အခန်း (၇၈၅-၇၈၆)
Vol. 49 Ch. 785-786
အပိုင်း (၇၈၅)
သို့သော်ငြား စိတ်လှုပ်ရှားမှု ပြီးဆုံးသွားချိန်မှာတော့ ရှမ့်လန်က ကြောင်အသွား၏။ အဘယ်ကြောင့်ဆိုသော် ဤကျွန်းက တကယ့်ကို ခြောက်သွေ့နေခဲ့ပြီး သက်ရှိအစအနဟူ၍ တစ်ခုမှ မရှိသောကြောင့်ပင်။ တိရစ္ဆာန် မဆိုနှင့် အပင်တစ်ပင်ကိုတောင် မမြင်ရပေ။ ဤအရာကလည်း ယမ်းစိမ်းတွင်း ဖြစ်ပေါ်ရာ ပတ်ဝန်းကျင်နှင့် ကိုက်ညီနေ၏။ သဲကန္တာရလို နေရာမျိုးပင်။
ရှမ့်လန်က ဤကျွန်း မည်မျှကြီးမားသည်ကို တိုင်းတာရန် ကြိုးစားသေး၏။ သို့သော်ငြား မကြာမီ လက်လျှော့လိုက်ရ၏။ အကြောင်းရင်းက သဲကန္တာရတွင် လမ်းလျှောက်ခြင်းက ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် ဆင်တူသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ ဤကျွန်းကြီးက တကယ့်ကို ကြီးမား၏။ ရှမ့်လန်၏ အမြင်ဖြင့် အဆုံးကိုပင် မမြင်နိုင်ခဲ့ချေ။
နောက် ဘာလုပ်ရမည်နည်း။ ကျွန်းပေါ်တွင် သောက်ရေလည်း မရှိ၊ သက်ရှိလည်း မရှိပေ။ ထို့ကြောင့် အသက်ရှင်ဖို့ မဖြစ်နိုင်ပေ။ တကယ့်ကို ဒုက္ခတရားပင်။ ဤကျွန်းပေါ်တွင် ထင်းတောင် မရှိပေ။ သူ့ရဲ့ ခြင်းတောင်းကလည်း မီးရှို့လျှင် သိပ်မခံနိုင်တော့ချေ။
နောက်ဆုံးတွင် ရှမ့်လန်က ကျွန်းပေါ်တွင် ကျောက်တုံးများဖြင့် မိမိ၏အတွက် အိမ်လေးတစ်လုံးကို ဆောက်၏။ အတွင်းတွင် မီးပုံးပျံစများကို ခင်းလိုက်သည်။ မြေကြီးပေါ်တွင် တိုက်ရိုက် အိပ်စက်ဖို့ ဆိုသည်က မဖြစ်နိုင်သောကြောင့်ပင်။ အလွန် ညစ်ပတ်လွန်း၏။
ပြီးနောက် မြေပေါ်တွင် ကျင်းတစ်ခုတူးကာဖြင့် မီးပုံးပျံမှ ဆီစိမ်အဝတ်များကို ခင်း၏။ ဤသို့နှင့် မိုးရွာသောအခါ ရေစုဆောင်းနိုင်၏။ ဆားထုတ်ခြင်းကို သူ ဆက်လုပ်ရမည်။ အစားအစာကလည်း စုံလင်အောင် လုပ်ရမည်။ ငါးပဲ စားနေလို့ မဖြစ်ချေ။ ပင်လယ်မျှော့များကိုလည်း ရှာရပေမည်။
အချိန်အတော် ရှာဖွေပြီးနောက် နောက်ဆုံးတွင် သူက ရေညှိနှင့် ကျောက်ပွင့်များကို ရှာတွေ့ခဲ့၏။ ယခုအချိန်တွင် ဗီတာမင်များပါ ရပြီဖြစ်၏။ မျက်နှာပေါင်းတင်ဆေးတောင် လုပ်၍ရ၏။ ကျောက်ပွင့် ပေါင်းတင်ဆေး အကြောင်းကို သိကြပေလိမ့်မည်။ ဤအရာက သုံး၍ ကောင်း၏။ ထို့အပြင် အခြောက် လှမ်းထားသည့် ရေညှိနှင့် ကျောက်ပွင့်များကို မီးရှို့ဖို့လည်း သုံး၍ရလိမ့်မည်။
အချိန်က ရေလို စီးဆင်းသွား၏။ ရှမ့်လန်က ဤကျွန်းပေါ်တွင် ဤကျွန်းပေါ်တွင် ရောက်နေသည်မှာ ရက်ပေါင်း ၂၀ ကြာမြင့်ပြီ ဖြစ်၏။ လူသူကင်းမဲ့ပြီး သက်ရှိအစအန မရှိသည့် ဤကျွန်းပေါ်တွင် ရှမ့်လန်က ဝဖြိုးလာခဲ့ပြီး အသားအရေပင် ပို၍ ဖြူလာခဲ့၏။ ပြီးတော့ ပိုမိုကာ အားကောင်းလာ၏။
သူ့ဘဝက ဆိုးရွားနေသည်လား။ သူက ထမင်းအနပ်တိုင်း အာဟာရပြည့်ပြည့် စားနေရ၏။ ဟင်းနှစ်မျိုးနှင့် စွပ်ပြုတ်တစ်မျိုးပင်။ ငါးဂျယ်လီ အေးအေးလေးတောင် ပါသေး၏။ ယမ်းစိမ်း ရှိနေသောကြောင့် ရေခဲ ပြုလုပ်နိုင်၏။ သို့သော်ငြား သကြားမရှိသောကြောင့် ရေခဲမုန့်တော့ လုပ်မစားနိုင်ချေ။ သို့သော်ငြား ငါးဂျယ်လီကလည်း စားလို့ ကောင်း၏။ တစ်ခါတစ်ရံ ပင်လယ်မျှော့ အစိမ်းသုပ်နှင့် ဆယ်လ်မွန်ငါး အစိမ်းသုပ် စားရသည်ကလည်း အရသာတစ်မျိုးပင်။
သို့သော်ငြား မကြာခင်မှာပဲ သူက ဝေ့လည်လည် လုပ်လို့ မရတော့ပေ။ သူ၏ အစားအစာ အားလုံးက စေတီတောင်၏ ကူပိုးကောင် အာရုံကြောဆေးကြောင့် ရခြင်း ဖြစ်၏။ အနည်းငယ် ခတ်လိုက်သည်နှင့် ငါးများစွာ ပေါ်လာတတ်၏။ သို့ပေမည့် ဤဆေးက မကြာခင် ကုန်ပေတော့မည်။ ထို့ကြောင့် ရှမ့်လန်က ငါးခြောက်များကို လှမ်းထားရ၏။ ထိုသို့မဟုတ်ပါက နောင်တွင် သက်သက်လွတ်ပဲ စားနေရပြီး ဒုက္ခတွေ့ပေမည်။
စားစရာ မပူ၊ ဝတ်စရာ မပူရ ဆိုသော်လည်း ဘဝက နတ်သတ်ကြွေသလို ဖြစ်နေမည် မဟုတ်ပေ။ ဉာဏ်ရည်တု ဦးနှောက်ထဲတွင် ရုပ်ရှင် ရာနှင့်ချီ၊ အပြာကားများကလည်း ရာနှင့်ချီ သိမ်းထား၏။ စာအုပ်တွေကလည်း အများကြီးပင်။ စိတ်ပိုင်းဆိုင်ရာ ဘဝကတော့ တကယ့်ကို ကြွယ်ဝနေ၏။
မှန်ပေ၏။ ရှမ့်လန်က ဤအဆင့်အတန်းမြင့်သည့် ရုပ်ရှင်များကို ကြည့်ရင်း အချိန်ဖြုန်းမနေခဲ့ပေ။ သူက နေ့စဉ် သူ၏ ဦးနှောက်ထဲတွင် သိမ်းဆည်းထားခဲ့သည့် ရှေးဟောင်းကျမ်းစာများကို လေ့လာ၏။ ဤအချိန်က သူ၏ဘဝတွင် အနားယူရဆုံး အချိန်မျိုး ဖြစ်သောကြောင့် အလဟဿ မဖြစ်စေချင်ပေ။ ဤအခွင့်အရေး၌ ရှေးဟောင်းကျမ်းစာများကို နားလည်အောင်၊ ပေါက်မြောက်အောင် သူက ဖတ်မှတ်ရမည်။
