အခန်း (၇၉၁-၇၉၂)
Vol. 49 Ch. 791-792
အပိုင်း (၇၉၁)
ရှမ့်လန်က အခန်းတစ်ခုထဲ မတော်တဆဝင်သွားမိတော့ နယ်စားကြီး ဒီဘိုရာ ပီယာနို တီးနေသည်ကို တွေ့ရ၏။ တကယ်တော့ ပီယာနိုမဟုတ်ပေ။ ဤအချိန်မှာတော့ အနောက်ဘက်လောက၌ ပီယာနိုများ မပေါ်ပေါက်သေးချေ။ အော်ဂင်များသာလျှင် ရှိ၏။ အသံအရည်အသွေးက ပီယာနိုကို မမီသော်လည်း ကောင်းမွန်၏။
နယ်စားကြီးဒီဘိုရာ၏ အော်ဂင်တီးခတ်မှုအတတ်က တကယ့်ကို မြင့်မားပြီး ထူးခြားသည့် အနုပညာရှင်တစ်ဦး ဟု ခေါ်နိုင်၏။ သို့သော်ငြား ရှမ့်လန် ဝင်လာသည်နှင့် တပြိုင်နက် သူမက တီးခတ်မှုကို ရပ်တန့်ပြီး ပြုံးပြကာဖြင့် ထထွက်သွားခဲ့သည်။
ဤသည်က တော်ဝင်မျိုးနွယ်များ၏ ယဉ်ကျေးပျုငှာမှုနှင့် ပြည့်နက်နေသည့် ဆက်ဆံမှုတစ်ခုပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် နယ်စားကြီး ဒီဘိုရာက ဘေးလူရှိနေစဉ်တွင် ဘယ်တော့မျှ တီးခတ်ခြင်းကို မပြုပေ။ အကြောင်းက ဂီတကိုတီးခတ်ခြင်းက တခြားသောသူများ စိတ်ကျေနပ်စေရန် ဖြစ်သည်ဟု သူမ ခံစားရသောကြောင့်ပင်။
သို့သော်ငြား ပီကျင်းမြို့တော်တစ်ခုလုံးတွင် သူမက အမြင့်မြတ်ဆုံးသော အဆင့်အတန်းရှိသူ ဖြစ်သောကြောင့် မည်သူ့ကိုမှ စိတ်ကျေနပ်အောင် လုပ်ပေးရန်မလိုအပ်ချေ။ တစ်နည်းအားဖြင့် ရှမ့်လန်အပါအဝင် မည်သူကမျှ သူမ၏ တီးခတ်မှုကို နားဆင်ရန် မထိုက်တန်ဟု ယူဆခြင်းပင်။
ဟုတ်ပေ၏။ အကယ်၍ တခြားသောနယ်စားမင်းများ၊ သို့မဟုတ် ရှီလွန်မင်းဆက်မှ မင်းသားများ လာရောက်ခဲ့ပါက နယ်စားကြီး ဒီဘိုရာက ဝမ်းမြောက်ဝမ်းသာနှင့် တီးခတ်ပြလိမ့်မည်ဟု သူ ယုံကြည်မိ၏။
ရှမ့်လန်က အနောက်တိုင်းတော်ဝင်မျိုးနွယ်များ၏ ရိုးတွင်းချဉ်ဆီအထိ စိမ့်ဝင်နေသည့် မာန်မာန၊ တခြားသော သူများအပေါ် အထင်အမြင်သေးမှုနှင့် ဟန်ဆောင်ကောင်းသော ယဉ်ကျေးပျူငှာသည့် မထီမဲ့မြင်မှုများကို တဖန်ခံစားရသည်။
ရှမ့်လန်က ဂရုမစိုက်ချေ။ သူက အော်ဂင်ရှေ့တွင်ထိုင်ပြီး AI ၏ အကူအညီဖြင့် တီးခတ်ကြည့်၏။ သူ အနှစ်သက်ဆုံးသော EXODUS သီချင်းပင်ဖြစ်၏။ ဤသီချင်းက သမိုင်းကြောင်း သိပ်မကြာသေးဘဲ ရုပ်ရှင်နောက်ခံ တေးတစ်ပုဒ်ဖြစ်၏။
မက်ဆီယမ်၏ တီးခတ်မှုက အထွတ်အထိပ်လက်ရာတစ်ခုဟု မဆိုနိုင်သော်လည်း လူတန်းစားမရွေး နှစ်သက်ကြသော ဂန္တဝင်မြောက် လက်ရာတစ်ခု ဖြစ်၏။ ထိုအရာက ခမ်းနားထည်ဝါမှု၊ ကြေကွဲစရာကောင်းမှု စသော မော်ကွန်းဝင် ခံစားချက်များနှင့် ပြည့်နှက်နေပြီး အမှန်တကယ်လည်း စိတ်လှုပ်ရှားစရာ ကောင်း၏။ ရှမ့်လန်က အစ္စရေးကို မနှစ်သက်သော်လည်း ဤသီချင်းကိုမူ နှစ်သက်သည်။
ရှမ့်လန်၏ တီးခတ်မှုကို ကြားရသည့်အချိန်မှာတော့ နယ်စားကြီးဒီဘိုရာက ရပ်တန့်၍ ဂရုတစိုက် နားထောင်၏။ ဤအချိန်မှာတော့ သူမ၏ ချီးကျူးအသိအမှတ်ပြုလိုသောစိတ်၊ အလွန်မြင့်မားသည့် အနုပညာ ခံစားမှုကို ဖော်ပြသည့်စိတ် နှင့် စရိုက်တို့ ပေါ်ပေါက်လာ၏။ သူမ၏ လှပသော မျက်ဝန်းထက်တွင် အံ့အားသင့်တုန်လှုပ်နေသည့် အမူအရာမျိုး ပေါ်လွင်နေ၏။
ရှမ့်လန်ကဲ့သို့ အရှေ့တိုင်းသား တစ်ဦးက ဤကဲ့သို့ အနောက်တိုင်းဂီတကို တီးခတ်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။ အရှေ့နှင့် အနောက်လောက သီးခြားစီဖြစ်နေသော်လည်း နှစ်ဘက်လုံး၏ ယဉ်ကျေးမှုများက အနည်းငယ်မျှတော့ အပြန်အလှန် စီးဝင်မှု ရှိနေဆဲပင်။
ရှီလွန်မင်းဆက်၏ ရှေးဟောင်းတော်ဝင်မျိုးနွယ်စုအနေဖြင့် ရော့ဆိုမိသားစုက အရှေ့လောက၏ အကြောင်းကို အနည်းငယ် သိရှိနားလည်ထား၏။ နယ်စားကြီးဒီဘိုရာ၏ အမြင်အရ အရှေ့ကမ္ဘာ၏ ဂီတက ဤကဲ့သို့ မဟုတ်ချေ။ ထိုသူတို့၏ ဂီတက အနုပညာမြောက်သည့် အငွေ့အသက်နှင့် သက်ဝင် လှုပ်ရှားမှုကို ဦးတည်သော်လည်း အနောက်တိုင်းဂီတကဲ့သို့ ကျူးကျော်ဝင်ရောက်မှုနှင့် စိတ်နှလုံးရိုက်ခတ်မှုများကို ထုတ်ဖော်နိုင်ခြင်း မရှိချေ။
အမှန်တကယ်တွင် အရှေ့တိုင်းလောက၏ ဂီတသည်လည်း တကယ့်ကို ကောင်းမွန်ကြောင်း သူမက ဝန်ခံ၏။ သို့သော်ငြား ရှီလွန်မင်းဆက်၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် သူမက မည်သို့ပင်ဖြစ်စေကာမှု မိမိ၏ ယဉ်ကျေးမှု သာလွန်ကြောင်းကို ပိုမိုကာ ထိန်းသိမ်းထားရပေမည်။ ရှမ့်လန်၏ တီးခတ်မှု ပြီးဆုံးသွားသည့်အချိန်မှာတော့ နယ်စားကြီး ဒီဘိုရာက ထွက်ခွာသွား၏။
