အခန်း (၇၉၃-၇၉၄)
Vol. 49 Ch. 793-794
အပိုင်း (၇၉၃)
ဒီဘိုရာက ဆို၏။ “ရှင် အရင်တုန်းက ကျွန်မကို နမ်းချင်ခဲ့တာ မဟုတ်လား။ ရှင်မသေခင် ကျွန်မ ရှင့်ကို တစ်ကြိမ်လောက် ခွင့်ပြုပေးနိုင်တယ်။”
ပြီးနောက် သူမက သူမ၏ လက်ညှိုးဖြင့် နှုတ်ခမ်းကို ထိတွေ့ကာ ရှမ့်လန်၏ နှုတ်ခမ်းပေါ်သို့ ထိကပ်၏။
‘သူက အခုထိ မာနကြီးနေတုန်းပါလား။’
“ရှင် အရင်က ဘယ်သူဘယ်ဝါ ဖြစ်ခဲ့တယ်ဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ ဘာပဲပြောပြော ရော့ဆို နယ်စားကြီးရဲ့ ခင်ပွန်းအဖြစ် သေဆုံးခဲ့ရတာ ရှင့်အတွက် ဂုဏ်ယူစရာပဲ။”
ရှမ့်လန်က ပြော၏။ “ကျုပ် မသေခင် တောင်းဆိုစရာ ရှိတယ်။”
နယ်စားကြီး ဒီဘိုရာက ပြောသည်။ “ရှင့်ကို အနမ်းတစ်ခု ပေးခဲ့ပြီးပြီ။”
ရှမ့်လန်က ပြော၏။ “မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျုပ်ရဲ့ မျက်နှာဖုံးကို ဆွဲချပေး။ ခင်ဗျားရဲ့ မျက်နှာကို ကျုပ် တကယ် မကြည့်ချင်တော့လို့။”
ဒီဘိုရာ၏ လှပသည့် မျက်နှာက သုန်မှုန်သွားခဲ့၏။ ပြီးနောက် သူမက အံတကြိတ်ကြိတ် ပြောဆိုလိုက်သည်။ “ရှင့်ရဲ့ ဆန္ဒအတိုင်း ဖြစ်စေရမယ်။”
သူမက ရှမ့်လန်၏ ခေါင်းပေါ်မှ မျက်နှာဖုံးကို ဆွဲချပေး၏။ “အေးအေးချမ်းချမ်း အနားယူတော့။”
ထိုသို့ ပြောဆိုပြီးနောက် သူမက သင်္ဘောပေါ်မှ ဆင်းကာဖြင့် ဆိပ်ကမ်းသို့ ပြန်သွားသည်။
သင်္ဘောသားများက ကြိုးများကို ဖြေလိုက်သောကြောင့် လေက သင်္ဘောကို အရှေ့ဘက်ဆီသို့ တွန်းပို့သွား၏။ ဒီဘိုရာ တိုက်ပွဲဝင်မည့်နေရာက အရှေ့ဘက်တွင် ရှိနေသောကြောင့်ပင်။ သင်္ဘောက မီတာ ၃၀၀ ကျော် ဝေးကွာသည်အထိ မျောပါသွား၏။ ထိုအချိန်မှာပဲ ဒီဘိုရာက မီးမြားတစ်စင်းကို ထွန်းညှိပြီး လေးတင်ကာဖြင့် ကောင်းကင်ပေါ်သို့ ချိန်ရွယ်၏။
“ရှူး...”
ထိုအသံနှင့်အတူ မြားတစ်စင်းက လေထဲသို့ ထိုးထွက်သွား၏။ မီးမြားက လေထဲတွင် လခြမ်းကွေး ပုံသဏ္ဍာန် ပျံသန်းသွားပြီး ရှမ့်လန်၏ ရှေ့တည့်တည့် ထင်းပုံပေါ်သို့ တိကျစွာပင် ကျရောက်သည်။
“ဝုန်း....” မီးလျှံများက ချက်ချင်း တောက်လာ၏။ တစ်ခဏအတွင်း ပြင်းထန်စွာ လောင်ကျွမ်းသွား၏။ သစ်သားစင်မြင့်ပေါ်မှ ရှမ့်လန်သည် မြင်သူတကာ ထိတ်လန့်ဖွယ်ရာ မီးလူသား ဖြစ်သွားချေ၏။
“အား... အား...”
သူက ကြောက်မက်ဖွယ်ရာ ကောင်းလှသော စူးရှသည့် အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။ နားထောင်သူများတို့၏ နားထဲရှိ အမြှေးပါးပင် ပေါက်ထွက်သွားသည်။
မီးကျွမ်းနေသည့် ရှမ့်လန်ကို ကြည့်ရှုရင်း ကမ်းခြေရှိ လူပေါင်းများစွာတို့က ပျော်ပွဲရွှင်ပွဲ ကျင်းပသကဲ့သို့ပင် ဖြစ်နေ၏။
“အရှေ့တိုင်းသားကို မီးရှို့ကြ။ ဒီကောင်ကို မီးရှို့ပစ်ကြ။ အရှေ့တိုင်းသားကို မီးရှို့။ ရှီလွန် အသက်ရှည်ပါစေ။ ရှီလွန် အထွဋ်ရှည်ပါစေ။ စုန်းအင်ပါယာကို ချေမှုန်းကြ။”
ထိုအချိန်မှာပဲ “ဒုန်း... ဒုန်း...”
ရှမ့်လန် ရှိနေသည့် သင်္ဘောက အလွန်တောက်ပသည့် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွား၏။ သင်္ဘောတစ်စီးလုံးက မီးလျှံများအတွင်း နစ်မြုပ်သွားကာ ခဏအတွင်း မီးဟုန်းဟုန်း တောက်၏။
ဤမီးရှူးမီးပန်းများက ရှမ့်လန် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ပုရောဟိတ်များ၏ လက်ချက်ပင်။ ထိုသူတို့ ယမ်းမှုန့် တီထွင်နိုင်ခဲ့ခြင်းက ရှမ့်လန်အတွက် သတင်းကောင်း တစ်ခုတော့ မဟုတ်ချေ။
“ဒုန်း... ဒုန်း... အား... အား...”
တောက်ပသည့် မီးရှူးမီးပန်းများ၊ ကျွမ်းလောင်နေသည့် သင်္ဘောနှင့် ရှမ့်လန်၏ အော်ဟစ်သံတို့က ကမ်းခြေရှိ လူအုပ်ကြီးကို ရူးသွပ်မတတ်ပင် စိတ်လှုပ်ရှားစေခဲ့၏။ သူတို့၏ စိတ်အတွင်းရှိ ရက်စက်မှုများနှင့် ဖျက်ဆီးလိုစိတ်များ က အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ “စုန်းအင်ပါယာကို ခြေမှုန်းကြ။ အရှေ့တိုင်းသားကို သတ်ပစ်ကြ။”
မီးနတ်ဘုရား ပုရောဟိတ်များက အော်ဟစ်လိုက်၏။ “မီးနတ်ဘုရားက ငါတို့ကို အဖြေပေးလိုက်ပြီ။ ဒီစစ်ပွဲက မလွဲမသွေ အောင်မြင်လိမ့်မယ်။ မဟာစစ်ပွဲ အောင်နိုင်မှု၊ မဟာအောင်ပွဲ။”
ဒီဘိုရာက ပြောသည့် ကျယ်လောင်စွာဖြင့် အမိန့်ပေးလိုက်၏။ “စစ်သည်တွေအကုန်လုံး သင်္ဘောပေါ်ကို တက်ကြ။ စုန်းအင်ပါယာ ဆီကို ချီတက်ကြစို့။”
သူမ၏ အမိန့်ပေးသံနှင့်အတူ စစ်သည်ပေါင်း တစ်သိန်းကျော်တို့က သင်္ဘောများပေါ်သို့ ခမ်းနားထည်ဝါစွာ တက်ရောက်ကြ၏။ ပြီးနောက် အရှေ့ဘက်ရှိ စုန်းအင်ပါယာ ရှိရာဆီသို့ တစ်စင်းပြီး တစ်စင်း ရွက်လွှင့်ကြ လေတော့သည်။
............................
