အခန်း (၇၉၅-၇၉၆)
Vol. 49 Ch. 795-796
အပိုင်း (၇၉၅)
မုဆိုးမဟေးလ်က ရှမ့်လန်၏ မျက်နှာကို စိုက်ကြည့်နေမိ၏။ သူမက ဤအမျိုးသားကို အမှန်တကယ်ပင် ချစ်မြတ်နိုးမိ၏။
သို့သော်ငြား ထိုအရာက ဆန့်ကျင်ဘက်လိင်ကြား ဆွဲဆောင်မှုနှင့် ဟော်မုန်းများ၏ တွန်းအားကြောင့် ဖြစ်၏။ သူမက ဤမျှထိ ချစ်မြတ်နိုးမည့် ဒုတိယအမျိုးသားတစ်ဦးကို ထပ်မံတွေ့ရှိတော့မည် မဟုတ်ကြောင်း ကောင်းစွာ သိနားလည်မိသည်။
သို့သော်ငြား ဤအမျိုးသားအတွက် သူမ၏အရာအားလုံးကို စွန့်လွှတ်ရန်လား။ စုန်းအင်ပါယာပေါ် သစ္စာဖောက်ရမည်လား။ သူမနှင့် ရှမ့်လန်၏ ဆက်ဆံရေးက လေပြေညင်းနှင့် ကျောက်စိမ်းနှင်းစက် ကဲ့သို့ပင်။
တစ်ချိန်ဆုံစည်းလိုက်ရုံနှင့် လောက၏ ပျော်ရွှင်မှု ထောင်ပေါင်းများစွာကို ကျော်လွန်ကာ ခံစားရ၏။ အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်ကြား ဆက်ဆံရေးက အစပိုင်းတွင် ပြင်းပြစွာ တောက်လောင် တတ်သော်လည်း နားလည်မှုနှင့် သံယောဇဉ် ဖြစ်တည်လာရန်က အချိန်များစွာ လိုအပ်၏။
မုဆိုးမဟေးလ်က ရှမ့်လန်၏ နောက်သို့ လိုက်ပြီး အရာအားလုံးကို မစွန့်လွှတ်နိုင်ချေ။ သို့သော်ငြား ရှမ့်လန် စုန်းအင်ပါယာဆီသို့ တစ်ယောက်တည်းသွားမည်ကိုတော့ သူမက စိုးရိမ်မိသည်။
“ကျွန်မ ရှင့်ကို လိုက်ပို့မယ်။”
ဟေးလ်က ပြော၏။ “ခွဲခွာရမယ်ဆိုရင်တောင်မှ အခု မဟုတ်သေးဘူး။”
............
ပြီးနောက် ဟေးလ်က ရှီလွန်အင်ပါယာ မဟာမိတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကို လာဘ်ထိုးပြီး စစ်ဘက်ဆိုင်ရာ လက်မှတ်နှစ်ခုကို လဲလှယ်ရယူ၏။ ရှီလွန်အင်ပါယာ စစ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးနောက် သူမနှင့် ရှမ့်လန်တို့က ရှီလွန်အင်ပါယာ၏ ကင်းထောက်နှစ်ဦး ဖြစ်လာခဲ့သည်။
ကမ်းစပ်မှ ထွက်ခွာပြီးနောက် နှစ်ယောက်သားက ရှီဝါမြို့ကို ဖြတ်ကျော်လာ၏။ ဤမြို့က တကယ့်ကို ကြီးမားပြီး ပီကျင်းမြို့ထက်ပင် များစွာ သာလွန်၏။ ရှမ့်လန်က ဤမြို့ကို ဖြတ်ကျော်နေစဉ်မှာပဲ ဧရာမ သတ္တဝါကြီး တစ်ကောင်ကို ဖြတ်နင်းကာ ကျော်ဖြတ်ရသလို ခံစားရ၏။
“ရှီဝါမိသားစုက တစ်ချိန်က ရှီလွန်အင်ပါယာရဲ့ မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ် ဖြစ်ခဲ့တာ။ ဒါပေမယ့် ပုန်ကန်မှုမှာ ပါဝင်ခဲ့လို့ တောင်ဘက်ပင်လယ်ဆီ ပြည်နှင်ဒဏ် ပေးခံရတယ်။ ဒါကြောင့်လည်း သူတို့ကို ပြည်နှင်ခံ ရှီဝါမိသားစုလို့ ခေါ်တယ်။”
လမ်းခရီးမှာတော့ ဟေးလ်က မြို့၏ သမိုင်းကြောင်းကို ရှင်းပြသည်။
“ရော့ဆိုမိသားစုလိုပဲ ရှီဝါမိသားစုရဲ့ မြို့ကလည်း ပင်လယ်ကုန်သွယ်ရေးကို အခြေခံပြီး ချမ်းသာတဲ့ မြို့တစ်ခု ဖြစ်လာခဲ့တာ။ ဒါပေမယ့် သူတို့က ရှီလွန်အင်ပါယာရဲ့ အပယ်ခံတွေ ဖြစ်ခဲ့တယ်။ ဒုတိယ ရှီလွန် အင်ပါယာခေတ်မှာဆိုရင် ရှီဝါမိသားစုက နှစ်စဉ် ကြောက်မက်ဖွယ်ရာကောင်းတဲ့ အခွန်အခတွေကို ပေးဆောင်ခဲ့ရတယ်။ ရှီဝါမြို့စားကြီးရဲ့ အနည်းဆုံး မျိုးဆက်သုံးဆက်လောက် အင်ပါယာရဲ့လက်ချက်ကြောင့် သေဆုံးခဲ့တယ်။ ဒါကြောင့် ဘုရင်မမီဒူဆာ တိုက်ကြီးရဲ့တောင်ဘက်ပိုင်းကို သိမ်းပိုက်တဲ့အချိန်မှာ ရှီဝါမြို့စားကြီးက သစ္စာခံဖို့ ရွေးချယ်ခဲ့တာပေါ့။”
ဤသို့နှင့်ပင် ဘုရင်မမြို့က စုန်းအင်ပါယာ၏ အကြီးဆုံးမြို့ဖြစ်လာ၍ ရှီဝါမြို့က စုန်းအင်ပါယာ၏ ဒုတိယ အကြီးဆုံးမြို့တော်လည်း ဖြစ်သည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ရှီဝါမြို့စားကြီးက စုန်းအင်ပါယာကို တစ်ခါထပ်ပြီး သစ္စာဖောက်ပြန်ပြီလား။”
အကြောင်းအရင်းက မြို့ရိုးပေါ်တွင် တတိယ ရှီလွန်အင်ပါယာ၏ အလံသာမက ရှီဝါမိသားစု၏ အလံကိုပါ ရှမ့်လန်က တွေ့မြင်လိုက်ရသောကြောင့်ပင်။
ဟေးလ်က ပြောလိုက်သည်။ “တကယ်တော့ ဒီစစ်ပွဲက လွန်ခဲ့တဲ့လအနည်းငယ်ထဲက စတင်ခဲ့တာ။ ဒီဘိုရာက မဟာမိတ်တပ်ဖွဲ့ရဲ့ အဓိက အင်အားစုတစ်ခု ဆိုပေမယ့် သူက အစောကြီးတည်းက ပါဝင်လာခဲ့တာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့တပ် အများစုက ကျွန်တွေနဲ့ ဖွဲ့စည်းထားခဲ့လို့။
ရှီဝါမြို့စားကြီးက စုန်းအင်ပါယာပေါ် တော်တော်လေး သစ္စာရှိတယ်လို့ ပြောရမယ်။ သူက ရှီလွန်အင်ပါယာ မဟာမိတ်တပ်ဖွဲ့ကို နှစ်လကျော်ကြာအောင် ခုခံခဲ့သေးတယ်။ ဘုရင်မမီဒူဆာဆီက အကူအညီ တောင်းခံပေမယ့် ဘာသတင်းမှ မရခဲ့ဘူး။ နောက်ဆုံးမှာတော့ သူက လက်နက်ချဖို့ကလွဲရင် တခြားနည်းလမ်း မရှိတော့ဘူးလေ။”
