အခန်း (၁၇၀၅)
Vol. 122 Ch. 1705
အခန်း(၁၇၀၅)
ကျင့်ကြံခြင်းလောကတွင် ခွန်အားကြီးမားသူက လူတိုင်း၏ ရိုသေလေးစားမှုကို ခံရသည်။
နတ်ဘုရားအဆင့်က မရေမတွက်နိုင်သော ဘုံများ၏ အန္တိမပန်းတိုင် ဖြစ်သည်။
သို့တိုင် နတ်ဘုရားအဆင့်သည်ပင် ထိုက်သင့်သော တန်ကြေးကို ပေးဆောင်ရလိမ့်မည်။
ဟန်မူယဲ့ ကမ်းလှမ်းသော ဈေးနှုန်းက ကျင်းယွမ်မြို့စား မငြင်းဆန်နိုင်အောင် လွန်စွာ ဆွဲဆောင်ထားသည်။
ယင်းက တိုက်ပွဲချပ်ဝတ်တစ်စုံတည်း မဟုတ်ပေ။ ယင်းအစား ထောင်သောင်းချီသော တိုက်ပွဲချပ်ဝတ်များ ဖြစ်သည်။
ထိုမျှများပြားသော တိုက်ပွဲချပ်ဝတ်များဖြင့်ဆိုလျှင် ကျင်းယွမ်မြို့စား၏ ကိုယ်ပိုင်စွမ်းအားက သုံးဆယ်ရာခိုင်နှုန်း မြင့်တတ်သွားမည့်အပြင် သူ့လက်အောက်မှ စစ်ဗိုလ်ချုပ်များနှင့် စစ်သည်တော်များ၏ တိုက်ပွဲစွမ်းအားသည်လည်း စိတ်ကူးမယဉ်နိုင်အောင် တိုးတတ်သွားလိမ့်မည်။
ထိုမျှများပြားသော တိုက်ပွဲချပ်ဝတ်များဖြင့်ဆိုလျှင် ကျင်းယွမ်မြို့စားက ကောင်းကင်ဘုံအစောင့်တပ်ထဲမှာ အသန်မာဆုံးအင်အားစု ဖြစ်လာလိမ့်မည်။
ထိုသို့အင်အားကို သူပိုင်ဆိုင်နိုင်မည်ဆိုလျှင် ဟန်မူယဲ့ကို ဦးညွတ်ရခြင်းက သူ့အတွက် အရေးမကြီးပေ။
“ ဒီတပ်မှူးက ခေါင်းဆောင်ကို ဂါရဝပြုပါတယ် ”
“ ဒီငယ်သားတွေက ခေါင်းဆောင်ကို ဂါရဝပြုပါတယ် ”
မြေကွက်လပ်ထဲတွင် ကျယ်လောင်သော အော်သံများ တလိပ်လိပ် မြှောက်တတ်သွားသည်။
သွေးချီစွမ်းအားက အလွန်အားကောင်းစွာ စုဝေးသွားသည့်အခါ မိုးမြေက တုန်လှုပ်သွားသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်ယံမှ နတ်ဘုရားစိတ်အာရုံများက တိတ်တဆိတ် ပြန်ရုပ်သိမ်းသွားကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့က ဟန်မူယဲ့၏ ခွင့်ပြုချက်မရှိဘဲ နောက်ထပ် မကြည့်နိုင်တော့ကြောင်း သိလိုက်သောကြောင့် ဖြစ်သည်။
ကျင်းယွမ်မြို့စားက အညံ့ခံသွားပြီဖြစ်လေရာ ယခု မြို့စားစံအိမ်တော်ထဲမှ ကိစ္စအားလုံးက ကောင်းကင်ဘုံအစောင့်တပ်နှင့်သာ သက်ဆိုင်သွားသည်။
“ ကျင်းယွမ်မြို့စားက ဒီလောက်ကောင်းတဲ့ ကံကြမ္မာနဲ့ တွေ့ကြုံရမယ်လို့ ငါမမျှော်လင့်ထားဘူး… သူက ရှေးဘဝမှာ ဘယ်လိုကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို့လဲ… ”
