← Chapters

မင်းတို့ကို အသက်ချမ်းသာပေးရင်လည်း ဘာထူးတော့မလဲ

Vol. 91 Ch. 1260

မင်းတို့ကို အသက်ချမ်းသာပေးရင်လည်း ဘာထူးတော့မလဲ

Vol. 91 Ch. 1260

သတ္တမတောင်ပင်လယ်မှ စစ်တပ်ကြီး အရှိန်တင်နေစဉ် မန်ဟိုကား အဋ္ဌမတောင်ပင်လယ်တွင် ဖြစ်သည်။ သူလည်း ရံဖန်ရံခါ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော အရိပ်များ၏ ခြေရာခံခြင်း ခံနေရ၏။ ကြည့်ရသရွေ့ သူတို့သည် သူ့ကို စောင့်ကြည့်ပြီး သူ၏တည်နေရာကို အဆက်မပြတ် ထောက်လှမ်းနေကြသယောင်ပင်။

နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် တောင်ပင်လယ်များအကြား မည်သည့်စစ်ပွဲမှ မဖြစ်ခဲ့ဖူးသော်လည်း စစ်ပွဲတစ်ပွဲတော့ ဖြစ်လာပေတော့မည်။ ကောင်းကင်ဘုံ ၃၃ ဘုံရှိ ဖြစ်တည်မှုအမျိုးမျိုးပင်လျှင် တောင်ပင်လယ်လောကကို တိတ်တဆိတ် ထောက်လှမ်းကြည့်ရှုဖို့ အထူးပညာရပ်များကို အသုံးပြုနေ၏။ သူတို့က မျှော်လင့်နေသောမျက်လုံးများဖြင့် အဋ္ဌမတောင်ပင်လယ်ကို ငုံ့ကြည့်နေကြလေသည်...

ထိုစဉ် ကောင်းကင်ဘုံ ၃၃ ဘုံ၏အပြင် ... အဆုံးမဲ့သောအာကာကျယ်စကြဝဠာထဲတွင် အင်အားစုကြီးနှစ်စုသည် မတူညီသောအရပ်မျက်နှာနှစ်ခုမှ ချဉ်းကပ်လာနေပြီး အလွန်နီးကပ်လာခဲ့လေပြီ။

စစ်ကား... ဖြစ်ပေတော့မည်။

မန်ဟိုနှင့်မန်ရူတို့နှစ်ယောက် လေကိုခွင်းသွားနေစဉ် ရုတ်တရက် မန်ဟို့နှလုံးသားထဲတွင် သူ့ကို မျက်နှာပျက်သွားစေသော အန္တရာယ်အာရုံကို ခံစားလိုက်ရ၏။ သူ မတုံ့ပြန်နိုင်ခင် ကြက်တူရွေး၏ ထိတ်ထိတ်ပျာပျာ အော်သံကို သူ့စိတ်ထဲတွင် ကြားလိုက်ရသည်။

“သူတို့ လာနေပြီ။ ငါပြောသားပဲ လာနေကြပြီ။ နီးနေပြီဟ ငါ သူတို့ကို ခံစားနေရတယ်။ သောက်ကျိုးနည်း။ ထင်ထားတာထက် အများကြီးမြန်လိုက်တာ ... မန်ဟိုရေ သူတို့ ရောက်လာတော့မယ်ကွ” ကြက်တူရွေးသည် အင်မတန် ထိတ်ပျာနေပြီး ကြောက်ပင် ကြောက်နေသံပေါက်သည်။

မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။ ကြက်တူရွေး ပြောနေသည့် ‘သူတို့’ ကို သူ သိသဖြင့် ကောင်းကင်ကို ဖြေးဖြေးချင်း မော့ကြည့်မိလိုက်သည်။ သူကား ကောင်းကင်ဘုံ ၃၃ ဘုံ၏ အလွန်ရှိ အာကာကျယ်စကြဝဠာကြီးကို လှမ်းမြင်လိုက်သယောင်ပင်။

“ကဲ ဒါဆိုရင်တော့ မြန်မြန်လုပ်ရတော့မှာပေါ့” သူက တိုးညင်းစွာ ပြောသည်။

ဘေးတွင် မန်ရူသည် အံ့အားသင့်သွား၏။ “အစ်ကိုကြီးမန်ချိန် ၊ ဘာပြောလိုက်တာလဲဟင်"

“အာ ဘာမှမဟုတ်ပါဘူး” သူက ခေါင်းခါရင်း ပြန်ဖြေကာ မန်ရူအား မန်မျိုးနွယ်စု၏ ပင်မကုန်းမြေထံ ဆက်ခေါ်သွားသည်။

