အခန်း (၃၀၂)
Vol. 31 Ch. 302
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၀၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင် အကြီးအကျယ် တုန်လှုပ်သွားမိသည်။ ဤနေရာသည် အလွန်ပင် စည်ကားဝပြောလှပေ၏။ ကွေ့လင်စီရင်စုနှင့် နန်နင်းစီရင်စုတို့နှင့်ပင် ယှဉ်နိုင်သည့် အနေအထားရှိသည်။ ဤနေရာရှိ လမ်းမများသည် ရွှေငွေ့ ၊ ငွေငွေ့များ လွှမ်းခြုံထားသကဲ့သို့ ခံစားရသည်။
ထို့အပြင် လုံးဝ စနစ်တကျရှိပြီး ဖရိုဖရဲဖြစ်နေသည့် အရိပ်အယောင်မျှပင် မတွေ့ရပေ။
တုပိုင်သည် ကျော့အန်၏ စကားများကို ရုတ်တရက် ပြန်သတိရသွားသည်။ ပိုင်ဆယ်စီရင်စု၏ အပေါ်ယံသည် တည်ငြိမ်နေပုံပေါက်သော်လည်း အတွင်းတွင်မူ အမှောင်ဒီရေလှိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေသည်။ သို့မဟုတ်ပါက ဤနေရာ၌ စီရင်စုမှူး အများအပြားနှင့် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ တပ်ရင်းမှူး နှစ်ဦးတို့ သေဆုံးခဲ့ရပြီး မည်သို့သေဆုံးသွားမှန်းပင် မသိရသည့် အဖြစ်မျိုး ကြုံရမည် မဟုတ်ပေ။
ဤနေရာရှိ မြေအောက်ရေမြောင်းများကို ပုံမှန် တူးဖော်ရှင်းလင်းခြင်း မလုပ်ပါက မကြာမီအချိန်အတွင်း အလောင်းကောင်များဖြင့် ပြည့်နှက်သွားလိမ့်မည် ဖြစ်သည်။
ပိုင်ဆယ်စီရင်စု မြို့ထဲသို့ ဝင်လိုက်သည်နှင့် မျက်လုံးပေါင်း ရာချီ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရကြောင်း တုပိုင် ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သိသာလှစွာပင် ထိုသူများသည် လီမိသားစု၏ သူလျှိုများပင် ဖြစ်သည်။ အတွင်းသို့ ရောက်သည်နှင့် အဝတ်အစားမပါဘဲ ကိုယ်လုံးတီး ဖြစ်နေသကဲ့သို့ အရှေ့ဘက်ကွပ်ကဲရေးရုံးအတွက် လျှို့ဝှက်ချက်ဟူ၍ မရှိတော့ချေ။
**--**--**--**--**--**--**--**
ခရီးအနည်းငယ် ဆက်သွားပြီးနောက် တုပိုင်သည် ဝင်းတစ်ခုသို့ ရောက်ရှိလာပြီး အံ့အားသင့်သွားသည်။ သောက်ကျိုးနည်းလှ၏။
ဤသည်ကား ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး ဖြစ်ပါသလော။ တုပိုင်ကဲ့သို့ တပ်မှူးငယ်တစ်ယောက်က ဤအိမ်တော်တွင် အလုပ်လုပ်ရမည်လော။
ကွေ့လင်စီရင်စုနှင့် ဝူကျိုးစီရင်စုရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးများသည် အလွန်မကြီးမားသော်လည်း ခမ်းနားထည်ဝါမှုတော့ ရှိပါသေးသည်။ ရုံးတော်တစ်ခုစီသည် ဧကဆယ်ချီကျယ်ဝန်းပြီး ကင်းစောင့်နေသည့် သိုင်းပညာရှင် ဒါဇင်နှင့်ချီ ရှိသည်။
