အခန်း (၃၀၁)
Vol. 31 Ch. 301
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၀၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
(ကတိအတိုင်း Free ချထားပေးတယ်နော် ၊ ၃၆ သို့မဟုတ် ၃၇ ကြရင် Free ထပ်ချမယ်ဗျ။ အားပေးကြမ်းရင်တော့ တစ်ခါတည်း ၂ အုပ်လုံး Free ချပြစ်မယ်ဗျာ။ 🤪)
တုပိုင် သူ၏အဖေတူ၊ အမေကွဲသည့် ညီလေးအား မျက်နှာသေကြီးဖြင့် စိုက်ကြည့်နေလိုက်သည်။ ယခုလက်ရှိအချိန်တွင် တုယန်သည် ယခင်ကဲ့သို့ နှိမ့်ချသည့်ပုံစံမရှိလေဘဲ လောကကြီးတစ်ခုလုံးအား သူ၏လက်ခုပ်ထဲတွင် ထည့်ထားသည့်အလား ယုံကြည်မှုတို့ အပြည့်ဖြင့် ရှိနေသည်။ အရပ်ဘက်အရာရှိ တစ်ဦး၏ မာန်မာနတို့ဖြင့် ပြည့်နှက်နေလေ၏။
သူရောက်လာသည်နှင့် တုပိုင်တို့အား မောင်းထုတ်ကာ အာဏာပြချင်နေသည်။ တုပိုင်နှင့် ယခင်က စေ့စပ်ထားသည့် အမျိုးသမီးသည်တော့ မြင်းလှည်းပေါ်မှ ဆင်းပင်မလာချေ။ တုပိုင်က သူမ၏မျက်နှာကိုပင် ဖူးမြော်ရန် မထိုက်တန်ဟု ခံယူထားသောကြောင့် ဖြစ်ကြောင်းဖြစ်နိုင်လေသည်။
တုပိုင် ပြုံး၍ ပြောလိုက်၏။
“တည်းခိုဆောင်က အတော်လေး ကျယ်ပါတယ်။ နောက်ထပ် လူနည်းနည်းလောက်ထပ်တည်းလည်း ပြဿနာမရှိပါဘူး။”
တကယ်တမ်းတွင် တစ်ရိပ်သာတည်းတွင် အတူတည်းရုံသာမက ကုတင်သုံးခုထဲတွင် သုံးယောက်ပေါင်းပြီးတော့ အိပ်စက်ရမည်ဆိုလျှင်တောင် တုပိုင်က အပြုံးလေဖြင့် ခေါင်းညိတ်ပေလိမ့်မည်။ ဤပျက်စီးယိုယွင်းနေသည့် ကမ္ဘာကြီးထဲတွင် အဓိကက ပျော်ရွှင်ဖို့သာ မဟုတ်လော။ သို့သော် ခေတ်သစ်ကမ္ဘာမှ မဟုတ်သည့် တုယန်က တုပိုင်ပြောသည့် ညစ်ညမ်းစကား၏ ဆိုလိုရင်းကို နားလည်နိုင်ခြင်းမရှိချေ။
တုယန်က တည်ကြည်နေသော မျက်နှာဖြင့် လေးနက်စွာ ပြောလိုက်သည်။
“အင်း… စိတ်မကောင်းပါဘူး။ မင်းတို့ မိန်းမစိုးတွေရဲ့ ဆီးနံ့က အရမ်းကို နံလွန်းတော့ ငါတို့ သည်းမခံနိုင်ဘူး။”
တုယန်၏ လေသံထဲတွင် အရပ်ဘက်အရာရှိ သခင်လေးတစ်ဦး၏ မာနတရားတို့ဖြင့် ပြည့်နှက်နေလေ၏။ တုပိုင်က အေးစက်စက်ဖြင့် ပြုံးလိုက်၏။ ဤကဲ့သို့ တွေးကြတော့လည်း ပါးမရိုက်လိုက်ရလျှင် နှမြောစရာကြီး ဖြစ်လေ၏။ သို့သော် ခွေးမောင်နှံနှစ်ယောက်၏ နောက်ခံက မသေးသလို ခွေးတစ်ထောင်လောက် အုပ်လိုက်ကြီးလည်း ရှိသေးသည်။ ပုံမှန်နည်းလမ်းအတိုင်းသာ ပါးသွားရိုက်ရန် ကြိုးစားပါက ဟိုကသာ သူ့ကို ပါးပြန်ရိုက်သွားပေလိမ့်မည်။ တုပိုင်အနေဖြင့် အထူးနည်းလမ်းအချို့အား လိုအပ်လာပြီဖြစ်သည်။
