← Chapters

အခန်း (၁၇၀၇)

Vol. 122 Ch. 1707

အခန်း (၁၇၀၇)

Vol. 122 Ch. 1707

အခန်း(၁၇၀၇)

“ သတ် ”

ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ ဘာမှမစဉ်းစားနိုင်မီ ကောင်းကင်နင်းခြေမျိုးနွယ်မှ နတ်ဘုရားများက အရှေ့သို့ ပြေးထွက်သွားကြသည်။

ကောင်းကင်နင်းခြေမျိုးနွယ်သည် သဘာဝအလျောက် အလွန်သန်မာသည်။ သို့သော် သူတို့က မျိုးနွယ်၏ ဗီဇကြောင့် ရက်စက်ကြမ်းတမ်းပြီး ဒေါသထွက်လွယ်ကြသည်။

ယခု စစ်တပ်၏ ဝိုင်းရံခံထားရစဉ် သူတို့က မည်သည်ကိုမှ မစဉ်းစားနေတော့ပေ။

ဤလောကတွင် သွေးမျိုးဆက်၏ လွှမ်းမိုးမှုခံထားရသော မျိုးနွယ်စုများက မရေမတွက်နိုင်အောင်ရှိကြသည်။

ကောင်းကင်နင်းခြေမျိုးနွယ်က သူတို့၏ သွေးမျိုးဆက်အပေါ် မှီခိုအားထားနေရလေရာ တခြားမျိုးနွယ်စုများထက် သွေးမျိုးဆက်၏ လွှမ်းမိုးမှုကို ပိုခံရသည်။

ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားတချို့က သက်ပြင်းချလိုက်ကြသည်။ သူတို့မှာ အရှေ့ချီတတ်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိကြတော့ပေ။

ကောင်းကင်နင်းခြေမျိုးနွယ်က ဤလောက၏ အသန်မာဆုံးမျိုးနွယ်များအနက် တစ်ခုဖြစ်သည်။ သူတို့က မဟာပန်သွန်ဘုံနှင့် ရင်ဆိုင်နိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်က အရာအားလုံးကို နောက်ကွယ်မှ ကြိုးကိုင်နေသည်။ သူတို့က ကောင်းကင်နင်းခြေမျိုးနွယ်ကို မဟာပန်သွန်ဘုံနှင့် ထိပ်တိုက်တွေ့အောင် အစဉ်မပြတ် တွန်းအားပေးနေသည်။

အမှန်မှာ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ထဲတွင် ကောင်းကင်နင်းခြေမျိုးနွယ်က အင်အားအကြီးမားဆုံး ဖြစ်သည်။

အကယ်၍ ကောင်းကင်နင်းခြေမျိုးနွယ်မှ နတ်ဘုရားတချို့က ယနေ့ အသတ်ခံလိုက်ရမည်ဆိုလျှင် ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်က ကြီးမားသော ဆုံးရှုံးမှုကို တွေ့ကြုံရလိမ့်မည်။

“ တိုက်ပွဲထဲမှာ ကြာကြာ မနေနဲ့… အပြင်ကို ရုန်းထွက်ကြ ”

“ လေဟာပြင်မြို့တော်ဆီ ချီတတ်ကြမယ်… သူတို့ရဲ့ စစ်တပ်က ဒီရောက်နေတယ်ဆိုတော့ မြို့ရဲ့ အကာအကွယ်က အားနည်းနေလိမ့်မယ် ”

ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်ထဲမှ နတ်ဘုရားများက အော်ပြောလိုက်ကြပြီး အရှေ့သို့ ချီတတ်သွားကြသည်။

ဤနေရာက လေဟာပြင်မြို့တော်၏ အပြင်ဘက် ပဉ္စမမြောက်အလွှာ ဖြစ်သည်။ ဤနေရာမှ ဝင်္ကပါစွမ်းအား၏ ဖိနှိပ်မှုက အလွန်အားနည်းသည်။

မြို့တံတိုင်းပေါ်တွင် ဟန်မူယဲ့က လက်နောက်ပစ်လျက် မတ်တတ်ရပ်နေသည်။

ဟွမ်ကျစ်ဟူက သူ့ဘေးမှာ ရပ်နေပြီး သူ၏ လက်ကို ဓားရိုးပေါ်မှာ တင်ထားသည်။ သူက အနီရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။

