← Chapters

ဘွားဘွားမန်၏ အာဏာစက်

Vol. 91 Ch. 1259

ဘွားဘွားမန်၏ အာဏာစက်

Vol. 91 Ch. 1259

အဘိုးကြီး၏အသံက အရပ်လေးမျက်နှာတခွင် ပဲ့တင်ထပ်သွားသည့်တိုင် မည်သည့်အသံမှ မကြားရသဖြင့် သူ့အား မျက်မှောင်ကြုတ်သွားစေတော့သည်။ သူသည် သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်၍ ကုန်းမြေ၏အလယ်ဗဟိုရှိ ရွှီမျိုးနွယ်ဘိုးဘေးစံအိမ်ကို မြင်လျှင် တစ်ကိုယ်လုံး ဓာတ်လိုက်သကဲ့သို့ တုန်ရီသွားပြီးနောက် ကိုယ့်မျက်စိကိုယ် မယုံနိုင်တော့ပေ။

“ဒါက ...” သူက ချက်ချင်း လေကို ခွင်းသွားသည်။ သူ့အနောက်ရှိ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများလည်း သူတို့၏နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကြည့်၍ အဖြစ်အပျက်ကို သတိထားမိလိုက်လျှင် အံ့အားသင့်ကုန်ကြတော့သည်။

အဘိုးကြီးက ရှေ့မှ ဦးဆောင်ရင်း သူတို့အားလုံး ရွှီမျိုးနွယ်စုထံ တဟုန်ထိုး ဝင်ရောက်သွားကြပြီး ဧရာမလက်ဝါးရာကြီးနှင့် အပျက်အစီးများကို ငုံ့ကြည့်ရင်း လေလယ်တွင် ပျံဝဲနေကြလေသည်။ တခဏကြာသော် အဘိုးကြီးသည် ပတ်ဝန်းကျင်ကို ခံစားကြည့်ရန် မျက်လုံးများ ပိတ်လိုက်၏။ ထို့နောက် သူ့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။

“တာအိုပြစ်ဒဏ်အရှိန်အဝါ ဒီမှာ ပေါ်လာခဲ့တယ်... ဒါပေမဲ့ စောစောက ဘာပြစ်ဒဏ်အငွေ့အသက်ကိုမှ ငါ မခံစားခဲ့ရဘူး။ ဆိုလိုတာက ... ပြစ်ဒဏ်က ပေါ်မလာခင်မှာပဲ ပျောက်ကွယ်သွားတာ ဖြစ်မယ်။ ဒါဆို ရွှီယွီရှန်းတစ်ယောက် ကျင့်ကြံအဆင့်မတက်ခင် အသတ်ခံလိုက်ရပြီ

“တာအိုနယ်ပယ်ပညာရှင်တစ်ယောက်က လွဲလို့ အဲဒီလိုအရာမျိုးလုပ်နိုင်တဲ့ နောက်တစ်ယောက်က တစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူပဲ” အဘိုးကြီးက အသက်ပြင်းပြင်းရှူပြီး အပျက်အစီးများကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းရင်း အသက်ရှိကျန်ခဲ့သည့် ရွှီမျိုးနွယ်ကျင့်ကြံသူများထဲမှ တစ်ယောက်အား လေပေါ် ပျံတက်လာစေ၏။ အဘိုးကြီးက မေးခွန်းတစ်ခွန်းမမေး။ သူသည် ဤကဲ့သို့အရေးကြီးကိစ္စများနှင့်ပတ်သက်၍ တခြားသူများ ပြောပြသည်ကို ယုံမည့်လူစားမျိုး မဟုတ်ပေ။ ဝိညာဉ်ဖွေရှာခြင်းကိုသာ သူ ယုံသည်။ သူ့အတွက် မန်ဟိုနှင့် ရွှီမျိုးနွယ်စုကို ဖျက်စီးနေသော ဧရာမလက်ဝါးကြီးအား မြင်ရန် သိပ်မကြာလိုက်ချေ။ ထို့နောက် မန်ဟို သူ့ကိုယ်သူ ...မန်ချိန်ဟု ပြောလိုက်သည်ကို သူ ကြားလိုက်သည်။

