အခန်း (၇၉၉-၈၀၀)
Vol. 49 Ch. 799-800
အပိုင်း (၇၉၉)
ကျန်းချွင်းဟွာက ပြော၏။ “မရဘူး။ ကျွန်မက တားတာ မဟုတ်ပေမဲ့ ဘုရင်မကြီး ကျင့်စဉ်ကျင့်နေတဲ့ ဂူသင်္ချိုင်းရဲ့ အပြင်ဘက်မှာ စောင့်ကြပ်နေတဲ့ ပညာရှင်ကြီး လေးယောက် ရှိတယ်။ ဘုရင်မကြီးရဲ့ အမိန့်မရှိဘဲ ဘယ်သူမှ အနားကပ်ခွင့် မရှိဘူး။ အနားကပ်တာနဲ့ သတ်ခံရလိမ့်မယ်။ ကျွန်မသွားရင်လည်း သတ်ခံရမှာပဲ။ ရှင်လည်း ခြွင်းချက် မရှိဘူး။ မြို့တော်ကြီး ပျက်စီးသွားရင်တောင် သူတို့က ဘုရင်မကြီးကို နှောင့်ယှက်ခွင့် မပြုဘူး။”
“ပညာရှင် လေးယောက် ဟုတ်လား။”
ရှမ့်လန်က မေးသည်။ “အဲဒီလူတွေ ဘယ်က ရောက်လာတာလဲ။”
ကျန်းချွင်းဟွာက ပြော၏။ “ကျွန်မလည်း မသိဘူး။ သူတို့က ရုတ်တရက် ပေါ်လာတာပဲ။”
“ဘယ်နေရာက ပေါ်လာတာလဲ။”
ကျန်းချွင်းဟွာက ပြောသည်။ “ရှေးဟောင်းအပျက်စီးတွေထဲကပဲ။”
“ရှေးဟောင်းလူသားတွေလား။” ရှမ့်လန်က မေးမြန်း၏။
ကျန်းချွင်းဟွာက ပြောသည်။ “ကျွန်မလည်း မသိဘူး။ ဒါပေမယ့် သူတို့က ကျွန်မတို့လို လူသားတွေနဲ့တော့ မတူဘူး။”
“မရဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ် ဘုရင်မ မီဒူဆာကို သွားတွေ့ရတော့မယ်။”
ရှမ့်လန်က ပြော၏။ “သူက ဘယ်နေရာမှာ ကျင့်စဉ်ကျင့်နေတာလဲ။”
“နန်းတော်ရဲ့ မြေအောက် ဂူသင်္ချိုင်းထဲမှာပဲ။”
ကျန်းချွင်းဟွာက ပြောသည်။ “ရှင် သွားချင်ရင် သွားလို့ရတယ်။ ဒါပေမယ့် အဲဒီ ပညာရှင် လေးယောက်က ရှင့်ကို သတ်ဖို့ ကြိုးစားရင် ကျွန်မ မတားနိုင်ဘူးဆိုတာ သိထား။”
ရှမ့်လန်က ပြော၏။ “အင်း... ကျုပ်ကို အဲဒီကို ခေါ်သွားပေးရုံပဲလုပ်။”
“ကောင်းပါပြီ။” ကျန်းချွင်းဟွာက ရှမ့်လန်ကို ဘုရင်မ မီဒူဆာ ကျင့်စဉ်ကျင့်နေသည့် မြေအောက်ဂူသင်္ချိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဘုရင်မမြို့တော်ကို တည်ဆောက်ခဲ့သည့် ဤဘုရင်မကြီးက အဆောက်အအုံ ဗိသုကာအတတ်နှင့် ပတ်သက်၍ တကယ်ပင် အရူးအမူး စွဲလမ်းနေသူတစ်ဦး ဖြစ်တန်ကောင်း၏။ သူမက နန်းစံခဲ့သည့် ဆယ်စုနှစ်များအတွင်း နန်းတော်ကိုသာမက သူမ၏ ဂူဗိမာန်ကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ပြီး ထိုအရာကို နန်းတော်၏ အောက်ခြေတည့်တည့်၌ပင် အခြေချခဲ့၏။
သို့သော်ငြား ဘုရင်မ မီဒူဆာက ဂူဗိမာန်အတွင်း၌ တရားထိုင်ခြင်းကို နှစ်သက်၏။ ထိုအရာက မည်ကဲ့သို့သော စိတ်နေစိတ်ထားမျိုးနည်း။ မီဒူဆာက လွန်ခဲ့သည့်နှစ်များအတွင်း အချိန်တော်တော်များများကို ဂူဗိမာန် အတွင်း၌သာ ကုန်ဆုံးခဲ့ပြီး နိုးထလာသည့်အချိန်ကလည်း အလွန်တိုတောင်းကြောင်း ကျန်းချွင်းဟွာက သူ့ကို ပြောပြခဲ့သည်။
ချက်ချင်းပဲ ရှမ့်လန်က သူ့၏ ချစ်စရာကောင်းသည့် သမီးငယ်လေးအတွက် ပို၍ သနားသွားမိ၏။ သူမက ၅ နှစ်အရွယ်သာ ရှိသေးသော်လည်း အချိန်တော်တော်များများကို ကုတင်ပေါ်၌ အိပ်စက်ရင်းသာ ကုန်ဆုံးခဲ့ရ၏။ သူမ၏ဖခင်က အနားတွင် မရှိရုံသာမက မိခင်ဖြစ်သူကလည်း အချိန်တော်တော်များများ အနား၌ မရှိချေ။
နန်းတော်မှတဆင့် အောက်ခြေဆီသို့ ဆင်းသွားသည့်အချိန်တွင်တော့ ရှည်လျားသည့် မီးအိမ်လှိုဏ်ခေါင်း တစ်ခုကို မြင်ရ၏။ ဤသည်က ဗိမာန်ဆီသို့ သွားရာလမ်းလား။ အဘယ့်ကြောင့် ဤမျှ ကြည်လင် တောက်ပ နေရသနည်း။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်က ရှီလွန်ဘုရင်မကြီးက မည်ကဲ့သို့သော စိတ်ကူး အလှတရားများကို ပိုင်ဆိုင် ခဲ့သနည်း။ နန်းတော်၏ ဂူဗိမာန်ဆီသို့ သွားရခြင်းက သက်ရှိလောကမှ သေခြင်းတရား၏ လောကဆီသို့ သွားရခြင်း ဖြစ်သော်လည်း သူမက အဘယ့်ကြောင့် ဤမျှလှပသည့် လှိုဏ်ခေါင်းတစ်ခုကို အသုံးပြုခဲ့ရ သနည်း။
လှိုဏ်ခေါင်းတစ်လျှောက် ဆင်းသွားလိုက်စဉ်တွင် လှပမှုများက တဖြည်းဖြည်းနှင့် မှေးမှိန်သွားပြီး နောက်ဆုံး တွင်တော့ မှောင်မိုက်ခြင်းအဖြစ်သို့ ကူးပြောင်းသွား၏။ ဤသည်က ဘဝတစ်ခုက တောက်ပခြင်းမှသည် မှေးမှိန်ခြင်းဆီသို့ ကူးပြောင်းကာ နောက်ဆုံး ထာဝရအမှောင်ထုထဲသို့ ကျဆင်းသွားခြင်းကို ကိုယ်စားပြု နေခြင်းပင်လား။
ဤမှောင်မိုက်သည့် လှိုဏ်ခေါင်းကြီးက မည်မျှ ရှည်လျားသည်ကို မည်သူမှ မသိနိုင်ချေ။ မည်သည့် အလင်းရောင်မှ မရှိဘဲ မိမိ၏ လက်ချောင်းကိုပင် မမြင်နိုင်လောက်အောင် မှောင်မိုက်နေ၏။ ထိုအရာက မျက်စိမှိတ်ပြီးနောက် ကျရောက်လာခဲ့သည့် ရှည်လျားသည့် အိပ်စက်ခြင်းကို သရုပ်ဖော်သည့် သဘောမျိုးပင်။
ပြီးနောက် လှိုဏ်ခေါင်းအတွင်း၌ ညကောင်းကင်ယံကဲ့သို့ အလင်းစက်ကလေးများ တဖြည်းဖြည်း ပေါ်ထွက် လာ၏။ ကြယ်တာရာများက နေရာအနှံ့ ပျံ့ကျဲနေသကဲ့သို့ပင်။ ဆင်းသက်လာစဉ်မှာပင် လှိုဏ်ခေါင်းအတွင်းရှိ ကြယ်စင်များက ပိုမိုကာ စုစည်းလာပြီး တောက်ပသည့် ကြယ်စင်စုကြီးတစ်ခုအထဲသို့ ရောက်ရှိသွားသလို ခံစားရစေ၏။
ဤကြယ်စင်စုများက အဖိုးတန်အလင်းလွှတ်နေသည့် ကျောက်မျက်ရတနာများကို စီချယ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤလှိုဏ်ခေါင်းကြီးတစ်ခုတည်းနှင့် ရှမ့်လန်ကို အံ့အားသင့်စေရန် လုံလောက်သည်။
နောက်ဆုံး လှိုဏ်ခေါင်းကြီးအဆုံးသို့ ရောက်ရှိသွားခဲ့ပြီးနောက် ကျန်းချွင်းဟွာက ရှေ့သို့တက်ကာဖြင့် စက်ယန္တရားကို ဖွင့်၏။ လှိုဏ်ခေါင်းကြီးအဆုံး၌ တံခါးကြီးပွင့်လာ၏။ ထိုတံခါးကြီး၏ နောက်ကွယ်တွင် ဂူဗိမာန်ပင် ဖြစ်လိမ့်မည်။ ဂူဗိမာန်က မည်သို့သော ပုံစံမျိုး ဖြစ်မည်နည်းဟု ရှမ့်လန်က မတွေးဘဲ မနေနိုင်ချေ။
“ရွှီ...”
