← Chapters

အခန်း (၇၈၇-၇၈၈)

Vol. 49 Ch. 787-788

အခန်း (၇၈၇-၇၈၈)

Vol. 49 Ch. 787-788

အပိုင်း (၇၈၇)

တံခါးက ပွင့်သွား၏။ ခပ်ဝဝနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဝင်ရောက်လာခဲ့သည်။

ထိုသူက မုတ်ဆိတ်မွေးများ မရှိချေ။ သပ်ရပ်လွန်းသည့် ပိုးထည် ဝတ်စုံကို ဝတ်ဆင်ထား၏။ ရွှေလက်စွပ် အနည်းငယ်ကိုလည်း ဝတ်ဆင်ထားခဲ့ပြီး ထိုရွှေလက်စွပ် တစ်ခုချင်းစီတိုင်းတွင် မတူညီသည့် ကျောက်မျက်များ တည်ရှိနေ၏။ ထိုသူ၏ အနောက်ဘက်ဆီမှ လက်နက်အပြည့် ကိုင်ဆောင် ထားသည့် စစ်သည်တော် တစ်ဒါဇင်ကျော်က လိုက်ပါလာ၏။ ထိုသူကို ကြည့်ရသည်မှာ ဆရာသခင် တစ်ယောက် ကဲ့သို့ပင်။

သို့ပေမည့် ရှမ့်လန်က တစ်ဖက်လူက မိန်းမစိုးတစ်ယောက် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်၏။

ပင်လယ်ဓားပြ ခေါင်းဆောင်က မြေပေါ်တွင် ဒူးထောက်ထိုင်ချ၏။ ပြီးနောက် သူက ချီးမြှောက်သည့် သီချင်းစာသား တစ်ခုကို ရေရွတ်ပြသည်။

သပ်ရပ်စွာ ဝတ်ဆင်ထားခဲ့သည့် မိန်းမစိုးက ထိုအရာကို နားထောင်ပြီးနောက် ရှမ့်လန်ကို အထက်အောက် သေသေချာချာ ကြည့်ရှုသည်။ ပြီးနောက် အံ့ချီးနပန်းဖြင့် တောက်ပင် ခေါက်၏။

ပြီးနောက် သူက ပိုးထည် လက်ကိုင်ပဝါကို ကောက်ကိုင်ပြီး ရွံရှာသလို နှာခေါင်းကို အုပ်၏။ ထိုသူက ပင်လယ်ဓားပြ ခေါင်းဆောင်နှင့် ခပ်လှမ်းလှမ်းဆီသို့ သွား၏။ ကြည့်ရသည်မှာ အဆင့်နိမ့်သည့် အရှိန်အဝါမျိုးကို သူက နှစ်သက်သည့်ပုံ မပေါ်ချေ။

ပင်လယ်ဓားပြ ခေါင်းဆောင်က ပိုးထည် ဝတ်စုံများကို ဝတ်ဆင်ထားခဲ့ပြီး သေသေချာချာ သန့်ရှင်းစင်ကြယ်အောင် ရေမိုးချိုးထားကြောင်း သိသာ၏။ ဆံပင်ကိုပင် သေသေချာချာ စည်းနှောင် ထားသည့်အပြင် မုတ်ဆိတ်မွေးများကိုလည်း ရိတ်ထား၏။ သို့ပေမည့် ကြည့်ရသည်မှာ ဤလူဖြူ မိန်းမစိုး၏ နှစ်သက်ခြင်းကို ခံရသည့်ပုံ မပေါ်ပေ။

အမိကမ္ဘာမြေ၏ ရှေးဟောင်း အနောက်တိုင်းလောကတွင်လည်း မိန်းမစိုးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြောင်းကို ရှမ့်လန်က သိရှိ၏။ အထူးသဖြင့် အီဂျစ်၊ ရှေးဂရိပြည်နှင့် တခြားသော နေရာမျိုးပင်။ သူ၏ရှေ့တွင် ရှိနေသည့် မိန်းမစိုးကို ကြည့်ရှုရသည်မှာ တကယ့်ပင် ထူးခြားလွန်းသည့် လူတစ်ယောက် ဖြစ်နေသည်လား။ သို့မဟုတ် သာမန် မိန်းမစိုးများလား။

ပင်လယ်ဓားပြ ခေါင်းဆောင်က မြေပေါ်တွင် ဒူးထောက်ကာ ထိုင်လျက် ရှိနေပြီး အားရှိသရွေ့ သီချင်းကိုသာ သီဆိုနေ၏။ သူ၏ ဂုဏ်ဒြပ်က တကယ်တော့ နိမ့်ပါးလှသည် မဟုတ်ချေ။ အနည်းဆုံး သူက ပင်လယ်ဓားပြ ခေါင်းဆောင်ဖြစ်ပြီး သူ၏အမိန့်ပေးမှုအောက်တွင် ပင်လယ်ဓားပြရာနှင့်ချီ ရှိ၏။ သို့သော်ငြား ဤမိန်းမစိုး၏ အရှေ့တွင်တော့ သူက ခွေးတစ်ကောင်ကဲ့သို့ပင် ရိုကျိုးလျက် ရှိနေ၏။

၇ မိနစ်၊ ၈ မိနစ်ခန့် သီချင်းသီဆိုပြီးနောက် မိန်းမစိုးက စိတ်မရှည်သလို လက်ကို ဝှေ့ယမ်းလိုက်၏။ စစ်သည်တော် နှစ်ယောက်က သေတ္တာတစ်ခုကို သယ်ဆောင်လာခဲ့၏။ ထိုအရာကို ပင်လယ်ဓားပြ ခေါင်းဆောင်၏ ရှေ့တွင် ချကာ ဖွင့်ပြလိုက်၏။ ရွှေဒင်္ဂါးများက သေတ္တာအပြည့်ပင်။ များပြားလွန်းလှချေပြီး ရွှေဒင်္ဂါးပေါင်း ၃,၀၀၀ ကျော်ပင် ရှိ၏။ ထိုအရာ၏ အလေးချိန်က ၁၀၀ ကီလိုဂရမ် အထက်ပင် ရှိသည်။

ပင်လယ်ဓားပြ ခေါင်းဆောင်က ပျော်ရွှင်သွားမိ၏။ ပြီးနောက် မိန်းမစိုးကြီးကို အထပ်ထပ် ဦးတိုက်ကာဖြင့် နှုတ်ဆက်၏။ ကြည့်ရှုရသည်မှာ ရှမ့်လန်အား ရွှေဒင်္ဂါး ၃,၀၀၀ နှင့် ရောင်းချလိုက်သည့် ပုံပင်။

ရှမ့်လန်က မြို့ထဲသို့ ဝင်ရောက်ပြီးနောက် ကျွန်ရောင်းဝယ်မှု လုပ်ငန်းကို မြင်ခဲ့ပြီး ဖြစ်၏။ သန်မာအားကောင်းသည့် လူမည်းကျွန်များက ရွှေဒင်္ဂါး ၃ ခုသာလျှင် ထိုက်တန်၏။ ရှမ့်လန် တစ်ယောက်တည်းက ကျွန် ၁,၀၀၀ ကျော်နှင့် တူညီသည့် တန်ဖိုး တည်ရှိနေသည်လား။

ဆရာလန်က ရယ်ရမလား။ ငိုရမလားပင် မသိတော့ချေ။ ဤပင်လယ်ဓားပြခေါင်းဆောင်က ရှမ့်လန်ကို မြင်ရသည့်အချိန်တွင် အလွန်အမင်း ပျော်ရွှင်သွားခဲ့ခြင်းက အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူ့အား တကယ့်ကို ကောင်းမွန်သည့် အစားအစာများကိုကျွေးပြီး ဈေးကြီးသည့် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ခိုင်းခဲ့ခြင်းက ဤအရာကြောင့်ပင်။

ထိုတင်သာ မကသေးချေ။ ကျောက်မျက်ရတနာများကို ဝတ်ဆင်ပေးပြီး ရေမွှေးကိုပင် ဆွတ်ပေးသေး၏။ ကြည့်ရှုရသည်မှာ တစ်ခုခု လွှဲချော်သွားပါက ထိခိုက်သွားမည်ကို စိုးရိမ်ရသည့် တန်ဖိုးကြီးမားလွန်းလှသော ကျောက်စိမ်းတုံးကြီး တစ်ခုကဲ့သို့ပင် ဆက်ဆံခဲ့၏။

