အခန်း (၃၀၈)
Vol. 31 Ch. 308
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၀၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ဆရာသခင်အဆင့်ရှိသော ပညာရှင် မိုယင်၏ သိုင်းပညာစွန့်လွှတ်ကာ အားအကုန်ထုတ်ပေးနေမှုမှာ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်လေ၏။ တုပိုင်၏ ဒန်တျန်အတွင်းရှိ ရွှမ်းချီဝဲကတော့မှာလည်း ထိုစွမ်းအားများကို အငမ်းမရ ဝါးမြိုနေဆဲပင်။
တစ်မိနစ် ၊ နှစ်မိနစ် ၊ သုံးမိနစ် ၊ နောက်ဆုံးအချိန်သို့ ရောက်ရှိလာ၏။ စော်ဘွားမိုယင်က သူမ၏ နောက်ဆုံးစကားကို ရေရွတ်လိုက်သည်။
“ကလေးလေး… ငါတို့ မိုမိသားစုရဲ့ အနာဂတ်ကို မင်းဆီမှာ အပ်နှံလိုက်ပြီ။ ငါ့ရဲ့ မိုမိသားစုမျိုးဆက်တွေကိုလည်း စောင့်ရှောက်ပေးမယ်လို့ မျှော်လင့်ပါတယ်”
ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်မှာ လုံးဝဥဿုံ ပျက်စီးသွားလေ၏။ သူမ၏ ဒန်တျန်မှာလည်း လုံးဝ ပေါက်ကွဲထွက်သွားတော့သည်။ အတွင်းရှိ ရွှမ်းချီစွမ်းအားလုံးမှာ လေထုထဲသို့ ပျံ့နှံ့သွားလေရာ တုပိုင်သည်လည်း ထိုစွမ်းအားများကို တရစပ် စုပ်ယူလိုက်သည်။
နှစ်မိနစ်ခန့် ကြာပြီးနောက်တွင် စုပ်ယူမှုမှာ ပြီးဆုံးသွားသည်။ ဤနေရာရှိ ရွှမ်းချီစွမ်းအားများမှာ ပြင်ပထက် အဆပေါင်းတစ်ရာမက သိပ်သည်းနေဆဲဖြစ်သော်လည်း တုပိုင်အနေဖြင့် ဆက်လက်ပြီး စုပ်ယူလျှင်လည်း အချိန်တိုအတွင်း ထပ်မံပြီး အဆင့်တတ်ရန်မူ မဖြစ်နိုင်တော့ချေ။ အချိန်မှာလည်း မရှိတော့ရာ သူသည် ကျီပြောင်ပြောင်ကို ကယ်တင်ရန် အမြန်ဆုံး သွားရပေတော့မည်။
မြေပြင်ပေါ်သို့ ပြန်ကျလာသော တုပိုင်သည် ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးကို မှိတ်ပြီး နောက်ဆုံးအဆင့်သို့ တက်လှမ်းရန် အားထုတ်လိုက်သည်။
“ဘုန်းးးး”
“ဘုန်းးးး”
“ဘုန်းးးး”
သူ၏ ဒန်တျန်အတွင်းရှိ ရွှမ်းချီများသည် အကြိမ်ကြိမ် ပေါက်ကွဲသွားပြီး အဆင့်တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာလေ၏။ သတ္တမအဆင့်၏ အလယ်အလတ် ၊ သတ္တမအဆင့်၏ အထက်ပိုင်း ၊ ဆဠမအဆင့်၏ အောက်ပိုင်း ၊ နောက်ဆုံးတွင် သူ၏ ကျင့်ကြံမှုအဆင့်မှာ ဆဠမအဆင့်တွင် တည်ငြိမ်သွားလေတော့သည်။