အလင်းတန်းတစ်ခုက ရှမ့်လန်၏ မျက်လုံးများကို ချက်ချင်း ကျိန်းစပ်သွားစေ၏။ အဘယ့်ကြောင့် ဆိုသော် ရှည်လျားသည့် လှိုဏ်ခေါင်းကြီးအတွင်း အမှောင်ထုများသာ ရှိနေသောကြောင့်ပင်။ ရုတ်တရက် ပေါ်ပေါက်လာသည့် အလင်းက သူ၏ မျက်စိကို ကျိန်းစက်သွားစေသည်။ ဤသည်က ဂူဗိမာန်ကြီးလား။ ဤသည်က ကောင်းကင်ဘုံ မဟုတ်ပါလား။
ရှမ့်လန်က ဤကဲ့သို့သော ဂူဗိမာန်မျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ထိုအရာက လုံးဝ အရောင်အသွေးစုံနေသည့် ကမ္ဘာတစ်ခုပင်။ ပန်းရောင် ကျောက်တံတား တစ်ခုရှိနေပြီး ထိုအရာ၏ အောက်တွင် ငြိမ်သက်စွာ စီးဆင်းနေသည့် မြေအောက်မြစ်တစ်ခု ရှိသည်။ တံတား၏အဆုံးတွင် ဂူဗိမာန်ရှိနေ၏။
ထိုအရာကို ကမ်းပါးထိပ်ရှိ နန်းတော်နှင့်ပုံစံတူ တည်ဆောက်ထားခြင်းဖြစ်ပြီး နံရံများနှင့် နန်းဆောင် များလည်း ပါရှိ၏။ နန်းတော်နှင့် ထပ်တူကျသော်လည်း ထိုအရာက ပြောင်းပြန်ပင်။ မြေအောက်၌ ဂူဗိမာန်အဖြစ် ပြောင်းပြန် တည်ဆောက်ထားခဲ့သည့် နန်းတော်ကြီး။ ဤသည်က နန်းတော်၏ အရိပ်ပြန်ဟပ်မှု ဖြစ်သည်ဟု လူတို့ကို ခံစားရစေသည်။
ဒုတိယရှီလွန်အင်ပါယာ ဘုရင်မကြီး၏ အနုပညာက ရှမ့်လန်ကို အံ့အားသင့် မင်သက်သွားစေ၏။ သူမ၌ မည်ကဲ့သို့သော စိတ်ကူးယဉ်ဆန်သည့် စိတ်ကူးမျိုးနှင့် ပါရမီမျိုး ရှိနေသောကြောင့် ဤကဲ့သို့သော စိတ်ကူးမျိုးကို ရရှိခဲ့ရသနည်း။ သူမ၏ ဘုရင်မမြို့တော်က တမူထူးခြားသကဲ့သို့ သူမ၏ ဂူဗိမာန်မှာလည်း ကမ္ဘာပေါ်တွင် အနှိုင်းမဲ့စေ၏။
ကျန်းချွင်းဟွာနှင့် ရှမ့်လန်တို့က ကျောက်တံတားကို ဖြတ်ကျော်ပြီး ဂူဗိမာန်၏ အဝင်ဝ၊ ပြောင်းပြန် နန်းတော်၏ ရှေ့ဆီသို့ ရောက်ရှိ၏။ သူက ရှေ့ဆီသို့ ဆက်မလှမ်းနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူက ဇောက်ထိုးကြီး ရပ်နေရမည် ဖြစ်သောကြောင့်ပင်။ ဤသူ့တွင် ဇောက်ထိုးရပ်နိုင်လောက်သည့် အစွမ်းထက်သည့် ကိုယ်ခံပညာမျိုး မရှိချေ။
ဂူဗိမာန်၏ ပင်မအဝင်ဝတွင် လူလေးဦး ရှိနေသည်က အမှန်ပင်။ ထိုသူတို့က ရုပ်တုများကဲ့သို့ပင် လုံးဝ လှုပ်ရှားခြင်း မရှိကြပေ။ ဤသူတို့က ရှေးဦးလူသားများပင်လား။ ရှမ့်လန်က မခွဲခြားနိုင်ပေ။ အဘယ့်ကြောင့် ဆိုသော် ထိုသူတို့က ရှမ့်လန်နှင့် မတူသောကြောင့်ပင်။ သူတို့၌ လှပခြင်း မရှိကြချေ။ အမျိုးသမီးများ ဖြစ်ကြသော်လည်း အမျိုးသားများကဲ့သို့ပင် ထည်ဝါအားကောင်းကာဖြင့် ခမ်းနားသည့် အသွင်ပေါ်၏။ အားလုံးက လေးထောင့်ကျသည့် မျက်နှာများရှိပြီး အရပ်က ၂မီတာခန့် မြင့်မားသည်။
“ကျွန်မ ရှေ့ကို ဆက်သွားလို့ မရတော့ဘူး။ တကယ်တော့ ဘယ်သူမှလည်း ရှေ့ကို ဆက်သွားလို့ မရဘူး။”
ကျန်းချွင်းဟွာက ပြော၏။ “ဂူဗိမာန်ထဲကို ခြေလှမ်းတဲ့ ဘယ်သူကမဆို သူတို့ရဲ့ သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ဒါဆိုရင် ဘယ်လိုလုပ်မှ သွားနိုင်တာလဲ။”
ကျန်းချွင်းဟွာက ပြော၏။ “ရှင် လမ်းလျှောက်သွားလို့ အသတ်မခံရဘူးဆိုရင် ရှင်သွားလို့ရပြီပဲ။”
‘ငါ... ငါ ဒီမြေခွေးမကို သေအောင် သတ်ချင်လာပြီ။’
ရှမ့်လန်က ကျွမ်းကျင်သူလေးဦးကို လှမ်းပြောသည်။
“ခွင့်လွှတ်ပါ။ ကျုပ်လာလို့ရမလား။” ထိုလေးဦးတို့က သူ့ကို လျစ်လျူရှုထား၏။
ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ချောင်ယောင်းအာ... မီဒူဆာ... ငါ ရှမ့်လန်ပါ။ မင်းကိုလာတွေ့တာ။” မည်သည့်တုံ့ပြန်မှုမှ မရှိချေ။
ရှမ့်လန်က ပြော၏။ “ကျွမ်းကျင်သူကြီးတို့.. ကျုပ်က မင်းသမီးလေး ယောင်ယောင်ရဲ့ အဖေပါ။ ကျုပ် ဝင်လို့ရလား။”
ထိုလေးဦးတို့က ရုပ်တုများကဲ့သို့ပင် လုံးဝ မလှုပ်မယှက် ရှိနေကြပြီး သူပြောသည်ကို မကြားသကဲ့သို့ပင်။ ရှမ့်လန်က လုံးဝ ဝေခွဲမရသလို ဖြစ်နေ၏။ သူသွားနိုင်လောက်လား။ သို့မဟုတ် မသွားနိုင်လောက်ဘူးလား။
“အရင်က တစ်ယောက်ယောက် ဝင်ဖို့ ကြိုးစားဖူးလား။” ရှမ့်လန်က မေးသည်။
“ကြိုးစားဖူးတာပေါ့။”
