးမြှင့်သွားလိမ့်မည်။
“ ဝေယွမ်မြို့စားက ဒီချပ်ဝတ်တွေကို အရေအတွက်ဘယ်လောက် ထောက်ပံ့ပေးနိုင်မလဲ ကျုပ်သိချင်ပါတယ် ”
ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူသန်ကြီးတစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လေးနက်စွာ မေးသည်။
သူက ထိုတိုက်ပွဲချပ်ဝတ်ကို လဲလှယ်ရန် တိုက်ပွဲအကျိုးပြုအမှတ် မည်မျှလိုအပ်ကြောင်း မမေးပေ။ ယင်းအစား သူက အရေအတွက်မည်မျှ ထောက်ပံ့ပေးနိုင်သလဲဟု မေးသည်။
ရှင်းလင်းစွာပင် သူက အရင်းအမြစ်ရှားပါးသူ မဟုတ်ပေ။
မည်သို့ဖြစ်ပါစေ သူက ကောင်းကင်ဘုံအစောင့်တပ်၏ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး နန်းမြို့တော်ကို ကာကွယ်စောင့်ရှောက်ပေးနေလေရာ မည်သို့ကြောင့် သူ့မှာ အရင်းအမြစ်ရှားပါးမည်နည်း။
ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး မြေကွက်လပ်ထဲမှ တခြားစစ်ဗိုလ်ချုပ်များကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထိုစစ်ဗိုလ်ချုပ်များသည်လည်း သူ့ကို တူညီသော အမူအရာဖြင့် ကြည့်နေကြကြောင်း ဟန်မူယဲ့ မြင်သွားသည်။
သူတို့၏ အတွေးက ရိုးရှင်းသည်။
ဟန်မူယဲ့က သူတို့ကို တိုက်ပွဲချပ်ဝတ်များ ထောက်ပံ့ပေးနေသရွေ့ ယင်းတို့က မည်မျှများပြားပါစေ သူတို့က တိုက်ပွဲအကျိုးပြုအမှတ်ဖြင့် လဲလှယ်ကြလိမ့်မည်။
“ ချပ်ဝတ်တစ်စုံအတွက် တိုက်ပွဲအကျိုးပြုအမှတ်တစ်ရာ… ဒါမှမဟုတ် သေခြင်းရှင်ခြင်းမဟာပန်သွန်ကျောက်တုံးတစ်တုံး… အဲ့ဒီဈေးက မများဘူးမလား ”
ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။
တိုက်ပွဲအကျိုးပြုအမှတ်တစ်ရာ သို့မဟုတ် သေခြင်းရှင်ခြင်းမဟာပန်သွန်ကျောက်တုံးတစ်တုံး… ။
ထိုဈေးနှုန်းက အမှန်တကယ် မများပေ။
မည်သို့ဖြစ်ပါစေ ကောင်းကင်ဘုံအစောင့်တပ်သို့ ဝင်ရောက်ရန် အခြေခံလိုအပ်ချက်က တိုက်ပွဲအကျိုးပြုအမှတ်တစ်ရာ မဟုတ်ပါလော။
ထိုသို့ဆိုလျှင် ကောင်းကင်ဘုံအစောင့်တပ်ထဲမှ မည်သည့်စစ်သည်တော်မဆို ထိုချပ်ဝတ်ကို ဝတ်ဆင်နိုင်ကြလိမ့်မည်။
ယခု မြေကွက်လပ်ထဲမှာ စုဝေးနေကြသော စစ်ဗိုလ်ချုပ်များထဲတွင် မည်သူက တိုက်ပွဲအကျိုးပြုအမှတ်ဆယ်သန်းမရှိဘဲ နေမည်နည်း။
“ ဝေယွမ်မြို့စား… ကျုပ် ချပ်ဝတ်အစုံငါးသောင်း လိုချင်ပါတယ် ”
“ ဝေယွမ်မြို့စား… ကျုပ်က ချပ်ဝတ်အစုံသုံးသောင်း လိုချင်ပါတယ် ”