ဆရာသခင်အဆင့်ရှိသော ပညာရှင်တစ်ဦး အားအကုန်ထုတ်ပေးလိုက်သည့် ရွှမ်းချီစွမ်းအင်မှာ အလွန်ပင် အံ့မခန်းလှပေသည်။ သို့သော် အများစုမှာ လေထုထဲသို့ ပျံ့လွင့်သွားပြီး တုပိုင်က အနည်းငယ်မျှကိုသာ စုပ်ယူနိုင်ခဲ့၏။
ဤသည်မှာပင် တုပိုင်၏ ကိုးယန်ကျမ်းရင်း မှာ အလွန်အစွမ်းထက်နေ၍ ဖြစ်ပေသည်။ အခြားသူသာဆိုလျှင် ဤကဲ့သို့ ပေါက်ကွဲထွက်လာသော စွမ်းအင်များကို စုပ်ယူလျှင်ပင် အများဆုံး ခြောက်လစာ ကျင့်ကြံမှုလောက်သာ ရရှိပေလိမ့်မည်။ သူ၏ ကိုးယန်ကျမ်းရင်းမှာမူ ဒန်တျန်အတွင်း၌ ရွှမ်းချီဝဲကတော့ကို ဖြစ်ပေါ်စေရာ ရေစုပ်စက်ကဲ့သို့ပင် တရစပ် စုပ်ယူနိုင်ခြင်း ဖြစ်သည်။
မိနစ်အနည်းငယ်အတွင်း အဆင့်သုံးဆင့်အထိ ကျော်ဖြတ်နိုင်ခြင်းမှာ တကယ့်ကို တုန်လှုပ်ဖွယ်ရာပင်။ နင်းရွှဲ့ကဲ့သို့ ပါရမီရှင်တစ်ဦးပင်လျှင် သတ္တမအဆင့်မှ ဆဠမအဆင့်သို့ တက်လှမ်းရန် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူခဲ့ရလေ၏။ ထန်ယန်မှာလည်း အလွန်တော်လှသူဖြစ်သော်လည်း သတ္တမအဆင့်မှ ဆဠမအဆင့်သို့ ရောက်ရန် နှစ်နှစ်နီးပါး ကြာမြင့်ခဲ့သည်။
သို့သော် တုပိုင်မှာမူ ထိုဝမ်းမြောက်မှုများကို ခံစားနေရန် အချိန်မရှိချေ။ အဆင့်တက်ခြင်းနှင့် သွေးကြောများ ပြောင်းလဲခြင်း ပြီးဆုံးသွားသည်နှင့် သူသည် ထလိုက်ပြီး ပျက်စီးသွားသော မိုယင်၏ ရုပ်ကြွင်းများကို ဦးညွှတ်လိုက်သည်။
တုပိုင်က ပြောလိုက်သည်။ “စီနီယာမိုယင် ၊ ကျွန်တော် မိုမိသားစုရဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အစွမ်းကုန် စောင့်ရှောက်ပါ့မယ် ၊ ကျွန်တော့်ရဲ့ ဦးဆောင်မှုအောက်မှာ မိုမိသားစု ပြန်လည် ထွန်းကားလာအောင်လည်း အစွမ်းကုန် ကြိုးစားပါ့မယ်”
ထိုအခိုက်တွင် တုပိုင်၏ စိတ်ထဲ၌ ထူးဆန်းသော အလင်းတန်းမှာ လင်းလက်လာပြန်သည်။
“သွေးစုပ်မိစ္ဆာ မစ်ရှင် အောင်မြင်စွာ ပြီးဆုံးပါပြီ ၊ စစ်သည်တော် တစ်သိန်း မစ်ရှင်၏ ပထမအဆင့် အောင်မြင်သွားပါပြီ။”