ထိုညမှာပဲ နယ်စားကြီး ဒီဘိုရာက ရှမ့်လန်၏အခန်းထဲသို့ ထပ်မံ၍ ရောက်ရှိလာပြန်၏။ ထုံးစံအတိုင်း သူမက သူနှင့်အတူ အိပ်စက်ခဲ့ပြန်၏။ ပြီးနောက် သူမက ထွက်ခွာလုဆဲဆဲပင် ရှမ့်လန်က သူမကို အသာပြန်လည်ကာ ဖိထားပြီး ရှမ့်လန်၏နည်းလမ်းအတိုင်း သူမနှင့်အတူ အိပ်စက်ခဲ့၏။ သို့သော်ငြား ရှမ့်လန်က သူမကို နမ်းရန် ကြိုးစားသည့်အချိန်တိုင်း တွန်းထုတ်ပစ်တတ်သည်။
သူတို့နှစ်ဦးက တကယ့်ကိုထူးဆန်းသည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ သူတို့က ဇနီးမောင်နှံများ ဖြစ်ကြသော်လည်း သူစိမ်းများထက်ပင် ပိုမိုကာ စိမ်းသက်၏။ အထူးသဖြင့် ရှမ့်လန်က တစ်စုံတစ်ခုသော သူ၏ ကျွမ်းကျင်မှု ပါရမီကို ပြလာတိုင်း နယ်စားမင်းသမီး ဒီဘိုရာက ပိုမိုကာအေးစက်သည့် သဘောထားကို ပြသလေ့ရှိ၏။
ပီကျင်းမြို့တော်တစ်ခုလုံးက သူ့အား ဆက်လက်ကာ ဝိုင်းပယ်ထားဆဲဖြစ်၏။ ထိုအရာက လူဖြူများထံမှ အသားညိုသူများထံသို့ ကူးဆက်သွားခဲ့ပြီးဖြစ်၏။ အားလုံးက သူ့ကို ဝိုင်းပယ်ထား၏။ ရှမ့်လန်က AI မှတစ်ဆင့် ဗီတာ ဘာသာစကားကို သင်ယူထားခဲ့သော်လည်း သူက ဆွံ့အသူ တစ်ဦးသကဲ့သို့ ဖြစ်နေဆဲပင်။ အဘယ့်ကြောင့်ဆိုသော် မည်သူကမျှ သူ့အား စကားမပြောကြသဖြင့် သူက စကားပြောရန် အခွင့်အရေး လုံးဝမရှိပေ။
အရှေ့လောကမှလာသည့် အခြားသော ချောမောသည့် ယောကျ်ား နှစ်ဦးတို့ကတော့ ဤရဲတိုက်ကြီး၏ သင်းကွပ်ထားသည့် အစေခံအသစ်များ ဖြစ်သွားခဲ့ကြ၏။ ဤနှစ်ဦးက ရှမ့်လန်နှင့် ခပ်ဝေးဝေးမှာသာနေ၏။ သူတို့က လူမျိုးတူများ ဖြစ်ကြသော်လည်း ဘယ်တော့မှ စကားမပြောကြချေ။
အရှေ့တိုင်းသားဟူသည့် အထောက်အထားကို စွန့်လွှတ်ရန်အတွက် သူတို့က သူတို့၏ ဆံပင်ရှည်များကိုပင် ဖြတ်တောက်လိုက်ကြပြီး အနောက်တိုင်းသားနှင့် တူနိုင်သမျှ တူစေရန် မျက်တောင်များကိုပင် ဆေးခြယ် ထားကြ၏။
……………..
ရှမ့်လန် အထီးကျန်ဆန်သည်ဟု ခံစားရသည်လား။ အနည်းငယ်တော့ရှိ၏။ သူက လူသူကင်းမဲ့သည့် ကျွန်းပေါ်တွင် ရှိနေစဉ်က လပေါင်းများစွာ တစ်ယောက်တည်း နေခဲ့၏။ အမှန်တကယ်ပင် သူက အထီးကျန်ခဲ့၏။
ထိုစဉ်က သူက လူသားများရှိရာ မြို့တစ်မြို့ဆီသို့ အမြန်ဆုံးရောက်ချင်မိ၏။ မည်သည့်မြို့ဖြစ်ပါစေ။လူရှိလျှင် တော်ပြီဟုပင် တွေးခဲ့ဖူး၏။ သူ သုံးလအတွင်း နာမည်ကျော်ကြားလာစေရမည်။ တစ်နှစ်အတွင်း မြို့ကို ထိန်းချုပ်နိုင်ရမည်ဟု ကြီးကျယ်သည့် ရည်မှန်းချက်များပင် ထားခဲ့သည်။
ယခုမူ သူ အလွန်အကျွံ တွေးခဲ့မိပြီဖြစ်ကြောင်း သိလိုက်ရ၏။ ရက်အနည်းငယ်အတွင်းမှာပဲ သူက ဤမြို့အရှင်သခင်၏ ယောကျ်ားဖြစ်လာခဲ့၏။ သူက လူတိုင်း၏ အထက်တွင်ရှိနေပြီး လူတစ်ဦးတစ်ယောက် ၏ အောက်တွင်သာ ရှိနေသယောင် ထင်ရ၏။ သို့သော်ငြား သူက ပရိယာယ်နှင့် ဉာဏ်ပညာကို အသုံးပြုရုံမျှဖြင့် ဤမြို့၏အရှင်သခင် ဘယ်သောအခါမှ ဖြစ်နိုင်လိမ့်မည်မဟုတ်ကြောင်း သိရှိ၏။
အကြောင်းအရင်းမှာ သူက အရှေ့တိုင်းသားတစ်ဦး ဖြစ်နေသောကြောင့်ပင်။ သူက အရှေ့တိုင်းသားတစ်ဦး ဖြစ်နေ၏။ မည်မျှထက်မြက်သည်ဖြစ်ပါစေ၊ ထူးချွန်သည်ဖြစ်ပါစေ အလကားပင်။ ဤမြို့တွင် ကြာကြာနေလေ ရှမ့်လန်က ဤမြို့ရှိလူတိုင်း၏ ဝိုင်းပယ်ခြင်းနှင့် ဖယ်ကျဉ်ခြင်းကို ပိုမို ခံစားရလေပင်။ အချိန်ကြာလာသည်နှင့် ဤဝိုင်းပယ်မှုနှင့် ဖယ်ကျဉ်မှုက ရန်လိုမုန်းတီးမှုအဖြစ်သို့ ပြောင်းလဲလာခဲ့၏။
လပေါင်းများစွာကြာအောင် သူ့အား မည်သူကမျှ စကားမပြောကြချေ။ သူ့ကို လူပေါင်းများစွာတို့က ဝန်းရံထားခဲ့သော်လည်း မည်သည့် သတင်းအချက်အလက်မှ မရရှိနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူအနားသို့ ချဉ်းကပ်လာတိုင်း လူတိုင်း၏ စကားဝိုင်းများက ရပ်တန့်သွားခဲ့သောကြောင့်ဖြစ်သည်။
သို့သော်ငြား ရှမ့်လန်က နာကျင်မှုကို မခံစားရချေ။ သူက ပညာရှိတစ်ယောက် မဟုတ်ပါလား။ ဤကဲ့သို့သော အခြေအနေနှင့်ရင်ဆိုင်ရသည့်အချိန်တွင် သူ၏စိတ်ထဲတွင် စကားတစ်ခွန်းကိုသာ ပြောနိုင်ခဲ့၏။
“အရူးတွေပဲ။ ဒီကောင်တွေ အားလုံးရူးနေကြပြီ။”
သို့သော်ငြား အရှေ့တိုင်းသားတစ်ဦးအနေနှင့် ဤမြို့တွင် အခြေချရန် အာဏာကို ဆုပ်ကိုင်ရန်မှာ မဖြစ်နိုင်ကြောင်း သူက လေးလေးနက်နက် သိရှိ၏။ လူမျိုးတစ်မျိုးက အခြားသော လူမျိုးတစ်မျိုးနှင့် ပေါင်းစပ်လိုလျှင် ဘာလုပ်ရမည်နည်း။ သို့မဟုတ် သူက လက်အောက်ခံတစ်ဦးအနေဖြင့် ကျေကျေနပ်နပ် နေသင့်သည်လား။
ဦးဆောင်နေသည့် မျိုးနွယ်စုအား သူက ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း ခံစားရစေရန် လုပ်ဆောင်ရ မည်လား။ သို့သော်ငြား အားကောင်းသည့် လူမျိုးစုနှစ်ခုကြားတွင် ပေါင်းစည်းမှုဟူ၍ မရှိချေ။ သိမ်းပိုက်မှုဟူ၍ ရှိပေမည်။
……………………….