ဤသို့ ပျင်းရိစရာ ကောင်းသည့် နေ့ရက်များကို ဖြတ်သန်းနေရင်း ရှမ့်လန်က ပျော်နေသည်လား။ သူ၏ ရင်ထဲတွင် မီးစတစ်ခုကဲ့သို့ ပူလောင်နေ၏။ သူက နေ့စဉ် ပင်လယ်ပြင်ထက်တွင် သင်္ဘောတစ်စင်း ပေါ်လာမည့် အချိန်ကို စောင့်မျှော်နေသည်။
ဤကျွန်းပေါ်တွင် ယမ်းစိမ်းတွင်း အမြောက်အများ ရှိသော်လည်း အသုံးမဝင်ပေ။ သူ့၌ လူလို၏။ နယ်မြေလို၏။ မြို့ပြလို၏။ နိုင်ငံလို၏။ စစ်တပ်လို၏။ ဖွံ့ဖြိုးတိုးတက်မှုလို၏။ ထိုမှသာ သူက အမြန်ဆုံးနှင့် တော်ဝင်ရန်အင်ပါယာဆီ ပြန်သွားနိုင်မှာပင်။
နုရှောင့်မြို့ကို ပြန်သိမ်းမည်။ ရွှဲ့ပြည်နယ်ကို ပြန်သိမ်းမည်။ သူက တော်ဝင်ရန်နိုင်ငံတော်ကို ဖျက်ဆီးပစ်မည်။ ရင်ကွမ်းနှင့် ရင်ဝူမင် ဆိုသည့် သစ္စာဖောက်နှစ်ယောက်ကို သတ်မည်။ နင်ဟန်ကို သတ်မည်။ ကျိရွှမ်ကို သတ်မည်။ ကောင်းကင်ပင်လယ်နန်းဆောင်၊ စေတီတောင်၊ ကောင်းကင်အပြစ်ပေးမှုနန်းဆောင် စသည့် အင်အားကြီး သဘာဝလွန်အဖွဲ့အစည်း အားလုံးကို ခြေမှုန်းပစ်မည်။
သူ ရှမ့်လန်၏ ရည်မှန်းချက်က လောကတွင် ရန်သူ မရှိစေရန်ပင်။ သို့ပေမည့် သူ၏ ရန်သူမရှိစေရ ဆိုသည် ဆိုသည်က အဆင့်သစ်တစ်ခုဆီသို့ ရောက်ရှိသွား၏။ ရှမ့်လန်က သူ၏ ရန်သူ အကုန်လုံးနီးပါးကို သတ်ခဲ့ပြီး ဖြစ်၏။
ယခု ကျန်းလီ၏ ရန်သူတွေကိုတော့ တစ်ယောက်မှ မထိခဲ့ရသေးချေ။ ဤလူတွေက ကောင်းကောင်းမွန်မွန် အသက်ရှင်နေတုန်းပင်။ ဘဝ၏ အထွတ်အထိပ် အခြေအနေ၌ပင် နေထိုင်နေသေး၏။ အာဏာစက်တွေ ကလည်း ပြင်းထန်လွန်းနေသည်။
ဆန့်ကျင်ဘက်အနေနှင့် ရှမ့်လန်ကတော့ ပင်လယ်ရပ်ခြားဆီသို့ ထွက်ပြေးခဲ့ရ၏။ ထို့အပြင် သူ၏ အချစ်တော် မူလန်ကလည်း ကလေးသုံးယောက်ကို ခေါ်ပြီး အန္တရာယ်များသည့် မိစ္ဆာတြိဂံနယ်မြေထဲသို့ ဝင်သွားရ၏။
ယောက္ခထီးကြီး ကျင်းကျိုး၊ ယောက္ခမကြီး စုဖေ့ဖေ့ တို့ကလည်း ရှမ့်လန်ကြောင့် နှစ်ပေါင်းရာချီ ရှိသည့် မိသားစု၏ အမွေအနှစ်များ အားလုံးကို ဆုံးရှုံးခဲ့ရ၏။ ထို့အပြင် ရွှမ်ဝူနယ်စားစံအိမ်ကြီးကိုလည်း ဆုံးရှုံးခဲ့ရ၏။ နုရှောင့်မြို့တော်ကို ဆုံးရှုံးခဲ့ရ၏။ မိုင်ပေါင်းသောင်းချီဆီ ထွက်ပြေးခဲ့ရပြီး မိစ္ဆာတြိဂံနယ်မြေထဲသို့ ရောက်ရသည်။
နင်ယွမ်ရှန်းနှင့် နင်ကျန်းတို့ကလည်း ရှမ့်လန်ကြောင့် ဘုရင့်အာဏာကို ဆုံးရှုံးခဲ့၏။ ရွှဲ့ပြည်နယ်၏ အုပ်ချုပ်မှုကို လက်လွတ်ခဲ့ရ၏။ ထိုအရာအားလုံးက တော်ဝင်ရန်အင်ပါယာကြောင့်ပင်။ ဩဇာကြီးမား လွန်းသည့် အင်အားစုကြီး။ ဤအာဃာတတရားက ပင်လယ်ပြင်ထက်ပင် နက်ရှိုင်းနေ၏။ နိုင်ငံတော်၏ အာဃာတတရား၊ မိသားစု၏ အမုန်းတရား။
အကယ်၍ ရှမ့်လန်သာ ဤရန်သူများကို အရေခွံခွာ၊ အသားစုတ်၍ အရိုးကို ပြာချနိုင်အောင် မလုပ်နိုင်ပါက သူအနေနှင့် မိသားစု၏မျက်နှာကို မည်သို့ ပြန်ကြည့်တော့မည်နည်း။ လောက၏အရှင်သခင်လား။ တော်ဝင်ချန်အင်ပါယာလား။ သူက ထိုအရာတွေကို စိတ်မဝင်စားချေ။ သူ၏ တစ်ခုတည်းသော ရည်မှန်းချက် က လောကတွင် ရန်သူ မရှိစေရပင်။
မူလစိတ်ထားကို သူ မမေ့ချေ။ အကယ်၍ ဤရန်သူများကို အစအနမကျန်အောင် မသတ်နိုင်ပါက သူ ရှမ့်လန်က လောကတွင် အသက်ရှင်နေဖို့ မျှော်လင့်ချက် ဘယ်ရှိတော့မည်နည်း။ ဤတစ်လအတွင်း ရှမ့်လန်က အချိန်ပေါင်းများစွာ ယမ်းစိမ်းတုံးများနှင့် မြေကြီးပေါ်တွင် ရန်သူ၏ နာမည်များကို ရေး၏။
နင်ဟန်၊ ကျိရွှမ်၊ ရင်ကွမ်း၊ ရင်ဝူမင်၊ တော်ဝင်ရန်အင်ပါယာ၊ ကောင်းကင်ပင်လယ်နန်းဆောင်၊ စေတီတောင်.. စာရင်းက ရှည်လျားလွန်းသည်။ သူ့၌ စစ်တပ်လို၏။ နိုင်ငံလို၏။ ကျွန်းပျက်ကြီးပေါ်မှာ သူတစ်ယောက်တည်း ဘာမှလုပ်၍ မရချေ။
“ချောင်ယောင်းအာ...မင်းရဲ့ပင်လယ်ရပ်ခြားနိုင်ငံက ဘယ်မှာလဲ။ ပင်လယ်ကြီးရေ... ဘယ်တော့ ငါ့ဆီကို သင်္ဘောတစ်စင်း လွှတ်ပေးမှာလဲ။ ဘယ်လိုသင်္ဘောပဲဖြစ်ဖြစ် ရတယ်။ ပင်လယ်ဓားပြ သင်္ဘောဆိုရင်တောင် ဖြစ်တယ်။ သူခိုးသင်္ဘောလား၊ တစ္ဆေသင်္ဘောလား။ ငါ့ကို ဒီကနေ ခေါ်ထုတ်သွားနိုင်ရင် ရပြီ။
ငါ့ကို နိုင်ငံတစ်ခု၊ မြို့တစ်မြို့ဆီ ခေါ်သွားပေးရင် ရပြီ။ ငါ ရှမ့်လန် အာမခံတယ်။ တစ်လအတွင်းမှာပဲ အောင်မြင်အောင် ငါလုပ်ပြမယ်။ ခြောက်လအတွင်း လုံးဝထိပ်ဆုံး ရောက်ရမယ်။ တစ်နှစ်အတွင်း ငါ မြို့တစ်မြို့ကို ပိုင်စေရမယ်။
အမြန်ဆုံးအချိန်အတွင်း ထွန်းကားလာဖို့ ၊ အစွမ်းထက်တဲ့ အင်အားတွေကို ပိုင်ဆိုင်နိုင်ဖို့ ငါ ရှမ့်လန်က ဘယ်လိုနည်းလမ်းမျိုးကိုမဆို သုံးဝံ့တယ်။ မူလန်... မင်းငါ့ကို ခွင့်လွှတ်ပေးရမယ်။ အဲဒီအချိန်ကျရင် ငါ့ရဲ့ အနှိုင်းမဲ့ချောမောတဲ့ ရုပ်ရည်ကို အနစ်နာခံဖို့ လိုလာရင်လည်း...။”
