အခန်း (၈၀၁-၈၀၂)
Vol. 49 Ch. 801-802
အပိုင်း (၈၀၁)
နန်းတော်၏အတွင်းမှာတော့ ရှမ့်လန်က စုန်းအင်ပါယာ၏ အမြင့်ဆုံး အဆင့်အတန်းရှိသူများကို မြင်တွေ့လိုက်ရ၏။ ဤသည်က အင်ပါယာတစ်ခု၏ အနည်းဆုံးသော လူအရေအတွက် ဖြစ်ပေလိမ့်မည်။ စုစုပေါင်း လူခြောက်ဦးသာ ရှိ၏။
ရွှဲ့ပြည်နယ်၏ နယ်မြေက စုန်းအင်ပါယာထက် အဆပေါင်းများစွာ သေးငယ်သော်လည်း ညီလာခံတွင် လူတစ်ရာခန့် ရှိ၏။ စတုရန်းကီလိုမီတာ လေးသန်းကျော် ကျယ်ဝန်းသော စုန်းအင်ပါယာတွင် ဆုံးဖြတ်ချက် ချနိုင်သည့် အဆင့်က လူခြောက်ဦးသာ ရှိသည်။
ကျန်းချွင်းဟွာက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြော၏။ “မင်းသမီးလေးရဲ့ လေးနှစ်ပြည့် မွေးနေ့တုန်းက မြို့တိုင်း မြို့တိုင်းက မြို့စားတွေ လာကြတယ်။ စုစုပေါင်း လူတစ်ရာလောက် ရှိတာကြောင့် ဒီခန်းမရဲ့ လေးပုံတစ်ပုံလောက် ပြည့်သွားတာ။ ဘုရင်မမြို့တော်မှာ အရာရှိတွေ အများကြီး ရှိပေမယ့် သူတို့က နန်းတော်ထဲကို ဝင်ခွင့်မရှိကြဘူး။”
ရှမ့်လန်က ဘုရင်မ မီဒူဆာအပေါ်တွင် အလွန် အံ့အားသင့်နေသည်။ ရာပေါင်းများစွာသော မြို့စားများက သူမအပေါ် သစ္စာရှိကြသော်လည်း သူမကိုယ်တိုင်ကမူ မည်သည့်အာဏာကိုမျှ မလိုချင်ခဲ့ချေ။ ဤသည်က အမှန်တကယ် သဘာဝဆန်သည့် ခံစားချက်မျိုး ဖြစ်၏။
“ဒါက စုန်းအင်ပါယာရဲ့ ဘုရင်မမြို့တော်ဝန် မြို့စားကြီးဟောလ်ပါပဲ။”
မြို့စားကြီးဟောလ်က တကယ်ပင် ခန့်ညားသည့် အမျိုးသားတစ်ယောက်ဖြစ်၏။ သူက အသက် ၃၀ ကျော်ခန့် ရှိသော်လည်း ၂၀ ကျော်ကဲ့သို့သာ ထင်ရ၏။ သွေးထဲတွင် ဗီတာလူမျိုးများ၏ သွေးများ ပါဝင်နေကြောင်း ရှမ့်လန် သိရှိထားသော်လည်း သူ၏ရုပ်ရည်က လုံးဝ မပေါ်လွင်ချေ။ အရေပြားက သာမန်လူဖြူများထက်ပင် ပိုမိုကာ ဖြူစင်နေခဲ့ပြီး သူ၏ ရွှေရောင်ဆံပင်များက တကယ်ပင် ခန့်ညား၏။ သူက မင်းသားတစ်ပါးကဲ့သို့ပင် တင့်တယ်၏။ သူက နယ်စားကြီး ဒက်ရှ်ဘို့ချ် ဒီဘိုရာ ရော့ဆို ထက်ပင် ပိုမိုကာ စစ်မှန်သည့် မင်းမျိုးမင်းနွယ်ကို ပိုင်ဆိုင်သည်။
“ဒါက ရိုလန်မြင်းစီး စစ်သည်တွေရဲ့ တပ်မှုး ဗိုင်အိုလက် ရိုလန်ပါ။”
ရှမ့်လန်က သူမကို မြင်ချိန်မှာတော့ တစ်ခုတည်းသော အတွေးသာ ရှိ၏။ ‘ကောင်းကင်ဘုံ.. ခင်ဗျားက အဲဒီလောက်တောင် အရပ်ရှည်တာလား။’
၂ မီတာခန့် မြင့်မား၏။ သူမက တကယ်ပင် ပြတ်သားလွန်းသည့် အမျိုးသမီး စစ်သည်တော်တစ်ဦး ဖြစ်ပြီး အလွန်လည်း သန်မာပုံ ပေါ်၏။
“ဒါကတော့ အရှေ့ပိုင်း သူရဲကောင်းတပ်ရဲ့ တပ်မှူး လန်ဖုန်းပါပဲ။”
