← Chapters

အခန်း (၇၈၃-၇၈၄)

Vol. 49 Ch. 783-784

အခန်း (၇၈၃-၇၈၄)

Vol. 49 Ch. 783-784

အပိုင်း (၇၈၃)

ကျိရွှမ်က ရှမ့်လန် ပြောနေသည့် စကားလုံးများက အလွန်ပင် လျှို့ဝှက်သည့် အကြောင်းအရာများ ဖြစ်နိုင်ကြောင်း ရိပ်မိ၏။ ထိုအရာက သူ၏ နှလုံးသား အနက်ရှိုင်းဆုံးထဲတွင် မြှုပ်နှံထားသည့် လျှို့ဝှက်ချက်များ ဖြစ်ပေလိမ့်မည်။ ယခုကဲ့သို့ ထုတ်ပြောလာသည်ကို ကြည့်ခြင်းအားဖြင့် လုံးဝ သတိလွတ်သွားပြီ ဖြစ်ကြောင်း ထင်ရှား၏။

သူမ မသေချင်ပေ။ သူမနှင့် နင်ဟန်တို့ လုံးဝ မသေချင်ကြချေ။ သူမက ရှမ့်လန်ကို အတင်း တွဲထူပြီး ရှမ့်လန် ခဏမျှ ခံနိုင်ရည် ရှိစေရန် အတွင်းအားများကို အတင်း ဖြည့်သွင်းပေးသည်။ “ရှမ့်လန်... ကျွန်မကို ပြောစမ်း။ ဖြေဆေး ရှိလား။ ဖြေဆေး ဘယ်မှာလဲ။”

ရှမ့်လန်က မဖြေချေ။ “ရှမ့်လန်... ကျွန်န နင်ကျန်းကို လွှတ်ပေးမယ်။ နင်ယွမ်ရှန်းကိုလည်း လွှတ်ပေးမယ်။ ဖြေဆေး ဘယ်မှာ ရှိတယ်ဆိုတာ ကျွန်မကို ပြော။ ကျွန်မတို့က ရှင်နဲ့စေ့စပ်ထားတဲ့ လူတွေပဲ။ ကျွန်မတို့ သေသွားတာကို ရှင် တကယ်ပဲ ကြည့်နေနိုင်တာလား။”

နင်ဟန်က ရှေ့ကို တိုးလာ၏။ ပြီးနောက် ရှမ့်လန်၏ နှာခေါင်းအောက်ရှိ အချက်အချာ တည်နေရာကို အတင်း ဖိနှိပ်ကာ အော်ဟစ်၏။ “ရှမ့်လန်... ဖြေဆေး ဘယ်မှာလဲ။ ဖြေဆေး ဘယ်မှာလဲလို့။”

အမျိုးသမီး နှစ်ဦးတို့က မေးလည်းမေး၊ သွေးလည်း အန်နေကြသည်။

ရှမ့်လန်က မျက်လုံးများကို အသာပင် ဖွင့်ပြီး ကြည့်၏။ “ဖြေဆေး..”

ပြီးနောက် သူက နောက်ဆုံးရှိသမျှ အားကိုသုံးကာ နေရာတစ်ခုဆီသို့ လက်ညှိုးထိုးပြ၏။ သူ ညွှန်ပြလိုက်သည်က ပင်လယ်ပြင်ပေါ်တွင် ဝဲလည်နေသည့် ကျင်းမိသားစုမှ စွန့်ပစ်ထားသည့် သင်္ဘောငယ်များ ဖြစ်၏။ ထိုသင်္ဘောများပေါ်တွင် ဖြေဆေးက ရှိနေသည်လား။ မည်သည့် သင်္ဘောပေါ်တွင်နည်း။

မကြာမီမှာပဲ နင်ဟန်နှင့် ကျိရွှမ်တို့က မည်သည့် သင်္ဘောဖြစ်ကြောင်း သိရှိသွား၏။ အကြောင်းမှာတော့ တခြားသော သင်္ဘောများ၏ အလံက ရိုးရိုးဖြစ်သော်လည်း သင်္ဘောတစ်စင်းကမူ ပြုံးနေသည့် မျက်နှာပါသည့် အလံတစ်ခုကို ထူထားသောကြောင့်ပင်။ ထိုမျက်နှာက အလွန်ပင် ယုတ်မာသော သွင်ပြင်မျိုး ပေါက်သည်။

အစောပိုင်းတုန်းက ထိုသင်္ဘောပေါ်တွင် ဤအလံမရှိခဲ့ဘဲ ယခုမှ ပေါ်ပေါက်လာခြင်း ဖြစ်၏။ ယခု ညရောက်နေပြီဖြစ်ပြီး ပင်လယ်ပြင်တွင် မြူများက ကျဆင်းနေ၏။ ထိုသင်္ဘောကို မှီအောင် အမြန် လိုက်ရပေမည်။ မဟုတ်ပါက မြူခိုးများကြား ပျောက်ကွယ်သွားပေလိမ့်မည်။

“အင်း... ကျုပ်တို့တော့ ပင်လယ်ပြင်မှာ သင်္ဂြိုလ်ခံရတော့မယ်။ မိန်းကလေးနှစ်ယောက်... ဘာပဲ ပြောပြော ခင်ဗျားတို့က ကျုပ်နဲ့ စေ့စပ်ထားတဲ့ လူတွေပဲ။ ကဲ ကဲ.... သွားကြတော့ သွားကြတော့။”

ပြောပြီးသည်နှင့် ရှမ့်လန်၏ လက်က အောက်သို့ ခွေကျသွား၏။ သူ သေသွားပေပြီလား။ နင်ဟန်နှင့် ကျိရွှမ်တို့က မောဟိုက်စွာ အသက်ကိုရှူရင်း ရှမ့်လန်၏ နှလုံးခုန်သံကို အသည်းအသန် နားထောင်ကြည့်၏။ နှလုံးခုန်သံလည်း မရှိ၊ အသက်ရှူသံလည်း မရှိတော့သလိုပင်။ သွေးခုန်နှုန်းကို စမ်းကြည့်တော့လည်း မရှိတော့ချေ။

သူတို့ နှစ်ဦးက တစ်ဦးနှင့်တစ်ဦး ကြည့်ရှုလိုက်၏။ ဤလူယုတ်မာ သေသွားပြီလား။ ကမ္ဘာမြေကြီးမှ ထွက်ခွာသွားကြပြီလား။ ဤမျှ လွယ်လွယ်နှင့် သေသွားသည်လား။

ထိုအချိန်မှာတော့ ပင်လယ်ပြင်ထက်တွင် လေပြေအေးတစ်ခုက တိုက်ခတ်လာ၏။ ပင်လယ်ပြင်တွင် ဝဲလည်နေသည့် သင်္ဘောငယ်များက ရှေ့သို့ တရွေ့ရွေ့ မျောပါသွားခဲ့ကြပြီး မိစ္ဆာတြိဂံနယ်မြေဘက်သို့ ဦးတည်နေ၏။

အထူးသဖြင့် ပြုံးနေသော မျက်နှာအလံ လွှင့်ထူထားသည့် သင်္ဘောက ပိုမို၍ မြန်မြန်ပင် မျောပါသွား၏။ မိစ္ဆာတြိဂံနယ်မြေထဲသို့ ရောက်သွားလျှင် လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။ အမှန်ပင် သင်္ဘောတစ်စင်းက မိစ္ဆာတြိဂံနယ်မြေထဲသို့ မျောပါသွားခဲ့ပြီ ဖြစ်သည်။

“ဂျိန်း... ဂျိန်း...”

