အခန်း (၃၀၃)
Vol. 31 Ch. 303
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၀၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
အင်ပါယာ အနောက်တောင်ပိုင်း၏ နံပါတ်တစ် သိုင်းပညာရှင် ၊ အပြာရောင်နဂါးဂိုဏ်း၏ ဂိုဏ်းချုပ် ကျီချင်းကျူသည် သူ၏ အချိန်အများစုကို တရားထိုင်ရင်း ကုန်ဆုံးလေ့ရှိသည်။
ဤဘဝတွင် သူတောင့်တသည့်အရာဟူ၍ မရှိသလောက်ပင်။ ဧကရာဇ်က သူ့အား ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ရာထူး ခန့်အပ်သည့် အမိန့်တော်ပြန်တမ်းကိုလည်း လွှင့်ပစ်ခဲ့သည်။
လီရူဟိုင် ကိုယ်တိုင်လာရောက်ပြီး သူ့အား အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့နှင့် အနာဂတ် မီးနတ်ဘုရားအင်ပါယာ၏ နိုင်ငံတော်ဆရာသခင်အဖြစ် ခန့်အပ်လိုသော်လည်း သူ ငြင်းပယ်ခဲ့သည်။ သူသည် သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်သည်။ ရှုပ်ထွေးပွေလီလှသည့် တာအိုဘုန်းကြီးတစ်ပါး မဟုတ်သလို ၊ သောက်ကျိုးနည်း နိုင်ငံတော်ဆရာသခင်လည်း မဟုတ်ပေ။
ပိုင်ဆယ်စီရင်စုနှင့် တာ့နင်အင်ပါယာ အနောက်တောင်ပိုင်းတစ်ခုလုံးတွင် သူ၏ သီးသန့်ရပ်တည်နိုင်သည့် အနေအထားသည် သူ၏ ကြားနေဝါဒကြောင့် ဖြစ်ကြောင်း သူ ကောင်းစွာ သိသည်။ သူသည် တာ့နင်အင်ပါယာဘက်သို့ မပါသလို ၊ လီမိသားစုဘက်သို့လည်း မလိုက်ပေ။
ဤနည်းလမ်းအတိုင်း ဆက်လက်ရပ်တည်နေသမျှ ကာလပတ်လုံး သူသည် ပိုင်ဆယ်စီရင်စု၏ ဧကရာဇ်တစ်ပါး ဖြစ်နေမည်သာ။
ယခုအချိန်တွင် ဂိုဏ်းချုပ်ကျီချင်းကျူ၌ ရည်မှန်းချက်တစ်ခုသာ ရှိသည်။ ထိုအရာမှာ သိုင်းပညာ လေ့ကျင့်မှုတွင် နောက်တစ်ဆင့် ထပ်တက်လှမ်းနိုင်ရန် ဖြစ်သည်။
အင်ပါယာ အနောက်တောင်ပိုင်း နံပါတ်တစ် သိုင်းပညာရှင်ဆိုသော ဘွဲ့ကို သူ အလွန် စိတ်ပျက်မိသည်။ အနောက်တောင်ပိုင်း နံပါတ်တစ် ဆိုသည်မှာ မည်သည့်နေရာတွင် သုံးစားရမည်နည်း။ အင်ပါယာတစ်ခုလုံး၏ နံပါတ်တစ် မဟုတ်သေးချေ။
သူ့ဘဝ၏ အမြင့်ဆုံးရည်မှန်းချက်မှာ တစ်နေ့တွင် ပေမင်ဓားဂိုဏ်းကို သွားရောက်ပြီး သွေးချောင်းစီးစေရန် ဖြစ်သည်။ အဘိုးကြီး မော့နဲ့ကို သတ်ပြီး မောက်မာနေသည့် ဂိုဏ်းအကြီးအကဲ အားလုံးကို သတ်ပစ်ရန် ဖြစ်သည်။