ယခု သူ့ရှေ့တွင် ရှိနေသည့် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသည် ပျက်စီးယိုယွင်းနေသည့် ဝင်းတစ်ခုသာ ဖြစ်သည်။ ကင်းစောင့်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ တောင်းရမ်းနေသည့် သူတောင်းစား ဒါဇင်ခန့်သည် နေပူစာလှုံရင်း သန်းရှာနေကြသည်။ တုပိုင် ရောက်လာသည်ကို မြင်သောအခါ တံခါးဝကို ပိတ်ဆို့ထားသည့် သူတောင်းစားအိုကြီးက ပျင်းရိစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် ဖမ်းမိထားသော သန်းကို ပါးစပ်ထဲထည့်ကာ ဝါးစားလိုက်လေသည်။
ကြက်သားအရသာကဲ့သို့ ကြွပ်ရွနေပုံရပြီး သူတောင်းစားအိုကြီးက မျက်လုံးမှိတ်ကာ အရသာခံနေသည်။ သောက်ကျိူးနည်းလှ၏။
တုပိုင်သည် တပ်ရင်းမှူးရုံးအတွင်းသို့ ဝင်သွားရာ ဝင်းတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တပ်ရင်းမှူးကား အဘယ်မှာနည်း။ အရှေ့ဘက်ကွပ်ကဲရေးရုံး အမှုထမ်းများသည် မည်သည့်နေရာသို့ ရောက်ရှိနေကြသနည်း။ ကျန်သည့် တပ်မှူးငယ် ၂ ယောက်ကော မည်သည့်နေရာတွင် သွားသေနေသနည်း။
ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသည် မည်မျှပင် ဆိုးရွားနေပါစေ လူဒါဇင်ခန့်တော့ ရှိသင့်ပါသည်။ ယခု အဘယ်ကြောင့် တစ်ယောက်မျှ မရှိရသနည်း။ တုပိုင် မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။ “လခွမ်းတဲ့မှ ၊ လူတွေ ဘယ်ရောက်ကုန်တာလဲဟ”
မည်သူမျှ ပြန်မဖြေပေ။ ဟာလာဟင်းလင်းဖြစ်နေသော ဝင်းထဲတွင် သူ၏ ပဲ့တင်သံသာ ထွက်ပေါ်လာသည်။
“ကျန်းတပ်ရင်းမှူး ဘယ်မှာလဲ” တုပိုင် ထပ်အော်လိုက်သည်။
မည်သူမျှ ပြန်မဖြေပေ။
“ရန်တပ်မှူးငယ် ဘယ်မှာလဲ” တုပိုင် ထပ်အော်လိုက်သည်။
ယခုထိ ဘယ်သူမှ ပြန်မဖြေပေ။
“သားသတ်သမားကော ဘယ်မှာလဲ” တုပိုင် ထပ်အော်ပြန်သည်။
“ဒီမှာလေ ၊ ဘာခိုင်းမလို့လဲ” အပြင်ဘက် တံခါးဝရှိ သူတောင်းစားအိုကြီးက လက်ထောင်ပြလိုက်သည်။ သူသည် သန်းကို စားပြီးသွားသော်လည်း အရသာခံနေဆဲ ဖြစ်သည်။
ရုတ်တရက် တုပိုင် ကြောင်အမ်းသွားသည်။ ဤသန်းရှာပြီး စားနေသည့် ဤသူတောင်းစားအိုကြီးက ပိုင်ဆယ်စီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံး၏ တပ်ရင်းမှူး တူချန်လီ ဖြစ်လေသလော။ သိုင်းပညာ ထူးချွန်သည့် ဝါရင့်သူရဲကောင်းကြီးဆိုသည်မှာ ဤသူတောင်းစားကြီးလော။
တုပိုင်က မေးလိုက်သည်။ “ဒါဆို ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးက စာရေးတွေ ၊ အမှုထမ်းတွေရော ဘယ်မှာလဲ”