နတ်ဘုရားစိတ်အာရုံများထဲမှ တစ်စုံတစ်ယောက်က ညည်းညူလိုက်သည်။
ဟင်းလင်းပြင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးနေသည်။
ယနေ့ မတိုင်ခင် ကျင်းယွမ်မြို့စားက ဝေယွမ်မြို့စား၏ မျက်နှာသာပေးခြင်း ခံရလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။ ဝေယွမ်မြို့စား ကမ်းလှမ်းသော ဆုလာဘ်က နည်းနည်းနောနော မဟုတ်ပေ။ ယင်းက သူတို့ကိုပင် သွားရည်ကျစေသည်။
ကောင်းကင်ဘုံအစောင့်တပ်ကို ထိန်းချုပ်ထားကြသော နတ်ဘုရားများက ဤအခိုက်အတန့်မှာ နောင်တနှင့် မနာလိုမှုကို ခံစားမိသွားကြသည်။
ယနေ့ ပြီးသွားလျှင် ကျင်းယွမ်မြို့စားနှင့် သူတို့ကြားမှ ကွာခြားမှုက မိုးနှင့်မြေပမာ ကြီးမားသွားလိမ့်မည်။
အကယ်၍ သူတို့သာ ထိုသို့ကမ်းလှမ်းမှုကို ဝေယွမ်မြို့စားထံမှ ရရှိမည်ဆိုလျှင် သူတို့သည်လည်း တူညီသော ရွေးချယ်မှုကို ပြုလုပ်ကြလိမ့်မည်။
“ ဝေယွမ်မြို့စားက ကတိတည်တယ်… ဒီမှာ တိုက်ပွဲအကျိုးပြုအမှတ်တွေနဲ့ လဲလှယ်နိုင်တဲ့ တိုက်ပွဲချပ်ဝတ်တွေ အများကြီးပဲ ”
“ ဟား ဟား… တိုက်ပွဲချပ်ဝတ်တွေ အလုံအလောက်ရှိမယ်ဆိုရင် ကောင်းကင်ဘုံအစောင့်တပ်က ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မယ်… ဒီတပ်မှူးရောပဲ ”
“ ဟုတ်တယ်… နတ်ဘုရားအဆင့် တိုက်ပွဲချပ်ဝတ်ကို လက်လှမ်းမမီရင်တောင် အာဏာရှင်အဆင့် တိုက်ပွဲချပ်ဝတ်တွေကိုတော့ တတ်နိုင်ပါသေးတယ် ”
…..
အမှန်မှာ ဟန်မူယဲ့ထံတွင် ကောင်းကင်ဘုံအစောင့်တပ်တစ်ခုလုံးမှ အစွမ်းထက်ပညာရှင်များ လဲလှယ်နိုင်ရန် တိုက်ပွဲချပ်ဝတ်များ အလုံအလောက် မရှိပေ။
သူတို့ ဖန်တီးသန့်စင်ခဲ့သော နတ်ဘုရားအဆင့် တိုက်ပွဲချပ်ဝတ်က ဆယ်စုံမပြည့်ပေ။ ထို့ပြင် တခြားတိုက်ပွဲချပ်ဝတ်များ၏ အရေအတွက်သည်လည်း ကောင်းကင်ဘုံအစောင့်တပ်တစ်ခုလုံးကို ဖြန့်ဝေပေးရန် မလုံလောက်ပေ။
သို့သော်လည်း ဟန်မူယဲ့က အလျင်မလိုပေ။ ယခု အလျင်လိုနေသူများမှာ ကောင်းကင်ဘုံအစောင့်တပ်မှ စစ်သည်တော်များ ဖြစ်ကြသည်။
နန်းမြို့တော်ထဲမှာ ဟန်မူယဲ့ တစ်နှစ်နေထိုင်ခဲ့စဉ်အတွင်း ကောင်းကင်ဘုံအစောင့်တပ်မှ နတ်ဘုရားနှစ်ဆယ်နီးပါးက သူ့လက်အောက်သို့ ဝင်ရောက်လာကြသည်။