ရုတ်တရက် လျှပ်စီးများ လက်လာပြီး သင်္ဘောကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေ၏။

နင်ဟန်နှင့် မင်းသမီး ကျိရွှမ်တို့က အချင်းချင်း ထပ်မံကာ ကြည့်လိုက်၏။ အချိန်မရှိတော့ချေ။ ဖြေဆေး ရှိနိုင်သည့် ဤသင်္ဘောက မိစ္ဆာတြိဂံနယ်မြေထဲသို့ ဝင်ပေတော့မည်။

ထိုအချိန်မှာပဲ လူတစ်ယောက်က သွားလိုက်ချင်ရသော်လည်း အကယ်၍ ဖြေဆေးက တစ်ခုတည်းသာ ရှိသည် ဆိုလျှင်ကော။ ရှမ့်လန်ကဲ့သို့ ယုတ်မာသည့် စိတ်ဓာတ်ရှိသူက ဤသို့ အမှန်တကယ် ပြုလုပ်နိုင်၏။ ထို့ကြောင့် သင်္ဘောပေါ်သို့ ကိုယ်တိုင်သွား၍ ရှာဖွေရပေမည်။

နင်ဟန်က ဓားကို ဆွဲထုတ်ပြီး ရှမ့်လန်၏ ဦးခေါင်းကို ဖြတ်ရမလားဟု ဝေခွဲမရ ဖြစ်နေ၏။ သေသည်ဖြစ်စေ မသေသည်ဖြစ်စေ ခေါင်းဖြတ်လိုက်လျှင်တော့ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား သူမက လက်လျှော့လိုက်၏။

မင်းသမီးကျိရွှမ်ကလည်း နင်ဟန်၏ လက်ကို ထပ်မံ တားဆီးလိုက်ပြန်၏။ အကယ်၍ ထိုသင်္ဘောတွင် ဖြေဆေးမရှိဘဲ ရှမ့်လန်သာ သေသွားခဲ့လျှင် သူတို့အတွက် မျှော်လင့်ချက် မရှိတော့ပေ။

“လူတွေ လာခဲ့ကြ။ ဒီသင်္ဘောကို လာပြီး ရှမ့်လန်ကို စောင့်ကြည့်ထား။” ကျိရွှမ်က အော်ဟစ် အမိန့်ပေးလိုက်၏။ အော်ပြီးသည်နှင့် သူမက သွေးတစ်ချက် အန်ထုတ်လိုက်သည်။

ပြီးနောက် နင်ဟန်က အထူးပြုလုပ်ထားသည့် ကြိုးတစ်ချောင်းကို ထုတ်ယူပြီး ရှမ့်လန်ကို အထပ်ထပ် ချည်နှောင်၏။ သေသွားသည်ဆိုကာမူ သေချာချည်ထားရပေလိမ့်မည်။

ပြီးနောက် ကျိရွှမ်နှင့် နင်ဟန်တို့က ပင်လယ်ရေပေါ်သို့ ခုန်ဆင်းပြီး ရေပြင်ကို နင်း၍ အလျင်အမြန် ပြေးထွက်သွား၏။ ပြုံးနေသည့် မျက်နှာအလံ လွှင့်ထူထားသည့် သင်္ဘောနောက်သို့ အသည်းအသန် လိုက်ကြခြင်းပင်။ နှစ်ဦးစလုံးက သိရှိထား၏။ လူတစ်ယောက်တည်း သွားလျှင်ရသော်လည်း နှစ်ဦးစလုံးက တစ်ဦးကို တစ်ဦး မယုံကြည်သောကြောင့် အတူတူ သွားကြခြင်းပင်။

ဤအချိန်မှာတော့ သဘာဝလွန်အင်အားစုများ၏ စစ်သင်္ဘောများက ရှမ့်လန်၏ သင်္ဘောနှင့် မီတာ ထောင်ပေါင်းများစွာ ဝေးကွာနေ၏။ မတတ်နိုင်ပေ။ ရှမ့်လန်တို့သုံးဦး၏ ရောဂါက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသောကြောင့် ဝေးဝေးနေခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

နင်ဟန်နှင့် ကျိရွှမ်တို့၏ သိုင်းပညာက တကယ်ကို ထူးချွန်၏။ ဤမျှ ပြင်းထန်စွာ ဖျားနာနေသည် ဆိုလျှင်တောင်မှ သူတို့၏ အရှိန်က အလွန် မြန်ဆန်နေဆဲ ဖြစ်၏။ သို့သော်ငြား ပြုံးနေသည့် မျက်နှာ အလံနှင့် သင်္ဘောက မိစ္ဆာတြိဂံနယ်မြေနှင့် ပို၍ ပို၍ နီးကပ်လာ၏။ သူတို့နှစ်ဦးလုံးက ရင်တစ်ခုလုံး ပူလောင်နေကြသည်။ သူတို့က အတွင်းအားကို အစွမ်းကုန် သုံးကာ ပြေးကြ၏။

“ဖူး... ဖူး...”

အတွင်းအားကို ပိုပြီးသုံးလေ သွေးအန်တာ ပိုဆိုးလေပင်။ မီတာ တစ်သောင်းကျော်ခန့် ပြေးပြီးနောက် ထိုသင်္ဘောကို မီသွားကြ၏။ နှစ်ဦးသား နှစ်ဘက်ညှပ်ကာဖြင့် သင်္ဘောကို အတင်း တားစီး၏။ သူတို့ နှစ်ဦး၏ သိုင်းပညာက အလွန်ပင် အားကောင်း၏။ သင်္ဘောက သင်္ဘောငယ်လေး တစ်ခု ဆိုသော်လည်း တန်ချိန် ရာဂဏန်း ရှိသည့် ပင်လယ်ကူး သင်္ဘောမျိုးပင်။ လေတိုက်သည်နှင့် မျောပါသည့် သင်္ဘော၏ အရှိန်က မည်မျှ ကြီးလိုက်သနည်း။

သို့သော်ငြား မိန်းကလေး နှစ်ယောက်တို့၏ အင်အားဖြင့် သင်္ဘောက ရပ်တန့်သွား၏။ ပြီးနောက် ကျိရွှမ်က သင်္ဘောပေါ်သို့ ခုန်တက်ကာဖြင့် ရွက်တိုင်များကို အမြန်ပြုပြင်ရင်း သင်္ဘောကို လမ်းကြောင်း ပြောင်းစေကာဖြင့် မိစ္ဆာတြိဂံနယ်မြေနှင့် ဝေးရာသို့ မောင်းနှင်လိုက်၏။ ပြီးနောက် မင်းသမီး နှစ်ယောက်လုံး က သင်္ဘောပေါ်တွင် ဖြေဆေးဆိုသည်ကို သေသေချာချာဖြင့် အသည်းအသန် ရှာဖွေကြတော့သည်။

သို့သော်ငြား ထိုအခိုက်အတန့်မှာပဲ”ဘုန်း... ဘုန်း...”

ရုတ်တရက် ရှမ့်လန်၏ သင်္ဘောကြီးက ပေါက်ကွဲ ထွက်သွားခဲ့၏။ အစိမ်းရောင် မီးခိုးများ၊ အမဲရောင် မီးခိုးများနှင့် ထူးဆန်းသည့် မီးခိုးလုံးကြီးများက ကောင်းကင်ပေါ်သို့ ချက်ချင်းပင် လိပ်တက်သွား၏။ ရှမ့်လန် ဘာလုပ်သနည်း။ တကယ်ပဲ ပင်လယ်ပြင်တွင် သင်္ဂြိုလ်ခံခဲ့ပြီလား။

မီတာ ထောင်ပေါင်းများစွာ အကွာရှိ စစ်သင်္ဘောများက ထပ်မံ၍ နောက်သို့ ဆုတ်ခွာသွားခဲ့ပြန်၏။

ရှမ့်လန်က တကယ့်ကို ကြောက်စရာ ကောင်းသောလူ ဖြစ်၏။ သေလျှင်ပင် လူပေါင်းများစွာတို့ကို သူနှင့်အတူ အဖော်ခေါ်သွားချင်သူမျိုးပင်။ ထိုမီးခိုးများတွင် မည်မျှ ပြင်းထန်သည့် အဆိပ်များ၊ ပိုးမွှားများ ပါရှိနေမည်ကို မည်သူ သိနိုင်မည်နည်း။

နင်ဟန်နှင့် ကျိရွှမ်တို့က ရှမ့်လန်၏ သင်္ဘောဘက်မှ အခြေအနေကို လှမ်းမြင်ရသည်။

“တွေ့ပြီ။”

နင်ဟန်က သေတ္တာတစ်လုံးကို တွေ့ရှိ၏။ အပေါ်တွင် ‘ဖြေဆေး’ ဟု စာလုံးကြီးကြီး ရေးထား၏။ သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ဆေးထိုးပြွန်တစ်ခုနှင့် အဖြူရောင် ဆေးရည်များ ပါရှိနေ၏။

ထို့အပြင် စာတစ်စောင်လည်း ရှိသည်။ “မိန်းကလေးနှစ်ယောက်... ဖြေဆေးက တစ်ခုပဲ ရှိတယ်။ ဆိုလိုတာ နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်။ ကောင်းကောင်း ရွေးချယ်ကြပေါ့။”