ပထမအချက်မှာ ဆရာသခင်အတွက် လက်စားချေရန်ဖြစ်ပြီး ၊ ဒုတိယအချက်မှာ သူ့ရင်ထဲရှိ မကျေနပ်ချက်များကို ဖြေဖျောက်ရန် ဖြစ်သည်။
သူသည် ဤရည်မှန်းချက်အတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားလာခဲ့သော်လည်း အသက်အရွယ် ရလာသည်နှင့်အမျှ ဤရည်မှန်းချက်နှင့် ပိုမိုဝေးကွာလာကြောင်း ခံစားလာရသည်။
သူ၏ သိုင်းပညာသည် လုံလောက်အောင် မြင့်မားနေပြီ ဖြစ်သည်။ လီတောက်ကျိန်းနှင့် ဖြစ်စေ ၊ လီတောက်အန်းနှင့် ဖြစ်စေ ယှဉ်ပြိုင်ရလျှင် ရှုံးနိမ့်မည် မဟုတ်ကြောင်း ယုံကြည်ချက်အပြည့် ရှိသည်။
သို့သော် ဆရာသခင်အတွက် လက်စားချေရန်နှင့် သူခိုးအိုကြီး မော့နဲ့ကို သတ်ရန်အတွက်မူ သူ၏ သိုင်းပညာသည် မလုံလောက်သေးပေ။ ပေမင်ဓားဂိုဏ်းတစ်ခုလုံးကို သတ်ဖြတ်ရန်ဆိုသည်မှာ ဝေလာဝေးပင်။
ထိုအချိန်တွင် အပြင်ဘက်မှ တပည့်ဖြစ်သူက ဒူးထောက်ရင်း ပြောလိုက်သည်။ “ဆရာသခင်… ဆရာသခင်ကြီး နင်ဇောင်ဝူက တွေ့ခွင့်တောင်းနေပါတယ်”
“မတွေ့ဘူး” ကျီချင်းကျူက ချက်ချင်း ငြင်းလိုက်သည်။
နင်ဇောင်ဝူသည် ဧကရာဇ်၏ ဆရာဖြစ်ပြီး တာ့နင်အင်ပါယာ၏ အကျိုးစီးပွားကို ကိုယ်စားပြုသူ ဖြစ်သည်။ သူနှင့် ထိတွေ့ဆက်ဆံမည် မဟုတ်ပေ။ ထိုသို့လုပ်လျှင် သူ၏ ကြားနေရပ်တည်မှုကို ထိခိုက်စေလိမ့်မည်။
အပြင်ဘက်မှ တပည့်က ဆက်ပြောသည်။ “ဆရာသခင်ကြီး နင်ဇောင်ဝူ ပြောတာကတော့ ၊ ဆရာသခင်နဲ့ ဆွေးနွေးစရာရှိတဲ့ မဟာကောင်းကင်ဓားသိုင်းနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တချို့ ရှိတယ်လို့ ပြောပါတယ်”
ရုတ်တရက် ကျီချင်းကျူ မှင်သက်သွားသည်။ မဟာကောင်းကင်ဓားသိုင်း ဆိုသည်မှာ သူ မကြာသေးမီကမှ ရရှိထားသော လျှို့ဝှက်ကျမ်းစာအုပ် ဖြစ်သည်။ ပြိုင်ဘက်ကင်း သိုင်းကျမ်းမဟုတ်သော်လည်း အလွန်ရှားပါးသော အရာဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဤဓားသိုင်းကျမ်းသည် မပြည့်စုံဘဲ အရေးအကြီးဆုံး အစိတ်အပိုင်း ပျောက်ဆုံးနေခြင်း ဖြစ်သည်။ သူသည် နေ့စဉ် တွေးတောကြံဆပြီး ဖြည့်စွက်ရန် ကြိုးစားနေသော်လည်း မအောင်မြင်သဖြင့် စိတ်ရောဂါ ရလုနီးပါး ဖြစ်နေရသည်။
ယခု နင်ဇောင်ဝူက ဤဓားသိုင်းနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည်ဟု ကြားလိုက်ရသောအခါ သူ စိတ်လှုပ်ရှားသွားမိသည်။