ရှမ့်လန်က နေ့စဉ် ပင်လယ်ပြင်ပေါ်တွင် သင်္ဘောပေါ်လာရန် ဆုတောင်းနေ၏။ သူက နေ့တိုင်း အသားအရေကို ထိန်းသိမ်းပြီး မုတ်ဆိတ်နှင့် ဆံပင်များကို ညှပ်ဆဲဖြစ်၏။ တစ်နေ့လျှင် သုံးကြိမ် သွားတိုက်ပြီး နှစ်ကြိမ် ရေချိုး၏။ မိမိကိုယ်မိမိ အမြဲတမ်း အလှပန်းလေးကဲ့သို့ ဖြစ်အောင် ဖန်တီးထား၏။
သူ ရှမ့်လန်က ကြက်ကလေး တစ်ကောင်လိုပင် သတ်နိုင်သည့် အားမရှိချေ။ ထို့အပြင် ဤစိမ်းကားသည့် လောကကြီးတွင် ဘာသာစကား မတူတာမျိုးလည်း ဖြစ်နိုင်၏။ ထို့ကြောင့် သူ၏ အထက်မြက်ဆုံးသော လက်နက်က သူ၏ ချောမောလွန်းသည့် ရုပ်ရည်ပင် ဖြစ်၏။ သူက ခန္ဓာကိုယ်ကို စတင်လေ့ကျင့်နေ၏။ အကယ်၍ အလှပြရန် လိုအပ်လာသည့်အခါမျိုးတွင် ရုပ်ရည်တစ်ခုတည်းနှင့် မလုံလောက်မှာ စိုးသောကြောင့်ပင်။
“သန်မာရမယ်။ လုံးဝ သန်မာရမယ်။ အားရှိရမယ်။ ပြီးတော့ ကြာရှည်ခံရမယ်။ တစ်၊ နှစ်၊ သုံး၊ လေး။”
သို့သော်လည်း နှစ်လတိတိ ကုန်ဆုံးသွားသော်လည်း သင်္ဘောတစ်စင်းမှ ဖြတ်မသွားပေ။ “တကယ့်ကို ကံဆိုးတာပဲ။”
သင်္ဘောကလည်း မလာ၊ လူကိုလည်း မမြင်ရဘဲ သူ့အနေနှင့် ရုပ်ရည်ကို မည်သို့ ထိန်းသိမ်း၊ ထိန်းသိမ်း ဘာသွားလုပ်ရမည်နည်း။
ထို့ကြောင့် တစ်နေ့မှာတော့ ရှမ့်လန်က တကယ့်ကို စိတ်ဓာတ်ကျပြီး မျက်နှာပေါင်းတင်ခြင်းနှင့် မုတ်ဆိတ်ရိတ်ခြင်းကိုပင် မလုပ်တော့ချေ။
“ကောင်းကင်ဘုံ... ကျုပ်ကို သင်္ဘောတစ်စင်းလောက် ပေးစမ်းပါ။ ဘယ်လိုသင်္ဘောပဲဖြစ်ဖြစ် ရတယ်။ ကျုပ်ဒီမှာ အချိန်တွေဖြုန်းနေရတာ လပေါင်းများစွာ ကြာနေပြီ။ သင်္ဘောတစ်စင်းမှ မလာရင် ရူးတော့မယ်။”
“ရန်သူတွေရဲ့ နာမည်ကို ကျုပ် အကြိမ်ပေါင်း ရာနဲ့ချီ ရေးထားခဲ့ပြီးပြီ။ လူသားစားတဲ့ သင်္ဘောပဲဖြစ်ဖြစ်၊ တစ္ဆေသင်္ဘောပဲဖြစ်ဖြစ် ကျုပ်တက်ဝံ့တယ်။ သင်္ဘောတစ်စင်း ဖြစ်နေဖို့နဲ့ ကျုပ်ကို ဒီကနေ ခေါ်ထုတ် သွားနိုင်ဖို့ပဲ လိုတယ်။ ဘာမဆို ဖြစ်နိုင်တယ်။ ရတယ်။”
ပြီးနောက် ရုတ်တရက် ရွက်တိုင်လေးတစ်ခုက သူ၏ မျက်လုံးထဲသို့ တိုးဝင်လာ၏။ သင်္ဘောတစ်စင်း လာနေသလိုပင်။ ရှမ့်လန်က မျက်စိမှားသည်ဟု ထင်သောကြောင့် မျက်လုံးကို အဖွင့်အပိတ်လုပ်ကာ အပြူးသားဖြင့် လှမ်းကြည့်၏။ မျက်စိမှားခြင်း မဟုတ်ချေ။ ထိုအရာက အစစ်အမှန် သင်္ဘောကြီးတစ်စင်း ဖြစ်၏။
ထိုသင်္ဘောက တစ်စတစ်စနှင့် ပိုမို၍ နီးကပ်လာ၏။ ထိုအရာက ဦးတည်ရာက ဤကျွန်းပျက်ဆီသို့ မဟုတ်ဘဲ ဖြတ်ရုံသာ ဖြတ်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။ သင်္ဘော၏ ဦးတည်ရာက အရှေ့ဘက်သို့ ဖြစ်သောကြောင့်ပင်။ နီးကပ်လာသည့်အချိန်မှာတော့ ရှမ့်လန်က သင်္ဘောပေါ်ရှိ အလံကို မြင်လိုက်ရ၏။ ရွက်စများပေါ်တွင် မီးတောက်နေသည့် ရေဘဝဲပုံများ ဆွဲထား၏။
“ဒါ ဘာကြီးလဲ။ ဘယ်လို အင်အားစုရဲ့ သင်္ဘောမျိုးတွေလဲ။”
ရှမ့်လန်၏ မှတ်တမ်းထဲတွင် ထိုကဲ့သို့ အလံမျိုး မရှိချေ။ မီးတောက်နေသည့် ရေဘဝဲ။
“ဘာကြောင့် ကင်းမွန် မဖြစ်ရတာလဲ။ ကင်းမွန်က ပိုပြီး စားကောင်းတာကို။”
ပြီးနောက် ရှမ့်လန်က ကြိုတင်ပြင်ဆင်ထားခဲ့သည့် မီးပုံကို အမြန် မီးရှို့၏။ ထိုထဲတွင် ရေညှိများ၊ ကျောက်ပွင့်များနှင့် ခြောက်သွေ့သည့် မစင်ခြောက်များပင် ပါဝင်၏။ ချက်ချင်းပဲ မီးခိုးလုံးကြီးများက ကောင်းကင်ပေါ်သို့ လွင့်တက်သွား၏။ တကယ့်ပင် သိသာထင်ရှားသည်။
မကြာမီမှာပဲ သင်္ဘောပေါ်ရှိ လူများက မီးခိုးကို တွေ့ရှိ၏။ ကျွန်းပျက်ဆီသို့ ဦးတည်လာခဲ့၏။ သင်္ဘောက တကယ့်ကို ကြီးမားပြီး ခန့်မှန်းခြေ တန်ချိန်ထောင်ချီပင် ရှိနိုင်၏။ ရှမ့်လန်က ရင်ထဲတွင် ဆုတောင်း နေ၏။
“ပင်လယ်ဓားပြ သင်္ဘောတော့ မဟုတ်ပါစေနဲ့။”
အကြောင်းရင်းက ပင်လယ်ဓားပြ သင်္ဘောပေါ်တွင် များသောအားဖြင့် ယောက်ျားလေးတွေသာ ရှိတတ်ပြီး ထိုသူတို့၏စိတ်ကလည်း ခန့်မှန်းရခက်သည်။ ရှမ့်လန်ကဲ့သို့ အနှိုင်းမဲ့သည့် ရုပ်ရည်မျိုး ဆိုလျှင် အန္တရာယ် ရှိနိုင်၏။ အကောင်းဆုံးက သင်္ဘောပေါ်တွင် မိန်းကလေးများသာ ရှိနေဖို့ပင်။
“ထားလိုက်ပါတော့။ ဒီသင်္ဘောက ချောင်ယောင်းအာရဲ့ သင်္ဘောဖြစ်ဖို့ပဲ မျှော်လင့်ရမယ်။”
လူ့ဘဝဆိုသည်က ရသည်နှင့် မတင်းတိမ်နိုင်သည်ဆိုသည့် အကြောင်းရင်းကို သက်သေပြနေချင်သလိုပင်။ စောဏက ရှမ့်လန်က မည်သည့်သင်္ဘောမဆို ရသည်ဟု ပြောခဲ့၏။ လူသားစားသည့် သင်္ဘောဆိုလျှင်တောင် ရသည်ဟု ပြောခဲ့၏။ ယခုကျတော့ ချောင်ယောင်းအာ၏ သင်္ဘော ဖြစ်စေချင်နေ၏။
ချောင်ယောင်းအာ မည်သည့်နေရာတွင် ရှိနေမည်ကို မည်သူ သိမည်နည်း။