“မန်... ချိန်” အဘိုးကြီး၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူ့မှာ အသက်မနည်းရှူနေရသည်။ တကယ်တော့ ဤနေရာသို့ ဒေါကြီးမောကြီး သူ ရောက်လာခဲ့သည့် အကြောင်းရင်းက မန်ချိန့်ကြောင့်ပင်။ ယခုတွင် မန်ချိန် မည်မျှကြောက်စရာကောင်းကြောင်း မြင်လျှင် အဘိုးကြီးမှာ ကြက်သီးတဖြန်းဖြန်း ထလာတော့သည်။ ကပ်ဘေးကြီးကို ကပ်သီလေး ရှောင်တိမ်းနိုင်ခဲ့မှန်း သိလိုက်ရ၍ အဘိုးကြီးသည် ချက်ချင်း လှည့်ပြန်တော့၏။

ကျန်မန်မျိုးနွယ်ဝင်များက ပတ်ဝန်းကျင်ကို တအံ့တဩ ကြည့်နေသည်။ ထို့နောက် အဘိုးကြီး ထွက်သွားသည်ကို မြင်လျှင် သူတို့က မေးခွန်းထုတ်ကြတော့သည်။

“အကြီးအကဲ ကျုပ်တို့ အခု ဘယ်သွားမှာလဲ...”

“ဘယ်သွားရမတုံး....” ပျာယာခတ်နေသော အဘိုးကြီးက ပြန်မေးသည်။ “အိမ်ပေါ့ကွ၊ ငါ့လီးတဲ့မှ အခုချက်ချင်း အိမ်ပြန်ကြမယ်” အဘိုးကြီးမှာ လက်ဝါးရာကြီးအား နောက်တစ်ကြိမ် ထပ်မကြည့်ဘဲ မနေနိုင်ပေ။ သူ့မှာ မန်ချိန်နှင့် တစ်ခါမှ ထိပ်တိုက်မတွေ့ရသေးသော်ငြား မန်ချိန့်ကို ဖင်တုန်အောင် ကြောက်လွန်း၍ ဒူးတုန်နေလေပြီ။

မန်ချိန့်အကြောင်း သူသိထားရသလောက် ဤကြောက်ခမန်းလိလိ ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်မထားကြောင်း သေချာသည်။ သူ၏သုံးသပ်မှုအရ မန်ချိန် တစ်စုံတစ်ခု၏အပူးကပ်ခံရခြင်း သို့မဟုတ် အစားထိုးခံရခြင်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ သူ့အနေဖြင့် ယခု မန်ချိန်ဖြစ်နေသည့်လူအား သွားရှုပ်နိုင်သည့် အရည်အချင်းမရှိပေ။

ထိုကဲ့သို့ ကျင့်ကြံခြင်းအဆင့်နှင့် လူတစ်ယောက်သည် သူ့အား လက်ကလေးလှန်သလို အလွယ်တကူ သတ်ပစ်နိုင်၏။ ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်မှာ သူ့အနေဖြင့် သွားရန်စနိုင်သည့်လူ မဟုတ်သည့်အတွက် ထပ်မံရှင်းပြခြင်းမပြုတော့ဘဲ တတ်နိုင်သမျှ မြန်မြန်ထွက်သွားတော့သည်။

ကျန်ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် တအံ့တဩကြည့်ပြီးနောက် ကပျာကယာ ထွက်ခွာလာကြသည်။ အဘိုးကြီး၏ ရုတ်တရက် လှည့်ပြန်သွားမှုတို့က သူတို့၏နှလုံးသားထဲတွင် အကြောက်တရားတို့ ပြည့်နှက်လာစေခဲ့လေပြီ။