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် သာမန်သင်္ဘောတစ်စင်းက စုန်းအင်ပါယာရှိရာ အရပ်ဆီသို့ ရွက်လွှင့် နေ၏။ ထိုအရာက ရိက္ခာတင် သင်္ဘောတစ်စင်း ဖြစ်၏။ စစ်ပွဲတွင် နယ်စားကြီးဒီဘိုရာ၏ မိသားစုများသာမက အခြား မိသားစုဝင်ပေါင်း ၁၀ ကျော်လည်း ပါဝင်ကြသည်။ သို့သော်ငြား ဒီဘိုရာက အဓိကကျသူပင်။ အကြောင်းရင်းက သူမ၏စကားများကြောင့် ရှီလွန်မင်းဆက်က ပြိုကွဲခဲ့ရပြီး စုန်းအင်ပါယာက ထိုအခွင့်အရေးကို အရယူခဲ့သောကြောင့်ပင်။
စုန်းအင်ပါယာသည် ကျွန်များကို လွတ်မြောက်ခွင့်ပေးခြင်းဟူသည့် ဆောင်ပုဒ်ကို ကိုင်စွဲကာ မရေမတွက်နိုင်သည့် စစ်သည်များကို စည်းရုံးခဲ့၏။ ထိုအရာက ရှီလွန်၏ တောင်ဘက် ပင်လယ်ပြင် တစ်ခုလုံးကို လွှမ်းမိုးခဲ့ပြီး မြို့စားမိသားစုပေါင်းများစွာတို့၏ အုပ်ချုပ်မှုကို ဖြိုဖျက်နိုင်ခဲ့၏။ မူလ ရှီလွန်မင်းဆက် ၏ မှူးမတ်များလည်း ချေမှုန်းခြင်းကို ခံခဲ့ရ၏။ သို့မဟုတ် လက်နက်ချခဲ့ရ၏။
ကျွန်စနစ်ကို ဖျက်သိမ်းပြီး စုန်းအင်ပါယာအပေါ် သစ္စာရှိကြောင်း ကြေညာခဲ့ရ၏။ နှစ်အနည်းငယ် အတွင်း စုန်းအင်ပါယာက မြို့ပြနိုင်ငံပေါင်း ၁၀၀ ကျော်၊ နယ်မြေ ၃.၉ စတုရန်းမိုင်လောက် ကြီးမားလာခဲ့ကြပြီး ရှီလွန်မင်းဆက်၏ မြေပိုင်နက် ၄ ပုံ ၁ ပုံကိုပင် ပိုင်ဆိုင်ခဲ့သည်။
စုန်းအင်ပါယာ၏ ကျူးကျော်မှုကြောင့်ပင် ကျန်ရှိနေသည့် ရှီလွန်မှူးမတ်များက စုစည်းပြီး တတိယမြောက် ရှီလွန်အင်ပါယာကို တည်ထောင်ခဲ့ကြခြင်း ဖြစ်၏။ တစ်နှစ်ကြာ ပြင်ဆင်ပြီးနောက် သူတို့က စုန်းအင်ပါယာကို အလုံးအရင်းနှင့် ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဤစစ်ပွဲက ရှမ့်လန် ထင်မှတ် ထားသည်ထက် များစွာ ကြီးမားကျယ်ပြန့်လာ၏။
ဒီဘိုရာက စစ်သည်ပေါင်း ၁ သိန်းကို စုစည်းခဲ့သော်လည်း သူမ ငှားရမ်းခဲ့သည့် ကုန်တင်သင်္ဘောပေါင်းက ၅၀၀ ကျော် ရှိ၏။ အားလုံးကို ရိက္ခာနှင့် အထောက်အပံ့များ သယ်ဆောင်ရန် အသုံးပြုခဲ့သည်။ ဒီဘိုရာ၏ စစ်တပ် ချီတက်သွားသည်မှာ အချိန်အားဖြင့် လဝက်ကျော် ကြာခဲ့သည်။
ဤကုန်တင်သင်္ဘော၏ ပိုင်ရှင်က ဟေးလ် ဟုခေါ်သော အမျိုးသမီး ဖြစ်၏။ သူမက ဗီတာမျိုးနွယ်စုဝင် ဖြစ်ပြီး သူမ၏ဖခင်က ပင်လယ်ပြင်တွင် သေဆုံးသွားခဲ့သည့် ပင်လယ်ဓားပြဟောင်း တစ်ဦးပင်။ သူမက ဤသင်္ဘောကို အမွေဆက်ခံခဲ့သော်လည်း ပင်လယ်ဓားပြ မဖြစ်လိုသောကြောင့် ပင်လယ်ကုန်သည် တစ်ဦး ဖြစ်လာခဲ့၏။
ယခုနှစ်တွင် သူမက အသက် ၂၉ နှစ် ရှိပြီဖြစ်ပြီး ထက်မြက်သန်မာလွန်းသည့် အမျိုးသမီး ဖြစ်၏။ သူမက မုဆိုးမ တစ်ဦးလည်း ဖြစ်၏။ အကြောင်းရင်းက သူမက မင်္ဂလာပွဲ ကျင်းပနေစဉ် ဧည့်သည်ပေါင်း ရာနှင့်ချီ ရှေ့မှောက်မှာပင် သူမ၏ ခင်ပွန်းကို သတ်ဖြတ်ခဲ့သောကြောင့်ဖြစ်သည်။
အဆုံးတွင်တော့ သူမက အပြစ်မရှိသောကြောင့် လွတ်မြောက်လာခဲ့၏။ အကြောင်းရင်းက သူမ၏ ခင်ပွန်းက သင်္ဘောကို သိမ်းပိုက်ရန် သူမ၏ ဖခင်ကို သတ်ဖြတ်ရန် ကြံစည်ခဲ့သည်ဟု သံသယရှိခဲ့သောကြောင့်ပင်။ သို့သော်ငြား ခင်ပွန်းကို သတ်ဖြတ်ခြင်းက အလွန်တရာ ထိတ်လန့်ဖွယ်ရာ ကောင်းသောကြောင့် ဟေးလ်က လှပသော်လည်း မည်သူမှ လက်ထပ်ရန် မဝံ့ရဲကြချေ။ သူမကလည်း ထိုဂုဏ်သတင်းကို အသုံးချပြီး သူမ၏ သင်္ဘောကို လုယူချင်သည့် အမျိုးသားများကို ခြိမ်းခြောက်ခဲ့၏။
ဤနှစ်များအတွင်း သူမ၏ စီးပွားရေးက တကယ်ပင် အောင်မြင်ခဲ့သည်။ သူမ၏ ဖခင်လက်ထက်တွင် သင်္ဘောတစ်စင်းတည်းသာ ရှိခဲ့သော်လည်း ယခု သူမ၌ သင်္ဘော ၅ စင်း၊ သင်္ဘောသား ၃၀၀ နှင့် လှည့်လည်သွားလာနေသည့် စစ်သည် ၂၀၀ ကျော်ပင် ရှိနေသည်။
သူမ၏ စီးပွားရေး အောင်မြင်လာခြင်းမှာ သူမက တိုက်ခိုက်ရန် မကြောက်သောကြောင့်ပင်။ တခြားသော သူများ မသွားဝံ့သည့် ပင်လယ်ပြင်များ၊ တခြားသောသူများ မသွားရဲသည့် မျိုးနွယ်စုများ ရှိရာဆီသို့ သူမက သွားရောက်ရဲ၏။ စွန့်စားခန်းထွက်သည့် အကြိမ်တိုင်းတွင်လည်း သူမက ရတနာများကို အပြည့် တင်ဆောင်ကာ ပြန်လာနိုင်ခဲ့၏။
သို့သော်ငြား နှမြောစရာကောင်းသည်က သူမက လူဖြူမဟုတ်ဘဲ ဗီတာမျိုးနွယ်ဝင် ဖြစ်နေခြင်းပင်။ သူမက ဘယ်သောအခါမှ မှူးမတ်တစ်ဦး ဖြစ်မလာနိုင်သသို့ ကိုယ်ပိုင်ရဲတိုက်လည်း ရှိလာလိမ့်မည် မဟုတ်ချေ။
သူမက အလွန်ချမ်းသာသော်လည်း ပီကျင်းမြို့သို့ ဝင်ရောက်သည့်အခါ၌ ဆင်းရဲနွမ်းပါးသည့် လူဖြူတစ်ဦးကို တွေ့လျှင်ပင် လမ်းဖယ်ပေးရစမြဲပင်။ ဤအရာက သူမကို ဒေါသထွက်စေပြီး လူဖြူတစ်ဦး၊ နှစ်ဦးကို ဓားဖြင့် ခုတ်သတ်ချင်စိတ်များပင် ပေါက်စေ၏။ ဤမြေက ဗီတာမျိုးနွယ်ဝင်တို့၏ မြေဖြစ်ပါလျက် အဘယ်ကြောင့် ရှီလွန်လူရိုင်းများက ဤမျှ မောက်မာနေရသနည်း။