သူတောင်းစားအိုကြီးက တံခါးဝရှိ သူတောင်းစား ဒါဇင်ကျော်ကို ညွှန်ပြပြီး ပြောလိုက်သည်။ “ဟောဒီမှာလေ… အားလုံး ဒီမှာ ရှိတယ်မလား။ အလံကိုင်အရာရှိ ၃ ယောက်နဲ့ တပ်စုမှူး ၁၀ ယောက်လုံး ဒီမှာ ရှိကြတယ်”
တုပိုင် ပါးစပ်အဟောင်းသားဖြင့် မှင်သက်သွားရသည်။
ပိုင်ဆယ်စီရင်စုရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး အခြေအနေ ဆိုးရွားမှန်း သိသော်လည်း ဤမျှထိ ဆိုးရွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ တပ်မှူးငယ်မှသည် အလံကိုင်အရာရှိ ၊ တပ်စုမှူးအထိ အားလုံးက သူတောင်းစားများ ဖြစ်ကုန်ကြပြီလော။
အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးဆိုသည်မှာ အဆင့် ၆ အရာရှိဖြစ်ပြီး အလံကိုင်အရာရှိ ဆိုသည်မှာ အဆင့် ၇ ဖြစ်သည်။ အခြားနေရာများတွင်ဆိုလျှင် သူတို့သည် လူသတ်ပိုင်ခွင့်အာဏာရှိပြီး အလွန်ြခိမ်းခြောက်နိုင်စွမ်းရှိသူများ ဖြစ်ကြသည်။
ပိုင်ဆယ်စီရင်စုတွင် ခြေကုပ်မယူနိုင်လျှင်တောင် အပေါ်ယံ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားသင့်ပြီး သူတောင်းစား ဘဝတော့ မရောက်သင့်ပေ။ သောက်ကျိုးပက်ပက်စက်စက် နည်လှ၏။
တုပိုင် တုန်ရီစွာဖြင့် မေးလိုက်သည်။ “ဘာလို့… ဘာလို့ ဒီလိုဖြစ်ရတာလဲ”
သူတောင်းစားအိုကြီးက ပြောလိုက်သည်။ “လက်နက်ချ အညံ့ခံလိုသူတွေကတော့ စည်းစိမ်ဥစ္စာ သွားခံစားကုန်ကြပြီ။ လီမိသားစု ဆောက်ပေးထားတဲ့ တပ်ရင်းမှူးရုံးမှာ သွားနေပြီး လီတောက်ကျိန်းရဲ့ ကောင်းကင်ဘုံနဲ့ ပူးပေါင်းကုန်ကြပြီ။ ငါတို့က အညံ့မခံချင်ကြဘူး။ သူတို့ကလည်း ငါတို့ကို မသတ်ဘူး။ ဒါပေမဲ့ အစာမရှိ ၊ အဝတ်မရှိ ၊ ဆေးမရှိ ၊ ငွေမရှိ ဖြစ်အောင် လုပ်ထားတယ်။ တစ်ဖက်လူက ပြောတယ်… ထွက်သွားချင်ရင် ထွက်သွားလို့ရတယ်။ ဒီတပ်ရင်းမှူးရုံးမှာ ဆက်နေချင်ရင်တော့ သူတောင်းစားပဲ လုပ်ရမယ်တဲ့။ အသက်ဆက်ရှင်ချင်ရင် တံခါးဝမှာ တောင်းစားလို့ ရတယ်တဲ့”
သူတောင်းစားအိုကြီး တပ်ရင်းမှူးသည် နောက်ထပ် သန်းတစ်ကောင် ရှာတွေ့သွားပြီး ပါးစပ်ထဲ ပစ်ထည့်ကာ အရသာခံ ဝါးစားလိုက်လေသည်။
“ဒါပေါ့… ငါက တပ်ရင်းမှူးရုံးမှာ တပ်စွဲထားရမယ်လေ။ လက်နက်ချလို့လည်း မဖြစ်ဘူး ၊ စစ်ပြေးလည်း အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် သူတောင်းစားပဲ လုပ်ရတော့တာပေါ့” သူတောင်းစားအိုကြီး တပ်ရင်းမှူးက ပြောလိုက်သည်။ “အရှေ့ဘက်ကွပ်ကဲရေးရုံးက ခွေးကောင်တွေအတွက် သူတောင်းစားဖြစ်ရတာ မရှက်ပါဘူး”
