အခန်း (၃၀၉)
Vol. 31 Ch. 309
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၀၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
မျက်နှာချင်းဆိုင်ရှိ လူ၏မျက်နှာအမူအရာမှာ အလွန်ပင် အံ့အားသင့်နေပုံရပြီး စိတ်လှုပ်ရှားမှု နှင့် မိစ္ဆာဆန်သော အငွေ့အသက်များ ပြည့်နှက်နေလေ၏။
ကျီပြောင်ပြောင်၏ မျက်နှာအမူအရာသည်တော့ ခွေးချေးနင်းမိလိုက်သလို ရှုံမဲ့သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သူမ ကြားလိုက်ရသည့် အသံမှာ အလွန်ပင် ယုတ်မာသော ၊ သူမကြောင့် ဒဏ်ရာရခဲ့ဖူးသဖြင့် သူမအပေါ် အမုန်းတရားများ ပြည့်နှက်နေသည့် မဟာဓားဂိုဏ်းမှ ဂိုဏ်းချုပ်၏သားဖြစ်သူ ယွဲ့လီပင် ဖြစ်လေသည်။
မဟာဓားဂိုဏ်းမှာ တုန်းချွမ်းရှိ အင်အားအကြီးဆုံး သိုင်းဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး ဂိုဏ်းချုပ် ယွဲ့ရှန်း မှာ စိချွမ်းသိုင်းလောက၏ ခေတ်ဦးခေါင်းဆောင်တစ်ဦးဖြစ်ကာ အင်ပါယာ အနောက်တောင်ပိုင်းတွင် ထိပ်တန်း ငါးဦးစာရင်းဝင် ပညာရှင်တစ်ဦး ဖြစ်သည်။
ယွဲ့ရှန်းမှာ သိုင်းလောက၏ သူရဲကောင်းတစ်ဦး ဖြစ်သော်လည်း သူ၏သား ယွဲ့လီမှာမူ အလွန်ပင် ယုတ်မာသော လူယုတ်မာတစ်ဦးဖြစ်ကာ မရေမတွက်နိုင်သော အမျိုးသမီးများ၏ စင်ကြယ်မှုကို ဖျက်ဆီးခဲ့သူ ဖြစ်လေ၏။ သူ၏ နာမည်ဂုဏ်သတင်းမှာ တိမ်တိုက်အောက်က မိစ္ဆာသခင်ထက်ပင် ပို၍ ဆိုးရွားလှပေသည်။
ကျီပြောင်ပြောင်ကို စတွေ့ကတည်းက သူသည် နတ်မိမယ်တစ်ပါးကဲ့သို့ ကိုးကွယ်ကာ ရူးသွပ်စွာ လိုက်လံပိုးပန်းခဲ့ဖူးသည်။ ယွဲ့ရှန်းနှင့် ကျီချင်းကျူတို့မှာ မိတ်ဆွေများ ဖြစ်ကြသဖြင့် ကျီပြောင်ပြောင်မှာ ငြင်းပယ်ရုံသာ ပြုလုပ်ခဲ့ပြီး ခဲ့ချေ။ သို့သော် တစ်ကြိမ်တွင်မူ ထိုလူယုတ်မာသည် သူမ သောက်မည့် လက်ဖက်ရည်ထဲသို့ ကာမစိတ်ကြွဆေးအချို့ ထည့်ခဲ့လေသည်။
ထိုအခါ ဒေါသထွက်သွားသော ကျီပြောင်ပြောင်သည် သကောင့်သားအား တီးလေတော့၏။ ထိုအချိန်တုန်းက ယွဲ့လီမှာ အသက် ၂၈ နှစ်သာ ရှိသေးပြီး တတိယအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် အလွန်ပင် အစွမ်းထက်သော်လည်း ကျီပြောင်ပြောင်၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။ သူမသည် သူ၏ ခြေထောက်နှစ်ဖက်ကို တိုက်ရိုက် ရိုက်ချိုးလိုက်ပြီးနောက် မဟာဓားဂိုဏ်း၏ အကြီးအကဲ ယွမ်ချီ က သူ့ကို လာရောက် ကယ်တင်သွားခြင်း ဖြစ်သည်။
ထိုလူယုတ်မာသည် သူ၏ ဒဏ်ရာများကို ကုသရန် တုန်းချွမ်းသို့ ပြန်သွားသည်မှာ နှစ်နှစ်ခန့် ကြာပြီ ဖြစ်သည်။ ယခုကဲ့သို့ အချိန်မျိုးတွင် ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ဤသည်မှာ ရန်သူချင်း လမ်းကျဉ်းကျဉ်းတွင် ဆုံခြင်းမဟုတ်ဘဲ ကံကြမ္မာ၏ ဆိုးယုတ်လှသော ကျိန်စာပင် ဖြစ်တော့သည်။