ဤသည်က ထူးဆန်းလှ၏။ ရှီဝါမြို့က စုန်းအင်ပါယာ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သကဲ့သို့ အရှေ့တောင်၏ တံခါးပေါက်လည်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ဘုရင်မ မီဒူဆာအနေနှင့် စစ်ကို ခုခံပေးသင့်၏။ သူမက အဘယ့်ကြောင့် ရှီဝါမြို့ကို တခြားသော သူများ၏ လက်သို့ ပါသွားစေရသနည်း။
ရှမ့်လန် ရှီဝါမြို့ကို ဖြတ်သန်းသွားစဉ် ရှေ့တန်း၌ အင်ပါယာ၏ မဟာမိတ်တပ်ဖွဲ့ဝင် အလံများကို တွေ့လိုက်ရ၏။ တပ်မအမျိုးမျိုး ရှိနေကြ၏။ အင်ပါယာ၏ ပုံမှန်တပ်တော်များ၊ မိသားစု အသီးသီး၏ ကိုယ်ပိုင်တပ်ဖွဲ့များ၊ ကြေးစားစစ်သည်များ၊ ကျွန်စစ်သည်များနှင့် တခြားတပ်ဖွဲ့ပေါင်းများစွာ ရှိ၏။ သို့သော်လည်း ရှမ့်လန်က ဒက်ရှ်ဘို့ချ်၏ အလံကို မတွေ့ခဲ့ရချေ။
(ဒက်ရှ်ဘို့ချ် ဆိုတာ ဒက်ရှ်ဘို့ချ် ဒီဘိုရာ ရော့ဆို ။ ဒီဘိုရာရဲ့ နာမည်ပါပဲ။ အနောက်လောကကို ရောက်ပြီးနောက်ပိုင်းမှာ ရော့ဆို မိသားစုမှာ ရော့ဆို နဲ့ ရပ်လ်ဆဲ ဆိုပြီး မျိုးနွယ်တစ်ခုက ခွဲထွက်တဲ့ နာမည် နှစ်ခု ရှိမယ်။ ဆော်ရွန်မင်းသား ရှိမယ်။ ဒါပါပဲ။ နာမည်တွေ မှတ်ရခက်မှာစိုးလို့ပါ ။ အနောက်လောကကို ရောက်ပြီးနောက်ပိုင်းက ဉာဏ်ပိုင်းဆိုင်ရာ ဇာတ်ကွက်တွေထက် ဂမ္မီရဇာတ်ကွက်မျိုးတွေ ဖြစ်သွားပါမယ်။ဒါပေမဲ့ ကျန်းလီ နဲ့ ဇာတ်ကွက်တွေ၊ ရှမ့်လန်ရဲ့ မောင်နှမတွေ ပါလာမှာမို့ ကျော်သွားလို့ မရတဲ့ ဇာတ်လမ်းပိုင်းတွေဖြစ်ပါတယ်။ ဒီနေရာမှာ အင်အားစုပြီးမှ တော်ဝင်ရန်ကို ပြန်ချရမှာမို့ ဒီအပိုင်းတွေကိုလည်း လက်မလွှတ်သင့်ပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းတွေကြီးပဲ ဆိုပေမဲ့ နည်းနည်း ပျင်းမယ်ထင်ရတဲ့ အပိုင်းတွေကို ဖြတ်ညှပ်ကပ် လုပ်ပေးထားပါတယ်။ -ဘာသာပြန်သူ)
“ဒက်ရှ်ဘို့ချ်ရဲ့တပ်ဖွဲ့တွေ ဒီမှာ မရှိဘူး။ သူက မိုင်ပေါင်းရာနဲ့ချီဝေးတဲ့ တိုလွန်မြို့မှာ ရှိနေတာ။ အဲဒါက စုန်းအင်ပါယာ ရဲ့ တောင်ဘက်တံခါးပေါက်ပဲ။”
ဟေးလ်က ဆိုလိုက်၏။ “သူက မဟာမိတ်တပ်ဖွဲ့ရဲ့ တောင်ဘက်ပိုင်း အစောင့်အရှောက်ပဲ။ အခု ရှီဝါမြို့ကို တိုက်ခိုက်ခဲ့တာက အရှေ့ဘက်ပိုင်း တပ်မတော်ဖြစ်ပြီး တပ်မှူးကတော့ မြို့စားကြီး ရပ်လ်ဆဲ ပဲ။”
ရှမ့်လန်က မေးသည်။ “ရော့ဆို နဲ့ ရပ်လ်ဆဲလား”
“ဟုတ်တယ်။ သူတို့က အရင်က မိသားစုတစ်ခုတည်းပဲ။ ဒုတိယ ရှီလွန်အင်ပါယာခေတ်မှာ နှစ်ဖက်စလုံးက မတူညီတဲ့ဘုရင်တွေကို ထောက်ခံခဲ့ကြပြီး သဘောထားကွဲလွဲခဲ့တယ်။ မိသားစုနှစ်ခုအဖြစ် ကွဲသွားတာ။ မိသားစုတစ်စုကတော့ သူတို့ရဲ့ မျိုးရိုးနာမည်ကို ရပ်လ်ဆဲ လို့ ပြောင်းလဲလိုက်တယ်။”
ရှမ့်လန်က မေး၏။ “ဒါဆိုရင် မြို့စားကြီး ရပ်လ်ဆဲက ဘယ်လိုလူမျိုးလဲ”
ဟေးလ်က ပြောသည်။ “တကယ့်ကို အစွမ်းထက်တဲ့လူပဲ။ ဒုတိယ ရှီလွန်အင်ပါယာ ထူထောင်တဲ့အချိန် သူ့ရဲ့ ဘိုးဘေးတွေက ဘက်မရွေးချယ်ခဲ့ဘဲ ကြားနေလုပ်ခဲ့လို့ အရှေ့တောင်ဘက်ကို ပြည်နှင်ဒဏ် ပေးခံရတာ။ သူက သာမန် မြို့စားဘွဲ့ရတစ်ယောက်ဖြစ်ပေမဲ့ အစွမ်းထက်လွန်းတာကြောင့် အားလုံးက လေးစားရတယ်။
ဒီမျိုးဆက်ရဲ့ မြို့စားကြီး ရပ်လ်ဆဲက အာဏာရတာ ၁၅ နှစ်တောင် မပြည့်သေးဘူး။ သူက မိသားစုရဲ့ နယ်မြေကို ၁၀ ဆလောက် ချဲ့ထွင်နိုင်ခဲ့ပြီး ပြည်နယ်နှစ်ခုကိုတောင် ပိုင်ဆိုင်လာတယ်။ အရှေ့ဘက်ပိုင်း ရှီလွန်အင်ပါယာရဲ့ အင်အားအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတယ်။ ပြီးတော့ မြို့စားကြီးဘွဲ့အထိကို တိုးမြှင့်ခြင်း ခံရတယ်။”
ရှမ့်လန်က မေး၏။ “ရှီဝါမြို့ကို ဒီမြို့စားကြီး ရပ်လ်ဆဲက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲလား။”
ဟေးလ်က ပြောသည်။ “ရှီဝါတင် မကဘူး။ စုန်းအင်ပါယာရဲ့ အရှေ့တောင်ဘက်က ပြည်နယ်လေးခုလုံးကို မြို့စားကြီး ရပ်လ်ဆဲက သိမ်းပိုက်ခဲ့တာပဲ။ ရှီဝါမြို့က ဘယ်လောက်ခိုင်ခံ့လဲဆိုတာ ရှင် မြင်ခဲ့ပြီးသားပဲ။ ဒါပေမဲ့ မြို့စားကြီးရပ်လ်ဆဲက စစ်သည် တစ်သိန်းမပြည့်တဲ့ အင်အားနဲ့ မြို့စားကြီး ရှီဝါကို အနိုင်ယူပြီး လက်နက်ချခိုင်းနိုင်ခဲ့တယ်။”