ထို့ပြင် ထိုထဲမှ နတ်ဘုရားဆယ်ပါးကျော်က ပြင်ပလောကဘုံများမှ ပြန်ရောက်လာကြသော နတ်ဘုရားများ ဖြစ်ကြသည်။ သူတို့က ဟန်မူယဲ့၏ လက်အောက်မှာ အမှုထမ်းရန် ဆန္ဒရှိကြောင်း ဖော်ပြကြသည်။
ထိုတစ်နှစ်အတွင်းမှာ ကျင်းယွမ်မြို့စား၏ လက်အောက်မှ စစ်သည်တော်အားလုံးက အာကာသတိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်နိုင်သွားကြသည်။
ပိုပြီးအံ့ဩစရာကောင်းသည့်အချက်မှာ သူတို့က အာကာသတိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ပြီး တိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းလိုက်သည့်အခါ တိုက်ပွဲဝင်္ကပါစွမ်းအားက အဆသုံးဆယ်ခန့် တိုးမြှင့်သွားသည်။
ယင်းက ယခင် သူတို့မျှော်လင့်ထားသည်ထက် အများကြီး ကျော်လွန်နေသည်။
အထူးသဖြင့် သံသရာစက်ဝန်းနှင့် အထက်အဆင့်မှ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။ သူတို့က အာကာသတိုက်ပွဲချပ်ဝတ်ထံမှ စွမ်းအားကို ချေးငှား၍ တိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းလိုက်သည့်အခါ သူတို့ထက် အဆင့်နှစ်ဆင့်ပိုမြင့်သော ကျွမ်းကျင်ပညာရှင်များကိုပင် ရင်ဆိုင်နိုင်သွားကြသည်။
သံသရာစက်ဝန်းအဆင့် ကျွမ်းကျင်ပညာရှင်များဖြင့် စုပေါင်းဖွဲ့စည်းထားသော တိုက်ပွဲဝင်္ကပါစွမ်းအားက သံသရာစက်ဝန်းအဆင့်နှင့် အာဏာရှင်အဆင့်ကို ကျော်လွန်သွားပြီး ဟင်းလင်းပြင်ချိုးဖြတ်ခြင်းအဆင့်သို့ ရောက်ရှိသွားသည်။
ထိုသို့တိုက်ပွဲစွမ်းအားက လူတိုင်းကို ဆွံ့အသွားစေသည်။
ကောင်းကင်ဘုံစစ်ပွဲတစ်ပွဲတွင် စစ်သည်တော်တစ်သန်းပါဝင်သော ကောင်းကင်ဘုံအစောင့်တပ်က ဘုံတစ်ခုကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။ ထိုဘုံမှ အာဏာရှင်အဆင့် ကျွမ်းကျင်ပညာရှင်ဆယ်ယောက်ကျော်သည်ပင် သေဘေးမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ထိုတိုက်ပွဲ၏ အသေးစိတ်အချက်အလက်များကို နန်းမြို့တော်ဆီသို့ ပို့ဆောင်ခဲ့သည်။
ကောင်းကင်ဘုံအစောင့်တပ်ထဲ၌ တိုက်ပွဲချပ်ဝတ်များ လဲလှယ်ချင်ကြသော စစ်သည်တော်များကို နောက်ထပ် အနှစ်တစ်သောင်းကြာပြီးမှ လဲလှယ်နိုင်မည်ဟု ဟန်မူယဲ့က သတင်းထုတ်ပြန်လိုက်သည်။