ထိုညမှာတော့ နယ်စားကြီး ဒီဘိုချီက ထုံးစံအတိုင်း ရှမ့်လန်နှင့် ထပ်မံ အိပ်စက်၏။ “ရှင် စုန်းမအင်ပါယာတွေအကြောင်း စုံစမ်းနေတာလား။”
ရှမ့်လန်က ခေါင်းညိတ်ကာ ပြန်ပြောသည်။ “ဟုတ်တယ်။”
ဒီဘိုရာက မေး၏။ “အရှေ့တိုင်းသားတွေက အနောက်လောကကို ဘာလို့လာခဲ့တာလဲ။ ဒီက ဟန်ချက်ညီမှုကို ဖျက်ဆီးချင်ကြတာလား။ ဘာလို့ လာကြတာလဲ။”
ရှမ့်လန်က ခဏမျှ စဉ်းစား၏။ ပြီးနောက် ပခုံးတွန့်ပြလိုက်၏။ သူက ဤမေးခွန်းကို မဖြေနိုင်ချေ။ ၁၆ ရာစုက စပိန်၊ ၁၇ ရာစုက ဟော်လန်နှင့် ၁၈ ရာစုက ဗြိတိသျှအင်ပါယာတို့က အဘယ့်ကြောင့် အနောက်ဘက်လောက၌ ငြိမ်ငြိမ်မနေသနည်းဟု သူ သွားမေး၍ ရနိုင်ပါမည်လား။
ဒီဘိုရာက ပြော၏။ “စုန်းအင်ပါယာ အကြောင်းကို မေ့လိုက်ပါ။ အဲတာက အနောက်လောကမှာ ရှင့်ရဲ့ မိခင်အင်ပါယာတစ်ခု ဖြစ်လာနိုင်မှာ မဟုတ်ဘူး။”
သူမ မပြောလိုက်သည့်စကားကို ရှမ့်လန်က ကြားလိုက်ရ၏။ စုန်းအင်ပါယာက အမှန်ပင် ပျက်စီးရ ပေတော့မည်။
ရှမ့်လန်က ရုတ်တရက် မေးလိုက်သည်။ “ရော့ဆိုမိသားစုက တစ်ခါက ရှီလွန်မင်းဆက်ရဲ့ တော်ဝင်မိသားစု ဖြစ်ခဲ့တာလား။”
ဒီဘိုရာက ပြော၏။ “ကျွန်မတို့မိသားစုက ကျွန်မတို့ရဲ့ သမိုင်းဝင် အဆင့်အတန်းကို တမင်တကာ မြှင့်တင်လေ့ မရှိဘူး။ ကျွန်မတို့က အရှေ့လောကက မိသားစုတွေနဲ့ မတူဘူး။”
သူမ၏ ပြောပုံက အရှေ့လောကမှ မိသားစုများက သူတို့၏ ဂုဏ်သိက္ခာကို အတင်းအဓမ္မ မြှင့်တင်ခဲ့ကြပြီး တော်ဝင်မျိုးနွယ်ဆိုသော ဂုဏ်သိက္ခာ၌ ခိုလုံချင်ပုံ ပေါ်နေပုံပင်။ ထိုကဲ့သို့သောလူမျိုးများ ရှိသည်က အမှန်ပင်။ ဥပမာအားဖြင့် ရွှယ်မိသားစုက ရန်မိသားစုဖြစ်ရန် ကြိုးစားနေသကဲ့သို့ပင်။
သို့သော်ငြား ရှမ့်လန်ကတော့ ထိုကဲ့သို့ မဟုတ်ပေ။ အရှေ့တိုင်းလောကကြီး၌ အမြင့်မြတ်ဆုံးသော မျိုးရိုးအမည်များက ကျိနှင့် ကျန်းမျိုးနွယ်တို့ ဖြစ်သည်။ မူလက ကျိမျိုးနွယ်က ကျန်းမျိုးနွယ်ထက် ပိုမိုကာ မြင့်မားခဲ့၏။ သို့သော်ငြား ကျန်းလီကြောင့် ကျန်းမျိုးနွယ်နှင့် ကျိမျိုးနွယ်တို့က အရှေ့လောက၏ လူသန်းပေါင်းများစွာတို့၏ စိတ်နှလုံးထဲတွင် တန်းတူအဆင့်သို့ ရောက်ရှိခဲ့၏။
ရင်ကွမ်းက တော်ဝင်ချန်နိုင်ငံတော်အဖြစ် ထီးနန်းကို ရယူခဲ့ပြီးနောက် ကျန်းမျိုးရိုးကို အသုံးမပြုဝံ့ဘဲ ရင်မျိုးရိုး အဖြစ်သို့ ပြောင်းလဲခဲ့၏။ အနောက်လောကတွင် နေထိုင်သည့် ရှမ့်လန်က အရှေ့လောက၏ အမြင့်မြတ်ဆုံးသော မျိုရိုးအမည်ကို ပိုင်ဆိုင်ထားသော်လည်း သူ၏အမည်ကို ကျန်းလန်ဟု ပြောင်းလဲခဲ့ခြင်း မရှိခဲ့ပေ။
“ကျိမိသားစုက ကျိမိသားစုပဲ။ ရှီလွန်မိသားစုက ရှီလွန်မိသားစုပဲ။”
နယ်စားကြီး ဒီဘိုရာက ပြော၏။ “စုန်းအင်ပါယာက ရှီလွန်မင်းဆက်ရဲ့ပြိုကွဲမှုကို ထောက်ခံ အားပေးခဲ့တယ်၊ အနောက်လောကမှာ နိုင်ငံခြားအစိုးရတစ်ခုကို တည်ထောင်နိုင်ဖို့ မြောက်မြားစွာသော ကျေးကျွန်တွေနဲ့ နိမ့်ကျတဲ့သူတွေကို စည်းရုံးခဲ့တယ်၊ ဒါက မအောင်မြင်ဖို့ ကံရှိပြီးသားပဲ။ စုန်းအင်ပါယာဆိုတာ သဲသောင်ပြင်ပေါ်မှာ တည်ဆောက်ထားတဲ့ ရဲတိုက်တစ်ခုလိုပဲ။ ဘယ်လှိုင်းဒဏ်မျိုးမဆို ဒါကို ဖျက်ဆီး ပစ်နိုင်တယ်။”
ရှမ့်လန်က မေးမြန်းလိုက်သည်။ “ကျုပ် မှတ်မိသလောက်ဆိုရင် ပီကျင်းစီရင်စုတစ်ခုလုံးက စုန်းအင်ပါယာ အပေါ် သစ္စာရှိပါ့မယ်လို တစ်ခါက ကြေညာခဲ့ဘူးတယ် မဟုတ်လား။”
နယ်စားကြီးဒီဘိုရာက ပြော၏။ “အဲတာ ကျွန်မရဲ့မောင် လုပ်ခဲ့တာ။ ဒါကြောင့် ကျွန်မ သူ့ကို ကြိုးပေး သတ်လိုက်ပြီ။”
ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ဤအကြောင်းအရာ၏ နောက်ကွယ်မှ အမှန်တရားကို ရှာဖွေရန် သူ စိတ်မပါတော့ပေ။
“ဆန့်ကျင်ဘက်အနေနဲ့ စုန်းအင်ပါယာ ပေါ်လာတာကြောင့် ရှီလွန်တတိယအင်ပါယာကို တည်ထောင် နိုင်ခဲ့တာပဲ။”
နယ်စားကြီး ဒီဘိုရာက ဆက်ပြော၏။ “ဒါပေမဲ့ ရှင့်ရဲ့ စုန်းအင်ပါယာကို မေ့လိုက်စမ်းပါ။ အဲဒါက အနောက်လောကမှာ ရှင့်ရဲ့မိခင်နိုင်ငံတစ်ခု ဖြစ်မလာနိုင်ဘူး။ ရှီလွန်က ရှီလွန်အတွက်ပဲ။”