ကျန်းချွင်းဟွာက ပြော၏။ “ကျွန်မရဲ့အစ်မတစ်ယောက်က အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုရလို့ ဘုရင်မကြီးကို တင်ပြချင်တယ်။ သူကလည်း ဒီကိုရောက်လာခဲ့ပေမယ့် ရုပ်တုလို ကျွမ်းကျင်သူ ၄ ယောက်နဲ့ တွေ့ခဲ့တာပဲ။ သူတို့က ဘာမှ မတုံ့ပြန်ခဲ့ဘူး။ ဒါပေမဲ့ ရှေ့ကို တစ်လှမ်း လှမ်းလိုက်တဲ့ အချိန်မှာပဲ အပိုင်းအစ ၅ ပိုင်းအဖြစ် ဖြတ်တောက်ခံလိုက်ရတယ်။ ဒါကြောင့် ကျွန်မက တာဝန်ရှိတဲ့ အမျိုးသမီးအရာရှိ ဖြစ်လာခဲ့တာ။”
ကျန်းချွင်းဟွာက ဤစကားများကို ပြောသည့်အချိန်တွင် တကယ်ပင် အေးဆေးတည်ငြိမ်နေ၏။ ဤသည်က ရှမ့်လန်ကို သူမအား နောက်တစ်ကြိမ် သတ်ဖြတ်ချင်စိတ်များပင် ပေါက်သွားစေ၏။ ရှမ့်လန်က ထိုလေးဦးကို X-Ray အမြင်ဖြင့် လှမ်းကာ ကြည့်ရှု၏။ ဘေးကင်းစေရန်အတွက် သူက လည်ပင်းရှိ အိမ်မက်ဆိုး ကျောက်တုံးကို ထုတ်ပြထား၏။ ဂူဗိမာန်ကို စောင့်ကြပ်နေသည့် ထိုလေးဦးက မည်သို့မှ မတုံ့ပြန်ကြချေ။
ရှမ့်လန်က မျက်လုံးကို မှိတ်လိုက်၏။ ဤလေးဦးတို့က သူ့ကိုသတ်မည်မဟုတ်ကြောင်း သူ အခိုင်အမာ ယုံကြည်ထား၏။ ရှမ့်လန်က အံကြိတ်ပြီး ရှေ့ဆီသို့ တစ်လှမ်းလှမ်း၏။ ဂူဗိမာန်၏ နယ်ပယ်အတွင်းသို့ ဝင်ရောက်သွား၏။
ကျန်းချွင်းဟွာက အသက်ရှူပင် ရပ်လုနီးပါး ဖြစ်နေ၏။ ရှမ့်လန် အပိုင်းအစ ၅ ပိုင်းဖြင့် အပိုင်းဖြတ် ခံရမည်ကို သူမ တကယ် စိုးရိမ်မိ၏။ သူမက ပေါ့ပေါ့ပါးပါး ပြောခဲ့သော်လည်း ရှမ့်လန်က သူမ၏ရှေ့တွင် တစ်ကျော့ပြန်လည် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။ သူမ၏ နှလုံးသားမှာ အတိုင်းထက်အလွန် ရင်ခုန်ကြည်နူးနေပြီး ရှမ့်လန် တစုံတစ်ခု ဖြစ်သွားမည်ကို သူမ မမြင်လိုချေ။
သို့သော်ငြား ဘာမှမဖြစ်ခဲ့ချေ။ ဇောက်ထိုးရပ်နေသည့် ထိုကျွမ်းကျင်သူ လေးဦးက ရုပ်တုများကဲ့သို့ပင် ရှိနေဆဲဖြစ်ပြီး မည်သို့မှ မတုံ့ပြန်ကြချေ။ အဘယ့်ကြောင့်နည်း။
ဤတစ်ကြိမ်တွင်တော့ ကျန်းချွင်းဟွာ မကျေမနပ် ဖြစ်သွားမိ၏။ ကျန်းချွင်းဟွာက ဂူအတွင်းသို့ ဝင်ရောက်မည့်အလား။ ရှေ့ကို တစ်လှမ်းတိုး၏။
ချက်ချင်းပဲ တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းသည့် သတ်ဖြတ်လိုသည့် အရှိန်အဝါများက ထိုးထွက်လာပြီး လူကို အလန့်တကြားဖြင့် မြေကြီးပေါ်တွင် ဝပ်ဆင်းသွားချင်စိတ်ပင် ပေါက်စေသည်။ ဤလေးဦးတို့က မလှုပ်ရှားသေးသော်လည်း မျက်လုံးလေးစုံက ကျန်းချွင်းဟွာဆီသို့ တပြိုင်နက်တည်း ရောက်ရှိလာ၏။ အကြည့်က တကယ်ပင် ထိတ်လန့်ဖွယ်ရာ ကောင်းသည်။
ပြောရမည်ဆိုရင် ဤအခိုက်အတန့်မှာတော့ ကျန်းချွင်းဟွာက တကယ်ပင် ကြောက်လန့်သွားခဲ့ပြီး သေးပင် ထွက်ကျလုမတတ်ပင်။ ကျွမ်းကျင်သူလေးဦးတို့ အိပ်ပျော်နေသောကြောင့် ရှမ့်လန် ဝင်သွားနိုင်ခြင်း ဖြစ်မည်ဟု သူမက အစက ထင်မှတ်ခဲ့သော်လည်း ယခု ထိုသို့ မဟုတ်ကြောင်း သိလိုက်ရ၏။
ရှမ့်လန်မှာ ဝင်ခွင့်ရှိသော်လည်း သူမ၌ ဝင်ခွင့်မရှိခြင်းသာ ဖြစ်၏။ အဘယ့်ကြောင့်နည်း။ ဘုရင်မ နေထိုင်ရာ ဂူဗိမာန်အတွင်းသို့ မည်သူမှ မဝင်နိုင်သော်လည်း ရှမ့်လန်က အဘယ့်ကြောင့် ဝင်ရသနည်း။ ထိုသူတို့ နှစ်ဦးက အတူတူ အိပ်စက်ဖူးသောကြောင့်လား။ သို့ပေမည့် ဘုရင်မ မီဒူဆာက ချောင်ယောင်းအာ မဟုတ်တော့ပေ။
ရှမ့်လန်က ဂူဗိမာန်၏ နယ်ပယ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် လမ်းလျှောက်ရန် တကယ် ခက်ခဲလာခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ဤနေရာရှိ အရာအားလုံးက ပြောင်းပြန်ဖြစ်နေသောကြောင့်ပင်။ သူက ကောင်းကင်ယံပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ဂူဗိမာန်၏ အတွင်းပိုင်းဆီသို့ သတိထားကာ ဝင်ရောက်သွားရ၏။
ဘုရင်မ မီဒူဆာက ဤဗဟိုနန်းဆောင်အတွင်း၌ ရှိနေသင့်သည်။ ရှမ့်လန်က နန်းဆောင်၏ အမိုးပေါ်သို့ ခက်ခက်ခဲခဲ တက်ရောက်ခဲ့ပြီးနောက် ဤနန်းဆောင်၏ ပထမတံခါးရှေ့သို့ ရောက်ရှိလာ၏။ ဤခန်းမဆောင်ကြီးအား မည်သည့်အရာများနှင့် ထွင်းထုထားသနည်း။ ဤသည်က ရှီလွန်အင်ပါယာ၏ ဘုရင်မ၏ ရုပ်တုများလား။ ရှမ့်လန်က တစ်ချက်ကြည့်လိုက်ရုံနှင့် သူ၏ စိတ်ဝိညာဉ်ကို တစ်စုံတစ်ဦးက သိမ်းဆည်းသွားသကဲ့သို့ပင် ခံစားရ၏။ အကြည့်ကို မလွှဲနိုင်တော့ချေ။