သူသည် သိုင်းရူး တစ်ယောက် ဖြစ်သည်။ ဤ မဟာကောင်းကင်ဓားသိုင်းသည် သူ့သိုင်းပညာကို တိုးတက်စေနိုင်မည် မဟုတ်သော်လည်း သူသည် ဤလျှို့ဝှက်ကျမ်းစာအုပ်ကို ပြည့်စုံအောင် လုပ်ချင်နေမိသည်။
“သူ့ကို ဝင်ခွင့်ပေးလိုက်” ကျီချင်းကျူ ပြောလိုက်သည်။
နင်ဇောင်ဝူ ဝင်လာသောအခါ စနစ်တကျ ဂါရဝပြုလိုက်သည်။ “အစ်ကိုကြီးကျီ”
ကျီချင်းကျူကလည်း ပြန်နှုတ်ဆက်သည်။ “အစ်ကိုနင်”
ထို့နောက် သူက ဆက်ပြောသည်။ “နှမြောစရာပဲ ၊ ကျွန်တော်က အစ်ကိုနင်နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရှာနေခဲ့တာ။ ဒီနှစ်တွေအတွင်း ခင်ဗျားနဲ့ ကျွန်တော် ဘယ်သူ့သိုင်းပညာက ပိုမြင့်မားလဲဆိုတာ သိချင်ခဲ့တာ။ ကံဆိုးစွာနဲ့ပဲ အစ်ကိုနင်က တိုင်းပြည်အတွက် သစ္စာရှိလွန်းတော့ ညာဘက်လက် ပျက်စီးသွားပြီး ကျွန်တော်နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး”
နင်ဇောင်ဝူနှင့် ကျီချင်းကျူတို့သည် ဆက်ဆံရေးကောင်းမွန်သည်မှာ ကြာပြီဖြစ်သော်လည်း တွေ့ဆုံခဲလှသည်။ ယခု ကျီချင်းကျူကို အနီးကပ် တွေ့မြင်လိုက်ရသောအခါ နင်ဇောင်ဝူ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။
“အစ်ကိုကြီးကျီကို အနောက်တောင်ပိုင်းရဲ့ နံပါတ်တစ် သိုင်းပညာရှင်လို့ ပြောကြပေမဲ့ ၊ ကျွန်တော့်အမြင်မှာတော့ အစ်ကိုကြီးကျီက အင်ပါယာအနောက်တောင်ပိုင်းရဲ့ နံပါတ်တစ် အချောဆုံးအမျိုးသား ဆိုရင် ပိုမှန်လိမ့်မယ်”
ဤကျီချင်းကျူသည် တကယ်ကို ကြည့်ကောင်းလွန်းလှပြီး နှိုင်ယှဥ်ရန် စကားလုံးပင် ပျောက်သွားရ၏။
တုပိုင်သည် ကြည့်ကောင်းသော်လည်း ယောက်ျားပီသမှု လိုအပ်နေသည်။ ကျီချင်းကျူကမူ ဓားအိမ်မှ ကျွတ်ထွက်လာသော ဓားသွားတစ်လက်ကဲ့သို့ ထက်မြက်မှုများဖြင့် ပြည့်နှက်နေပြီး မျက်နှာသွင်ပြင်သည် အလွန်တရာ ခန့်ညားလှသည်။
“အစ်ကိုနင်က နောက်နေပြန်ပြီ” ကျီချင်းကျူ ပြောလိုက်သည်။ အကယ်၍ အခြားသူတစ်ယောက်သာ ဤစကားကို ပြောပါက သူ ချက်ချင်း မျက်နှာပျက်မိမည် ဖြစ်သည်။
နင်ဇောင်ဝူသည် စာအုပ်တစ်အုပ်ကို ကမ်းပေးလိုက်ပြီး ပြောသည်။ “ဒါက ဓားသိုင်းရဲ့ မပြည့်စုံတဲ့ အစိတ်အပိုင်းပါ”