ရှမ့်လန်တစ်ယောက်တည်း၏ အကျိုးအမြတ်က သူ့သင်္ဘောပေါ်တွင် ရှိနေသည့် ကျွန်ပေါင်းများစွာတို့၏ အကျိုးအမြတ်ထက် ပိုမိုကာ ဈေးကြီးသောကြောင့်ပင်။ သို့ပေမည့် အဘယ်ကြောင့်နည်း။ တော်ဝင်ရန် အင်ပါယာကြီး တစ်ခုလုံးတွင် ရွှေဒင်္ဂါးသုံးထောင်နှင့် ထိုက်တန်သည့် ကျွန်ဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။

မိန်းမစိုးက လက်ကို ထပ်မံကာ ဝှေ့ယမ်းပြ၏။ ပင်လယ်ဓားပြခေါင်းဆောင်က ရွှေဒင်္ဂါးများကို မြန်မြန်ဆန်ဆန် ယူဆောင်ကာဖြင့် ထွက်ခွာသွားခဲ့သည်။ ပင်လယ်ဓားပြ ခေါင်းဆောင်က တကယ့်ကို အားကောင်း၏။ သူက ရွှေဒင်္ဂါး သေတ္တာကြီးကို ပခုံးပေါ်သို့ ထမ်းတင်ပြီး တစ်ချက်ကလေးမှ လေးဟန်မတူဘဲ ပြေးထွက်သွားခဲ့၏။

“အင်း.. နိမ့်ကျတဲ့လူတွေ... နိမ်ကျတဲ့ဘာသာစကားကို ပြောခဲ့တာပဲ။ ငါ့ကို ရေသန့်သန့်လေး တစ်ခွက်လောက် ယူခဲ့ပေး။ ငါ နားတွေကို ပြန်ပြီး ဆေးကြောရမယ်။ ပြီးတော့ ကျွန်တွေကို ဝင်ခဲ့ခိုင်းလိုက်။ ဒီကြမ်းပြင်ကို ဆေးကြောခိုင်းလိုက်။ အဆင့်နိမ့်တဲ့လူတွေ ဒီနေရာမှာ နေထိုင်သွားတာ နံတယ်။”

ဤမိန်းမစိုးက လက်တင်စကားကို ပြောဆိုနေခြင်း ဖြစ်၏။ ကြည့်ရသည်မှာ ဤဘာသာစကားက ဤလောကကြီး၏ အဆင့်မြင့် ဘာသာစကား ဖြစ်ပုံပေါ်နေသလား။ သူက စနောက်နေသည်ဟု ထင်ခဲ့၏။ သို့ပေမည့် ထိုကဲ့သို့တော့ မဟုတ်ချေ။ တကယ်ပင် သူ၏နားကို ဆေးကြောချင်ပုံ ပေါ်၏။ မိန်းမကျွန် အနည်းငယ်တို့က အထဲသို့ လျှောက်ဝင်လာခဲ့ပြီး ကြမ်းပြင်ကို ဆေးကြော၏။

မိန်းမစိုးက ရှမ့်လန်၏ အသားအရေကို သေချာကြည့်ရှု၏။ ပြီးနောက် သူက ပိုးထည် လက်ကိုင်ပဝါ တစ်ခုကို ကိုင်ကာဖြင့် ရှမ့်လန်၏ လက်ကို ဆွဲယူကြည့်ရှု၏။ ပြီးနောက် သူက ခေါင်းညိတ်လိုက်၏။ ပြီးနောက် လက်တင်ဘာသာဖြင့် ပြောသည်။ “တကယ့်ကို တစ်သန်းမှာ တစ်ယောက် ရှားပါးတဲ့ လူချောပဲ။”

............

ပြီးနောက် ရှမ့်လန်က ကြီးမားလွန်းသည့် ရေချိုးကန်ကြီး တည်ရှိနေသည့် အခန်းထဲသို့ ရောက်ရှိသွား၏။ လှပသည့် အမျိုးသမီးကျွန် အနည်းငယ်တို့က အထဲသို့ လျှောက်ဝင်လာခဲ့ပြီး ရှမ့်လန်၏ အဝတ်အစားများကို ချွတ်၏။ သူတို့က ကြီးမားလွန်းသည့် စကျင်ကျောက်ဖြင့် ဖန်တီးထားသည့် ရေချိုးကန်ထဲသို့ ရှမ့်လန်အား ခေါ်ဆောင်သွားခဲ့ပြီး ခန္ဓာကိုယ်၏ အရေပြား တစ်ခုချင်းစီတိုင်းကို သေသေချာချာ တိုက်ချွတ် ဆေးကြော၏။

ဤအမျိုးသမီးကျေးကျွန်များကို ကြည့်ရှုရသည်မှာ လိမ္မာရိုကျိုးလှပုံ ပေါ်၏။ သို့သော်ငြား သူတို့ကို ကြည့်ရသည်က စိတ်လှုပ်ရှားနေပုံလည်း ပေါ်သည်။

“တော်တော်ချောတဲ့ လူပဲ။ ပန်းချီဆွဲထားသလို လူမျိုးပဲ။”

“အရှေ့တိုင်းက လူတွေက သေးငယ်တယ်လို့ ပြောတယ်လေ။ သူက ဘာလို့ မသေးရတာလဲ။”

“ဒါတော့ မသိဘူး။ သူနဲ့ စမ်းပြီးတော့ အိပ်ချင်လာပြီ။”

“သေချင်လို့လား။ အသက်ရှင်လျက်နဲ့ မီးရှို့ခံချင်လို့လား။ ထပ်ပြီးတော့ စမနေနဲ့တော့။ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်။”

အမျိုးသမီးကျွန် စုစုပေါင်း လေးယောက်ရှိ၏။ တစ်ယောက်က အသားဖြူဖွေးသူဖြစ်ပြီး ကျန်သည့် သုံးယောက်ကတော့ အသားညိုညိုနှင့်ပင်။ ကြည့်ရသည်မှာ တောင်အမေရိကတိုက်မှ မိန်းမများနှင့်ပင် ဆင်တူ၏။ သူတို့၏ခန္ဓာကိုယ်က တကယ့်ကို လှပ၏။ ကြည့်ရှုရသည်က ဆွဲဆောင်မှုရှိလွန်းလှ၏။ ဇာပုဝါများကိုသာ ဝတ်ဆင်ထား၏။

ရှမ့်လန်က သူတော်စင် မဟုတ်ပေ။ မည်သို့ ထိန်းချုပ်ထားနိုင်မည်နည်း။ ရှမ့်လန်ကို ရေချိုးပြီးနောက် ကြီးမားလွန်းသည့် ပုံးကြီးတစ်ခုကို သယ်ဆောင်လာခဲ့၏။ ထိုအရာက နို့များပင်။

“ရေချိုးဖို့အတွက် နို့တောင် သုံးတာလား။”

နို့နှင့် ရေချိုးပြီးနောက် အမျိုးသမီးများက ရေကန်ထဲသို့ နှင်းဆီပန်းများကို ထည့်ပြန်၏။ ရှမ့်လန်၏ ခန္ဓာကိုယ်အား မွှေးပျံ့သွားစေရန် ရည်ရွယ်ခြင်းပင်။ နောက်ဆုံးမှာတော့ သေသေချာချာ သန့်စင်ပြီး အမျိုးသမီးကျွန်များက ရှမ့်လန်၏ခန္ဓာကိုယ်ကို နူးညံ့သည့် မျက်နှာသုတ်ပဝါနှင့် သေသေချာချာ ပွတ်သပ်ပေးသည်။