ဤရှီလွန်ဘုရင်မက ဤမျှထိ လှပနေသည်လား။ ရုပ်တုတစ်ခုတည်းနှင့်ပင် လူတို့၏ အကြည့်ကို မလွှဲနိုင်အောင် ဆွဲဆောင်နိုင်ပါမည်လား။ သို့သော်ငြား ယခုအချိန်မှာတော့ ဘုရင်မကို ဘေးဖယ်ထားရမည်။ အရေးကြီးသည်က ဘုရင်မ မီဒူဆာပင် ဖြစ်ပေလိမ့်မည်။ ချောင်ယောင်းအာ မည်သို့ ဖြစ်သွားသနည်း ဆိုသည်ကို ရှမ့်လန်က စိတ်ကူးယဉ်ကြည့်မိ၏။ အနည်းဆုံးတော့ သူမက ချောင်ယောင်းအာအဖြစ် ရှိနေသေးပါ့မလား။ လျှို့ဝှက်ချက်က မကြာခင် ပေါ်ပေါက်တော့မှာပင်။
ရှမ့်လန်က အသက်ကို ပြင်းပြင်းရှူပြီး တံခါးကို တွန်းဖွင့်၏။ ပထမဦးဆုံး မြင်လိုက်ရသည်က ဘုရင်မ မီဒူဆာပင်။ ပြီးနောက် သူက ချက်ချင်း ကျောက်ရုပ်ကဲ့သို့ အေးခဲသွား၏။ သူမသည် အမှန်တကယ် ချောင်ယောင်းအာ မဟုတ်တော့ပေ။ တစ်ချိန်က ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခု မဟုတ်တော့ပေ။
ရှမ့်လန်က ယခင်ချောင်ယောင်းအာ၏ အမှတ်အသားများကို ခက်ခက်ခဲခဲ ရှာဖွေကြည့်သော်လည်း အလွန်ပင် ခက်ခဲနေ၏။ မူလန်က အသွင်ပြောင်းခဲ့ပြီးနောက် အရင်မူလန်အဖြစ်သာ ရှိနေသေး၏။ ပိုမိုကာ လှပ၍ အရပ်ရှည်လာခဲ့ပြီး ခန္ဓာကိုယ်က ပိုမိုကာ ဆွဲဆောင်မှု ရှိလာသော်လည်း သူမ၏ စရိုက်က ပြောင်းလဲ မသွားခဲ့ချေ။ ရင်းနှီးသည့် အငွေ့အသက်များက မပြောင်းလဲသွားသကဲ့သို့ သူမ၏ ရုပ်ရည်ကလည်း မူလရုပ်ရည်၏ ၈၀ ရာခိုင်နှုန်းခန့်ကို ထိန်းသိမ်းထား၏။
သို့သော်ငြား ချောင်ယောင်းအာမှာတော့ .. သူမမှာ မည်မျှ ကျန်ရှိနေသေးသနည်း။ ၁၀ ရာခိုင်နှုန်းလား။ ထိုမျှပင် မရှိနိုင်ချေ။ ရှမ့်လန်က သူ၏ရှေ့မှ အမျိုးသမီး၏ အလှတရားကို ဖော်ကျူးရန် စကားလုံးပင် မရှာနိုင်သလိုဖြစ်နေသည်။ သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ဖော်ပြနိုင်စွမ်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ထိုအရာက စကားလုံးများဖြင့် ဖော်ပြနိုင်သည့် နယ်ပယ်ကို ကျော်လွန်နေပြီး သူ၏ သိရှိနားလည်နိုင်မှု နယ်ပယ်ကိုလည်း ကျော်လွန်နေသောကြောင့်ပင်။
သူမ၏ မျက်နှာဖြစ်စေ၊ ခန္ဓာကိုယ်ဖြစ်စေ အရာအားလုံးတို့၌ မှော်ဆန်သည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ တိုင်းပြည်ကိုပင် ပျက်စီးစေနိုင်သည့် အလှတရားဟူသည့် စကားလုံးမှာ ဤဘုရင်မ မီဒူဆာ၏ အလှကို ဖော်ညွှန်းရန် မလုံလောက်ချေ။ တစ်လုံးတည်းသော စကားလုံးနှင့်သာ ရှိနိုင်ပေလိမ့်မည်။ မှော်ဆန်သည့် အလှတရားနှင့် ဆွဲဆောင်မှုပင်။
ဤဘုရင်မမီဒူဆာက လူသားတစ်ဦး ဟုတ်၊ မဟုတ် ကျန်းချွင်းဟွာ မသေချာသည်မှာ မဆန်းတော့ချေ။ ရှမ့်လန်က သူမ၏ ခန္ဓာကိုယ်ပေါ်မှ ချောင်ယောင်းအာ၏ အမှတ်အသားတချို့ကို ခက်ခက်ခဲခဲ ရှာဖွေ ကြည့်သော်လည်း တကယ်ပင် နည်းပါးနေ၏။ သူမက လူသားတစ်ဦးနှင့် မတူတော့ချေ။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် သူမကို ဘုရင်မမီဒူဆာဟု ခေါ်ဆိုသနည်း။ သူမ၏ စွဲမက်ဖွယ်ရာကောင်းသည့် မှော်ဆန်သည့် မျက်နှာကြောင့်လား။ သို့မဟုတ် ပန်းချီစုတ်တံဖြင့်ပင် ဖော်ပြ၍မရနိုင်သည့် ခန္ဓာကိုယ်အချိုးအစား ကြောင့်လား။
ဟုတ်ပေ၏။ သူမ၏ ခန္ဓာကိုယ်က တကယ်ပင် လှပပြီး မြွေတစ်ကောင်ကဲ့သို့ ရှိနေ၏။ သူမ၏ အရေပြား တစ်လက်မချင်းစီတိုင်းက အတုမရှိသည့် ဆွဲဆောင်မှုများကို ထုတ်လွှတ်နေသကဲ့သို့ပင်။ သူမ၏ မျက်နှာက ငရဲဘုံနှင့် ကောင်းကင်ဘုံကို ပေါင်းစပ်ထားသကဲ့သို့ရှိပြီး လူတို့အား ထိုအလှအတွင်း နစ်မြုပ်သွားစေကာဖြင့် စွဲလမ်းစေ၏။
ရှေးဟောင်းအမွေအနှစ်များထံမှ သူမ ဘာတွေများရခဲ့ပြီး ဘာများ ဖြစ်ခဲ့ရသနည်း။ ကြီးမားလွန်းသည့် ပြောင်းလဲမှုများက အဘယ့်ကြောင့် ဖြစ်ပေါ်ခဲ့ရသနည်း။ မည်သူကမှ သူမကို ချောင်ယောင်းအာဟု မခေါ်ဆို ကြတော့သည်မှာလည်း မဆန်းတော့ချေ။
ဤအရာအားလုံးက သူမ၏ ရွှေရောင်သွေးမျိုးဆက်နှင့် မည်သို့ သက်ဆိုင်နေရသနည်း။ ထိုသို့ဆိုလျှင် သူက ဤအမျိုးသမီးကို မည်သို့ ခေါ်ဆိုသင့်သနည်း။ ၁၀ ရာခိုင်နှုန်းလောက် ချောင်ယောင်းအာနှင့် ၉၀ရာခိုင်နှုန်း ဘုရင်မမီဒူဆာလား။ ရှမ့်လန်က ဝေခွဲမရ ဖြစ်လို့နေသည်။
……………….