နယ်စားကြီး ဒီဘိုရာက ထ၍ ထွက်ခွာသွားရန် ပြင်ဆင်၏။ ရှမ့်လန်က သူမ၏လည်ပင်းကို ဆွဲဖက်ကာ နီရဲသည့် နှုတ်ခမ်းအစုံကို နမ်းရှုပ်၏။ သို့ပေမည့် သူမ၏ လက်ဖြင့် ထပ်မံတားဆီးခြင်းကို ခံရ၏။
“ရှီလွန်က ရှီလွန်အတွက်၊ တော်ဝင်ရန်က တော်ဝင်ရန်အတွက်ပဲ။”
ရှမ့်လန်က သူ၏စိတ်ထဲတွင် ကဲ့ရဲ့လိုက်မိ၏။ ‘မင်း ငါနဲ့ အကြိမ်ကြိမ် အိပ်ခဲ့ပြီးပြီ။ အခုထိ ငါ့ကို ဒီလိုစကားတွေ ပြောနေတုန်းပဲလား။’
နယ်စားကြီး ဒီဘိုရာက သူနှင့်အတူတူ အကြိမ်ကြိမ် အိပ်စက်ခဲ့သော်လည်း သူက ရင်းနှီး ကျွမ်းဝင်စေရန် ဘယ်သောအခါကမျှ ရည်ရွယ်ခဲ့ခြင်း မရှိကြောင်း တွေ့နိုင်၏။ မှန်ပေ၏။ ပါးစပ်က စားသောက်ရန်နှင့် စကားပြောရန်အတွက်ဖြစ်သောကြောင့် နမ်းရှုံ့ခြင်းကို ပိုမိုအဆင့်မြင့်သည့် ဆက်သွယ်မှုအဖြစ် သတ်မှတ်ပုံရ၏။
အောက်ပိုင်းကမူ စွန့်ပစ်ရန်အတွက်သာဖြစ်သောကြောင့် ထိုအရာကို နိမ့်ကျသော ဆက်သွယ်မှုအဖြစ် သတ်မှတ်သည့်ပုံပင်။ သို့သော်ငြား လူသားများက နိမ့်ကျသည့် ဆက်သွယ်မှုကို ပိုမိုကာ နှစ်သက်ကြသည်လား။ မြင့်မြတ်သည့် ဆက်သွယ်မှုကို ပိုမိုကာ နှစ်သက်ကြသည်လား။
………………….
ရှမ့်လန်က နယ်စားကြီး ဒီဘိုရာ၏ သဘောထားကို သိရှိသွားခဲ့၏။ နောက်ရက်များအတွင်း သူတို့ နှစ်ဦးက အရင်းနှီးဆုံး ဆက်ဆံရေးမျိုးဖြင့် ဆက်ရှိနေဦးမှာဖြစ်၏။ သို့သော်ငြား ပတ်သက်မှုကတော့ ပိုမိုကာ ဝေးကွာလာ၏။
အကြိမ်တိုင်းတွင် နယ်စားကြီး ဒီဘိုရာက ထူးဆန်းသည့် ဘာသာစကား တစ်ခုကို ရွတ်ဖတ်ပြီး ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသည့် စကားလုံးများကို ရေးဆွဲ၏။ ထိုအရာက ထုံးတမ်းအစဉ်အလာ အရ ပြုလုပ်သော ပျော်ရွှင်မှုတစ်ခု ဖြစ်ပုံရ၏။ နမ်းရှုပ်ခြင်းကိုထားဦး သူတို့က စကားတစ်ခွန်း၏ တစ်ဝက်ကိုမျှ မပြောဖြစ်ကြတော့ချေ။ သူမက ရှမ့်လန်နှင့်အတူ လာနေခြင်းက တစ်စုံတစ်ရာသော အခမ်းအနားကို လုပ်ဆောင်နေသကဲ့သို့ပင်။
မြို့တော်တစ်ခုလုံး ရှမ့်လန်အပေါ်ကို ဝိုင်းပယ်ထားမှုက ပိုမိုကာ ပြင်းထန်လာခဲ့ပြီး ရန်လိုမှုများကလည်း ပိုမိုကာ ကြီးမားလာခဲ့၏။ ဟုတ်ပေ၏။ မည်သူကမျှ ရှမ့်လန်ကို လက်ညှိုးထိုးခြင်း သို့မဟုတ် တံတွေးနှင့် ထွေးခြင်းမျိုး မပြုလုပ်ကြချေ။
သို့ပေမည့် သူ လျှောက်လှမ်းခဲ့သည့်လမ်းတွင် တခြားသောသူများက အချိန်အတော်ကြာအောင် လျှောက်လှမ်းခြင်း မပြုတော့ပေ။ သူ သွားလေရာတိုင်း၌ လူတိုင်းက ချက်ချင်း ရှောင်ဖယ်၏။ ရှမ့်လန်က ခမ်းနားထည်ဝါပြီး မြင့်မြတ်သည်ကို လူတိုင်းက မြင်တွေ့နိုင်သော်လည်း ဤသည်က သူတို့၏ ဟန်ဆောင်ထားသည့် အကြောင်းအရာမျိုးပင်။
ရှမ့်လန်က အရာအားလုံးကို သူ၏ မျက်လုံးဖြင့် ကြည့်နိုင်ခဲ့၏။ နယ်စားကြီးဒီဘိုရာက ကျေးကျွန်များကို ဆက်လက်ဝယ်ယူနေပြီး စစ်တပ်တစ်ခုအဖြစ် လေ့ကျင့်နေဆဲပင်။
သူမ၏လက်အောက်ရှိစစ်တပ်က အံအားသင့်ဖွယ် ကောင်းလောက်အောင် များပြားသည့်အရေအတွက်သို့ ရောက်ရှိလာ၏။
ရှမ့်လန်က မည်သည့် သတင်းအချက်အလက်ကိုမှ မတွေ့ရ၊ မည်သည့်စကားသံကိုမှ မကြားရသော်လည်း ခံစားသိရှိ၏။ စုန်းအင်ပါယာ ပေါ်ထွက်လာမှုကြောင့် ရှီလွန်၏ တတိယအင်ပါယာက လျှင်မြန်စွာ ဖြစ်ပေါ်လာနေ၏။
နယ်စားကြီး ဒီဘိုရာက ရှီလွန်၏တတိယအင်ပါယာတွင် ပါဝင်သူတစ်ဦးပင်။ သူမက စုန်းအင်ပါယာကို တိုက်ခိုက်ရန် စစ်သည်များကို စုဆောင်းနေခြင်းဖြစ်၏။ သူတို့၏ရည်ရွယ်ချက်က တကယ့်ကို ရိုးရှင်း၏။ စုန်းအင်ပါယာကို လုံးဝမျိုးဖြုတ် သတ်ဖြတ်ရန်။ အရှေ့တိုင်းသားအားလုံးကို သတ်ဖြတ်ရန်ပင် ဖြစ်သည်။
ရှမ့်လန်က ရှီလွန်အင်ပါယာမှာ အမှန်တကယ် အားကောင်းသူများဖြစ်ကြောင်း သိရှိ၏။ ဒုတိယ အင်ပါယာ ပြိုလဲသွားရခြင်းက ဦးဆောင်သူ မရှိခြင်းကြောင့်သာ ဖြစ်၏။ အမျိုးမျိုးသော နိုင်ငံငယ်များနှင့် ပဒေသရာဇ် နယ်မြေများက တကယ့်ကိုအားကောင်းသော်လည်း သူတို့က ထီးနန်းတင်ရန် ယုံကြည်စိတ်ချရသည့် ပုဂ္ဂိုလ် တစ်ဦးဦးကို မရှာဖွေနိုင်ခဲ့သောကြောင့် ပြိုလဲသွားခြင်းပင်။
ကျိုးဧကရာဇ် ဆုတ်ယုတ် လာခဲ့ပြီး ပဒေသရာဇ်နယ်စားများ ထကြွသဖြင့် ပြိုလဲသွားခဲ့ရသကဲ့သို့ပင်။
……………………..