လူတစ်ယောက်ယောက် သူတို့၏အနောက်တွင် တိုက်ခိုက်ရန် ပုန်းအောင်းနေသည်ဟု ခံစားလိုက်ရသဖြင့် သူတို့အားလုံး ကြက်သီးတဖြန်းဖြန်း ထလာပြီး မြန်မြန် ပြေးသွားကြတော့သည်။

ထိုအုပ်စုသည် ဟိတ်ကြီးဟန်ကြီးဖြင့် အသတ်အဖြတ်အရှိန်အဝါများကို ထုတ်ဖော်လျက် ရောက်ချလာခဲ့သော်လည်း ယခုတော့ မန်ဟို့ကို မျက်စိဖြင့် တပ်အပ်မမြင်ရခင်မှာပင် အမြီးကုပ်ထွက်ပြေးသွားကြလေပြီ။

မန်ဟိုက သူတို့ ပျာတီးပျာတာထွက်သွားသည်ကို သွေးအေးအေး ပြုံး၍ ကြည့်နေရင်း သွေးဆက်အိမ်တော်ထဲတွင် တင်ပျဥ်ခွေထိုင်နေသည်။ သူတို့၏အကင်းပါးမှုက သူတို့အသက်ကို ကယ်တင်ခဲ့၏။ သူတို့သာ ရှေ့ဆက်တိုးလာရဲလျှင် သူ့အနေဖြင့် သူတို့၏သွေးဆက်တစ်ဆက်လုံးကို သုတ်သင်ဖို့ ၀န်လေးနေမည်မဟုတ်ပေ။

သွေးဆက်များကို သုတ်သင်ခြင်းကိစ္စနှင့်ပက်သက်၍မူ မန်ဟိုသည် သူ့အဘွားနှင့် ဘိုးဘိုးလေးနှစ်ဦးဖြင့် ဆွေးနွေးထားခဲ့ပြီးဖြစ်၏။ သူတို့၏ပြောစကားများအရ တတိယ၊ စတုတ္ထနှင့် ပဉ္စမသွေးဆက်များသည် အရေးပါသော်လည်း ကျန်ငါးဆက်ကိုမူ စိတ်တိုင်းရှိသလို လုပ်နိုင်သည်။

လူအိုကြီးများ၏ မျက်လုံးထဲရှိ တွေဝေနေမှုများကို မြင်လျှင် မန်ဟိုက ဤသို့သာ ပြောခဲ့သည်။ "ကျွန်တော် ဒီကိစ္စတွေကို ကိုင်တွယ်နိုင်ပေမယ့် ဘယ်လိုလုပ်ရမလဲ သေချာမဆုံးဖြတ်ခင် ဘွားဘွားတို့ရဲ့ ကျင့်ကြံခြင်းအခြေခံတွေ ပြန်ကောင်းမွန်လာတာ စောင့်ကြတာပေါ့"

အချိန်တွေ ကုန်လွန်သွားသည်။ မန်ဟိုသည် တာအိုတရားဟောနေသော်လည်း သူ၏အချိန်အများစုကို သူ့အဘွားနှင့် ကျန်ရှိသူများ ပြန်လည်ကောင်းမွန်လာအောင် ကူညီရင်း ကုန်ဆုံးနေ၏။ အဆိပ်ဆူးကိုးချောင်း၏ သဘာဝကို သူ နားလည်လာလေလေ ၊ အဆိပ်မိနေသူများ၏အသက်ကို မစွန့်စားဘဲ အလွယ်တကူ ဖယ်ရှား၍မရကြောင်း သဘောပေါက်လေလေပင်။

သူ့အတွက် ၎င်းတို့ကို နားလည်ဖို့ အချိန်ထပ်လိုအပ်သည့်အပြင် သူ့အဘွားနှင့် ကျန်ရှိသူများလည်း ခန္ဓာကိုယ်ကို အားဖြည့်ထားဖို့ လိုအပ်သည်။ ထိုမှသာ ရှေ့ဆက်နိုင်လိမ့်မည်။