ယခု သူမ၏ သင်္ဘော ၅ စင်းလုံးကို နယ်စားကြီး ဒီဘိုရာက အတင်းအဓမ္မ သိမ်းယူအသုံးပြုနေ၏။ သူမအနေနှင့် ခုခံရန်နည်းလမ်းဟူ၍ မရှိချေ။ ဤပင်လယ်ပြင်တွင် မည်သူမှ ဒီဘိုရာ၏ အမိန့်ကို မလွန်ဆန်ဝံ့ကြချေ။ ဒီဘိုရာက သူမ၏ မောင်အရင်း အပါအဝင် လူပေါင်းများစွာတို့ သတ်ဖြတ်ခဲ့၏။ သူမ က သွေးစွန်းနေသည့် နယ်စားကြီးဟုပင် အမည်ကျော်ကြား၏။
“ခေါင်းဆောင်” ဟေးလ် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သင်္ဘောသားအားလုံးက အရိုအသေ ပေးကြ၏။ စစ်သည်များက သူမကို စူးစိုက်ကာ ကြည့်ရှုချင်ကြသော်လည်း မျက်လုံးများကို ကုန်းပတ်ပေါ်တွင်သာ ထားရဲကြသည်။
ဟေးလ်က ငယ်စဉ်ကတည်းက ဓားသိုင်းပညာကို သင်ယူခဲ့ပြီး ပင်လယ်ပြင်တွင် ကျင်လည်ခဲ့သူပင်။ သူမက တကယ့်ကို သန်မာလွန်းပြီး ဓားသိုင်းကလည်း ကျွမ်းကျင်၏။ ရက်စက်လွန်းသူ တစ်ယောက်လည်း ဖြစ်သည်။ တစ်ခါက သူမ၏ တင်ပါးကို မရိုမသေ ကြည့်ခဲ့ဖူးသူတစ်ဦးအား မျက်လုံးဖောက်ထုတ်ခိုင်းရ၏။ သူမ၏ တင်ပါးက အလွန်ပင် ဆွဲဆောင်မှုရှိပြီး လှပတောင့်တင်းသည်။ ပင်လယ်ပြင်၌ နှစ်ရှည်လများ တိုက်ခိုက်ခဲ့ရသောကြောင့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်က ကျန်းမာသန်စွမ်းပြီး အလွန်ပဲ ဆွဲဆောင်မှု ရှိ၏။
သို့သော်ငြား သင်္ဘောပေါ်တွင် သူမကို ထိပါးရန် ကြိုးစားသည့် အမျိုးသားမှန်သမျှက အသတ်ခံရခြင်း သို့မဟုတ် မိန်းမရှာများအဖြစ် သင်းကွပ်ခံရခြင်းတို့သာ ကြုံတွေ့ရ၏။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မည်သည့်အမျိုးသားကမှ သူမကို မထိဝံ့ရုံသာမက တည့်တည့်ပင် မကြည့်ဝံ့ချေ။ သူတို့အနေနှင့် စိတ်ပါသည် ဆိုလျှင်တောင် စိတ်ကူးထဲမှာသာ မှန်းဆနိုင်ကြ၏။ သူမက မျက်တောင်ပင် မခတ်ဘဲ လူသတ်ဝံ့သည့် မုဆိုးမ ဖြစ်ချေသည်။
ဤမုဆိုးမက သင်္ဘော၏ အောက်ဆုံးထပ်ရှိ သူမ၏ အခန်းထဲသို့ ဝင်ရောက်သွားခဲ့၏။ ထိုနေရာတွင် ပျင်းရိစွာ လဲလျောင်းပြီး စာအုပ်ဖတ်နေသည့် အမျိုးသားတစ်ဦး ရှိ၏။ ထိုသူက အလွန်တရာပင် ခန့်ညား ချောမော၏။
ဟေးလ်က ရှေ့သို့တိုးပြီး ထိုအမျိုးသားကို နှစ်နှစ်ခြိုက်ခြိုက် နမ်းရှိုက်လိုက်၏။ မကြာခင်မှာပင် သူတို့နှစ်ယောက်က အတူတကွ ရစ်ပတ်ပျော်ပါးနေကြတော့၏။ သူမက စိတ်ဆန္ဒ ပြင်းပြသော အမျိုးသမီးတစ်ဦး ဖြစ်ရာ အသံထွက်မသွားစေရန် တစ်ခုခုကို ကိုက်ထားရရှာသည်။
“အချစ်... ငါ့ရဲ့အချစ်လေး။ ဘာလို့ ငါ့ရဲ့ စကားကို နားမထောင်တာလဲ။ အနည်းငယ် ပြင်ဆင်ပြီး ကုန်းပတ်ပေါ်ကို တက်ခဲ့ပါလား။ ဒီအခန်းထဲမှာပဲ နေ့တိုင်း အောင်းနေတော့ စိတ်မကောင်းဘူး။” ဟေးလ်က တုန်ယင်နေသည့် အသံဖြင့် ပြော၏။ သူမက ထိုအမျိုးသား၏ နှုတ်ခမ်းကို မက်မောစွာဖြင့် နမ်းရှိုက်နေ၏။
ထိုအမျိုးသားက ပြောသည်။ “ဒီပစ္စည်းတွေကို ကျုပ်မျက်နှာပေါ်မှာ လိမ်းလိုက်ရင် အသားအရေ ပျက်စီး သွားလိမ့်မယ်။ ပြီးခဲ့တဲ့ တစ်ခေါက် မီးလောင်တုန်းကလည်း အသားအရေ တော်တော်များများ ပျက်စီး သွားခဲ့သေးတယ်။ ဒီအနီစက်တွေ ပျောက်ဖို့အတွက် ဆယ်ရက်လောက် အချိန်ယူခဲ့ရသေးတယ်”
ဤအမျိုးသားက အခြားမဟုတ်၊ ရှမ့်လန်ပင် ဖြစ်၏။ မီးက သူ့ကို မကျွမ်းလောင်စေရုံသာမက အမှန်စင်စစ်လည်း မကျွမ်းလောင်ခဲ့ချေ။ အကြောင်းရင်းက သူက ယစ်ပူဇော်ပွဲကို လပေါင်းများစွာတည်းက ကြိုတင် ခန့်မှန်းနိုင်ခဲ့သောကြောင့်ပင်။ သူ၏ ရုပ်ရည်ကို အသုံးချ၍ ဤဘေးမှ လွတ်မြောက်ရန် တစ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
ဒီဘိုရာက ထူးချွန်သည့် မှူးမတ်တစ်ဦး ဖြစ်သောကြောင့် စိတ်ခံစားချက်များကြောင့် ဆုံးဖြတ်ချက် ယိမ်းယိုင် သွားနိုင်မည့် လူမျိုးမဟုတ်ချေ။ ရှမ့်လန်က သူ၏ထူးခြားချက်များကို ပြသလေလေ၊ သူမက ပိုမို၍ အေးစက်ပြလေပင်။ အလှည့်အပြောင်းများ မအောင်မြင်ပြီးသည့်နောက် ထွက်ပြေးရန် နည်းလမ်းများက မရှိတော့ချေ။ အကြောင်းရင်းက သူ့ကို မျက်လုံးပေါင်းများစွာတို့က စောင့်ကြည့်နေသောကြောင့်ပင်။
အမည်းရောင် ငန်းအုပ်ထဲတွင် အဖြူရောင် ငန်းတစ်ကောင်က လွယ်လွယ်ကူကူ ပုန်းကွယ်နေ၍ မဖြစ်နိုင်ချေ။ သူက မီးယစ်ပူဇော်ခြင်း အကြောင်းကို နားလည်လာခဲ့၏။ အကယ်၍ စစ်ပွဲက ကုန်းမြေပေါ်တွင် ဖြစ်လျှင် မီးယစ်ကို ကုန်းမြေပေါ်တွင် ပြုလုပ်မှာ ဖြစ်၏။ သို့သော်ငြား ယခု ပင်လယ်ပြင်စစ်ပွဲ ဖြစ်သောကြောင့် မီးယစ်ကို ပင်လယ်ပြင်တွင်သာ ပြုလုပ်ပေလိမ့်မည်။