ရုတ်တရက် တုပိုင် ကြောက်ရွံ့လေးစားစိတ် ဖြစ်ပေါ်လာပြီးနောက် ဂျုံမုန့်ပြားကြီး တစ်ချပ်ကို ထုတ်ယူကာ လေးစားစွာဖြင့် ကမ်းပေးလိုက်သည်။
“မင်းက အသစ်ခန့်လိုက်တဲ့ တပ်မှူးငယ် တုပိုင် မဟုတ်လား” သူတောင်းစားအိုကြီး တပ်ရင်းမှူးက ဂျုံမုန့်ပြားကို ယူလိုက်ပြီး လူဒါဇင်ခန့်အတွက် အပိုင်းပိုင်း ခွဲဝေပေးလိုက်သည်။
“ဟုတ်ပါတယ်” တုပိုင်က ပြောလိုက်သည်။ “ကျွန်တော့်ဆီမှာ ဂျုံမုန့်ပြားတွေ အများကြီး ကျန်ပါသေးတယ်။ အားလုံးကို ဝေပေးဖို့ လုံလောက်ပါတယ်”
တုပိုင်သည် လမ်းခရီးအတွက် အစာခြောက်အဖြစ် ပြင်ဆင်လာသော ဂျုံမုန့်ပြား ဒါဇင်ကျော်ကို ထုတ်ပေးလိုက်သည်။ အားလုံးကို ဂျုံမှုန့်အကောင်းစားဖြင့် ပြုလုပ်ထားပြီး ဆီသန့်ဖြင့်ကြော်ထားသဖြင့် မွှေးကြိုင်နေသည်။
သို့သော် သူတောင်းစားအိုကြီးက ငြင်းဆန်ပြီး ပြောလိုက်သည်။ “မင်း လက်နက်မချချင်ဘူး ၊ လီမိသားစုရဲ့ စည်းစိမ်ဥစ္စာကိုလည်း မမက်မောဘူးဆိုရင် ဒီမုန့်တွေကို ချွေတာထားပါ။ နောက်ရက်နည်းနည်းကြာရင် မင်းလည်း ငါတို့နဲ့အတူ တံခါးဝမှာ သူတောင်းစား လိုက်လုပ်ရတော့မှာ”
ထို့နောက် သူတောင်းစားအိုကြီး တပ်ရင်းမှူးက ညာဘက်ရှိ နေရာလွတ်ကို ပုတ်ပြပြီး ပြောလိုက်သည်။ “လာပါ… အင်ပါယာရဲ့ သစ္စာရှိ အမတ်မင်း တုပိုင်။ မင်းရဲ့ ရာထူးက ဒုတိယဆိုတော့ ညာဘက်နေရာကို မင်းအတွက် ပေးမယ်။ မင်း အရင်ဆုံး အသားကျအောင် နေဦး။ နောက်ရက်နည်းနည်းကြာရင် ငါတို့ အတူတူ တောင်းစားကြတာပေါ့”
ဤလူကြီးသည် သစ္စာရှိအမတ် ဖြစ်သော်လည်း ယခုအချိန်တွင် တုပိုင် သူ့ကို ရိုက်ချင်စိတ် ပေါက်သွားသည်။
တုပိုင် ပြောစရာစကား ပျောက်သွားပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားကြီးတို့ပဲး တောင်းစားနေလိုက်တော့။ ကျွန်တော် အထဲဝင်တော့မယ်”
**--**--**--**--**--**--**--**
တပ်ရင်းမှူးရုံးထဲသို့ ဝင်ပြီးနောက် တုပိုင်သည် သူ့ရုံးခန်းကို ရှာတွေ့ခဲ့သည်။ ဆင်းရဲလွန်းသဖြင့် ဘာမျှ မရှိပေ။
ဝူကျိုး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးငယ်ဟောင်း လင်းချီနျန်သည် နေရာအနှံ့ ရှာဖွေပြီးနောက် နောက်ဆုံးတွင် တုပိုင်အတွက် စားပွဲတစ်လုံး ၊ ကုလားထိုင်တစ်လုံးနှင့် ကုတင်တစ်လုံးကို ရှာတွေ့ခဲ့သည်။
အခြေအနေက ထင်ထားသည်ထက် ပိုမိုဆိုးရွားနေသည်။
“ကျွန်တော်မျိုး ပစ္စည်းသွားဝယ်ပြီး ပြန်လာခဲ့ပါမယ်” လင်းချီနျန်က ပြောသည်။
တုပိုင်က ငွေတုံး ဒါဇင်အနည်းငယ် ထုတ်ပေးလိုက်သည်။