အပိုင်း (၇၉၂)
လွန်ခဲ့သည့် ရက်အနည်းငယ်က လူတစ်ယောက်က ရှမ့်လန်ထံသို့ လာရောက်လည်ပတ်၏။ ဤသည်က လပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် တစ်စုံတစ်ဦးက သူ့ကို လာတွေ့ခြင်းပင်။
ထိုသူက ပင်လယ်ဓားပြ ခေါင်းဆောင်ဖြစ်၏။ သူက ရှမ့်လန်ထံသို့ ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ်ကို ပေးပို့၏။ ထိုအရာက ဘာမှ မဟုတ်ပဲ ရှမ့်လန် သူ့အား ဆယ်ယူခိုင်းခဲ့သည့် ပျက်စီးနေသည့် မိုးပျံပူပေါင်း အဝတ်စသာ ဖြစ်၏။
နောက်ပိုင်းကာလများတွင် ရှမ့်လန်က လှောင်အိမ်ထဲရှိ သာလိကာငှက်လေးတစ်ကောင်ကဲ့သို့ ပြန်ဖြစ်သွား၏။ သူက ရဲတိုက်ထဲမှ မထွက်ခွာရုံသာမက သူ၏အခန်းထဲမှပင် မထွက်တော့ချေ။ မီးနတ်ဘုရား၏ ပုရောဟိတ်များ ကဲ့သို့ပင်။
သူတို့က နောက်ဆုံးပေါ်လာခဲ့သည်မှာ ရှမ့်လန်၏ လက်ထပ်ပွဲ၌ ပေါ်လာခဲ့ခြင်းသာ ဖြစ်ပြီး ထိုအချိန်မှစ၍ လုံးဝပျောက်ကွယ်သွားခဲ့သည်။
ဤအချိန်မှာတော့ ရှမ့်လန်က ဤမြို့၌ တစ်စုံတစ်ရာ တိုးတက်အောင် ကြိုးစားမည်ဟူသည့် ဆန္ဒမရှိတော့ချေ။ သူ၏တစ်ဦးတည်းသော ရည်မှန်းချက်က ပီကျင်းမြို့တော်မှ ထွက်ခွာပြီး စုန်းအင်ပါယာသို့ ဦးတည်ရန်ပင်ဖြစ်၏။ စုန်းအင်ပါယာက ချောင်ယောင်းအာ တည်ထောင်ခဲ့သည်ဟု အတပ် မပြောနိုင်သော်လည်း ထိုအရာ၏အုပ်ချုပ်သူက အရှေ့တိုင်းသားတစ်ဦးဖြစ်ကြောင်းကိုတော့ အသေအချာ သိနိုင်၏။
ထိုနေရာသို့ ရောက်မှသာလျှင် ရှမ့်လန်က အရည်အချင်းကို ပြသနိုင်ပြီး ကြီးမားသည့် အာဏာကို ရရှိနိုင်ပေလိမ့်မည်။ ထို့အပြင် စုန်းအင်ပါယာက ချောင်ယောင်းအာ၏အင်ပါယာ ဖြစ်နိုင်ချေအရှိဆုံးပင်။
အကယ်၍ အမှန်တကယ်သာ သူမ ဖြစ်ခဲ့ပါက ရှမ့်လန်က အလွန်ပင် အံအားသင့်မိလိမ့်မည်။ ချောင်ယောင်းအာကို မတွေ့ခဲ့ရသည်မှာ နှစ်အနည်းငယ်သာရှိသော်လည်း ဤမျှထိ အားကောင်းလာ ခဲ့သည် လား။
သစ်ရွက်တစ်ရွက်ကို ကြည့်ခြင်းဖြင့် ဆောင်းဦးရာသီ၏ အနက်အရှိုင်းကို သိရှိနိုင်သလို အစက်အပျောက် တစ်ခုကိုကြည့်ခြင်းဖြင့် ကျားသစ်တစ်ကောင်လုံးကို မြင်နိုင်၏။
ဤနယ်စားကြီးဒီဘိုရာက တစ်ဦးချင်းခွန်အားဖြစ်စေ၊ အရည်အချင်းဖြစ်စေ အားကောင်း၏။ ယခုအချိန်တွင် သူမ၏လက်အောက်ရှိ စစ်သည်များက သိန်းနှင့်ချီ၍ ရှိနေ၏။ သူမက ရှီလွန်အင်ပါယာ၏ တတိယအင်ပါယာတွင် ပါဝင်သူ တစ်ဦးမျှသာ ရှိသေး၏။
သို့သော်ငြား စုန်းအင်ပါယာမှာ အရှေ့ဘက်မှ တိုက်ခိုက်လာခဲ့ပြီး မြောက်များစွာသောမြို့များနှင့် ပြည်နယ်များကို အောင်နိုင်သိမ်းပိုက်လာကာ ကြီးမားသည့် အင်ပါယာကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့၏။ ပီကျင်းမြို့တော်ပင်လျှင် တစ်ခါက စုန်းအင်ပါယာ၏ ခြေဖဝါးအောက်သို့ ရောက်ခဲ့ဖူးသေးသည်။
ဤကဲ့သို့သော ကျော်ဇောမှုက အင်ပါယာ ကျန်းလီ၏ဟန်ပန် ကျော်ဇောမှုမျိုးနှင့် အမှန်ပင်တူ၏။ သို့သော်ငြား ရှမ့်လန်က စုန်းအင်ပါယာထံသို့ သွားလိုသော်လည်း မသွားနိုင်သေးချေ။ အမှန်တကယ်ပင် စုန်းအင်ပါယာ မည်သည့်နေရာရှိသည်ကိုပင် သူက အတည်မပြုနိုင်သေးပေ။
ယခင်က အထီးကျန်နေသည့် ယမ်းစိမ်းကျွန်းသို့ ရောက်ရှိလာပြီး သင်္ဘောတစ်စင်းကို စောင့်ဆိုင်း နိုင်ခဲ့သေး၏။ ယခု ပီကျင်းမြို့တော်တွင် လူများပြည့်နှက်နေသော်လည်း အထီးကျန်သော ယမ်းစိမ်းကျွန်းထက်ပင် ပိုမိုကာ အထီးကျန်၏။ ထို့အပြင် သူက မည်သည့် သင်္ဘောကိုမျှ ထပ်မံ စောင့်ဆိုင်း၍ မရတော့ချေ။ သူက ပီကျင်းမြို့တော်မှ လုံးဝထွက်ခွာ၍ မရနိုင်ပေ။
သူ မည်မျှပင် ငွေကြေးပေးကမ်းသည်ဆိုပါစေ မည်သည့်သင်္ဘောကမှ ခေါ်ဆောင်သွားရန် အလိုမရှိကြပေ။ သူက ရုပ်ဖျက်ထားသည်ဖြစ်စေ ၊ ခြေရာဖျောက်ထားသည်ဖြစ်စေ အလကားပင်။ အဘယ့်ကြောင့်ဆိုသော် တစ်မြို့လုံးတွင် သူက တစ်ဦးတည်းသော တခြားသူ ဖြစ်နေသောကြောင့်ပင်။
ငန်းဖြူတစ်ကောင်က ငန်းနက်အုပ်စုကြားထဲတွင် ပုန်းကွယ်၍နေ၍ မရနိုင်ပေ။ သူကိုယ်သူ အမဲရောင် ဆေးခြယ်လို့လည်း မဖြစ်နိုင်ပေ။
ရှမ့်လန်က ပီကျင်းမြို့တော်မှ ထွက်ခွာ၍ စုန်းအင်ပါယာသို့ သွားရမည် အချိန်က မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်းတော့ သိထား၏။
………………….