ယုတ်မာလိုက်လေခြင်း။ လောကကြီးပေါ်တွင် ရှမ့်လန်ထက် ယုတ်မာသည့်လူဟူ၍ မရှိခဲ့ချေ။ အခု မည်သို့ လုပ်ရမည်နည်း။ ဤဖြေဆေး တစ်ခုတွက်နှင့် တစ်ဦးနှင့် တစ်ဦး သတ်ကြမည်လား။ အကယ်၍ ဤဆေးက ဖြေဆေး မဟုတ်ဘဲ အဆိပ်ဖြစ်နေလျှင်ကော။ တခြားသူကို စမ်းခိုင်း၍လည်း မရချေ။ တခြားသော သူတွေက ရောဂါ မရှိသောကြောင့်ပင်။ ထို့ကြောင့် တစ်ယောက်ကို တစ်ဝက်စီ ထိုးရမည်လား။

နောက်တစ်စက္ကန့်မှာပဲ ကျိရွှမ်က နင်ဟန်၏ လက်မောင်းကို ဆွဲကာ ဆေးထိုးအပ်နှင့် တန်းထိုး၏။ ပြီးနောက် နင်ဟန်၏ တုံ့ပြန်မှုကို ငြိမ်သက်စွာ ကြည့်ရှုနေ၏။ ချက်ချင်း ပျောက်ကင်းသွားဖို့ သူမ မမျှော်လင့်ပေ။ နင်ဟန်ကို အရင်ထိုးပေးခြင်းက အဆိပ်ရှိ၊ မရှိ စမ်းကြည့်ခြင်းသာ ဖြစ်၏။

အချိန် အနည်းငယ် ကုန်လွန်သွား၏။ နင်ဟန်တွင် ထူးခြားသည့် ဘေးထွက်ဆိုးကျိုးမျိုး မရှိဘဲ ချောင်းဆိုးခြင်းပင် အနည်းငယ် သက်သာသလို ခံစားရ၏။ မကြာခင်မှာပင် ကျိရွှမ်က ကျန်ရှိနေသည့် ဆေးရည်ကို မိမိကိုယ်ကိုယ် ထိုးသည်။

ထိုအခိုက်မှာတော့ ဆေးထိုးပြွန်ပေါ်တွင် စာတန်းလေး တစ်ခု ပေါ်လာ၏။ ဆေးရည်များ ရှိနေစဉ်က အဖြူရောင်ချင်း တူနေသောကြောင့် မမြင်ရခြင်း ဖြစ်၏။ “မိန်းကလေးနှစ်ယောက်တို့ ... ခြေထောက်အောက်မှာ သေတ္တာတစ်ခု ရှိတယ်။”

ကျိရွှမ်နှင့် နင်ဟန်တို့က နောက်သို့ အလျင်အမြန်ဆုတ်လိုက်၏။ ပြီးနောက် ကြမ်းပြင်ကို ဓားဖြင့် လှန်ကြည့်လိုက်ရာ နောက်ထပ် သေတ္တာတစ်လုံး ထွက်လာ၏။ ထိုအရာကို ဖွင့်ကြည့်တော့ အဖြူရောင် ဆေးရည်များပါသည့် ဆေးထိုးပြွန် ၁၀ ခုကျော်ကို တွေ့ရသည်။

“အင်း... မိန်းကလေးတို့နှစ်ယောက်ကို တစ်ယောက်နဲ့ တစ်ယောက် သတ်အောင် လုပ်မလို့ပဲ။ ဒါပေမဲ့ ခင်ဗျားတို့က သာမန်လူတွေ မဟုတ်ဘူးဆိုတော့ မအောင်မြင်ဘူး ထင်ပါရဲ့။ ရောဂါက ဆေးတစ်လုံးတည်းနဲ့ မပျောက်ဘူး။ ပင်နီစလင်ကို ရက်အနည်းငယ်လောက် ဆက်တိုက်ထိုးရမယ်။ ဒီဆေးတွေက ခင်ဗျားတို့ ရောဂါ ပျောက်ကင်းစေဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ အတုခိုးဖို့ မကြိုးစားနဲ့။ မဖြစ်နိုင်ဘူး မှတ်ထား။ နင်ယွမ်ရှန်းနဲ့ နင်ကျန်းကို မသတ်ပါနဲ့။”

နင်ဟန်က ပြော၏။ “ဒီဆေးက အစစ်ပဲ။ ကျွန်မရဲ့ ကိုယ်ထဲမှာ ဆေးရှိန် တက်လာတာကို ခံစားရတယ်။”

ကျိရွှမ်က ရှမ့်လန် ချန်ထားခဲ့သည့် စာကို မီးရှို့၏။ နင်ယွမ်ရှန်းကတော့ အသက်ရှင်ကောင်း ရှင်ပေလိမ့်မည်။ သို့ပေမည့် နင်ကျန်းကတော့ မလွဲမသွေ သေရပေမည်။ ရှမ့်လန်၏ ဤနည်းလမ်းလေးလောက်နှင့် နင်ကျန်းကို မကယ်တင်နိုင်ပေ။

သို့သော်ငြား ထိုအချိန်မှာပင် မင်းသမီး ကျိရွှမ်က ရုတ်တရက် ထိတ်လန့်သွား၏။ “မြန်မြန် ပြန်ရအောင်။ ရှမ့်လန် သေတယ်ဆိုတာက လှည့်ကွက်ပဲ။”

အသက်အန္တရာယ် ကင်းဝေးသွားကြပြီဖြစ်သောကြောင့် သူတို့ နှစ်ယောက်က ပြန်လည် တည်ငြိမ်လာ၏။ ပုလိပ်နက်ရောဂါ၏ ဖြေဆေး ရှိနေမှတော့ ရှမ့်လန်က အဘယ်သို့ သေနိုင်မည်နည်း။ ထိုသို့ဆိုလျှင် သူက ဘာကြောင့် သေချင်ယောင်ဆောင်ရသနည်း။ သို့မဟုတ် ထွက်ပြေးချင်နေသည်လား။ သို့သော်ငြား ဤနေရာက အဆုံးမရှိသည့် ပင်လယ်ပြင်ကြီး ဖြစ်၏။ မည်ကဲ့သို့ ပြေးမည်နည်း။

ရုတ်တရက် ရှမ့်လန်ရှိရာ သင်္ဘော၏ မီးခိုးများကြားမှ မီးတောက်တစ်ခုက အရှိန်အဟုန်နှင့် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ပေါ်သို့ ပြန်တက်သွား၏။

“ဘုန်း... ဘုန်း...” ကြီးမားသည့် ပေါက်ကွဲမှုကြီး နှင့်အတူ ရှမ့်လန် စီးနင်းလာခဲ့သည့် သင်္ဘောက မီးဟုန်းဟုန်း တောက်လောင်သွား၏။ တည်နေရာတစ်ခုလုံးကလည်း လင်းထိန်သွားခဲ့၏။ ထိုမီးရောင်အောက်တွင် အားလုံးက မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုကို မြင်ရသည်။

ရှမ့်လန်က အမှန်တကယ်ပင် ကောင်းကင်ပေါ်သို့ ပျံတက်သွားခြင်း ဖြစ်၏။ လူက အဘယ်သို့ ပျံနိုင်မည်နည်း။

အားလုံးက သေချာကြည့်ရှုလိုက်ချိန်မှာတော့ ကြီးမားလွန်းသည့် မီးပုံးပျံကြီး တစ်ခုကို မြင်ရ၏။ မီးပုံးပျံကြီး၏ အောက်တွင် မီးတောက်များက တောက်လောင်နေပြီး ရှမ့်လန်က ထိုမီးပုံးပျံကြီးကို စီးနင်းကာ အထက်ကို မြင့်သထက် မြင့်အောင် ပျံတက်နေ၏။

မင်းသမီးကျိရွှမ်၏ ဦးရေပြားများက စိမ့်တက်သွားခဲ့မိ၏။ ရှမ့်လန်က တကယ်ပဲ ကောင်းကင်ပေါ်သို့ ပျံတက်သွား နိုင်သည်။

“ပစ်ချစမ်း။ သူ့ကို ပစ်ချကြစမ်း။”

အနီးအနားရှိ သင်္ဘောကြီးများမှ မြားကြီးများ၊ သဘာဝလွန်အင်အားစုများမှ လေးမြားများက ကောင်းကင်ပေါ်သို့ အဆက်မပြတ် ပစ်ခတ်ကြသော်လည်း ရှမ့်လန်၏ မီးပုံးပျံက တကယ့်ကို မြင့်မားလွန်းသောကြောင့် မမီတော့ချေ။