ထို့ကြောင့် ဤမီးယစ်သည်သာ သူ လွတ်မြောက်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာခဲ့၏။ သူက မီးပုံးပျံ အဝတ်စများကို သတိရသွားခဲ့၏။ ထိုအရာက နည်းပညာ အလွန်မြင့်မားပြီး အလွှာသုံးလွှာ ရှိ၏။ ရေစိုခံအလွှာ၊ အလယ်အလတ်အလွှာနှင့် မီးခံအလွှာတို့ပင်။ မီးခံအလွှာက တခြားမဟုတ်၊ ကျောက်ဂွမ်းစများ ဖြစ်၏။
ကျိုးမင်းဆက် လက်ထက်ထဲက ကျောက်ဂွမ်းစကို မီးဖြင့်လျှော်သော အဝတ်ဟု ခေါ်ဝေါ်ခဲ့ကြ၏။ ဤအဝတ်က တကယ့်ကို ထူးဆန်း၏။ ညစ်ပတ်သွားသည့်အခါတွင် မီးထဲသို့ ပစ်ထည့်လိုက်ရုံနှင့် အသစ်ကဲ့သို့ ပြန်လည်ကာ တောက်ပလာ၏။ ထို့အပြင် ကျောက်ဂွမ်းစ၏ မီးခံနိုင်ရည်က ထူးလွန်ကောင်းမွန်၏။ အပူချိန် ၁၄၀၀ ဒီဂရီ ဆဲလ်ဆီးယပ်၌ပင် ပေါက်ပြဲခြင်းမရှိဘဲ ၃ နာရီကျော် ခံနိုင်ရည်ရှိသည်။
သာမန်မီးလျှံများက ဒီဂရီ ရာဂဏန်းမျှသာ ရှိတတ်၏။ ကျောက်ဂွမ်းများကလည်း အလွန် ပေါများသောကြောင့် ရှမ့်လန်က ဝူပြည်နယ်ကို တိုက်ခိုက်စဉ်က၏တည်းက မီးခံပစ္စည်းများကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်၏။ သူက ကျောက်ဂွမ်းစများသာမက မီးခံဂျယ်များကိုပါ ထုတ်လုပ်ထား၏။
ကျောက်ဂွမ်းစကို ရှမ့်လန်က စစ်ရေးပစ္စည်းအဖြစ် သတ်မှတ်ကာ ဈေးကွက်ထဲသို့ လုံးဝ မထုတ်ခဲ့ချေ။ ယခု ထိုပစ္စည်း၏ အကျိုးကျေးဇူးကို သူက သိသိသာသာ ခံစားခဲ့ရ၏။ မီးခံဂျယ်များကလည်း တကယ့်ကို ကောင်းမွန်၏။ ထိုစဉ်က မီးပုံးပျံကို အပူပေးသည့် အချိန်တွင် အသားအရေ မလောင်ကျွမ်းစေရန် ထိုအရာကို အသုံးပြုခဲ့ခြင်းပင်။
လွန်ခဲ့သည့် နှစ်လတည်းက ရှမ့်လန်သည် မီးပူဇော်ပွဲအတွက် ကြိုတင်ကာ ပြင်ဆင်ခဲ့၏။ ပထမဦးဆုံး သူက ပိုးထည်များကို မဝတ်ဆင်ဘဲ ချည်ထည်နှင့် လျှော်ထည်များကိုသာ ဝတ်ဆင်သည်။ ထို့အပြင် ကိုယ်တိုင်ချုပ်လုပ်၏။ အကြောင်းရင်းက ဤအထည်များက ကျောက်ဂွမ်းစနှင့် ဆင်တူသောကြောင့်ပင်။
ထို့အပြင် သူက အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းများကို ကိုယ်တိုင်ပြုလုပ်ပြီး နေ့စဉ် လိမ်းကျံခဲ့၏။ မီးခံဂျယ်များကို လိမ်းသည့်အခါတွင် သိသာမှု မရှိစေရန်ပင်။ ရှမ့်လန်အတွက် မလွယ်ကူခဲ့ချေ။ ကွပ်မျက်မည့် နေ့တွင် ရှမ့်လန်က အဝတ်များကို အထပ်ထပ် ဝတ်ဆင်ကာ မီးခံဂျယ်များကို အထူကြီး လိမ်းကျံထား၏။
ကျောက်ဂွမ်းစက ဆွတ်ဆွတ်ဖြူနေပြီး လှပလွန်းသောကြောင့် သာမန်အဝတ်များနှင့် မခြားနားလှချေ။ ထို့ကြောင့် မီးတောက်လောင်သည့် အချိန်တွင် အပြင်ဘက်အလွှာသာ လောင်ကျွမ်းသွားပြီး သူက မီးလူသား တစ်ဦး ဖြစ်သွားခဲ့သော်လည်း အမှန်တကယ် လောင်ကျွမ်းခြင်း မရှိချေ။
ထိုစဉ်က သူအော်ဟစ်ခဲ့သည်က အစစ်အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် သူက မီးကို ခံနိုင်ရည် ရှိသော်လည်း အသက်ရှူကျပ်ပြီး ပူလောင်လွန်းသောကြောင့်ပင်။ သင်္ဘောတစ်စင်းလုံး မီးတောက်နေသည့် အချိန်တွင် ရှမ့်လန်က အခွင့်အရေးကို အရယူကာဖြင့် ပင်လယ်ထဲသို့ ခုန်ချပြီး အရိပ်အယောင်မပြ ထွက်ပြေးခဲ့သည်။
ရက်အနည်းငယ်ကြာမှာပဲ သူက ဟေးလ်၏ သင်္ဘောပေါ်သို့ ခိုးဝှက်တက်ခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ ခန့်ညားလှပသည့် မျက်နှာက ထိခိုက်မှု မရှိခဲ့ချေ။ ဟေးလ်က သူမ၏ အခန်းထဲ၌ သေလုမျောပါး ဖြစ်နေသော သို့မဟုတ် အလွန်ချောမောသော အမျိုးသားကို တွေ့သည့် အချိန်တွင် အံ့အားသင့်ခဲ့၏။
“ကျုပ်က မီးရှို့သတ်ခံရတဲ့ ဒီဘိုရာရဲ့ယောက်ျား အရှေ့တိုင်းသားပဲ။ ဘာလို့ မသေတာလဲတော့ မသိဘူး။ ခင်ဗျား ကျုပ်ကို သူ့ဆီ အပ်နှံလိုက်မယ်ဆိုရင် ဆုလာဘ်တွေ အများကြီး ရလိမ့်မယ်။” ရှမ့်လန်က ပြောသည်။
အပိုင်း (၇၉၄)
သို့သော်ငြား ဟေးလ်က ထိုသို့ မလုပ်ခဲ့ချေ။ သူမက ဒီဘိုရာကို မုန်းတီးသူပင်။ ထိုမျှမက ထိုအမျိုးသားကို မြင်မြင်ချင်းမှာပဲ ဟေးလ်၏ စိတ်အစုံက ကြွေဆင်းကျခဲ့၏။ ၈ နာရီခန့် ကြာပြီးနောက် သူတို့နှစ်ဦးက အတူတူ အိပ်စက်ခဲ့ကြသည်။
အသက် ၂၉ နှစ်အရွယ် ဟေးလ်အတွက် ရှမ့်လန်ကဲ့သို့ ချောမောသည့် အမျိုးသားက ငြင်းပယ်နိုင်စွမ်းမရှိသည့် ဆွဲဆောင်မှုပင်။ ထိုအချိန်မှစ၍ သူတို့က နေ့စဉ်နှင့်အမျှ ပျော်ပါးကြ၏။ ရှမ့်လန်၏ ခါးနှင့် ကျောက်ကပ်က ပင်လျှင် စမ်းသပ်ခံ အဖြစ်သို့ ရောက်ရှိနေ၏။