ထိုတင်သာ မဟုတ်သေးချေ။ သူတို့က ထက်မြက်သည့် ဓားသေးသေးလေးများကို ထုတ်ယူ၍ ရှမ့်လန်၏ လက်သည်း၊ ခြေသည်းများကို သေသေချာချာ လှီးဖြတ်ပေး၏။ ရှမ့်လန်၏ မျက်နှာပေါ်ရှိ မုတ်ဆိတ် ကျင်စွယ်များကိုလည်း သန့်ရှင်းပေး၏။ ဆံပင်ကိုပင် လှပအောင် လှီးဖြတ်ခဲ့သေး၏။ နောက်ဆုံးမှာတော့ ပျော့ပျောင်းသည့် ဝတ်စုံတစ်ခုကို ယူကာ ရှမ့်လန်အား ဝတ်ဆင်ပေးသည်။

ရှမ့်လန်ကို ကြည့်ရှုရသည်မှာ တကယ့်ကို ချောမောလှပသွား၏။ သူ့အနေနှင့် ဤနေရာသို့ ရောက်ရှိပြီးနောက် နေထိုင်ရသည်က သာမန်အနေအထားမျိုး မဟုတ်တော့ချေ။ တကယ့်တကယ်ကို အထင်ကြီးလောက်စရာ အခြေအနေမျိုးနှင့် နေထိုင်နေရခြင်းပင်။

ပြီးနောက် အမျိုးသမီးကျွန် တစ်ဒါဇင်ကျော်တို့က အစားအစာများကို ယူဆောင်လာ၏။ စားပွဲတစ်ခုလုံးတွင် အရသာရှိသည့် စားသောက်ဖွယ်ရာများနှင့် ပြည့်နှက်သွားခဲ့၏။ အစားအစာများကို တည်ခင်းပြီးနောက် အသီးပေါင်းများစွာကိုလည်း ယူဆောင်လာခဲ့၏။ နောက်ဆုံးမှာတော့ ဝိုင်အနည်းငယ် ကိုလည်း ယူဆောင် လာခဲ့သေး၏။

လူတစ်ဒါဇင်ကျော်လောက် စားလျှင်ပင် ကုန်မှာမဟုတ်သည့် အစားအစာအားလုံးကို ရှမ့်လန်က တစ်ယောက်တည်း စားခဲ့၏။ သူက ဓားနှင့် ခရင်းကို ကောက်ယူပြီး ကျွမ်းကျင်စွာဖြင့် အရသာရှိသည့် အစားအစာများ ကို လှီးဖြတ်ကာ စားသုံး၏။ သမင်၊ ကြက်၊ ကာဗီယာ (ငါးဥ) ... ထို့အပြင် ဈေးကြီးလွန်းသည့် ပထမတန်းစား အသားများလည်း ပါဝင်သည်။

ရှမ့်လန်က သူ ကြိုက်နှစ်သက်သည့်အရာများကို တစ်ခုချင်းစီ လိုက်လံရွေးကာ စား၏။ သူ မကြိုက် နှစ်သက်သည့် အရာများကို ထိရုံသာလျှင် ထိခဲ့၏။ ဗိုက်ပြည့်သလောက် စားခဲ့ပြီးနောက် အမျိုးသမီးကျွန် အနည်းငယ်တို့က ရှမ့်လန်၏ ပါးစပ်ကို ဆေးကြောပေး၏။ ပြီးနောက် သွားတိုက်ပေး၏။

ရှမ့်လန် စားသောက်ခဲ့သည့် အစားအစာ အားလုံးကို ဖယ်ရှားပြီးနောက် ထိုအရာအားလုံးကို လွှတ်ပစ်၏။ မည်မျှ ဖြုန်းတီးလိုက်သနည်း။ သို့မဟုတ် ရှမ့်လန်စားခဲ့ပြီးသား ဖြစ်သောကြောင့် ထပ်မံ မစားချင်သည်လား။

ထို့သို့မဟုတ်ချေ။ ကြည့်ရသည်က ဤရဲတိုက်ကြီး၏ပိုင်ရှင်က ကျန်သည့်အစားအစာများကို မစားစေချင်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့မဟုတ် ဤကျေးကျွန်များ ဈေးကြီးသည့် အစားအစာများကို စားသုံးရန် အရည်အချင်း မပြည့်မီခြင်းလည်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ထိုအရာအားလုံးကို လွှတ်ပစ်လိုက်ခြင်း ဖြစ်ပေမည်။

အမျိုးသမီးကျွန်များက လက်ဖက်ရည်တစ်ခွက်ကို ကောက်ငှဲ့ပြီး ရှမ့်လန်၏စားပွဲပေါ်သို့ တင်ပေး၏။ ဤအရာက သူ ယနေ့ ကြုံဆုံ စားသောက်ခဲ့သမျှ အရာအားလုံး၏ ပထမဦးဆုံးသော အရှေ့တိုင်း အစားအစာ တစ်ခု ဖြစ်လာခဲ့၏။ ရေနွေးပင်။

“နှုတ်ဆက်ပါတယ်။ ကောင်းသောညပါ။” လူဖြူအမျိုးသမီးက ရှမ့်လန်ကို လှမ်းကာ ပြော၏။

ပြီးနောက် သူက တခြား အမျိုးသမီးများနှင့်အတူ ထွက်ခွာသွားခဲ့၏။ သူမကလည်း လက်တင်စကားကို ပြော၏။

…………

သပ်ရပ်သန့်ရှင်းလွန်းသည့် အခန်းထဲတွင်တော့ ရှမ့်လန်က တစ်ယောက်တည်း ကျန်ရှိခဲ့၏။ သူက အရာအားလုံးကို ပြန်လည်ကာ သုံးသပ်နေ၏။ ကြည့်ရသည်မှာ အစစ်အမှန် မဟုတ်ခဲ့ပုံပင်။ ဤနေရာ၏ ပိုင်ရှင်က သူ့ကို ဝယ်ယူရန် ရွှေဒင်္ဂါး သုံးထောင် ပေးအပ်ခဲ့၏။ သို့ပေမည့် သူ့ကို ဘာတစ်ခုမှ မမေးခဲ့ချေ။ ထိုအစား ကောင်းကောင်းမွန်မွန်နှင့် ကျွေးမွေးပြုစုထားခဲ့သည်။

အနည်းဆုံး ယနေ့ ကြုံဆုံခဲ့သမျှ ပြုစုစောင့်ရှောက်မှုများက ရှမ့်လန် တော်ဝင်မျိုးနွယ်အဖြစ် နေထိုင်ရသည် ထက်ပင် ပိုမိုကာ ကောင်းမွန်နေသေး၏။ နောက် ဘာထပ်ဖြစ်မည်နည်း။ ဤမြို့ကြီး၏ပိုင်ရှင်က အထဲသို့ လျှောက်ဝင်လာခဲ့ပြီး သူမနှင့် အိပ်ရန် သူ့ကို တောင်းဆိုမည်လား။

ထိုသို့သာဆိုပါက သူမ ပေးဆပ်ရသည့် တန်ကြေးက ကြီးမားနေလိမ့်မည် မဟုတ်ပါလား။ ချစ်သူ ရှာချင်သည်လား။ သို့မဟုတ် ဘိုးဘေးတစ်ယောက်ကို ခေါ်ယူ ပြုစုသည်လား မသဲကွဲတော့ပေ။

ဤမြို့ကြီး၏ ပိုင်ရှင်က မည်သူဖြစ်မည်နည်း။ ထိုသူကရော ဘယ်ရောက်နေသနည်း။

.............