မနီးမဝေးတွင် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက တိတ်တဆိတ် မတ်တတ်ရပ်နေကြသည်။

“ ဝီး ”

ထိုစဉ် မြို့တံတိုင်း၏ အပြင်ဘက်တွင် ရွှေရောင်အလင်းလွှာက ထွက်ပေါ်လာပြီး မိုးမြေတစ်ဝက်ကို ဖုံးလွှမ်းသွားသည်။

မိုးမြေကြားတွင် ပဉ္စမမြောက်အလွှာမှ မြင်ကွင်းများက ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံအစောင့်တပ်(၈)တပ်၏ အမိန့်ပေးမှုအောက်မှာ တိုက်ပွဲဝင်္ကပါများက အရှေ့သို့ ချီတတ်သွားကြပြီး ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်၏ နတ်ဘုရားများကို တိုက်ခိုက်လိုက်ကြသည်။

ပုံမှန်ဟင်းလင်းပြင်တိုက်ပွဲများတွင် နတ်ဘုရားတစ်ပါးက ရန်သူနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသည့်အခါ စစ်တပ်၏ တိုက်ပွဲဝင်္ကပါများက ဘေးမှ ထောက်ပံ့ကူညီပေးလိမ့်မည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်ရှစ်ပါးက အတူတကွ ပူးပေါင်းလိုက်ကြပြီး တိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ စစ်သည်တော်သုံးသန်းဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲဝင်္ကပါက သူတို့ကို အနောက်မှ ပံ့ပိုးပေးလိမ့်မည်။

မကြာမီ ဟင်းလင်းပြင်ထဲမှာ သွေးစစ်ဘီလူးဆယ်ကောင် ထွက်ပေါ်လာကြပြီး ကောင်းကင်နင်းခြေမျိုးနွယ်မှ နတ်သားရဲများကို ရင်ဆိုင်လိုက်ကြသည်။

ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက ကောင်းကင်နင်းခြေမျိုးနွယ်ဝင်များထက် သိသိသာသာ အားနည်းကြသည်။ လေဟာနယ်မူလစွမ်းအားကို ထိန်းချုပ်နိုင်သော ရွှမ်ပုံရိပ်ယောင်ကလန်မှလွဲ၍ ကျန်နတ်ဘုရားများက မဟာပန်သွန်ဘုံစစ်တပ်များ၏ သွေးစစ်ဘီလူးများကို မရင်ဆိုင်နိုင်ကြချေ။

အလင်းပုံရိပ်လွှာထဲမှာ ဖော်ပြနေသည်မှာ နှစ်ဖက်အင်အားစုက မျှခြေညီနေသည်။

ယုလင်းကောင်းကင်နဂါးကလန်မှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက သူတို့၏ အရှေ့မှ အလင်းပုံရိပ်လွှာကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေကြသည်။

မဟာပန်သွန်ဘုံစစ်တပ်များ၏ အင်အားက သူတို့ကို ပါးစပ်အဟောင်းသားဖြစ်စေသည်။ ထို့ပြင် ဟန်မူယဲ့ ဖန်တီးလိုက်သော အလင်းပုံရိပ်လွှာက သူတို့ကို ရှက်ရွံ့စိတ် ခံစားမိစေသည်။

ယုလင်းကောင်းကင်နဂါးကလန်က သန်မာသော တိုက်ပွဲစွမ်းအားကို မပိုင်ဆိုင်ထားသော်လည်း လေဟာနယ်မူလစွမ်းအားကို ထိန်းချုပ်နိုင်ကြသည်။ သို့သော်လည်း နတ်ဘုရားအဆင့် သူတို့သည်ပင် ထိုမျှကျယ်ပြောသော အလင်းပုံရိပ်လွှာကို မဖန်တီးနိုင်ကြချေ။

နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ အပြင်းအထန် တိုက်ခိုက်နေကြသည့် ပဉ္စမမြောက် လေဟာနယ်အလွှာထဲမှ မြင်ကွင်းများကို တိုက်ရိုက် ဖော်ပြခြင်းက သူတို့ကလန် တတ်စွမ်းနိုင်သောအရာ မဟုတ်ပေ။

သို့သော် ဟန်မူယဲ့က နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များကို ဂရုမစိုက်ဘဲ အလင်းပုံရိပ်လွှာကို ဖန်တီးခဲ့သည်။