“မိုမိသားစု အရှင်သခင် လက်စွပ်ရှိရာ နေရာကို သိရှိသွားပြီဖြစ်ပြီး ၊ မိုမိသားစု လျှို့ဝှက်ရတနာ မစ်ရှင်ကို စတင်နိုင်ပါပြီ။”
“စနစ်ရှင် တုပိုင်၏ ကျင့်ကြံမှုအဆင့်မှာ ဆဠမအဆင့်သို့ တက်လှမ်းသွားပါပြီ။”
“ကျီပြောင်ပြောင်ကို ကယ်တင်ရမည့် မစ်ရှင် တရားဝင် စတင်ပါပြီ”
တုပိုင်သည် အမြန်ဆုံး တရားထိုင်ကာ အိပ်မက်စနစ်နှင့် ဆက်သွယ်လိုက်သည်။ တုပိုင်က မေးလိုက်သည်။
“ငါ နိုးနေတဲ့အချိန်မှာ မင်းနဲ့ ဘယ်တော့ ဆက်သွယ်လို့ ရမလဲ”
ထူးဆန်းသောအလင်းတန်းက ဖြေလိုက်သည်။
“မင်းရဲ့ စိတ်စွမ်းအား မလုံလောက်သေးဘူး။ မင်းရဲ့ စိတ်စွမ်းအားက ၇၀ အထိ မြင့်တက်လာတဲ့အခါ မင်းနဲ့ ငါ အမြဲတမ်း ဆက်သွယ်နိုင်လိမ့်မယ်”
တုပိုင်က ပြောလိုက်သည်။
“ကျီပြောင်ပြောင် ဘယ်မှာလဲ ၊ ဘယ်နေရာမှာလဲ”
ထူးဆန်းသောအလင်းတန်းက ရှင်းပြလိုက်သည်။
“သူက မင်းနဲ့ မီတာ ၂၉,၀၀၀ ဝေးတဲ့ နေရာမှာ ရှိနေတယ်။ ဒါပေမဲ့ ဒီတွင်းနက်ကြီးက ဝင်္ကပါတစ်ခုလိုပဲ ၊ လမ်းမှားဖို့ အရမ်းလွယ်တယ်။ မင်းရဲ့ စိတ်ထဲမှာ လမ်းကြောင်းကို မှတ်သားပေးပြီး အနီးဆုံးလမ်းကို ညွှန်ပြပေးမယ်”
ကျီပြောင်ပြောင်ရှိရာသို့ အနီးဆုံးလမ်းကြောင်းမှာ တုပိုင်၏ စိတ်ထဲ၌ ပေါ်လာလေသည်။
“မစ်ရှင် စတင်ပါပြီ ၊ ၃၈ မိနစ် အချိန်ရေတွက်မှု စတင်ပါပြီ”
တုပိုင်သည် သတိပြန်ဝင်လာသည်နှင့် သူ၏ စိတ်ထဲ၌ မှတ်သားထားသော အနီးဆုံးလမ်းကြောင်းအတိုင်း ကျီပြောင်ပြောင်ရှိရာသို့ အပြင်းအထန် ပြေးတော့သည်။ ဤတွင်းနက်ကြီးမှာ တကယ့်ကို ဝင်္ကပါတစ်ခုဖြစ်၏။ အကယ်၍ အိပ်မက်စနစ်သာ လမ်းညွှန်မပြလျှင် တုပိုင်တစ်ယောက် အစိမ်းရောင်ဆံပင်ဖြင့် ဓားသမားလို သေချာပေါက် လမ်းပျောက်ပေလိမ့်မည်။ ထို့အပြင် မြေပြင်အနေအထားမှာလည်း ချောက်ကမ်းပါးများ ၊ ရေအိုင်များနှင့် အလွန်ရှုပ်ထွေးလှပေရာ ရက်အနည်းငယ် ကြာလျှင်ပင် သူမကို တွေ့နိုင်ရန် ခဲယဉ်းလှသည်။
တုပိုင်သည် အချိန်နှင့်အမျှ အပြိုင်လုကာ အစွမ်းကုန် ပြေးလွှားနေသည်။ အချိန်ရေတွက်မှုမှာ ၃၅ မိနစ် ၊ ၂၅ မိနစ် ၊ ၁၅ မိနစ် နှင့် ၁၀ မိနစ်သို့ ရောက်ရှိလာလေ၏။