ဤနေရာတွင် ထူးခြားလွန်းသည့် စာကြည့်ခန်းလေး တစ်ခု ရှိ၏။ ရှမ့်လန်က မြေပုံတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့၏။ အလွန်ပင်လည်း ပျော်ရွှင်သွားခဲ့၏။ သူက ထိုရှေ့သို့ သွားပြီး လှမ်းကာ ကြည့်ရှု၏။ ဤမြို့ကြီး၏ နာမည် ဖြစ်ပုံရ၏။ နာမည်က “ပီကျင်း” ပင်။

ဟုတ်ပေ၏။ ဤအရာက ရှမ့်လန်က နာမည်ကို တိုက်ရိုက် ဘာသာပြန်ထားခြင်း မဟုတ်ချေ။ မူလဘာသာ စကားက “ရွှေမြို့” ဟု အဓိပ္ပာယ်ရ၏။ ဤမြေပုံက ပီကျင်းမြို့၏ တည်နေရာ မြေပုံပင် ဖြစ်၏။

သေချာပေ၏။ ဤမြို့ကြီးပင်။ ဤမြို့ကြီးက ကျယ်ပြန့်လွန်းလှသည့် မြို့ကြီးဖြစ်သည်။ ဤမြို့ကြီး၏ အကျယ်အဝန်းက စုစုပေါင်း စတုရန်းမိုင် တစ်သိန်းခွဲလောက် ရှိလိမ့်မည်ဟု ရှမ့်လန်က အကြမ်းဖျင်း တွက်ချက်မိသည်။

ဤအရာက ရွှဲ့ပြည်နယ်တစ်ခုလုံး၏ စီရင်စုတစ်ခုနှင့်ပင် ညီမျှ၏။ ပြောရမည်ဆိုလျှင် ဤရဲတိုက်ကြီး၏ ပိုင်ရှင်က စီရင်စုတစ်ခုကို ပိုင်ဆိုင်ခြင်းပင်။ ဟုတ်ပေ၏။ ဤအရာက အဓိက မဟုတ်ပေ။ အဓိကအားဖြင့် ဤကုန်သည်မြို့ကြီး၏ ပိုင်ရှင်က အလွန်တရာ ချမ်းသာခြင်း ဖြစ်၏။

မြေပုံပေါ်တွင်တော့ တခြားသော သတင်းအချက်အလက်များ မရှိချေ။ အဘယ်ကြောင့်ဆိုသော် သေသေချာချာ ရေးသားထားခြင်း မဟုတ်သောကြောင့်ပင်။

အခန်းထဲတွင် စာအုပ်စင်တစ်ခု ရှိနေ၏။ တကယ့်ကို သပ်ရပ်လွန်းသည့် စာအုပ်အများအပြားက ရှိနေသည်။ အရာအားလုံးက လက်တင်ဘာသာစကားဖြင့် ရေးသားထားခြင်းဖြစ်သည်။

ရှမ့်လန်က ပျော်ရွှင်သွား၏။ သူက မြန်မြန်ဆန်ဆန်နှင့် ထိုအရာများကို ကြည့်ရှု၏။ သို့သော်ငြား စိတ်ပျက်သွားခဲ့၏။ စာအုပ်ထဲတွင် ပါဝင်သည့် အကြောင်းအရာက တစ်ခုတည်းသာ ရှိ၏။ ရော့ဆို မိသားစု၏ ကြီးကျယ် မြင့်မြတ်လွန်းသည့် သမိုင်းကြောင်းကို မိတ်ဆက်ထားခြင်းပင်။

ဤပီကျင်းမြို့တစ်ခုလုံးကို ရော့ဆို မိသားစုက ပိုင်ဆိုင်၏။ လက်ရှိ ဤမိသားစု၏ တော်ဝင်အဆင့်အတန်းက နယ်စားအဆင့်အတန်းပင် ဖြစ်၏။ ရှမ့်လန်က မိသားစု၏ သမိုင်းကြောင်းကို အနည်းငယ် လှန်လှောကာ ကြည့်၏။ အချိန်ခဏကြာပြီးနောက် ဤမိသားစုက ရှီလွန်အင်ပါယာကို သစ္စာခံသည့် မိသားစု ဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုထိ လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတစ်ခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။

ရှမ့်လန်က ရှီလွန်အင်ပါယာကို အကြမ်းဖျင်း ကြည့်ရှု၏။ ကြည့်ရသည်မှာ တော်ဝင်ရန်အင်ပါယာ နှင့် ထပ်တူညီလောက်၏။ တကယ့်ကို နှိုင်းယှဉ်၍မရလောက်အောင် ကြီးမားသည့် အင်ပါယာကြီး တစ်ခု ဖြစ်ပြီး နိုင်ငံပေါင်း ဒါဇင်ချီကို လွှမ်းခြုံထား၏။ သို့သော်ငြား တော်ဝင်ရန်အင်ပါယာလောက်တော့ ကံမကောင်းချေ။ ဤ ရှီလွန်အင်အါယာက အစိတ်စိတ် ၊ အပိုင်းပိုင်း ဖြစ်လို့နေ၏။ တော်ဝင်ရန်အင်ပါယာ၏ ထိပ်ဆုံးအခြေအနေ နှင့် လုံးဝတူညီခြင်း မရှိပေ။

ရှမ့်လန်က စာအုပ်ကို အသာလှန်လှောကာ ကြည့်ရှု၏။ မိသားစု၏ သမိုင်းကြောင်းက တကယ့်ကို ရှည်လျားလွန်းလှချေ၏။ နှစ်ပေါင်းလေးရာကျော်ရှိပြီး စာအုပ်ဒါဇင်ပေါင်းများစွာ တည်ရှိနေ၏။ သူက နောက်ဆုံးစာအုပ်ကို လှမ်းကြည့်၏။ ထိုအရာကို ကြည့်ရှုရသည်မှာ အသစ်အတိုင်းပင်။

ရှမ့်လန်က အရေးကြီးသည့် သတင်းအချက်အလက်တစ်ခုကို ထိုနေရာတွင် မြင်ရ၏။ လက်ရှိ ရော့ဆို မိသားစုက စုန်းအင်ပါယာကို သစ္စာခံ၏။

“ဟင်... စုန်းအင်ပါယာ...”

မည်ကဲ့သို့သော နာမည်နည်း။ ဤအရာက ချောင်ယောင်းအာနှင့် ပတ်သက်နေသည်လား။ ချောင်ယောင်းအာ၏ ‘စုန်း’ အမည်နာမနှင့် အနည်းငယ်တော့ ဆင်တူ၏။ သို့ပေမည့် ထပ်တူညီခြင်းတော့ မဟုတ်ချေ။

ရှမ့်လန်က စုန်းအင်ပါယာဆိုသည့် အကြောင်းကို ဖတ်ရှု၏။ သို့ပေမည့် နောက်ပိုင်းမှာတော့ ထိုအရာ အားလုံးက မီးရှို့ခြင်းကို ခံထားရသည်။ မတော်တဆ မီးလောင်သွားခဲ့ခြင်း မဟုတ်ချေ။ သေသေချာချာ မီးရှို့ထားခြင်း ဖြစ်သည်။

ဘာလို့ဆိုလိုသနည်း။ အဘယ်ကြောင့် မီးရှို့ထားရသနည်း။ သမိုင်းကြောင်းကို အသိမခံချင်၍လား။ သို့မဟုတ် တည်ရှိမှုကို ပြောင်းလဲချင်သောကြောင့်လား။ ရှမ့်လန်က ဆက်လက်၍ စာအုပ်ကို လှန်၏။ ပြီးနောက် ဘာမှ ထိုက်တန်သည့် တန်ဖိုးမျိုးမရှိမှန်း သူက သိရှိလိုက်၏။ ဤ ရော့ဆိုမိသားစု၊ ဤ ပီကျင်းမြို့၊ အရာအားလုံးက ရှီလွန်အင်ပါယာ နှင့် ဆက်နွယ်ထားသည့် အရာမျိုးပင်။

ရော့ဆိုမိသားစု၏ သမိုင်းကြောင်းကို ပြောဆိုထားသည်ထက် ရှီလွန်အင်ပါယာ၏ မြင့်တက်ခြင်း၊ ကျဆုံးခြင်းများကို ရှင်းပြထားခြင်းင့် ဆင်တူ၏။

ရှီလွန်၏ ပထမဦးဆုံး အင်ပါယာ၊ ရှီလွန်၏ ဒုတိယ အင်ပါယာ၊ ရှီလွန်၏ တတိယ အင်ပါယာ.. ဤနာမည်သုံးခုကို ကြည့်ရှုလိုက်သည်နှင့် ရှီလွန်အင်ပါယာက အကြိမ်ပေါင်းများစွာ ဖျက်ဆီးခံခဲ့ရကြောင်း သိရှိနိုင်၏။ သူတို့က အချိန်မည်မျှကြာအောင် ကြိုးစားပြီးမှ နောင်အင်ပါယာတစ်ခုကို ထပ်မံ တည်ထောင်ခဲ့ကြ သနည်း။