ရှမ့်လန်က မေး၏။ “ဒါဆိုရင် မြို့စားကြီး ရပ်လ်ဆဲရဲ့ အရှေ့ဘက်တပ်တော်မှာ လူအင်အား ဘယ်လောက်တောင် ရှိတာလဲ။”
ဟေးလ်က ပြန်ဖြေသည်။ “၂ သိန်း ၅ သောင်းတောင် ရှိတယ်။”
ရှမ့်လန်က အံ့အားသင့်သွား၏။ သူက အမှန်တကယ်ပင် ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။ စုနန်ပင်လျှင် အထွတ်အထိပ် အခြေအနေ၌ စစ်သည်တစ်သိန်းကျော်ကို စုစည်းနိုင်ခဲ့ခြင်း မရှိခဲ့ချေ။
ကျုံးယောင်က ရွှဲ့ပြည်နယ်၏ နံပါတ်တစ် စစ်ဘုရင်တစ်ယောက် ဖြစ်သော်လည်း သူ၏ အထွတ်အထိပ် အချိန်၌ပင် စစ်သည်ပေါင်း တစ်သိန်းနှစ်သောင်းထက် ပို၍ မအုပ်ချုပ်ဖူးချေ။
ယခု တတိယ ရှီလွန်အင်ပါယာ၏ မဟာမိတ်တပ်ဖွဲ့များက အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ တပ်မကြီး ၄ ခုကို ခွဲထားပြီး အရပ်မျက်နှာ ၄ ခုမှ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ အခြေခံအားဖြင့် အရပ်မျက်နှာတိုင်း၌ တပ်ဖွဲ့များက ဓားပူပူနှင့် ထောပတ်ကို လှီးသကဲ့သို့ အတားအဆီးမဲ့ အရှေ့ဆီသို့ တိုးဝင်နေကြ၏။
တိုးတက်မှု အရှိဆုံးက မြို့စားကြီး ရပ်လ်ဆဲဖြစ်၏။ သူက စုန်းအင်ပါယာ၏ ၅ ပုံ ၁ ပုံကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပြီး စုန်းအင်ပါယာ၏ မြို့တော်သို့ ချီတက်ရန် ပြင်ဆင်နေသည်။
ဟေးလ်၏ ရေတပ်စုက ဒက်ရှ်ဘို့ချ် ဒီဘိုရာ၏ လက်အောက်ခံ ဖြစ်သော်လည်း အဘယ်ကြောင့် မြို့စားကြီး ရပ်လ်ဆဲထံသို့ ရိက္ခာနှင့် အထောက်အပံ့များ ပေးပို့ရန် ရှီဝါမြို့သို့ စေလွှတ်ခဲ့ရသနည်း။
အမှန်စင်စစ် ဤသည်က ဒက်ရှ်ဘို့ချ်၏ နိုင်ငံရေး အချက်ပြမှုပင် ဖြစ်၏။ ရော့ဆိုမိသားစုနှင့် ရပ်လ်ဆဲမိသားစုတို့က ယခင်က မိသားစုတစ်ခုတည်း ဖြစ်ခဲ့၍ ယခု တတိယ ရှီလွန်အင်ပါယာကို ထူထောင် တော့မည့်အချိန်တွင် မိသားစုနှစ်ခုက အင်ပါယာအသစ်၌ အာဏာပိုမိုရရှိစေရန် ပူးပေါင်းကြပေတော့မည်။ ထို့ကြောင့် ဒက်ရှ်ဘို့ချ် ဒီဘိုရာက ရှမ့်လန် စိတ်ကူးထားသည်ထက် ပို၍ ထူးချွန်နေ၏။
..................
၂ နာရီကျော် ကြာပြီးနောက် ရှမ့်လန်နှင့် ဟေးလ်တို့က ဧရာမ ရှီဝါမြို့ကြီးကို နောက်ဆုံးတွင် ဖြတ်ကျော်နိုင်ခဲ့၏။ သူတို့က ကျယ်ဝန်းပြီး သပ်ရပ်သည့် လမ်းအတိုင်း စုန်းအင်ပါယာ၏ မြို့တော်ဆီသို့ ဦးတည်၏။ စုန်းအင်ပါယာ၏ မြို့တော်က ရှီဝါမြို့မှ မိုင်ပေါင်း ၄၀၀ ခန့် ဝေးကွာသည်။ မူလက ထိုမြို့ကို “ဘုရင်မမြို့တော်” ဟု ခေါ်ဆိုသည်။
ဟုတ်ပေ၏။ မူလတည်းက “ဘုရင်မမြို့တော်” ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်၏။ ဤနာမည်က ဘုရင်မ မီဒူဆာကြောင့် ရရှိခဲ့ခြင်း မဟုတ်ချေ။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်တည်းက ဤအမည်နှင့် ရှိနေခဲ့ခြင်းပင်။ ဒုတိယ ရှီလွန်အင်ပါယာခေတ်တွင် တော်ဝင်မိသားစု၌ အငြင်းပွားဖွယ်ရာတစ်ခု ဖြစ်ပွားခဲ့၏။ ဘုရင်မတစ်ပါးက အင်ပါယာနန်းမြို့တော်တွင် အားလုံး၏ ဝိုင်းဝန်းပယ်ကြဉ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ဒေါသတကြီးဖြင့် တောင်ဘက်သို့ ပြောင်းရွှေ့ပြီး ဤဘုရင်မမြို့တော်ကို တည်ထောင်ခဲ့ခြင်း ဖြစ်၏။
ဆယ်စုနှစ်ပေါင်းများစွာ စီမံခန့်ခွဲပြီးနောက် ဘုရင်မမြို့တော်က ရှီလွန်အင်ပါယာ တောင်ဘက်ပိုင်းတွင် အကြီးမားဆုံး ဖြစ်လာခဲ့၏။ အမှန်စင်စစ် ဘုရင်မကြီး ကွယ်လွန်ပြီးနောက် သူ၏သားတော်က မြို့တော်ဟောင်းဆီသို့ ပြန်လည်ပြောင်းရွှေ့သွားခဲ့သဖြင့် ဘုရင်မမြို့တော်က ရှီလွန်အင်ပါယာ၏ တောင်ဘက်ပိုင်း ဗဟိုမြို့တော် ဖြစ်လာခဲ့ခြင်းပင်။
ဘုရင်မမီဒူဆာက ရှီလွန်အင်ပါယာ၏ တောင်ဘက်ပိုင်း တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး စုန်းအင်ပါယာကို တည်ထောင်သည့်အချိန်တွင် သူမ၏ မြို့တော်ကို ဤဘုရင်မမြို့တော်တွင် အခြေချစေခဲ့၏။
“အချစ်လေး... ရှင်က အရှေ့တိုင်းသား တစ်ယောက်ပဲ။ ဒီတိုက်ကြီးပေါ်မှာ အင်ပါယာတစ်ခု တည်ထောင်ချင် နေတာလား။” ဟေးလ်က မေးမြန်းသည်။
ရှမ့်လန်က ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။ “မလုပ်ချင်ပါဘူး။”
