အခန်း (၃၀၇)
Vol. 31 Ch. 307
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၀၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
“ဟုတ်ပါတယ်… မင်းက အာရှီ မဟုတ်ပါဘူး။ အဲဒီခဏလေးမှာ မင်းဆီက ရတဲ့ အနံ့အသက်က သူနဲ့ အတူတူပဲ ဆိုပေမဲ့ သူက မင်းထက် အများကြီး ပိုပြီး တည်ငြိမ်အေးချမ်းတယ်။ သူ့အနားမှာ ရှိရင် လေတွေ ၊ တိမ်တွေ ၊ ရေတွေကို မြင်နေရသလိုပဲ။ သူ မသေခင်မှာ ကျွန်မလို သနားစရာကောင်းတဲ့ မိန်းမတစ်ယောက်ကို သတိရခဲ့တယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး”
တုပိုင်က ပြောလိုက်သည်။
“သူ သတိရခဲ့ပါတယ်။ သူ ကျွန်တော့်ကို ပေးခဲ့တဲ့ မှတ်ဉာဏ်တွေထဲက အများကြီးက အစ်မ အကြောင်းတွေပါ။ အစ်မတို့ ဥယျာဉ်ထဲမှာ လမ်းလျှောက်ခဲ့တာ ၊ မြစ်ကမ်းဘေးမှာ လမ်းလျှောက်ခဲ့တာ ၊ တောင်ထိပ်ပေါ်မှာ ကြယ်တွေ ကြည့်ခဲ့တာ ၊ စစ်တုရင် ကစားခဲ့တာတွေပေါ့။ နောက်ဆုံးမှာတော့ လရောင်အောက်မှာ သူ အစ်မကို နာကျင်စွာနဲ့ ထားခဲပါတယ်”
တုပိုင်၏ စကားများကြောင့် သွေးစုပ်မိစ္ဆာ၏ အကြည့်များမှာ ပိုမိုနူးညံ့ချိုသာလာခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်များစွာက လှပသော အချိန်များဆီသို့ ပြန်ရောင်သွားသည့်အလား ရှိနေလေ၏။ သူမက တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။
“တော်ပါပြီ… တော်ပါပြီ။ ကျွန်မဘဝရဲ့ အဲဒီ နှစ်လတာ အချိန်လေးကတင် လုံလောက်ပါပြီ ၊ အချိန်တွေ အလဟသ ဖြစ်မသွားတော့ဘူး”
တုပိုင်က မေးလိုက်သည်။
“စီနီယာ… အစ်မက အရင်မျိုးဆက်ရဲ့ မိုစော်ဘွား မိုယင် မဟုတ်လား”
သွေးစုပ်မိစ္ဆာက ဝန်ခံလိုက်သည်။
“ဟုတ်ပါတယ်… ကျွန်မပါပဲ”
တုပိုင်က ထပ်မေးလိုက်သည်။
“အစ်မကို ဘာလို့ ဒီမှာ ပိတ်လှောင်ထားတာလဲ ၊ လီမိသားစုက ဘာလို့ အစ်မကို ဒီမှာ ထားခဲ့ရတာလဲ”
သွေးစုပ်မိစ္ဆာ မိုယင်က ဖြေလိုက်သည်။
“မဟုတ်ဘူး… မင်း မှားနေပြီ။ လီမိသားစုက ငါ့ကို ဒီမှာ ပိတ်လှောင်ထားတာ မဟုတ်ဘူး ၊ ငါ့ရဲ့ ခင်ပွန်းက ငါ့ကို ဒီမှာ ပိတ်လှောင်ထားတာ။ အဲဒီ မြွေဆိုး… ရည်မှန်းချက်ကြီးတဲ့ မြွေဆိုးက ပိတ်လှောင်ထားတာ”
ရုတ်တရက် တုပိုင် ထိတ်လန့်သွားရသည်။ သူ တကယ် မထင်မှတ်ထားခဲ့ချေ။ သို့သော် မိုမိသားစု ပုန်ကန်စဉ်က အမြင့်ဆုံး စစ်ဦးစီးချုပ်မှာ ကန်ထော် ဖြစ်သည်မှာ အမှန်ဖြစ်၏။