**--**--**--**--**--**--**--**
ထိုအခိုက် နက်နဲဆန်းကြယ်သော တွင်းနက်ကြီး တစ်ခု၏ အတွင်းပိုင်းတွင် ကျီချင်းကျူ၏ သမီးဖြစ်သူ ကျီပြောင်ပြောင်သည် ဤတွင်းနက်ကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် ကျင့်ကြံနေသည်မှာ လပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သည်။ ကမ္ဘာမြေကြီး အက်ကွဲမှုကြောင့် တွင်းနက်များစွာ ပေါ်လာပြီး ထူးဆန်းသော သားရဲများစွာ ထွက်ပေါ်လာသည်။ ဤနေရာမှာ အလွန်အန္တရာယ်များသော နေရာဖြစ်ရာ သတ္တိအရှိဆုံးနှင့် စွမ်းအားအရှိဆုံး သိုင်းပညာရှင်များသာလျှင် စွန့်စားကျင့်ကြံရန် လာရဲကြခြင်း ဖြစ်ပေသည်။
လပေါင်းများစွာ ကျင့်ကြံပြီးနောက်တွင် ကျီပြောင်ပြောင်သည် နောက်ဆုံး၌ အရေးအကြီးဆုံး အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူမသည် ဆရာသခင်အဆင့်သို့ တက်လှမ်းတော့မည် ဖြစ်လေ၏။
အသက် ၆ နှစ်အရွယ်ကတည်းက သိုင်းပညာကို စတင်ကျင့်ကြံသည်မှာ ၂၆ နှစ်တိုင်ပြီဖြစ်ရာ ယခုအခါတွင် သူမသည် ဆရာသခင်အဆင့်သို့ ချိုးဖောက် တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ကြီးကျယ်ခမ်းနားသော အချိန်ပင် ဖြစ်လေ၏။ ယခုမှစ၍ အပြာရောင်နဂါးဂိုဏ်းတွင် ဖခင်ဖြစ်သူ မဟာဆရာသခင်ကြီးနှင့် သမီးဖြစ်သူ ဆရာသခင်ဟူ၍ ဆရာသခင်အဆင့်ရှိသော ပညာရှင်နှစ်ဦး ရှိလာတော့မည် ဖြစ်သည်။
အင်ပါယာတစ်ခုလုံးတွင် အသက် ၃၀ မတိုင်မီ ဆရာသခင်အဆင့်သို့ ရောက်ရှိသူမှာ အလွန်ပင် နည်းပါးလှပေသည်။ သူမ၏ ဖခင် ကျီချင်းကျူပင်လျှင် အသက် ၃၇ နှစ်မှ ဆရာသခင်အဆင့်သို့ ရောက်ပြီး ၄၅ နှစ်မှ မဟာဆရာသခင်ကြီးအဆင့်သို့ ရောက်ခြင်း ဖြစ်သည်။ အင်ပါယာရှိ အမျိုးသမီးများထဲတွင် သူမထက် သိုင်းပါရမီ ထူးချွန်သူမှာ လက်ချိုးရေတွက်၍ ရလေ၏။
ထျန်တောက်အဖွဲ့မှ နတ်မိမယ်မှာ တစ်ဦးအပါအဝင် ဖြစ်သည်။ သူမသည် ယခုနှစ်တွင် ၂၇ နှစ်သာ ရှိသေးသော်လည်း ဆရာသခင်အဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ အင်ပါယာ၏ မင်းသမီးနင်းရွှဲ့မှာလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး သူမသည် အသက် ၂၃ နှစ်သာ ရှိသေးသော်လည်း ပထမအဆင့်ဆရာသခင်အဆင့်သို့ ရောက်ရှိပြီး ဖြစ်လေသည်။