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူက ဤတိုက်သစ်ကြီးအပေါ် စိတ်ဝင်စားမှု မရှိချေ။ ယခု သူအလိုရှိဆုံးမှာ စစ်တပ်တစ်ခုနှင့် အဂ္ဂရိတ် ပန်းပဲပညာရှင်တစ်ဖွဲ့ကို ရရှိရန်သာ ဖြစ်၏။ ပြီးနောက် ယမ်းစိမ်းကျွန်းကို သိမ်းပိုက်ကာ အစွမ်းထက်သည့် အမြောက်တပ်ဖွဲ့ကို တည်ဆောက်မှာ ဖြစ်၏။ ထို့နောက် တော်ဝင်ရန်အင်ပါယာအား ဂုဏ်သိက္ခာရှိရှိ ပြန်လည်တိုက်ခိုက်ကာ လက်စားချေရန်ပင်။
ဤတိုက်ကြီးအတွက် သူက လူမျိုးခြားတစ်ဦးသာ ဖြစ်သောကြောင့် ဤနယ်မြေကို အုပ်ချုပ်ရန် စိတ်မကူးချေ။ တတိယ ရှီလွန်အင်ပါယာကိုလည်း သူက ဂရုမစိုက်ချေ။ သူက ကျန်းလီ၏ သားဖြစ်သလို အရှေ့လောက၏ အရှင်သခင်ဟု အသိအမှတ် ပြုခံရသော်လည်း လောကကြီးတစ်ခုကို အုပ်ချုပ်ရန် စိတ်မဝင်စားပေ။
ရုတ်တရက် ရှမ့်လန်က မေးမြန်းလိုက်သည်။ “လှပတဲ့ဟေးလ်.. ရှီလွန်ဧကရာဇ်က ဘာလို့ သူ့လူတွေကို ဦးဆောင်ပြီး တောင်ဘက်ကို ဆင်းလာခဲ့တာလဲ။ ဘာလို့ မြောက်ဘက်အစွန်းဆုံး ဒေသကြီးကနေ ထွက်ခွာ လာခဲ့ကြတာလဲ။”
ဟေးလ်က ပြော၏။ “မြောက်ဘက်အစွန်းဆုံးတိုက်က ဒီကနေ အရမ်းဝေးတယ်။ တိုက်သစ်နဲ့ကြားမှာ သမုဒ္ဒရာ မိုင်ပေါင်း ထောင်သောင်းနဲ့ချီ ခြားနေတာ။ ဒါကြောင့်လည်း အဲဒီဘက်က သတင်းတွေ ဒီမှာ မရှိတာပေါ့။ ပြီးတော့ မြောက်ဘက်ပင်လယ်ပြင်က တစ်နှစ်ပတ်လုံး ခဲနေတော့ ဖြတ်ကျော်လို့ မရဘူး။ ဒါပေမဲ့ ကောလာဟလတစ်ခု ရှိတယ်။”
ရှမ့်လန်က စကားထောက်ပေးသည်။ “ပြောပါအုံး အချစ်ရေ ...။”
ဟေးလ်က ပြော၏။ “ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတစ်ခုပဲ။ ပင်လယ်ဓားပြတွေရဲ့ ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေပဲ။”
ရှမ့်လန်က ပြောသည်။ “မင်းက လောကပေါ်မှာ အစင်ကြယ်ဆုံး အမျိုးသမီးတစ်ယောက် ဖြစ်နေတာတောင်မှ သူတို့က မင်းကို ယုတ်မာ ကြမ်းတမ်းတဲ့ မုဆိုးမတစ်ယောက်လို တင်စားနေကြတာပဲ မဟုတ်လား။”
“ကျွန်မရဲ့အချစ်လေး... အခုလိုအချိန်မှာ ကျွန်မကို မနောက်နဲ့အုံး။ ကျွန်မ ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာတွေက အရမ်းချွတ်ရခက်တယ်။”
ဟေးက ရယ်မောကာ ပြောလိုက်၏။ “သူတို့ ပြောတာကတော့ ရှီလွန်ဧကရာဇ်က မြောက်ဘက် အစွန်းဆုံး တိုက်ကြီးက ထာဝရအမှောင်ထုထဲ နစ်မြှုပ်သွားတော့မယ်ကို ကြိုတင်သိရှိနေလို့ အိမ်အသစ်ကို ရှာဖွေခဲ့ရတာတဲ့။
ဒါပေမဲ့ အဲအချိန်တုန်းက လူအများစုက သူ့ရဲ့စကားကို အထင်သေးခဲ့ကြတယ်။ လူပေါင်း သိန်းဂဏန်း လောက်ကပဲ သူ့စကားနောက်ကိုလိုက်ပြီး တောင်ဘက်ဆီ လာခဲ့ကြတာ။ ပင်လယ်ပြင်က အရမ်းကို အန္တာရယ် များလွန်းလို့ မိုင်ပေါင်းထောင်ချီ ဖြတ်သန်းပြီး တိုက်သစ်ထဲကို ရောက်တဲ့အချိန်မှာ လူသုံးသောင်းတောင် အပြည့် ပါမလာခဲ့တော့ဘူး။”
ရှမ့်လန်က မေးသည်။ “ဒါဆို မြောက်ဘက်အစွန်းဆုံး တိုက်ကြီးက ဘာဖြစ်သွားခဲ့ပြီလဲ။ ထာဝရအမှောင်ထုထဲကို တကယ်ပဲ နစ်မြှပ်သွားပြီလား။”
ဟေးလ်က ပြောလိုက်၏။ “ကျွန်မလည်း မသိဘူး။ အဲဒီပင်လယ်ပြင်က လုံးဝကို ခဲသွားပြီ။ ဘယ်သင်္ဘောမှ ဖြတ်လို့ မရတော့ဘူး။ ပြီးတော့ မြောက်ဘက်ကိုသွားလေ ပိုပြီးအေးလေပဲ။ ဘယ်သူမှ မဖြတ်နိုင်ကြဘူး။ မြောက်ဘက်အစွန်းဆုံးတိုက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။”
ရှမ့်လန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “အချစ်လေး... မင်း ကျောက်စိမ်းဖြူမြို့တော် ဆိုတဲ့ အကြောင်းကို ကြားဖူးလား။”
ဤစကားကိုမေးချိန်မှာတော့ ရှမ့်လန်က ကိုယ့်ကိုယ်ကိုယ် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။ ကျောက်စိမ်းဖြူမြို့တော်က အရှေ့လောက၏ သဘာဝလွန် အင်အားစုတစ်ခု ဖြစ်၏။ ဤနေရာနှင့် မိုင်ပေါင်း သောင်းချီ ဝေးကွာသဖြင့် ဟေးလ်အနေဖြင့် မည်သို့ကြားဖူးမည်နည်း။
“ကျောက်စိမ်းဖြူမြို့တော်လား။”
ဟေးလ်က ထူးခြားသည့်လေသံဖြင့် ထိုနာမည်ကို ရွတ်ဆိုကြည့်၏။ ပြီးနောက် အံ့အားသင့်သည့် အမူအရာဖြင့် မေးလိုက်၏။ “အဲဒါ သင်္ဘောဖြူကြီး တစ်စင်းလား။ ပူပြင်းတဲ့ နွေရာသီမှာတောင် အဲဒီသင်္ဘော ရောက်လာတဲ့ အချိန်တိုင်း နှင်းတွေ ကျတတ်တယ် ဆိုတာလေ။”
ဤအချိန်မှာတော့ ရှမ့်လန်က အံ့အားသင့်သွား၏။ ဤနေရာက မိုင်ပေါင်း သောင်းချီ ဝေးကွာနေသည် မဟုတ်ပါလား။ ဟေးလ်က ကျောက်စိမ်းဖြူမြို့တော်ကို ဘယ်လိုသိရသနည်း။
ရှမ့်လန်က မေးသည်။ “မင်း အဲဒီ သင်္ဘောဖြူကြီးကို တွေ့ဖူးလို့လား။”