ယင်းက လေဟာနယ်မူလစွမ်းအားနှင့် ဝင်္ကပါတာအို၏ ပေါင်းစပ်မှုဖြစ်သည်။

ဇစ်မြစ်ရှုပ်ထွေးသော ဝေယွမ်မြို့စားက လေဟာနယ်စွမ်းအား အသုံးပြုခြင်းကို သူတို့ထက်ပင် ပိုပြီးကျွမ်းကျင်နေသည်။

“ ဗုန်း ”

အလင်းပုံရိပ်လွှာထဲတွင် ကောင်းကင်ဘုံအစောင့်တပ်မှ နတ်ဘုရားနှစ်ပါးက အနောက်ဆုတ်သွားကြသည်။ ရွှေရောင်အလင်းက သူတို့၏ ချပ်ဝတ်ပေါ်မှာ စီးဆင်းသွားသည်။

တိုက်ပွဲဝင်္ကပါတစ်ခုက ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်၏ ခြေဖဝါးအောက်မှာ ပြိုကွဲသွားသည်။ ဝင်္ကပါထဲမှ စစ်သည်တော်များက တကွဲတပြား ဖြစ်သွားကြပြီး အမြန်အနောက်ဆုတ်သွားကြသည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်သည်။

ဟင်းလင်းပြင်ထဲတွင် တိုက်ပွဲဝင်္ကပါနှစ်ခုက အရှေ့သို့ ချီတတ်သွားကြပြီး အနောက်ပြန်ဆုတ်လာသော စစ်သည်တော်များကို ကာကွယ်ပေးလိုက်ကြသည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်သုံးပါးက အတူတကွ လှုပ်ရှားလိုက်ကြပြီး ကောင်းကင်နင်းခြေမျိုးနွယ်မှ နတ်သားရဲများကို ခုခံတားဆီးလိုက်ကြသည်။

ရက်တစ်ရာကြာပြီးနောက် တိုက်ပွဲဝင်္ကပါအများအပြားက ပြိုကွဲသွားပြီး ကောင်းကင်ဘုံအစောင့်တပ်၏ နတ်ဘုရားအများအပြားက ရှုံးနိမ့်သွားကြသည်။

သို့သော်လည်း ပိုမိုများပြားသော နတ်ဘုရားများက အမြဲတမ်း အရှေ့သို့ ထွက်လာကြသည်။ ထို့အတူ ပိုပြီးများပြားသော စစ်တပ်များသည်လည်း အရှေ့သို့ ချီတတ်လာကြသည်။

မရပ်မစဲ ဖြစ်ပွားနေသော စစ်ပွဲအတွင်းမှာ ကောင်းကင်နင်းခြေမျိုးနွယ်က အရှေ့သို့ နောက်ထပ်နှစ်လွှာ ချီတတ်နိုင်သွားသည်။

ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက တစ်စုံတစ်ခုလွဲမှားနေကြောင်း ခံစားမိကြသည်။ သို့သော် စစ်ပွဲက မရပ်မစဲ ဖြစ်ပွားနေလေရာ သူတို့၏ ထိန်းချုပ်နိုင်မှုအောက်မှ ကင်းလွတ်နေသည်။

ကောင်းကင်နင်းခြေနတ်သားရဲများ တွေးထင်နေကြသည်မှာ တစ်ဖက်ရန်သူဆီမှာ နတ်ဘုရားဆယ့်နှစ်ပါးနှင့် စစ်သည်တော်သုံးသန်းကျော်မျှသာ ရှိသည်။

အမှန်မှာ သူတို့က အနည်းဆုံး နတ်ဘုရားငါးဆယ်နှင့် စစ်သည်တော်သန်းနှစ်ဆယ်ကို ရင်ဆိုင်တိုက်ခိုက်ပြီးပြီ ဖြစ်၏။

ဟင်းလင်းပြင်စစ်နယ်မြေ… ။

ရွှမ်ပုံရိပ်ယောင်ကလန်မှ ဟွမ်းလော့နတ်သခင်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက တည်ကြည်နေသည်။

သူက ကောင်းကင်နင်းခြေနတ်သားရဲများကို လှမ်းကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ထျန်းကူနတ်သခင်… ကျုပ်တို့တွေ လေဟာပြင်မြို့တော်ရဲ့ လေဟာနယ်စွမ်းအားနယ်နိမိတ်ထဲ ရောက်ရှိနေပါပြီ… ကျုပ်တို့တွေ နောက်ထပ် မချီတတ်နိုင်တော့ဘူး ”