ရုတ်တရက် သင်္ဘောပေါ်မှ လှေငယ်တစ်စင်းကို ကျွန်းပေါ်သို့ လွှတ်၏။ ရှမ့်လန်က စိတ်ပျက်သွား၏။ လှေလှော်လာသူက သန်သန်မာမာ လူမည်းနှစ်ယောက်ဖြစ်၏။ မတ်တပ်ရပ်နေသည့်သူက အသားညိုညိုနှင့် လူတစ်ယောက် ဖြစ်ပြီး မျက်လုံးများက အေးစက်ပြီး အမူအရာက ကြမ်းတမ်း၏။ လက်ထဲတွင်လည်း ဓားကောက်တစ်စင်းကို ကိုင်ဆောင်ထား၏။ အလှလေး မပါချေ။ ကမ်းကပ် လာခဲ့သည်။
ထိုအသားညိုညိုနှင့်လူက ရှမ့်လန်၏ ရှေ့သို့ ရောက်လာ၏။ ပြီးနောက် အထက်အောက် ကြည့်ပြီး အံ့အားသင့် မင်သက်သွားခဲ့၏။ ရှမ့်လန်၏ ချောမောသည့် ရုပ်ရည်ကြောင့် အံ့အားသင့် မင်သက်သွားခြင်း ဖြစ်ပေလိမ့်မည်။ ပြီးနောက် သူက ဘာမှန်းမသိသည့် စကားအချို့ကို ပြော၏။
“ဘာတွေ ပြောနေတာလဲ။”
သူ လုံးဝ နားမလည်ချေ။ သို့သော်လည်း ထိုလူက အနည်းငယ် စိတ်လှုပ်ရှားနေသည်ပုံ ပေါ်သည်။
“ဘာဆိုလိုတာလဲ။ ဘာလို့ စိတ်လှုပ်ရှားနေတာလဲ။” ထို့အပြင် ရှမ့်လန်ကို အချိန်တော်ကြာ အထက်အောက် ကြည့်နေရုံမက တစ်ကိုယ်လုံးကို ပတ်ပတ်လည် ကြည့်၏။
ရှမ့်လန်က ထိုလူနှင့် စကားပြောရန် ကြိုးစားကြည့်၏။ တရုတ်စကား၊ အင်္ဂလိပ်စကား၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်။ တစ်ဖက်လူက လုံးဝ နားမလည်ပေ။
“ဟ”
နောက်ဆုံးမှာတော့ စစ်သည်က လက်ကို ဝှေ့ယမ်း၏။ လူမည်းကြီးနှစ်ယောက်က ရှေ့သို့ တိုးလာပြီး ရှမ့်လန်ကို မကာဖြင့် ကျွန်းပေါ်မှ ခေါ်ဆောင်သွားတော့၏။ လှေငယ်လေးကို စီးပြီး သင်္ဘောကြီးဆီသို့ လှော်ခတ်သွား၏။ ခဏအကြာမှတော့ ရှမ့်လန်က သင်္ဘောကြီးပေါ်သို့ ရောက်၏။ သူက မိမိကိုယ်ကိုယ် ကျားတွင်းထဲသို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရသည်။
ကျိန်းသေပေါက် ဤအရာက ပင်လယ်ဓားပြသင်္ဘောပင်။ သင်္ဘောပေါ်တွင် ရက်စက်ကြမ်းကြုတ်လွန်းသည့် ပင်လယ်ဓားပြများက အပြည့်ပင်။ ရှမ့်လန်က သင်္ဘောပေါ်တက်သည့်အချိန်တွင် ဤဓားပြများက သူ့ကို စူးစိုက်ကြည့်နေပြီး ထူးဆန်းသည့် အပြုံးမျိုး ပြုံးပြနေ၏။ သွားများကလည်း ဝါကျင့်ကျင့်၊ မဲတူးတူးနှင့်ပင်။
လူတိုင်း၏ အပြုံးက သဘာဝအတိုင်းပင် ယုတ်မာမှုများ ပါဝင်နေ၏။ ထိုအရာက ဘာသဘောလဲ။ ဤလူများ၏ အကြည့်က သားကောင်ကို ဖမ်းမိသွားသည့် တောခွေးများလိုပင်။
“ဒုန်း...”
ရှမ့်လန်ကို အခန်းတစ်ခုတည်းတွင် တံခါးပိတ်လှောင်ပြီး အပြင်မှ တံခါးကို သော့ခတ်သွား၏။ သူ၏ ကျောပိုးအိတ်က ရှိနေ၏။ မည်သူမှ သိမ်းမသွားချေ။
ဒါ ဘာသဘောလဲ။ အဓိပ္ပာယ် တစ်ခုပဲ ရှိ၏။ ဤဓားပြတွေ၏ မျက်လုံးထဲတွင် ရှမ့်လန်ဆိုသည့် သူက တန်ဖိုးအရမ်း မြင့်မားနေလို့ပင်။ ကျောပိုးအိတ်ထဲမှ ပစ္စည်းများထက် ပို၍ တန်ဖိုးရှိနေသောကြောင့်ပင်။
အကြောင်းရင်းက ဤဓားပြများကော၊ သူ့ကို လာခေါ်သည့် စစ်သည်တွေကော ရှမ့်လန်ကို ကြည့်သည့် အကြည့်များက တကယ့်ကို စိတ်လှုပ်ရှား ဝမ်းသာနေကြသလိုပင်။ ရတနာတစ်ခုခုကို ကောက်ရသလိုမျိုးပင်။ ထို့အပြင် တန်ဖိုးဖြတ်၍မရနိုင်သည့် ရတနာမျိုးလား။ သူတို့ ဘာလုပ်ချင်နေသနည်း။ နောက်ပိုင်း ဖြစ်လာမည့် အရာများက ထိုအရာကို သက်သေပြပေလိမ့်မည်။
ဓားပြများက နေ့တိုင်း အချိန်မှန်မှန် ကောင်းမွန်သည့် အစားအစာများကို လာပေး၏။ အဝတ်အစားသစ် များကိုလည်း ပေး၏။ သို့သော်လည်း တံခါးကို တစ်ခါမှ မဖွင့်သလို၊ ဘယ်သူနှင့်မှလည်း အဆက်အသွယ် မလုပ်စေချင်ပေ။ ပုံစံက ပန်ဒါဝက်ဝံ အကောင်ကြီးတစ်ကောင်ကို ကောက်ရ၍ သေသေချာချာ ကျွေးမွေး ပြုစုသလိုပင်။ ပျက်စီး ၊ သေဆုံးသွားမှာတော့ စိုး၏။
ဤအရာက တကယ့်ကို ထူးဆန်းလွန်းလှ၏။ ထို့အပြင် ထမင်းလာပို့တိုင်း ထိုအသားညိုညို စစ်သည် ပဲ လာ၏။ ထိုသူ ရှမ့်လန်ကို ကြည့်သည့် အကြည့်များက ပိုမိုကာ ထူးဆန်းလာသည်။
တကယ့်ကို အလုံးစုံ ချမ်းသာတော့မည့် အတိုင်းပင်။ ရှမ့်လန်ကတော့ သူ့အတွက် ချမ်းသာစေမည့် ရတနာပင်။
ဘာသာစကား လုံးဝ နားမလည်သောကြောင့် ရှမ့်လန်က ဘာတွေ ဖြစ်နေသည်ကို မသိချေ။ တစ်ဖက်လူ ဘာလုပ်ချင်နေသည်ကိုလည်း မသိချေ။ အတိုချုပ်ပြောရရင် တကယ့်ကို ထူးဆန်း၏။ ဤကဲ့သို့ ထူးဆန်းသည့် အငွေ့အသက်ကြားထဲမှာပဲ သင်္ဘောကြီးက ရက်ပေါင်းများစွာ ခရီးနှင်လို့နေ၏။
နောက်ပိုင်းမှာတော့ ဓားပြများက ရေမွှေးများ၊ ကျောက်မျက်ရတနာများ၊ လက်စွပ်၊ ဆွဲကြိုး၊ ခေါင်းပတ်၊ ရေမွှေးများကို လာပေး၏။ မှန်တစ်ချပ်တောင် လာပေးသွားသေးသည်။
“အင်း... ပို၍ ထူးဆန်းနေပြီ။ ငါ့ကို ဘာလုပ်ခိုင်းမလို့လဲ။” ရှမ့်လန်၏ ဦးရေပြားများက တဆစ်ဆစ်နှင့် ထုံကျင်ပြီး ကြက်သီးများ ထလာခဲ့၏။ တကယ့်ကို ကြောက်စရာ ကောင်းနေ၏။
“ဒေါင်... ဒေါင်.. ဒေါင်...”