“ ကျုပ်က ချပ်ဝတ်အစုံတစ်သောင်း လိုချင်ပါတယ်… အဲ့ဒီချပ်ဝတ်က ကျုပ်ရဲ့ ကိုယ်ရံတော်အစောင့်တွေအတွက် သင့်တော်တယ် ”
စစ်ဗိုလ်ချုပ်များက ပြုံးလိုက်ကြသည်။
ထိုချပ်ဝတ်များဖြင့်ဆိုလျှင် သူတို့၏ လက်အောက်မှ စစ်တပ်အင်အားက ကြီးကြီးမားမား တိုးမြှင့်သွားလိမ့်မည်။
ဟန်မူယဲ့က အပေါ်သို့ မော့လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
အဲ့ဒါ ဘာအဓိပ္ပာယ်လဲ… ။
“ ဝေယွမ်မြို့စားဆီမှာ ချပ်ဝတ်အလုံအလောက် မရှိဘူးလား ”
“ ဒါဆိုရင် ကျုပ် ချပ်ဝတ်အစုံငါးထောင်ပဲ ယူပါမယ်… အဲ့ဒါက မများဘူးမလား ”
“ ဟုတ်တယ်… အဲ့ထက် နည်းသွားရင် ချပ်ဝတ်က တန်ဖိုးမရှိတော့ဘူး ”
မြေကွက်လပ်ထဲမှာ မတ်တတ်ရပ်နေကြသော စစ်ဗိုလ်ချုပ်များက အနည်းငယ် စိတ်ပျက်သွားကြသည်။
အရေအတွက်နည်းလွန်းသော တိုက်ပွဲချပ်ဝတ်များက သူတို့လက်အောက်မှ စစ်တပ်များ၏ အင်အားကို ကြီးကြီးမားမား မတိုးမြှင့်ပေးနိုင်ပေ။
အကယ်၍ စစ်ဗိုလ်ချုပ်များသည်ပင် ချပ်ဝတ်အများအပြားကို မဝယ်ယူနိုင်လျှင် တခြားလူများက မည်သို့ဝယ်ယူနိုင်တော့မည်နည်း။
ဝေယွမ်မြို့စားက ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်နိုင်ရန်အလို့ငှာ သူထိန်းချုပ်ထားသော အကျိုးအမြတ်တချို့ကို သူတို့အား ပေးကမ်းနေခြင်း ဖြစ်သည်။ ထိုချပ်ဝတ်က ငါးစာဖြစ်သည်။
ယခု ကြည့်ရသည်မှာ ကျင်းယွမ်မြို့စား၏ လက်အောက်မှ စစ်ဗိုလ်ချုပ်အများစုက ထိုငါးစာကို စိတ်မဝင်စားကြဟန် ရ၏။
ထိုမြင်ကွင်းကို မြင်သောအခါ ကျင်းယွမ်မြို့စားက ပြုံးလိုက်သည်။
သူ၏ အမြင်တွင် ဟန်မူယဲ့၏ အခြေခံအုတ်မြစ်က အားနည်းနေသေးသည်။
ဟန်မူယဲ့က အလွန်သန်မာသော်လည်း သူ၏ ရည်မှန်းချက်က သူစွမ်းဆောင်နိုင်သော အတိုင်းအတာထက် အများကြီး ကျော်လွန်နေသည်။
အကယ်၍ သူသာ ထိုစစ်ဗိုလ်ချုပ်များကို အစကတည်းက ရိုသေလေးစားစွာ ဆက်ဆံခဲ့မည်ဆိုလျှင် သူက ထိုအုပ်စု၏ အသိအမှတ်ပြုမှုကို ရရှိနိုင်လောက်၏။
“ လူကြီးမင်းတို့တွေ ဆန္ဒမစောပါနဲ့ဦး… ကျုပ်မှာ ဒီဟာနဲ့ အမျိုးအစားမတူတဲ့ ချပ်ဝတ်ဆယ့်နှစ်စုံ ရှိပါသေးတယ်… ခင်ဗျားတို့ ဆုံးဖြတ်ချက်မချခင် ဘာလို့ အဲ့ဒါတွေကို တစ်ချက်မကြည့်ကြည့်တာလဲ ”
ဟန်မူယဲ့က ပြောသည်။
သူ၏ စကားဆုံးသွားသည်နှင့် ဓားကျင့်ကြံသူများက အရှေ့သို့ လျှောက်လာကြသည်။ သူတို့တစ်ယောက်စီက တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။