အပိုင်း (၇၈၈)

ရိုမန်အင်ပါယာ၊ အရှေ့ရိုမန်အင်ပါယာနှင့် မြောက်ရိုမန်အင်ပါယာတို့ကဲ့သို့ပင် ဆင်တူ၏။ ယခုချိန်မှာတော့ ဤ ရှီလွန်တတိယ အင်ပါယာကို ကြည့်ရသည်မှာ သေခြင်း၏ တံခါးပေါက်၌ ရုန်းကန်နေရသည့် ပုံပေါ်၏။ သူက စုန်းအင်ပါယာ၏ ကြီးမားသည့် တိုက်ခိုက်မှုကို ခံစားနေရသည့် ပုံပေါ်၏။

ရှမ့်လန်က နေရာအနှံ့ကို လိုက်လံရှာကြည့်၏။ သူက စုန်းအင်ပါယာ၏ တည်နေရာနယ်မြေ မည်မျှ ကြီးမားကြောင်းကို သိရှိချင်သောကြောင့်ပင်။ သို့ပေမည့် ထိုအရာအားလုံးက ရှုပ်ထွေးလျက် ရှိနေ၏။ စုန်းအင်ပါယာ၏ တည်နေရာတစ်ခုလုံးက ပြောင်းလဲလျက် ရှိနေပြီး ပြောရမည်ဆိုရင် အတော်အတန် ကြီးမားကြောင်းတော့ သိရှိနိုင်၏။ အနည်းဆုံး စတုရန်း ကီလိုမီတာ သန်းပေါင်းများစွာ ကွာဝေး၏။ သို့သော်ငြား မြေပုံ အပြည့်အစုံကို မသိပေ။

သူက ဖတ်နေရင်းနှင့်ပင် ရော့ဆိုမိသားစုက စုန်းအင်ပါယာနှင့် ပတ်သက်၍ မကောင်းသည့် ခံစားချက်မျိုး ရှိနေကြောင်းကိုလည်း နားလည်မိသည်။ သူတို့က စုန်းအင်ပါယာအပေါ်တွင် သစ္စာရှိသည် ကြွေးကြော် ထားခဲ့သည် ဆိုလျှင်တောင်မှ တစ်ခုခု ပြုလုပ်ချင်နေကြသည်။

ရှမ့်လန်သည် စုန်းအင်ပါယာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပိုမိုကာ သိရှိချင်၏။ သို့ပေမည့် အဆုံးသတ်မှာတော့ အရာအားလုံးက မီးရှို့ခြင်းကို ခံထားရ၏။ ရော့ဆို မိသားစုကို ကြည့်ရှုရသည်မှာ စုန်းအင်ပါယာနှင့် ပတ်သက်သည့် သတင်းအချက်အလက် အားလုံးကို ရည်ရွယ်ချက်ရှိရှိနှင့် ဖျက်ဆီးထားသည့်ပုံပင်။

ပြီးနောက် ရှမ့်လန်က ရော့ဆိုမိသားစု၏ သမိုင်းကြောင်းကို ဆက်လက်ကာ ဖတ်ကြည့်၏။ နောက်ဆုံး ပေကျင်းမြို့၏ မြို့တော်ဝန်က အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမ၏ နာမည်က “ဒက်ရှ်ဘို့ချ် ဒီဘိုရာ ရော့ဆို” ဖြစ်၏။ သူမက နာမည်ပြောင်အများအပြား တည်ရှိနေပြီး ‘ခြင်္သေ့မင်းသမီး’၊ ‘မုန်တိုင်း ထိန်းချုပ်သူ’ စသည့် နာမည်ပြောင် အသီးသီးကို ပိုင်ဆိုင်၏။

အတိုချုပ်ပြောရမည်ဆိုလျှင် ဤစာအုပ်က ဒက်ရှ်ဘို့ချ်မိသားစု၏ အားကျဖွယ်ကောင်းသည့် လူများအကြောင်းကို ရေးသားထားခြင်းပင်။ မယုံကြည်နိုင်လောက်အောင် လှပသူ၊ အလွန်အားကိုးရ လောက်သည့် သိုင်းပညာကို ပိုင်ဆိုင်သူ၊ သန့်စင်ပြီး တော်ဝင်ဆန်လွန်းလှသူ ဒက်ရှ်ဘို့ချ် ဒီဘိုရာ ရော့ဆို စသဖြင့်ပင်။

ရှမ့်လန်က ပါဝင်သည့် အကြောင်းအရာများကို လှန်လောကာ ကြည့်ရှု၏။ အရှေ့တိုင်းသားများထက် အနောက်တိုင်းသားများက ပိုမိုကာ အားကောင်းသည်ဟု ဝါကြွားကာ ရေးသားသည့်စာများ ကဲ့သို့ပင်။ တန်ဖိုးကြီးသည့် သတင်းအချက်အလက်က အနည်းငယ်သာပါ၏။

ဤ ဒက်ရှ်ဘို့ချ် ဒီဘိုရာ ရော့ဆို အမျိုးသမီးက လက်ထပ်ခဲ့ဖူး၏။ သို့ပေမည့် သူမ၏ ယောက်ျားက သေဆုံးသွားခဲ့ပြီဖြစ်ပြီး သူမက မုဆိုးမ ဖြစ်လာခဲ့၏။ ယခုနှစ်တွင် အသက် ၃၁ နှစ် ပြည့်မှာ ဖြစ်သည်။ ရှမ့်လန်က ခဲရာခဲဆစ်ဖြင့် ဤတော်ဝင်မျိုးနွယ်ကတော်ကြီး၏ ပုံတူပန်းချီကားကို လှန်လောကာ ကြည့်ရှုမိ၏။ သူမက ချပ်ဝတ် တန်ဆာများကို ဆင်မြန်းထားသော်လည်း မျက်နှာကို သေသေချာချာ သေသေချာချာ မမြင်ရချေ။ ပန်းချီဆရာ၏ လက်ရာက စိတ်ကူးယဉ်ဆန်လွန်းနေပြီး ဝေဝါးနေ၏။ သူမ၏ ရုပ်ရည် အစစ်အမှန် ကို ဤအတိုင်း ကြည့်ရုံဖြင့် အတပ်မပြောနိုင်ပေ။

သို့သော်ငြား ရှမ့်လန်က သတင်းအချက်အလက် တစ်ချို့ကိုတော့ အသေအချာ သိရှိမိ၏။ ဤနယ်စားကြီး ဒီဘိုရာက စတုရန်းကီလိုမီတာ တစ်သိန်းခွဲကျော် ကျယ်ဝန်းသည့် နယ်မြေကို ပိုင်စိုးသူပင်။

သူမက တစ်ချိန်တုန်းက ရှီလွန်မင်းဆက်အပေါ် သစ္စာစောင့်သိခဲ့ပြီး နောက်ပိုင်းမှာတော့ စုန်းအင်ပါယာ အောက်သို့ ခိုဝင်ခဲ့၏။ သို့သော်ငြား သူမ၏ စိတ်အားထက်သန်မှုက ဤစုန်းအင်ပါယာပေါ်တွင် ရန်လို မုန်းတီးမှုများသာ ပြည့်နှက်နေ၏။ ထို့အပြင် သူမက ဤဒေသတစ်ခုလုံးတွင် အချမ်းသာဆုံးနှင့် အာဏာအရှိဆုံး မုဆိုးမတစ်ဦးလည်း ဖြစ်၏။

ပီကျင်းမြို့က အနောက်လောက၏ အနည်းငယ်သော ကုန်သွယ်ရေး ဗဟိုဌာနများထဲမှ တစ်ခု ဖြစ်၏။ ဤမိသားစုက ရှမ့်လန်ကို ဝယ်ယူရန် ရွှေဒင်္ဂါး သုံးထောင်ထိ အသုံးပြုခဲ့၏။ သူတစ်ပါးအတွက်မူ ထိုပမာဏက တကယ့်ကို များပြားလွန်းသည့် ပမာဏတစ်ခု ဖြစ်သော်လည်း ဤနယ်စားကြီး ဒီဘိုရာ အတွက်မူ သမုဒ္ဒရာထဲသို့ ရေတစ်စက်ချသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