တုယန် ဂုဏ်အယူဆုံးသောအရာက မည်သည်နည်း။ ကျိန်းသေပေါက် အသက် ၁၇ နှစ်ဖြင့် စာမေးပွဲတွင် ဒုတိယရလာသည့် ပါရမီပင်ဖြစ်လေ၏။ ထိုကဲ့သို့ ပါရမီမျိုးဖြင့် အဘယ်ကြောင့် မာနမကြီးဘဲ နေမည်နည်း။ ထို့အတွက်ကြောင့် တုပိုင်အနေဖြင့် တုယန်၏ အားအကောင်းဆုံးသော အရာဖြစ်သည့် ပါရမီပိုင်းဆိုင်ရာတွင် သကောင့်သားအား အနိုင်ယူရလေမည်။ ထို့အပြင် ရိုးရိုးနှစ်ယောက်ခြင်းပွဲမဟုတ်လေဘဲ သကောင့်သား၏ အသစ်စက်စက် ဇနီးသည်လေးရှေ့တွင် ပါးရိုက်ပြီး အရှက်ခွဲရမည်ဖြစ်လေ၏။
ဖန်းချင်းယီကဲ့သို့ မောက်မာသော သခင်မလေးတစ်ယောက်အနေဖြင့် သူမနဂိုကတည်းက အထင်သေးနေသည့် ယောင်္ကျားသည် တစ်ကြိမ်၊ နှစ်ကြိမ်မက ထပ်ခါထပ်ခါ ပါးအရိုက်ခံရသည်ကို မြင်လာရသောအခါ ပို၍ပင် အထင်သေးလာလိမ့်ပေမည်။ ထိုအခါ ဖန်းချင်းယီအနေဖြင့် တုယန်အား အစိမ်းရောင်ဦးထုပ်ပင် ဆောင်းပေးကောင်း ဆောင်းပေးနိုင်လေ၏။
တုပိုင် ဖန်းချင်းယီကို ပြချင်သည်မှာ သူတုပိုင်သည် တရားမဝင်သားဖြစ်သည့် တုယန်ထက် ကဏ္ဍတိုင်းတွင် သာလွန်သည်ဆိုသည့် အချက်ဖြစ်သည်။ သို့သော် တုပိုင် ဘာမှမပြောရသေးခင်မှာပင် တုယန်က စကားအရင်စလိုက်သည်။
“တုပိုင်၊ မင်း ကွမ်ရှိးမိန်းမစိုးစာမေးပွဲမှာ ပထမရခဲ့တယ်လို့ ကြားတယ်။ တော်လိုက်တာကွာ။”
တုယန်၏ စကားအသွားအလာမှာ ချီးကျူးနေသည့် ပုံပေါက်သော်လည်းပဲ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေလေ၏။ တုပိုင်သည် ရခဲ့သည့် မိန်းမစိုးစာမေးပွဲတွင် ပထမဆိုသည်မှာ ပြည်နယ်အဆင့်သာရှိသည်။ သို့သော် သူတုယန်ကမူ နန်းတွင်းစာမေးပွဲတွင် ဒုတိယရခဲ့သူဖြစ်သလို တစ်နိုင်ငံလုံးတွင်လည်း အဆင့် ၄ ရခဲ့သူဖြစ်သည်။
ခေတ်သစ်ကမ္ဘာဖြင့်ပြောရလျှင် တစ်ယောက်က အော်စကာရုပ်ရှင်ပွဲတော်ဆုကို ရရှိသူဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကျေးလက်ပွဲတော်တွင် ဆုရရှိခဲ့သလိုဖြစ်နေ၏။ ထို့ကြောင့် တုပိုင်၏ ပထမအဆင့်ဆိုသည်မှာ တုယန်၏ မျက်လုံးထဲတွင် တန်ဖိုးမရှိချေ။