ကောင်းကင်ယံအထက်မှ ရှမ့်လန်၏ အော်ဟစ်သံကြီးကသာ ထွက်ပေါ်လာ၏။ “ကျိရွှမ်... နင်ဟန်... ခင်ဗျားတို့ ဒါကို ထာဝရ မှတ်ထားကြ။ ကျုပ်ရဲ့ မိသားစုကို မိစ္ဆာတြိဂံနယ်မြေထဲ ရောက်အောင် တွန်းပို့ခဲ့တာ ခင်ဗျားတို့ပဲ။ ဒီအချိန်ကို ကျုပ် ဘယ်တော့မှ မမေ့ဘူး။ ကျုပ်ရဲ့ မိန်းမ၊ ကျုပ်ရဲ့ သားသမီးတွေ၊ ဒီကြောက်စရာကောင်းတဲ့ နယ်မြေထဲကို ရောက်သွားခဲ့တာ ခင်ဗျားတို့ကြောင့်ပဲ။

ကျုပ်မိန်းမရဲ့ မျက်လုံးတွေ၊ ကျုပ်ကလေးတွေ ငိုယိုနေတဲ့ အသံတွေကို ကျုပ် ဘယ်တော့မှ မမေ့ဘူး။ ကျုပ်ရင်ထဲမှာ ဓားနဲ့ မွှန်းခံထားသလိုပဲ။ တစ်နေ့နေ့မှာ ကျုပ် ပြန်လာခဲ့မယ်။ အရာအားလုံးကို ဆယ်ဆ၊ အဆတစ်ရာ ပြန်ပြီး လက်စားချေမယ်။

ခင်ဗျားတို့ နှစ်ယောက်လုံးကို ကျုပ် အခု သတ်ပစ်လို့ ရပေမဲ့ အဲဒါက ခင်ဗျားတို့အတွက် သက်သာလွန်း နေတယ်။ ခင်ဗျားတို့ကို ကျုပ် အရှင်လတ်လတ် ငရဲကျအောင် လုပ်မယ်။ ဒီလောကကြီးထဲမှာ လူဖြစ်ရတာကို နောင်တရစေရမယ်။ နင်ယွမ်ရှန်းနဲ့ နင်ကျန်းကို သတ်ချင်နေတာလား။ အိမ်မက်ပဲ မက်နေလိုက်။”

ရှမ့်လန်က အစွမ်းကုန် အော်ဟစ်နေမိ၏။ အောက်တွင် ကျန်ရှိနေသည့် လူများကတော့ မြင့်လွန်းသောကြောင့် သူ အော်နေသည်ကို မကြားရချေ။ သို့သော်ငြား ရှမ့်လန်ကတော့ အော်ဟစ်ပြီးနောက် ရင်ထဲတွင် ပေါ့ပါးသွားခဲ့သည်။

သိုင်းပညာရှင် ထောင်ပေါင်းများစွာတို့၏ကြားမှ လွတ်မြောက်ရန် ရှမ့်လန်က နည်းလမ်းသုံးမျိုးကို ပြင်ဆင်ထား၏။ ပထမတစ်ခုက ရေငုပ်သင်္ဘောငယ်လေး၊ ဒုတိယက ဂလိုက်တာ (လေဟုန်စီး ကရိယာ) နှင့် တတိယက မီးပုံးပျံ ဖြစ်၏။ မီးပုံးပျံက အန္တရာယ်အကင်းဆုံး ဖြစ်သော်လည်း ပြင်ဆင်ချိန် အလွန်ကြာမြင့်၏။ သို့သော်ငြား သဘာဝလွန် အင်အားစုများက ရောဂါကို ကြောက်သောကြောင့် အနားသို့ မကပ်လာရဲချေ။ ရှမ့်လန်၌ ပြင်ဆင်ချိန် အလုံအလောက်စွာ ရရှိခဲ့၏။

“ပစ်စမ်း။ ပစ်ကြစမ်း။”

နင်ဟန်က အော်ဟစ်နေပြီး ထောင်ပေါင်းများစွာသည် မြားများက ကောင်းကင်ပေါ်သို့ ပျံတက်သွားသော်လည်း အားလုံးက အချည်းနှီးပင်။ ရှမ့်လန်က မီတာတစ်ထောင်ကျော် အမြင့်ဆီသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ကျိရွှမ်က အလွန်ထုထည်ကြီးမားသော မြားတစ်စင်းကို ထုတ်ယူပြီး ပစ်ခတ်သည်။ ထိုမြားက ရှမ့်လန်၏ မီးပုံးပျံကို ထိုးဖောက်သွား၏။ သို့သော်ငြား မီးပုံးပျံက အပေါက်ငယ်လေးတစ်ခုကြောင့်နှင့်တော့ ပျက်ကျ မသွားချေ။ ရှမ့်လန်၏ မီးပုံးပျံက လေစီးကြောင်းအတိုင်း မိစ္ဆာတြိဂံနယ်မြေထဲသို့ တဖြည်းဖြည်း တိုးဝင်သွား ခဲ့၏။

ကျိရွှမ်နှင့် နင်ဟန်တို့က ငြိမ်သက်စွာဖြင့် ကောင်းကင်ယံကို ငေးကြည့်နေသည်။ “ဒါ ငါတို့နှစ်ယောက်နဲ့ စေ့စပ်ထားခဲ့တဲ့ လူလား။”

“အင်း... ဟုတ်တယ်။”

နင်ဟန်က ပြန်ဖြေ၏။ “သူသာ ပြန်လာရင် တစ်လောကလုံး ဒုက္ခရောက်အုံးမှာပဲ။”

ရှမ့်လန်က မီးပုံးပျံပေါ်တွင်ထိုင်ပြီး တောင်ဘက်သို့ ဆက်လက်ပျံသန်းနေ၏။ မိစ္ဆာတြိဂံနယ်မြေနှင့် ပိုမို၍ နီးကပ်လာပြီ ဖြစ်၏။ ထိုအချိန်မှာပဲ ကောင်းကင်ယံထက်၌ လျှပ်စီးများ လက်လာပြီး မိုးချိန်းသံများနှင့် ဆူညံလာသည်။ ရှမ့်လန်၏ မီးပုံးပျံက သတ္ထုဖြင့် ပြုလုပ်ထားသည် မဟုတ်သောကြောင့် လျှပ်စီးကူးနိုင်ခြင်း မရှိချေ။

သို့သော်ငြား လျှပ်စီးရောင်၏ အောက်တွင် ရှမ့်လန် မြင်လိုက်ရသည်က မလှမ်းမကမ်း ပင်လယ်ပြင်တွင် ကြီးမားသည့် လေဆင်နှာမောင်းကြီး တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းပင်။ ထိုအရာကြီးက သူ၏ မီးပုံးပျံဆီသို့ ဦးတည်လာနေ၏။

“မလုပ်နဲ့။ မလုပ်နဲ့။”

ရှမ့်လန်က စိတ်ထဲတွင် ဆုတောင်းနေသော်လည်း လေဆင်နှာမောင်းကြီးက တဖြည်းဖြည်း နီးကပ်လာ၏။ အကယ်၍ မီးပုံးပျံကသာ လေဆင်နှာမောင်းနှင့် ထိတွေ့မိပြီဆိုပါက အမှုန့်ဖြစ်သွားပေလိမ့်မည်။

အပိုင်း (၇၈၄)

ရှမ့်လန်က မျက်လုံးကို မှိတ်လိုက်၏။ အရာအားလုံးကို ကံကြမ္မာ၏ လက်ထဲသို့သာ အပ်နှံလိုက်တော့၏။ သို့သော်ငြား ရှမ့်လန်အနေနှင့် ကံကောင်းသည်ဟု ဆိုရမည်။ အကြောင်းရင်းက လေဆင်နှာမောင်းကြီးက သူ့အား အတွင်းသို့ ဝါးမျိုမသွားခဲ့သောကြောင့်ပင်။ မဟုတ်ပါက ရလဒ်က တစ်ခုတည်းသာရှိပြီး အစအန မကျန်အောင် ကြေမွသွားပေလိမ့်မည်။

သို့သော်ငြား လေဆင်နှာမောင်းက သူ့အား ခေါ်ဆောင်သွား၏။ ထိုအရာက အမှန်တကယ်ပင် နဂါးကြီး တစ်ကောင်အလားပင် ဖြစ်၏။ ပင်လယ်ပြင်အထက်တွင် ရေငွေ့များကို ရူးသွပ်စွာ စုပ်ယူ ဝါးမျိုနေပြီး ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် လည်ပတ်ပြီး ထိုလည်ပတ်မှုကလည်း တစ်စထက်တစ်စ ပိုမို၍ ကြီးလာ၏။