ခဏကြာတော့ လင်းချီနျန် ပြန်ရောက်လာပြီး ဒူးထောက်ကာ တောင်းပန်လိုက်သည်။ “သခင်… ကျွန်တော်မျိုး သုံးမကျလို့ ဘာမှ ဝယ်မလာနိုင်ခဲ့ပါဘူး။ ဘယ်ဆိုင်ကမှ ကျွန်တော်တို့နဲ့ အရောင်းအဝယ် မလုပ်ချင်ကြပါဘူး”
တုပိုင်သည် ဤအခြေအနေကို မအံ့သြပေ။ သူတို့အဖွဲ့သည် ပိုင်ဆယ်စီရင်စုသို့ မဝင်မီကတည်းက ပစ်မှတ်ထားခံနေရခြင်း ဖြစ်သည်။ တစ်ဖက်လူက မသတ်သလို ရိုက်နှက်ခြင်းလည်း မရှိပေ။ သို့သော် စားစရာ ၊ ဝတ်စရာ ဘာကိုမှ ဝယ်မရအောင်တော့ လုပ်ထား၏။
လီစန်းက ပြောလိုက်သည်။ “စားနပ်ရိက္ခာတွေကို ကွေ့လင်ကနေ သယ်လာလို့ ရပါတယ်”
တုပိုင် ခေါင်းခါလိုက်သည်။ တစ်ဖက်လူက ကျိန်းသေပေါက် လုယက်သတ်ဖြတ်လိမ့်မည် ဖြစ်ပြီး ကွေ့လင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ပစ္စည်းများသည် ပိုင်ဆယ်မြို့ထဲသို့ ကျိန်းသေပေါက် ရောက်လာမည် မဟုတ်ပေ။
လီမိသားစု၏ နည်းလမ်းက တကယ်ကို ရက်စက်သည်။ သူတို့က မသတ် ၊ မရိုက်ပေ။ အစားအသောက်နဲ့ အဝတ်အစား ဝယ်မရအောင်သာ လုပ်ထားသည်။ ဤနေရာတွင် အစာငတ်ပြီး သေသွားအောင် လုပ်ထားခြင်း ဖြစ်သည်။
ခွေးတစ်ကောင်လို အညံ့ခံပြီး လက်နက်ချမည်လော ၊ ထွက်သွားမည်လော ၊ သို့မဟုတ် အရှေ့ဘက်ကွပ်ကဲရေးရုံးနဲ့ နန်းတော်ကို အရှက်ခွဲဖို့ သူတောင်းစား လုပ်မည်လော။
ပိုင်ဆယ်စီရင်စုရှိ ဤနဂါးအိုင် ကျားတွင်းသည် အမှန်တကယ်ပင် ဆန်းကြယ်လှသည်။
ဤအခြေအနေကို အမြန်ဆုံးဖြေရှင်းရပေလိမ့်မည်။ မဟုတ်ပါက အစားအသောက်နှင့် အဝတ်အစားမရှိသော မျှော်လင့်ချက်မဲ့သည့် အခြေအနေသည် ၁၀ ရက် ၊ ၁၅ ရက် ကြာသွားလျှင် စိတ်ဓာတ်များ ကျဆင်းကုန်လိမ့်မည်။
ဤကစားပွဲကို အနိုင်ယူရမည့် အဓိကသော့ချက်မှာ အပြာရောင်နဂါးဂိုဏ်းခေါင်းဆောင် ကျီချင်းကျူ ပင်ဖြစ်သည်။
သူ့ထံမှ အသိအမှတ်ပြုမှုကို ရသည်နှင့် တုပိုင်သည် ပိုင်ဆယ်စီရင်စုတွင် ချက်ချင်း ခြေကုပ်ရယူနိုင်မည် ဖြစ်သည်။
ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။ “တပည့် ၊ မင်း ဒီမှာပဲ နေခဲ့။ ဒီညတော့ သည်းခံပြီး အိပ်လိုက်ပါဦး။ ဆရာ အပြာရောင်နဂါးဂိုဏ်းကို သွားပြီး ကျီချင်းကျူရဲ့ သဘောထားကို သွားစုံစမ်းကြည့်မယ်”
တုပိုင် ခေါင်းညိတ်လိုက်သည်။ ကျီချင်းကျူသည် ဆရာသခင်ကြီးအဆင့်ဖြစ်ပြီး နင်ဇောင်ဝူသည်လည်း သိုင်းပညာ ဆရာသခင်ကြီးအဆင့် ဖြစ်သည်။ ဆရာသခင်နင်ကို မျက်နှာသာမပေးလျှင်တောင် ဖြတ်ရိုက်လိမ့်မည်တော့ မဟုတ်ချေ။
“ဒီည အားလုံး အစာခြောက်ပဲ စားကြ။ ကုတင်မရှိရင် ကြမ်းပြင်ပေါ်မှာပဲ အိပ်ကြပါ။ မနက်ဖြန်ကျမှ အားလုံး ဆက်ပြောကြတာပေါ့” တုပိုင်က ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” အားလုံးက ပြန်ဖြေကြသည်။