ဟေးလ်က ပြော၏။ “မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မအဖေ ပင်လယ်ဓားပြဘဝတုန်းက တွေ့ခဲ့ဖူးတယ်လို့ ပြောတယ်။ အဲတာကို ကျောက်စိမ်းဖြူမြို့တော်လို့ သူ အမြဲတမ်း ပြောနေတာ။ ကျွန်မကတော့ အရက်မူးပြီး မျက်စိမှားတယ်လို့ပဲ ထင်တယ်။ သူက လူတွေအများကြီးကို ပြောပြခဲ့ဖူးပေမဲ့ လူတိုင်းက အဲဒါကို ကြွားတယ်လို့ပဲ ထင်တယ်။
တကယ်တော့ ကျွန်မကိုယ်တိုင်လည်း သူ ကြွားနေတယ်လို့ပဲ ထင်တယ်။ နွေရာသီမှာ ဘယ်လိုလုပ် နှင်း ကျမှာလဲ။ ပင်လယ်ဓားပြတွေက ကြွားရတာ အကြိုက်ဆုံးပဲ။ ဒါကြောင့်လည်း အခု အချစ် ... အဲဒီနာမည်ကို ပြောလိုက်ချိန်မှာ ကျွန်မ ထိတ်လန့်သွားခဲ့တာပေါ့။”
အပိုင်း (၇၉၆)
ရှမ့်လန်က မေး၏။ “အချစ်ရေ... မင်းအဖေက ကြွားနေတာ မဟုတ်ဘူး။ သူ တကယ် တွေ့ခဲ့တာ ဖြစ်နိုင်တယ်။ အဲဒါ ဘယ်တုန်းကလဲ။”
ဟေးလ်က ဆိုသည်။ “လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက ဖြစ်မှာပေါ့။”
ရှမ့်လန်၏ ဦးနှောက်က ပေါက်ထွက်လုမတတ် ဖြစ်နေ၏။ သူက အနောက်လောက၏ ကိစ္စများကို ဂရုမစိုက်ချင်သော်လည်း ယခု အချက်အလက်များကို ရရှိခဲ့၏။ မြောက်ဘက် အစွန်းဆုံးတိုက်ကြီးက အမှောင်ဖုံးလွှမ်းနေ၏။ ရှီလွန်ဧကရာဇ်က တောင်ဘက်ကို ဆင်းသက်လာပြီး တိုက်သစ်ကို အုပ်ချုပ်ကာ ရှီလွန်မင်းဆက်ကို တည်ထောင်၏။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က ကျောက်စိမ်းဖြူမြို့သင်္ဘောက ဤပင်လယ်ပြင်သို့ ရောက်ရှိလာခဲ့ဖူးသည်။ ယခုအခါတွင်တော့ တိုက်သစ်၏ မြောက်ဘက်ခြမ်း ပင်လယ်ပြင်က ရေခဲများဖြင့် လုံးဝကို ခဲနေပြီး မြောက်ဘက် အစွန်းဆုံး တိုက်ကြီးကလည်း လောကနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
မြောက်ဘက် အစွန်းဆုံးတိုက်၊ မိုင်တစ်သောင်း သဲကန္တာရ။ မိစ္ဆာတြိဂံဒေသ၊ ထိုသို့ဆိုလျှင် ကမ္ဘာပေါ်တွင် တားမြစ်ထားသည့် နယ်မြေ ၃ ခု ရှိနေခြင်းလား။ မိုင်ပေါင်းထောင်ချီသည့် ရေခဲပြင်နှင့် နှင်းထုကြီးက ကျောက်စိမ်းဖြူမြို့တော်နှင့် ဆက်စပ်နေပုံရ၏။
သဘာဝလွန် အင်အားစု ၆ ခုအနက် ရှမ့်လန်က ၅ ခုနှင့် ဆုံတွေ့ခဲ့ဖူး၏။ ကျောက်စိမ်းဖြူမြို့တော်တစ်ခုတည်းသာ ကျန်ရှိခဲ့၏။ သူက နှစ်ကြိမ်တိုင်တိုင် ကြုံခဲ့သော်လည်း လူချင်း တိုက်ရိုက် ကြုံခဲ့ရဖူးသည် မဟုတ်ချေ။
ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်၏။ သူက ထိုအကြောင်းများကို ထပ်ကာဖြင့် မစဉ်းစားချင်တော့ပေ။ ယခု လောလောဆယ် သူလုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာသာ ရှိ၏။ ထိုအရာက စုန်းအင်ပါယာ၏ မြို့တော်ထဲသို့ ဝင်ရောက်ကာ ဘုရင်မ မီဒူဆာက ချောင်ယောင်းအာ ဟုတ်မဟုတ် အတည်ပြုရန်ပင်။
သူ့၌ စစ်တပ်တစ်ခု ရှိရမည်။ သူ့၌ အမြောက်တွေ ရှိရမည်။
...........
လမ်းတစ်လျှောက်မှာတော့ မြို့စားကြီးရပ်လ်ဆဲ၏ ထိပ်တန်း တပ်ဖွဲ့များကို နေရာအနှံ့ တွေ့၏။ စုန်းအင်ပါယာ မြို့တော်နှင့် မိုင် ၂၀၀ ခန့် ဝေးကွာသည့် နေရာကို ရောက်တော့ ရှမ့်လန်နှင့် ဟေးလ်ကို တပ်မှူးတစ်ဦးက တားဆီး၏။
သူတို့၏ လက်မှတ်များကို စစ်ဆေးပြီးနောက် တပ်မှူးက ပြောသည်။ “မင်းတို့နှစ်ယောက် ပင်ပန်းနေကြပြီ။ ဒါပေမဲ့ ဒါက ငါတို့ရဲ့ နောက်ဆုံး ကင်းစခန်းပဲ။ ဒီထက် ပိုပြီး သွားလို့ မရတော့ဘူး။ ရှေ့ဆက်သွားရင် စုန်းအင်ပါယာရဲ့ နယ်မြေထဲကို ရောက်သွားလိမ့်မယ်။ မင်းတို့ရဲ့ လုံခြုံရေးကို ငါ အာမမခံနိုင်ဘူး။”
စုန်းအင်ပါယာက ဤမျှအထိ သနားစရာ ကောင်းနေသည်လား။ မြို့တော်နှင့် မိုင် ၂၀၀ ခန့်သာလျှင် သူတို့၏ နယ်မြေအဖြစ် ကျန်ရှိတော့၏။ ကျန်သည့်နယ်မြေအားလုံး ဆုံးရှုံးသွားခဲ့ပြီလား။
ဤအခြေအနေမှာတော့ ဟေးလ်က ပြောလိုက်၏။ “ကျွန်မတို့မှာ လျှို့ဝှက်တာဝန် ရှိတယ်။ ဘုရင်မမြို့တော်ထဲကို ဝင်ဖို့ လိုအပ်နေတယ်။”
တပ်မှူးက အမိန့်ပေးသည်။ “မင်းတို့ရဲ့ ဦးထုပ်တွေကို ချွတ်လိုက်ပါအုံး။”
ဟေးလ်နှင့် ရှမ့်လန်တို့က ဦးထုပ်ကို ချွတ်၏။ လှပသည့် မျက်နှာနှစ်ခု ပေါ်လာ၏။ တစ်ဦးက ရွှေရောင် ဆံနွယ်ရှည်များ ရှိ၏။ တပ်မှူး၏ မျက်လုံးများက တောက်ပသွား၏။
“ငါ နားလည်ပြီ။ ဒါပေမဲ့ မင်းတို့ အဝတ်အစားတွေ လဲဖို့ လိုလိမ့်မယ်။”
ပြီးနောက် သူတို့ကို လွှတ်ပေးလိုက်ကြသည်။
.............