ဤကဲ့သို့ ထူးဆန်းသည့် အခြေအနေကြားမှာပဲ သင်္ဘောကြီး၏ခရီးစဉ်က နောက်ဆုံး ပြီးဆုံးသွားခဲ့၏။ ပြီးနောက် အခန်းပြတင်းပေါက်က ပထမဦးဆုံးအကြိမ် ပွင့်လာ၏။ ရှမ့်လန်က အပြင်ဘက်ကို ကြည့်လိုက်၏။ ပြီးနောက် သူက အံ့အားသင့် မှင်သက်သွားခဲ့သည်။
အပိုင်း (၇၈၆)
မျက်စိရှေ့တွင် ဧရာမမြို့ကြီးတစ်မြို့ ပေါ်လာ၏။ ခမ်းနားထည်ဝါလွန်းသည့် တိုင်းတစ်ပါး မြို့တော်ကြီး။ ဤမြို့ကို ပင်လယ်အော်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မြင်သမျှအရာရာတိုင်းက ရွှေရောင် တောက်နေ၏။ ရွှေ မည်မျှတောင် သုံးထားသနည်း။ တကယ့်ကို စည်ကား၏။ လမ်းမပေါ်တွင်လည်း လူတွေနှင့် ပြည့်နှက်နေ၏။
ဤသည်က မည်သည့်မြို့ ဖြစ်သနည်း။ မည်သူ့မြို့ ဖြစ်သနည်း။ ချောင်ယောင်းအာရဲ့ ပင်လယ်ရေခြား အင်ပါယာ မြို့တော် ဖြစ်သည်လား။ ထိုသို့ဆိုလျှင် နောင်ကျလျှင် ဤမြို့က သူ့အပိုင် ဖြစ်လာမည်လား။
တံခါး ပွင့်သွားခဲ့၏။ အသားညိုညိုနှင့် စစ်သည်တော်က ရှမ့်လန်၏ရှေ့၌ နောက်တစ်ခေါက် ပေါ်ပေါက် လာခဲ့၏။ သူ၏မျက်နှာပေါ်ရှိ အပြုံးက ပိုမိုကာ ထူးဆန်းနေ၏။ သူက ဤသင်္ဘော၏ ခေါင်းဆောင်သာ ဖြစ်ပေလိမ့်မည်။ သူက ရှမ့်လန်အား ဖိတ်ခေါ်သည့် ဟန်အမူအရာကို ပြုလုပ်ပြ၏။
ရှမ့်လန်က သပ်ရပ်လွန်းသည့် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ပြီး သူ၏ ကျောပိုးအိတ်ကို လွယ်လိုက်၏။ ပြီးနောက် သူက သင်္ဘောပေါ်မှ အသာထွက်လျှောက်ပြီး ကုန်းပတ်ပေါ်သို့ ရောက်ရှိလာခဲ့၏။ ပြီးနောက် သူက မယုံကြည်နိုင်လောက်အောင် ရုပ်ဆိုးသည့် မြင်ကွင်းတစ်ခုကို မြင်ရသည်။
ရေတွက်၍ မရအောင် များပြားသည့် ကျွန်များကို ဤသင်္ဘောကြီးက သယ်ဆောင်လာခဲ့ခြင်း ဖြစ်၏။ အားလုံးသောသူတို့က လူမည်းများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းက တကယ်ကို အရပ်ရှည်ရှည်နှင့် သန်မာ အားကောင်း၏။ တစ်ယောက်ချင်းစီတိုင်းက ချိန်းကြိုးများဖြင့် ချုပ်နှောင်ခြင်းကို ခံထားရပြီး ထိုချိန်းကြိုးများဖြင့်လည်း တစ်ယောက်နှင့် တစ်ယောက် တွဲချည်ထား၏။ ထိုကျွန် တစ်ယောက်ချင်းစီက အဝတ်အစား မရှိကြချေ။
“ဖြောင်း... ဖြောင်း... ဖြောင်း...”
ပင်လယ်ဓားပြ စစ်သည်တော်များက ကျွန်များအား ကြိမ်နှင့်ရိုက်ပြီး ရှေ့ဆီသို့ အလျင်အမြန် သွားရန် ဆော်ဩလျက် ရှိနေ၏။
“အား... အား...”