တုပိုင်က မေးလိုက်၏။
“ဒါဆို သူက အစ်မကို နှိပ်စက်ဖို့ ဒီမှာ ပိတ်လှောင်ထားတာလား”
မိုယင်က ရှင်းပြလိုက်သည်။
“သူက ငါ့ကို မုန်းလို့ ၊ ငါ့ရဲ့ စိတ်ထဲမှာ တခြားလူတစ်ယောက် ရှိနေတာကို မုန်းလို့ပေါ့။ ဒါ့အပြင် ငါ့ကို မဖယ်ရှားနိုင်ရင် သူ အာဏာရမှာ မဟုတ်ဘူး။ သူ ပုန်ကန်ခဲ့တဲ့ အဓိက အကြောင်းရင်းက မိုမိသားစုကို ကန်မိသားစုအဖြစ် ပြောင်းလဲပစ်ချင်လို့ပဲ”
တုပိုင်က ပြောလိုက်သည်။
“သူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သေသွားပါပြီ ၊ သူ့ရဲ့ ရည်မှန်းချက်တွေလည်း အကုန်ပျက်စီးသွားပါပြီ။ ဒါဆို သူက ဘာလို့ အစ်မကို အလွယ်တကူ သတ်မပစ်ခဲ့တာလဲ”
မိစ္ဆာမက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“သူ သေသွားပေမဲ့ မိုမိသားစု တစ်ခုလုံးကိုပါ အသုဘထဲ ဆွဲသွင်းသွားခဲ့တာ။ သူ ငါ့ကို မသတ်တာက မိုမိသားစုရဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ ရတနာတွေကို ရချင်လို့ပဲ”
တုပိုင်က မေးလိုက်သည်။
“ရတနာလား ၊ အဲဒီထဲမှာ ဘာတွေ ရှိလို့လဲ”
မိုယင်က ဖြေလိုက်သည်။
“ငါလည်း မသိဘူး ၊ ဘိုးဘွားတွေက လက်ဆင့်ကမ်းခဲ့တာ။ ဒါပေမဲ့ ဒီရတနာက အဲဒီတုန်းက မိုမိသားစု ပိုင်ဆိုင်ခဲ့တဲ့ ရွှေငွေတွေ အားလုံးထက် ပိုတန်ဖိုးရှိတယ်လို့ အမြဲ အပြောရှိခဲ့တယ်။ ဘိုးဘွားတွေက မှာခဲ့တာက မိုမိသားစု လုံးဝ ပျက်စီးသွားပြီး မျိုးသုဉ်းတော့မယ့် အခြေအနေ ရောက်မှသာ သားမြေးတွေက ဒီရတနာကို ဖွင့်ပြီး ပြန်လည် အားကောင်းလာအောင် လုပ်နိုင်မယ်တဲ့”
ရုတ်တရက် တုပိုင် အလွန် စိတ်ဝင်စားသွားရသည်။ ဤမိုမိသားစု ရတနာမှာ အဘယ်နည်း။ ပျက်စီးသွားသော မိသားစုတစ်ခုကို ပြန်လည် ထူထောင်နိုင်စွမ်း ရှိသည်အထိ လျှို့ဝှက်ချက်များ ရှိနေသည်လော။ တကယ်ကို ထူးဆန်းလှပေသည်။
သို့သော် မိုမိသားစု၏ ဘိုးဘွားများမှာ အလွန် ထင်ရှားသူများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီက မိုမိသားစုမှာ အန်နမ်နိုင်ငံ၏ တော်ဝင်မိသားစု ဖြစ်ခဲ့ပြီး နှစ်ပေါင်း တစ်ရာကျော် စိုးစံခဲ့ကြသည်။ ရက်စက်ကြမ်းကြုတ်သော ဘုရင်အချို့ကြောင့်သာ ယခုလက်ရှိ လီမိသားစုနှင့် အစားထိုးခံခဲ့ရခြင်း ဖြစ်သည်။