ထိုအခိုက် ဖန်းချင်းယီသည် ခမ်းနားထည်ဝါသော မြင်းလှည်းပေါ်မှ ဆင်းလာလေ၏။ သူမ၏ လက်များကို ဝမ်းဗိုက်ရှေ့တွင် ယှက်ထားပြီး ဂါဝန်ရှည်ကို လက်ဖြင့် မကာ ခေါင်းငုံ့လျက် လျှောက်လှမ်းလာသည်။ သူမ၏ မျက်လုံးများသည် ခြေထောက်ကိုသာ ကြည့်နေပြီး တုပိုင်ကို မကြည့်ပေ။
ဝန်ခံရမည်ဆိုလျှင် ဤအမျိုးသမီးသည် အမှန်တကယ်ပင် အလွန်လှပပြီး မင်းသမီးနင်းရွှဲ့နှင့် ယှဉ်နိုင်သော အလှပဂေးဖြစ်သည်မှာ ထိုက်တန်ပေသည်။ သူမ၏ လှုပ်ရှားမှုတိုင်းသည် ပြိုင်ဘက်ကင်းသော ကျက်သရေရှိမှု ၊ မြင့်မြတ်မှုတို့နှင့် ပြည့်စုံနေသည်။ တစ်ခါတစ်ရံတွင် သူမက မင်းသမီးနင်းရွှဲ့ထက်ပင် မင်းသမီးတစ်ပါးနှင့် ပိုတူနေတတ်သည်။ အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်အချိုးအစားသည် သွယ်လျပြီး ဆွဲဆောင်မှုရှိကာ မြင်သူတိုင်း တပ်မက်ဖွယ်ကောင်းသော်လည်း မည်သူမျှ မပြစ်မှားရဲသော အလှတရားမျိုး ရှိသည်။
သူမသည် တုယန်၏ အနားသို့ လျှောက်သွားပြီး ခင်ပွန်းသည်၏ လက်မောင်းကို ညင်သာစွာ ချိတ်လိုက်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
“ယောကျ်ား… ရိုင်းစိုင်းတဲ့ မိန်းမစိုးတွေနဲ့ ရင်ဆိုင်ရရင်တောင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို မကျစေနဲ့။ မောင်းထုတ်မယ်ဆိုရင်တောင် ယဉ်ကျေးသိမ်မွေ့ပြီး သဘောထားကြီးစွာ ဆက်ဆံပါ… အကြမ်းဖက်တာတွေ မလုပ်ပါနဲ့။”
တုယန်က ချစ်ခင်ကြင်နာစွာဖြင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့… ပညာမတတ်တဲ့ အရိုင်းအစိုင်းတွေနဲ့ ရင်ဆိုင်ရရင်တောင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားပါ့မယ်။”
ထို့နောက် သူက အပေါ်ထပ်သို့ မော့ကြည့်လိုက်သည်။
“တုပိုင်… မင်းရဲ့ ကဗျာပါရမီက အရမ်းထူးချွန်တယ်လို့ ကြားတယ်။ ဟုတ်မဟုတ် သိချင်လိုက်တာကွာ။”
တုပိုင်၏ ဂုဏ်သတင်းကို သူ ကြားဖူးပုံရပြီး စိတ်ထဲတွင် မကျေမနပ် ဖြစ်နေပုံရသည်။ တုပိုင်က ပခုံးတွန့်လိုက်ပြီး မှန်ကန်ကြောင်း ပြသလိုက်သည်။
တုယန်က ဆက်ပြောလိုက်သည်။