တစ်စုံတစ်ခုသောနေ့မှ စတင်၍ ရှမ့်လန်က ပိုးထည်များကို ဝတ်ဆင်ရခြင်းကာ မနှစ်သက်တော့ချေ။ ထိုအစား အခြားသော အဝတ်အထည်များကို ဝတ်ဆင်လိုလာခဲ့၏။ အထူးသဖြင့် လေဝင်လေထွက် ပိုကောင်းသော ချည်ထည်နှင့် လျှော်ထည်များပင်။
သို့သော်ငြား ဤရဲတိုက်ကြီးအတွင်း၌ မည်သူကမျှ သူ အလိုရှိသည့် အဝတ်အစားမျာကို ပြင်ဆင်ပေးမည် မဟုတ်ချေ။ ထို့ကြောင့် ရှမ့်လန်က မြို့ထဲသို့ သွားရောက်ပြီး လျှော်ထည်နှင့် ချည်ထည်များကို ကိုယ်တိုင် ဝယ်ယူ၏။ ပြီးနောက် အဝတ်အစားများကို ကိုယ်တိုင်ချုပ်လုပ်ခဲ့၏။ သူက အနောက်တိုင်းပုံစံ အဝတ်အစားများ ကို ဝတ်ဆင်ရခြင်းအား မနှက်သက်ပေ။ ထို့ကြောင့် သူက အရှေ့တိုင်းပုံစံဝတ်ရုံကို တဖန် ပြန်လည်ကာ ဝတ်ဆင်၏။
…………………
ညအချိန်မှာတော့ နယ်စားကြီးဒီဘိုရာက ရှမ့်လန်၏ အခန်းသို့ ရောက်ရှိလာ၏။ ထုံးစံအတိုင်း သူနှင့် အိပ်စက်သည်။
နောက်ဆုံးမှာတော့ သူမက သက်ပြင်းရှည်ကြီးတစ်ခုကိုချ၏။ မြင့်မြတ်သည့် အခမ်းအနားကြီး တစ်ခုလုံး ပြီးဆုံးသွားခဲ့ပြီဟု ဆိုလိုခြင်းလား။ ပြီးတော့ သူမက ရှမ့်လန်အား ရှုပ်ထွေးသည့် အကြည့်နှင့် ကြည့်၏။
“နှုတ်ဆက်ပါတယ်။ ကောင်းသောညပါ အရှေ့လောကရဲ့ယောကျာ်း...”
ပြီးနောက် ထွက်ခွာသွား၏။ ဤအချိန်မှာတော့ သူမနှင့် ရှမ့်လန်တို့ လက်ထပ်ခဲ့သည်မှာ ၉၉ ရက်ကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။ သူတို့နှစ်ဦး ရင်းနှီးခဲ့သည်က ၁၉ ကြိမ်မက ရှိခဲ့ပြီ။
………………
အနောက်လောက၏ အလွန်အရေးကြီးသည့် ပွဲတော်တစ်ခုဖြစ်ပုံရ၏။ ရှီလွန် အင်ပါယာ၏ ပထမဦးဆုံးဧကရာဇ်မွေးနေ့ ဖြစ်ဟန်လည်းတူ၏။ ပီကျင်းမြို့တော်တစ်ခုလုံးတွင် မည်သည့် ခမ်းနားသော ပွဲလမ်းသဘင်မှ မရှိချေ။ ထိုအစား လေးနက်တည်ငြိမ်သည့် ခေါင်းလောင်းသံတစ်ခုက မြည်ဟီးနေ၏။
ရှမ့်လန် ခန့်မှန်းနေသည်က မှားယွင်းနေခြင်းလည်း ဖြစ်နိုင်၏။ ဤသည်က ရှီလွန်အင်ပါယာ၏ ပထမဦးဆုံး ဧကရာဇ်မွေးနေ့ မဟုတ်ပဲ ကွယ်လွန်သွားသည့် နှစ်ပတ်လည်နေ့လည်း ဖြစ်နိုင်သည်။
အစေခံ မိန်းကလေး တချို့က အထဲကို ဝင်လာပြီး ရှမ့်လန်အား သေသေချာချာ ရေမိုးချိုးကာ အဝတ်အစားလဲပေး၏။
ဤတစ်ကြိမ်မှာတော့ ခမ်းနားထည်ဝါပြီး သန့်ရှင်းမြင့်မြတ်၏။ သူက စုစုပေါင်း ၉ ကြိမ်တိုင်တိုင် ရေချိုးခဲ့ ရ၏။ ပြီးနောက် သူက ကိုးထပ်ရှိသည့် အဝတ်အစားများကို ဝတ်ဆင်ရ၏။ ပထမထပ်မှ ပဉ္စမထပ်အထိ ရှမ့်လန်၏ ကိုယ်ပိုင်အဝတ်အစားများဖြစ်သည်။ ဆဋ္ဌမအထပ်မှ နဝမထပ်အထိ ရော့ဆို မိသားစု သူ့အတွက် ပြင်ဆင်ပေးထားသည့် အဝတ်အစားများဖြစ်၏။ ထို့အပြင် အားလုံးက အရှေ့တိုင်းပုံစံ ဝတ်ရုံများ၊ ပိုးထည် ကဗ္ဗလာများဖြစ်ပြီး ခမ်းနား၏။
သင်းကွပ်ထားသည့် မိန်းမစိုးကြီးတာလွန်က လှမ်းဝင်လာခဲ့ပြီး ဦးညွှတ်သည်။ “အရှင်... မြင့်မြတ်တဲ့ အခမ်းအနားက စတင်တော့မှာ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး အပြင်ကို ကြွပါ။”
မြင့်မြတ်အခမ်းအနားဟု ခေါ်ဝေါ်သည့်အရာက နောက်ဆုံးတွင် စတင်တော့မည်လား။ သူက ရက်ပေါင်း ၁၀၀ တိုင်တိုင် စောင့်ဆိုင်းခဲ့ရ၏။ အပြင်ဘက်တွင် ခမ်းနားသည့် ရထားလုံးကြီး တစ်စင်းရှိ၏။ ထိုအရာက အရှေ့တိုင်း ပုံစံမျိုးပင်။
ရှမ့်လန်က ရထားလုံးပေါ်တွင် ထိုင်၏။ လူပေါင်း ၁၉ ဦးတို့က သူက ရဲတိုက်၏ ပြင်ပသို့ ထမ်းဆောင်သွားခဲ့ပြီး ဆိပ်ကမ်းဆီသို့ ဦးတည်၏။
……………….