လေဟာပြင်မြို့တော်၏ ဝင်္ကပါစွမ်းအားက သူတို့၏ နယ်နိမိတ်ထဲ ဝင်ရောက်လာသူများကို လမ်းပျောက်စေနိုင်သည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက ထိုသို့ပုံရိပ်ယောင်ဝင်္ကပါဖြင့် အသတ်မခံရနိုင်ပေ။ သို့သော်လည်း သူတို့က ဝင်္ကပါထဲမှာ အုပ်စုကွဲသွားပြီး လမ်းပျောက်သွားမည်ဆိုလျှင် ရန်သူ၏ ဝိုင်းရံခံရပြီး အသတ်ခံရမည်။

အတိတ်မှာ သူတို့က ပုံရိပ်ယောင်ဝင်္ကပါ၏ နယ်နိမိတ်ထဲသို့ ဇွတ်တိုးမဝင်ခဲ့ကြပေ။

“ ဟွန့်… လေဟာပြင်မြို့တော်ဆီ ချီတတ်မယ်လို့ ငါတို့သဘောတူထားကြတာ မဟုတ်ဘူးလား… အခု ငါတို့ရဲ့ စစ်တပ်က ဒီထိ ရောက်လာပြီကို ဘာကို စောင့်နေဦးမှာလဲ ”

အရှေ့တွင် ကောင်းကင်နင်းခြေမျိုးနွယ်၏ ထျန်းကူနတ်သခင်က အသံပို့လွှတ်လိုက်သည်။ သူ၏ လေသံထဲမှာ စိတ်မရှည်မှုဖြင့် ပြည့်နှက်နေသည်။

ရန်သူ၏ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များကို ဟန့်တားထားပြီးလျှင် လေဟာပြင်မြို့တော်ကို ကျူးကျော်သိမ်းပိုက်ရန် အစွမ်းထက်ပညာရှင်အုပ်စုတစ်စုကို စေလွှတ်မည်ဟု သူတို့သဘောတူထားကြသည်။

သို့သော်လည်း ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်မှ နတ်ဘုရားများက အလွန်သံသယများကြသည်။ သူတို့က မြို့သိမ်းတိုက်ပွဲမှာလည်း ကောင်းကင်နင်းခြေမျိုးနွယ်ကို ပါဝင်စေချင်သည်။

သို့သော်လည်း ပြဿနာမှာ ကောင်းကင်နင်းခြေမျိုးနွယ်မှ အစွမ်းထက် နတ်သားရဲများက ရန်သူ၏ တိုက်ပွဲဝင်္ကပါများဖြင့် ခြေချုပ်မိနေကြသည်။ သူတို့က စစ်ပွဲအတွင်းမှ နောက်ပြန်မဆုတ်နိုင်ကြတော့ပေ။

“ ဟွန့်… လေဟာပြင်မြို့တော်ဆီ တိုက်ရိုက် ချီတတ်ကြရအောင် ”

အရှေ့၌ ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်က ကျယ်လောင်စွာ အော်လိုက်သည်။

သူတို့က ဒေါသထွက်နေကြပြီ ဖြစ်သည်။

လေဟာပြင်မြို့တော်မှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များက အစဉ်မပြတ် ထွက်ပေါ်လာပြီး သူတို့ကို တိုက်ခိုက်နေကြသည့်အပြင် တိုက်ပွဲဝင်္ကပါများက နွားသားရေကဲ့သို့ပင် မထိုးဖောက်နိုင်ပေ။

ပိုပြီးအရေးကြီးသည်မှာ သူတို့က အနောက်မဆုတ်နိုင်ကြတော့ပေ။

ယင်းက နွားတစ်ကောင်ကို ယင်ကောင်တစ်အုပ်စုက ဝိုင်းရံထားသည့်အလားပင်။

ထို့ကြောင့် ကောင်းကင်နင်းခြေနတ်သားရဲများ၏ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားသည်။

ဤအခိုက်အတန့်မှာ လေဟာပြင်မြို့တော်၏ စစ်မြေပြင်ပေါ်တွင် နတ်ဘုရားဒါဇင်ခန့်က အတူတကွ မတ်တတ်ရပ်နေကြသည်။