“ဒီတစ်ခါ ပိုင်ဆယ်စီရင်စုကို စီရင်စုခွဲတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ လာတာ… ငါနဲ့အတူ စာပေကျမ်းဂန်နှံ့စပ်တဲ့ ပညာရှင်ကြီးတွေ အများကြီး ပါလာတယ်။ သူတို့က ဒိုင်လူကြီး လုပ်ပေးလို့ ရတယ်။ ငါတို့ ခေါင်းစဉ်တစ်ခုသတ်မှတ်ပြီး ကဗျာတစ်ပုဒ် စပ်ကြမယ်။ ဘယ်သူ ပိုကောင်းမလဲပေါ့… နိုင်တဲ့သူက ဒီတည်းခိုဆောင်ကို ယူမယ်။ ရှုံးတဲ့သူက ထွက်သွားရမယ်… ဘယ်လိုလဲ။”
သူက အမှန်တကယ်ပင် စာပေပညာရှင် ပီသလှသည်။
“ကောင်းတယ်… ကောင်းတယ်… ကောင်းတယ်”
ဖန်းမိသားစုမှ ပညာရှင်ကြီးအချို့သည် အခြားမြင်းလှည်းများပေါ်မှ ဆင်းလာပြီး လက်ခုပ်တီးကာ ထောက်ခံကြသည်။
“သခင်လေးက တကယ်ကို တင့်တယ်လှပတဲ့ စိတ်ထားရှိတာပဲ။ မိန်းမစိုးနဲ့ ယှဉ်ပြိုင်ရတာတောင် ဒီလို ဂုဏ်သိက္ခာမျိုး ထိန်းသိမ်းထားနိုင်တယ်။ ကျွန်တော်တို့အတွက် မျက်စိပွင့်နားပွင့် ဖြစ်ရပါတယ်။ သခင်လေးရဲ့ စာပေပါရမီကို ဧကရာဇ်မင်းမြတ်တောင် ချီးကျူးထားတာလေ။”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ကောင်းပြီလေ… နိုင်တဲ့ ယောကျ်ားက နေမယ်။ ရှုံးတဲ့ ယောကျ်ားက ထွက်သွားမယ်။”
သူက ယောကျ်ားဆိုသည့် စကားလုံးကို အလေးအနက်ထား ပြောလိုက်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ သူ့ညီက နားမလည်ခဲ့ပေ။ တုယန်က သူ့ဇနီးသည် ဖန်းချင်းယီဘက်သို့ လှည့်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“မိန်းမ… ကျေးဇူးပြုပြီး ခေါင်းစဉ်တစ်ခုလောက် ပေးပါလား။”
ဖန်းချင်းယီက ခေါင်းငုံ့ပြီး ခေတ္တမျှ စဉ်းစားကာ ပြောလိုက်သည်။
“ရှင်တို့နှစ်ယောက်က အဖေတူ ညီအစ်ကိုတွေ ဖြစ်ပေမဲ့ အခုချိန်မှာ မိုးနဲ့မြေလို ကွဲပြားပြီး ရန်ဘက်တွေ ဖြစ်နေကြတယ်။ တကယ်ကို စိတ်မကောင်းစရာပဲ။ ရှင်တို့ ဒီလို အခန်းတစ်ခုတည်းမှာ အတူရှိနေရတဲ့ အခြေအနေကို ခေါင်းစဉ်ယူပြီး ကဗျာစပ်ရင် မကောင်းဘူးလား။ ရှုံးတဲ့သူက အလိုက်တသိ ထွက်သွားပေးပေါ့။”
ဤခေါင်းစဉ်ကို ကြားသောအခါ တုပိုင် အံ့အားသင့်သွားသည်။ ဤသည်ကား သူ့အား ပါးရိုက်ရန် ဖိတ်ခေါ်နေခြင်း မဟုတ်ပါလော။ အခြေအနေသည် အလွန်ပင် ထူးခြားဆန်းကြယ်နေပေသည်။ ဤခေါင်းစဉ်သာဆိုလျှင် သူရှုံးနိမ့်ရန် အလွန်ခဲယဉ်းသွားချေပြီ။ သို့သော် ဤခေါင်းစဉ်သည် ကောင်းမွန်လှပြီး တုပိုင်နှင့် တုယန် ညီအစ်ကိုနှစ်ယောက်၏ လက်ရှိအခြေအနေနှင့် အလွန်ကိုက်ညီမှုရှိကြောင်း ဝန်ခံရပေမည်။