နောက်ဆုံးတွင် ထိုအရာက ပင်လယ်ပြင်နှင့် ကောင်းကင်ယံကို ဆက်သွယ်ပေးထားသည့် ဧရာမ လက်တံကြီး တစ်ခုအလားပင် အရှေ့မြောက်ဘက်ဆီသို့ ရူးသွပ်စွာ ရွေ့လျားနေ၏။ ဧရာမ လေဆင်နှာမောင်းကြီး ရှေ့မှောက်တွင် ရှမ့်လန်၏ မီးပုံးပျံက သေးငယ်လွန်းသည်။ ဆပ်ပြာပူပေါင်းလေးတစ်ခုကဲ့သို့ပင် နုနယ်၏။ အတွင်းသို့ ပါမသွားခဲ့သော်လည်း သူ၏ မီးပုံးပျံက ဆွဲခေါ်ခြင်းကို ခံခဲ့ရသည်။

လေဆင်နှာမောင်း၏ ရွေ့လျားမှုက အလွန်မြန်ဆန်ပြီး တစ်နာရီလျှင် ကီလိုမီတာ တစ်ရာခန့်ထိ ရှိနိုင်သည်။ ရှမ့်လန်၏ မီးပုံးပျံက ဤလေဆင်နှာမောင်း၏ ဆွဲငင်မှုနောက်သို့ ပါသွားကာ အရှေ့မြောက်ဘက်ဆီသို့ တောက်လျှောက် ပျံသန်းနေ၏။ ကောင်းကင်ယံထက်တွင် လူးလာတုန်ခါမှုက မည်သည့်လေယာဉ်ထက်မဆို ပိုမိုကာ ပြင်းထန်၏။

အဓိကအချက်အားဖြင့် အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေခြင်းပင်။ အပတ်ရေ ဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်းအထိပင် လည်နေသည်။ ရှမ့်လန်က ခြင်းတောင်းအား အတင်းအကျပ် ဆုပ်ကိုင်ကာ ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ထားရ၏။ ယခုအချိန်မှာတော့ သူ၏အသက်က အမှန်တကယ်ပင် ဆပ်ပြာပူပေါင်းလေး ကဲ့သို့ နုနယ်နေပြီး အချိန်မရွေး လွယ်လွယ်ကူကူနှင့် ပျက်စီးသွားနိုင်သည်။

ထို့အပြင် သူ ဘာတစ်ခုကိုမှ မမြင်ရပေ။ လေဆင်နှာမောင်း၏ အကြွင်းအကျန် အရှိန်အဟုန်က သူ၏ မီးပုံးပျံကို ဆွဲခေါ်သွား၏။ ထိုအရာက ရူးသွပ်စွာ ပျံသန်းနေ၏။

“ဝုန်း... ဝုန်း...” ကောင်းကင်ယံမှ လျှပ်စီးများက ရူးသွပ်စွာ ပစ်ခတ်နေခဲ့ပြီး ကောင်းကင်ပြင်ကို စွဲဖြဲနေသည်။

ရှမ့်လန် မြင်တွေ့နေရသည်က မိစ္ဆာတြိဂံနယ်မြေက သူနှင့် တစထက်တစ ပိုမိုကာ ဝေးကွာသွားခြင်းပင်။ “ငါ့မိန်းမ.. ငါ့ရဲ့ မိသားစု..”

သို့သော်ငြား မူလန်ကို ယုံကြည်ရပေမည်။ ထိုသင်္ဘောကြီးကို ယုံကြည်ရမည်။ ထိုသင်္ဘောက မိစ္ဆာတြိဂံ နယ်မြေကို သေချာပေါက် ဖြတ်ကျော်နိုင်ပေလိမ့်မည်။ မိစ္ဆာတြိဂံနယ်မြေ၏ ပင်လယ်ပြင် အလယ်ဗဟိုရှိ လောကသစ်ကို သေချာပေါက် ရောက်ရှိပေလိမ့်မည်။

မိစ္ဆာတြိဂံနယ်မြေသို့ ဝင်ရောက်ရာတွင် ကြီးမားသည့် ဘေးအန္တရာယ်တချို့ ရှိ၏။ ပထမဦးဆုံးက လျှပ်စီးလက်ခြင်း ဖြစ်၏။ နေရာအနှံ့တွင် ပေါ်ပေါက်လာလျှပ်စီးများက မည်သည့်သင်္ဘောကိုမဆို အလွယ်တကူ နှင့် ဆွဲဖြဲ ဖျက်ဆီးနိုင်၏။ ရွက်လှေခေတ်က သင်္ဘောများအတွက် လျှပ်စီးပစ်ခတ်ခြင်းက အလွန်ကို ဆိုးရွား၏။ လျှပ်စီးထိမှန်သည်နှင့် တပြိုင်နက် တောက်လောင်သွားတတ်၏။

နပိုလီယန်၏ စစ်ပွဲကာလက ဗြိတိသျှရေတပ်က လျှပ်စီးမိုးကြိုးပစ်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရပြီး သင်္ဘောပေါင်း ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ဖူး၏။ ထို့အပြင် မိစ္ဆာတြိဂံနယ်မြေအတွင်းရှိ လျှပ်စီးများက မရေတွက်နိုင်အောင် များပြားပြီး မည်သည့်နေရာကမှန်း မသိဘဲ ပေါ်ပေါက်လာခဲ့သောကြောင့် ရှောင်လွှဲ၍ မရနိုင်ချေ။ ထို့ကြောင့် ဝင်သွားသည့် သင်္ဘောအများစုက ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

သို့သော်ငြား ရှမ့်လန်၏ သင်္ဘောက တည်ဆောက်စဉ်ကတည်းက လျှပ်စီးမိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိရန် သေချာ စီစဉ်ထားခြင်း ဖြစ်၏။ သတ္ထုအမျှင်များကို အသုံးပြုကာဖြင့် လျှပ်စီးများကို ပင်လယ်ရေထဲသို့ စီးဆင်း သွားစေသောကြောင့် သင်္ဘောက ပျက်စီးလိမ့်မည် မဟုတ်ချေ။

မိစ္ဆာတြိဂံနယ်မြေတွင် နောက်ထပ် ကြောက်မက်ဖွယ်ရာကောင်းသည့် အချက်က မုန်တိုင်းနှင့် လေဆင် နှာမောင်းများပင်။ ဤသဘာဝ စွမ်းအားကြီး၏ ရှေ့မှောက်တွင် မည်သည့်သင်္ဘောမဆို အားနည်းနုနယ် လွန်းလှ၏။ သို့သော်ငြား မုန်တိုင်းနှင့် လေဆင်နှာမောင်းတို့ကို မူလန်တွင် ကြိုတင်သိမြင်နိုင်သည့် အာရုံရှိသောကြောင့် ဤသင်္ဘောအား ဘေးကင်းစွာ ခရီးဆက်နိုင်ရန် ဦးဆောင်နိုင်ပေလိမ့်မည်။

“မိန်းမ.. တို့မိသားစုကို မင်းရဲ့လက်ထဲကို အပ်ခဲ့ပြီ။ မင်း သူတို့ကို ဘေးကင်းအောင် လုပ်ပေးနိုင်မယ်လို့ ငါယုံကြည်တယ်။” လျှပ်စီး၏ အလင်းရောင်ကို အမှီအခိုပြုကာ လှမ်းကြည့်ရင်း ရှမ့်လန်က ဝေးကွာသွားခဲ့သည့် မိစ္ဆာတြိဂံ နယ်မြေဆီသို့ လက်ဝှေ့ယမ်း နှုတ်ဆက်၏။ ပြီးနောက် သူက လုံးဝ သတိလစ် မေ့မြောသွားခဲ့၏။ အကြောင်းရင်းက သူ၏ဟန်ချက်ထိန်းနိုင်စွမ်းက အကန့်အသတ်သို့ ရောက်ရှိနေသောကြောင့်ပင်။

“ကောင်းကင်ဘုံ... ကျုပ်ကို ဘယ်ကို ခေါ်သွားအုံးမှာလဲ။ ကဲ.. စိတ်ကြိုက်သာလုပ်တော့။ ဘယ်ကိုပဲ ခေါ်သွားပါစေ၊ ဒါက ကံကြမ္မာပဲ။ လူရှိတဲ့နေရာဆိုရင် ကျုပ် ရှမ့်လန်က ကောင်းကင်ထိ ပျံတက်နိုင်စေရမယ်။ အောင်မြင်မှုတွေနဲ့ တောက်ပနေရမယ်။”

..............