ရှမ့်လန်က ဗီတာဘာသာစကားကို မကျွမ်းကျင်သော်လည်း သူ၏ နည်းလမ်းဟောင်းများကို အသုံးပြု၍ ဟေးလ်ကို အချိန်တန်သည်အထိ နှစ်မြုပ်စေ၏။ သူမက ရှမ့်လန်အပေါ်တွင် ရူးသွပ်လွန်းနေပြီဖြစ်၍ ရှမ့်လန်က သူမ၏ရှေ့မှောက်တွင် သူ၏ ပါရမီကို ထုတ်ဖော်ပြသခဲ့၏။ သူက ဗီတာဘာသာစကားနှင့် ကဗျာများကို ရွတ်ဆိုပြခဲ့သည်။
“ရှင်က ချစ်စရာအကောင်းဆုံးပဲ။ ကျွန်မ အဲဒီစကားကို ပြောတဲ့အချိန်မှာ စဉ်းစားဖို့ အချိန်မရခဲ့ဘူး။ စဉ်းစားပြီးတဲ့နောက်မှာလည်း အဲဒီစကားကိုပဲ အထပ်ထပ် ပြောနေမိတယ်။”
“ဒီလိုလသာတဲ့ညမျိုး နောက်ထပ်ရှိလာတော့မှာ မဟုတ်ဘူး။ မှောင်မိုက်တဲ့တောအုပ်ထဲကနေ တောက်ပတဲ့ အလင်းတန်းတွေ ဖြာကျနေသလိုပေါ့။ အင်း... ကျုပ်ချစ်သူရဲ့ အလှတရားကို မှိန်ဖျဖျ အလင်းပေးနေသလိုပဲ။”
ထိုစကားက ဟေးလ်ကို အရည်ပျော်ကျစေခဲ့၏။
ရှမ့်လန်က စိတ်ထဲတွင် ကြုံးဝါးနေသည်။ ‘အနောက်ဘက်လောကကို ရောက်ခဲ့ပြီပဲ။ အင်း... ပွစ်ချ်ကင်နဲ့ ရှယ်လီတို့ရဲ့ ကဗျာတွေကိုတော့ ထုတ်သုံးရတော့မှာပေါ့။ ဟား... ဟား... ဟား...’
သူ၏ အသားအရေ ပြန်လည်ကောင်းမွန်လာသည့် အချိန်မှာတော့ ရှမ့်လန်က ရုပ်ဖျက်ပြီး ကုန်းပတ်ပေါ်သို့ တက်၏။ သူက အဘယ့်ကြောင့် ရုပ်ဖျက်ခဲ့ရသနည်းကို မပြောချင်ပေ။ သို့သော်ငြား ထိုအချိန်မှစ၍ ဟေးလ်ထက် ပိုမိုလှပသည့် ရွှေရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်က သင်္ဘောပေါ်တွင် ပေါ်ပေါက် လာခဲ့သောကြောင့် သင်္ဘောသားအားလုံးက ရင်ခုန်ခဲ့ကြ၏။ လူတိုင်းက ဟေးလ်မှာ အမျိုးသားများကို မကြိုက်ဘဲ အမျိုးသမီးများကို ကြိုက်သူ ဖြစ်လိမ့်မည်ဟု ကောလဟလများ ပျံ့သွားခဲ့၏။
........
နောက်ပိုင်းအချိန်များက မသက်သာလှချေ။ အကြောင်းရင်းက ရှမ့်လန်က ပင်လယ်ပြင်တိုက်ပွဲများစွာကို မြင်ဖူးခဲ့သောကြောင့်ပင်။ ထိုတိုက်ပွဲများ၏ အတိုင်းအဆက သူနှင့် ရွှယ်ချီတို့၏ တိုက်ပွဲထက် များစွာ ကြီးမား၏။ သင်္ဘောပေါင်း ရာနှင့်ချီ၍ ပင်လယ်ပြင်တွင် ရူးသွပ်စွာ တိုက်ခိုက်နေ၏။ မီးလျှံများကလည်း မိုင်ပေါင်းများစွာသို့ ပျံ့နှံ့နေသည်။
တစ်ဖက်တွင် တတိယမြောက် ရှီလွန်အင်ပါယာ၏ အလံရှိပြီး တခြားတစ်ဖက်တွင်တော့ စုန်းအင်ပါယာ၏ အလံရှိ၏။ ရှမ့်လန်က စုန်းအင်ပါယာ၏ အလံကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ထိုအရာက မီဒူဆာ၏ ဦးခေါင်းပုံပင် ဖြစ်၏။
စစ်မြေပြင်သည် မိုင်ပေါင်းထောင်ချီ ရှည်လျားပြီး တကယ့်ကို ခမ်းနားထည်ဝါလွန်းလှ၏။ နှစ်ဖက်လုံး၏ ရေတပ်အင်အားက သိန်းနှင့်ချီရှိ၏။ ရှမ့်လန်က ဤစစ်ပွဲ၏ ကြီးမားပုံကို ကြည့်ရှုရင်း အံ့အားသင့်မိနေ၏။ သူက ပင်လယ်ပြင်၌ တစ်လကျော်ကြာ ရွက်လွှင့်ခဲ့ပြီး စစ်ပွဲပေါင်းစုံတို့ကို တွေ့မြင်ခဲ့ရသည်။
ဟေးလ်၏ ရှင်းပြချက်အရ ရှီလွန်အင်ပါယာက မဟာမိတ်တပ်ပေါင်းစုများနှင့် ဖွဲ့စည်းထားခဲ့သည် ဖြစ်ကြောင်း သိရှိရ၏။ စုန်းအင်ပါယာကတော့ လွတ်မြောက်လာသည့် မြို့ပြနိုင်ငံပေါင်း များစွာနှင့် ဖွဲ့စည်းထားခဲ့ခြင်းပင်။ အခြေအနေကတော့ စုန်းအင်ပါယာအတွက် မဟန်လှချေ။ သူတို့၏ တပ်များက စနစ်တကျ မရှိဘဲ သဲကဲ့သို့ အစုလိုက် အပုံလိုက် ပြန့်ကျဲနေသောကြောင့်ပင်။
ရှမ့်လန်က မေးမြန်း၏။ “စုန်းအင်ပါယာရဲ့ တပ်တွေက လွတ်မြောက်လာတဲ့ ကျွန်တွေ ဖြစ်နေတယ်။ ဒီဘိုရာက လည်း ကျွန်တပ်တွေကို သုံးတာပဲ။ ဘာလို့ သူတို့က စုန်းအင်ပါယာဘက်ကို မကူးကြတာလဲ။”
ဟေးလ်က ရှင်းပြသည်။ “စုန်းအင်ပါယာဘက်က ကျွန်တွေက အညိုရောင်လူမျိုးတွေ များတယ်။ ဒီဘိုရာရဲ့ ကျွန်တွေက လူမည်းတွေလေ။ သူတို့မှာ လွတ်လပ်မှု အယူအဆဆိုတာ မရှိဘူး။ မီးနတ်ဘုရားဂိုဏ်းက သူတို့ကို ဘာသာရေးနဲ့ ဆေးဝါးတွေသုံးပြီး ထိန်းချုပ်ထားတာ။”
ပြီးနောက် သင်္ဘောများက မြောက်ဘက်သို့ ဦးတည်ခဲ့၏။ နောက်ဆုံးမှာ အမိန့်တစ်ခု ပေါ်လာ၏။ ဟေး၏ သင်္ဘောများက ရှီဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ရမည်ဟူ၍ပင်။
“ရှီဝါမြို့တောင် ပါသွားပြီလား။” ဟေးလ်က စိတ်မကောင်းစွာဖြင့် ပြော၏။
ရှီဝါမြို့က စုန်းအင်ပါယာရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်သော်လည်း ယခု ရှီလွန်တပ်များ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။
“အင်း... ကျွန်မတို့ ရိက္ခာချပြီးတာနဲ့ ပီကျင်းမြို့ကို ချက်ချင်းပြန်ရမယ်။ ရှီလွန်တပ်တွေက စုန်းအင်ပါယာရဲ့ မြို့တော်ကို အပြီးအသတ် တိုက်ခိုက်ဖို့ ပြင်နေကြပြီ။”
ရှမ့်လန်က နောက်ဆုံးမှာတော့ မေးမြန်းလိုက်၏။ “စုန်းအင်ပါယာ ဘုရင်မရဲ့ နာမည်က ဘယ်သူလဲ။”
သူက ချောင်ယောင်းအာ ဆိုသည့် နာမည်ကိုသာ ကြားလိုသည်။
ဟေးလ်က ဖြေ၏။ “မီဒူဆာ”
“ဟင်..”