အပိုင်း (၈၀၀)
ဘုရင်မမီဒူဆာက မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်သည်။ ဤနန်းဆောင်က ပြောင်းပြန် ဖြစ်နေသောကြောင့် ရှမ့်လန်က အမိုးခုံးပေါ်တွင် ထိုင်နေရပြီး သူနှင့် မီဒူဆာက ဇောက်ထိုးကြီး ဖြစ်နေ၏။ သူမ နိုးထလာမည့် အချိန်ကို သူ ငြိမ်သက်စွာ စောင့်ဆိုင်းနေမိ၏။ နာရီ အနည်းငယ် ကုန်ဆုံးသွား၏။ တစ်ရက် ကုန်ဆုံးသွား၏။ နှစ်ရက် ကုန်ဆုံးသွား၏။ ဘုရင်မက နိုးထမလာသေးချေ။
ရှမ့်လန်က သူမကိုခေါ်ရန် မကြိုးစားသကဲ့သို့ အိပ်မက်ဆိုး ကျောက်တုံးဖြင့် လှုံ့ဆော်ရန်လည်း မကြိုးစားခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူမကဲ့သို့ စွမ်းအားအဆင့်အတန်း ရှိသူက လိုအပ်သည့်အချိန်တွင် အလိုအလျောက် နိုးထလာမည် ဖြစ်သောကြောင့်ပင်။
ဤကာလအတွင်း ရှမ့်လန်က သူမအား စကားတစ်ခွန်း ပြောရန်ပင် အသည်းအသန် စဉ်းစားခဲ့၏။ ချောင်ယောင်းအာနှင့် ရင်ဆိုင်ရစဉ်က သူက စကားတချို့ ပြောနိုင်ခဲ့သော်လည်း ဤဘုရင်မ မီဒူဆာနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အရာအားလုံးက တကယ်ပင် စိမ်းသက်နေ၏။ သူတို့ နှစ်ဦးကြားရှိ တစ်ခုတည်းသော ဆက်နွယ်မှုက သမီးငယ်လေး ယောင်ရီသာ ရှိ၏။ အနည်းဆုံး သူမက ယောင်ရီ၏ မိခင်ရင်း ဖြစ်ပေသည်။
နှစ်ရက်နှင့် နှစ်ည ကုန်ဆုံးပြီးနောက် ရှမ့်လန် ပြန်လည် ထွက်ခွာသွားခဲ့သော်လည်း ဘုရင်မမီဒူဆာက မနိုးထလာခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ ဆက်လက် မစောင့်စားနိုင်တော့သောကြောင့်ပင်။ ဆက်လက် စောင့်ဆိုင်းပါက ဆာလောင်မွတ်သိပ်ပြီး သေဆုံးသွားပေလိမ့်မည်။
..........
နန်းတော်သို့ ပြန်ရောက်သည့်အချိန်၌ ရှမ့်လန် ပထမဦးဆုံး ပြုလုပ်သည့် အလုပ်က ယောင်ရီကို ပွေ့ဖက် လိုက်ခြင်းပင်။ ဤကလေးငယ်လေးက သူမ၏ မိခင်ကဲ့သို့ အိပ်ပျော်နေဆဲ ဖြစ်သော်လည်း ရှမ့်လန် ပွေ့ချီလိုက်သည့် အချိန်တွင် ချက်ချင်း နိုးလာ၏။
ရှမ့်လန်က သူမ၏ မျက်နှာကို သေချာစွာ ကြည့်ရှု၏။ သူမက အဘယ့်ကြောင့် ဤမျှ အံ့အားဖွယ်ရာ ကောင်းလောက်အောင် လှပနေရသနည်း။ ဤကလေးငယ်လေးက သူနှင့် မတူပေ။ ချောင်ယောင်းအာ နှင့်လည်း မတူပေ။ အဘယ့်ကြောင့် ဤမျှ လှပနေရသနည်းဟု သူ အမြဲတမ်း တွေးတောနေမိသည်။
ယခု အကြောင်းအရင်းကို ရှာတွေ့ခဲ့၏။ သူမ၏ မိခင်က ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေနိုင်အောင် လှပနေသောကြောင့်ပင်။ ကလေးငယ်လေး စားသည့် အစားအစာများက အထူးပြုလုပ်ထားသည့် အရာများ ဖြစ်၏။ ထိုအရာက ဘုရင်မ မီဒူဆာကိုယ်တိုင် ပြုလုပ်ထားသည့် နို့တစ်မျိုးဖြစ်ပြီး ရှမ့်လန်ပင်လျှင် ထိုအရာ၏ အဓိက ပါဝင်ပစ္စည်းများကို မခွဲခြားနိုင်ချေ။
ရှမ့်လန်က ဇွန်းကလေးဖြင့် သူမကို တိုက်ကျွေးရာတွင် ယောင်ရီက အလွန်လိမ်မာစွာ စားသောက်၏။ သူမ၏ မျက်ဝန်းထဲတွင် ပျော်ရွှင်ကြည်နူးမှုများ ရှိနေ၏။ သူမက ရှမ့်လန်ကို တကယ်ပင် တွယ်တာ၏။ သူမက သူ့ကို စတွေ့မြင်သည့် အချိန်ကတည်းက တကယ့်ကို တွယ်တာနေခဲ့၏။
သူမက စကားပြောတတ်၏။ အရာအားလုံးကို နားလည်ပြီး ဉာဏ်ကောင်း၏။ သို့သော်ငြား သူမက စကားပြောရန် ဝါသနာမပါသကဲ့သို့ စကားပြောရန်လည်း မလိုချေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏ အတွေး အားလုံးကို သူမ၏မျက်လုံးမှတဆင့် သိနိုင်သောကြောင့်ပင်။ ထိုအရာက တကယ်ပင် အံ့အားသင့်စရာ ကောင်း၏။ သူမ၏ ပတ္တမြားများကဲ့သို့ မျက်ဝန်းလေးများက လှုပ်ရှားလိုက်လျှင် ဘာပြောချင်ကြောင်းကို ရှမ့်လန်က သိနိုင်၏။
“ငါတို့ရဲ့ ယောင်ရီက တကယ်တော့ အစ်မကြီး ဖြစ်နေပြီ။ ဒါက ရှမ့်မီတဲ့။” ရှမ့်လန်က စက္ကူပေါ်တွင် ရှမ့်မီ၏ ပုံကို ဆွဲပြသည်။
ယောင်ရီက တကယ်ပင် ဂရုစိုက်ကြည့်ရှု၏။ သူမလက်ကလေးဖြင့် ရှမ့်မီ၏ မျက်နှာကို ထိတွေ့ရန် ကြိုးစား၏။ အမှန်စစ်စစ် သူမက စက္ကူကိုသာ ထိတွေ့နိုင်ခြင်းပင်။