တုယန် ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။
“ကောင်းပြီ။”
ထို့နောက် သူ့ထံမှ ကဗျာတစ်ပုဒ် ထွက်ပေါ်လာသည်။
“အခန်းတူ တိုက်ပွဲ”
“ဟွမ်းဆန်းတောင်မှ ငှက်များသည် ခါးသီးမှုနှင့် ဝေးကွာလိုသော်လည်း ပြန်ချင်ပါသော်လည်း အောင်နိုင်သူ မရှိနိုင်ပေ။ သွေးသားရင်းချာတို့ကို အလျင်စလို ခွဲခြားလိုက်သဖြင့် ကောင်းကင်ပြာသည် ပန်းပွင့်တို့ကို ဖျက်ဆီးပစ်လေ၏။ သစ်ပင်ကြီး၏ အကိုင်းအခက်များသည် ပုံသဏ္ဌာန်တူသော်လည်း အရှေ့ဘက်ကိုင်းကား ညှိုးနွမ်း၍ အနောက်ဘက်ကိုင်းကား သန်စွမ်းလေသည်။ ရည်ရွယ်ချက်မရှိသော အရာများပင် ဤသို့ဖြစ်လေရာ လူသားတို့ကား အဘယ်ကြောင့် ကောင်းကင်စစ်သည်များကို ရှာဖွေနေရသနည်း။”
ဤကဗျာထွက်ပေါ်လာသည်နှင့် ဖန်းချင်းယီ၏ လှပသော မျက်လုံးများ တောက်ပသွားသည်။ ဤအချိန်တွင် သူမသည် ခင်ပွန်းသည်ကို အလေးစားဆုံးဖြစ်ပြီး သူ၏ စစ်မှန်သော ပါရမီက သူမကို ယုံကြည်လက်ခံစေကာ ဂုဏ်ယူစေသည်။ ဖန်းမိသားစုမှ ပညာရှင်ကြီးများသည်လည်း ကျယ်လောင်စွာ အော်ဟစ်အားပေးပြီး လက်ခုပ်တီးကြသည်။
“ကဗျာကောင်း… တကယ့် ကဗျာကောင်းပဲ”
“ဒီလို ကဗျာပါရမီမျိုးက တာ့နင်မင်းဆက် တစ်ခုလုံးမှာတောင် ရှာဖို့ ခက်တယ်”
“ကျွန်တော်တို့က စာပေကျမ်းဂန် နှံ့စပ်တယ်လို့ ဆိုကြပေမဲ့ အခုချိန်မှာတော့ ရှက်ဖို့ကောင်းနေပါပြီ”
တုပိုင် ထိုကဗျာကို ကြားသောအခါ အံ့သြမှင်သက်မိသွားသည်။ သူ့အဖေတူ အမေကွဲညီက အမှန်တကယ်ပင် ထူးချွန်လွန်းလှသည်။ တုမိသားစုက တုပိုင်ကို လုံးဝစွန့်ပယ်ပြီး တုယန်ကို ရွေးချယ်လေ့ကျင့်ပေးခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ ဖန်းမိသားစုက တုယန်ကို မယားငယ်သားအဖြစ် မငြင်းပယ်ဘဲ ဖန်းချင်းယီနှင့် လက်ထပ်ပေးခဲ့ခြင်းမှာလည်း အံ့သြစရာ မရှိတော့ပေ။ ဤကဗျာသည် အလွန်ကောင်းမွန်ပြီး အဓိကအချက်မှာ စဉ်းစားချိန် ငါးမိနစ်အောက်သာ ကြာခြင်းဖြစ်သည်။ သူ့တွင် မာနတရားများ ရှိနေသည်မှာ အံ့သြစရာ မဟုတ်ပေ။ ပါရမီရှင်ဆိုသည်မှာ ဤသို့ပင် ဖြစ်လေ၏။