ထိုအချိန်မှာတော့ ပီကျင်းမြို့တော်၏ ရင်ပြင်တွင် စစ်တပ်များနှင့် ပြည့်နှက်နေ၏။ သူတို့က ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းနေသယောင်ပင်။ ရေတွက်၍ မရလောက်အောင် များပြား၏။ အားလုံးက လက်နက် အပြည့်အစုံနှင့် ရဲရဲတောက်နေသည်။
ပင်လယ်ပြင်တစ်ခုလုံးတွင် ကုန်သင်္ဘောများ၊ သို့မဟုတ် ပင်လယ်ဓားပြသင်္ဘောများဟူ၍ တစ်စီးမှ မရှိချေ။ အားလုံးက စစ်သင်္ဘောများသာ ဖြစ်၏။ စစ်သင်္ဘောပေါင်း ရာနှင့်ချီရှိ၏။ စစ်သင်္ဘောတိုင်းက ရော့ဆို မိသားစု၏ အလံကို လွှင့်တင်ထား၏။ ထိုထက် မြင့်မားသည့်နေရာတွင် ရှီလွန် တတိယအင်ပါယာ၏ အလံကို လွှင့်ထူထား၏။
နယ်စားကြီးဒီဘိုရာက စစ်ဝတ်စုံကို ဝတ်ဆင်ထား၏။ ဤအချိန်မှာတော့ ပုန်းကွယ်နေသည့် မီးနတ်ဘုရား၏ အဆင့်မြင့် ယစ်ပုရောဟိတ်က တဖန်ထွက်ပေါ်လာခဲ့ပြန်၏။ ထိုသူက ဆိပ်ကမ်းပေါ်တွင် ရပ်နေပြီး လျှို့ဝှက်ချက်များ နှင့် ပြည့်နှက်နေပုံပင်။
ဒီဘိုရာက မြင့်မြတ်သည့်နေရာတွင် ရပ်ကာဖြင့် အက်ရှသည့်အသံဖြင့် ဆိုသည်။
“တော်ဝင်ရန်က တော်ဝင်ရန်အတွက်၊ ရှီလွန်က ရှီလွန်အတွက်၊ အရှေ့တိုင်းက အရှေ့အတွက်၊ အနောက်တိုင်းက အနောက်အတွက်... အရှေ့တိုင်းသားတွေက အနောက်တိုင်းလောကမှာ ပေါ်မလာသင့်ဘူး။ စုန်းအင်ပါယာဆိုတာ အနောက်လောကရဲ့ ဘုံရန်သူ၊ ရော့ဆို မိသားစုက မျိုးဆက်အလိုက် ရှီလွန်မင်းဆက်ကို သစ္စာစောင့်သိခဲ့တယ်။ အခုလည်း ခြွင်းချက် မရှိဘူး။
ဒီအချိန်မှာ ငါက စစ်တပ်ကို ဦးဆောင်ပြီး စုန်းအင်ပါယာဆီကို သွားမယ်။ ရှီလွန် တတိယအင်ပါယာကို ပြန်လည် တည်ထောင်မယ်။ ငါတို့က အရှေ့တိုင်းသားတွေကို လုံးဝဖျက်ဆီးပစ်မယ်။ စုန်းအင်ပါယာကို မြေမြှုပ်ပစ်မယ်။
တော်ဝင်ရန်က တော်ဝင်ရန်အတွက်၊ ရှီလွန်က ရှီလွန်အတွက်၊ မြင့်မြတ်တဲ့ မီးနတ်မင်းကြီး..... အရှေ့လောကက လာတဲ့ ကျွန်မရဲ့ယောကျ်ားကို နတ်ဘုရားများထံ တရားဝင် ပူဇော်ပါတယ်။”
ခဏကြာပြီးနောက် ရှမ့်လန်အား အထူးပြုလုပ်ထားသည့် တိုင်တစ်ခုဆီသို့ ထမ်းသွား၏။
“သူ့ကို မီးရှို့၊ သူ့ကို မီးရှို့ကြ။” မြောက်များစွာသည့် လူအုပ်ကြီးက ရှမ့်လန်အား အော်ဟစ်နေကြသည်။
ယခုတော့ အမှန်တရား ပေါ်ပေါက်လာပြီဖြစ်၏။ နယ်စားကြီး ဒီဘိုရာက အရှေ့လောကမှ လာသည့် မရင်းနှီးသည့် ယောက်ျားတစ်ယောက်ဖြစ်သူ ရှမ့်လန်နှင့် လက်ထပ်၏။
ထို့အပြင် သူတို့က ရက်ပေါင်း ၁၀၀ တိုင်တိုင် လက်ထပ်ပေါင်းသင်းခဲ့ပြီး ၁၉ ကြိမ်မက ခန္ဓာကိုယ်ချင်း ရင်းနှီးခဲ့၏။ အရာအားလုံး ဤယစ်ပူဇော်ပွဲအတွက်သာ ဖြစ်၏။ ထိုအရာက စုန်းအင်ပါယာဆီသို့ ချီတက်ရာ၌ ရှမ့်လန်အား အရှင်လတ်လတ် မီးရှို့ပူဇော်ရန်ပင်။ လူမျိုးမတူသူတို့၏ စိတ်နှလုံးသားများက တူညီနိုင်လိမ့်မည် မဟုတ်ပေ။
ဤကဲ့သို့သော ယစ်ပူဇော်ပွဲမျိုးက အရှေ့တိုင်းနှင့် အနောက်တိုင်းတို့၏ အငွေ့အသက်များ ရောယှက် ဖုံးလွှမ်းလျက် ရှိနေသည်။ အရှေ့တိုင်းစစ်ပွဲများ မစတင်ခင်တွင် နတ်ဒေဝါများအား ပူဇော်ကျင်းပခြင်း သို့မဟုတ် ရန်သူ၏ ဦးခေါင်းကို ဖြတ်ကာ နတ်ဒေဝါများထံ ဆက်သခြင်းများ ရှိတတ်စမြဲပင်။
အနောက်ဘက်လောက၏ အယူအဆများက ပိုမိုနက်နဲပြီး ရက်စက် ကြမ်းကြုတ်လွန်း၏။ ယစ်ပူဇော်ခြင်း ဟူသည်က အတိုင်းအတာတစ်ခုအထိ မိမိကိုယ်ကိုယ် စတေးခြင်း ဖြစ်သော်လည်း နယ်စားကြီး ဒီဘိုရာက သူမကိုယ်သူမ စတေးမည့်သူမျိုး မဟုတ်ချေ။ သူမ၏ မိသားစုဝင်များကိုသာ စတေးမည့်သူ ဖြစ်သည်။
သို့သော်ငြား သူမ၌ သားသမီးမရှိ။ သူမ၏ မောင်ဖြစ်သူကလည်း လူပုံအလယ်တွင် ခေါင်းဖြတ် ကွပ်မျက်ခြင်း ခံခဲ့ရ၏။ ဆွေမျိုးရင်းချာ ကင်းမဲ့နေသောကြောင့် သူမက အသစ်ဖန်တီးရုံသာ ရှိတော့၏။ ထို့ကြောင့် ယောက်ျားယူပြီး သဘာဝကျစွာဖြင့် ဆွေမျိုးတော်စပ်ခဲ့၏။ ထို့အပြင် ပုရောဟိတ်များက အရှေ့ဘက်နှင့် ဆက်နွှယ်နေသောကြောင့် သူမက အရှေ့တိုင်းသား တစ်ဦးကိုသာ ယောက်ျားအဖြစ် ရွေးချယ်ရန် လိုအပ်ခဲ့၏။
ယစ်ကောင်အဖြစ် ရွေးချယ်ခံရသူက သာမန်ကာလျှံကာတစ်ဦး မဖြစ်စေရပေ။ ထိုသူက မြင့်မြတ်သည့် သွေးမျိုးနွယ်ရှိသူ၊ ကောင်းကင်နှင့် မြေကြီး အဆီအနှစ်များကို စုစည်းထားခဲ့သည့် ယောက်ျားကောင်း တစ်ဦးလည်း ဖြစ်ရပေမည်။
ထို့ကြောင့် နယ်စားကြီး ဒီဘိုရာက သန်းပေါင်းများစွာ၌ တစ်ဦးတည်းသာ ရှိနိုင်မည့် ခမ်းနား ထည်ဝါသော တော်ဝင်မျိုးနွယ်ယောက်ျားတစ်ဦးအတွက် ရွှေဒင်္ဂါး သုံးထောင် ဆုလာဘ်ထုတ်ကာ ကြေညာခဲ့ခြင်းပင်။
ချက်ချင်းပင် အနောက်လောက၏ ကြေးစားစစ်သည်များနှင့် ပင်လယ်ဓားပြတို့က ထိုကဲ့သို့သော ချောမောမှု တရားနှင့် ပြည့်စုံသည့် အမျိုးသားကို နေရာအနှံ့တွင် လိုက်လံကာ ရှာဖွေကြတော့၏။ သို့သော်ငြား ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာသည်အထိ ရှာဖွေခဲ့သော်လည်း သုံးဦးကိုသာ တွေ့ရှိခဲ့သည်။
ရှမ့်လန်က ထိုစမ်းသပ်မှုတွင် အဘယ်ကြောင့် အောင်မြင်ခဲ့သနည်းဟု မေးစရာရှိ၏။ သူ၏အဖြေက နက်နဲသည် ဆိုသော်ငြားလည်း အမှန်စင်စစ်အားဖြင့် လိုရာမရောက်သည့် စကားများသာ ဖြစ်၏။ အမှန်တကယ်အားဖြင့် ရှမ့်လန်၏ အဖြေက မည်မျှဆိုးဝါးနေပါစေ သူကသာ အနိုင်ရမည်မှာတော့ မြေကြီးလက်ခတ် မလွဲပင်။ အကြောင်းရင်းက သူ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ရုပ်ရည်သွင်ပြင်က ကျန်ပြိုင်ဖက်နှစ်ဦး ထက် အဆပေါင်းများစွာ သာလွန်နေသောကြောင့်ပင်။
နယ်စားကြီးနှင့် မီးနတ်ဘုရားယစ်ပုရောဟိတ်တို့က ရှမ့်လန်ကို ရွေးချယ်ထားခဲ့ကြပြီးသား ဖြစ်သည်။ စမ်းသပ်မှု ဆိုသည်က ဟန်ပြသက်သက်ပင် ဖြစ်သည်။ ကိုယ်စားလှယ်ကို ရွေးချယ်ပြီးနောက် သူတို့က ယောက်ျားနှင့် မိန်းမအဖြစ် အမှန်တကယ် လက်ထပ်ထိမ်းမြားခဲ့ပြီး လင်မယားအရာ မြောက်စေ၏။
ရက်ပေါင်း ၁၀၀ အတွင်း စုစုပေါင်း ၁၉ ရက်တိုင်တိုင်ပင် လင်မယားအဖြစ် ပျော်ပါးခဲ့၏။ ထို့အတူ အတူတူ ပျော်ပါးခဲ့သည့် အကြိမ်တိုင်းတွင်လည်း ခမ်းနားထည်ဝါသည့် အခမ်းအနားများနှင့် ပြည့်နှက်နေစေ၏။ ထိုသို့ ပြုလုပ်မှသာလျှင် ကြည်ညိုလေးမြတ်မှုကို ပြသရာရောက်မှာဖြစ်ပြီး မီးနတ်ဘုရားကို လှည့်စားခြင်းမပြုဘဲ နတ်ဘုရား၏ ကောင်းချီးကို ရရှိမည်ဟု ယုံကြည်ထားသည်။
ထို့ကြောင့်ပင်လျှင် ပီကျင်းမြို့၌ ရှမ့်လန် ခံစားနေရသည့် ဆက်ဆံမှုများက တကယ့်ကို ထူးဆန်းနေခြင်း ဖြစ်သည်။ သူက နယ်စားကြီး၏ ယောက်ျားဖြစ်သော်လည်း လူတိုင်းက သူ့ကို မြွေ၊ ကင်းမြီးကောက် ကဲ့သို့ပင် ရှောင်ဖယ်နေကြ၏။ အကြောင်းအရင်းက သူသည် ယစ်ကောင်တစ်ဦး၊ နမိတ် မကောင်းသည့် လူတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသောကြောင့်ပင်။
................