ကျီပြောင်ပြောင်က စိတ်ထဲကနေ ရေရွတ်လိုက်သည်။
“အဖေ အခုကစပြီး ကျွန်မ အဖေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေထမ်းဆောင်ပေးနိုင်ပြီ”
“အဖေ အခုကစပြီး အဖေက သိုင်းပညာကိုပဲ အာရုံစိုက် ကျင့်ကြံပါတော့ ၊ အပြာရောင်နဂါးဂိုဏ်းကို ကျွန်မ တာဝန်ယူပါ့မယ်”
သူမ သိသည်မှာ သူမ၏ ဖခင် ကျီချင်းကျူ၏ တစ်ခုတည်းသော ဆန္ဒမှာ သိုင်းပညာကို နောက်တစ်ဆင့် တက်လှမ်းရန် ၊ ဒဏ္ဍာရီလာ နယ်ပယ်သို့ ရောက်ရှိရန်နှင့် သူ၏ဆရာအတွက် ကလဲ့စားချေရန် ပေမင်ဓားဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ရန်သာ ဖြစ်ပေသည်။ ယေဘုယျအားဖြင့် အင်အားကြီးသော ဂိုဏ်းတစ်ခုသည် ဆရာသခင်အဆင့်ရှိသော ပညာရှင်တစ်ဦး လိုအပ်လှပေသည်။
သူမသည် ယခုနှစ်တွင် ၂၉ နှစ် ရှိပြီဖြစ်သော်လည်း အိမ်ထောင်မရှိသေးချေ။ သူမကိုယ်တိုင်မှလွဲ၍ ကျန်ရှိသော သူအားလုံးမှာ သူမအတွက် စိုးရိမ်နေကြလေ၏။ အချို့သော အမျိုးသမီးများအတွက် ယောင်္ကျားဆန်သော အမူအရာမှာ ယောင်္ကျားများလာကပ်ရန်မှ အကာအကွယ်တစ်ခုသာ ဖြစ်သော်လည်း သူမ ကျီပြောင်ပြောင်မှာမူ ထိုသို့ မဟုတ်ချေ။ သူမတွင် ကြံ့ခိုင်သော ရုပ်ရည် ၊ ပို၍ ကြံ့ခိုင်သော နှလုံးသားနှင့် သံမဏိကဲ့သို့ ပြတ်သားသော စိတ်ဓာတ် ရှိပေသည်။
သူမသည် ကျား ၊ မ ဆက်ဆံရေးကို တောင့်တခြင်း မရှိရုံသာမက ၊ စက်ဆုပ်ရွံရှာမိပြီး အချိန်ဖြုန်းတီးခြင်းဟုပင် ခံယူထားလေ၏။ အချို့က သူမကို အင်ပါယာ အနောက်တောင်ပိုင်း၏ အလှပဂေး လေးဦးထဲမှ တစ်ဦးဖြစ်ပြီး ဆွဲဆောင်မှု အရှိဆုံးဟု ဆိုကြသော်လည်း သူမကိုယ်သူမ အမျိုးသမီးတစ်ဦးဟု မခံယူဘဲ ကျား ၊ မ မခွဲခြားသော သူတစ်ဦးအဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်ပေသည်။ သူမသည် တစ်သက်လုံး အိမ်ထောင်မပြုရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်လေ၏။ အပြာရောင်နဂါးဂိုဏ်း၏ အနာဂတ်မျိုးဆက်အတွက်မူ သိုင်းပါရမီ အလွန်မြင့်မားသော ကလေးတစ်ဦးကို မွေးစားကာ သား သို့မဟုတ် သမီးအဖြစ် လေ့ကျင့်ပေးရန်သာ တွေးထားလေသည်။