နာကျင်စွာအော်ဟစ်နေသည့် အသံများက ရှေ့မှ ပေါ်ပေါက်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် အရှေ့တွင်တော့ နီရဲနေအောင် မီးပေးထားခဲ့သည့် သံချောင်းကြီးက တည်ရှိနေပြီး ထိုသံချောင်းကြီးဖြင့် လူတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာကို ကပ်လျက် ရှိနေသောကြောင့်ပင်။ ဤအမှတ်အသားက ဘယ်တော့မှ ဖယ်ရှား၍ ရနိုင်မည် မဟုတ်ချေ။ သူတို့အတွက် ဘဝတစ်ခုလုံး ကျွန်ဖြစ်ကြောင်း ဂုဏ်ပုဒ်ကို ဖော်ညွှန်းနေခြင်းပင်။
အရှေ့တိုင်းလောကတွင်လည်း ကျွန်များ ရှိခဲ့ဖူး၏။ ရှမ့်လန်၏ မွေးစားမိဘ နှစ်ပါးကဲ့သို့ပင်။ သို့ပေမည့် သူ၏ မွေးစားမိဘနှစ်ပါးက သူ၏ မွေးဖခင်ဖြစ်သော အင်ပါယာကျန်းလီကြောင့် လွတ်မြောက်ခဲ့ကြသေး၏။ သို့ပေမည့် သူတို့၏ နောက်ကျောဘက်တွင် ရှိနေသည့် ကျွန်အမှတ်အသားများကတော့ မရှိကြချေ။
ကျွန်အမှတ်အသားကသာ မျက်နှာကို ကျွမ်းလောင်ပြီး ထင်ပေါ်နေသည်ဆိုလျှင် ဤဂုဏ်ပုဒ်ကို ဘယ်တော့မှ ပြောင်းလဲ၍ ရနိုင်တော့မည် မဟုတ်ပေ။
ရှမ့်လန်က မည်သို့မှမနေနိုင်ချေ။ ဇဝေဇဝါပင် ဖြစ်မိသွား၏။ အဘယ်ကြောင့်ဆိုသော် ချောင်ယောင်းအာက အရှေ့ဘက်လောကဆီမှတဆင့် အနောက်ဘက် လောကဆီသို့ ရောက်ရှိသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် လောကကြီးက ဝိုင်းပတ်လျက် ရှိနေသောကြောင့်ပင်။ လမ်းတလျှောက်တွင် သူမက ကျွန်ပေါင်းများစွာတို့ကို လွတ်မြောက်စေခဲ့၏။ သူမ၏ နိုင်ငံ၌ ကျွန်ဟူ၍ မရှိချေ။
ထိုသို့ဆိုလျှင် သူ၏ရှေ့တွင် ရှိနေသည့် မြို့က ဘာဖြစ်သနည်း။ ချောင်ယောင်းအာ၏မြို့ မဟုတ်ပါလား။ သူမက ဤကဲ့သို့ပင် ကျွန်ရောင်းဝယ်ခြင်းလုပ်ငန်းကို ပေါ်ပေါ်တင်တင် ပြုလုပ်နေသည်လား။ ထို့အပြင် ရှမ့်လန်အနေနှင့် ဤကျွန်များက ရိုးရှင်းသည့်လူများ မဟုတ်ကြောင်း သိရှိ၏။
ဤကျွန်များတွင် မိန်းမတစ်ယောက်မှ မရှိကြချေ။ အားလုံးက သန်မာအားကောင်းသည့် ယောကျာ်းများ သာ ဖြစ်နေ၏။ သူမက သန်မာအားကောင်းလွန်းသည့် ကျွန်စစ်တပ်ကြီးတစ်ခုကို ဖန်တီးချင်နေသည်လား။ ဤလူများက လူမည်းကျွန်များ ဖြစ်သော်လည်း အလွန် အားကောင်း၊ သန်မာ၏။ ထို့အပြင် ထိုသူတို့က ရုန်းကန်ချင်သည့် စိတ်ဆန္ဒ ရှိပုံမပေါ်ဘဲ ညီညီညာညာနှင့် လိမ်မာယဉ်ကျေးစွာ ရှိနေကြသည်။
သပ်ရပ်လွန်းသည့် ရှမ့်လန်ကို မြင်ချိန်မှာတော့ အားလုံးသောသူတို့က သူ့ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ခေါင်းကို ငုံ့ကာဖြင့် ခပ်မဆိတ်နှင့် ရှေ့ဆီသို့ ခပ်မြန်မြန် လျှောက်သွားကြ၏။ ထိုသူတို့က ရှမ့်လန်ကိုပင် ခဏတာ စိတ်ဝင်စား၏။
အသားညိုညိုနှင့် စစ်သည်တော်က ရှမ့်လန်၏ နောက်မှ လိုက်ပါလာခဲ့၏။ ထိုသူက သူ၏နောက်မှ တတွတ်တွတ်နှင့် ရွတ်နေ၏။ သို့ပေမည့် ရှမ့်လန်က ထိုသူ ဘာပြောနေကြောင်းကို နားမလည်ခဲ့ချေ။ သို့ပေမည့် အမူအရာကို ကြည့်ရှုရမည်ဆိုလျှင် ဤလူမည်းကျွန်များကို လှောင်ပြောင်နေခြင်းသာ ဖြစ်မည်။
မကြာခင်မှာပဲ ရှမ့်လန် သံပူဖြင့် အကပ်ခံရမည့် အလှည့်သို့ ရောက်ရှိလာ၏။ အဝင်ပေါက်တွင် ရှိနေသည့် စစ်သည်က ရှမ့်လန်၏ မျက်နှာပေါ်သို့ ထိုနီရဲလျက် ရှိနေသည့် သံချောင်းကြီးဖြင့် ကပ်ချင်၏။ အဘယ်ကြောင့်ဆိုသော် သူက တစ်ယောက်ချင်းစီကို လုပ်နေကျအတိုင်း တုံ့ပြန်မိခြင်းသာလျှင် ဖြစ်၏။
ရလဒ်အားဖြင့် ရှမ့်လန်၏ နောက်ဘက်တွင် ရှိနေသည့် ပင်လယ်ဓားပြခေါင်းဆောင်က အလွန် ဒေါသ ထွက်သွား၏။ ရှေ့ကို လှမ်းတက်ပြီးနောက် ခါး၌ချိတ်ထားသည့် ကြာပွတ်ကို ထုတ်ယူကာ ထိုသူ့ကို အားရပါးရ ရိုက်နှက်တော့သည်။
ကျွန်များကို တံဆိပ်ကပ်ရန် တာဝန်ယူထားသည့် လူက ဝံပုလွေလို၊ သရဲလိုပင် အော်ဟစ်လျက် ရှိနေ၏။ အဆုံးသတ်မှာတော့ ထိုသူက လက်မောင်းကို သံချောင်းဖြင့် ထိုးကပ်ခြင်း ခံလိုက်ရ၏။
“အား...” အော်ဟစ်သံက ပိုမိုကာ ဆိုးဝါးလာသည်။
ရှမ့်လန်က မျက်မှောင် ကုတ်လိုက်မိ၏။ ဤနေရာတွင် ရှိနေသည့် လူများက တကယ်ကို ကြမ်းတမ်းလွန်း လှ၏။ နောက်ဆုံး တိုက်ခိုက်မှု ပြီးဆုံးပြီးနောက် အသားညိုညိုနှင့် ခေါင်းဆောင်က ရှမ့်လန်၏ ရှေ့ဆီသို့ နောက်ထပ် ရောက်ရှိလာ၏။ ပြီးနောက် ဖိတ်ခေါ်ပါသည်ဟူသော အမူအရာမျိုးကို ပြသ၏။ သူက ရှမ့်လန်အပေါ်တွင် တကယ်ကို ရိုကျိုးလျက် ရှိ၏။
ရှမ့်လန်က သင်္ဘောပေါ်မှ အောက်သို့ဆင်း၏။ နောက်တော့ သူက လမ်းလျှောက်စရာ မလိုခဲ့ပေ။ ထိုအစား တကယ့်ကို သပ်ရပ်ပြီး ကောင်းမွန်လွန်းသည့် ရထားလုံးတစ်စီး၏ အထဲတွင် ဝင်ထိုင်ပြီး လူပေါင်း များစွာတို့၏ မနာလိုဝန်တိုနေသည့် လူအုပ်ကြီး၏ အကြည့်အောက်မှာပဲ မြို့ထဲသို့ ဝင်ရောက်လိုက်သည်။
..........
မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ရှမ့်လန်က မည်သို့မှ မနေနိုင်ခဲ့ချေ။ သူက နံဟောင်လွန်းသောကြောင့် နှာခေါင်းကိုသာ ဖုံးအုပ်လိုက်မိ၏။ ဤမြို့ကို ကြည့်ရှုရသည်မှာ အဝေးက ကြည့်ရှုမည် ဆိုလျှင် တကယ့်ကို ကြည့်ကောင်းလွန်း၏။ သို့ပေမည့် အနီးက ကြည့်မည်ဆိုရင် မကောင်းချေ။
အဝေးမှ ကြည့်မည်ဆိုလျှင် ရွှေရောင်တလက်လက် လှပနေပြီး သပ်ရပ်ကျော့ရှင်းလှသည့် အဆောက်အအုံ များစွာ တည်ရှိ၏။ မြို့ထဲသို့ ဝင်သည် ဆိုပါက နေရာအနှံ့တွင် ဆိုးဝါး စုတ်ပျက်နေသည့် လူများ ရှိနေပြီး တည်နေရာအနှံ့တွင်လည်း အညစ်အကြေးများနှင့် ပေပွနေ၏။ သပ်ရပ်လွန်းသည့် အဆောက်အဦးများ၏ အောက်ခြေတွင် အိမ်ပုလေးများ တည်ရှိနေပြီး ထိုအိမ်များက တကယ့်ကို ဆိုးဝါးလွန်း၏။
ဤမြို့တွင် လမ်းက နှစ်မျိုးနှစ်စား ရှိနေ၏။ လမ်းတစ်ခုက ကျောက်ပြားများနှင့် ခင်းကျင်းထားခဲ့ပြီး ဆယ်မီတာကျော် ကျယ်ဝန်း၏။ ထိုနေရာတွင် လျှောက်နေသည့် လူများက သပ်ရပ်သည့် အဝတ်အစားများကို ဝတ်ဆင်ထားခဲ့ကြသည်။
တခြားသောလမ်းမှာတော့ ကျဉ်းမြောင်း၊ ညစ်ပတ်ပြီး နံဟောင်လျက် ရှိနေ၏။ ဤအရာက ဆင်းရဲသားများ လျှောက်လှမ်းသည့် လမ်းပင် ဖြစ်၏။ ဤမြို့က လောက၏နိယာမကို ဖော်ညွှန်း ပြသနေသည့် မြို့တစ်မြို့ ကဲ့သို့ပင်။ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းက တော်တော်ကို သိသိသာသာ ကွာခြားနေ၏။
ရှမ့်လန်ကလည်း ဤကျွန်အားလုံးကို မြင်ရ၏။ မြို့၏ ဂိတ်တံခါး အပြင်ဘက်တွင် ကျွန်ပေါင်းများစွာတို့က လှည့်လည် သွားလာလျက် ရှိနေ၏။ ကျွန်ပေါင်း တစ်ထောင်ကျော်တို့က တစ်ယောက်ပြီး တစ်ယောက် မြို့ထဲသို့ ဝင်လာ၏။ တစ်ယောက်ချင်းစီတိုင်းက နဖူးပေါ်တွင် အမှတ်အသားများ တည်ရှိနေသည်။
ကျွန်တစ်ယောက်ချင်းစီတိုင်းက သန်မာအားကောင်းလွန်းသည့် လူမည်းများသာ ဖြစ်နေပြီး သူတို့က သာမန်ကျွန်များ မဟုတ်ကြချေ။ ကျွန်စစ်တပ်ကြီး တစ်ခုအတွက် သေသေချာချာ လေ့ကျင့်ခံထားရသည့် ပုံမျိုးပင်။
ဤမြို့က ဘာလုပ်ချင်နေသနည်း။ အဘယ်ကြောင့် များပြားလွန်းသည့် စစ်သည်တော်များကို လိုအပ် နေရသနည်း။
..........