“ဒါက ရှမ့်ယီတဲ့။ မောင်လေးပဲ။ သူက အရမ်းဆိုးတယ်။ ခဏခဏလည်း ငိုတယ်။ ဒါပေမဲ့ အား အကောင်းဆုံးပဲ။ ဒါက ရှမ့်လီ ပေါ့။ သူက ယောင်ရီရဲ့ အငယ်ဆုံးမောင်လေးပဲ။ သူက အရမ်းလိမ္မာတယ်။ ဘယ်တော့မှ မငိုဘူး။”
ပုံများကို ကြည့်ပြီးနောက် ယောင်ရီ၏ ပတ္တမြားကဲ့သို့ မျက်ဝန်းလေးများက ရှမ့်လန်ထံသို့ ရောက်လာ၏။
“ယောင်ရီကလည်း ဖေဖေ ပုံဆွဲတာကို လိုချင်တာလား။” ရှမ့်လန်က ပြုံးကာ မေးလိုက်သည်။
ယောင်ရီက ခေါင်းညိတ်ပြ၏။ ပြီးနောက် ရှမ့်လန်က မျက်နှာကို ကြည့်ရန်ပင် မလိုဘဲ ယောင်ရီ၏ ပုံကို ဆွဲလိုက်၏။ ပုံက တကယ်ပင် ကောင်းမွန်ပြီး အလွန်တူ၏။ သို့သော်ငြား ယောင်ရီက သူမ၏ မိခင်ကဲ့သို့ပင် လှပလွန်းပြီး သာမန်လူသားတို့၏ အမြင်ကို ကျော်လွန်နေသောကြောင့် ရှမ့်လန်အနေဖြင့် အပြည့်အဝ ဖော်ပြရန် ခက်ခဲ၏။
“ဟီး... ဟီး... ဟီး..” ယောင်ရီက ရယ်မော၏။ ဤပုံကို သူမ အလွန်နှစ်သက်ပုံ ပေါ်၏။ ပြီးနောက် သူမက ရှမ့်လန်ထံသို့ သူမ၏ လက်ကလေးကို ကမ်းပေးသည်။
“ယောင်ရီကလည်း ပုံဆွဲချင်တာလား။” ရှမ့်လန်က မေး၏။
ယောင်ရီက ခေါင်းညိတ်ပြသည်။
ရှမ့်လန်က စုတ်တံကို ကမ်းပေး၏။ ယောင်ရီက ပုံစတင်ဆွဲ၏။ သူမက ရှမ့်လန်၏ ပုံကို ဆွဲလိုက်ခြင်းပင်။ ပြီးနောက် ရှမ့်လန်ရော ကျန်းချွင်းဟွာပါ အံ့အားသင့်သွား၏။
ရှမ့်လန်က မေးလိုက်သည်။ “ယောင်ရီ အရင်တုန်းက သင်ဖူးတာလား။”
ကျန်းချွင်းဟွာက ခေါင်းခါပြ၏။ ယောင်ရီက အချိန်တော်တော်များများကို အိပ်စက်ရင်း ကုန်ဆုံးရသောကြောင့် သူမ မည်သို့ ပုံဆွဲသင်နိုင်မည်နည်း။ သူမ စကားပြောရန်ပင် သင်ယူဖို့ အချိန်မရခဲ့ချေ။ ဤအချိန်မှာတော့ ရှမ့်လန်က တကယ်ပင် အံ့အားသင့် မင်သက်နေ၏။ သူ၏သမီးက ဤမျှလောက် စွမ်းနေသည်လား။ ဤသည်က ပါရမီရှင်အဆင့်ကိုပင် ကျော်လွန်နေပြီ မဟုတ်ပါလား။
ယောင်ရီဆွဲထားသည့်ပုံက အမှန်တကယ်ပင် ကောင်းမွန်၏။ သူမက ရှမ့်လန်ဆွဲထားသည်ကို ကြည့်ကာ သင်ယူခဲ့ခြင်း ဖြစ်သော်လည်း သူမ၏ပန်းချီဟန်က ရှမ့်လန်နှင့် မတူချေ။ ရှမ့်လန်၏ ပန်းချီက လက်တွေ့ကျသော်လည်း ယောင်ရီ၏ ပန်းချီကားက ကာတွန်းပုံစံ အနည်းငယ်ဆန်၏။ သူမ၏ ပန်းချီက ကလေးဆန်သည့် ဖြူစင်မှုနှင့် စိတ်ကူးယဉ်ဆန်မှုများ ပြည့်နှက်နေသော်လည်း တကယ်ပင် ပုံတူ၏။
ရှမ့်လန်က သူမ၏ မျက်လုံးကြီးများကို စိုက်ကြည့်ကာ အံ့အားတသင့်ဖြင့် ဆိုသည်။ “ကောင်းကင်ဘုံ... ငါ့ရဲ့ ယောင်ရီလေးက တကယ် ဒီလောက်တောင် တော်တာလား။ ဖေဖေတောင် မယုံနိုင်တော့ဘူး။”
ယောင်ရီက အနည်းငယ် ရှက်သွား၏။ ရှမ့်လန်၏ ရင်ခွင်ထဲသို့ တိုးဝင်လာ၏။
ကျန်းချွင်းဟွာက ယောင်ရီ အနည်းငယ် ပင်ပန်းနေသည်ကို မြင်ချိန်မှာတော့ မပြောဘဲ မနေနိုင်တော့ချေ။ “ယောင်ရီ မင်းသမီးလေး.. အိပ်ရမယ့် အချိန်ရောက်ပြီနော်။”
ရှမ့်လန်ကလည်း ယောင်ရီ တစ်နာရီမပြည့်အောင် ကစားလိုက်ရရုံနှင့် အလွန်ပင်ပန်းနေသည်ကို မြင်၏။ သို့သော်ငြား သူမက ပျော်ရွှင်နေသောကြောင့် အိပ်စက်ရန် ဝန်လေးနေသည့်ပုံပင်။
“သမီးလေး အိပ်တော့။ သမီးလေး မျက်လုံးဖွင့်လိုက်တာနဲ့ ဖေဖေ သမီးဘေးမှာ ရှိနေမှာပါ။ ဟုတ်ပြီလား။” ရှမ့်လန်က ငြင်သာစွာ ဆိုသည်။
ယောင်ရီက လိမ္မာစွာဖြင့် မျက်လုံးကို မှိတ်လိုက်၏။ မကြာခင်မှာပဲ ပြန်လည် အိပ်ပျော်သွား၏။ ရှမ့်လန်က သူမကို အောက်သို့ ချထားရန် နှမြောမိသောကြောင့် ရင်ခွင်ထဲမှာပင် ဆက်လက်ပွေ့ပိုက်ထား၏။
“ရှင် အပြင်သွားပြီး တခြားလောက် ကြည့်သင့်တယ်။” ကျန်းချွင်းဟွာက တိုးတိုးလေး ပြောသည်။
အမှန်စစ်စစ် သူမ တိုးတိုးပြောရန် မလိုချေ။ အဘယ့်ကြောင့်ဆိုသော် ယောင်ရီက အိပ်ပျော်သွားလျှင် ပြန်လည် နိုးထရန် ခက်ခဲသောကြောင့်ပင်။ ရှမ့်လန်က ယောင်ရီကို ကုတင်ပေါ်သို့ ဂရုတစိုက်ချ၏။ သူမကို နမ်းရှိုက်ချင်သော်လည်း သူ မဝံ့ရဲချေ။ ဤကလေးငယ်လေးက အလွန်ပင် နုနယ်လွန်း၏။
“သမီးလေး အိပ်တော့နော်။”
ရှမ့်လန်က ငြင်သာစွာ ပြောသည်။ “ဖေဖေရော၊ မေမေရော၊ အစ်မကြီးရော သမီးနဲ့အတူ ရှိနေမှာပါ။”
ပြီးနောက် သူက လူပုံတူလေး လေးပုံကို ယောင်ရီ၏ ခေါင်းအုံးလေးဘေးတွင် ချပေး၏။
..........