“လန်ဖုန်း” ရှမ့်လန်က ဤနာမည်ကို ကြားဖူး၏။ ဟုတ်ပေ၏။ ဂုဏ်သရေရှိ ဆရာကြီး မဟာပညာရှင် လန်တို၏ ညီငယ်၌ ဤနာမည်ရှိသည် မဟုတ်ပါလား။ သို့သော်ငြား သူက ဆရာကြီးလန်တိုထက် များစွာ ငယ်ရွယ်ပုံရပြီး အသက် ၄၀ ခန့်သာ ရှိပေဦးမည်။
“ဒါကတော့ အရှေ့ပိုင်း မြင်းစီးစစ်သည်များရဲ့ တပ်မှူး မိုချန်ပါ။”
ဤသူက အရှေ့တိုင်းသားတစ်ဦး ဖြစ်သော်လည်း တော်ဝင်ရန်မင်းဆက်မှ ဖြစ်ပုံမရချေ။ သို့သော်ငြား သူက ရှမ့်လန်မြင်ဖူးသမျှထဲတွင် စံနမူနာအကျဆုံး တပ်မှုးတစ်ဦး ဖြစ်၏။ အနေအထားနှင့် အမူအရာတိုင်းက တပ်မှုးစစ်စစ်၏ ဟန်ပန်အမူအရာမျိုး တည်ရှိနေ၏။
“ဒါက စုန်းအင်ပါယာရဲ့ ရေတပ် တပ်မှူး ပုလဲနက်ပါပဲ။” သူမက လူမည်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး ပင်လယ်ဓားပြ တစ်ယောက်လည်း ဖြစ်၏။ ဤအမျိုးသမီးက ရှမ့်လန်မြင်ဖူးသမျှထဲတွင် ခန္ဓာကိုယ် အချိုးအစား ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီး ဖြစ်ပေလိမ့်မည်။ လူမည်းအမျိုးသမီးများ၏ တင်ပဆုံအလှက တကယ့်ကို တင်းရင်းလှပကြောင်း လူတိုင်းသိကြသည်။
“ဒါက စုန်းအင်ပါယာရဲ့ ပညာရှင်၊ ကျွန်မရဲ့ ဆရာမလည်းဖြစ်တဲ့ အန်နီပါပဲ။”
ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်ကလည်း ဘုရင်မမီဒူဆာထံတွင် ခိုလှုံနေသည်လား။ တကယ်ပင် တင့်တယ်လှပသည့် အမျိုးသမီးကြီး ဖြစ်၏။ ရိုင်းစိုင်းကြမ်းတမ်းလွန်းသော ပညာရှင် ကျန်းယွီယင်းနှင့် နှိုင်းယှဉ်မည်ဆိုပါက မိုးနှင့်မြေကဲ့သို့ပင် ကွာခြား၏။ ကျန်းယွီယင်းက ပညာရှိတစ်ဦး ဖြစ်သော်လည်း ဤအမျိုးသမီးကမှ ပညာရှိ စစ်စစ် ဖြစ်၏။
လူခြောက်ဦးကို မိတ်ဆက်ပြီးနောက် အားလုံးက ရှမ့်လန်ကို ကြည့်သည်။ “
ဒါက ရွှဲ့ပြည်နယ်၊ တော်ဝင်ရန် မင်းဆက်ရဲ့ ရွှမ်ဝူစံအိမ်တော်က သမက်တော် သခင်လေး ရှမ့်လန်ပါ။”
ကျန်းချွင်းဟွာက မိတ်ဆက်ပေး၏။ သူမက သူ့ကို မင်းသမီးလေးယောင်ယောင်၏ ဖခင်အဖြစ် မိတ်ဆက်ရန် မဝံ့ရဲချေ။ ထိုသို့ မိတ်ဆက်လိုက်ပါက ရှမ့်လန် အရိုက်ခံရပြီး သေဆုံးသွားနိုင်၏။ လူတိုင်း၏ စိတ်ထဲတွင် ဘုရင်မမီဒူဆာက သာမန်လူတို့ထက် မြင့်မြတ်သူဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်အမျိုးသားနှင့်မှ ထိုက်တန်သူ မဟုတ်ပေ။
မင်းသမီးလေးယောင်ယောင်က သူမဘာသာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး မည်သည့်အမျိုးသားနှင့်မှ မဆက်ဆံခဲ့ဘဲ ပေါ်ပေါက်လာခဲ့သည်ဟု သူတို့က ယူဆထား၏။ မည်သူမဆို မိမိကိုယ်မိမိ ဘုရင်မ မီဒူဆာ၏ အမျိုးသားဟု ပြောဆိုဝံ့ပါက နောက်တစ်စက္ကန့်တွင် အသက်ပျောက်ပေလိမ့်မည်။
.............