သူတို့က ကောင်းကင်နင်းခြေမျိုးနွယ်နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးပြီ ဖြစ်သည်။ ယခု သူတို့က နောက်တန်းမှာ အားပြန်ဖြည့်နေကြသည်။

အမှန်မှာ အားပြန်ဖြည့်ခြင်းက အဓိက မဟုတ်ပေ။ သူတို့က ဤတိုက်ပွဲမှ ရရှိလာသော ဉာဏ်အလင်းများကို သူတို့၏ ကျင့်ကြံခြင်းထဲသို့ ပေါင်းထည့်နေကြသည်။

ထိုသို့အခွင့်အရေးက နတ်ဘုရားများအတွက်ပင် အလွန်တန်ဖိုးကြီးမားသည်။

ကောင်းကင်နင်းခြေမျိုးနွယ်က မိုးမြေကြား၌ အသန်မာဆုံး မျိုးနွယ်စုများအနက် တစ်ခုဖြစ်သည်။ ထိုမျှရှိန်လောက်ဖွယ်ကောင်းသော မျိုးနွယ်စုတစ်ခုနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အခွင့်အရေးက သူတို့အတွက် ကြုံတောင့်ကြုံခဲပင်။

မဟာပန်သွန်ဘုံမှ အစွမ်းထက် နတ်ဘုရားများကို ရင်ဆိုင်နိုင်သော ပြိုင်ဘက်များက အလွန်နည်းပါးသည်။ များသောအားဖြင့် သူတို့၏ ပြိုင်ဘက်များက အနောက်ဆုတ်သွားကြလေ့ရှိသည်။

သို့သော် ဤတစ်ကြိမ်က လုံးဝ ခြားနားသည်။

လေဟာပြင်မြို့တော်၏ ဝင်္ကပါစွမ်းအားအောက်မှာ သူတို့က ရှေ့တိုးနောက်ဆုတ် နည်းဗျူဟာကို အသုံးပြု၍ အစွမ်းထက် ရန်သူများကို စိန်ခေါ်ကာ သူတို့ကိုယ်သူတို့ လေ့ကျင့်ကြသည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များသည်ပင် အာကာသချပ်ဝတ်၏ အစွမ်းမြှင့်တင်ပေးမှုအောက်မှာ သူတို့၏ ရန်သူများကို ထိပ်တိုက် ရင်ဆိုင်နိုင်သွားကြသည်။

အတိတ်၌ ကောင်းကင်နင်းခြေနတ်သားရဲတစ်ကောင်ကို တစ်ယောက်တည်း ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည်ဟု မည်သူမှ အိမ်မက်မမက်ဝံ့ခဲ့ကြပေ။

“ ဝေယွမ်မြို့စား… သူတို့က တတိယမြောက်အလွှာကို ကျော်လွန်လာကြပါပြီ ”

“ လေဟာပြင်မြို့တော်ရဲ့ ဝင်္ကပါစွမ်းအားနဲ့ သူတို့ကို လူစုခွဲသင့်လား ”

ယုလင်းကောင်းကင်နဂါးကလန်မှ နတ်ဘုရားတစ်ပါးက ဟန်မူယဲ့ကို တီးတိုးပြောသည်။

တတိယမြောက်အလွှာသည် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များအတွက်ပင် အလွန်အန္တရာယ်များသည်။

အထူးသဖြင့် ရန်သူ့ဘက်မှာ ရွှမ်ပုံရိပ်ယောင်ကလန်၏ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်များ ရှိနေသည်။

“ မလိုဘူး ”

ဟန်မူယဲ့က လက်ယမ်းပြလိုက်ပြီး သူ့အရှေ့မှ အလင်းပုံရိပ်လွှာကို ကြည့်လိုက်သည်။

“ ကျုပ်တို့က စစ်သည်တော်တွေကို ဖြည်းဖြည်းချင်း လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားတယ်… မဟာပန်သွန်ဘုံဘက်မှာ စစ်သည်တော်သန်းငါးဆယ်က ရောက်မလာသေးဘူး… ပြီးတော့ စစ်သည်တော်နှစ်သိန်းကျော်က မကြာသေးခင်ကမှ အာကာသတိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားကြတာ… သူတို့က ချပ်ဝတ်နဲ့ နေသားမကျသေးဘူး ”