ရှမ့်လန်နှင့် ဟေးလ်တို့က ရှေ့သို့ ဆက်လက်ကာ ထွက်ခွာကြ၏။ မျှော်လင့်ထားသည့်အတိုင်းပင် ရှေ့ကို ဆက်သွားလေလေ မြို့စားကြီး ရပ်လ်ဆဲ၏ တပ်ဖွဲ့များကို မတွေ့ရတော့လေပင်။ တစ်ခါတစ်ရံ တစ္ဆေများ သွားလာနေသကဲ့သို့ ကင်းထောက်တစ်ချို့ကိုသာ တွေ့ရ၏။ ရိပ်ခနဲ ရိပ်ခနဲဖြင့် ဖြတ်ပြေးနေကြ၏။
ရှမ့်လန်နှင့် ဟေးလ်တို့က အဝတ်အစားများကို လဲလှယ်လိုက်ကြ၏။ သူတို့က ရှီလွန်အင်ပါယာ စစ်ဝတ်စုံကို မဝတ်ဆင်တော့ဘဲ အနက်ရောင် ဝတ်ရုံရှည်များကိုသာ ဝတ်ဆင်လိုက်ကြသည်။
ရှေ့ရှိလမ်း၌ လူသူကင်းမဲ့ နေ၏။ လမ်း၏ ဘေးဘယ်ညာတွင် မြို့ငယ်များစွာရှိပြီး ရှုခင်းများက လှပပြီး သစ်ပင်များ ဝေဆာနေသော်လည်း လူတစ်ဦးတစ်ယောက်မှ မရှိချေ။ လူအားလုံးက ထွက်ပြေးသွားကြပြီ ဖြစ်၏။
မြို့စားကြီးရပ်လ်ဆဲ၏ တပ်ဖွဲ့များက ဤနေရာကို မသိမ်းပိုက်ရသေးသော်လည်း စုန်းအင်ပါယာ၏ တပ်ဖွဲ့များက မြို့ထဲသို့ ဆုတ်ခွာသွားကြပုံ ပေါ်၏။ နောက်ထပ် မိုင် ၁၀၀ ခန့် ဆက်လက် လျှောက်လှမ်း သွားခဲ့ကြသည်။
“အချစ်ရေ.... ကျွန်မနောက် လိုက်ခဲ့ပါ” ဟေးလ်က တီးတိုးပြော၏။
ပြီးနောက် သူက ရှမ့်လန်ကို တောင်ထိပ်တစ်ခုပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။
“ဟိုးမှာ ဘုရင်မမြို့တော်ပဲ။” ဟေးလ်က လက်ညှိုးညွှန်ပြသည်။ သို့သော်လည်း မြို့တော်က မြူနှင်းများကြားတွင် အလုံးစုံ ဖုံးလွှမ်းနေသောကြောင့် ရေရေလည်လည် မမြင်ရပေ။
“ခဏလောက် စောင့်ပါအုံး။ လောကပေါ်မှာ အလှဆုံး၊ အဆန်းဆုံး မြို့တော်ကို ကျွန်မ ပြမယ်။” ဟေးလ်က ဆို၏။ သူတို့နှစ်ယောက် တိတ်တဆိတ်နှင့် စောင့်ဆိုင်းနေ၏။ စောင့်ဆိုင်းနေရင်းပင် ဟေးလ်က ရှမ့်လန်၏ ကိုယ်ကို မှီကာဖြင့် အိပ်ပျော်သွားခဲ့၏။
ရှမ့်လန်က တစ်ရက်လုံးလုံး ရေမချိုးရသေးသော်လည်း အောင့်အီး သည်းခံထားရ၏။ အနည်းဆုံးတော့ သက်တောင့်သက်သာဖြင့် လှဲလျောင်းနေနိုင်ပြီ မဟုတ်ပါလား။ မကြာခင် မြူနှင်းများ လွင့်စင်သွား၏။ ဘုရင်မမြို့တော်က ရှမ့်လန်၏ ရှေ့မှောက်တွင် ပေါ်ထွက်လာ၏။ သူက တကယ့်ကို ငေးမောသွားရသည်။
“ကောင်းကင်ဘုံ...”
လောကကြီးထဲတွင် ဤမျှ လှပသည့် မြို့တစ်ခု ရှိနေပါသည်လား။ မြို့ကို တည်ဆောက်ခဲ့သည့် ဒုတိယ ရှီလွန်အင်ပါယာကြီး၏ ဘုရင်မက မည်မျှထိ လှပခဲ့သနည်း။ စကားလုံးများဖြင့် ဖော်ပြရန် မဖြစ်နိုင်လောက်အောင် ဤမြို့က လှပလွန်း၏။
“ဘုရင်မမြို့” ဟု ခေါ်ဆိုခြင်းက အံ့အားသင့်စရာ မဟုတ်ချေ။
မြို့တစ်မြို့၌ လိင်သတ်မှတ်ချက် ရှိသည်ဆိုပါက ဤမြို့က ဧကန်မုချ လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်ပေလိမ့်မည်။ ဤသည်က အနီရောင် မြို့တော်ကြီး ဖြစ်၏။ ပန်းရောင်ထက် အနည်းငယ်ရင့်ပြီး အနီရောင်ထက် အနည်းငယ် ဖျော့၏။ နေရောင်ခြည် ကျရောက်လာသည့် ထောင့်အမျိုးမျိုးပေါ် မူတည်၍ ခရမ်းရောင်အဖြစ်ပင် ပြောင်းလဲသွားတတ်သည်။
ဤမျှ ကြီးမားသည့် မြို့ကြီးမှာတော့ မြို့ရိုးများ၊ လမ်းများ၊ အိမ်များအားလုံးက အနီရောင်များ ဖြစ်၏။ ထို့အပြင် မြို့က မြို့ရိုး ၂ ထပ် ရှိ၏။ အပြင်ဘက် မြို့ရိုးက ၁၅ မီတာခန့် မြင့်ပြီး အတွင်းဘက် မြို့ရိုးက ၁၂ မီတာခန့် မြင့်၏။ အတွင်းနှင့်အပြင် မြို့ရိုးကြားက မီတာ ၂၀ ခန့် ရှိ၏။
လောကသမိုင်းတွင် ထိုကဲ့သို့သော ဧရာမ မြို့ရိုး ၂ ထပ် ရှိသည့် မြို့များ ရှိဖူး၏။ ဥပမာအားဖြင့် ကွန်စတန်တီနိုပယ (ယနေ့ခတ် တူရကီနိုင်ငံ၏ အစ္စတန်ဘူမြို့ - ဘာသာပြန်သူ) ကဲ့သို့ မြို့ကြီးမျိုးပင်။ ပီကျင်းမြို့က တောင်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ဘုရင်မမြို့တော်က မြေပြန့်တွင် ရှိသည်။ တောင်ဝင်နန်းတော် တစ်ခုတည်းက အမြင့်တွင် တည်ရှိနေပြီး မီတာ ၁၀၀ နှင့်ချီ မြင့်သည့် တောင်ပေါ်တွင် တည်ဆောက်ထားသောကြောင့်ပင်။ တောင်ထိပ်က ညီညာပြန့်ပြူးပြီး တော်ဝင်နန်းတော် တည်ဆောက်ရန် အချက်အချာ နေရာကောင်းပင်။
ဤတောင်က မီတာ ရာနှင့်ချီ မြင့်မားသော်လည်း ရှမ့်လန်နှင့် မျက်နှာချင်းဆိုင်ဘက်တွင် မတ်စောက်သည့် ကျောက်ကမ်းပါးကြီး တစ်ခု ဖြစ်နေ၏။ တော်ဝင်နန်းတော်က ကမ်းပါးထိပ်တွင် ရှိနေသဖြင့် ဗိသုကာပညာ၏ အံ့ဖွယ်ပညာရပ် တစ်ခုဟုပင် ဆိုရမည်။ သို့သော်ငြား ဟေးလ်၏ ပြောကြားချက်အရ တောင်၏ အနောက်ဘက်က အနည်းငယ် ညီညာသောကြောင့် နန်းတော် တည်ဆောက်စဉ်က ပစ္စည်းများကို အနောက်ဘက်မှ သယ်ယူခဲ့ကြခြင်းပင် ဖြစ်၏။
မြို့တစ်ခုလုံးက အနီရောင် ဖြစ်သော်လည်း မီတာ ရာနှင့်ချီ မြင့်မားသည့် ဤကမ်းပါးကြီးမှာမူ အဖြူရောင် ဖြစ်နေ၏။ တော်ဝင်နန်းတော်ကလည်း ဆီးနှင်းကဲ့သို့ ဖြူစင်နေ၏။ အနီရောင်အားလုံးက တော်ဝင်နန်းတော်၏ ဖြူစင်မှုကို ပိုမိုပေါ်လွင်စေရန် ရည်ရွယ်ထားသကဲ့သို့ပင်။ တကယ့်ကို အိမ်မက်ဆန်ပြီး လှပ၏။ ပီကျင်းမြို့က ခမ်းနားသည်ဟု ဆိုနိုင်သော်လည်း ဘုရင်မမြို့တော်က သာလွန်၏။ ထို့အပြင် ကမ်းပါးထိပ်ရှိ တော်ဝင်နန်းတော်က ကောင်းကင်ယံရှိ မြို့တော်တစ်ခုကဲ့သို့ပင်။
ဟေးလ်က ပြောသည်။ “ကျွန်မတို့ ဗီတာလူမျိုးတွေမှာ ရှီလွန်လူမျိုးတွေအပေါ် ရှုပ်ထွေးတဲ့ ခံစားချက်တွေ ရှိတယ်။ သူတို့က ကျူးကျော်သူတွေ ဖြစ်လို့ မုန်းတီးကြတယ် ဆိုပေမဲ့ သူတို့ကို ကြည်ညိုတဲ့ အရာတွေလည်း ရှိတယ်။ အကယ်၍ ရှီလွန်လူမျိုးတွေသာ ရှိမလာရင် ကျွန်မတို့က ထာဝရ အရိုင်းအစိုင်း လူမျိုးစုတွေအဖြစ်ပဲ ကျန်ခဲ့မှာ။ ဒီလို လှပတဲ့ မြို့မျိုးတွေ ရှိလာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပဲ။”
မုဆိုးမ ဟေးလ်က ထိုသို့ ပြောလိုက်၏။ ဝမ်းနည်းစရာ ကောင်းသော်လည်း လက်တွေ့ အကြောင်းအရာက ဤသို့ပင်။ အချက်အလက်ကို ကြည့်ခြင်းအားဖြင့် ရှီလွန်လူမျိုးများက ဤတိုက်ကြီးကို စိတ်ဓာတ်နှင့် အတွေးအခေါ်ပိုင်းအရပါ လွှမ်းမိုးထားကြောင်း ထင်ရှား၏။
....................