ယခုအခါတွင် သူမ၏ ဒန်တျန်မှာ စတင် လှုပ်ရှားလာပြီ ဖြစ်သည်။ ကြီးကျယ်သော အချိန်မှာ မကြာခင် ရောက်ရှိလာတော့မည် ဖြစ်ပေ၏။ ဒန်တျန်အတွင်းရှိ ရွှမ်းချီများသည် ပေါက်ကွဲထွက်လာတော့မည်ဖြစ်ပြီး တစ်ကိုယ်လုံးမှာ နိဗ္ဗာန်စံဝင်ခြင်းကဲ့သို့ ပြောင်းလဲတော့မည် ဖြစ်လေသည်။
“ဘုန်းးးး”
နောက်ဆုံးတွင် နောက်ဆုံးသော ရွှမ်းချီများ စီးဝင်လာမှုနှင့်အတူ ကျီပြောင်ပြောင်၏ ဒန်တျန်ရှိ ရွှမ်းချီများမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ဒန်တျန်တစ်ခုလုံးကို အသစ်ပြန်လည် ပုံဖော်လိုက်လေတော့သည်။ ဤအခိုက်အတန့်မှစ၍ ကျီပြောင်ပြောင်သည် ကမ္ဘာပေါ်ရှိ သိုင်းပညာ၏ ထိပ်တန်းနယ်ပယ်ဖြစ်သော ဆရာသခင်အဆင့်ရှိသော ပညာရှင်တစ်ဦး ဖြစ်လာပြီ ဖြစ်လေ၏။
နောက်ထပ်မှာမူ အရေးအကြီးဆုံး အချိန်ပင် ဖြစ်သည်။ ဒန်တျန်နှင့် သွေးကြောများကို ပြန်လည်ပုံဖော်သည့် ဖြစ်စဉ်မှာ နာရီဝက်ကျော် ကြာမြင့်ပေလိမ့်မည်။ ဤဖြစ်စဉ်အတွင်း အနှောင့်အယှက် မဖြစ်စေရန် အလွန်အရေးကြီးလှပေသည် ၊ မဟုတ်ပါက သွေးကြောများ ပျက်စီးကာ အပြင်းအထန် ဒဏ်ရာရသွားနိုင်လေ၏။ သူမ၏ ကျင့်ကြံမှုမှာ အလွန်မြင့်မားလှသဖြင့် ဤဖြစ်စဉ်မှာ နာရီဝက်ခန့် ကြာမြင့်မည် ဖြစ်သော်လည်း စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်သိုင်းပညာရှင်ဆိုလျှင် မိနစ်အနည်းငယ်အတွင်း ပြီးဆုံးပေလိမ့်မည်။
ဤတွင်းနက်ကြီး၏ အနက်ရှိုင်းဆုံးနေရာရှိ ထူးဆန်းသော သားရဲအားလုံးကို သူမက နှိမ်နင်း သုတ်သင်ပြီးဖြစ်ရာ မည်သည့် သက်ရှိမျှ မရှိတော့ဘဲ ကမ္ဘာပေါ်တွင် အတိတ်ဆိတ်ဆုံး နေရာတစ်ခု ဖြစ်နေလေ၏။ ကျီပြောင်ပြောင်သည် တွင်းနက်ကြီး၏ အနက်ပိုင်းတွင် ထိုင်ကာ သူမ၏ အတွင်းအားများဖြင့် ဒန်တျန်ကို ပြောင်းလဲစေလိုက်သည်။ ဒန်တျန်ပြောင်းလဲခြင်း ပြီးဆုံးသွားပြီ ဖြစ်ရာ နောက်ထပ်အဆင့်မှာ သွေးကြောများကို ပြောင်းလဲရန် ဖြစ်လေသည်။