**--**--**--**--**--**--**--**
ညဉ့်နက်လာ၏။ ဆရာသခင်ကြီး နင်ဇောင်ဝူ ပြန်မရောက်လာသေးပေ။ ကျန်လူများသည် ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေကြပြီဖြစ်ပြီး တစ်ခုတည်းသော ကုတင်ကို တုပိုင်အား ပေးထားသည်။
ကုတင်ပေါ်တွင် လှဲနေရင်း တုပိုင်သည် အိပ်မပျော်နိုင်ဘဲ လူးလှိမ့်နေသည်။ ဤအခြေအနေကို မည်သို့ ဖြေရှင်းရမည်ကို တွေးတောနေပြီး စိတ်ထဲတွင် အစီအစဉ်များ ချမှတ်နေသည်။
ရုတ်တရက် လေထုထဲတွင် ဆွဲဆောင်မှုရှိသော ရနံ့တစ်ခု ပျံ့လွှင့်လာ၏။ ရိုးရှင်းသော အခန်းတစ်ခုလုံး ချက်ချင်းပင် ဆန်းကြယ်သွားသည်။ ဆန်းကြယ်သည်ဟု ပြောမည်လော ထူးဆန်းသည်ဟု ပြောမည်လော။ သေချာသည်မှာ တစ်ခုခုတော့ ပြောင်းလဲသွားလေ၏။
သို့သော် ဘာမျှ မရှိပေ။ တုပိုင် မျက်တောင်ခတ်လိုက်သည်။ ရုတ်တရက် သူ့ရှေ့တွင် အလွန်တရာ လှပခမ်းနားသော အလှပဂေးတစ်ဦး ရောက်ရှိလာသည်။
မင်းသမီးနင်းရွှဲ့ထက်ပင် ပိုမိုလှပသော အမျိုးသမီးတစ်ဦး။ ဒဏ္ဍာရီလာ မီးနတ်ဘုရား စုန်းမကြီး ၊ သေရာမှ ပြန်လည်ရှင်သန်လာသည်ဟု ဆိုကြသော လီချန်ချန်ပင်ဖြစ်လေ၏။
သူမသည် တုပိုင်ကို တစ်ကြိမ် တွေ့ဖူးသော်လည်း စကားမပြော ၊ မည်သည့်အရာမျှ မလုပ်ဘဲ ထွက်ခွာသွားခဲ့သည်။
ထို့နောက် သူမသည် လူသုံးထောင်ကို ဦးဆောင်ကာ နှစ်ရက်အတွင်း ရှားလုံရွှိုကို အနိုင်တိုက်ခဲ့သည်။
ယခု နောက်ဆုံးရသတင်းများအရ ရှားလုံရွှိုသည် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့သို့ ဝင်ရောက်သွားပြီး ဒုတိယခေါင်းဆောင် ဖြစ်လာခဲ့သည်။
ဆိုလိုသည်မှာ အန်လုံစော်ဘွားအိမ်တော်မှလွဲ၍ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့သည် လုံးဝ စည်းလုံးသွားပြီဖြစ်သည်။
ထိုအရာအားလုံးကို သူ့ရှေ့ရှိ စုန်းမကြီးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင် အကွာအဝေး အလွန်နီးကပ်နေသဖြင့် ဤအမျိုးသမီးသည် လီချန်ချန် မဟုတ်ကြောင်း တုပိုင် ပို၍ သေချာသွားသည်။
သူမသည် လီချန်ချန်ထက် ပိုလှသည်။ မျက်နှာသွင်ပြင်သာမက ခံစားချက်ပါ ကွာခြားသည်။ မျက်နှာနှင့် ခန္ဓာကိုယ်အချိုးအစား နှစ်ခုစလုံးသည် ဆန်းကြယ်သော ညှို့ဓာတ်များဖြင့် ပြည့်နှက်နေသည်။
သူမထံရှိ ဆန်းကြယ်မှုမျိုးသည် မင်းသမီးနင်းရွှဲ့နှင့် မင်းသမီးယွီကျိန်း အပါအဝင် မည်သည့်အမျိုးသမီးတွင်မျှ မရှိသောအရာ ဖြစ်သည်။ အလှတရားသည် အလွန် ဆွဲဆောင်မှုရှိပြီး လျှို့ဝှက်ဆန်းကြယ်မှုသည် အလွန် အန္တရာယ်များလှသည်။