“အရင်က ယောင်ရီက ၁၅ မိနစ်ပဲ နိုးနေနိုင်တာ။ ဒါပေမဲ့ ရှင့်ကြောင့် သူက တစ်နာရီကျော်လောက် နိုးနေနိုင်တာ။ သူ တကယ်ပျော်ရွှင်နေတယ်ဆိုတာကို သိသာတယ်။” ကျန်းချွင်းဟွာက ပြောသည်။
ဤစကားများက ရှမ့်လန်၏ နှလုံးသားကို ကွဲအက်လုမတတ် ခံစားစေ၏။ ၂၄ နာရီအတွင်း ၁၅ မိနစ်သာ နိုးနေနိုင်ပြီး မဟုတ်ပါက သူမ၏ အသက်ဓာတ်က တောင့်မခံနိုင်တော့ချေ။
ယောင်ရီ မည်သို့ ဖြစ်ရသနည်း။ သူမ တစ်ဦးတည်း မဟုတ်ချေ။ မီဒူဆာကလည်း အချိန်တော်တော်များများ၌ ဂူဗိမာန်အတွင်း အိပ်စက်ရင်း ကုန်ဆုံးစေပြီး နိုးထချိန်တွင်လည်း တကယ်ပင် တိုတောင်း၏။
ရှမ့်လန်က ကျန်းချွင်းဟွာ၏ နောက်သို့ လိုက်ပါကာဖြင့် နန်းတော်၏အမြင့်ဆုံးမှ မြို့ပြင်သို့ လှမ်းကြည့်၏။ ပြီးနောက် သူက အေးစက်သည့် သက်ပြင်းတစ်ချက်ကို ချမိ၏။ ဘုရင်မမြို့တော်က ခမ်းနားထည်ဝါဆဲ ဖြစ်သော်လည်း သူ့ကို အံ့အားသင့်စေသည်က နန်းမြို့ရိုး အပြင်ဘက်ရှိ မရေတွက်နိုင်သော စစ်တပ်ကြီးပင် ဖြစ်၏။
မြို့စားကြီးရပ်လ်ဆဲ၏ စစ်တပ်က ရောက်ရှိလာ၏။ ဤအရာက အတိုင်းအဆမရှိ များပြား၏။ ယခု လူပေါင်း သိန်းဂဏန်းမျှသာ ရှိသော်လည်း နောက်မှ လိုက်ပါလာသည့် စစ်သည်များက တစ်သုတ်ပြီး တစ်သုတ်ပင်။ ဘုရင်မမြို့တော်ကို ဝန်းရံပိတ်ဆို့ခြင်း လုပ်ငန်းစဉ်ကို စတင်နေ၏။ စစ်သည် နှစ်သိန်းခွဲခန့် ရောက်ရှိလာပြီး မြို့တော်ကို အပြည့်အဝ ဝန်းရံနိုင်သည်နှင့် စစ်ပွဲကို စတင်တော့ပေမည်။
ရှမ့်လန်က မြို့သိမ်းစစ်လက်နက်ပစ္စည်း အများအပြားကို မြင်ရ၏။ ဧရာမ ကျောက်ခဲပစ်စက်ကြီးများသာမက ဧရာမ မြို့သိမ်းလေးမြားကြီးများနှင့် မြို့တံခါးဖျက် အထူးလက်နက်များလည်း ပါဝင်၏။ ထို့အပြင် မီတာ ၂၀ ကျော် မြင့်မားသည့် မြို့သိမ်းရဲတိုက်ကြီးများလည်း ရှိနေ၏။ ထိုအရာတို့က ရွေ့လျားနေသော အိမ်ကြီးများကဲ့သို့ပင် ခြောက်ထပ်တိုက်ခန့် မြင့်မား၏။
ထိုအရာကို မြို့ရိုးရှေ့သို့ တွန်းပို့လိုက်သည်နှင့် မြို့သိမ်းတံခါးများ ပွင့်လာမှာဖြစ်ပြီး အတွင်းရှိ စစ်သည်များက မြို့ရိုးပေါ်သို့ တိုက်ရိုက် ခုန်ဆင်းနိုင်ပေမည်။ ဘုရင်မမြို့တော်ကို တိုက်ခိုက်ရန် မြို့စားကြီး ရပ်လ်ဆဲက သူပိုင်ဆိုင်သမျှ အရာအားလုံးကို ထည့်ဝင်ထားပုံပင်။
ရှမ့်လန်က မေးသည်။ “ခင်ဗျားတို့ရဲ့ ကာကွယ်ရေးတပ်မှုး ဘယ်မှာလဲ။ တိုက်ပွဲအတွက် ဘာစီမံချက် ရှိလဲ။”
ကျန်းချွင်းဟွာက ပြော၏။ “ကျွန်မတို့မှာ ဘာကာကွယ်ရေး တပ်မှုးမှ မရှိဘူး။”
ရှမ့်လန်က ပြောသည်။ “ဒါဆိုရင် အစိုးရအဖွဲ့ရော မရှိဘူးလား။ အရာရှိတွေရော။”
ကျန်းချွင်းဟွာက ခေါင်းခါယမ်းလိုက်၏။ “မရှိဘူး။”
ရှမ့်လန်က မယုံကြည်နိုင်သလိုပင် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဤသည်က တကယ်ပင် ထူးဆန်း၏။ ယခုအချိန်ထိ မည်သို့ ရပ်တည်နေခဲ့သနည်း။
“စုန်းအင်ပါယာရဲ့ တခြားမြို့ပြနိုင်ငံတွေမှာ ကိုယ်ပိုင် မြို့စားတွေ၊ နယ်စားတွေ ရှိတယ်ဆိုပေမဲ့ ဘုရင်မမြို့တော်က ခင်ဗျားတို့ပိုင်တာ မဟုတ်လား။ ဒီလောက်ကြီးမားတဲ့ မြို့တော်ကြီးကို ဘာနဲ့ စီမံ အုပ်ချုပ်နေတာလဲ။”
ကျန်းချွင်းဟွာက ပြောသည်။ “ဘုရင်မမြို့တော်ရဲ့ မြို့တော်ဝန်က မြို့စားမင်းဟောလ်ပါ။”
ရှမ့်လန်က မေး၏။ “သူက ဘယ်သူလဲ။”
ကျန်းချွင်းဟွာက ပြောသည်။ “သူ့ရဲ့ဘိုးဘေးက ဒုတိယရှီလွန်အင်ပါယာရဲ့ နန်းတွင်းအရာရှိချုပ်။ သူက သာမန်လူတန်းစားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သွေးထဲမှာ ဗီတာလူမျိုးစုရဲ့ သွေးတွေ ပါနေတယ်။ ဒါပေမဲ့ ဘုရင်မကြီးက သူ့ရဲ့ဘိုးဘေးတွေကို မြို့စားမင်းအဖြစ် အပ်နှင်းခဲ့လို့ တစ်နိုင်ငံလုံးရဲ့ ကန့်ကွက်မှုကို ခံခဲ့ရတယ်။ ဒါကြောင့် ဟောလ်မိသားစုက ရှီလွန်မင်းဆက်မှာ ထူးခြားတဲ့ဖြစ်တည်မှုတစ်ခု ဖြစ်ခဲ့တာပေါ့။”