မည်မျှ ကြာသွားသည် မသိချေ။ ရက်ပေါင်း အတော်ကြာသွားပြီလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။ ရှမ့်လန်က နိုးထလာခဲ့၏။ ခေါင်းက ကွဲအက်လုမတတ် ကိုက်ခဲနေပြီး ဝမ်းဗိုက်ကလည်း ဆာလောင်လွန်းသောကြောင့် တဂွီဂွီ ဖြစ်နေ၏။ သို့သော်ငြား ရေဓာတ်ခန်းခြောက်မှုက သိပ်မဆိုးလှချေ။ အကြောင်းရင်းက လေဆင်နှာမောင်း တိုက်ခတ်စဉ်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရှမ့်လန်ကို ဗိုက်ပြည့်အောင် တိုက်ကျွေးခဲ့သလို ဖြစ်နေသောကြောင့်ပင်။

ရှမ့်လန်က အတော်အတန် ခွန်အားစိုက်၍ မျက်လုံးကို ဖွင့်ကြည့်၏။ နေရောင်ခြည်က ပြင်းလွန်းသောကြောင့် မျက်စိပင် မဖွင့်နိုင်အောင် စူးရှနေ၏။

“ဟမ်.. ဒါ ဘယ်နေရာလဲ။ တော်ဝင်ရန်အင်ပါယာကနေ ဘယ်လောက်တောင် ဝေးသွားပြီလဲ။ မိစ္ဆာတြိဂံနယ်မြေကနေရော ဘယ်လောက် ဝေးသွားပြီလဲ။”

ရှမ့်လန်က သူ၏ ဉာဏ်ရည်တုထဲသို့ ဝင်ရောက်ခဲ့ပြီး အချက်အလက်များကို စစ်ဆေးကြည့်၏။ သူ ၄ ရက်နှင့် ၃ ညတိုင်တိုင် သတိလစ်မေ့မြောနေခြင်းပင်။ အမှန်စစ်စစ် ပျံသန်းသွားခဲ့သည့် အချိန်က ထိုမျှကြာချင်မှ ကြာပေလိမ့်မည်။ သို့သော်ငြား ရှမ့်လန်၏ခန့်မှန်းချက်အရ ဤနေရာက မိစ္ဆာတြိဂံနယ်မြေမှ မိုင်ပေါင်း သောင်းချီ ဝေးကွာသွားခဲ့ပြီ ဖြစ်၏။ တော်ဝင်ရန်အင်ပါယာနှင့် မိုင်ပေါင်း တစ်သောင်းခွဲကျော် ဝေးကွာနိုင်၏။ ထိုအရာက ခန့်မှန်းချက်မျှသာ ဖြစ်၏။ အကွာအဝေး အတိအကျကို နတ်ဘုရားများသာ သိပေလိမ့်မည်။

ထို့သို့ဆိုလျှင် ဤနေရာက မည်သည့်အရပ် ဖြစ်သနည်း။ ထိုအရာကိုလည်း နတ်ဘုရားများသာ သိပေလိမ့်မည်။ ယခု ပတ်ဝန်းကျင်တစ်ခုလုံးက အဆုံးစမဲ့သော ပင်လယ်ပြင်ကြီးသာ ဖြစ်၏။ ရှမ့်လန်က ခြင်းတောင်းထဲတွင် ရှိနေပြီး ခြင်းတောင်းက ပင်လယ်ပြင်ထက်တွင် မျောနေ၏။ ခြင်းတောင်းကြီးက မပျက်စီးသေးသော်လည်း မီးပုံးပျံကမူ အပေါက်အပြဲများနှင့် ပင်လယ်ပြင်တွင် မျောနေ၏။

ကောင်းကင်တစ်ခုလုံးက ကြည်လင် လင်းထိန်နေ၏။ ကောင်းကင်က တကယ့်ကို ပြာလွင်နေသလို ပင်လယ်ပြင်ကလည်း ပြာလွင်၏။ ကောင်းကင်နှင့် ပင်လယ်ပြင် ထိစပ်သည့် နေရာကပင် မခွဲခြားနိုင် လောက်အောင် တကယ့်ကို လှပလွန်းသည့် မြင်ကွင်းမျိုး ဖြစ်သော်လည်း ဘာများ အသုံးကျမည်နည်း။ သူက ကောင်းကင်ကိုလည်း မမှီ မြေပြင်ကိုလည်း မနင်းနိုင်သော အခြေအနေ ဖြစ်နေသည်။

ရှမ့်လန်က ခြင်းတောင်းကို ဆွဲကြည့်၏။ ကျောပိုးအိတ်မှာလွဲ၍ ခြင်းတောင်းထဲရှိ ပစ္စည်းအားလုံးက ပျောက်ကွယ်နေပြီဖြစ်ကြောင်း မြင်ရ၏။ အစားအစာနှင့် သောက်ရေ မရှိတော့ပေ။ သူ၏ ကျောပိုးအိတ် ထဲတွင် အလွန်အရေးကြီးသည့် ကိရိယာတန်ဆာပလာများ၊ ဆေးဝါးနှင့် နမူနာပစ္စည်းများသာ ရှိ၏။

အကယ်၍ ပင်လယ်ထက်တွင် မျောနေပါက အငတ်ဘေးနှင့် ကြုံနိုင်၏။ အကယ်၍ မိုးမရွာပါက ရေငတ်၍ သေဆုံးနိုင်သလို ရေမချိုးရသောကြောင့် ညစ်ပတ်ပြီး သေသွားနိုင်၏။ သွားလည်း မတိုက်ရ၊ ခေါင်းလည်း မလျှော်ရသည်မှာ ၃ ရက်ကျော် ရှိပြီ ဖြစ်ရာ ဤဘဝကို သူ မည်သို့ ဖြတ်သန်းရမည်နည်း။

“ကုန်းမြေ ဘယ်မှာလဲ။”

ကျွန်းလေးတစ်ကျွန်းလောက် ပေးလျှင်တောင် ဖြစ်၏။ အကယ်၍ ထိုကျွန်းပေါ်တွင် အမျိုးသမီးအဖော်လေး တစ်ယောက်လောက် ပေးမည်ဆိုလျှင်တော့ သူက မျိုးနွယ်စုတစ်ခုကိုပင် တည်ထောင် နိုင်ပေလိမ့်မည်။

သူက ဦးနှောက်ထဲတွင် တွက်ချက်နေ၏။ ဤပင်လယ်ပြင်က ချောင်ယောင်းအာ၏ ပင်လယ်ရပ်ခြား အင်ပါယာ နယ်မြေထဲသို့ ရောက်ရှိသွားခဲ့ပြီလား။ ထို့အပြင် သူမ၏ အင်ပါယာအမည်က မည်သို့ ခေါ်မည်နည်း။

ယွမ်မုန့်ကျယ် ပေးသည့် သတင်းများအရ ချောင်ယောင်းအာက ပင်လယ်ရပ်ခြားတွင် နိုင်ငံကြီးတစ်ခုကို တည်ထောင်ထားသည်ဟုဆိုပြီး နိုင်ငံ၏အမည်ကမူ အမျိုးမျိုး ကွဲပြားနေ၏။ သို့နှင့် ဝေလေလေ ပြုလုပ်နေသည့် သခင်လေး ရှမ့်လန်က ခြင်းတောင်းကို စီးနင်းရင်း ပင်လယ်ပြင်ထက်တွင် လွင့်မျောနေ၏။ လှော်တက်တစ်ချောင်းပင် မရှိသောကြောင့် သူ့အနေနှင့် မည်သည့်ဘက်ကို လှော်ရမှန်းလည်း မသိချေ။ ဤအတိုင်း မျောနေလိုက်ပေတော့မည်။

ဤသို့ တရွေ့ရွေ့နှင့် မျောပါရင်း မည်မျှကြာအောင် မျောနေသည်လည်း မသိချေ။ ရှမ့်လန်က ရေငတ်လာပြီး ဆာလောင်မှုက ပိုမိုပြင်းထန်လာ၏။ ပတ်ဝန်းကျင်က အဆုံးစမဲ့သည့် ပင်လယ်ပြင်ကြီးသာ ဖြစ်ပြီး ဘယ်သောအခါကမှ ကုန်းမြေကို မြင်ရလိမ့်မည် မဟုတ်သလိုပင်။