ရထားလုံးက ကျယ်ပြောပြီး သပ်ရပ်လွန်းသည့် ကျောက်လမ်းကြီး အတိုင်း မောင်းနှင်သွားခဲ့၏။ ပြီးနောက် မြို့ထဲကို ဝင်ရောက်သွားခဲ့၏။ တောင်စောင်းအတိုင်း အပေါ်သို့ တက်၏။ ပြီးနောက် ကမ်းခြေဘေးတစ်ဖက်ရှိ မြို့လေးတစ်ခုဆီသို့ ရောက်၏။
ဤမြို့လေးက တောင်ပေါ်တွင် တည်ဆောက်ထားသည့် မြို့လေး တစ်ခုပင်။ အမြင့်ပေက တကယ့်ကို မြင့်မားလွန်းပြီး အပေါ်တွင် လှပလွန်းသည့် အိမ်များက စီတန်းနေ၏။ လူ အနည်းငယ်သာ ရှိသည်။ တောင်အောက်ခြေတွင် ဆင်းရဲသည့်လူများသာ နေထိုင်ပြီး တောင်ပေါ်တွင် ချမ်းသာသည့် လူများ နေထိုင်၏။ တကယ့်ကို ထိပ်တန်းဆန်သည့် တော်ဝင်မျိုးနွယ်များက ထိပ်ဆုံးတွင် နေထိုင်ကြသည့် ပုံပင်။
မြင့်မားလွန်းသည့် တောင်၏ထိပ်တွင်တော့ ကြီးကျယ်ခမ်းနားလွန်းသည့် ရဲတိုက်များက အစဉ်လိုက် ရှိနေ၏။ ရှမ့်လန်က ဤရဲတိုက်ကြီးကို ပင်လယ်ပြင်မှာတည်းက လှမ်းကာ မြင်ခဲ့ဖူးသား ဖြစ်၏။
တကယ့်ကို လှပလွန်း၏။ ငွေရောင်မာဘယ်ကျောက်များဖြင့် ဖန်တီး တည်ဆောက်ထားခဲ့ပြီး ရွှေများနှင့်လည်း အလှဆင်ထား၏။ ဤရဲတိုက်ကြီးက တကယ့်ကို မြင့်မားလွန်းပြီး မာကျောသည့် နံရံများလည်း တည်ရှိနေသည်။
ချင်နိုင်ငံ၏နန်းတော်တွင် ရွှေအများအပြား ရှိ၏။ သို့ပေမည့် အာယုခန်က အလှအပရေးရာနှင့် ပတ်သက်လျှင် သိပ်ပြီး နားလည်သည့် လူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ချင်နိုင်ငံ၏ နန်းတော်ကြီးက ရွှေများ တည်ရှိနေလျှင်တောင်မှ ကြည့်ရဆိုး၏။
သို့သော်ငြား သူ၏ရှေ့တွင် ရှိနေသည့် ရဲတိုက်ကြီးကတော့ တကယ်ကို ဆန်းကြယ်လွန်း၏။ တကယ့်ကို ဗိသုကာ အနုပညာမျိုးဖြင့် ဖန်တီးတည်ဆောက်ထားသည့် ပုံပေါ်၏။ တကယ့်ကို ထူးခြားသည့် အနုပညာ လက်ရာမျိုးပင်။
အနည်းဆုံးအနေနှင့် ရှမ့်လန်က ဤလောကကြီးတွင် အနောက်တိုင်းပုံစံ လှပသည့် ရဲတိုက်မျိုးကို မြင်ရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။
အသားညိုညိုနှင့် ပင်လယ်ဓားပြခေါင်းဆောင်က ရှမ့်လန်ကို လိုက်ပါ ပို့ဆောင်၏။ သို့ပေမည့် ထိုသူက ယခင်တုန်းက အစဉ်အမြဲ မောက်မာလွန်းသည့် လူတစ်ယောက် ဖြစ်ခဲ့၏။ သို့သော်ငြား ယခု ရဲတိုက်ကြီး ရှေ့ကို ရောက်သည့်အချိန်မှာတော့ တကယ့်ကို လိမ်မာရိုကျိုး၍ ကုတ်ကုတ်၊ ကုတ်ကုတ်နှင့် ဖြစ်လို့နေ၏။
ရဲတိုက်ကြီး၏ ဂိတ်တံခါးရှေ့သို့ရောက်ချိန်မှာတော့ သူက ရထားလုံးကို လျင်လျင်မြန်မြန် ရပ်တန့်၏။ ဂိတ်တံခါးထဲတွင် ရှိနေသည့် စစ်သည်တော်ပေါင်း များစွာတို့က ထိုသူ့ကို လေးနှင့် ချိန်ထားသည်။
ထို့အပြင် ရထားလုံး၏ ဘေးတစ်ဖက်ဆီသို့ လက်နက်အပြည့် ကိုင်ဆောင်ထားသည့် စစ်သည်တော် တစ်ဒါဇင်ကျော် တို့က လျင်လျင်မြန်မြန် ရောက်ရှိလာ၏။ ထိုသူတို့အားလုံးက ထက်ရှလွန်းသည့် လှံများကို လက်နက်အဖြစ် အသုံးပြုသည် ဖြစ်ကြောင်း ရှမ့်လန်က သတိပြုမိ၏။
ပင်လယ်ဓားပြ ခေါင်းဆောင်က စကားလှမ်းပြော၏။ သို့ပေမည့် သူ နားမလည်ချေ။ ကြည့်ရသည်က ဤရဲတိုက်ကြီးပိုင်ရှင်၏ အကြောင်းကို အကြမ်းဖျင်း ပြောဆိုနေသည့် ပုံပင်။ ပြောရမည်ဆိုရင် ဤလူက ဤကြီးမားလွန်းသည့် မြို့ကြီး၏ ပိုင်ရှင်လည်း ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ မြို့ကြီး တစ်ခုလုံးကို ပိုင်ဆိုင်ဖို့ မည်မျှ အားကောင်းသည့် လူ ဖြစ်ဖို့ လိုမည်နည်း။
ရှမ့်လန်က ဤမြို့ကြီးတွင် လူဦးရေ နှစ်သိန်းကျော်အထက် နေထိုင်နေမည်ဟု အကြမ်းဖျင်း တွက်ချက်မိ၏။ ဤလူပေါင်း နှစ်သိန်းကျော်တို့ကို ထောက်ပံ့ထားနိုင်ရန် မည်မျှ ချမ်းသာရန် လိုအပ်နေမည်နည်း။ တစ်စုံတစ်ယောက် အနေနှင့် မြို့၏ဆိပ်ကမ်းတံခါးတွင် ဆိုက်ကပ်ထားသည့် ကုန်တသ်သင်္ဘောပေါင်း များစွာကို လှမ်းကြည့်ရုံနှင့် သိနိုင်၏။ ဤအရာက ကုန်သွယ်ရေးမြို့တစ်ခုပင် ဖြစ်၏။
မိနစ် အနည်းငယ်ကြာပြီးနောက် ပင်လယ်ဓားပြ ခေါင်းဆောင်၏ ပြောဆိုမှုက ပြီးဆုံးသွားခဲ့၏။ သို့ပေမည့် တစ်ဖက်လူကတော့ တံခါးကို မဖွင့်သေးချေ။ ထို့အပြင် လက်ထဲတွင်ရှိနေသည့် လေးမြားများကိုပင် မချသေးချေ။ ပင်လယ်ဓားပြ ခေါင်းဆောင်က ရုတ်တရက် ပိုမိုကာ နှိမ့်ချလာခဲ့၏။ သူ့ကို ကြည့်ရသည်မှာ မှော်ပညာရှင် တစ်ယောက် ကဲ့သို့ပင်။