“ကျုပ်ထင်တာကတော့ ဘုရင်မ နိုးထလာတာကို ဂုဏ်ပြုဖို့ ပန်းရောင်ပွဲတော်တစ်ခု ကျင်းပသင့်တယ် ထင်တယ်။”
“ကျုပ်ကတော့ ကဗျာရာပေါင်းများစွာကို ရေးသားပြီးပြီ။ မြို့သူမြို့သားတွေကိုလည်း အလွတ်ကျက်ခိုင်းပြီးပြီ။”
“ဘုရင်မက အထဲဝင်ပြီး အိပ်စက်နေတာ တစ်နှစ်ကျော်ပြီ။ ကျုပ်တို့ ပြည်သူတွေက တကယ့်ကို လွမ်းနေကြပြီ။ သူ နိုးထလာရင် ကြိုဆိုဖို့ အရင်က မသုံးဖူးတဲ့ နည်းလမ်းတွေကို အသုံးပြုရမယ်။”
အဘယ်ကြောင့် ထိုသို့ ပြောရသနည်း။ မြို့စားကြီး ရပ်လ်ဆဲ၏ စစ်သည်နှစ်သိန်းကျော်တို့က မြို့တံခါးဝသို့ ရောက်ရှိနေသည်။ ယခုအချိန်၌ ပွဲလမ်းသဘင် ကျင်းပရန် ပြင်ဆင်နေခြင်းက သင့်တော်ပါရဲ့လား။ စစ်ရေး ပြင်ဆင်သင့်သည် မဟုတ်ပါလား။
မြို့စားကြီး ရပ်လ်ဆဲ၏ စစ်သည်များကို မည်ကဲ့သို့ တိုက်ထုတ်မည် ဆိုသည်ကို စဉ်းစားသင့်၏။ အဓိက အချက်အားဖြင့် မြို့စားကြီး ရပ်လ်ဆဲ၏ စစ်တပ်တစ်ခုတည်း မဟုတ်ချေ။ တတိယ ရှီလွန်အင်ပါယာ၏ စစ်တပ် သိန်းပေါင်းများစွာတို့က အရပ်မျက်နှာ အသီးသီးဆီမှ ဝန်းရံထားခဲ့ပြီးဖြစ်၏။
နောက်ဆုံးမှာတော့ ရှမ့်လန်က မည်သို့မှ သည်းမခံနိုင်တော့ချေ။ လှမ်းကာ မေးမြန်းလိုက်မိသည်။ “လူကြီးမင်းတို့... ကျုပ်တို့ ဘယ်လို တိုက်ခိုက်ရမလဲဆိုတာကို ဆွေးနွေးသင့်တာ မဟုတ်လား။”
ရှမ့်လန်၏ စကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ ထို့နောက် မျက်လုံးခြောက်စုံက သူ့ကို ဝိုင်းကြည့်ကြ၏။
မြို့စားကြီးဟောလ်က ပြုံးကာ ပြောသည်။ “သခင်လေးရှမ့်လန်.. ဘုရင်မ ရှိနေသရွေ့ ဘာမှစိတ်ပူစရာမလိုဘူး။ ကျုပ်တို့ ဒီတိုက်ပွဲကို သေချာပေါက် နိုင်မှာပါ။ ဘုရင်မက ကျုပ်တို့နဲ့ အတူ အမြဲရှိနေတယ်။ သူရှိနေသရွေ့ ကျုပ်တို့ ရှုံးဖို့ မဖြစ်နိုင်သလောက်ပဲ။ ဘုရင်မ နိုးလာတာနဲ့ ရန်သူအားလုံး ပျက်စီးသွားမှာပဲ။