ဗိုက်ဆာလွန်းသော်လည်း ဘာမှ မတတ်နိုင်ချေ။ အစားတစ်ခုခု မစားလျှင် သူက ငတ်သေပေတော့မည်။ ပင်လယ်ထဲ ဆင်းပြီး ငါးဖမ်းရမည်လား။ ရှမ့်လန်၏ စွမ်းဆောင်ရည်ကို အထင်ကြီးလွန်းရာ ရောက်ပေလိမ့်မည်။ သူက ငယ်စဉ်ကတည်းက ကြမ်းတမ်းသည့် အလုပ်ကို တစ်ခါမှ မလုပ်ခဲ့ဖူးပေ။ လက်သည်းတောင် မိမိဘာသာ မညှပ်ဖူးသလို ရေချိုးလျှင်ပင် မိမိဖာသာ ဂျီးတွန်းတတ်သည့် လူယောကျာ်း မဟုတ်ပေ။

“ဟူး...” ရှမ့်လန်က သက်ပြင်းချလိုက်၏။ ဘာလို့များ ဤသို့ ဖြစ်ရသနည်း။ သူက ကျောပိုးအိတ်ကို ဖွင့်ပြီး အထဲမှ ဖန်ပုလင်းလေး တစ်ခုကို ထုတ်ယူ၏။ ထိုထဲတွင် အစိမ်းရောင်အရည်များ ရှိနေပြီး အမှန်စစ်စစ် ထိုအရာက အာရုံကြောအဆိပ်သင့်စေနိုင်သည့် ကူပိုးကောင်များပင်။ သူက ပင်လယ်ရေမျက်နှာပြင် ထက်သို့ သုံးပုံတစ်ပုံခန့်အား ဂရုစိုက် လောင်းချ၏။ ခဏကြာတော့ ငါးအသေ အများအပြား ပေါ်ပေါက်လာ၏။ ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ရှိနိုင်၏။

ရှမ့်လန်က ငါးဆယ်ကျော်ကို ဆယ်ယူပြီး ခြင်းတောင်းမှ နွယ်ပင်များကို ဖြုတ်ကာဖြင့် မီးရှို့ပြီး ငါးကင်၏။ အဘယ်ကြောင့် အစိမ်း မစားရသနည်း။ သူက စားသောက်မှုတွင် တကယ့်ကို ဇီဇာကြောင်သူ တစ်ယောက် ဖြစ်၏။ ငါးကင်စားရသည်မှာပင် သူ့အတွက် အလွန်နစ်နာနေပြီ ဖြစ်၏။ သူ့ကို အစိမ်းစားခိုင်းချင် နေသေးသည်လား။ မဖြစ်နိုင်ပေ။

ဗိုက်ဝပြီးနောက် ရှမ့်လန်က ခြင်းတောင်းထဲတွင် ပျင်းရိစွာ လဲလျောင်းရင်း ငိုက်မြည်းနေသည်။ “ဘာမှ မလှုပ်ရှားနဲ့။ ဒီအချိန်မှာ ခွန်အားက အရမ်းကို အရေးကြီးတယ်။ မျှောချင်ရာ မျှောပါစေတော့။”

ဖြစ်တန်ဖွယ်ရာများကို ချိန်ထိုးစဉ်းစားရမည်ဆိုလျှင် ပင်လယ်ထဲတွင် ကျွန်းများ ရှိနေတတ်သဖြင့် သူသာ မိုင်ပေါင်းရာနှင့်ချီ မျောပါသွားလျှင် ကျွန်းတစ်ကျွန်းနှင့် တွေ့ရပေလိမ့်မည်။

သောက်ရေအတွက်ကတော့ ဘုရားသခင်၏ အလှူဒါနကိုသာ စောင့်မျှော်ရပေမည်။ ပင်လယ်ပြင်၏ ရာသီဥတုက ခန့်မှန်းရသောကြောင့် မိုးရွာရန် အခွင့်အရေးကလည်း အလွန်များ၏။ နေပူလွန်းသောကြောင့် ရေငွေ့များက ကောင်းကင်ပေါ်သို့ အဆက်မပြတ် တက်နေပြီး လေအေးနှင့် အနည်းငယ် ထိတွေ့သည်နှင့် မိုးရွာပေလိမ့်မည်။

“မလောနဲ့။ မလောနဲ့”

အမှန်ပင် တစ်နာရီခန့်အကြာမှာပဲ မိုးရွာလာ၏။ ရှမ့်လန်က အခွင့်အရေးကို အရယူပြီး ရေချိုး၊ သွားတိုက်၏။ ပြီးနောက် ခြင်းတောင်းထဲတွင် ပျင်းရိစွာ ပြန်လှဲရင်း မျောပါစေ၏။ ဤအချိန်၌ လေပြင်းမုန်တိုင်း မတိုက်ရန်သာ ဆုတောင်းရမည်။ မဟုတ်ပါက ဤခြင်းတောင်းလေးက လွယ်လွယ်ကူကူဖြင့် ရိုက်ခွဲခြင်းကို ခံရမှာ သေချာ၏။

နုနယ်လှပသည့် ရှမ့်လန်ဆိုသည့် လူသားလေးက ပိုမိုကာ ပျက်စီးလွယ်၏။ နောက်ထပ် ၃ ရက်နှင့် ၃ ညတိုင်တိုင် မျောပါနေခဲ့၏။ နေလောင်ပြီး အသားမမဲစေရန် ရှမ့်လန်က မီးပုံးပျံမှ အစအနများကို ဖြတ်ယူပြီး နေကာထီးတစ်ခုပင် လုပ်လိုက်သေး၏။ ထိုတင်သာမကသေးချေ မီးပုံးပျံအစဖြင့် ရေအိုးသဖွယ် ပြုလုပ်ပြီး သောက်ရေ သိုလှောင်ခြင်းနှင့် ရေနွေးကြိုခြင်းများကို လုပ်ဆောင်၏။

နေ့တိုင်း ငါးကင် စားရသည်မှာ ငြီးငွေ့လာသောကြောင့် သူက ငါးစွပ်ပြုတ် လုပ်စား၏။ ထို့အပြင် ဆားထုတ်ရန် အတွက်လည်း အသုံးချ၏။ ဆားထုတ်ရုံတင်သာမကဘဲ အဆင့်မြင့် သန့်စင်ပြီးသား ဆားများကို ကြိုချက်ပြီး အစားအသောက်ကောင်းများ စားရန်နှင့် သွားတိုက်ရန် အသုံးပြုသည်။

ရှမ့်လန်က မှန်ကဲ့သို့ ကြည်လင်နေသည့် ပင်လယ်ပြင်ကို ကြည့်ပြီး ဆံပင်ညှပ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း များကိုလည်း ပြုလုပ်တတ်သေး၏။ နှမြောစရာ ကောင်းသည်က မျက်နှာပေါင်းတင်သည့် ကပ်ခွာများ ပါမလာခြင်းပင်။ မဟုတ်ပါက သူက ပေါင်းပင် တင်ပေဦးမည်။

‘ဒါနဲ့... မင်းက ဒုက္ခရောက်နေတာလား။ အပန်းဖြေ ခရီးထွက်နေတာလား။’

နောက်ဆုံး ၅ ရက်တိုင်တိုင် မျောပါပြီးနောက် သူက ဦးနှောက်ထဲတွင် Games of Throne ကို အကြိမ်ပေါင်းများစွာ ပြန်ကြည့်ပြီးပြီ ဖြစ်၏။ စိတ်လှုပ်ရှားဖွယ် ဇာတ်ဝင်ခန်းများသို့ ရောက်လျှင် တစ်ယောက်တည်း ပင် အာသာဖြေတတ်သေး၏။

‘နဂါးမယ်တော်က နည်းနည်း ပုသလိုပင်။ မီးနတ်ဘုရားမကမှ အလှဆုံး၊ ကိုယ်လုံးကိုယ်ပေါက်လည်း မဆိုးဘူး။ ကိုယ်လုံးကိုယ်ပေါက် အကြောင်း ပြောရမယ်ဆိုရင် ဒွန်းကောင်မလေး နှစ်ယောက်ပဲ။ နှမြောစရာ ကောင်းတာက သူတို့ပါတဲ့ အခန်းက နည်းတယ်။ အဝတ်အစားတွေလည်း သိပ်မချွတ်ကြဘူး။’