ကျီချင်းကျူသည် မစောင့်ဆိုင်းနိုင်တော့ဘဲ ယူကြည့်ချင်နေသော်လည်း စိတ်ကို ထိန်းချုပ်လိုက်ပြီး ပြောသည်။ “ခင်ဗျား ဘာကိစ္စနဲ့ လာလဲဆိုတာ အရင်ပြောပါဦး။ ကျွန်တော် မလုပ်ပေးနိုင်တဲ့ ကိစ္စဆိုရင် လက်ခံမှာ မဟုတ်ဘူး။ လက်ဆောင်ပေးပြီးမှ နောင်တရနေမှာစိုးလို့”
နင်ဇောင်ဝူက ပြောလိုက်သည်။ “အစ်ကိုကြီးကျီကို ပေးတဲ့ လက်ဆောင်က ကျွန်တော့်ရည်ရွယ်ချက်နဲ့ မဆိုင်ပါဘူး။ ဒီဓားသိုင်းကို ပြည့်စုံအောင် လုပ်နိုင်ပြီး လက်ဆင့်ကမ်းနိုင်တာက ကျွန်တော်တို့ မျိုးဆက်အတွက် ကောင်းချီးတစ်ခုပါပဲ”
ကျီချင်းကျူသည် သည်းမခံနိုင်တော့ဘဲ စာအုပ်ကို ဖွင့်ကြည့်လိုက်ရာ ရုတ်တရက် သဘောပေါက် နားလည်သွားသည်။ နောက်ဆုံးတော့ ဤဓားသိုင်း ပြည့်စုံသွားပြီဖြစ်ပြီး သူ့ရင်ထဲမှ စိတ်ဒုက္ခတစ်ခုလည်း လျော့ပါးသွားခဲ့သည်။
ထို့နောက် သူတို့နှစ်ဦးသည် မဟာကောင်းကင်ဓားသိုင်း အကြောင်းကို တစ်နာရီ ၊ နှစ်နာရီကြာ ဆွေးနွေးခဲ့ကြသည်။
နောက်ဆုံးတွင် ကျီချင်းကျူက စတင်မေးမြန်းလိုက်သည်။ “အစ်ကိုနင်မှာ ဘာကိစ္စရှိလို့လဲ”
နင်ဇောင်ဝူ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “အစ်ကိုကြီးကျီကို ဓားသိုင်းအာဏာရှင်လို့ ခေါ်ကြပြီး ဓားသိုင်းစွမ်းရည်မာ တကယ်ကို ထိပ်တန်းပါပဲ။ ကျွန်တော့်မှာ တပည့်တစ်ယောက်ရှိတယ် ၊ သူက အစ်ကိုကြီးကျီဆီမှာ ရက်နည်းနည်းလောက် ပညာလာသင်ချင်နေတယ်။ စိတ်ချပါ။ သူ့ရဲ့ ပါရမီက ပြိုင်ဘက်ကင်းလောက်အောင် မြင့်မားပါတယ်။ အစ်ကိုကြီးကျီကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် တစ်ရက်ပဲ ဆရာဖြစ်ဖူးရင်တောင် တစ်သက်လုံး ဖခင်လို သဘောထားမှာပါ။ ဒီလို ကျေးဇူးတရားကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
ကျီချင်းကျူက ပြောလိုက်သည်။ “ခင်ဗျားရဲ့ အဲဒီတပည့်က ပိုင်ဆယ်စီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ တပ်မှူးငယ်အသစ် တုပိုင် မဟုတ်လား”
နင်ဇောင်ဝူက ပြောသည်။ “အစ်ကိုကြီးကျီကို ဘာမှ ဖုံးကွယ်ထားလို့ မရပါလား။ ကျွန်တော့်တပည့်ရဲ့ ပါရမီက လုံးဝ ပြိုင်ဘက်ကင်းပါပဲ ၊ ခင်ဗျားသမီး ကျီပြောင်ပြောင်ထက်တောင် သာလွန်ပါသေးတယ်”
“မဖြစ်နိုင်ဘူး” ကျီချင်းကျူက ငြင်းလိုက်သည်။ “ငါ့သမီး ပြောင်ပြောင်က ဆရာသခင်ကြီးအဆင့်ကို ရောက်တော့မှာ။ ဒီတစ်ခါ မြေအောက်လိုဏ်ဂူအနက်ပိုင်းကို သွားပြီး ပြန်လာရင် ဆရာသခင်ကြီးအဆင့်ကို ချိုးဖျက်နိုင်လောက်တယ်။ သူက ဒီနှစ်မှ ၂၉ နှစ်ပဲ ရှိသေးတာ။ ပြောင်ပြောင်ထက် သာတဲ့သူ ငါ မတွေ့ဖူးသေးဘူး”