မိုမိသားစု၏ အကြွင်းအကျန် အုပ်စုတစ်စုသည် အန်နမ်နိုင်ငံ၏ မြောက်ဘက်သို့ ဆုတ်ခွာလာခဲ့ပြီး နယ်မြေတစ်ခုကို သိမ်းပိုက်ခဲ့ကြသည်။ တာ့နင်အင်ပါယာက အလယ်ပိုင်းဒေသကို စုစည်းပြီးနောက် မိုမိသားစုသည် တာ့နင်အင်ပါယာအပေါ် သစ္စာခံခဲ့ပြီး အင်ပါယာ၏ စော်ဘွားတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ကောလာဟလများအရ မိုမိသားစု၏ ရတနာမှာ မခန့်မှန်းနိုင်လောက်အောင် များပြားလှသော ရွှေငွေများ ဖြစ်သည်ဟု ဆိုကြသည်။ အချို့ကမူ မရေမတွက်နိုင်သော လျှို့ဝှက်လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ ရှိသည်ဟု ဆိုကြသည်။ အချို့ကမူ လောကတွင် မရှိတော့သော သိုင်းကျမ်းများ ရှိသည်ဟု ဆိုကြပြန်သည်။ သို့သော် အချုပ်အားဖြင့်ဆိုသော် မိုမိသားစု လုံးဝ ပျက်စီးသွားမှသာ ဤရတနာကို ဖွင့်နိုင်ပြီး မိုမိသားစု ပြန်လည် ထွန်းကားလာမည်ဟု ဘိုးဘွားစဉ်ဆက် မှာကြားခဲ့ခြင်း ဖြစ်ပေသည်။
လီမိသားစုသည် မိုယင်ကို မသတ်ဘဲ ဆက်လက် မွေးမြူထားခဲ့ခြင်းမှာ သူမထံမှ ရတနာ၏ လျှို့ဝှက်ချက်ကို ရယူလိုသောကြောင့်ပင် ဖြစ်လေ၏။
“အာရှီ သေသွားပြီဆိုတော့ ကျွန်မလည်း ဒီလောကကြီးမှာ ဆက်နေစရာ မလိုတော့ဘူး”
ယခင်မျိုးဆက်၏ မိုစော်ဘွား မိုယင်သည် သူမဘာသာ ရေရွတ်လိုက်သည်။ သို့သော် သူမ သေသွားလျှင် မိုမိသားစု ရတနာ၏ လျှို့ဝှက်ချက်မှာ လုံးဝ ပြတ်တောက်သွားမည် ဖြစ်ပြီး မိုမိသားစု ပြန်လည် ထူထောင်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။
မိုယင်က မေးလိုက်သည်။
“မိုမိသားစုဝင်တွေ အသက်ရှင်ကျန်သေးလား”
တုပိုင်က ပြန်ဖြေလိုက်သည်။
“မိုမိသားစု မပျက်စီးခင်က လူတစ်စုက လျှို့ဝှက် ထွက်ခွာသွားပြီး ပျံနှံ့သွားတယ်လို့ ကြားပါတယ်။ ဒါကြောင့် အသက်ရှင်ကျန်သူတွေ ရှိနေပါသေးတယ်။ အခု ပိုင်ဆယ်စီရင်စုမှာတောင် မိုမိသားစုဝင်ဟောင်းတွေက မြေအောက်ဂိုဏ်းတစ်ခုကို တည်ထောင်ထားပြီး လှုပ်ရှားနေကြတယ် ၊ အမည်ကတော့ အကြွင်းအကျန် သွေးဂိုဏ်ပါပဲ”
မိုယင်သည် တုပိုင်၏ မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။
“ခွေးလှောင်အိမ်သခင်ဟာ ငါ့ဘဝရဲ့ တစ်ဦးတည်းသော အချစ်ဦးပါ။ သူ့ကို ငါ ကောင်းကောင်း သိတယ် ၊ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ယောင်္ကျားတစ်ယောက်ပဲ။ ကလေးလေး… သူက မင်းကို သူ့ရဲ့ အမွေဆက်ခံသူအဖြစ် ရွေးချယ်ခဲ့တယ်ဆိုတော့ ငါ မင်းကို ယုံကြည်လို့ ရမလား”