ထိုအရာက ဘာကို ဆိုလိုသနည်း။ အင်ပါယာရဲ့ ဘုရင်မက ချောင်ယောင်းအာ မဟုတ်ပေဘူးလား။
“မင်း ဘုရင်မကို မြင်ဖူးလား။” ရှမ့်လန်က မေး၏။
ဟေးက ခေါင်းကို ခါယမ်းပြ၏။ “မမြင်ဖူးဘူး။ ကြားဖူးတာကတော့ သူ့ကို မြင်ဖူးတဲ့လူတွေက သူ့ရဲ့ လက်အောက်ငယ်သား ဖြစ်သွားတယ်။ ဒါမှမဟုတ် သေသွားကြတယ်။”
ဤအရာက ချောင်ယောင်းအာရဲ့ ပုံစံပင် မဟုတ်ပါလား။ ထိုဘုရင်မက အမှန်တကယ်ပင် ချောင်ယောင်းအာ ဖြစ်နေမည်လား။ နာမည်ပြောင်းထားခြင်းလား။ ရှမ့်လန် ကိုယ်တိုင် သွားရောက် အတည်ပြုရန်သာ ရှိ၏။ သင်္ဘောက ရှီဝါဆိပ်ကမ်းဆီသို့ ဆိုက်ရောက်သည်။
“သွားကြစို့ အချစ်လေး.. ကျွန်မတို့ ပြန်ရောက်ရင် ဒီဘိုရာ လက်လှမ်းမမီတဲ့ ကျွန်းတစ်ကျွန်းကို သွားပြီး အေးအေးချမ်းချမ်း နေကြရအောင်။ ကျွန်မမှာ ကျွန်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ကြီးအိမ်ကောင်း ရှိတယ်။ အဲဒီမှာ ကျွန်မတို့ ကလေးတွေယူပြီး ပျော်ပျော်ရွှင်ရွှင် နေကြမယ်။”
ဟေးလ်က နားနားဆီသို့ တိုးတိုးလေး ကပ်ကာ တောင်းဆိုနေ၏။ “ကျွန်မမှာ ရှင်ထင်ထားတာထက် ပိုပြီးတော့ ချမ်းသာတယ်။ ရှင့်ကို ဟိုလိုဒီလိုမျိုး လေမလွင့်စေချင်ဘူး။”
ရှမ့်လန်က သက်ပြင်းကို ချလိုက်သည်။ “လှပတဲ့ ဟေးလ်ရေ.. ပီကျင်းမြို့ရဲ့ မီးတောက်တွေက ကျုပ်ကို မကျွမ်းလောင်စေပေမယ့် ခင်ဗျားကတော့ ကျုပ်ရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့တယ်။ ဒါပေမယ့် ကျုပ် တောင်းပန်ပါတယ်။ ကျုပ်က စုန်းအင်ပါယာရဲ့ မြို့တော်ကို သွားမှ ဖြစ်လိမ့်မယ်။”
ဟေးလ်က ရှိုက်ကြီးတငင် ငိုကြွေး၏။ “ဘာလို့လဲ။ ဘုရင်မ မီဒူဆာက ရှင်နဲ့ ဘာဆိုင်နေတာလဲ။ ရှင် သူ့ကို ချစ်နေတာလား။ သူက လူသားတစ်ယောက် မဟုတ်ဘူး။”
ရှမ့်လန်က စိတ်ထဲတွင် တွေးနေမိသည်။ ‘သူက လူသားမဟုတ်ဘူး ဆိုတာ ကျုပ်သိတယ်။ ဒါပေမယ့် သူက ကျုပ်ရဲ့ ကလေးအမေ ဖြစ်နိုင်တယ်။’
အမှန်တကယ်တွင်တော့ ရှမ့်လန်က ဘုရင်မ မီဒူဆာက ချောင်ယောင်းအာ ဟုတ်မဟုတ် မသေချာသေးချေ။ အကြောင်းရင်းက ထိုဘုရင်မ အကြောင်းက ဒဏ္ဍာရီဆန်လွန်းနေသောကြောင့်ပင်။
“နှုတ်ဆက်ပါတယ် လှပတဲ့ဟေးလ်... တစ်ခုခုကို သွားပြီး သက်သေပြနေဖို့ လိုနေလို့ပါ။”
..................
အနောက်လောကနှင့် အရှေ့လောကကို မည်သို့ ခွဲခြားသတ်မှတ်သနည်း။ ဤသည်က အလွန်တရာ နက်နဲ ရှုပ်ထွေးလှသည့် ပုစ္ဆာတစ်ခုကဲ့သို့ပင်။ ရှေးဦးစွာပြောရမည်ဆိုလျှင် တော်ဝင်ရန်အင်ပါယာက အရှေ့လောကမှ ဖြစ်သည်က မြေကြီးလက်ခတ်မလွဲပင်။ တော်ဝင်အင်ပါယာ၏ အနောက်ဘက်ဒေသကို အနောက်နိုင်ငံများဟု သိကြသော်လည်း အမှန်စစ်စစ် သူတို့က ဗဟိုလောကတစ်ခုသာလျှင် ဖြစ်ကြ၏။
ဗဟိုလောကကြီးက နှိုင်းယှဉ်၍ မရနိုင်အောင် ကျယ်ပြောပြီး လူတို့ စိတ်ကူးထားသည်ထက်ပင် သာလွန် ကြီးမား၏။ ဤဂြိုဟ်ကြီးက လုံးဝန်းသည့် ပုံသဏ္ဍာန်ရှိသောကြောင့် အနောက်ဘက်ကို ဆက်တိုက် ဦးတည်သွားပါက အနောက်ကမ္ဘာသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။ သို့သော်ငြား မည်သူတစ်ဦး တစ်ယောက်ကမှ ထိုသို့ မလုပ်နိုင်ချေ။
တော်ဝင်ရန်အင်ပါယာ၏ အနောက်ဘက်တွင် အနောက်နိုင်ငံပေါင်းများစွာ တည်ရှိပြီး ထိုမှတဆင့် ထပ်မံ၍ အနောက်ဘက်ကို ဆက်သွားလျှင် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသည့် သဲကန္တာရကြီး ရှိနေ၏။ မိုင်တစ်သောင်း သဲကန္တာရဟု ခေါ်ဆိုခြင်းက အပိုမဟုတ်ချေ။ ထိုအရာက သက်ရှိတို့ အသက်ရှင်ရန် မဖြစ်နိုင်သည့် အဆုံးစွန်သော တားမြစ်ဒေသ တစ်ခု ဖြစ်သည်။
ဤသဲကန္တာရကြီးက မည်မျှကျယ်ဝန်းသနည်း။ မည်သူမျှ မသိရှိနိုင်သလို၊ မည်သူမှလည်း သိခွင့်မရချေ။ အကြောင်းရင်းက မဟာပညာရှင်တစ်ဦး ဖြစ်နေပါစေ လူအင်အား မည်မျှခေါ်ဆောင်လာပါစေ၊ ရေပမာဏ မည်မျှ သယ်ဆောင်လာပါစေ၊ ဤမိုင်တစ်သောင်း သဲကန္တာရကြီးကို ဖြတ်ကျော်နိုင်ခြင်း မရှိသောကြောင့်ပင်။
အနောက်နိုင်ငံများနှင့် တော်ဝင်ရန်အင်ပါယာတို့သည် ဤကန္တာရကြီး၏ အဆုံးသတ်တွင် မည်သည့်အရာများ ရှိသည်ကို သိရှိလိုသောကြောင့် စွန့်စားရှာဖွေသူများကို စေလွှတ်ခဲ့ဖူး၏။ နောက်ဆုံးမှာတော့ အားလုံးတို့က ကျရှုံးမှုနှင့်သာ ရင်ဆိုင်ခဲ့ရ၏။