ဟန်မူယဲ့က အေးဆေးတည်ငြိမ်စွာ ထိုင်နေသည်။ တစ်စုံတစ်ယောက်မှာ တိုက်ပွဲအကျိုးပြုအမှတ် အလုံအလောက်ရှိသည်ဆိုလျှင်ပင် သူတို့က တန်းစီစောင့်ကြရလိမ့်မည်။
သို့သော်လည်း သူတို့က ထိုသို့တန်းစီစောင့်နေစဉ် အပြင်လောကဘုံမှ ပြန်လာသော ယုံမင်မြို့စားနှင့် သူ၏ လက်အောက်မှ စစ်သည်တော်သန်းပေါင်းများစွာက အာကာသတိုက်ပွဲချပ်ဝတ်များကို ချက်ချင်း ပြောင်းလဲဝတ်ဆင်လိုက်ကြသည်။
အဲ့ဒါ ဘာအဓိပ္ပာယ်လဲ… ။
ဟန်မူယဲ့၏ ဆိုလိုရင်းက ရိုးရှင်းသည်။ အကယ်၍ နတ်ဘုရားအဆင့် တပ်မှူးတစ်ယောက်က သူ့လက်အောက်မှာ အညံ့ခံမည်ဆိုလျှင် ထိုတပ်မှူးနှင့် သူ့လက်အောက်မှ စစ်သည်တော်အားလုံးက တိုက်ပွဲချပ်ဝတ်များကို ချက်ချင်း လဲလှယ်နိုင်ကြလိမ့်မည်။ သူတို့က တန်းစီစောင့်ဆိုင်းစရာ မလိုကြချေ။
အကယ်၍ သူတို့က တန်းစီစောင့်မည်ဆိုလျှင် အနှစ်တစ်သောင်းကြာလိမ့်မည်။
ထိုအနှစ်တစ်သောင်းအတွင်းမှာ မည်သည့်အရာဖြစ်လာနိုင်ကြောင်း မည်သူမှ မပြောနိုင်ကြပေ။
သူတို့က အနှစ်တစ်သောင်း မစောင့်နိုင်ကြချေ။
အနှစ်တစ်ရာကြာပြီးနောက် ကောင်းကင်ဘုံအစောင့်တပ်ထဲမှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်ငါးဆယ်က ဝေယွမ်မြို့စားထံမှာ တိုက်ရိုက် အညံ့ခံလိုက်ကြသည်။ ယခု ကောင်းကင်ဘုံအစောင့်စစ်သည်သန်းရှစ်ဆယ်က အာကာသတိုက်ပွဲချပ်ဝတ်များကို ပြောင်းလဲဝတ်ဆင်ထားကြသည်။
ထို့ပြင် ကောင်းကင်ဘုံအစောင့်တပ်ထဲမှ ကျင့်ကြံသူများမဟုတ်ကြသော ပြင်ပကျင့်ကြံသူဆယ်သန်းသည် လက်အောက်ခံအနေဖြင့် ကောင်းကင်ဘုံအစောင့်တပ်နှင့် ပူးပေါင်းလိုက်ကြသည်။
ထိုကျင့်ကြံသူများက အာကာသတိုက်ပွဲချပ်ဝတ်များကို မရရှိကြချေ။ သူတို့က အာကာသစစ်ပွဲရုပ်သေးရုပ်များကို ရရှိသွားကြသည်။
စစ်ပွဲရုပ်သေးရုပ်ကို ထိန်းချုပ်ထားလျှင် သူတို့၏ တိုက်ပွဲစွမ်းအားက တိုက်ပွဲချပ်ဝတ် ဝတ်ဆင်ထားသော ကောင်းကင်ဘုံအစောင့်စစ်သည်များထက် အားမနည်းချေ။
သူတို့ထဲတွင် စစ်ပွဲရုပ်သေးရုပ်များကို ထိန်းချုပ်ထားကြသော နတ်ဘုရားနှစ်ဆယ်က ခြေလှမ်းဝက် ဖန်ဆင်းရှင်နီးပါး အစွမ်းထက်သည်ဟု ဆိုကြသည်။
သို့သော် ယင်းက ကောလဟာလတစ်ခုသာ ဖြစ်၏။ အပြင်လူများက အခြေအနေအမှန်ကို မသိကြချေ။
…..