“ ဝုန်း ”
ထိုတိုက်ပွဲချပ်ဝတ်ဆယ့်နှစ်စုံ ထွက်ပေါ်လာသည့်အခိုက် ကြမ်းတမ်းသော လေပွေက မြေကွက်လပ်ထဲမှာ တိုက်ခတ်သွားသည်။
ရွှေညိုရောင်အလင်းနှင့် စိမ်းပြာရောင်အလင်းက ကောင်းကင်ယံမှာ လင်းလက်သွားသည်။
ချပ်ဝတ်တစ်စုံစီက အလွန်အားကောင်းသော မူလစွမ်းအားကို ထုတ်လွှတ်နေလေရာ မိုးမြေမဟာတာအိုသည်ပင် ချပ်ဝတ်၏ ဘေးပတ်ဝန်းကျင်မှာ ရစ်ဝဲသွားသည်။
အထူးသဖြင့် ရွှေညိုရောင်ချပ်ဝတ်သုံးစုံပင်။
ထိုထဲမှာ ကိန်းအောင်းနေသော မူလစွမ်းအားက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကိုပင် အလိုအလျောက် တုန်ခါသွားစေသည်။
ထိုချပ်ဝတ်ဆယ့်နှစ်စုံက စိတ်ကူးမယဉ်နိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
“ အဲ့ဒီ… အဲ့ဒီချပ်ဝတ်ရဲ့ မူလစွမ်းအားက အာဏာရှင်အဆင့်ထက် ကျော်လွန်နေတယ် ”
မြေကွက်လပ်ထဲမှ တစ်စုံတစ်ယောက်က အလန့်တကြား အော်လိုက်သည်။
ထိုချပ်ဝတ်များထဲမှာ ကိန်းအောင်းနေသော စွမ်းအားက သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းထက် အများကြီး ပိုသန်မာကြောင်း ထင်ရှားပေသည်။
ထိုမြေကွက်လပ်တစ်ခုတည်း မဟုတ်ပေ။ ကောင်းကင်ပေါ်မှ နတ်ဘုရားစိတ်အာရုံများသည်လည်း ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
မဟာပန်သွန်ဘုံတစ်ခုလုံး၌ အသန်မာဆုံး စစ်ပွဲရုပ်သေးရုပ်က နန်းမြို့တော်ထဲမှ ကောင်းကင်ဘုံအစောင့်ရုပ်သေးရုပ် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ဟန်မူယဲ့က ထိုသို့ရှိန်လောက်ဖွယ်ကောင်းသော စစ်ပွဲရုပ်သေးရုပ်ကို ဖန်တီးသန့်စင်ရန် ကြံစည်နေသည်လော။
“ အာဏာရှင်အဆင့်… ဟင်းလင်းပြင်အဆင့်… နတ်ဘုရားအဆင့်… ”
နောက်ဆုံးချပ်ဝတ်သုံးစုံကို မြင်သွားသောအခါ ကျင်းယွမ်မြို့စားက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
အထူးသဖြင့် နောက်ဆုံးချပ်ဝတ်ဖြစ်သော နတ်ဘုရားအဆင့် တိုက်ပွဲချပ်ဝတ်ပင်။ ထိုသို့တိုက်ပွဲချပ်ဝတ်က သူ့အတွက်ပင် အလွန်အမင်း တန်ဖိုးကြီးမားသည်။
အကယ်၍ သူသာ ထိုတိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်နိုင်မည်ဆိုလျှင် သူ၏ တိုက်ပွဲစွမ်းအားက နှစ်ဆယ်ရာခိုင်နှုန်း တိုးမြှင့်သွားလိမ့်မည်။
နတ်ဘုရားတစ်ပါး၏ တိုက်ပွဲစွမ်းအားက နှစ်ဆယ်ရာခိုင်နှုန်း တိုးမြှင့်သွားမည်။ ယင်းက စိတ်ကူးမယဉ်နိုင်သောအရာ ဖြစ်သည်။