ဘုရင်မ နိုးလာတာကို ဂုဏ်ပြုဖို့ အခမ်းအနားကို ဘယ်ကို ကျင်းပမလဲဆိုတာ ပိုပြီး အရေးကြီးပါတယ်။ ဒါတင်မကသေးဘူး။ နောက်နှစ်လဆိုရင် မင်းသမီးလေးရဲ့ ငါးနှစ်ပြည့် မွေးနေ့ရောက်ပြီ။ အဲအတွက် ပွဲကျင်းပဖို့လည်း လိုသေးတယ်။”
ရှမ့်လန်က သူတို့ခြောက်ဦးကို မယုံကြည်နိုင်သလို စိုက်ကြည့်နေ၏။ သို့နောက် မည်သည့်စကားမှ မပြောဘဲ ပြန်လည် ထွက်ခွာသွားခဲ့၏။
............
သူက ဤကဲ့သို့ နိုင်ငံမျိုးကို မမြင်ခဲ့ဖူးသလို ဤကဲ့သို့ အစည်းအဝေးမျိုးကိုလည်း တစ်ခါမှ မကြုံခဲ့ဘူးချေ။ ထိုအရာက အိမ်မက်ကမ္ဘာကဲ့သို့ပင် လက်တွေ့ကျနေခြင်း မဟုတ်ပေ။ ဤစုန်းအင်ပါယာက တကယ်ပင် လက်တွေ့မကျချေ။ ထိုအရာက သောင်ပြင်ပေါ်တွင် တည်ဆောက်ထားသည့် စိတ်ကူးယဉ် ရဲတိုက်တစ်ခုနှင့် ဆင်တူ၏။ အရာအားလုံးက ဘုရင်မ မီဒူဆာ၏ အနှိုင်းမဲ့ စွမ်းအားအပေါ်တွင် အခြေခံထားသည်။
ဘုရင်မ မီဒူဆာက အမှန်တကယ်ပင် ရှီလွန်ဘုရင်မကဲ့သို့ ပါရမီရှိပြီး ရဲရင့်သူဖြစ်ပါက ပြဿနာ မရှိချေ။ သူမ၏ အနှိုင်းမဲ့ ဂုဏ်သတင်းနှင့် စွမ်းအားကို အသုံးပြု၍ လောကကို ဦးစွာ သိမ်းပိုက်ပြီး အုပ်ချုပ်မည်ဆိုပါက ဆယ်စုနှစ်တစ်ခု အတွင်း စစ်မှန်သည့် အင်ပါယာကြီးတစ်ခုကို တည်ထောင်နိုင်မှာ သေချာ၏။
သို့သော်ငြား ဤဘုရင်မ မီဒူဆာကတော့ တိုက်ခိုက်ရန်ဖြစ်စေ၊ အုပ်ချုပ်ရန်ဖြစ်စေ လုံးဝစိတ်ဝင်စားပုံ မရချေ။ စုန်းအင်ပါယာကြီး တစ်ခုလုံး ယနေ့တိုင် တည်တံ့နေခြင်းက အံ့အားသင့်စရာ ကောင်းသည်။
..........