နှစ်တစ်ရာကြာပြီးနောက်… ။
လေဟာပြင်မြို့တော်၏ အပြင်ဘက်တွင်… ။
တလိပ်လိပ် မြှောက်တတ်နေသော သွေးချီအနှစ်သာရက ဟင်းလင်းပြင်ကို ပြိုကွဲသွားစေသည်။
သန်းနှင့်ချီသော စစ်သည်တော်များက နေရာတိုင်းမှာ စခန်းချနေကြသည်။ သူတို့ဖွဲ့စည်းထားသော တိုက်ပွဲအခင်းအကျင်းက ရှိန်လောက်ဖွယ်ကောင်း၏။
လေဟာပြင်မြို့တော်၏ အပေါ်တွင် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။
သူတို့က ဟန်မူယဲ့နှင့် မဟာမိတ်ဖွဲ့ထားကြသော ယွင်ကျိနတ်သခင်နှင့် တခြားနတ်သခင်များ ဖြစ်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့၏ အမူအရာက တည်ကြည်လေးနက်နေသည်။
ဟန်မူယဲ့၏ အနောက်မှာ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုရှိကြောင်း သူတို့အားလုံး သိထားကြသည်။ သို့သော်လည်း ထိုအဖွဲ့အစည်းက မည်မျှအားကောင်းကြောင်း သူတို့မသိကြချေ။
သန်းနှင့်ချီသော စစ်သည်တော်များနှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်ဆယ်ပါး… ။
ထိုသို့အင်အားစုက သူတို့၏ မဟာမိတ်အဖွဲ့ကိုပင် ရင်ဆိုင်နိုင်သည်။
အဲ့ဒါက မဟာပန်သွန်ဘုံရဲ့ အခြေခံအုတ်မြစ်လား… ။
အမှန်တကယ်ပင် အထူးဘုံတစ်ခုက အရမ်းကြောက်စရာကောင်းတယ်… ။
“ ဗုန်း ”
သူတို့အရှေ့မှ ဟင်းလင်းပြင်ထဲတွင် မိုးမြေစွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာကြသည်။
ကောင်းကင်နင်းခြေမျိုးနွယ်မှ ပုံရိပ်တစ်ခုက တိုက်ပွဲအခင်းအကျင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ထိုပုံရိပ်က ပုံရိပ်ယောင်ဝင်္ကပါကို ချိုးဖြတ်သွားပြီး မဟာဝင်္ကပါ၏ အရှေ့တည့်တည့်သို့ ပျံသန်းလာနေသည်။
သူက ကောင်းကင်နင်းခြေမျိုးနွယ်၏ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူက အနိမ့်ဆုံး သံသရာစက်ဝန်းအဆင့်မှာ ဖြစ်သည်။
သူက သံသရာစက်ဝန်းအဆင့်မှာသာ ဖြစ်သော်လည်း သူ၏ သွေးချီစွမ်းအားက အလွန်အမင်း အားကောင်းလေရာ အဆင့်တူသော ကျွမ်းကျင်ပညာရှင်များကို ချက်ချင်း အမှုန့်ချေပစ်နိုင်သည်။
သူ့အတွက်တော့ မိုးမြေကြားမှ လေဟာနယ်က ဘာမှမဟုတ်ပေ။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေဟာနယ်က အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
သူ့အရှေ့မှ မဟာဝင်္ကပါကို မြင်သောအခါ ထိုကောင်းကင်နင်းခြေမျိုးနွယ်ဝင်က ဦးစွာ ရပ်တန့်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ မြည်ဟိန်းလိုက်သည်။