တုပိုင် ခဏမျှ စဉ်းစားပြီးနောက် ဖြေလိုက်သည်။
“ရပါတယ်… ရပါတယ်”
တုပိုင်၏ ထူးခြားချက်တစ်ခုမှာ သူ လိမ်ညာနေချိန်တွင် အမြဲတမ်း တည်တည်ငြိမ်ငြိမ်နှင့် ယုံကြည်မှု ရှိနေတတ်ပြီး အမှန်အတိုင်း ပြောသည့်အခါတွင်မူ ရှောင်ဖယ်ရှောင်ဖယ် လုပ်တတ်ခြင်း ဖြစ်သည်။
သွေးစုပ်မိစ္ဆာ မိုယင်သည် တုပိုင်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
“ကလေးလေး… မင်းဟာ တကယ်ပဲ ယုံကြည်ထိုက်သူတစ်ယောက်ပဲ”
တုပိုင် လန့်သွားရသည်။ ‘ကျွန်တော် ယုံကြည်ထိုက်တာကို ကျွန်တော်တောင် မသိဘူး ၊ အစ်မက ဘယ်လိုလုပ် သိတာလဲ’
အချို့သော သူများသည် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ပြီးနောက် လူအကဲခတ်ရာတွင် အလွန် တိကျလှပေသည်။ မိုယင်က ဆက်ပြောလိုက်သည်။
“အချို့လူတွေဟာ အမှန်အတိုင်း ပြောတဲ့အခါ စိတ်မချရသလို ဖြစ်နေတတ်ပေမဲ့ လိမ်ပြောတဲ့အခါကျရင်တော့ ပြတ်သားနေတတ်ကြတယ်။ ဒါ့အပြင် ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ငါ မကြာခင် သေတော့မယ်။ ဒီရတနာရဲ့ လျှို့ဝှက်ချက်ကို ငါနဲ့အတူ မြေကြီးထဲ ယူမသွားနိုင်သလို မိုမိသားစုရဲ့ မျှော်လင့်ချက်ကိုလည်း မဖြတ်တောက်နိုင်ဘူး။ ဒါကြောင့် ငါ မင်းကို ယုံကြည်ဖို့ပဲ ရွေးချယ်လိုက်တော့မယ်”
“ကလေးလေး… ငါ မင်းကို ဒီရတနာရဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ် ၊ မိုမိသားစုရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို မင်းဆီမှာ အပ်နှံခဲ့ပါမယ်”
တုပိုင်က မေးလိုက်သည်။
“ကျွန်တော့်ကို ကျိန်ဆိုခိုင်းဖို့ လိုသလား”
မိုယင်က ဖြေလိုက်သည်။
“မလိုပါဘူး။ ကမ္ဘာပေါ်မှာ အသုံးမဝင်ဆုံးအရာက ကျိန်ဆိုခြင်းပဲ”
“မင်း မီးဟွန်းလောင်ဆိုတဲ့ နေရာကို သွားပါ ၊ အာယဲ့ဆိုတဲ့ လူတစ်ယောက်ကို ရှာပြီး လက်စွပ် လာယူတယ်လို့ ပြောလိုက်ပါ။ အဲဒီလက်စွပ်ဟာ မိုမိသားစု အရှင်သခင်ရဲ့ လက်စွပ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က အန်နမ်ဘုရင်ကနေ မျိုးဆက်အလိုက် လက်ဆင့်ကမ်းခဲ့တဲ့ ဘုရင်အမိန့် လက်စွပ်ပဲ။ အဲဒီလက်စွပ်ကို ငါ့ရဲ့အစုတ်ပလုပ်ခင်ပွန်းနဲ့ လီရူဟိုင်တို့က အမြဲတမ်း မက်မောခဲ့ကြတာ”