ဟန်မူယဲ့က သူ၏ အနောက်မှ ပန်းပဲပညာရှင်ကို ကြည့်လိုက်သည်။
အစိမ်းရောင်ဖျော့ဖျော့ ဝတ်ရုံရှည် ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး အရှေ့သို့ ထွက်လျှောက်လာသည်။
“ ကနဦးမူလအဆင့်၊ စကြာဝဠာအဆင့်၊ ယင်ယန်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်၊ ကောင်းကင်ဘုံလျှို့ဝှက်ချက်အဆင့်၊ ကမ္မအဆင့်၊ သံသရာစက်ဝန်းအဆင့်၊ အာဏာရှင်အဆင့်၊ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်နဲ့ နတ်ဘုရားအဆင့် ”
“ စုစုပေါင်း ကျင့်ကြံခြင်းအဆင့်ဆယ်ဆင့် ရှိပါတယ်… ကျင့်ကြံခြင်းအဆင့်တစ်ဆင့်စီအတွက် ချပ်ဝတ်တစ်စုံကို ကျုပ်တို့ ပြသပေးထားပါတယ် ”
“ တခြားချပ်ဝတ်နှစ်စုံကတော့ ပေါင်းစပ်ချပ်ဝတ်တွေ ဖြစ်ပါတယ်… ပထမချပ်ဝတ်ကို ကမ္မအဆင့် ကျင့်ကြံသူတွေရော သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူတွေရော အသုံးပြုနိုင်ပါတယ်… ဒုတိယချပ်ဝတ်ကိုတော့ အာဏာရှင်အဆင့် ကျင့်ကြံသူပဲဖြစ်ဖြစ် ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ် ”
“ အဲ့ဒီချပ်ဝတ်တွေကို အာကာသတိုက်ပွဲချပ်ဝတ်လို့ နာမည်ပေးထားပါတယ် ”
“ အာကာသတိုက်ပွဲချပ်ဝတ်က ကနဦးမူလအဆင့်ကနေ နတ်ဘုရားအဆင့်ထိ အမျိုးအစားစုံစုံလင်လင် ရှိပါတယ် ”
ထိုပန်းပဲပညာရှင်က ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။
သူ၏ အရှေ့မှာ နတ်ဘုရားတစ်ပါးရှိနေသည့်တိုင် သူက မတုန်လှုပ်ပေ။
အဘယ့်ကြောင့်ဆိုသော် သူဖန်တီးခဲ့သော စစ်ပွဲရုပ်သေးရုပ်က နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့ကြောင်း သူမြင်ဖူးသောကြောင့် ဖြစ်သည်။
ယင်းက ဤနေရာမှာ စုဝေးရှိနေကြသော ပန်းပဲပညာရှင်များကို အပြည့်အဝ ယုံကြည်မှုပေးသည်။
တိုက်ပွဲချပ်ဝတ်များကို မိတ်ဆက်ပေးပြီးနောက် ပန်းပဲပညာရှင်က အနောက်သို့ ပြန်ဆုတ်သွားသည်။
မြေကွက်လပ်တွင်ဖြစ်စေ ကောင်းကင်ယံတွင်ဖြစ်စေ တိတ်ဆိတ်ခြင်းက ကြီးစိုးသွားသည်။
ထိုတိုက်ပွဲချပ်ဝတ်ဆယ့်နှစ်စုံက လူတိုင်းကို အံ့ဩဆွံ့အသွားစေသည်။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်။
အချိန်တစ်ခဏကြာပြီးနောက် ကျင်းယွမ်မြို့စားက နောက်ဆုံးမှာ ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ဝေယွမ်မြို့စား… ကနဦးမူလရဲ့ အထက်အဆင့်က တိုက်ပွဲချပ်ဝတ်တွေကို ဘယ်လိုလဲလှယ်ရမလဲ ”