တုယန်၏ မျက်နှာတွင် ကျေနပ်မှုများ ပြည့်နှက်နေပြီး တုပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“မင်းအလှည့်ပဲ… ငါ မြင်းလှည်းပေါ် ပြန်တက်ပြီး စောင့်နေပေးရမလား။ နာရီဝက်လောက်ဆို ရမလား။”
တုပိုင်က ပြောလိုက်သည်။
“မလိုဘူး… ငါ့မှာလည်း အခန်းတူ တိုက်ပွဲဆိုတဲ့ ကဗျာတစ်ပုဒ် ရှိတယ်။ သေချာ နားထောင်ပါ။”
တုယန် နားစွင့်လိုက်သည်။ ဖန်းချင်းယီသည် ခေါင်းငုံ့လျက် ဂါဝန်စကို ကိုင်ထားဆဲ ဖြစ်သော်လည်း သူမ၏ ကြည်လင်သော နားရွက်ကလေးများက အနည်းငယ် စွင့်ကားကာ သေချာ နားထောင်နေသည်။ တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သော လေသံဖြင့် ရွတ်ဆိုလိုက်သည်။
“ပဲပြုတ်ရန်အတွက် ပဲရိုးများကို မီးဆိုက်လေ၏။ ပဲရိုးများလောင်ကျွမ်းသဖြင့် အိုးထဲမှ ပဲစေ့များ ငိုကြွေးရှာ၏။ ငါတို့သည် အမြစ်တစ်ခုတည်းမှ ပေါက်ဖွားလာကြပါလျက် အဘယ်ကြောင့် ဤမျှ အလျင်စလို ညှဉ်းပန်းနှိပ်စက်ရပါသနည်း။”
ဤကဗျာ ထွက်ပေါ်လာသည်နှင့် ရုတ်တရက် ပရိသတ်အားလုံး တိတ်ဆိတ်သွားကြသည်။ တုယန်၏ ချောမောသော မျက်နှာသည် ချက်ချင်း နီရဲသွားပြီးနောက် ဖြူဖပ်ဖြူရော် ဖြစ်သွားကာ ခေါင်းမော့ပြီး သူ့အစ်ကိုကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ဖန်းချင်းယီသည်လည်း အံ့သြသွားပြီး ခေါင်းမော့ကာ တုပိုင်ကို ကြည့်လိုက်မိသည်။
ဖန်းမိသားစုမှ ပညာရှင်ကြီးများသည်လည်း စကားမပြောနိုင်တော့ပေ။ စာပေတွင် ပထမဟူ၍ မရှိ၊ ကောင်းမွန်ခြင်းနှင့် ဆိုးရွားခြင်း ကွာခြားမှု မရှိဟု ဆိုကြသော်လည်း အချို့သော ကဗျာများသည် အလွန်ကောင်းမွန်လွန်းသဖြင့် ဖတ်လိုက်သည်နှင့် တစ်ဖက်လူကို သေစေနိုင်လောက်သည်။ တုယန်၏ ကဗျာသည် အလွန်ကောင်းမွန်သော်လည်း တုပိုင်၏ ကဗျာနှင့် ယှဉ်လိုက်လျှင် မှေးမှိန်သွားရသည်။
တုပိုင်က ပြောလိုက်သည်။
“အစ်မချင်းယီ… ကျွန်တော့်ကဗျာ ဘယ်လိုနေလဲ။ အစ်မယောကျ်ားထက် သာရဲ့လား။”
ဖန်းချင်းယီ၏ မျက်နှာထား ပြောင်းလဲသွားပြီး တုယန်၏ လက်ကောက်ဝတ်ကို လွှတ်ချကာ လှည့်ထွက်သွားပြီး မြင်းလှည်းပေါ်သို့ ပြန်တက်သွားသည်။ တုယန်သည် သူ့ဇနီးသည်၏ ရွံရှာခြင်းကို ခံလိုက်ရသည်ဟု ခံစားလိုက်ရသဖြင့် မျက်နှာများ ဖြူဖပ်သွားပြီး ကြောင်အမ်းအမ်း ရပ်နေမိသည်။