သူသည် အကာအကွယ်မန္တန်များကို လှုံ့ဆော်ခြင်းမပြုဘဲ ဖြတ်ကျော်၍ ပင်မဘိုးဘေးစံအိမ်ထံ တန်းတန်းမတ်မတ် ဦးတည်သွား၏။

“ညီမလေးတို့ အခုသွားခေါ်မယ့် အစ်မနှစ်ယောက်က အစ်မကြီးချူအာ နဲ့ အစ်မကြီးမန်ဖေးပဲ” မန်ရူက တိုးတိုးလေး ပြောသည်။ “သူတို့ရဲ့ပင်ကိုယ်ပါရမီက ညီမလေးထက် ထက်သန်တဲ့အပြင် သူတို့ရဲ့ကျင့်ကြံအဆင့်ကလည်း ပိုမြင့်တယ်... ညီမလေး သူတို့နဲ့တွေ့ပြီး အကျိုးအကြောင်း ပြောပြနိုင်ခဲ့ပေမယ့် သူတို့ ခေါ်အသွားမခံရအောင်တော့ မတားနိုင်ခဲ့ဘူး။ အစ်ကိုသွေးခွေးကြီးကြောင့်သာ မဟုတ်ရင် ညီမလေးလည်း အဖမ်းခံထားရလောက်ပြီ

“သူတို့နှစ်ယောက်လုံးက ပထမသွေးဆက်က ကျင့်ကြံသူတွေ လက်ထဲမှာ....” မန်ရူသည် မန်ဟို့ကို ကြည့်သည့်အခါ ဘုရားတစ်ပါးကို ကြည့်နေသကဲ့သို့ ဖြစ်နေ၏။ မန်ချိန် ရောက်လာလျှင် ပြဿနာအကုန် ဖြေရှင်းပြီးလိမ့်မည်ဟု သူမ မှတ်ယူထားသည်။

ထိုစဉ် မန်မျိုးနွယ် ပင်မဘိုးဘေးစံအိမ်၏ အရှေ့ဒေသတွင် တိုင်ကိုးတိုင် ဝန်းရံထားသော ဧရာမဝတ်ပြုကျောင်းကြီးတစ်ကျောင်း ရှိသည်။ ထိုတိုင်တစ်တိုင်စီ၏အောက်ဝယ် မီးဖိုတစ်ခုစီ ရှိသည်။

ထိုမီးပြင်းဖိုများက ကျောက်တိုင်များကို ဖြေးဖြေးချင်း ပူလာစေသည်။

ကျောက်တိုင်များနှင့် ချည်နှောင်ခံထားရသည်မှာတော့ မျက်နှာဖြူဖပ်ဖြူရော်နှင့် တုန်ရီနေကြသော မိန်းကလေးကိုးဦး ဖြစ်သည်။ သူတို့သည် ကြောက်လန့်နေကြပုံပေါ်ပြီး  အသက်ချမ်းသာပေးရန် အသနားခံနေကြသည်။ သို့သော် နှစ်ယောက်မှလွဲ၍။ ထိုနှစ်ယောက်က လက်ဖျားခါလောက်အောင် မလှသော်လည်း နှစ်လို့ဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသည်။ တွဲချည်ခံထားရသည့် ကျောက်တိုင်များ၏အပူချိန် မည်မျှပြင်းထန်လာစေကာမူ သူတို့သည် အံတင်းတင်းကြိတ်ထားသည့်အပြင် အသနားခံစကားတစ်ခွန်းမဆိုပေ။

ကျောက်တိုင်များနှင့် ဆေးပေါင်းဖိုများ၏ အလယ်တည့်တည့်တွင် ထိုင်နေသည်ကတော့ လောလောဆယ်တွင် လက်နှစ်ဖက်မုဒြာလက်ကွက်များ ဖော်၍ ချိတ်ပိတ်အမှတ်အသားများအား ဆေးပေါင်းဖိုများဆီ ပို့လွှတ်ရင်း ဆေးပေါင်းဖိုများကို ပို၍မီးပြင်းလာနေစေသော အဘိုးအိုတစ်ဦး ဖြစ်သည်။

လူငယ်အုပ်စုတစ်စုက ထိုပတ်ဝန်းကျင်ကို ဝန်းရံလျက်ရှိသည်။ အုပ်စုသည် နှစ်စုကွဲနေ၏။ တစ်စုက အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်တစ်ယောက်ကို ခြံရံထားပြီး နောက်တစ်စုကတော့ အဝါရောင်ဝတ်ရုံနှင့် လူငယ်နောက်တစ်ယောက်၏အနားတွင် ဖြစ်သည်။ ထိုနှစ်ယောက်တွင် အလွန်မြင့်မားသောရာထူးရှိကြောင်း ထင်ရှားသည့်အပြင် လက်ရှိအချိန်တွင် သူတို့၏မျက်လုံးများသည် ကျောက်တိုင်အားလုံး၏အလယ်ရှိ အဘိုးကြီးကို မမှိတ်မသုန် အာရုံစိုက်နေကြ၏။ သူတို့က မိန်းကလေးများ၏ အသနားခံနေသော အော်သံများကိုလည်း မသိကျေးကျွန်ပြုထားကြလေသည်။