ဘုရင်မမြို့တော်နှင့် ၁၀ မိုင်ခန့် အကွာသို့ ရောက်သည့် အချိန်မှာတော့ ရှမ့်လန်နှင့် ဟေးလ်တို့က တားဆီးခြင်းကို ခံရ၏။ အစွမ်းထက်သည့် ထူးချွန်သော မြင်းသည်တော် တစ်စုက သူတို့နှစ်ယောက်ကို ဝန်းရံထား၏။ မြင်းသည်တော်များက အားလုံး အမျိုးသမီးများ ဖြစ်ပြီး ကပြားအမျိုးသမီးများ ဖြစ်ကြ၏။ တစ်ဦးချင်းစီတိုင်းက အရပ်ရှည်ပြီး ၁.၈မီတာခန့်ရှိ၏။ အားလုံးက ပိန်သွယ်သော်လည်း သန်မာသည်။
“သူတို့က ရိုလန် လူမျိုးစုတွေပဲ။ အရမ်းတော်တဲ့ တိုက်ခိုက်ရေးလူမျိုးစုပေါ့။ သူတို့ရဲ့ လူဦးရေက အရမ်းနည်းတယ် ဆိုပေမဲ့ ဒီတိုက်သစ်ရဲ့ ဒေသခံတွေပဲ။ သူတို့မှာ မိခင်ဦးဆောင်တဲ့ လူမျိုးစုရှိတယ်။ အမျိုးသားတွေက အိမ်က ကလေးထိန်းကြပြီး အမျိုးသမီးတွေက အပြင်မှာ တိုက်ခိုက်ကြတယ်။” ဟေးလ်က တိုးတိုးလေး ရှင်းပြ၏။
စုန်းအင်ပါယာ၏အမျိုးသမီးများက ဟေးလ်ကို မြင်ချိန်မှာတော့ သူမတို့၏ အကြည့်များက ပိုမို နွေးထွေးသွား၏။ သို့သော်ငြား အရှေ့တိုင်းနွယ်ဖွား ရှမ့်လန်ကို မြင်ရချိန်မှာတော့ အံ့အားသင့်သွားပုံရသည်။
“ဘယ်သူလဲ။ ဘာကိစ္စ ရှိလို့လဲ။” ထိုအမျိုးသမီးခေါင်းဆောင်က မေး၏။
ထိုအမျိုးသမီးက တရုတ်စကားဖြင့် မေးလိုက်သောကြောင့် ရှမ့်လန်က ဝမ်းသာ၍ ငိုချင်စိတ်များပင် ပေါက်၏။ နှစ်ဝက်ကျော် ကြာပြီးသည့်နောက် သူ၏ ဘာသာစကားကို ပြန်ပြီး ကြားလိုက်ရခြင်းပင်။ ထိုအခိုက်အတန့် မှာတော့ သူက စုန်းအင်ပါယာအပေါ် ရင်းနှီးကျွမ်းဝင်မှုမျိုး အပြည့်အဝ ခံစားလိုက်ရသည်။
“ဘုရင်မကို ဂါရဝပြုဖို့ လာခဲ့တာပါ။” ရှမ့်လန်က ပြော၏။
အမျိုးသမီးခေါင်းဆောင်ကပြောသည်။ “စုန်းအင်ပါယာက အရှေ့တိုင်းလောကမှာ မိခင်နိုင်ငံလို ဖြစ်နေပေမယ့် အခု အန္တရာယ်တွေ ရင်ဆိုင်နေရတယ်။ ရှင်တကယ်ပဲ ကျွန်မတို့ ဘုရင်မမြို့ကို ဝင်ချင်တာလား။”
“ဟုတ်တယ်။”
အမျိုးသမီးခေါင်းဆောင်က ရှမ့်လန်ကို ခဏမျှ စိုက်ကြည့်၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။ “စိတ်မကောင်းပါဘူး။ မရပါဘူး။”
ရှမ့်လန်က မေးသည်။ “ဘာလို့လဲ။”
အမျိုးသမီး ခေါင်းဆောင်က ပြန်ဖြေ၏။ “အခုဆိုတော့ အရှေ့တိုင်းသား တော်တော်များများက ဘုရင်မမြို့တော်ထဲကို ဝင်လာကြတယ်။ ဒါပေမဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က သူလျှိုတွေ ဖြစ်နေတယ်။ မြို့ထဲကို ရောက်တာနဲ့ သူတို့က ဖျက်ဆီးမှုတွေ လုပ်တယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ပြန်သွားပါ။”
ရှမ့်လန်က ပြောသည်။ “ကျုပ် မဖြစ်မနေ ဝင်မှ ဖြစ်လိမ့်မယ်။”
အမျိုးသမီး ခေါင်းဆောင်က လက်ကို မြောက်လိုက်ရုံဖြင့် အစွမ်းထက်သည့် အမျိုးသမီး မြင်းသည်တော် များများက လေးခွများဖြင့် ရှမ့်လန်နှင့် ဟေးလ်တို့ကို ချိန်ရွယ်၏။ “နှစ်ယောက်လုံးကို မနာကျင်စေချင်ဘူး။ ဒါပေမဲ့ ဘုရင်မမြို့တော်က ဘယ်သူ့ကိုမှ ကြိုဆိုမနေဘူး။”
ရှမ့်လန်က လက်နှစ်ဖက်ကို အပေါ်သို့မြောက်သည်။ “ကျုပ်က ခင်ဗျားတို့ ဘုရင်မရဲ့ယောက်ျား ဖြစ်နိုင်တယ်နော်။”
ထိုစကားကို ကြားချိန်မှာတော့ အမျိုးသမီး မြင်းသည်တော်များက အံ့အားသင့်သွားခြင်း မရှိဘဲ ဒေါသထွက် သွား၏။ သူတို့၏ ဘုရင်မကို စော်ကားလိုက်သကဲ့သို့ပင်။
ရှမ့်လန်က သူ မှားယွင်းစွာ ပြောဆိုမိကြောင်း သိ၏။ ဘုရင်မမီဒူဆာက သူ စိတ်ကူးထားသည်ထက် ပိုမို၍ စွမ်းအားကြီးမားကာ ထူးခြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤအမျိုးသမီး စစ်သည်တော်များ၏ စိတ်ထဲတွင် မည်သည့် အမျိုးသားနှင့်မှ သူတို့၏ ဘုရင်မကြီးနှင့် မထိုက်တန်ဟု မှတ်ယူထားကြ၏။ ဟေးလ်က ရှမ့်လန်ကို မယုံကြည်နိုင်သလို လှမ်းကာ ကြည့်ရှုလိုက်သည်။
“သူ့ကို ဖမ်းလိုက်။” အမျိုးသမီးခေါင်းဆောင်က အမိန့်ပေး၏။ ရှမ့်လန်က ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ခေါင်းကို အဝတ်ဖြင့် အုပ်ခံရသည်။
ရှမ့်လန်က ဟေးကို လှမ်းကြည့်၏။ “လှပတဲ့ဟေးလ်.. အခု နှုတ်ဆက်ဖို့အချိန် ရောက်ပြီ။”