နင်ဇောင်ဝူ စိတ်ထဲတွင် ဝမ်းသာသွားပြီး ပြောလိုက်သည်။ “မယုံရင် တုပိုင်ကို ခေါ်လာပြီး ပြခိုင်းလို့ ရပါတယ်။ ခင်ဗျား အံ့အားသင့်သွားစေရမယ်လို့ ကျွန်တော် အာမခံတယ်။ ခင်ဗျားသမီးလေး ကျီပြောင်ပြောင်ထက် သာလွန်မှာ သေချာပါတယ်”
ကျီချင်းကျူက ပြုံးပြီး ပြောလိုက်သည်။ “အစ်ကိုနင် ၊ ကျွန်တော့်စိတ်ကို မခံချင်အောင် ဆွဲပီးတော့ စိန်ခေါ်တဲ့ နည်းလမ်းတွေ သုံးပြီး မပင်ပန်းပါနဲ့တော့။ မဖြစ်နိုင်ပါဘူး”
နင်ဇောင်ဝူက ခါးသီးသော မျက်နှာထားဖြင့် ပြောသည်။ “တကယ် မဖြစ်နိုင်ဘူးလားဗျာ။ တုပိုင်ကို ရက်နည်းနည်းလောက်ပဲ သိုင်းပညာ သင်ပေးရုံလေးပါ”
ကျီချင်းကျူက ပြတ်ပြတ်သားသား ပြောသည်။ “ကျွန်တော် ပြောပြီးပြီလေ ၊ ကျွန်တော်က တာ့နင်အင်ပါယာနဲ့ လီမိသားစုကြားမှာ လုံးဝ ကြားနေပဲ။ ဘယ်ဘက်ကိုမှ မျက်နှာသာ မပေးဘူး။ သူ့ကို တပည့်အဖြစ် ရက်နည်းနည်း လက်ခံဖို့ မပြောနဲ့ ၊ သူ့ကို ကျွန်တော့်အိမ်တော်ထဲ ပေးဝင်ရင်တောင် ကျွန်တော်က တာ့နင်အင်ပါယာနဲ့ မဟာမိတ်ဖြစ်သွားပြီလို့ အဓိပ္ပာယ်က အတူတူပဲ ဖြစ်သွားမယ်။ ဒီဘဝမှာ တာ့နင်အင်ပါယာနဲ့ ဘယ်လို ပတ်သက်မှုမှ မရှိစေရဘူးလို့ ဆုံးဖြတ်ထားတယ်။ အစ်ကိုနင်က လက်ဖက်ရည်သောက်ပြီး စကားစမြည် ဆက်ပြောချင်ရင် ပြောလို့ရတယ်။ ဒီကိစ္စကိုပဲ ဆက်ပြောချင်ရင်တော့ ကျေးဇူးပြုပြီး ပြန်ပါတော့”
ကျီချင်းကျူ၏ သဘောထားသည် အလွန် တင်းမာပြီး လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။
နင်ဇောင်ဝူသည် တုပိုင်အတွက် စိတ်ပူနေသဖြင့် နှုတ်ဆက်ပြီး ပြန်ချင်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသည် ဒီခရီးစဉ်အတွက် သိပ်မျှော်လင့်မထားခဲ့ဘဲ အခြေအနေ လာကြည့်ရုံသာ ဖြစ်သည်။
ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။
“လီတောက်အန်း ၊ လီရူကျစ် တို့က ဆရာသခင်ကြီးကျီကို လာရောက် ဂါရဝပြုပါတယ်”
သောက်ကျိုးနည်းမြန်ဆန်လှ၏။ နင်ဇောင်ဝင်ရောက်လာသည်မှာ တစ်နာရီကျော်သာရှိသေးသော်လည်း သကောင့်သားနှစ်ယောက်က မစောင့်နိုင်တော့ပဲ ရောက်ချလာကြသည်။