သူမ၏ချမ်းသာမှုက ရှမ့်လန်ကိုပင် သွားရည်ယိုစေ၏။ ထိုသို့ဆိုလျှင် သူမက အရှေ့တိုင်းသား ချောမော လှပသည့် ယောက်ျားပျိုတစ်ဦးကို ဘယ်ကြောင့် ဝယ်ယူခဲ့ရသနည်း။ သူမ၏ သာယာပျော်ပါးမှု အတွက်လား။ သူမ ဝယ်ယူခဲ့သည်က ရှမ့်လန် တစ်ယောက်တည်း ဟုတ်ရဲ့လား။

ရှေ့မှောက်တွင်ရှိသည့် အချက်အလက်များအရဆိုလျှင် ဤနယ်စားကြီး ဒီဘိုရာက သူမကို ဖျော်ဖြေမှု ပေးနိုင်ရန် ပျော်တော်ဆက် တစ်ယောက် ဝယ်ယူလိုက်သည့် ပုံစံမျိုးပင်။

သို့သော်ငြား သူ ဖတ်ရှုရသည့် စာအုပ်ထဲတွင် နယ်စားကြီးဒီဘိုရာ ၏ ပုဂ္ဂလိကဘဝက တကယ့်ကို စင်ကြယ် မြင့်မြတ်လွန်း၏။ သူမ၏ ပထမဦးဆုံး ခင်ပွန်းမှတပါး တခြားမည်သူနှင့်မှ လက်ထပ်ခဲ့ခြင်း မရှိချေ။

အမှန်စင်စစ် ဤမိသားစုမှ ရေးသားထားသည့် စာအုပ်များ ဖြစ်သောကြောင့် မိမိကိုယ်ကို အမွမ်းတင် ထားသမည်မှာတော့ အသေအချာပင်။ ယောက်ျားအများအပြား ယူတတ်သည့် မိန်းမများကိုပင် စင်ကြယ်သည့် နတ်မိမယ်အလား ဖော်ပြတတ်သည့် လောကကြီးများ တည်ရှိနေသည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် နောက်ထပ် မည်ကဲ့သို့သော အကြောင်းအရာများ ဆက်လာမည်နည်း။ ရှမ့်လန်က အမွှေး နံ့သာများနှင့် ဆေးကြောသန့်စင်ပြီးနောက် အဝတ်အစားများကို ဝတ်ဆင်ကာ နယ်စားကြီး ဒီဘိုရာ ပျော်ပါးနိုင်ရန် ခမ်းနားထည်ဝါသော အိပ်ဆောင်ထဲသို့ ပို့ဆောင်ခြင်း ခံရမည်လား။ သို့မဟုတ် တံခါးက ရုတ်တရက် ပွင့်ထွက်လာပြီး ထိုနယ်စားကြီး ဒီဘိုရာက ပြေးဝင်လာကာ ရှမ့်လန်ကို အတင်းဓမ္မ သိမ်းပိုက်လိမ့်မည်လား။

..............

သို့သော်ငြား ထိုကဲ့သို့ ဖြစ်မလာခဲ့ချေ။ အမှန်တကယ်ပင် ရက်အနည်းငယ် ကြာသည့်တိုင် ဘာမှ ထူးခြားခြင်း မလာခဲ့ချေ။ ရှမ့်လန်က မှူးမတ်မျိုးနွယ်တို့၏ စည်းစိမ်ချမ်းသာနှင့် မခြားသည့်ဘဝ၌ ဆက်လက် ခံစားနေရ၏။ သူက အောင်မြင်ကျော်ကြားမှုနှင့် ကြွယ်ဝမှုအားလုံးကို ခံစားနေရသော်လည်း မည်သည့် အရာကိုမှ လုပ်ဆောင်ရန် အမိန့်ပေးခြင်း မခံရချေ။

သို့သော်ငြား သူက လွတ်လပ်ခွင့်တော့ မရှိပေ။ အခန်းဝ၏အပြင်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် စစ်သည်တော် နှစ်ဦးက ချက်ချင်းပင် ရောက်လာကာ သူ့ကို တားဆီး၏။ ရှမ့်လန်က ဤနယ်စားကြီးဒီဘိုရာကို မမြင်ဖူးသေးသလို သူ့ကို လာရောက် စကားပြောမည့်သူလည်း မရှိချေ။ သူကြားရသည့် တစ်ခုတည်းသော စကားလုံးက “Good Night” ဟူသည့် နှုတ်ဆက်စကားသာ ဖြစ်သည်။

ရှမ့်လန်က ရွှေလှောင်အိမ်ထဲမှ သာလိကာ ငှက်ကလေး တစ်ကောင်အလား ဖြစ်နေ၏။ အသက်အလယ် အလတ်အရွယ် ရှိနေသည့် မိန်းမစိုးပင်လျှင် သူ့ထံသို့ လာရောက်လည်ပတ်ခြင်း မရှိချေ။

ဤအတောအတွင်း ရှမ့်လန်က ရော့ဆို မိသားစု အကြောင်းကိုသာ ထပ်တလဲလဲ ဖတ်ရှုနေ၏။ သုံးရက် ကုန်လွန်သွား၏။ ငါးရက် ကုန်လွန်သွား၏။ လဝက်ခန့် ကုန်လွန်သွားခဲ့၏။

သူက ဤဇိမ်ခံခန်းမဆောင်ထဲတွင် ရှိနေဆဲဖြစ်ပြီး လှောင်အိမ်ထဲမှ ငှက်ကလေး တစ်ကောင်ကဲ့သို့ အပြင်ဘက်သို့ ထွက်ခွင့်မရသေးချေ။ သူက စာအုပ်များကို ထပ်မံဖတ်ရှုလိုကြောင်း တောင်းဆိုခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုကိုမှ မရခဲ့ချေ။

သို့သော်ငြား ရှမ့်လန်က သူ့၏အာရုံခံစားမှုအရ နယ်စားကြီးဒီဘိုရာ ဤရဲတိုက်ထဲတွင် မရှိသလို ပီကျင်းမြို့ထဲတွင်ပင် မရှိကြောင်း ခံစားမိ၏။ သူက တကယ့်ကို ထက်မြက်သူပင်။ သခင်မရှိသော ရဲတိုက်ကြီး နှင့် သခင်မဲ့သော ရဲတိုက်ကြီး၏ လေထုက လုံးဝကို ကွာခြားကြောင်း သိသည်။

ယခုအချိန်တွင် ရှမ့်လန် အလေးထားနေသည်က နယ်စားကြီး ဒီဘိုရာ မဟုတ်ဘဲ စုန်းအင်ပါယာပင် ဖြစ်၏။ စုန်းအင်ပါယာက ချောင်ယောင်းအာနှင့် ပတ်သက်မှု ရှိ၊မရှိကို သူ အလွန်ပဲ သိချင်၏။ ထို့အပြင် ဝရုံတာမှ ရပ်ကြည့်လျှင် မြို့တွင်းရှိ လေထုက တင်းမာနေကြောင်း ရှမ့်လန်က ခံစားမိ၏။

နေ့စဉ်နှင့်အမျှ ကျွန်သင်္ဘောများ ဆိုက်ကပ်လာပြီး သန်မာထွားကျိုင်းသည့် လူမည်းကျွန်များကို အစုလိုက်အပုံလိုက် မြို့ထဲသို့ ခေါ်ဆောင်လာ၏။ ထိုသူများက စစ်သားအဖြစ် လေ့ကျင့်ခံထားရကြောင်း သိသာလွန်းလှသည်။

ရှမ့်လန်က ကျွန်စစ်သည် အမြောက်အများကို တွေ့ရပြီး ဖြစ်၏။ ထိုသူတို့က လက်နက်အပြည့်အစုံ ကိုင်ဆောင် ထားခဲ့ပြီး အရေအတွက်ကလည်း မရေတွက်နိုင်အောင် များပြား၏။ ကျွန်း၏ လူဦးရေက သောင်းနှင့်ချီ ရှိနေပြီး ဆက်လက် တိုးပွားနေဆဲပင်။ ဤနယ်စားကြီးဒီဘိုရာ ဘာကို ကြံရွယ်နေသနည်း။ စုန်းအင်ပါယာ၏ အုပ်ချုပ်မှုကို ပုန်ကန်ရန် ကြိုးစားချင်နေသည်လား။

..............