ရက်အနည်းငယ်ကြာပြီး တစ်ညနေတွင် မန်ဟိုသည် တာအိုတရားဟောနေစဉ် ရုတ်တရက် စကားပြောနေသည်ကို ရပ်၍ မော့ကြည့်လိုက်၏။ သွေးခွေးကြီးဖြစ်သည့် သွေးရောင်အလင်းတန်းတစ်တန်းအား မြင်လိုက်ရသည်။ ၎င်း၏ကျောပေါ်တွင် မန်ရူနှင့်အတူ တခြားမိန်းမပျိုဆယ်ယောက် ပါလာလေသည်။ ထိုမိန်းမပျိုများထဲမှ တချို့က စိတ်လှုပ်ရှားနေပုံပေါ်ပြီး တချို့ကတော့ ဆုံးဖြတ်ရခက်နေဟန်ရှိကာ တချို့ကတော့ တွေဝေနေကြလေသည်။

သူတို့၏ ပြန်ရောက်လာမှုက အိမ်တော်ထဲတွင် ချက်ချင်း အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။ မိန်းမပျိုများမှာမူ အင်မော်တယ်ချီကို ခံစားလိုက်ရသည်နှင့် အံ့အားသင့်သွားကြ၏။

မန်ရူက မန်ဟို့ကို လာရှာပြီး လက်ယှက်၍ အရိုအသေပေးသည်။ သူမသည် ၀မ်းနည်းနေပုံပေါ်ပြီး မည်သို့ပြောရမှန်းမသိသည့်အလား တွန့်ဆုတ်နေသည်။ အတန်ကြာသော် သူမက အံတင်းတင်းကြိတ်ပြီး စကားစပြော၏။

"အစ်ကိုကြီးမန်ချိန် ညီမလေး လူတိုင်းကို ပြန်ခေါ်မလာခဲ့ဘူး။ အစ်မသုံးယောက်က သူတို့ရဲ့သခင်တွေနဲ့ပဲ နေခဲ့ဖို့ ရွေးချယ်ခဲ့တယ်။ အစ်မနှစ်ယောက်ကိုကျ သူတို့ရဲ့သခင်တွေက လွှတ်မပေးဘူး။ ညီမလေးလည်း အမှားလုပ်မိမှာစိုးလို့ အစ်ကိုသွေးခွေးကြီးကို တိုက်ခိုက်ဖို့ မတောင်းဆိုရဲခဲ့ဘူး" ကြည့်ရသရွေ့ မန်ရူသည် သွေးခွေးကြီးအပေါ် လွန်စွာလေးစားမှုရှိပြီး တိရစ္ဆာန်မဟုတ်ဘဲ ကျင့်ကြံသူတစ်ယောက်ဟု မြင်မှတ်နေ၏။

"သုံးယောက်က ပြန်မလာချင်ဘူးတဲ့လား" မန်ဟိုက တည်ငြိမ်စွာ မေးသည်။ ဤအခြင်းအရာနှင့်ပက်သက်ပြီး သူ သိပ်အံ့ဩမသွားပေ။ သူ့အဘိုး၏သွေးဆက်တွင် လူများများစားစား မကျန်ခဲ့သည့်အတွက် အတူမနေလိုဘဲ သူတို့ခြေထောက်ပေါ်သူတို့ ရပ်တည်ချင်သော လူတချို့ ရှိသည်မှာ သဘာ၀သာ ဖြစ်၏။

ဤအခိုက်အတန့်တွင် တံခါးသည် ကျွီခနဲပွင့်လာပြီး ဘွားဘွားမန်က ကူတွဲပေးမည့်လူမပါဘဲ လမ်းလျှောက်ထွက်လာသည်။ “မပြန်လာချင်မှတော့ အမျိုးနဲ့ သေခန်းဖြတ်လိုက်"

ကျန်သွေးဆက်မျိုးနွယ်၀င်အားလုံး လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။ မန်ဟိုက ချက်ချင်း ထရပ်၍ လက်ယှက်လိုက်၏။