တခဏကြာသော် အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်က ထမေးသည်။ “ဒီတစ်ခေါက် ဘယ်သူ့အပေါ် လောင်းကြမလဲ”

“ဒီတစ်ခေါက် မဟာအကြီးအကဲစုန့်ရဲ့ ဆေးလုံးသန့်စင်အတတ်အရ ... သူရယ်၊ သူရယ်၊ သူရယ် နုပျိုဆေးလုံးဖြစ်လာလိမ့်မယ်” အဝါရောင်ဝတ်ရုံနှင့်လူငယ်က ကိုးယောက်ထဲရှိ မိန်းကလေးသုံးယောက်ကို လက်ညှိုးထိုးရင် ဖြေသည်။ ထိုမိန်းကလေးသုံးယောက်အနက် နှစ်ယောက်မှာ အသနားခံမနေသည့် နှစ်ယောက်ဖြစ်၏။

တဒင်္ဂတွေးပြီးသည့်အခါ အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်က ပြန်ပြောသည်။ “မင်းရွေးတာ တယ်မြန်တာပဲ။ ကဲ ဒီလိုဆိုမှတော့ ဟိုသုံးယောက် ဆေးလုံးဖြစ်လာလိမ့်မယ်လို့ ငါ လောင်းတယ်”

ထို့နောက် လူငယ်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စိမ်းစိမ်းဝါးဝါး ကြည့်လိုက်ကြ၏။

ဤအခိုက်အတန့်တွင် မဟာအကြီးအကဲစုန့်၏မျက်လုံးများ ရုတ်တရက် လင်းခနဲ လက်လာသဖြင့် ထစ်ချုန်းသံများကို ကြားလိုက်ရသည်။ သူက လက်နှစ်ဖက်လုံးကို မာန်ပါပါဝှေ့ယမ်းရင်း ဆေးပေါင်းဖိုကိုးလုံးအား မီးဟုန်းခနဲ ထတောက်လာစေသည်။ ကျောက်တိုင်များသည် ချက်ချင်း ပိုပူလာပြီး မျက်စိတစ်မှိတ်အတွင်း မီးအမျှင်ကိုးမျှင်က မိန်းကလေးကိုးယောက်ဆီ ပြေးဝင်သွား၏။

မိန်းကလေးခုနစ်ယောက်၏ပါးစပ်မှ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်လာသည်။ ကျန်နှစ်ယောက်မှာမူ ကြောက်လန့်တုန်ရီနေကြောင်း သိသာသော်လည်း အသံတစ်သံမှ မထွက်သေးပေ။ သို့သော် သူတို့၏နှလုံးသားထဲတွင် နောင်တများ ပြည့်ကြပ်နေသည်။

သူတို့၏သွေးဆက်အိမ်တော်တွင် ဖြစ်ပျက်နေသောအရာများနှင့်ပတ်သက်၍ မန်ရူ ပြောပြခဲ့သောအခါ သူတို့နှစ်ယောက်သည် ချက်ချင်း ပြန်ချင်ခဲ့သော်လည်း ယခုတော့ ဖြစ်နိုင်မည့်ပုံမပေါ်တော့ပေ။

မီးအမျှင်များ ချဉ်းကပ်လာနေစဉ် သူတို့သည် သက်ပြင်းခိုးချရင်း မျက်လုံးများသာ ပိတ်လိုက်ကြ၏။

“ဆေးလုံးဖြစ်လာစမ်း” မဟာအကြီးအကဲစုန့်က ထရပ်ပြီး လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်ရင်း ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ ထူးဆန်းသောအလင်းရောင်သည် သူ၏မျက်လုံးများမှ ဖြာထွက်လာသော်လည်း ၊ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် ဒေါသတကြီးနှာမှုတ်သံတစ်သံက မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်လာလေသည်။

သွေးအေးအေးစကားသံလည်း ဟိန်းထွက်လာသည်။ “မင်းကမှ ဆေးလုံးဖြစ်သင့်တဲ့ကောင်”