“ဟားဟားဟား ၊ ကောင်းကင်ကြီးမှာ မျက်လုံးရှိပေတယ် ၊ ကောင်းကင်ဘုံက ငါ့ကို ကျီပြောင်ပြောင်နဲ့ ဒီမှာ ဆုံခွင့်ပေးလိုက်ပြီ”
“ပြီးခဲ့တဲ့အကြိမ်က မင်း ငါ့ရဲ့ ခြေထောက်နဲ့ လက်တွေကို ရိုက်ချိုးခဲ့တာကို ငါ ဘယ်တော့မှ မမေ့ဘူး။ မင်းကို ရက်ရက်စက်စက် ကလဲ့စားချေမယ်လို့ ငါ ကျိန်ဆိုခဲ့တယ်။ အရင်ဆုံး မင်းကို စော်ကားမယ် ၊ ပြီးမှ သတ်ပစ်မယ်”
“ဒါပေမဲ့ ဒီလို လှပတဲ့ကိစ္စမျိုးကို ငါ့အိပ်မက်ထဲမှာပဲ တွေးနိုင်ခဲ့တာ။ ဒီနေ့မှာ တကယ်ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး”
“မင်း ဘာလို့ အဲဒီမှာ မလှုပ်မယှက် ထိုင်နေတာလဲ။ အော်… ငါ သိပြီ။ မင်းက ဆရာသခင်နယ်ပယ်ကို ချိုးဖောက်ဖို့ ကြိုးစားနေတာပဲ။ မင်း အခု ရပ်လို့လည်း မရသလို ၊ အနှောင့်အယှက်လည်း အဖြစ်မခံနိုင်ဘူး”
“ဒီအချိန်မှာ မင်းကို ဘယ်သူမဆို သတ်လို့ ရတယ်”
“အသက် ၂၉ နှစ်မှာတင် ဆရာသခင်အဆင့်ကို ရောက်တော့မယ်ပေါ့… တကယ့်ကို ရှက်စရာကောင်းလိုက်တာ။ မင်းလို ခွန်အားကြီးတဲ့ အမျိုးသမီးက ဘာလုပ်ဖို့လဲ။ ငါ့ရဲ့ ဇနီးအဖြစ်နဲ့ ငါ့သားကို ပြုစုပျိုးထောင်ပြီး ဇနီးကောင်း ၊ မိခင်ကောင်း တစ်ယောက်ပဲ လုပ်သင့်တာ။ အခုတော့ ကောင်းပြီ ၊ ငါ့ရဲ့ ဖျက်ဆီးမှုကို ခံရပြီးမှ သေရတော့မယ်”
“ဒါက တစ်သက်မှာ တစ်ခါပဲ ရမယ့် အခွင့်အရေးပဲ။ တစ်ယောက်ယောက် သွားပြီး သူရဲ့ လက်သွေးကြောတွေကို ဖြတ် ၊ ခြေထောက်တွေကို ဖိထားလိုက်ကြ။ ငါကိုယ်တိုင် သူရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပေးမယ်။ သနားစရာပဲ ၊ အသက် ၂၉ နှစ်အထိ ယောင်္ကျားတစ်ယောက်ရဲ့ အရသာကို မသိသေးဘူး”
“လုပ်ကြစမ်း”
ချက်ချင်းပင် မဟာဓားဂိုဏ်းမှ စစ်သည်နှစ်ဦး ရှေ့သို့ တိုးလာပြီး ကျီပြောင်ပြောင်၏ လက်သွေးကြောများကို ဖြတ်ရန် ဓားမြှောင်များကို ထုတ်လိုက်ကြသည်။
“ရွှီးးးးး”
ဓားအလင်းတန်းတစ်ခု လင်းလက်သွားလေ၏။ ထိုစစ်သည်နှစ်ဦးမှာ ဓားချီကြောင့် ခန္ဓာကိုယ်များ ပြတ်တောက်ကာ လဲကျသွားတော့သည်။
ကျီပြောင်ပြောင်မှာ တကယ့်ကို ပြတ်သားသူဖြစ်၏။ သူမသည် မည်သည့် ဝေခွဲနေမှုမျှ မရှိဘဲ သူမ၏ သွေးကြောများ ပြောင်းလဲခြင်းဖြစ်စဉ်ကို ရပ်တန့်လိုက်ကာ ဆရာသခင်အဆင့်သို့ တက်လှမ်းမည့် အခွင့်အရေးကို စွန့်လွှတ်ပြီး ထိုသူများကို တိုက်ရိုက် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ယွဲ့လီမှာ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် ကျီပြောင်ပြောင်သည် မြေပြင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော်လည်း သူမ၏ လက်ထဲရှိ ဓားရှည်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး ယွဲ့လီကို တိုက်ရိုက် သတ်ရန် ဦးတည်လိုက်သည်။