“ ကျုပ်တို့တွေ သူတို့အားလုံးကို ကိုယ်ရည်သွေးပေးရမယ်… မဟုတ်ရင် ဒီလိုအခွင့်အရေးကြီးက အလဟဿဖြစ်သွားမယ် ”

“ ဒါ့အပြင် မဟာပန်သွန်ဘုံရဲ့ ကောင်းကင်ဘုံအစောင့်တပ်ကို ကျုပ်အမိန့်ပေးထားပြီးပြီ… နတ်ဘုရားသုံးဆယ်ကျော်က အမဲလိုက်ဖို့ ဒီကို ရောက်လာကြလိမ့်မယ် ”

“ ဒီစစ်ပွဲက လေ့ကျင့်ဖို့အတွက်ပဲ… အဲ့ထက်မပိုဘူး ”

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ယွင်ကျန်းနတ်သခင်ကို ပြုံးလျက် ကြည့်လိုက်သည်။

“ နတ်ဘုရားတစ်ပါးအတွက် အဖိုးအခက သံသရာစက်ဝန်းအဆင့် မဟာပန်သွန်ကျောက်တုံးသုံးထောင် ”

“ ကျုပ်ဘက်မှာဆို ငါးထောင်ပေးတယ် ”

“ ဒီစီးပွားရေးက အရမ်းကောင်းတယ် ”

“ မဟာပန်သွန်ဘုံထဲမှာ နတ်ဘုရားတစ်ရာကျော်က ဒီတာဝန်အတွက် အလုအယက် စာရင်းပေးနေကြတယ် ”

ယွင်ကျန်းနတ်သခင်၏ အံ့ဩမှင်သက်နေသော မျက်နှာကို မြင်သောအခါ ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။

“ ခင်ဗျား မျက်စိကျယ်ကျယ် ဖွင့်ထားဖို့ လိုတယ်… ခင်ဗျားရဲ့ အမြင်မှာ ကောင်းကင်သတ်ဖြတ်ခြင်းမဟာမိတ်က မဟာရန်သူတော်တွေ ဖြစ်တယ် ”

“ ကျုပ်ရဲ့ မျက်လုံးထဲမှာတော့ သူတို့က ပစ်မှတ်တွေ၊ အရင်းအမြစ်တွေနဲ့ ခြေနင်းကျောက်တုံးတွေ ဖြစ်တယ်… ကျုပ်တို့က သူတို့အားလုံးဆီကနေ အရည်ခမ်းတဲ့အထိ စုပ်ယူရမယ် ”

“ လေဟာပြင်မြို့တော်ထက် တိုက်ခိုက်ရေးလေ့ကျင့်ဖို့ ပိုပြီးကောင်းတဲ့နေရာ မရှိဘူး ”

“ တကယ်တော့ ခင်ဗျား ဒီစီးပွားရေးကို ချဲ့ထွင်သင့်တယ်… ဥပမာ လောကတစ်သောင်းက နတ်ဘုရားတွေကို ဒီကို ရောက်လာစေပြီး ဝင်္ကပါထဲမှာ ပိတ်မိနေတဲ့ ကောင်းကင်နင်းခြေမျိုးနွယ်က နတ်ဘုရားတွေကို တိုက်ခိုက်စေမယ် ”

မြို့တံတိုင်းပေါ်တွင် လူတိုင်းက နှုတ်ခမ်းတွန့်သွားကြသည်။

တစ်စုံတစ်ယောက်က နတ်ဘုရားများအား ခြေနင်းကျောက်တုံးများသဖွယ် သဘောထားနေသည်ကို ပထမဆုံးအကြိမ် သူတို့ကြားဖူးခြင်း ဖြစ်သည်။

သူတို့အရှေ့မှ အလင်းပုံရိပ်လွှာကို ကြည့်နေစဉ် နတ်ဘုရားများက စိတ်ခံစားချက် ရှုပ်ထွေးသွားကြသည်။

ယုလင်းကောင်းကင်နဂါးကလန်မှ နတ်ဘုရားများက စိုးရိမ်ကြောင့်ကြသွားသည်။

ဟန်မူယဲ့၏ ပြောကြားမှုအရ မည်မျှများပြားသော နတ်ဘုရားများက လေဟာပြင်မြို့တော်ဆီသို့ ရောက်လာကြမည်နည်း။

All Chapters