မိုယင်က ဆက်ပြောသည်။
“လက်စွပ်ထဲမှာ ငါတို့ မိုမိသားစု ရတနာရဲ့ လျှို့ဝှက်ချက်တွေ ရှိနေပြီး မိုမိသားစု ပြန်လည် ထူထောင်နိုင်မယ့် မျှော်လင့်ချက်တွေ ပါဝင်တယ်”
တုပိုင်က မေးလိုက်သည်။
“ကျွန်တော် အဲဒီလက်စွပ်ကို တိုက်ရိုက် သွားယူရုံပဲလား။ ဘာလျှို့ဝှက်စကားမှ ပြောစရာ မလိုဘူးလား”
မိုယင်က ဖြေလိုက်သည်။
“လျှို့ဝှက်စကားကတော့… အာယဲ့… မင်း ၁၁ နှစ်သားတုန်းက အိပ်ရာထဲ ဆီးသွားတဲ့အကြောင်းကို ငါ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူးတဲ့”
‘အင်း…။’ တုပိုင် ခဏတာလောက် ဆွံ့အသွားရသည်။
“မှတ်မိပြီလား”
“မှတ်မိပါပြီ”
မိုယင်က ပြောလိုက်သည်။
“ဒါဆို ငါတို့ မိုမိသားစုရဲ့ ရတနာတွေနဲ့ အနာဂတ်အားလုံးကို မင်းဆီမှာ အပ်နှံခဲ့ပါပြီ”
ထို့နောက် မိုယင် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ငါ သေတော့မယ်။ ငါ့ရဲ့ လက်ခြေတွေ ပြတ်တောက်နေပေမဲ့ ဒန်တျန်ထဲက ကျင့်ကြံမှုအဆင့်ကတော့ ဆရာသခင်အဆင့်မှာ ရှိနေဆဲပဲ။ ငါ့ရဲ့ ဒန်တျန်အားတွေကို ထုတ်လွှတ်ပြီး သေဆုံးချင်တယ်။ မင်း အဲဒီမှာ ရှိနေတုန်း မင်း စုပ်ယူနိုင်သလောက် စုပ်ယူလိုက်ပါ”
တုပိုင် စကားမပြောနိုင်တော့ချေ။ ယခင်မျိုးဆက်၏ မိုစော်ဘွား ၊ ဆရာသခင်အဆင့်ရှိသော မိုယင်သည် မျက်လုံးများကို မှိတ်လိုက်လေတော့သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှာ တစ်လက်မချင်းစီ ကွဲအက်လာသည်။
သူမ၏ ဒန်တျန်အတွင်းမှ စစ်မှန်သော ရွှမ်းချီစွမ်းအင်များသည် ရုတ်တရက်ဆိုသလို ရေကြီးသကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာလေ၏။ တုပိုင်သည် ကိုးယန်ကျမ်းရင်းသိုင်းကျင့်စဉ်ကို အစွမ်းကုန် လည်ပတ်လိုက်သည်။ ဒန်တျန်အတွင်းရှိ အတွင်းအား ဝဲကတော့သည် ထိုစွမ်းအင်များကို အငမ်းမရ စုပ်ယူတော့သည်။
အတွင်းသို့ စီးဝင်လာသော အတွင်းအား ရွှမ်းချီများသည် အလွန်ပြင်းထန်ပြီး အားကောင်းလှသဖြင့် တုပိုင်၏ အရေပြားများပင် ကွဲအက်ကာ သွေးများ ထွက်လာလေ၏။
“ဘုန်းးးး”
တုပိုင်၏ ဒန်တျန်အတွင်းရှိ အတွင်းအားများမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ကျင့်ကြံမှုအဆင့်မှာ တိုက်ရိုက်ပင် အဆင့်တစ်ခု မြင့်တက်သွားလေသည်။ ဤအချိန်တွင် ကိုးယန်ကျမ်းရင်း သည် ရူးသွပ်နေဆဲဖြစ်ပြီး မိုစော်ဘွားထံမှ ထွက်ပေါ်လာသော အတွင်းအားများကို ဆက်လက် စုပ်ယူနေသည်။