တကယ်ကို စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သည့် အဆင့်သို့ ရောက်နေသည်။ အထူးသဖြင့် ခန္ဓာကိုယ်အကွေးအကောက်များသည် စိတ်ကူးယဉ်ဆန်မှုများဖြင့် ပြည့်နှက်နေသော မိစ္ဆာပန်းချီကားတစ်ချပ်နှင့် ပိုတူနေသည်။
သူမသည် ပြီးခဲ့သည့်အကြိမ်က တုပိုင်ကို တွေ့ဖူးပြီးပြီ ဖြစ်သည်။ ယခုတစ်ခေါက် ဘာလာလုပ်သနည်း။
သူမသည် တုပိုင်ကို လှပသော မျက်လုံးများဖြင့် နှစ်မိနစ်ခန့် စိုက်ကြည့်နေပြီးနောက် အနားသို့ လျှောက်လာကာ ကျောက်စိမ်းကဲ့သို့ လက်ချောင်းလေးများဖြင့် တုပိုင်၏ မေးစေ့ကို ညင်သာစွာ ပင့်မလိုက်သည်။
ကျောက်စိမ်းလက်ချောင်းလေးများသည် အေးစက်နေပြီး နူးညံ့ချောမွေ့ကာ မွှေးကြိုင်နေသည်။ မြေခွေးမ၏ ဖမ်းစားခြင်းကို ခံလိုက်ရပြီး သရဲတစ္ဆေ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသကဲ့သို့ တုပိုင် ရုတ်တရက် ခံစားလိုက်ရသည်။ သူမသည် စကားမပြောဘဲ မည်သည်ကိုလုပ်ချင်မှန်း မသိနိုင်ပေ။
ရုတ်တရက် မီးနတ်ဘုရား စုန်းမကြီးက စကားပြောလိုက်သည်။ ပါးစပ်ဟလိုက်သည်နှင့် ထွက်ပေါ်လာသော ရနံ့သည် ပိုမိုဆွဲဆောင်မှု ရှိနေသည်။
သို့သော် သူမပြောလိုက်သော စကားက တုပိုင်ကို တုန်လှုပ်သွားစေသည်။
“အစ်ကိုတုပိုင် ၊ ညီမလေ ဒီရက်ပိုင်း ညတိုင်း အစ်ကို့ကို အိပ်မက်မက်နေတာ။ အိပ်မပျော်နိုင်လောက်အောင်ကို နှိပ်စက်ခံနေရတာပါ”
“ဒါနဲ့ ၊ ချစ်လှစွာသော အစ်ကိုတုပိုင် ၊ အစ်ကိုက ကူးပြောင်းလာသူလားဟင်”
ချက်ချင်းပင် တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးအမျှင်များ ထောင်မတ်သွားသည်။ သို့သော် သူသည် ကြောက်ရွံ့မှုများကို လျင်မြန်စွာ ဖယ်ရှားလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ “အချစ်ကလေး ၊ မင်းလည်း ကူးပြောင်းလာသူလား”
မီးနတ်ဘုရား စုန်းမကြီးက ချွဲနွဲ့စွာ ပြောလိုက်သည်။ “ဟင့်အင်း ၊ မဟုတ်ပါဘူး”
သူမ၏ လှပသော ကျောက်စိမ်းလက်ကလေးက တုပိုင်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူမသည် ပါးစပ်လေးကို ဟကာ သူ့ပါးပြင်ကို နမ်းလိုက်ပြီး လျှာဖျားလေးဖြင့် လျက်လိုက်သည်။
ထို့နောက် သူမက ပိုမိုချွဲနွဲ့သော လေသံဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ ညီမရဲ့ သခင်ကတော့ ကူးပြောင်းလာသူ တစ်ယောက်ပါ။ ဒါပေမဲ့ သူက ရှုံးသွားပြီး ကျွမ်ပီ (ဖုတ်ကောင်) ဖြစ်သွားပြီလေ”
အပိုင်း ၃၀၂ ပြီး။