၂၃ ရက်မြောက်နေ့မှာတော့ .

“ဒေါင် ဒေါင်...” ရုတ်တရက် မြို့တစ်မြို့လုံးတွင် ခေါင်းလောင်းသံများ မြည်ဟီးလာ၏။ ပြီးနောက် ဆိပ်ကမ်းရှိ သင်္ဘောအုပ်စုက လမ်းဖယ်ပေးကြ၏။ ခမ်းနားထည်ဝါလွန်းသည့် သင်္ဘောအုပ်စုကြီး တစ်ခုက ပင်လယ်အော် အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဆိပ်ကမ်း၌ ဆိုက်ကပ်ရန် ပြင်ဆင်၏။

ဤအရာက ကြီးမားလွန်းသည့် သင်္ဘောအုပ်စုကြီးဖြစ်ပြီး ရော့ဆိုမိသားစု၏ အလံကို လွှင့်ထူထား၏။ ထိုအနောက်တွင် ရော့ဆိုမိသားစုအလံ လွှင့်ထူထားသည့် စစ်သင်္ဘော ဒါဇင်ပေါင်းများစွာလည်း ပါဝင်သည်။ ရော့ဆိုမိသားစု၏တံဆိပ်အကြောင်း ပြောရမည်ဆိုလျှင် စိတ်ဝင်စားစရာကောင်း၏။ တစ်ဝက်က ပင်လယ်ရေပြင် ဖြစ်ပြီး တစ်ဝက်က မီးလျှံပင်။ ဤမြို့၏ အရှင်သခင်ရောက်ရှိလာကြောင်း ရှမ့်လန်က သိရှိလိုက်သည်။

ဒက်ရှ်ဘို့ချ် နယ်မြေတစ်ခုလုံး၏ အုပ်ချုပ်သူ ရောက်ရှိလာပြီ ဖြစ်၏။ သင်္ဘောများက ဆိုက်ကပ်လာ၏။ ခမ်းနားသည့် ဝတ်စုံများကို ဝတ်ဆင်ထားသည့် စစ်သားများက တစ်ခုပြီးတစ်ခု ကုန်းပေါ်သို့ တက်လာ၏။ ရွှေရောင်ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦးက မြင်းဖြူတစ်ကောင်ကို စီးနင်းကာဖြင့် ကုန်းပေါ်သို့ ဖြည်းညှင်းစွာ တက်၏။

ပြီးနောက် မြင်းစီးစစ်သည် တစ်ထောင်ကျော်တို့က သူမကို ကြိုဆိုရန် မြို့ထဲမှ ပြေးထွက်လာ၏။ လက်နက် အပြည့်အစုံ တပ်ဆင်ထားခဲ့သည့် လူငါးထောင်ကျော်တို့၏ ခြံရံမှုအောက်မှာပဲ ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးက ပီကျင်းမြို့ဆီသို့ ဝင်ရောက်လာသည်။

လမ်းတစ်လျှောက်တွင် ကျွန်ဖြစ်စေ၊ သာမန် အရပ်သားဖြစ်စေ လူတိုင်းက လမ်းပေါ်တွင် ဒူးထောက်ကာ အလေးပြု၏။

မှန်ပေ၏။ သူမက ရှမ့်လန်ကို ဝယ်ယူရန်အတွက် ငွေကြေးအမြောက်အများကို အသုံးပြုခဲ့သည့် နယ်စားကြီး ဒီဘိုရာ ပင် ဖြစ်၏။ သူမက ဤဒေသတွင် အချမ်းသာဆုံးသော မုဆိုးမ ဖြစ်သည်။

“နယ်စားကြီး ဒီဘိုရာ ပြန်လာပြီ။”

ရဲတိုက်တွင်းရှိ ခေါင်းလောင်းသံများက မြည်လာ၏။ ကျွန်အစေခံနှင့် စစ်သည်တော်ပေါင်းများစွာက တံခါးအပြင်သို့ ထွက်ကြ၏။ သူတို့က လမ်း၏ ဝဲဘက်၊ ယာဘက် တည်နေရာတွင် စနစ်တကျ ဒူးထောက်ကာဖြင့် နယ်စားကြီး ဒီဘိုရာကို ကြိုဆို၏။

ဤအချိန်မှသာ ရဲတိုက်ကြီးတွင် လူပေါင်းများစွာ ရှိနေကြောင်း ရှမ့်လန်က သတိပြုမိ၏။ နယ်စားကြီး ဒီဘိုရာကို အလုပ်အကျွေး ပြုစုသည့်လူ ပေါင်းထောင်ကျော် ရှိနေသည်။ အစမှအဆုံးထိ နယ်စားကြီး ဒီဘိုရာက ရှမ့်လန်ကို တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ချေ။ ရှမ့်လန် ဝရန်တာတွင် ရပ်နေကြောင်း သူမ သိရှိသင့်သည်။

..................

ညအမှောင်သို့ ရောက်ရှိလာ၏။ ရှမ့်လန်က တကယ့်ကို ကောင်းမွန်လွန်းသည့် ရေချိုးမင်္ဂလာကို ပြုလုပ်ရပြန်၏။ ရေပူအပြင် နွားနို့၊ ဝိုင်နီ၊ ရေမွှေးနံ့သာများပင် ပါဝင်၏။ စုစုပေါင်း လေးကြိမ်တိတိ ရေချိုးပြီးနောက် ကျွန်မိန်းမများက သူ့ကို ယခင်ကမတွေ့ဖူးသည့် ခမ်းနားထည်ဝါသည့် အဝတ်အစားများကို ဝတ်ဆင်ပေး၏။ မှန်ထဲတွင် မြင်ရသည့် ရှမ့်လန်၏ပုံရိပ်က ကိုယ်ရောင်ကိုယ်ဝါများ ထွက်နေသလိုပင်။

ခဏအကြာမှတော့ သက်လတ်ပိုင်းအရွယ် မိန်းမစိုးက တိတ်တဆိတ်နှင့် ဝင်ရောက်လာပြီး ရှမ့်လန်ကို ပြော၏။

“အိုး ဘုရားသခင်... ခင်ဗျားက သက်ရှိသတ္တဝါအားလုံးကို မှောင်မိုက်သွားအောင် စွမ်းဆောင်နိုင်တာပဲ။” ဤစကားလုံးများက အမျိုးသမီးများကို ဖော်ညွှန်းရာတွင် အသုံးပြုလေ့ရှိသည် မဟုတ်ပါလား။ သို့သော်ငြား ကျေးဇူးပါလေ။

“အရှေ့တိုင်းက ချောမောတဲ့ လူသားလေး... ကျုပ်နောက်လိုက်ခဲ့။” ထိုမိန်းမစိုးကြီးက ပြောကာဖြင့် လမ်းပြ ခေါ်ဆောင်သွား၏။

ရှမ့်လန်၏ နှလုံးသားတစ်ခုလုံး တစ်ချက်ခုန်သွား၏။ သူက နယ်စားကြီးဒီဘိုရာ နှင့် တွေ့ဆုံရ တော့မည်လား။ နောက်ထပ် ဘာတွေ ဆက်ဖြစ်မည်နည်း။ သူက သူ၏ ဤမျှ အတိုင်းအဆမရှိ ချောမောလှပသည့် ခန္ဓာကိုယ်ကို တကယ်ပင် ယစ်ပူဇော်ပေးရတော့မည်လား။

.....