ရှမ့်လန်က သစ်သားစင်တစ်ခုပေါ်တွင် ကြိုးဖြင့် တုပ်နှောင်ခြင်းကို ခံထားရ၏။ သူ၏ မျက်နှာအမူအရာက တည်ငြိမ်လွန်းလှနေပြီး စိုးရိမ်ပူပန်မှု သို့မဟုတ် ကြောက်ရွံ့မှု အရိပ်အယောင်ဟူ၍ မရှိချေ။ တုပ်နှောင် ခံရပြီးသည့်နောက် မီးနတ်ဘုရား ပုရောဟိတ်တချို့က သူ့ကို သင်္ဘောတစ်စင်းပေါ်သို့ မတင်သွား၏။
ထိုသင်္ဘောက ခမ်းနားထည်ဝါစွာ တန်ဆာဆင်ထားသော်လည်း တစ်ဖက်တွင်မူ ထင်းချောင်းများနှင့် ပြည့်နှက်နေ၏။ မီးနတ်ဘုရား၏ ပုရောဟိတ်တချို့က သစ်သားစင်ပေါ်မှ ရှမ့်လန်ကို ဝိုင်းရံထားခဲ့ကြပြီး မီးနတ်ဘုရား၏ တေးကဗျာကို ဆုတောင်းသံကဲ့သို့ ရွတ်ဆိုနေ၏။ အခမ်းအနားတစ်ခုလုံးက နက်ရှိုင်းပြီး ထူးဆန်းလွန်းလှချေ၏။
ကမ်းခြေရှိ လူပေါင်းများစွာတို့က စနစ်တကျနှင့် မြေပေါ်တွင် ဒူးထောက်ကာ ရှိနေကြ၏။ ၁၅ မိနစ်ခန့် ကြာပြီးနောက် အခမ်းအနားက ပြီးဆုံးသွားခဲ့သည်။
ပြီးနောက် နယ်စားကြီးဒီဘိုရာက သစ်သား စင်မြင့်နားသို့ လျှောက်လာခဲ့ပြီး ရှမ့်လန်ကို စူးစိုက်ကြည့်၏။
“မသေဆုံးခင် နာမည်အရင်းကို ပြောပြနိုင်မလား။” သူမက မေးလိုက်သည်။
ရှမ့်လန်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောချေ။ “ကျွန်မ အရင်က ပြောခဲ့သလိုပဲ။ တော်ဝင်ရန်က တော်ဝင်ရန်နဲ့ပဲ ဆိုင်တယ်။ အနောက်တိုင်းက အနောက်တိုင်းနဲ့ပဲ ဆိုင်တယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမယ့် ဒီလောကကြီးထဲမှာ ရှီလွန်မင်းဆက်ရဲ့ မြေအများစုက ခင်ဗျားတို့နဲ့ မဆိုင်ဘူး။ ခင်ဗျားတို့က မြောက်ဘက်လောကဆီက ရောက်ရှိလာခဲ့တာပဲ။”
ဤအရာက ရှမ့်လန် စာအုပ်များမှ တစ်ဆင့် သိရှိထားခဲ့သည့် အကြောင်းအရာ ဖြစ်၏။ ဤတိုက်ကြီးတွင် မူလက ဒေသခံ တိုင်းရင်းသားများ၊ ဗီတာမျိုးနွယ်စုများ နေထိုင်ခဲ့ကြပြီး ဤမြေက ကီလိုမီတာ သန်းပေါင်း ၂၀၊ ၃၀ ခန့် ကျယ်ဝန်းကာ မျိုးနွယ်စုပေါင်း ၁၀၀ ကျော်၏ နေရပ်လည်း ဖြစ်၏။
ရှီလွန်မင်းဆက်၏ ဘိုးဘေးများက မိုင်ပေါင်းထောင်ချီ ဝေးကွာသည့် မြောက်ဘက်အစွန်းဆုံး လောကဆီမှ ရောက်ရှိလာခဲ့သူများ ဖြစ်သည်။ ထိုသူတို့က ဤမြေ၏ ပိုင်ရှင်များလည်း မဟုတ်၊ ကျူးကျော် သိမ်းပိုက် လာခဲ့သည့် သူများသာ ဖြစ်သည်။
ရှီလွန်မင်းဆက်၏ ဘိုးဘေးများက အဘယ်ကြောင့် နေရပ်ကို စွန့်ခွာပြီး တောင်ဘက်သို့ ဦးတည်သွား ခဲ့ကြသနည်း။ မြောက်ဘက်အစွန်းဆုံး လောကတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။ ဤသည်က လုံးဝကို မသိရှိသည့် အချက်အလက်များဖြစ်ပြီး စာအုပ်များထဲတွင်လည်း ဖော်ပြထားခြင်း မရှိချေ။
နယ်စားကြီး ဒီဘိုရာက ပြော၏။ “အနည်းဆုံး ကျွန်မတို့ ဒီကို အရင် ရောက်လာခဲ့တာပဲ။”
ရှမ့်လန်က ထပ်မံကာ မေးမြန်းလိုက်သည်။ “မြောက်ဘက်အစွန်းဆုံး လောကကြီးမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ ဘာလို့ ခင်ဗျားတို့ ဘိုးဘေးတွေက သမုဒ္ဒရာကို ကျော်ဖြတ်ပြီး တောင်ဘက်ကို ဆင်းလာရတာလဲ။”
“ကျွန်မ မသိဘူး။” သူမက တိုတိုတုတ်တုတ်ပင် ဖြေကြား၏။
မြောက်ဘက်အစွန်းဆုံး လောကအကြောင်း စဉ်းစားကြည့်သည့်အချိန်တွင် ရှမ့်လန်က အဖြူရောင် ကျောက်စိမ်းဖြူမြို့တော်ကို သတိရသွားမိ၏။ နှင်းများရှိသည့်နေရာက ကျောက်စိမ်းဖြူ မြို့တော်၏ တည်နေရာ ဖြစ်သည်။