“အင်း... အခု မှော်ပညာကို ပြသဖို့ အချိန်တန်ပါပြီ။” ဤကဲ့သို့သော ပုံစံမျိုးပင်။
ပြီးနောက် သူက ရထားလုံး တံခါးကို အသာပင် ဖွင့်လိုက်၏။ အထဲတွင် မှော်ဆန်သည့် အရာတစ်ခု ရှိနေသည့် ပုံပင်။ ဟုတ်ပေ၏။ ထိုအရာကတော့ ရှမ့်လန်ပင် ဖြစ်၏။
ရဲတိုက်ကြီး၏ ဂိတ်တံခါးဆီမှ စစ်သည်တော်ခေါင်းဆောင်က ရှမ့်လန်ကို လှမ်းကြည့်၏။ ပြီးနောက် မျက်လုံးကို ဖွင့်ကာ သေချာ ပြူးပြဲကြည့်သည်။
“အင်း... အရှေ့တိုင်းသား တစ်ယောက်ပါလား။ ဒီလောက်တောင် လှတာလား။ ကောင်းကင်ဘုံ... ဒါက ကံကောင်းတဲ့ လူလား။ ဒါမှမဟုတ် ကံဆိုးတဲ့ လူလား။”
ထိုစစ်သည်တော်၏ စကားကို ရှမ့်လန်က နားလည်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူက လက်တင် စကားကို ပြောဆိုနေသောကြောင့်ပင်။ ဟုတ်ပေ၏။ နောက်ပိုင်းမျိုးဆက်များ၏ လက်တင်စကားမျိုးနှင့်တော့ မတူချေ။ သို့ပေမည့် သူ့၌ AI (မှတ်ဉာဏ်တု) ရှိနေသောကြောင့် အကြမ်းဖျင်းတော့ နားလည်လို့နေ၏။
အရှေ့တိုင်းလောကကြီး၏ အဓိကစကားက တရုတ်ဘာသာစကား ဖြစ်ပြီး အနောက်တိုင်း လောကကြီး၏ အဓိက ဘာသာစကားက လက်တင်များ ဖြစ်နေသည်လား။ အနောက်တိုင်းလောက၏ ရှေးလူသားများက မည်သည့် လူမျိုးများ ဖြစ်သနည်း။ လက်တင်အပြင် ဂရိလူမျိုးများရော ပါဝင်နေသည်လား။
သက်ပြင်းကိုချပြီးနောက် စစ်သည်တော်ခေါင်းဆောင်က လက်ကို ဝှေ့ယမ်းလိုက်၏။ မြို့တံခါးကြီးက ပွင့်သွားခဲ့သည်။
ပင်လယ်ဓားပြခေါင်းဆောင်က အစောင့်ဂိတ် ခေါင်းဆောင်၏ လက်ထဲသို့ အိတ်တစ်ဝက်လောက်၌ ငွေများပါဝင်သည့် ပိုက်ဆံအိတ်တစ်ခုကို ထိုးထည့်ပေး၏။ အထဲတွင် ရွှေဒင်္ဂါးများ ပါဝင်နေသည်လား။ ထိုသို့ဆိုရင် .... ထိုသို့ဆိုလျှင် ရှမ့်လန်က မည်မျှတန်ကြေးရှိမည်နည်း။
အတွဲလိုက် တည်ဆောက်ထားသည့် ရဲတိုက်ကြီးထဲသို့ ဝင်ရောက်ပြီးနောက် ရှမ့်လန်က စိတ်ခံစားချက် အပြည့်ဖြင့် သက်ပြင်းချလိုက်၏။ တကယ်ကို ခမ်းနားပြီး ဆန်းကြယ်လွန်းသည့် ရဲတိုက်ကြီးပင် ဖြစ်၏။ လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် အဖြူရောင် မာဘယ်ကျောက်များနှင့် ဖန်တီး ပြုလုပ်ထားပြီး တကယ့်ကို ကြည့်ရှု၍လည်း ကောင်းလွန်း၏။
လမ်းတည်ဆောက်ထားသည့် ပုံစံက လှပလွန်းလှ၏။ လမ်း၏ ဘေးတစ်ဖက် တစ်ချက်ဆီတိုင်းတွင် သပ်ရပ်သည့် ပန်းပုရုပ်တုများ တည်ရှိပြီး ထိုအရာတချို့၌ ကျောက်မျက်ရတနာများနှင့် စီခြယ်ထား၏။ လမ်း၏ ဘေးတစ်ဖက်ရှိ ဥယျာဉ်ကလည်း လှပလွန်းသည်။
ရဲတိုက်ကြီး၏ အရှေ့နားသို့ရောက်သည့်အချိန်တွင် တည်ဆောက်ထားသည့်လမ်း၏ အောက်ခြေက ရွှေဒင်္ဂါးများနှင့် သွန်းလုပ်ထားသည့် ပုံပင်။ အနည်းဆုံး ကျင်းမိသားစု၏ ရွှမ်ဝူအိမ်တော်ထက်ပင် ပိုမိုကာ သပ်ရပ် ခမ်းနားလွန်း၏။ ဤရဲတိုက်ကြီး၏ ပိုင်ရှင်က မြို့၏ ပိုင်ရှင်သာ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုသူ၏ ဂုဏ်ရှိန်ဂုဏ်ဝါက တကယ့်ကို မြင့်မားလွန်းမှာ သေချာ၏။
ရဲတိုက်ကြီးတွင် ကျွန်ပေါင်းများစွာ ရှိ၏။ အထူးသဖြင့် လှပသည့် အမျိုးသမီးကျွန်များပင်။ ထိုသူတို့က မလုံ့တလုံ့ အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။
ပင်လယ်ဓားပြခေါင်းဆောင်က ရှမ့်လန်ကို အိမ်ထဲသို့ ခေါ်လာခဲ့၏။ ဤအိမ်၏ ကြမ်းပြင်ကလည်း မာဘယ်ကျောက်များဖြင့် ခင်းကျင်းထားခဲ့၏။ ထို့အပြင် မိမိ၏ မျက်နှာကိုပင် မှန်ကြည့်၍ ရနိုင်လောက်အောင် ကြည်လင် တောက်ပလို့ နေ၏။
ပြီးနောက် ပင်လယ်ဓားပြ ခေါင်းဆောင်က လေးလေးစားစားဖြင့် ဤနေရာတွင် စောင့်နေ၏။ ထိုအချိန် မှာတော့ ရှမ့်လန်က ရေမိုးချိုး အဝတ်အစားကို လဲရ၏။ သူ့အနေနှင့် အမွှေးနံ့သာ တချို့ကိုပင်လျှင် ဆွတ်ဖျန်းထားရသေးသည်။
တစ်နာရီကျော် စောင့်ပြီးနောက် ပင်လယ်ဓားပြ ခေါင်းဆောင်က စိတ်မရှည်မှုဟူ၍ တစ်ချက်ကလေးမှ မပြသချေ။
နောက်ထပ် နာရီဝက်လောက် ကြာပြီးနောက် အပြင်ဘက်မှ ခြေသံများ ထွက်လာ၏။ ပင်လယ်ဓားပြ ခေါင်းဆောင် က မြေပြင်ပေါ်တွင် ချက်ချင်းပင် ဒူးထောက်ကာ ထိုင်ချ၏။