အေးစက်စက်စကားသံ တုံ့ပြန်လူးလာ ပဲ့တင်ထပ်သွားစဉ် မြေပြင်တစ်ခုလုံး ရေခဲသွားသည်။ ဆေးပေါင်းဖိုကိုးလုံး တုန်ရီသွားပြီး မီးတောက်များ မှိန်ကျသွားသည်။ ထို့နောက် မီးဖိုများသည် ဖောင်းခနဲ ပေါက်ကွဲသွားပြီး အက်ကွဲကြောင်းများက ကျောက်တိုင်များတစ်လျှောက် ပျံ့နှံ့သွား၏။

ကျောက်တိုင်များ ဝုန်းခနဲ လဲသွားသည့်အခါ မိန်းကလေးကိုးယောက်လုံး လှုပ်ရှားနိုင်သွားသည်။ သူတို့သည် ဖဝါးနှင့်မြေကြီး ထိလျှင်ချင်း ထွက်ပြေးကြ၏။ အသနားမခံခဲ့သော နှစ်ယောက်ကတော့ စိတ်လှုပ်ရှားနေသောအမူအရာဖြင့် အပေါ်မော့ကြည့်ရင်း ကျန်ခဲ့လေသည်။

တိုင်များနှင့် ချည်တွဲထားသော မီးအမျှင်များလည်း အသိစိတ်ရှိနေသည့်အလား ကြောက်လန့်တကြား ထွက်ပြေးနေကြသည်။ သို့သော် သိပ်ဝေးဝေးလံလံ မသွားနိုင်ခင် ၎င်းတို့မှာ အားလှိုင်းတစ်လှိုင်း၏ စုပ်ယူခြင်းခံလိုက်ပြီး အဖြူရောင်ဆေးလုံးတစ်လုံးသဖွယ် အတူတကွ ရစ်ပတ်လိမ်ဖယ်ရင်း လေပေါ်တွင် ဘွားခနဲ ပေါ်လာခဲ့သော လူငယ်တစ်ယောက်၏ လက်ထဲကျသွားသည်။

ထိုလူငယ်က လက်ကို ဝှေ့ယမ်းရင်း အဖြူရောင်ဆေးလုံးအား မဟာအကြီးအကဲစုန့်၏နဖူးထံ ပျံသန်းသွားစေသည်။ ၎င်းသည် လေကိုဖြတ်၍ ပျံသန်းနေစဉ် ကြေမွသွားပြီးနောက် မဟာအကြီးအကဲစုန့်နှင့် ပေါင်းစည်းသွားကာ မချိတင်အော်သံကြီး ထွက်လာစေ၏။ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်း မီးဟုန်းဟုန်းတောက်သွားပြီး အရိုးပင်မကျန် ပြာကျသွားတော့သည်။ ကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာတော့ ... အနီရောင်ဆေးလုံးတစ်လုံးသာ။

ယခုလေးတင် ရောက်လာခဲ့သည့်လူငယ်ကား မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။ သူ့အနောက်ရှိ မန်ရူက စိတ်မာသောမိန်းကလေးနှစ်ဦးကို ကြည့်ကာ မျက်ရည်တသွင်သွင်စီးကျနေသည်။ သူမသည် ကပျာကယာ ပျံသန်းသွားပြီး သူတို့၏အရှေ့တွင် ကာရပ်လိုက်၏။

ဤရုတ်တရက်အဖြစ်အပျက်က ရပ်ကြည့်နေသူအားလုံးအား ထိတ်လန့်သွားစေသည်။ သူတို့ နောက်ဆုတ်သွားကြစဉ် လူငယ်နှစ်ယောက်၏မျက်နှာများမှာ မည်းမှောင်နေတော့သည်။

“ရာရာစစ မင်းကများ မဟာအကြီးအကဲမန်ကို သတ်ရဲရတယ်လို့။ ဟေ့ကောင်တွေ ဒီကောင်တွေကို သတ်ပစ်စမ်း”

“သူ့ခေါင်း ငါ့ဆီ ယူလာခဲ့” သူတို့၏အမိန့်အတိုင်း သူတို့ပတ်ပတ်လည်ရှိ လူအုပ်ကြီးက မန်ဟို့ထံ ပျံသန်းသွားကြသည်။

“မင်းတို့က ဘယ်လိုမျိုးနွယ်စုမျိုးလဲ” မန်ဟိုက သတ်ဖြတ်လိုစိတ်တို့ကြောင့် မျက်ဝန်းများ အေးစက်စွာ တောက်ပနေလျက် တိုးညှင်းစွာ ပြောသည်။ “အရသာခံ ကြည့်ဖို့ လူတွေကို ဆေးလုံးအဖြစ် ပြောင်းပစ်ကြတယ်တဲ့လား။ မင်းတို့က တစ်စက်မှကို လူမဆန်တာပဲ။ ဒီလိုမှတော့ ... မင်းတို့ကို အသက်ချမ်းသာပေးရင်လည်း ဘာထူးတော့မလဲ”

All Chapters