"ချိန်အာ" ဘွားဘွားမန်က အေးအေးဆေးဆေး ပြောသည်။ "လွှတ်ပေးမခံခဲ့ရတဲ့ နောက်ဆုံးနှစ်ယောက်ကို သွားခေါ်လာခဲ့" သူမသည် လတ်တလော အနားယူရင်း ကုစားနေခဲ့ပြီးနောက် ယခင်ထက်ပို၍ သန်စွမ်းလာသည့်အပြင် သူမမျက်လုံးများကား စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့် တောက်ပနေလေပြီ။ သူမသည် မျိုးနွယ်စု၏ အဓိကထောက်တိုင် ဖြစ်ခဲ့ပြီး သူမခန္ဓာကိုယ်အားနည်းလာခဲ့သည့်အချိန်မှသာ အာဏာမလွှမ်းမိုးနိုင်တော့ခြင်း ဖြစ်သည်။ ယခုတွင် နလန်ပြန်ထူနိုင်ပြီဖြစ်၍ ခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေလေပြီ။

ထိုမျှသာမက မန်ဟိုနှင့် ကောင်းကင်နတ်ဘုရားမဟာမိတ်အကြားက အခြေအနေကို ကောင်းကောင်းသိသည့်အတွက် မျိုးနွယ်စုတစ်စုလုံး ထိုကိစ္စထဲ ဆွဲသွင်းခံရမည်ကိုလည်း သူမ စိုးရိမ်သည်။ ထို့ကြောင့် သူမက မန်ဟို့ကို ဟိုအာ ဟုခေါ်မည့်အစား မန်ချိန်၏နာမည်ကို အသုံးပြုခဲ့ခြင်းဖြစ်၏။

မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ အဘွားဖြစ်သူကို ယခုလိုမြင်ရခြင်းက သူ့အား အတော်လေး စိတ်သက်သာရာရစေ၏။ အနည်းဆုံးတော့ သွေးဆက်အပေါ် သူမ၏အာဏာစက် ပြန်လည်သက်ရောက်လာသရွေ့ ဦးပြန်မော့လာအောင် ကူညီပေးရမည့်တာ၀န်က သူ၏ပခုံးပေါ်တွင်သာ သက်ရောက်နေတော့မည်မဟုတ်ပေ။

"တကယ်လို့ သဘောမတူကြရင်ရော" မန်ဟိုက ပြောသည်။

"သတ်ပစ်လိုက်" အဘွားမန်က မဆိုင်းမတွ ပြန်ဖြေသည်။ သူမစကားသံက မကျယ်လောင်သော်လည်း ရှိရှိသမျှ လူတိုင်း၏‌နားထဲတွင် မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွား၏။ တစ်ချိန်တည်းမှာပင် သူမ၏ခန္ဓာကိုယ်ထဲ၌ အလွန်ကြာမြင့်စွာ ချုပ်တည်းထားခဲ့ရသော အသတ်အဖြတ်အရှိန်အဝါက စတင်ဖြာထွက်လာသည်။

"ငါတို့တွေ အဝေးရောက်နေခဲ့တာ ကြာခဲ့ပြီ" အသံနောက်တစ်သံက ပြောသည်။ "ငါတို့က ဘယ်သူတွေလဲဆိုတာ မန်မျိုးနွယ်စုကို သတိပေးဖို့ အချိန်ကျပြီ" မန်ဟို၏ ဘိုးဘိုးလေးနှစ်ယောက်က အခန်းထဲမှ ထွက်လာသည်။ သူတို့သည် ကုလားထိုင်များတွင်သာ ထိုင်မနေရတော့သည့်အပြင် အလွန်အားနည်းနေပုံပေါ်သော်လည်း ယခင်ထက်ပို၍ လန်းလန်းဆန်းဆန်း ရှိနေကြ၏။