ရှမ့်လန်က ပြော၏။ “ဆိုလိုတာ ဒီမြို့စားမင်းဟောလ်ကို ရှီလွန်မင်းဆက်က အသိအမှတ် မပြုဘူး။ ဒါကြောင့် သူက ဘုရင်မမီဒူဆာအပေါ် သစ္စာရှိတာပေါ့။”
ကျန်းချွင်းဟွာက ပြောသည်။ “ဟုတ်တယ်။ ဘုရင်မမြို့တော်တစ်ခုလုံးကို မြို့စားမင်းဟောလ်က စီမံခန့်ခွဲတယ်။ ကျွန်မတို့က ကာကွယ်ပေးရုံပဲ။ ပြည်တွင်းရေးကိစ္စတွေကို ဝင်မစွက်ဖက်ဘူး။”
လောကကြီးက ထူးဆန်းဖွယ်ရာများနှင့် ပြည့်နှက်နေပေ၏။ စုန်းအင်ပါယာက မြို့ပြနိုင်ငံများ၏ မဟာမိတ် ခေါင်ချုပ်ဖြစ်သောကြောင့် ဘုရင်မမြို့တော်က အနည်းဆုံး စုန်းအင်ပါယာ၏ ပိုင်ဆိုင်မှု ဖြစ်မည်ဟု ရှမ့်လန် ထင်မှတ်ခဲ့၏။ အမှန်စစ်စစ် ထိုအရာက မြို့စားမင်းဟောလ်၏ ပိုင်ဆိုင်မှု ဖြစ်နေ၏။
ဘုရင်မမီဒူဆာက အထိမ်းအမှတ် အလံတော်တစ်ခုမျှသာပင်။ သူမက အလွန်ပင် စွမ်းအားကြီးမားလွန်းသဖြင့် သူမ၏ ဂုဏ်သတင်းတစ်ခုတည်းနှင့် စတုရန်းကီလိုမီတာ လေးသန်းကျော် ကျယ်ဝန်းသည့် စုန်းအင်ပါယာကို နှစ်နှစ်၊ သုံးနှစ်ခန့် ငြိမ်သက်အောင် ထိန်းထားနိုင်ခြင်း ဖြစ်၏။
စုန်းအင်ပါယာဟု ဆိုခြင်းက ဘုရင်မမီဒူဆာ၏ အကာအကွယ်အောက်တွင် ခိုလှုံနေသည့် နယ်စားတချို့က တီထွင်ထားခဲ့သည့် အမည်နာမတစ်ခုသာပင်။ ဘုရင်မမီဒူဆာက ဤနယ်မြေကို တစ်ကြိမ်တစ်ခါမှ အုပ်ချုပ်ခဲ့ခြင်း မရှိချေ။ သူမက ကာကွယ်ပေးရုံသာ ရှိသည်။
…………
ရှမ့်လန်က မြို့အတွင်းသို့ လှည့်လည်ကာ ကြည့်ရှု၏။ ယခင်က ဘုရင်မမီဒူဆာအတွက် နေ့စဉ်နှင့်အမျှ ကခုန် သီဆိုမှုများနှင့် ပျော်ရွှင်နေသော်လည်း ယခုအခါမှာတော့ ရန်သူ့စစ်သည်များ မြို့တံခါးဝသို့ ရောက်ရှိ လာသောကြောင့် လေထုက အနည်းငယ် ပိုမိုကာ လေးလံ၏။ သို့သော်ငြား အကန့်အသတ်ဖြင့်သာ။
သီချင်းဆိုသူများ၊ စန္ဒရားတီးသူများက ရှိနေဆဲပင်။ ဘုရင်မ သက်တော်ရာကျော်ရှည်ပါစေနှင့် ဘုရင်မကို ဘုရားသခင် စောင့်ရှောက်ပါစေဟု အော်ဟစ်နေသူများ ရှိဆဲပင်။
ပြောရမည်ဆိုလျှင် စစ်ပွဲတစ်ခုအတွင်း ရှိသင့်သည့် တင်းမာမှုမျိုးက မည်သည့်နေရာ၌မှ မတွေ့ရချေ။ ဤမြို့တော်က တကယ်ပင် စိတ်ကူးယဉ်ဆန်လွန်းသောကြောင့် ကမ္ဘာပေါ်ရှိ ပဲရစ်မြို့ထက်ပင် သာလွန်စွာ နေပျော်သည်။
သို့သော်ငြား ဒုတိယကမ္ဘာစစ်အတွင်းက ထိုစိတ်ကူးယဉ်ဆန်လွန်းသည့် ပဲရစ်မြို့ မည်သို့ ဖြစ်သွားသည်ကို လူတိုင်းမှတ်မိကြပေလိမ့်မည်။ ထိုမျှအစွမ်းထက်သည့် နိုင်ငံတစ်ခုက နောက်ဆုံးတွင် အမှိုက်ပုံတစ်ခုကဲ့သို့ ပြောင်းလဲ သွားရ၏။
“ဘုရင်မက အနှိုင်းမဲ့ အစွမ်းထက်ပြီး ရန်သူမှန်သမျှကို အနိုင်ယူနိုင်တယ်လို့ လူတိုင်းက ယုံကြည် နေကြတယ်။ ဘုရင်မ မီဒူဆာရဲ့ ကာကွယ်မှုအောက်မှာ နိုင်ငံသားတိုင်းက စစ်ပွဲတွေနဲ့ ကင်းဝေးနေကြတာပဲ။” ကျန်းချွင်းဟွာက ပြောသည်။
ရှမ့်လန်က မျက်မှောင်မကြုတ်ဘဲ မနေနိုင်ချေ။ ဤဘုရင်မမြို့တော်က အလွန်ပင် စိတ်ကူးယဉ်လွန်း သောကြောင့် လက်တွေ့မကျသလို ခံစားရ၏။ ဤနေရာက တကယ်ပင် အနုပညာဆန်၏။ နိုင်ငံသားများ၌ပင် စိတ်ကူးယဉ်အိပ်မက်များနှင့် ပြည့်နှက်နေ၏။
“ကျုပ်တို့ စစ်ရေးအစည်းအဝေး မလုပ်ကြဘူးလား။” ရှမ့်လန်က မေးသည်။
ကျန်းချွင်းဟွာက ပြောဆို၏။ “လုပ်တာပေါ့။ ဒါပေမဲ့ ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခုပဲ ရှိတယ်။ အဲဒါ ဘုရင်မ ဘယ်အချိန် နိုးထလာမလဲ။ နိုးထလာတဲ့အချိန်ကျရင် ဘယ်လိုကြိုဆိုကြမလဲ ဆိုတာပဲ။”
“ဟမ်... ဘာလဲဟ။”
ရှမ့်လန်က မေး၏။ “သွားကြရအောင်။ ဘုရင်မမြို့တော်ရဲ့ စစ်ရေးအစည်းအဝေးကို သွားကြည့်လို့ ရမလား။”
ကျန်းချွင်းဟွာက ပြောသည်။ “ရတာပေါ့။ စုန်းအင်ပါယာက တခြားနိုင်ငံတွေနဲ့ မတူဘူး။ တင်းကြပ်တဲ့ အဆင့်အတန်း ခွဲခြားမှုတွေလည်း မရှိဘူး။ ဘုရင်မရဲ့ ရှေ့မှောက်မှာ လူတိုင်းက တန်းတူပဲ။”
ဤစကားက ရှမ့်လန်ကို နောက်တစ်ကြိမ် မျက်မှောင်ကြုတ်သွားမိစေ၏။ ဤကဲ့သို့သော နိုင်ငံမျိုးက အဆိုးဆုံး ဖြစ်ပေလိမ့်မည်။
............