ဤသဲကန္တာရကြီးက တောင်ဘက်သို့လည်း အဆုံးမရှိ၊ မြောက်ဘက်သို့လည်း အဆုံးမရှိ၊ အနောက်ဘက် သို့လည်း အနားသတ်ကင်းမဲ့စွာဖြင့် တည်ရှိနေ၏။ မည်သည့် အရပ်ဒေသမှမဆို ကန္တာရအတွင်းသို့ ခြေချ၍ မည်သည့်ဘက်ကို ဦးတည် ၊ ဦးတည် မိုင်ပေါင်းသောင်းချီ ခရီးနှင်နိုင်ရမည်။
ထို့ကြောင့်ပင်လျှင် ထိုအရာကို မိုင်တစ်သောင်း သဲကန္တာရဟု ခေါ်ဝေါ်ခြင်းပင်။ အရပ်မျက်နှာတိုင်းတွင် မိုင်တစ်သောင်းထက်မက ကျယ်ဝန်းကြောင်း လူသားတို့ သိရှိခဲ့ပြီးဖြစ်၏။ အမှန်စစ်စစ်မှာလည်း မိုင်တစ်သောင်းမက သာလွန်၏။ ဤသဲကန္တာရ၏ ဧရိယာက စတုရန်းကီလိုမီတာ သန်းပေါင်း ၃၀ ခန့် ပိုမိုကာ ကြီးမား၏။
ရှမ့်လန် ဤအကြောင်းကို သိရှိရသည့်အချိန်တွင် အလွန်အမင်း တုန်လှုပ်ခဲ့မိ၏။ လောကကြီးတွင် အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသက စတုရန်းကီလိုမီတာ ၂၃ သန်းသာလျှင် ရှိ၏။ အများစုက သဲကန္တာရဖြစ်သော်လည်း အိုအေစစ်များစွာ ရှိသောကြောင့် လူသားတို့ အခြေချ နေထိုင်နိုင်သေးသည်။
ထို့ကြောင့်ပင်လျှင် ရှေးယခင်က နိုင်ငံပေါင်းများစွာ ထွန်းကားခဲ့ပြီး ပါရှန်းအင်ပါယာနှင့် ဘေဘီလုံ အင်ပါယာတို့ ကဲ့သို့သော အင်အားကြီးနိုင်ငံများ ပေါ်ထွန်းခဲ့ခြင်းဖြစ်၏။
သို့သော်ငြား ဤကမ္ဘာ၏ မိုင်တစ်သောင်း သဲကန္တာရမှာမူ မည်သည့်သက်ရှိမှ ရှင်သန်ရန် မသင့်တော်ချေ။ တော်ဝင်အင်ပါယာ၏ သမိုင်းဝင်မှတ်တမ်းများတွင် ထိုအရာကို မိုင်တစ်သောင်း သဲကန္တာရဟု ကြားနေကျ လေသံဖြင့် သုံးနှုန်းထားသော်လည်း တခြားနိုင်ငံအများစု၏ မှတ်တမ်းများတွင်တော့ လူအများစုက “နတ်ဆိုး အကျဉ်းထောင် သဲကန္တာရ” ဟု ခေါ်ဆိုသည်။
နတ်ဆိုး အကျဉ်းထောင် သဲကန္တာရနှင့် မိစ္ဆာတြိဂံနယ်မြေတို့က ဤလောကရှိ အန္တရာယ်အရှိဆုံးသော တားမြစ်နယ်မြေများဟု ကျော်ကြားသည်။ ထို့ကြောင့်ပင်လျှင် ဤမိုင်တစ်သောင်း နတ်ဆိုး အကျဉ်းထောင် သဲကန္တာရကြီးက အရှေ့နှင့် အနောက်ကမ္ဘာကို လုံးဝဥသုံ ခြားနားထား၏။
တစ်ခုတည်းသော နည်းလမ်းက ကီလိုမီတာ တစ်သောင်းကျော် ရှည်လျားသည့် ပင်လယ်ပြင်ကြီးကို ကွေ့ပတ်၍ ဖြတ်သန်းသွားခြင်းသာ ဖြစ်၏။ ထိုသို့ဆိုရင် စစ်မှန်သည့်အနောက်လောကကြီးက မည်သည့်နေရာတွင် ရှိမည်နည်း။ တိတိကျကျ ဆိုရမည်ဆိုလျှင် ထိုအရာက သဲကန္တာရကြီး၏ အနောက်ဘက်ခြမ်းတွင် ရှိသင့်၏။
တော်ဝင်ရန်အင်ပါယာနှင့် တိုက်ကြီးတစ်ခုတည်းတွင် တည်ရှိသော်လည်း တော်ဝင်ရန်အင်ပါယာနှင့် အလွန်တရာ အလှမ်းဝေးကွာ၏။ မျဉ်းဖြောင့်အတိုင်း တိုင်းတာလျှင် မိုင်ပေါင်း သုံးသောင်းကျော် ကွာဝေးမည့်အပြင် ကြားထဲတွင် ဖြတ်ကျော်၍ မရနိုင်သည့် သဲကန္တာရကြီးက ခံနေသည်။
ရှမ့်လန် လက်ရှိရောက်နေသည့် နေရာက ပီကျင်းမြို့နှင့် စုန်းအင်ပါယာတို့ တည်ရှိရာ တိုက်ကြီး ဖြစ်၏။ တိတိကျကျ ပြောရရင် ထိုအရာကို “တိုက်သစ်ကြီး” သို့မဟုတ် “ဗီတာကုန်းမြေတိုက်ကြီး” ဟု ခေါ်ဆိုသင့်၏။
ဤဗီတာကုန်းမြေတိုက်ကြီးက စတုရန်းကီလိုမီတာ သန်း ၂၀ မှ ၃၀ ကြား ကျယ်ဝန်းပြီး မြောက်အမေရိက တိုက်ခန့် ရှိ၏။ အတိအကျပြောရလျှင် ဤတိုက်သစ်ကြီးက အနောက်လောကဟု လုံးလုံးလျားလျား ခေါ်ဆို၍ မရနိုင်ချေ။ သို့သော်ငြား ထိုအရာက ရှီလွန်မင်းဆက်၏ သိမ်းပိုက်ခြင်းကို ခံထားရသောကြောင့် အနောက်လောကမှ ဖြစ်သည်ဟု ထင်ရသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၇၀၀ ခန့်က ရှီလွန်ဧကရာဇ်က မြောက်ဘက်အစွန်းဆုံးတိုက်မှ လူပေါင်းသောင်းချီကို ဦးဆောင်ပြီး တောင်ဘက်သို့ ဆင်းလာ၏။ ဆယ်စုနှစ်တစ်ခု မပြည့်သေးသော အချိန်တွင် သူက တိုက်သစ်ကြီး တစ်ခုလုံးကို သိမ်းပိုက်ပြီး နှိုင်းယှဉ်၍မရနိုင်အောင် ကြီးမားသည့် ရှီလွန်မင်းဆက်ကို တည်ထောင်ခဲ့၏။
ယခုအခါမှာတော့ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီး ရှီလွန်ဧကရာဇ်က ဦးဆောင်ခဲ့သည့် လူပေါင်းသောင်းချီ တို့က ယခုအခါ သန်းပေါင်းများစွာအဖြစ် တိုးတက်လာခဲ့၏။ လက်ရှိတွင် အကွဲကွဲအပြားပြား ဖြစ်နေသော်လည်း ရှီလွန်မင်းဆက်မှ လူဖြူများက ဤတိုက်ကြီး၏ အရှင်သခင်များအဖြစ် ရှိနေဆဲဖြစ်ပြီး လူမျိုးပေါင်း ၁၀၀ ကျော်ကို အုပ်ချုပ်သည်။