ယခုတွင် ပတ်ဝန်းကျင်ရှိ သွေးဆက်မျိုးနွယ်၀င်များအားလုံးက ဘွားဘွားမန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

"အမိန့်အတိုင်းပါ" မန်ဟိုက လက်နှစ်ဖက်ယှက်၍ ဦးညွှတ်ကာ ပြောသည်။ ထို့နောက် သူသည် သွေးခွေးကြီးကို သွေးဆက်မျိုးနွယ်၀င်များနှင့်အတူ ထားခဲ့ပြီး မန်ရူကို သူနှင့်အတူခေါ်ကာ ထွက်သွား၏။

တခဏကြာသော် သူတို့နှစ်ယောက် ပျောက်ကွယ်သွားခဲ့လေပြီ။ ဘွားဘွားမန်နှင့် မန်ဟို၏ ဘိုးဘိုးလေးနှစ်ယောက်က သူတို့ထွက်သွားသည်ကို ကြည့်ပြီး သူတို့၏မျက်လုံးများတွင် အနာဂတ်အတွက် ယုံကြည်မှုနှင့် မျှော်လင့်မှုတို့ဖြင့် ပြည့်နှက်တောက်လောင်နေသည်။

မန်ဟို သူ့အဘိုး၏သွေးဆက် ဦးပြန်မော့လာနိုင်အောင် ကြိုးစားပမ်းစား ကူညီနေသည့်အချိန်မှာပင် တစ်စုံတစ်ယောက်သည် အဋ္ဌမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်တွင် ပေါ်လာ၏။ ၎င်းက ခရမ်းရောင်ဝတ်ရုံကို ဝတ်လျက် လမ်းလျှောက်နေသော ခပ်ချောချော လူငယ်တစ်ဦးဖြစ်သည်။ သူသည် လောလောဆယ်တွင် အဝေးရှိ ... မန်မျိုးနွယ်စုကို ငေးကြည့်နေ၏။

“မင်း အဲဒီမှာဆိုတာ ငါ ခံစားနေရတယ်..” လူငယ်က ပြုံးရင်း ပြောသည်။ သူကား ကျီတုံယမ်းမှတစ်ပါး အခြားမဟုတ်ပေ။

ထိုစဉ် အဋ္ဌမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်တစ်နေရာတွင် ဧရာမလိပ်ကြီးတစ်ကောင်သည် တခေါခေါ ဟောက်ရင်း မျောနေ၏။ သူ့ကျောပေါ်တွင် သက်ရှိသတ္တဝါပေါင်းစုံ နေထိုင်နေသည့် မြေထုကြီးတစ်ခု ရှိသည်။

ရုတ်တရက် လိပ်ကြီးသည် လန့်နိုးလာသဖြင့် မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။ ကြယ်တာရာကောင်းကင်၏ အမှောင်ထုထဲတွင် သူ၏မျက်လုံးများက မီးအိမ်များသဖွယ် စူးရှနေလေသည်။

“လိပ်ကျိုးနည်း ဆိုးလိုက်တဲ့ အိပ်မက်" လိပ်ကြီးက ညည်းတွားသည်။ “အဲဒီခွေးသူတောင်းစားလေး မန်ဟို အဋ္ဌမတောင်ပင်လယ်မှာ ငါ့ကို လိုက်ဖမ်းနေတယ်လို့မှ မက်ရတယ်လို့။ ဟားဟားဟား ဘယ်လောက်ရယ်စရာကောင်းလိုက်တဲ့ အိပ်မက်လဲ။ မဖြစ်နိုင်တာကြီး