အဆုံးမဲ့သော ရွှမ်းချီအတွင်းအားများမှာ တုပိုင်၏ ဒန်တျန်ထဲသို့ ဆက်လက် စီးဝင်နေပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း တဟုန်ထိုး မြင့်တက်နေလေ၏။ တစ်ချိန်တည်းမှာပင် တုပိုင်၏ စိတ်ထဲ၌ ထူးဆန်းသော အလင်းတန်းများ ထပ်မံ လင်းလက်လာပြန်သည်။
“အရေးပေါ် မစ်ရှင် စတင်ပြီ - ကျီချင်းကျူ၏ သမီး ကျီပြောင်ပြောင်ကို ကယ်တင်ရန်”
“မိနစ် ၄၅ အတွင်း ကျီပြောင်ပြောင်၏ အသက်ကို ကယ်တင်ပါ။ အချိန်ကျော်လွန်သွားပါက ကျီပြောင်ပြောင်မှာ အသက်ဆုံးရှုံးရမည်ဖြစ်ပြီး ၊ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း ရယူမည့် မစ်ရှင်မှာလည်း လုံးဝ ကျရှုံးသွားမည် ဖြစ်သည်။ ထို့အပြင် စနစ်ရှင်သည် ပိုင်ဆယ်စီရင်စုကို သိမ်းပိုက်မည့် မစ်ရှင်ကိုလည်း လုံးဝ ကျရှုံးသွားပေလိမ့်မည်။”
“မစ်ရှင် အောင်မြင်မှုအတွက် ဆုလာဘ် - ပိုင်ဆယ်စီရင်စု၏ နံပါတ်တစ် အလှပဂေး ၊ ကျီပြောင်ပြောင်၏ နှစ်သက်မှု ၅၀ တိုးလာမည် ၊ ကျီပြောင်ပြောင်နှင့် လက်ထပ်ရမည့် မစ်ရှင် ၅၀ ရာခိုင်နှုန်း ပြီးမြောက်မည် ၊ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း မစ်ရှင် ၃၀ ရာခိုင်နှုန်း ပြီးမြောက်မည်။”
ထူးဆန်းသောအလင်းတန်းက ပြောလိုက်သည်။
“ကျီပြောင်ပြောင်ကို ကယ်တင်မည့် မစ်ရှင် ကျရှုံးသွားပါက… မစ်ရှင် တစ်ခုလုံးလည်း လုံးဝ ကျရှုံးသွားနိုင်သည်”
တုပိုင်၏ စိတ်ထဲတွင် ထိတ်လန့်သွားရသည်။
“လခွမ်းတဲ့မှ ၊ ဘာလို့ ကြိုမပြောထားတာလဲဟ”
အလင်းတန်းက ပြန်ဖြေလိုက်သည်။
“ဒီကမ္ဘာကြီးဟာ ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူး။ အချို့အရာတွေဟာ ရုတ်တရက် ဖြစ်ပျက်တတ်ပါတယ်။ သူအခု မီတာ သောင်းနဲ့ချီ ဝေးကွာတဲ့ လျှို့ဝှက်တွင်းတစ်ခုထဲမှာ ရောက်နေတာ”
“မိုစော်ဘွားဆီက အတွင်းအားတွေကို ဆက်ပြီး စုပ်ယူလိုက်ပါ ၊ မိနစ်အနည်းငယ်အတွင်း ပြီးဆုံးပါလိမ့်မယ်။ မင်းရဲ့ သိုင်းပညာကို အစွန်းကုန် မြှင့်တင်ပြီးရင် ကျီပြောင်ပြောင်ကို သွားကယ်ပါ။ မြန်မြန်… မြန်မြန်… မြန်မြန်”
အခြေအနေများမှာ ရုတ်တရက်ဆိုသလို အလွန် အရေးတကြီး ဖြစ်သွားလေ၏။
အပိုင်း ၃၀၇ ပြီး