ဟန်မူယဲ့က ထိုသို့ရတနာများကို ထုတ်ပြလာလိမ့်မည်ဟု လုံးဝ သူမမျှော်လင့်ထားပေ။
ထိုသို့ရတနာများက နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်ဖြစ်သော သူ့ကိုပင် စိတ်လှုပ်ရှားစေသည်။
အမှန်တိုင်းဝန်ခံရလျှင် ယနေ့ သူ၏ အမြင်က အလွန်ကျဉ်းမြောင်းလှသည်။
သူက ဝေယွမ်မြို့စားကို လျော့တွက်မိခဲ့သည်။
နတ်ဘုရားအဆင့် တိုက်ပွဲချပ်ဝတ်တစ်စုံကို ထုတ်ပြနိုင်သော ပုဂ္ဂိုလ်က မည်သို့သာမန်ဖြစ်နိုင်မည်နည်း။
ကျင်းယွမ်မြို့စားက ထိုသို့မေးလိုက်သည့်အခါ ကောင်းကင်ပေါ်မှ နတ်ဘုရားစိတ်အာရုံအားလုံးက ဟန်မူယဲ့ပေါ်သို့ အာရုံစိုက်လိုက်ကြသည်။
သူတို့သည်လည်း ဟန်မူယဲ့၏ အဖြေကို စောင့်ဆိုင်းနေကြသည်။
“ ကနဦးမူလအဆင့် အာကာသတိုက်ပွဲချပ်ဝတ်အတွက် တိုက်ပွဲအကျိုးပြုအမှတ်တစ်ရာ လိုအပ်မယ်… နောက်အဆင့်တွေအတွက်တော့ ဈေးနှုန်းက ဆယ်ဆတိုးသွားမယ် ”
“ ဒါပေမဲ့ သံသရာစက်ဝန်းရဲ့ အထက်အဆင့်တွေကိုတော့ တိုက်ပွဲအကျိုးပြုအမှတ်တစ်ခုတည်းနဲ့ လဲလှယ်လို့ မရဘူး ”
ထိုသို့ဆိုလျှင် သံသရာစက်ဝန်းအဆင့် အာကာသတိုက်ပွဲချပ်ဝတ်တစ်စုံအတွက် တိုက်ပွဲအကျိုးပြုအမှတ်တစ်ဘီလီယံ လိုအပ်လိမ့်မည်။
သံသရာစက်ဝန်းအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်က ထိုပမာဏကို စုဆောင်းမည်ဆိုလျှင် အနှစ်တစ်သိန်း အချိန်ကြာလိမ့်မည်။
ဈေးနှုန်းက အလွန်များသော်လည်း အကယ်၍ သံသရာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက်က အာကာသတိုက်ပွဲချပ်ဝတ်တစ်စုံကို ဝတ်ဆင်လိုက်မည်ဆိုလျှင် သူ၏ တိုက်ပွဲစွမ်းအားက အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းခန့် မြင့်တတ်သွားလိမ့်မည်။
ထို့ပြင် ထိပ်တန်းကျွမ်းကျင်ပညာရှင်များသည် တစ်ယောက်တည်း မလှုပ်ရှားကြချေ။
သို့သော် သံသရာစက်ဝန်းအဆင့်ထက် ကျော်လွန်သွားသော တိုက်ပွဲချပ်ဝတ်များကိုတော့ တိုက်ပွဲအကျိုးပြုအမှတ်တစ်ခုတည်းဖြင့် မလဲလှယ်နိုင်ပေ။
ယင်းက အဓိပ္ပာယ်ရှိသည်။
မည်သို့ဖြစ်ပါစေ ထိုမျှတန်ဖိုးကြီးမားသော တိုက်ပွဲချပ်ဝတ်များကို တိုက်ပွဲအကျိုးပြုအမှတ်တစ်ခုတည်းဖြင့် မည်သို့ဝယ်ယူနိုင်မည်နည်း။
ကျင်းယွမ်မြို့စားက နေရာမှာ မတ်တတ်ရပ်နေစဉ် သူ၏ အမူအရာက ပြောင်းလဲသွားသည်။