ယွဲ့လီသည် အမြန်ဆုံး အရှိန်ဖြင့် လူတစ်ယောက်ကို ဆွဲယူကာ ကာကွယ်လိုက်ရ၏။
“ဖူးးးး” ကျီပြောင်ပြောင်၏ ဓားမှာ ထိုလူကို တိုက်ရိုက် ထိုးဖောက်သွားပြီး သူ၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားစေသည်။ ယွဲ့လီ၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်များမှာ ကြောက်စိတ်ကြောင့် ထောင်ထသွားလေ၏။ အနည်းငယ်မျှလောက် နောက်ကျသွားပါက သူ သေသွားနိုင်ပေသည်။
ထိုအခိုက်တွင် ကျီပြောင်ပြောင်၏ ကြွက်သားများနှင့် အတွင်းအင်္ဂါများမှာ ရွှမ်းချီများ၏ ပြင်းထန်သော နောက်ပြန်ရိုက်ခတ်မှုကို ခံလိုက်ရပြီး ပါးစပ်မှ သွေးတစ်လုတ် အန်ထုတ်လိုက်ရလေ၏။
“ဟားဟားဟား…” ယွဲ့လီက ရယ်မောကာ ပြောလိုက်သည်။ “သူရဲ့ ကျင့်စဥ်ဖောက်ပြန်သွားပြီ ၊ သူကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်ကြ။ ပြီးရင် သူကို မသတ်ခင် အကြိမ်တစ်ရာလောက် စော်ကားပစ်မယ်” ဤကမ္ဘာပေါ်တွင် စစ်မှန်သော လူယုတ်မာဟူ၍ အနည်းငယ်သာ ရှိသော်လည်း ယခု ယွဲ့လီမှာ ထိုလူများထဲမှ တစ်ဦးပင် ဖြစ်သည်။
ချက်ချင်းပင် မဟာဓားဂိုဏ်းမှ စစ်သည်လေးဦး ရှေ့သို့ တိုးလာပြီး ကျီပြောင်ပြောင်၏ လက်မောင်းများကို ဓားဖြင့် ထိုးရန် ပြင်လိုက်ကြသည်။ ကျီပြောင်ပြောင်မှာ ယခုအချိန်တွင် လုံးဝ မလှုပ်ရှားနိုင်တော့ချေ ၊ မဟုတ်ပါက သူမ၏ အသက်မှာ ချက်ချင်းပင် ဆုံးရှုံးသွားနိုင်ပေသည်။
သူမသည် သွားကို တင်းတင်းကြိတ်ကာ လက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်သည်။
“ဘုန်းးးး”
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ထိုစစ်သည်လေးဦးမှာ သူမ၏ အတွင်းအားကြောင့် မီတာ ဒါဇင်နှင့်ချီ လွင့်ထွက်သွားပြီး အတွင်းအင်္ဂါများ ကြေမွကာ လေထဲတွင်ပင် သေဆုံးသွားကြသည်။ ထို့နောက် ကျီပြောင်ပြောင်မှာ နောက်ထပ် သွေးတစ်လုတ် ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။ သူမသည် မတ်မတ်ပင် မထိုင်နိုင်တော့ချေ။
ယွဲ့လီမှာ လုံးဝကို မှင်တက်သွားတော့သည်။ ဤအမျိုးသမီးမှာ အလွန်ပင် ခွန်အားကြီးလွန်းလှပေသည် ၊ သူမသည် ဒဏ်ရာအပြင်းအထန် ရနေချိန်တွင်ပင် စတုတ္ထအဆင့် သိုင်းပညာရှင်များကို သတ်ဖြတ်နိုင်နေဆဲ ဖြစ်သည်။
ထိုအချိန်တွင် ဘေးနားရှိ အဘိုးအိုတစ်ဦးက ပြောလိုက်သည်။ “သခင်လေး ၊ သူ ဒီတစ်ကြိမ်မှာ တကယ်ကို မရတော့ပါဘူး။ အခု သခင်လေး ရှေ့တိုးသွားရင် ကြိုက်တာ လုပ်လို့ ရပါပြီ”
ဤသူမှာ မဟာဓားဂိုဏ်း၏ အကြီးအကဲ ယွမ်ချီ ဖြစ်ပြီး အဆင့်မြင့် ပထမအဆင့် ဆရာသခင်တစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်များက ကျီပြောင်ပြောင်ကို တိုက်ထုတ်ပြီး ယွဲ့လီကို ကယ်တင်ခဲ့သူမှာလည်း သူပင် ဖြစ်သည်။