မုဆိုးမဟေးလ်က ရှမ့်လန်ကို အကြာကြီး စိုက်ကြည့်သည်။ “နှုတ်ဆက်ပါတယ်။ ကျွန်မရဲ့ အချစ်ဟောင်းကြီး…. ကျွန်မ ဒီတစ်လကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဒါ ကျွန်မဘဝရဲ့ အလှပဆုံး အချိန်တွေပဲ။ ကျွန်မရဲ့ ပျော်ရွှင်မှုအားလုံးကို အဲဒီမှာ သိမ်းထားခဲ့သလိုပဲ။ ရှင်နဲ့တူတဲ့ အမျိုးသားမျိုး ကျွန်မဘဝမှာ ထပ်ပြီးတွေ့မှာ မဟုတ်ဘူး။ ပြီးတော့ ဘယ်သူ့ကိုမှလည်း ရှင့်လောက် ထပ်ပြီး ချစ်နိုင်တော့မှာ မဟုတ်ဘူး။”
ပြီးနောက် မုဆိုးမဟေးလ်က သူ၏ မြင်းပေါ်သို့ တက်ကာဖြင့် လှည့်ထွက်သွား၏။ သူမက စစ်မှန်သည့် ပင်လယ်ကုန်သည်နှင့် ပင်လယ်ဓားပြ၏ သမီး ဖြစ်သောကြောင့် ပြတ်သားလှ၏။
ရှမ့်လန်က ခေါင်းကို အဝတ်စဖြင့် အုပ်ထားခံရပြီး ဘုရင်မမြို့တော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရ၏။ သူက မည်သည့်အရာကိုမှ မမြင်ရသော်လည်း အနံ့ကို ခံစားနိုင်၏။ ဤမျှ ခက်ခဲသည့် အခြေအနေမျိုးတွင် ဘုရင်မမြို့တော်က မွှေးရနံ့များနှင့် ပြည့်နှက်နေဆဲပင်။ ပီကျင်းမြို့၏ အပုပ်နံ့နှင့် လုံးဝ ကွာခြားနေသည်။
သာယာသည့်ဂီတသံများက ရှမ့်လန်၏ နားထဲသို့ ရောက်လာ၏။ တချို့ကသီချင်းဆိုနေပြီး တချို့က ပီယာနိုကို တီးခတ်၏။ စုန်းအင်ပါယာ ပျက်စီးမည့်အချိန်မျိုးတွင်ပင် သီချင်းဆိုနိုင်စွမ်းတွေ ရှိနေသည်လား။
မည်သို့ပင်ဆိုစေကာမူ ဤမြို့က လှပနေဆဲ ဖြစ်၏။
“ကောင်းကင်ဘုံ... ကျွန်မတို့ရဲ့ ဘုရင်မကို စောင့်ရှောက်တော်မူပါ။”
“ကောင်းကင်ဘုံ.. ကျွန်မတို့ရဲ့ ဘုရင်မကို စောင့်ရှောက်တော်မူပါ။”
ရှမ့်လန်က ထိုစကားများကို နားထဲတွင် အဆက်မပြတ် ကြားနေရ၏။ ဤမြို့က တကယ့်ကို ကြီးမား၏။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရှမ့်လန်က တောင်ပေါ်သို့တက်နေပြီဟု ခံစားရသည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြန်၏။ မွှေးရနံ့များက ပိုမိုကာ စွဲမက်ဖွယ် ကောင်းလာသည်။ သူက နန်းတော်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ပေလိမ့်မည်။ ကမ်းပါးထိပ်ရှိ ကောင်းကင်ယံမြို့တော်က ဖြူစင်လွန်းသော နန်းတော်ကြီး ဖြစ်ပေလိမ့်မည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူက နန်းတော်တစ်ခုအတွင်းသို့ ဝင်ရောက်သွားသလို ခံစားရ၏။ ဤနေရာက အလွန့်ကို တိတ်ဆိတ်ပြီး ထူးခြားသည့် စွမ်းအင်လှိုင်းတစ်ခု လွှမ်းခြုံထားသကဲ့သို့ပင်။
“သခင်မ... ကျွန်မတို့ အရှေ့တိုင်းအမျိုးသားတစ်ဦးကို ဖမ်းမိလာခဲ့ပါတယ်။ သူက ဘုရင်မကြီးရဲ့ အမျိုးသားလို့ ပြောနေတယ်။ သူ့ကို အပြစ်ပေးလိုက်ရမလား။” အမျိုးသမီးခေါင်းဆောင်က မေး၏။
ထိုစကားကို ကြားချိန်မှာတော့ ရှမ့်လန်၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများနှင့် ပြည့်နှက်သွား၏။ ဘုရင်မ၏ အမျိုးသားဟု ပြောလိုက်ရုံနှင့် ဤမျှ ပြင်းထန်သည့် အပြစ်ပေးခြင်းကို ခံရမည်လား။ ဘုရင်မ မီဒူဆာ၏ ဂုဏ်သိက္ခာက ဤမျှထိ ထိပါး၍မရနိုင်လောက်အောင် ကြီးမားနေသည်လား။ ထိုသို့ဆိုလျှင် သူမက သာမန်လူသားတစ်ဦးရော ဖြစ်ပါရဲ့လား။
အမျိုးသမီးခေါင်းဆောင်က ပြောသည်။ “သူ့မျက်နှာကို ဖွင့်လိုက်။”
အသံကို ကြားသည်နှင့် ရှမ့်လန်က ဆွံ့အသွား၏။ သူက တစ်ကိုယ်လုံးလည်း တုန်ယင်သွားခဲ့၏။ “မိတ်ဆွေဟောင်း။ နောက်ထပ် မိတ်ဆွေဟောင်း တစ်ယောက်ပါလား။ နှစ်ပေါင်းများစွာ မတွေ့ရသည့် မိတ်ဆွေဟောင်းတစ်ဦးပင်။ ဤအသံကို သူ မကြားရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်၏။ ရှမ့်လန်က သူမ၏ အကြောင်းကို အကြိမ်ကြိမ် စုံစမ်းခဲ့သော်လည်း သတင်းမကြားရခဲ့ချေ။
အမျိုးသမီးခေါင်းဆောင်က ရှမ့်လန်၏ မျက်နှာကို ဖုံးထားသည့် မျက်နှာဖုံးကို ဖယ်လိုက်၏။ အလွန်တရာ ချောမောသည့် မျက်နှာတစ်ခု ပေါ်လာ၏။
အမျိုးသမီးခေါင်းဆောင်က ရှမ့်လန်၏ မျက်နှာကို မြင်ရချိန်မှာတော့ သူမ၏ လှပသည့် မျက်နှာတစ်ခုလုံးက ချက်ချင်းပင် အံ့အားသင့်သွားကာ မယုံကြည်နိုင်သလို ဖြစ်သွားခဲ့သည်။ “ရှင်... ရှင်... ရှမ့်... ရှမ့်လန်..”
ရှမ့်လန်က ဤရင်းနှီးနေသည့် မျက်နှာကို ကြည့်ကာဖြင့် ရင်ထဲ တုန်လှုပ်သွား၏။ “ကျန်းချွင်းဟွာ....”