ဟန်မူယဲ့၏ ဆိုလိုရင်းအဓိပ္ပာယ်ကို သူနားလည်သည်။
သစ္စာရှိမှုကသာလျှင် ထိုတိုက်ပွဲချပ်ဝတ်ကို ပိုင်ဆိုင်နိုင်လိမ့်မည်။
နတ်ဘုရားအဆင့် အာကာသတိုက်ပွဲချပ်ဝတ်… ။
အကယ်၍ သူသာ ထိုသို့တိုက်ပွဲချပ်ဝတ်တစ်စုံကို ပိုင်ဆိုင်နိုင်မည်ဆိုလျှင် နတ်ဘုရားများကြားထဲမှာ ထိပ်ဆုံးနေရာသို့ ရောက်ရှိသွားလိမ့်မည်။
ဟန်မူယဲ့က ကျင်းယွမ်မြို့စားကို တိတ်တဆိတ် ကြည့်လိုက်သည်။
ယင်းက အမှန်တကယ်ပင် သူ၏ သဘောထားဖြစ်သည်။
သစ္စာရှိမှုကို ဖော်ပြမှသာလျှင် တိုက်ပွဲချပ်ဝတ်ကို ပိုင်ဆိုင်နိုင်လိမ့်မည်။
သူ့အပေါ် သစ္စာမရှိလျှင် တိုက်ပွဲချပ်ဝတ်ကို မပိုင်ဆိုင်နိုင်ပေ။
ယနေ့ ဤမြို့စားအိမ်တော်ထဲမှ သူထွက်သွားသည်နှင့် ကောင်းကင်ဘုံအစောင့်တပ်၏ တခြားနတ်ဘုရားများက မဟာမိတ်ဖွဲ့ရန် သူ့ဆီသို့ ရောက်လာကြလိမ့်မည်ဖြစ်ကြောင်း ဟန်မူယဲ့ သေချာသည်။
တိုက်ပွဲစွမ်းအားကို သုံးဆယ်ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်သော တိုက်ပွဲချပ်ဝတ်… ။
ထိုသို့ဆွဲမက်ဖွယ်ကောင်းသော ဆုလာဘ်ဖြင့်ဆိုလျှင် နတ်ဘုရားအများအပြားက သူ့အပေါ် သစ္စာရှိလာလိမ့်မည်။
“ ဝေယွမ်မြို့စား… တကယ်လို့ ကျုပ်က ခင်ဗျားရဲ့ လက်အောက်မှာ အမှုထမ်းဖို့ ဆန္ဒရှိတယ်ဆိုရင်ရော… ”
ကျင်းယွမ်မြို့စားက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မေးသည်။
“ နတ်ဘုရားအဆင့် တိုက်ပွဲချပ်ဝတ်တစ်စုံ၊ ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့် တိုက်ပွဲချပ်ဝတ်သုံးစုံ၊ အာဏာရှင်အဆင့် တိုက်ပွဲချပ်ဝတ်ဆယ်စုံ၊ သံသရာစက်ဝန်းအဆင့် တိုက်ပွဲချပ်ဝတ်အစုံတစ်ရာကို တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ ခင်ဗျားလဲလှယ်နိုင်မယ်… ပြီးတော့ သံသရာစက်ဝန်းအဆင့်အောက်က တိုက်ပွဲချပ်ဝတ်တွေကို ခင်ဗျားလိုချင်သလောက် လဲလှယ်နိုင်မယ် ”
ဟန်မူယဲ့၏ အသံက မြေကွက်လပ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ဤအခိုက်အတန့်မှာ နန်းမြို့တော်ထဲမှ ရွှေခန်းဆောင်ထဲမှာ ထိုင်နေကြသော ဖန်ဆင်းရှင်များသည်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
“ သူ ရူးသွားပြီ… ”
“ မဖြစ်နိုင်တာ ”
“ အဲ့လောက် အရေအတွက်များတဲ့ တိုက်ပွဲချပ်ဝတ်တွေကို တကယ် သူထောက်ပံ့ပေးနိုင်တယ်ဆိုရင် မဟာပန်သွန်ဘုံက သေချာပေါက် မုန်တိုင်းထန်တော့မယ်… ”