ပြီးနောက် ခေါင်းမော့ကြည့်လိုက်ရာ ရှမ့်လန်က ကျွန်းတစ်ကျွန်းကို မြင်ရ၏။ ဝမ်းသာလွန်း သောကြောင့် မျက်ရည်များပင် ကျမိ၏။ နောက်ဆုံးမှာတော့ ကျွန်းတစ်ကျွန်းကို တွေ့ရပြီဖြစ်၏။ အကယ်၍ ကျွန်းနှင့် မတွေ့သေးလျှင် ဤခြင်းတောင်းလေးက မီးရှို့စား၍ ကုန်ပေတော့မည်။

သူက အစားသောက်ကောင်း ကြိုက်တဲ့သူ ဖြစ်သောကြောင့် ချက်ပြုတ်စားသောက်ရမှ ကြိုက်သလို ရေနွေး သောက်ရမှ ကျေနပ်သူလည်း ဖြစ်၏။ ရာသီဥတုက ပူမနေလျှင် ရေနွေးနှင့်ပင် ရေချိုးချင်သေး၏။ ရှမ့်လန်က မီးပုံးပျံစများနှင့် ပြုလုပ်ထားသည့် ရွက်တိုင်လေးကို မြောက်ကာ လမ်းကြောင်းပြောင်း၏။ ချက်ချင်းပဲ ခြင်းတောင်းက ထိုကျွန်းဆီသို့ မျောပါသွားစေ၏။

နှစ်နာရီကြာပြီးနောက် ရှမ့်လန်က ထိုကျွန်းပေါ်သို့ ခြေချနိုင်ခဲ့၏။ ရင်ထဲတွင် ရှိနေသည့် ဝမ်းသာပီတိကို မည်သည့် စကားလုံးနှင့်မှာ ဖော်ညွှန်း၍ မရနိုင်ခဲ့ချေ။ သို့သော်ငြား တစ်ချိန်တည်းမှာပဲ သူက ရင်ထဲတွင် ပျော်ရွှင်သည့် ခံစားချက်များနှင့် ပြည့်နှက်သွားသည်။

“ချမ်းသာပြီ။ တကယ့်ကို ချမ်းသာပြီပဲ။ ဒါက ရှာပုံတော် ဖွင့်စရာမလိုဘဲ အလိုလို ရောက်လာတာပဲ။”

ရှမ့်လန် ကျင်းနိုင်ငံမှာ တိုက်ခဲ့သည့် စစ်ပွဲတွင် အဘယ်ကြောင့် ပြတ်ပြတ်သားသား အနိုင်မရရှိခဲ့သနည်း။ အဘယ်ကြောင့် နှင်းပြိုခြင်းတို့၊ ဆူနာမီတို့ကိုပဲ အားကိုးနေရသနည်း။ အကြောင်းရင်းက တစ်ခုတည်း ရှိ၏။ ယမ်းစိမ်း မရှိသောကြောင့်ပင်။ ရှိသမျှ ယမ်းစိမ်းများက အိမ်သာထဲမှ ခြစ်ယူခဲ့ရခြင်းပင်။

ထို့ကြောင့် ရှမ့်လန်က ယမ်းမှုန့် ထုတ်လုပ်နိုင်ရန် အသည်းအသန် ကြိုးစားခဲ့ရပြီး တစ်ခါသုံးလိုက်သည်နှင့် ကုန်သွား၏။ ထို့အပြင် အစွမ်းထက်သည့် ယမ်းမှုန့် မဟုတ်သောကြောင့် စစ်ပွဲတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်ခဲ့ချေ။ အဓိက အကြောင်းရင်းက ယမ်းစိမ်း မရှိသောကြောင့်ပင်။ ကြီးမားသည့် ယမ်းစိမ်း သတ္ထုတွင်းကြီး မရှိသောကြောင့် ပို၍ ပြင်းအားကောင်းသည့် ဗုံးများ၊ နိုင်ထရိုဂလစ်စရင်းများကို မထုတ်လုပ်နိုင်ခဲ့ချေ။

ရှမ့်လန်က ကောင်းကင်တာအိုအဖွဲ့အစည်းမှ လူများကို မိုင်ပေါင်းသောင်းချီ ကမ်းရိုးတန်းနှင့် ကုန်းမြေတွင် ယမ်းစိမ်းကို ရှာခိုင်းခဲ့၏။ ကမ္ဘာပေါ်မှ ကြီးမားသည့် ယမ်းစိမ်းသတ္ထုတွင်း မှတ်တမ်းများက ရှမ့်လန်၌ ရှိသော်လည်း နှမြောစရာကောင်းသည်က ဤနေရာက ကမ္ဘာမြေ မဟုတ်ချေ။ နှစ်အတော်ကြာ ရှာခဲ့သော်လည်း ယမ်းစိမ်းတွင်း ဟူ၍ မတွေ့ခဲ့ချေ။

သို့ပေမည့် ယခု သူ၏ရှေ့မှောက်တွင် ကြီးမားလွန်းသည့် ယမ်းစိမ်းကျွန်းကြီးတစ်ခု ရှိနေ၏။ ရှမ့်လန်အတွက် အလွန်ကို အဖိုးထိုက်တန်လွန်းသည့် ယမ်းစိမ်းများက ဤနေရာတွင် ရှိနေ၏။ အလွန်ကြီးမားလွန်းသည့် ယမ်းစိမ်းကျွန်းကြီးတစ်ခုပင်။ မရေတွက်နိုင်အောင် များပြား၏။

အဓိက အချက်အားဖြင့် ဤယမ်းစိမ်းများ၏ အရည်အသွေးက မျက်ရည်ကျလောက်အောင်ပင် မြင့်မားနေခြင်းပင်။ တကယ့်ကို ထူးဆန်းလွန်း၏။ အကယ်၍ ဖော့စ်ဖရိတ် သတ္တုတွင်း ရှိနေလျှင် မထူးဆန်းချေ။ ငှက်ချေးတွေ နှစ်ပေါင်းများစွာ စုပုံပြီး ဖော့စ်စဖိတ် ဖြစ်လာနိုင်သည်။

သို့သော်ငြား ကမ္ဘာပေါ်ရှိ ကြီးမားသည့် ယမ်းစိမ်းတွင်းကြီးက များသောအားဖြင့် ကုန်းတွင်းပိုင်းတွင်သာ ရှိတတ်၏။ သဲကန္တာရတွင် အများဆုံးပင်။ ဥပမာ ချီလီနိုင်ငံ၏ အာကာတာမာ သဲကန္တာရ သို့မဟုတ် တရုတ်နိုင်ငံမှ တာပန်ဒေသ လို နေရာမျိုးပင်။

ဤသို့ ပင်လယ်ကျွန်းများပေါ်တွင် ကြီးမားသည့် ယမ်းစိမ်းတွင်း ရှိနေသည်က တကယ့်ကို ထူးဆန်းလွန်း နေ၏။ သို့ပေမည့် ဘာဖြစ်သနည်း။ ရှမ့်လန်က မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချပြီး အရည်အသွေးမြင့် ယမ်းစိမ်းတုံး တစ်တုံးကို ကောက်ယူကာဖြင့် နမ်းရှိုက်ချင်စိတ်ပင် ပေါ်နေ၏။

“နောက်ဆုံးတော့ မင်းတို့ကို တွေ့ပြီ။ ဒီမှာ ပမာဏ ဘယ်လောက်တောင် ရှိမလဲ။”

မည်သူမှ မသိနိုင်သော်လည်း အလွန်အကျွံ များပြားလွန်းသည့် ပမာဏမျိုးတော့ ဖြစ်မှာ သေချာ၏။ ရှမ့်လန်က ရွှေတွင်းကြီး တစ်ခုကို တွေ့ရသည်ထက်ပင် ပိုမိုကာ စိတ်လှုပ်ရှားမိနေ၏။ ကြီးမားသည့် ယမ်းစိမ်းတွင်းကြီး ရှိနေပြီဆိုလျှင် အနာဂတ်တွင် ခေတ်မီလက်နက်ဆိုသည်က စိတ်ကူးယဉ်စရာမျိုး ဖြစ်လာခဲ့သည်။

“ချမ်းသာပြီ။ တကယ့်ကို ချမ်းသာပြီပဲ။”

အဓိက ဤကျွန်းပေါ်သို့ မည်သူမှ မရောက်ရှိဖူးသေးခြင်းပင်။ ထိုသို့ဆိုလျှင် ဤကျွန်းက သူ ရှမ့်လန်၏ ကျွန်းသာ ဖြစ်ပေလိမ့်မည်။ ဤနေ့မှစ၍ သူက ဤကျွန်းကို မူလန်ကျွန်းဟု အမည်ပေးလိုက်၏။ သူ၏ မူလန်လေးလိုပဲ လှပစေရပေမည်။

All Chapters