ယွဲ့လီက ရူးသွပ်စွာ ရယ်မောလိုက်သည်။ “ကျီပြောင်ပြောင် ၊ မင်းရဲ့ အိပ်မက်ဆိုးလေး ဖြစ်လာတော့မယ်။ မင်းကို သေချင်စိတ် ပေါက်လာအောင် ငါ လုပ်ပြမယ် ၊ မင်း အသက်ရှင်လို့လည်း မရစေရဘူး ၊ သေလို့လည်း မရစေရဘူး ၊ ဟားဟားဟားဟား” ထို့နောက် သူသည် အဝတ်အစားများကို ချွတ်ကာ ကျီပြောင်ပြောင်ရှိရာသို့ လျှောက်သွားတော့သည်။
ကျီပြောင်ပြောင်မှာမူ လုံးဝကို မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။ ဆရာသခင်အဆင့်သို့ တက်လှမ်းမည့် ကြီးကျယ်သော အချိန်မှာ ကံကြမ္မာ၏ ဆိုးယုတ်မှုကြောင့် ပျက်စီးသွားရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ တကယ်ကို မကျေနပ်နိုင်ချေ။
တတိယအဆင့် သိုင်းပညာရှင် ယွဲ့လီကို ရင်ဆိုင်ရန် သူမတွင် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိတော့ချေ။ လူ့လောက၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် အရှက်ခွဲမှုများကို ခံယူရင်း သေဆုံးရတော့မည်လား။
‘မဟုတ်ဘူး ၊ မရဘူး။’
တစ်ကိုယ်လုံး ကြေမွသွားပါစေဦးတော့ ၊ ကျီပြောင်ပြောင်သည် အရှက်အကွဲမခံနိုင်ချေ။ သူမသည် နောက်ဆုံးလက်ကျန် ခွန်အားကို အသုံးပြုကာ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး သူမ၏ နှလုံးသားကို ထိုးစိုက်ရန် ပြင်လိုက်သည်။ သူမသည် မိမိကိုယ်ကိုယ် သတ်ရုံသာမက သူမ၏ ခန္ဓာကိုယ်ကိုပါ နှစ်ပိုင်း ပြတ်တောက်သွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုမှာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။ “မလုပ်နဲ့ ၊ ရပ်လိုက်”
တုပိုင်သည် အပြင်းအထန် ပြေးလွှားလာပြီး ကျီပြောင်ပြောင်၏ ရှေ့တွင် ကာကွယ်ရပ်တည်လိုက်လေတော့သည်။ ကယ်တင်ရမည့် အချိန်ရေတွက်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။
ကျီပြောင်ပြောင်မှာ အံ့အားသင့်သွားပြီး အလိုအလျောက် ရပ်တန့်သွားသည်။ တစ်စုံတစ်ဦးက သူမကို ကယ်တင်ရန် ရောက်လာလိမ့်မည်ဟု သူမ အိမ်မက်ပင် မမက်ဖူးချေ။ တုပိုင်သည် ဝင်္ကပါကဲ့သို့သော မြေပြင်များကို ဖြတ်ကျော်ကာ ရေကန်များကို ကူးခတ်ကာ ချောက်ကမ်းပါးများကို ကျော်တက်ကာ အချိန်မကုန်မီ ရောက်ရှိလာခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ကျီပြောင်ပြောင်၏ မိမိကိုယ်ကိုယ် သတ်သေမှုကို တားဆီးနိုင်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ သူမ၏ အသက်ကို ကယ်တင်လိုက်ခြင်းသာမက တုပိုင်၏ မစ်ရှင်များဖြစ်သော သွေးကြောခြောက်သွယ် နတ်ဓားသိုင်း မစ်ရှင်နှင့် ပိုင်ဆယ် သိမ်းပိုက်ရေး မစ်ရှင်အားလုံးကိုပါ ကယ်တင်လိုက်ခြင်း ဖြစ်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် တုပိုင်မှာ မှင်တက်သွားတော့သည်။