သူ၏ ခန္ဓာကိုယ်က ကြယ်တစ်လုံးခန့် အရွယ်အစားကြီးမားသွားပြီး သူ၏ ဦးခေါင်းပေါ်မှ ဦးချိုနှစ်ချောင်းက စူးရှတောက်ပသော အလင်းကို ထုတ်လွှတ်လိုက်သည်။ အနက်ရောင်အကြေးခွံများက သူ၏ ခန္ဓာကိုယ်တစ်လျှောက် မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
ကြယ်တစ်လုံးခန့် အရွယ်အစားကြီးမားသော ကောင်းကင်နင်းခြေနတ်သားရဲက သူ၏ အရှေ့ခြေကို မြှောက်လိုက်ပြီး တိုက်ပွဲအခင်းအကျင်းပေါ်သို့ ဖိချလိုက်သည်။
“ တိုက်ပွဲဝင်္ကပါ ဖွဲ့စည်းကြ… ”
“ ခုခံကြ ”
“ တိုက်ကြ ”
အော်သံများက ကောင်းကင်ဘုံအစောင့်တပ်ထဲမှ ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံအစောင့်တပ်ကို အမိန့်ပေးရန် မလိုပေ။ သူတို့က တိုက်ပွဲဝင်္ကပါကို ချက်ချင်း ဖွဲ့စည်းလိုက်ကြပြီး အရှေ့သို့ ချီတတ်သွားကြသည်။
အဆုံးမဲ့သော သွေးချီဒီရေလှိုင်းက ဟင်းလင်းပြင်ထဲမှာ စုဝေးသွားပြီး ဧရာမသွေးသားရဲတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။
ဧရာမသွေးသားရဲက ကြယ်တစ်လုံးခန့် အရွယ်အစားကြီးမားသော ကောင်းကင်နင်းခြေနတ်သားရဲကို တိုက်ခိုက်လိုက်သည်။
“ ဗုန်း ”
တိုက်ပွဲဝင်္ကပါက အနည်းငယ် တုန်ယင်သွားသည်။ သို့သော်လည်း မကြာမီ တိုက်ပွဲဝင်္ကပါက ပြန်ဖွဲ့စည်းသွားသည်။
ကောင်းကင်နင်းခြေနတ်သားရဲ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ အရေပြားပေါ်မှ အနက်ရောင်အကြေးခွံများက အက်ကွဲသွားသည်။ သူ၏ မျက်လုံးထဲမှာ အကြောက်တရား ထွက်ပေါ်လာပြီးလျှင် သူက အနောက်လှည့်ပြီး ထွက်ပြေးသည်။
“ အာကာသတိုက်ပွဲချပ်ဝတ်ရဲ့ စွမ်းအားက စစ်သည်တော်တစ်သောင်းနဲ့ ဖွဲ့စည်းထားတဲ့ တိုက်ပွဲဝင်္ကပါကို သံသရာစက်ဝန်းအဆင့် ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ကို ဖိနှိပ်နိုင်စေတယ် ”
“ ဟား ဟား… ဒီလို တိုက်ပွဲဝင်္ကပါနဲ့ဆိုရင် စစ်သည်တော်တစ်သိန်းက နတ်ဘုရားအဆင့် ကောင်းကင်နင်းခြေနတ်သားရဲတွေကို သတ်ပစ်နိုင်လိမ့်မယ်… ”
“ အဲ့ဒါကတော့ ပိုလွန်းသွားပြီ…. စစ်သည်တော်တစ်သိန်းရဲ့ တိုက်ပွဲစွမ်းအားက အကန့်အသတ်ရှိတယ်… ဒါပေမဲ့ နတ်ဘုရားအဆင့်အောက်က တည်ရှိမှုတွေကို ဖိနှိပ်ဖို့က ပြဿနာမရှိဘူး ”
မြို့တံတိုင်းပေါ်တွင် မဟာပန်သွန်ဘုံမှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက လွတ်လပ်စွာ ဆွေးနွေးနေကြသည်။ အခြားတစ်ဖက်တွင် တခြားနတ်ဘုရားများက မျက်နှာသုန်မှုန်သွားကြသည်။
အရမ်းသန်မာလွန်းတယ်… ။
ထိုတိုက်ပွဲဝင်္ကပါ၏ စွမ်းအားက သူတို့မျှော်လင့်ထားသည်ထက် အများကြီး ကျော်လွန်နေသည်။
ထိုသို့စစ်တပ်အင်အားဖြင့်ဆိုလျှင် အနာဂတ်မှာ မဟာပန်သွန်ဘုံက ကောင်းကင်ဘုံစစ်ပွဲများကို ဆင်နွှဲသည့်အခါ မည်သည့်ဘုံက သူတို့ကို တားဆီးနိုင်ဦးမည်နည်း။