“ရှင် ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ။ အရှက်ကွဲတာ မလောက်သေးဘူးလား” ဖန်းချင်းယီက တိုးတိုးလေး လှမ်းပြောလိုက်သည်။ ထို့နောက် တုယန်၊ ဖန်းချင်းယီနှင့် အခြားသူများ ထွက်ခွာရန် ပြင်လိုက်ကြသည်။
တုပိုင်က ပြောလိုက်သည်။
“အစ်မချင်းယီ အခု ထွက်သွားတော့မလို့လား။ ဒီတည်းခိုဆောင်က အကြီးကြီးပါ။ နေလို့ ရပါတယ်။ စောစောက ပြောသလိုပေါ့… ရှုံးတဲ့ ယောကျ်ားက ထွက်သွားရမယ်လေ။ အစ်မလို အလှပဂေးလေးကတော့ အခွင့်ထူး ရှိပါတယ်။”
ဖန်းချင်းယီ အံကြိတ်လိုက်ပြီး သူမ၏ ခင်ပွန်းကို ဒေါသတကြီး ကြည့်လိုက်ကာ မြင်းလှည်းပေါ်သို့ အမြန်တက်လိုက်သည်။
တုပိုင်က လက်ကို ခရာပုံစံလုပ်ပြီး အော်ပြောလိုက်သည်။
“အစ်မချင်းယီ… ကျွန်တော်က ကျွန်တော့်ညီထက် ဘက်စုံတော်ပါတယ်။ မယုံရင် ထုတ်ပြီး ယှဉ်ကြည့်လိုက်လေ။ နောက်ဆို ဦးထုပ်စိမ်းဝယ်မယ်ဆိုရင် ကျွန်တော့်ကို သတိရလိုက်နော်။”
မြင်းလှည်းပေါ် ရောက်ပြီးနောက် ဖန်းချင်းယီသည် ယခင်က ကျက်သရေရှိသော ဟန်ပန်ကို မထိန်းသိမ်းနိုင်တော့ဘဲ ဓားကို ဆွဲထုတ်ပြီး တုပိုင်ကို ခုတ်ပိုင်းပစ်လိုက်ချင်စိတ် ပေါက်သွားသည်။ သို့သော် သူမ၏ စိတ်နှလုံးထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ခင်ပွန်းသည် တုယန်သည် ရုပ်ရည်နှင့် ပါရမီ ထူးချွန်ပြီး သိုင်းပညာတွင်လည်း ပြောစရာမရှိပေ။ သို့သော် တစ်စုံတစ်ခု လိုအပ်နေသလို အမြဲခံစားရသည်။ ယခုအချိန်တွင် တုပိုင်သည် ရာစုနှစ်တစ်ခုအတွင်း တစ်ခါသာ ကြုံရခဲသော ကဗျာတစ်ပုဒ်ကို ရွတ်ဆိုပြီးနောက် ချက်ချင်းပင် ရိုင်းစိုင်းညစ်ညမ်းသော ပုံစံ ပြောင်းလဲသွားသည်။ ထိုသည်က သူမအား ရင်ခုန်စေမိသည်။
**--**--**--**--**--**--**--**
တည်းခိုဆောင်တွင် တစ်ည အိပ်ပြီးနောက် တုပိုင် ခရီးဆက်ခဲ့သည်။ ညနေစောင်းတွင် သူ ပိုင်ဆယ်စီရင်စုသို့ နောက်ဆုံး၌ ရောက်ရှိလာလေ၏။
“ဒါက ပိုင်ဆယ်မြို့လား။”
အပိုင်း ၃၀၁ ပြီး။
(လက်စသတ်တော့ ဖန်းချင်းယီက ကောင်ဆိုးလေးတွေကို သဘောကျတာကိုး 😎)