သူသည် နောက်ဆုံးအချိန်တွင် ရောက်ရှိလာပြီး ကျီပြောင်ပြောင်ကို တားဆီးနိုင်ခဲ့သော်လည်း ရှေ့တွင် အဝတ်အစားများ ချွတ်လျက် လျှောက်လာသော လူယုတ်မာမှာ သိုင်းပညာ အလွန်မြင့်မားပုံရသည်။ သူ၏ နောက်ကွယ်တွင်မူ သိုင်းပညာ ပို၍ပင် မြင့်မားပုံရသော အဘိုးအိုတစ်ဦး ရှိနေသေးသည်။ ထို့အပြင် ဓားများကို ထုတ်ထားသော စစ်သည် ဒါဇင်ကျော်မှာလည်း ထိုလူယုတ်မာ၏ နောက်တွင် ရှိနေကြသည်။
ဤလူများမှာလည်း တုပိုင်ကို အံ့အားသင့်စွာ ကြည့်နေကြလေ၏။ ဤကဲ့သို့ ဝေးလံသော နေရာတွင် သူရဲကောင်းလာလုပ်နေသော ဤလူမှာ မည်သူနည်း။
ဤနေရာတွင် ရှိနေသော သူများမှာ မဟာဓားဂိုဏ်းမှ သိုင်းပညာရှင်များ ဖြစ်ကြပြီး အဆင့်မြင့် ပထမအဆင့် ဆရာသခင် တစ်ဦး ၊ တတိယအဆင့် သိုင်းပညာရှင် တစ်ဦး ၊ စတုတ္ထအဆင့် လေးဦး ၊ ပဉ္စမအဆင့် ငါးဦးနှင့် ဆဠမအဆင့် သုံးဦးတို့ ဖြစ်ကြသည်။
လူတိုင်း၏ ကျင့်ကြံမှုမှာ တုပိုင်ထက် မြင့်မားနေကြသည် ၊ အဘယ်ကြောင့်ဆိုသော် ဤတွင်းနက်ကြီးမှာ အလွန်အန္တရာယ်များသဖြင့် သိုင်းပညာနိမ့်ပါးသူများ မလာနိုင်သောကြောင့် ဖြစ်သည်။ တုပိုင်သည် တစ်ယောက်ကို အနိုင်ယူနိုင်သော်လည်း ကျန်ရှိသော ၁၃ ယောက်ကို မည်သို့ လုပ်မည်နည်း။ အထူးသဖြင့် ထိုအဆင့်မြင့် ပထမအဆင့် ဆရာသခင်မှာ သူ့ကို လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် သတ်နိုင်ပေသည်။
တုပိုင်လည်း ဆွံ့အသွားတော့သည်။ သူသည် စနစ်၏ လမ်းကြောင်းအတိုင်း တိုက်ရိုက် ပြေးလာခြင်း ဖြစ်ရာ နောက်ထပ် ဘာလုပ်ရမည်နည်း။
ယွဲ့လီသည် တုပိုင်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။ “ဒီလို ဝေးလံခေါင်သီတဲ့ နေရာမှာတောင် မိန်းမလှလေးကို ကယ်ဖို့ ကြိုးစားတဲ့ သူရဲကောင်း ရှိနေသေးတာလား။ လာစမ်း ၊ အရင်ဆုံး မင်းကို သတ်ပြီး သွေးပူလေ့ကျင့်ခန်း လုပ်မယ် ၊ ပြီးမှ ကျီပြောင်ပြောင်ကို ဘဝအကြောင်းတွေကို သင်ပေးပြီး သတ်ပစ်မယ် ၊ အဟေးဟေးဟေး”
နောက်တစ်စက္ကန့်တွင် မဟာဓားဂိုဏ်းချုပ်သား ယွဲ့လီ၏ မျက်နှာမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားသည်။ သူ၏ ဓားအလင်းတန်းမှာ လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး ပြင်းထန်လှပေသည်။ တတိယအဆင့် သိုင်းပညာရှင်တစ်ဦးက ဆဠမအဆင့် သိုင်းပညာရှင် တုပိုင်ကို တိုက်ခိုက်ခြင်းမှာ တစ်ချက်တည်းဖြင့် အပြတ်ရှင်းရန် လုံလောက်လှပေသည်။
“ဝိညာဉ်အရိပ် ဝိညာဉ်တိုက်ခိုက်မှု”
တုပိုင်သည် သူ၏ ဓားကို အမြန်ဆုံး ဆွဲထုတ်လိုက်ပြီး သူ၏ ဒန်တျန်အတွင်းရှိ ဝိညာဉ်အရိပ် စွမ်းအင်အားလုံးကို ဓားချီနှင့်အတူ ပြင်းထန်စွာ ထုတ်လွှတ်လိုက်လေ၏။
အပိုင်း ၃၀၉ ပြီး။