သူတို့ထဲတွင် ယုလင်းကောင်းကင်နဂါးကလန်က အစိုးရိမ်ဆုံး ဖြစ်သည်။
မည်သို့ဖြစ်ပါစေ ဤနေရာက သူတို့၏ အခြေခံအုတ်မြစ်ဖြစ်သော လေဟာပြင်မြို့တော် ဖြစ်သည်။
အကယ်၍ မဟာပန်သွန်ဘုံ၏ စစ်တပ်က စိတ်ပြောင်းသွားပြီး လေဟာပြင်မြို့တော်ကို သိမ်းပိုက်မည်ဆိုလျှင် သူတို့က ခုခံတားဆီးနိုင်မည်လော။
ကံကောင်းစွာဖြင့် ဟန်မူယဲ့က လေဟာပြင်မြို့တော်ကို သိမ်းပိုက်ရန် စိတ်မဝင်စားပေ။ မဟာပန်သွန်ဘုံသည်လည်း လေဟာပြင်မြို့တော်ကို စိတ်မဝင်စားပေ။
ဟင်းလင်းပြင်လောကထဲမှာ နေထိုင်စရာ နေရာတစ်ခုရှိခြင်းက ကောင်းမွန်သောအရာ မဟုတ်ပါလော။
မဟာပန်သွန်ဘုံဆီမှာ စစ်မှန်သော ပြိုင်ဘက်များ မရှိခြင်းမဟုတ်ပေ။
ယခု သူတို့က ကောင်းကင်နင်းခြေမျိုးနွယ်ကို တိုက်ခိုက်နေခြင်းမှာ ကောင်းကင်နင်းခြေမျိုးနွယ်က မဟာပန်သွန်ဘုံအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသောကြောင့် မဟုတ်ပါလော။
“ ပုံရိပ်ယောင်ဝင်္ကပါကို ဖွင့်လှစ်ကြ ”
ဟင်းလင်းပြင်ထဲတွင် ဟန်မူယဲ့၏ အော်သံက ပဲ့တင်ထပ်သွားသည်။
သူ၏ စကားသံ ဆုံးသွားသည့်အခါ လေဟာပြင်မြို့တော်၏ အပြင်ဘက် မိုင်ပေါင်းဘီလီယံနှင့်ချီသော ဧရိယာထဲမှာ လေဟာနယ်က တအိအိလှုပ်ခတ်သွားပြီး မရေမတွက်နိုင်သော ပုံရိပ်ယောင်အလွှာများက ပြန်ရုပ်သိမ်းသွားကြသည်။
ထိုအခါ ပုံရိပ်ယောင်ဝင်္ကပါထဲမှာ ပိတ်မိနေကြသော ကောင်းကင်နင်းခြေနတ်သားရဲများက ထွက်ပေါ်လာကြသည်။
“ တိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းပြီး ကောင်းကင်နင်းခြေနတ်သားရဲတွေကို သတ်ပစ်ကြ ”
“ နတ်ဘုရားတွေက နတ်ဘုရားအဆင့် ကောင်းကင်နင်းခြေနတ်သားရဲတွေကို အမဲလိုက်ကြမယ် ”
သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသော ဟန်မူယဲ့၏ အော်သံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ အမိန့်နာခံပါတယ် ”
မိုးမြေကြားတွင် သွေးချီအနှစ်သာရက ဆည်ကျိုးသွားသကဲ့သို့ ဒလဟော ပေါ်လျှိုးလာသည်။ ကျယ်လောင်သော မိုးခြိမ်းသံများက လေဟာနယ်ထဲမှာ ဆက်တိုက် ပဲ့တင်ထပ်သွားသည်။
ဧရာမသွေးသားရဲပုံရိပ်များက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြပြီး ကောင်းကင်နင်းခြေနတ်သားရဲများကို တိုက်ခိုက်လိုက်ကြသည်။
ဟန်မူယဲ့က လေဟာပြင်မြို့တော်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ၏ အကြည့်က လေးနက်ပြီး တည်ငြိမ်သည်။
အစစ်အမှန် အမဲလိုက်ပွဲက ယခု စတင်ပြီ။
ယင်းက မဟာပန်သွန်ဘုံမှာ တစ်ဟုန်ထိုး မြင့်တတ်သွားမည့် သူ၏ လမ်းကြောင်း ဖြစ်သည်။