သို့သော် ထိုအချိန်တွင် မလှမ်းမကမ်းမှ ခြေသံများကို ကြားလိုက်ရလေ၏။ ကျီပြောင်ပြောင်၏ နှလုံးခုန်သံများမှာ အဆက်မပြတ် မြန်ဆန်လာပြီး သူမကို တွေ့မသွားပါစေနှင့်ဟု တိတ်တဆိတ် ဆုတောင်းနေမိသည်။ ဤအချိန်တွင် ကျီပြောင်ပြောင်မှာ အားအနည်းဆုံး အချိန်ဖြစ်သလို အရေးအကြီးဆုံး အချိန်လည်း ဖြစ်ပေသည် ၊ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးက အနှောင့်အယှက် ပေးလိုက်သည်နှင့် ယခင်က အားထုတ်သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားမည် ဖြစ်သောကြောင့်ပင်ဖြစ်၏။
သို့သော် သူမ၏ ကံကြမ္မာမှာမူ အလွန်ပင် ဆိုးရွားလှပေသည်။ ထိုလူအနည်းငယ်မှာ သူမရှိရာသို့ တိုက်ရိုက်ပင် လျှောက်လှမ်းလာကြလေ၏။ ဤနေရာမှာ အလွန်ပင် မှောင်မိုက်လှပြီး ထူးခြားသော သတ္တုရိုင်းအချို့၏ ဖျော့တော့သော အလင်းရောင်မှလွဲ၍ မည်သည့်အလင်းမျှ မရှိချေ။ သို့သော် ကျီပြောင်ပြောင်၏ ပုံစံမှာမူ အလွန်ပင် ထူးခြားလှပေသည်။
သူမကို မည်သို့ ဖော်ပြရမည်နည်း။ ကျားသစ်မိန်းမလှလေး ၊ သို့မဟုတ် နဂါးမယ်လေးဟု ဆိုရပေမည်။ သူမသည် အလွန်လှပသော်လည်း နဂါးတစ်ကောင်ကဲ့သို့ပင် အားအင်များ ပြည့်နှက်နေလေ၏။ သူမကဲ့သို့ အားအင်များ ပြည့်နှက်နေသော ကြွက်သားများဖြင့် အမျိုးသမီး ခန္ဓာကိုယ်မျိုးကို တွေ့ရခဲလှပေသည်။
သူမသည် အရပ် ၆ ပေနီးပါး မြင့်မားပြီး ပေါက်ကွဲထွက်တော့မည့် အားအင်များ ပြည့်နှက်နေသော အလွန်ရှည်လျားသည့် ခြေတံနှစ်ဖက် ရှိပေသည်။ သူမ၏ ရူးသွပ်လုနီးပါး သိုင်းကျင့်စဉ်များကြောင့် သူမ၏ ရင်သားများမှာ အလွန်အမင်း ကြီးမားခြင်း မရှိသော်လည်း တည်ငြိမ်လှပသော ပုံသဏ္ဌာန်မှာမူ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ခါးနှင့် တင်ပါးများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ တင်ပါးများမှာ အလွန်အမင်း ဆူဖြိုးခြင်း မရှိသော်လည်း စွဲမက်ဖွယ်ကောင်းသော အချိုးအစားရှိပြီး မြွေတစ်ကောင်ကဲ့သို့ သွယ်လျသော ခါးကြောင့် သူမတင်ပါး၏ အလှမှာ ပို၍ သိသာထင်ရှားနေလေ၏။
ဤကဲ့သို့သော အားအင်နှင့် ဆွဲဆောင်မှု ပြည့်နှက်နေသည့် မိန်းမလှ ကျားသစ် ခန္ဓာကိုယ်မျိုးမှာ တကယ်ကို ရှားပါးလှပေသည်။ ထို့ကြောင့် ဤနေရာတွင် မှောင်မိုက်နေသော်လည်း အားလုံးက သူမကို တစ်ချက်ကြည့်လိုက်ရုံနှင့် မှတ်မိသွားကြလေ၏။
“ကျီပြောင်ပြောင်”
အပိုင်း ၃၀၈ ပြီး။