ရှမ့်လန်က အလွန်ထူးဆန်းသော နေရာတစ်ခုတွင် နယ်စားကြီးဒီဘိုရာ နှင့် တွေ့ဆုံခဲ့ရ၏။ ထိုအရာက ရှေးဟောင်း ရောမသတ်ကွင်းတစ်ခုကဲ့သို့သော နေရာမျိုး ဖြစ်၏။ သူမက ခြင်္သေ့တစ်ကောင်နှင့် တိုက်ခိုက်နေခဲ့ခြင်းပင်။ အံ့အားသင့်စရာကောင်းသည်က ကြည့်ရှုသူ ပရိသတ်တစ်ဦးတစ်ယောက်မှ မရှိပေ။ ဤသည်က ရှမ့်လန် ထင်မှတ်ထားသည်ထက် လုံးဝ ကျော်လွန်နေ၏။

အဓိကအချက်အားဖြင့် သူမက သံချပ်ကာဝတ်စုံကို ဝတ်ဆင်မထားဘဲ အလွန် ပေါ့ပါးသည့် တိုက်ခိုက်ရေး ဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့ခြင်းပင်။ သူမကို ကြည့်ရှုရသည်က သာမန် တိုက်ခိုက်ရေး ကျွန်တစ်ဦးနှင့်ပင် တူနေသေး၏။ သူမ၏ ကျိုးပဲ့နေသည့် ဓားနှင့် စစ်ဦးထုပ်သာ မရှိလျှင် ရှမ့်လန်က သူမကို နယ်စားကြီး ဒီဘိုရာဟုပင် ထင်မှတ်မိလိမ့်မည် မဟုတ်ပေ။

“ဝေါင်း...”

ဤခြင်္သေ့က ရှမ့်လန် တိရစ္ဆာန်ရုံတွင် မြင်ဖူးသည်ထက် ပိုမိုကာ ကြီးမားပြီး ကြောက်မက်ဖွယ်ရာ ကောင်း၏။ အာဖရိကခြင်္သေ့ထက် နှစ်ဆခန့် ပိုမိုက ကြီးမားပြီး အလေးချိန်က ကီလိုဂရမ် ၅၀၀ ခန့် ရှိပေလိမ့်မည်။ ထိုအကောင်ကြီးက မဟာရန်သူတော်ကြီးအလားပင် အရှိန်အဟုန်ဖြင့် ခုန်အုပ်လိုက်၏။

“ချွင်...”

ကျယ်လောင်သည့် အသံကြီးနှင့်အတူ ရောက်ရှိလာသည်။

နယ်စားကြီးဒီဘိုရာက ဒိုင်းလွှာဖြင့် ကြီးမားသည့် ခြင်္သေ့ကြီးကို ခုခံ၏။ ဤကဲ့သို့ ကြီးမားသည့် အင်အားကို တောင့်ခံနိုင်သည်က အံ့မခန်းပင်။ သူမက ခြင်္သေ့ကို ဓားချက်ဖြင့် တစ်ချက်တည်း သတ်ပစ်နိုင်သော်လည်း ထိုသို့မလုပ်ဘဲ ခြင်္သေ့နှင့် ခွန်အားချင်း ပြိုင်ဆိုင်နေခြင်း ဖြစ်၏။

“ဟေး...”

ကျယ်လောင်သည့် ဟစ်ကြွေးသံကြီးနှင့်အတူ သူမ၏ ခန္ဓာကိုယ်က ရုတ်တရက် ရုန်းကန်လိုက်၏။ ကီလိုဂရမ် ၅၀၀ ခန့်ရှိသည့် ခြင်္သေ့ကြီးက အနောက်သို့ လွင့်စင်သွားသည်။

ရှမ့်လန်က ကြည့်ရှုရင်း ဦးရေပြားများပင် ထုံကျင်လာခဲ့၏။ ဤမိန်းမက တကယ့်ကို သန်မာလွန်းလှ၏။ သူမသာ အင်္ကျီကို ချွတ်လိုက်လျှင် ကြွက်သားအဖုအထစ်များနှင့် မိန်းမကြမ်းကြီး တစ်ယောက် ဖြစ်နေမည်လားကိုပင် သူ စိုးရိမ်မိ၏။

သို့သော်ငြား သူမက ခြင်္သေ့ကို သတ်ရန် ဆန္ဒမရှိဘဲ သိုင်းကျင့်နေခြင်းသာ ဖြစ်ကြောင်း သိသာ၏။ နောက်ဆုံးမှာတော့ သူမက ဓားနှင့် ဒိုင်းကိုပါ လွှတ်ပစ်ပြီး ခြင်္သေ့နှင့် လက်ဗလာ နပန်းလုံးလေတော့သည်။

“ဝေါင်း... ဝေါင်း...”

ခြင်္သေ့ကြီးက ဒေါသတကြီးနှင့် အော်ဟစ်ပြီး ကိုက်ခဲရန် ကြိုးစားသော်လည်း သူမက ခြင်္သေ့၏ ခြေထောက်နှစ်ဖက်ကို ဖမ်းချုပ်ပြီး ဝမ်းဗိုက်ပေါ်သို့ ဖိချသဖြင့် ခြင်္သေ့က ဘာမှ မတတ်နိုင်တော့ပေ။

“ဝေါင်း...”

နောက်ဆုံးမှာတော့ သူမက ကီလိုဂရမ် ၅၀၀ နီးပါးလေးသည့် ခြင်္သေ့ကြီးကို ဂုန်နီအိတ် တစ်လုံးအလားပင် လွှတ်ပစ်လိုက်၏။ ခြင်္သေ့က မြေပေါ်သို့ ဘုန်းခနဲ လဲကျပြီး သွေးများပင် အန်ထွက် လာခဲ့၏။

ခြင်္သေ့ကြီးက ဒီဘိုရာကို ကြောက်ရွံ့စွာ ကြည့်ရှုပြီး သူ၏ လှောင်အိမ်ထဲသို့ တိတ်တဆိတ် ပြန်ဝင်သွားသည်။

ရှမ့်လန်က သက်ပြင်းပင် ခိုးချမိ၏။ “ဒါက မိန်းမ မဟုတ်ဘူး။ ဒါ တကယ့်ကို သားရဲမကြီးပဲ။”

တိုက်ပွဲ ပြီးဆုံးသွားသည့်အချိန်မှာတော့ မိန်းမစိုးက အရိုအသေ ပေးသည်။ “ဂါရဝပြုပါတယ် ... အတုမရှိ လှပတဲ့ ကျုပ်ရဲ့ သခင်မ။ အရှင်မရဲ့ နာမည်ပြောင်ကို ခြင်္သေ့ယဉ်ပါးအောင်လုပ်သူလို့ မှည့်ရတော့မယ် ထင်တယ်။”

နယ်စားကြီး ဒီဘိုရာ သူမ၏ ရွှေရောင် စစ်ဦးထုပ်ကို ချွတ်လိုက်၏။

“ဝိုး.... မဖြစ်နိုင်လိုက်တာ။”

ရှမ့်လန်က မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွား၏။ မီးလျှံများအလား နီရဲတောက်ပနေသည့် ဆံနွယ်ရှည်များ၊ ခံ့ညားထည်ဝါပြီး ရင်သပ်ရှုမောဖွယ်ရာ ကောင်းသည့် မျက်နှာ။ ဤကဲ့သို့သော အနောက်တိုင်း လှပျိုဖြူတစ်ယောက်က အရှေ့တိုင်းနှင့် မတူဘဲ တစ်မျိုးထူးခြား ဆွဲဆောင်လျက် ရှိသည်။

သူမ၏ နှာတံက ပန်းပုဆရာ တစ်ယောက်က အထူးတလည် ထုဆစ်ထားသကဲ့သို့ စင်းလျက်ရှိပြီး နှုတ်ခမ်းလွှာများက သွေးစွန်းထားသကဲ့သို့ပင် နီမြန်းနေ၏။ သူမက ို အရပ်ရှည်ပြီး ၁ ဒဿမ ၈၇ မီတာခန့် ရှိ၏။ ခြေတံရှည်များကလည်း တကယ့်ကို လှပလွန်း၏။

ရှမ့်လန်က စိတ်ထဲတွင် ကြိတ်ကာ ကဲ့ရဲ့မိသည်။ ‘ခင်ဗျားတို့ဆီက ပန်းချီဆရာတွေ ဘယ်လို ဒီလောက်တောင် ညံ့ရတာလဲ။ ဒီလောက်လှတဲ့ မိန်းမကို ဘယ်လိုဖြစ်ပြီး အစောက ပုံလိုမျိုး ဆွဲထားနိုင်ရတာလဲ။’

All Chapters