“အဲဒီခွေးသူတောင်းစားလေး ငါ့ကို ဘယ်နည်းနဲ့မှ ရှာတွေ့မှာမဟုတ်ဘူး။ လိပ်ကျိုးနည်းတဲ့မှ။ ဘာလို့အဲဒီလိုအိပ်မက်ကိုမှ မက်ရတာတုန်း။ နိမိတ်မကောင်းဘူးကွာ။ အိပ်မက်ထဲမှာ သူ့ရဲ့စီးတော်လိပ်ဖြစ်နေရတယ်လို့” ထိုလိပ်ကြီးကား မန်ဟို့ကို အမှန်အကန်ကြောက်နေသည့် မှီခိုရာဂိုဏ်းချုပ်မှတစ်ပါးအခြားမဟုတ်ပေ။ သူက ညည်းတွားအော်ဟစ်ပြီးနောက် ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်သည်။ ထို့နောက် မျက်လုံးပိတ်ကာ ပြန်အိပ်သွား၏။

ထူးဆန်းစွာနှင့် မှီခိုရာဂိုဏ်းချုပ်၏အနားတွင် သူ၏လက်ရှိတည်နေရာကို ခြေရာခံနေဟန်တူသော လျှို့ဝှက်ဆန်းကြယ်သည့်အရိပ်များ ရှိနေပုံပေါ်သည်။ မှီခိုရာဂိုဏ်းချုပ်ကိုယ်တိုင်ပင် ၎င်းတို့ကို သတိထားမိခြင်းမရှိ။

ဤအချိန်တစ်ဝိုက်တွင် သတ္တမတောင်ပင်လယ်၌ အခြားတစ်ခု ဖြစ်ပျက်နေသည်.... ထိုနေရာရှိ ဂိုဏ်းအားလုံးနှင့် မျိုးနွယ်စုအားလုံး အင်အားစုစည်းနေကြသည်။ တစနှင့်တစ မရေမတွက်နိုင်လောက်အောင် ဧရာမအင်အားကြီးသော စစ်တပ်ကြီးတစ်တပ် ဖွဲ့စည်းတည်ရှိလာသည်။ ထိုစစ်တပ်ကြီး၏ ခေါင်းဆောင်နေရာတွင် အစွမ်းထက်လှိုင်းဂယက်များကို ထုတ်လွှတ်နေသည့် အရွယ်အစားအသင့်အတင့် တောင်ထိပ်တစ်လုံးရှိသည်။ ထိုတောင်ထိပ်ပေါ်တွင် မြင်သည်ဆိုရုံကလေး မြင်ရသည်ကား ... စူးရှလင်းလက်သောမျက်ဝန်းများဖြင့် အဋ္ဌမတောင်ပင်လယ်ကို ကြည့်ရင်း တင်ပျဉ်ခွေထိုင်နေသည့် လူတစ်ယောက်ပင်။

ထိုလူက ရှေးဆန်သောအသံတစ်သံဖြင့် တိုးညင်းစွာ စကားပြောသည်။ “ငါ ဒီစစ်ကို တကယ်မဖြစ်ချင်ပေမယ့် ... ရွေးချယ်စရာ မရှိဘူး။ ဒါက ငါ့တာဝန်ဖြစ်နေတယ်... ငါတစ်ယောက်တည်းတောင် မဟုတ်ကောင်း မဟုတ်လောက်ဘူး.... ဒါက သစ္စာဖောက်တာလည်း မဟုတ်ပါဘူး။ သစ္စာဖောက်စရာလည်း ရှိမှမရှိတာ မဟုတ်လား။ ဒါပေမယ့် ... ဘာလို့ ရင်ထဲမှာ ဒီလောက်နာကျင်နေရတာလဲ....”

ကြောက်မက်ဖွယ်စစ်တပ်ကြီးသည် ရှေးဟောင်းနဂါးကြီးတစ်ကောင်ပုံစံပေါ်အောင် စနစ်တကျ နေရာယူထားသော ကျင့်ကြံသူသန်းပေါင်းစွာဖြင့် ပြည့်နေ၏။ သူတို့က အသက်အဖြတ်အရှိန်အဝါများကို ထုတ်လွှတ်လျက် အဋ္ဌမတောင်ပင်လယ်ဆီ တရွေ့ရွေ့ ချီတက်သွားကြတော့သည်။

All Chapters