“မတွေ့ဘူး” ကျီချင်းကျူက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
ထို့နောက် သူက နင်ဇောင်ဝူကို ပြောလိုက်သည်။ “အစ်ကိုနင် ၊ နေပါဦးဗျာ။ လက်ဖက်ရည် နှစ်ခွက်လောက် ဆက်သောက်ကြတာပေါ့”
သူသည် တုပိုင်ကို လက်ခံရန် သဘောမတူသော်လည်း နင်ဇောင်ဝူကို ဆက်နေစေခြင်းဖြင့် လီမိသားစုနှင့် ပေမင်ဓားဂိုဏ်းအပေါ် သူ၏ တင်းမာသော သဘောထားကို ပြသလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် နင်ဇောင်ဝူ ပြန်ထိုင်လိုက်သည်။
**--**--**--**--**--**--**--**
တုပိုင်သည် မီးနတ်ဘုရား စုန်းမကြီး လီဝမ်ဝမ်၏ အနမ်းကို ခံလိုက်ရပြီးနောက် တစ်ကိုယ်လုံး တုန်ခါသွားကာ နှလုံးခုန် ရပ်မတတ် ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သွားကဲ့သို့ အတည်ကြီး ခံစားလိုက်ရသည်။
ဤသည်က ထင်ယောင်ထင်မှား ဖြစ်ခြင်း မဟုတ်ပေ။ တကယ်ကို အားနည်းသော လျှပ်စစ်စီးကြောင်းတစ်ခု ခန္ဓာကိုယ်ထဲ ဖြတ်စီးသွားခြင်း ဖြစ်သည်။
ဤမိန်းမသည် မိစ္ဆာမ ဖြစ်လေသလော။ ထို့ထက်ပို၍ တုပိုင်ကို တုန်လှုပ်ခြောက်ခြားသွားစေသည်မှာ သူမ၏ နှုတ်မှ ထွက်ကျလာသော စကားလုံးများပင် ဖြစ်သည်။ သူမ၏ ဆရာသခင်သည် အိပ်မက်စနစ်၏ အိမ်ရှင်ဟောင်း ဖြစ်ခဲ့ဖူးသည်တဲ့လား။ ကူးပြောင်းလာသူ တစ်ယောက် ဖြစ်ခဲ့ဖူးသည်တဲ့လား။ ဤသတင်းစကားသည် အမှန်တကယ်ပင် ကောင်းကင်ပြိုကျမတတ် ပြင်းထန်လွန်းလှသည်။
ရင်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်ထားရင်း တုပိုင် ပြုံးကာ ပြောလိုက်သည်။ “အစ်မလှလှလေး ၊ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော့်ကို တွေ့တုန်းက ဘာလို့ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတာလဲ။ ကျွန်တော့်ကို မသတ်တဲ့အပြင် ဘာလို့ ဒီနေ့ကျမှ ဒီလောက် ကြင်နာနေရတာလဲ။ တွေ့တာနဲ့တောင် နမ်းလိုက်သေးတယ်။ အဲဒီနေ့တုန်းကတော့ သွေးအေးနေပြီး ဒီနေ့ကျမှ ဘာလို့ ဒီလောက် အရှက်မရှိ ဖြစ်နေရတာလဲ”
“ခိခိ” လီဝမ်ဝမ်က သဘောကျစွာ ရယ်မောလိုက်ရာ ပန်းပွင့်လေးများ တုန်ခါသွားသကဲ့သို့ ဖြစ်သွားသည်။
ရုတ်တရက် အခန်းတစ်ခုလုံး ပန်းများ ဝေဆာသွားသကဲ့သို့ ဖြစ်သွားပြီး ဖမ်းစားညှို့ယူနိုင်သော ရနံ့များဖြင့် ပိုမို ပြည့်နှက်သွားလေသည်။
အပိုင်း ၃၀၃ ပြီး။