ပင်လယ်ပြင်တွင် ရှိနေစဉ် ရှမ့်လန်က စာအုပ်အများအပြားကို ဖတ်ရှုပြီး စုန်းအင်ပါယာ၏ သမိုင်းကြောင်းက တိုတောင်းလွန်းကြောင့် အချက်အလက်များစွာ မရှိကြချေ။ သို့သော်ငြား ရှီလွန်မင်းဆက်၏ သမိုင်းကြောင်း နှင့်ပတ်သက်သည့်စာအုပ်များ၊ အထူးသဖြင့် ရှီလွန်ဧကရာဇ်နှင့် ပတ်သက်သည့် စာအုပ်များက အလွန်ပင် ပေါများသောကြောင့် သေသေချာချာ ဖတ်ခဲ့ရ၏။
အကျဉ်းချုပ်အရ ပြောရမည်ဆိုရင် ရှီလွန်ဧကရာဇ်က ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် ကျွမ်းကျင် ပါရမီရှင်တစ်ဦး ဖြစ်၏။ သူ၏ ကိုယ်ပိုင်အစွမ်းနှင့် ဆွဲဆောင်မှုအာဏာက အင်ပါယာကျန်းလီထက် မည်သို့မှ မနိမ့်ကျချေ။
ရှမ့်လန် စဉ်းစားမရသည်က ဤပုဂ္ဂိုလ်က ရှေးဟောင်း လက်နက်ခေတ်တွင် မြင်းသည်တော် ၂ သောင်း ၃ သောင်းခန့်မျှဖြင့် စတုရန်းကီလိုမီတာ သန်း ၂၀ ကြီးမားကျယ်ပြန့်သော နယ်မြေကို မည်သို့မည်ပုံ သိမ်းပိုက်ခဲ့သနည်း ဆိုသည့် အချက်ပင်။
ထို့အပြင် ရှမ့်လန်က ဘုရင်မ မီဒူဆာနှင့် ပတ်သက်သည့် ကောလဟလများကို ကြားသိခဲ့ရသည်။ သူမက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်းရှိသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ လေးနှစ်မပြည့်သော အချိန်အတွင်း စတုရန်းကီလိုမီတာ ၄ သန်းခန့်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ရှီလွန်မင်းဆက်၏ တောင်ဘက်တွင် စုန်းအင်ပါယာကို အင်အားသုံး တည်ထောင်နိုင်ခဲ့သည်။
ထို့ကြောင့် ရှမ့်လန်က ဤဘုရင်မမီဒူဆာက အမှန်တကယ်ပင် ချောင်ယောင်းအာလားဟု သံသယ ဝင်ခဲ့မိခြင်းပင်။ သူ သိသည့် ချောင်ယောင်းအာက တကယ့်ကို အစွမ်းထက်၏။ သို့သော်ငြား အလွန်စွမ်းထက်သည် ဆိုလျှင်တောင်မှ ဤမျှထိ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် စွမ်းအားကြီးမားသည်တော့ မဟုတ်ပြန်ချေ။ အဘယ်သို့ ဖြစ်ရသနည်း။ ကြားတွင် ဘာတွေဖြစ်ခဲ့သနည်း။
.............
ရှမ့်လန်က ဟေးလ်ကို စုန်းအင်ပါယာ၏မြို့တော်သို့ လိုက်ပါရန် မပြောဆိုခဲ့ချေ။ လက်တွေ့တွင် ဗီတာလူမျိုးစုများ၏ အနောက်တိုက်ပေါ်ရှိ အနေအထားက အလွန်ရှုပ်ထွေး၏။
ရှီလွန်မင်းဆက်က ဤနယ်မြေကို နှစ်ပေါင်း ရာနှင့်ချီ အုပ်ချုပ်လာခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ရှီလွန်မင်းဆက် မရောက်လာမီက ဤတိုက်ကြီးပေါ်တွင် လူမျိုးစုစစ်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ ဤနှစ်ပေါင်း ရာနှင့်ချီသည့် ကာလတွင် ဗီတာလူမျိုးစု အများအပြားက ရှီလွန်မင်းဆက်အပေါ် သစ္စာစောင့်သိခဲ့ကြ၏။ သူတို့ ကိုယ်တိုင်ပင်လျှင် ရှီလွန်မင်းဆက်၏ အစိတ်အပိုင်းများဖြင့် မှတ်တင်ထားကြသည်။
ဒက်ရှ်ဘို့ချ်၏ ပီကျင်းစီရင်စုက ရှီလွန်မင်းဆက်၏ တောင်ဘက်တွင် ရှိ၏။ ထိုနေရာတွင် လူဦးရေက ဗီတာလူမျိုး၊ ရှီလွန်လူမျိုးဟူ၍ သမမျှတသော်လည်း လူတန်းစား ခွဲခြားမှုက ပြင်းထန်၏။ တိုက်သစ်ကြီး၏ မြောက်ဘက်ပိုင်းတွင်တော့ လူဖြူများသာ ကြီးစိုး၏။
ရှီလွန်မင်းဆက်၏ အဓိက အချက်အချာက ဗဟိုမြောက်ဘက်ပိုင်းတွင် ဖြစ်ပြီး တောင်ဘက် ကမ်းရိုးတန်းဒေသမှာတော့ အားနည်း၏။ ဒုတိယမြောက် ရှီလွန်အင်ပါယာ ပျက်စီးခဲ့ပြီးနောက် ရှီလွန် တော်ဝင်မိသားစုမှ အင်အားစုတချို့က ထီးနန်းကို လုယူကြသည်။ သို့နှင့် ရှီလွန်မင်းဆက် တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
ဤအခြေအနေက ဘုရင်မမီဒူဆာအတွက် အခွင့်အရေးကောင်း ဖြစ်လာ၏။ သူမက တောင်ဘက်ပိုင်း တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး စုန်းအင်ပါယာကို တည်ထောင်ခဲ့သည်။ ရှီလွန်မင်းဆက်၏ တောင်ဘက်ပိုင်းရှိ ဗီတာလူမျိုးစုအနည်းငယ်ကမူ ရှီလွန်မင်းဆက်ကို မူလတည်းက အုပ်ချုပ်သူအဖြစ် မှတ်ယူထားခဲ့ကြပြီး စုန်းအင်ပါယာကို ကျူးကျော်သူအဖြစ် ရှုမြင်ကြ၏။
သို့သော်ငြား ရှီလွန်မင်းဆက်နှင့် စုန်းအင်ပါယာတို့နှစ်ခုလုံးကို ကျူးကျော်သူများအဖြစ် သတ်မှတ်ကြသော ဗီတာလူမျိုးစု တချို့လည်း ရှိနေသေး၏။ သူတို့က လုံးဝ ကြားနေဝါဒကို ကျင့်သုံးကြပြီး လေးစားမှုရှိသော အကွာအဝေးတချို့မှ နေထိုင်ကာ ပြောဆိုဆက်ဆံမှုကို ပြုလုပ်သည်။
ပင်လယ်ကုန်သည်များနှင့် ပင်လယ်ဓားပြပေါင်းများစွာတို့၏ ကိုယ်စားလှယ်ဖြစ်သော ဟေးလ်၏ သဘောထားမှာလည်း ထိုနည်းလည်းကောင်းပင်။ ရှီလွန်မင်းဆက်ကို မုန်းသည့်သူများသာ စုန်းအင်ပါယာကို သစ္စာရှိကြပေလိမ့်မည်။