“ကျန်းချွင်းဟွာ။ ဒါတွေအားလုံးက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား။”
ရှမ့်လန်က ပြော၏။ “စုန်းအင်ပါယာရဲ့ အမြင့်ဆုံး ဆုံးဖြတ်ချက်ချသူ ခြောက်ယောက်က ဒီလိုလူတွေလား။”
ကျန်းချွင်းဟွာက ရှမ့်လန်ကို အချိန်အတန်ကြာ စိုက်ကြည့်သည်။ “သခင်လေးရှမ့်... ရှင့်မှာ ပါရမီတွေရှိတယ်။ ရှင့်ရဲ့ဉာဏ်ရည်ကလည်း နတ်ဆိုးတစ်ပါးလို ထက်မြက်တယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ အဲဒီ လူခြောက်ယောက်က အမှန်တကယ်တော့ အရမ်းကို ထူးချွန်တဲ့လူတွေပဲ။ ရှင် ဒီကအကြောင်းအရာတွေကို ဘာမှမသိသေးလို့ပါ၊ လူတစ်ယောက်က ဘယ်လောက်ထိ စွမ်းအားကြီးနိုင်တယ်ဆိုတာကို ရှင် မသိနိုင်လို့ပါ။”
ရှမ့်လန်က မေး၏။ “ဘုရင်မမီဒူဆာ နိုးမလာရင် ဘုရင်မမြို့တော် ကျဆုံးပြီး စုန်းအင်ပါယာ ပျက်စီးသွားလိမ့်မယ်လို့ ခင်ဗျား အရင်က ပြောခဲ့ဖူးတယ် မဟုတ်လား။”
ကျန်းချွင်းဟွာက ပြောသည်။ “ဟုတ်ပါတယ်။ ကျွန်မ အဲလို ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို နောက်တစ်ချက် ထပ်ပြောရအုံးမယ်။ ကျွန်မတို့ ဒီစစ်ပွဲကို နိုင်မှာ။ ဘာလို့လဲဆိုတော့ ဘုရင်မက သေချာပေါက် နိုးလာမှာမို့လို့ပဲ။ သူ နိုးလာတာနဲ့ စစ်ပွဲက ပြီးဆုံးသွားမှာပေါ့။”
ရှမ့်လန်က မေးမြန်းလိုက်၏။ “တကယ်ပဲလား။”
ကျန်းချွင်းဟွာက ပြောသည်။ “တကယ်ပါ။ ရှင်လည်း တခြားသောလူတွေလိုပဲ ဘုရင်မ နိုးလာမယ့်အချိန်ကို ငြိမ်ငြိမ်လေး စောင့်နေလိုက်ရုံပါပဲ။”
ရှမ့်လန်က ထပ်မေးလိုက်၏။ “နိုးမလာခဲ့ရင်ရော။”
“အဲဒါက မဖြစ်နိုင်ပါဘူး။”
ကျန်းချွင်းဟွာက ပြောသည်။ “စုန်းအင်ပါယာက အရင်တည်းက အကျပ်အတည်းတွေ အများကြီးနဲ့ ကြုံခဲ့ဖူးတယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ ဘုရင်မက အချိန်မီ နိုးထလာခဲ့ပြီး အခြေအနေတွေကို ပြောင်းလဲ ပေးခဲ့တယ်။ ဘုရင်မမြို့တော် အကျပ်အတည်းနဲ့ ကြုံရတာ ဒါပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။”
ရှမ့်လန်က မေး၏။ “ဒါဆိုရင် သူက ဘာလို့ ဒီလောက်ကြာအောင် အိပ်စက်နေရတာလဲ။”
ကျန်းချွင်းဟွာက ပြောသည်။ “ကျွန်မတို့လည်း မသိဘူး။ ဘာလို့လဲဆိုတော့ ဘုရင်မက သာမန်လူသား မဟုတ်လို့ပဲ။ သူနဲ့ ပတ်သက်တဲ့ အရာမှန်သမျှက ကျွန်မတို့သာမန်လူသားတွေ ခန့်မှန်းလို့ရတဲ့ အရာ မဟုတ်ဘူး။”
ပြီးနောက် ကျန်းချွင်းဟွာက စကားပြောရန် ဝန်လေးနေပုံရ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ပြောချင်တာသာ ပြောပါ။”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ရှင် ချောင်ယောင်းအာနဲ့ တစ်ညတာ ပတ်သက်ခဲ့ဖူးတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ အဲဒါကို မေ့ပစ်လိုက်ဖို့ မျှော်လင့်မိတယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ငါက ဘုရင်မမီဒူဆာနဲ့ ထိုက်တန်ဖို့ အဝေးကြီး လိုသေးတယ်လို့ ထင်နေတာလား။”
ကျန်းချွင်းဟွာက ပြော၏။ “ရှင်က ကျွန်မ မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသား တစ်ယောက်ပါပဲ။ အခုအချိန်ထိ ကျွန်မရဲ့ နှလုံးသားကို လှုပ်ရှားစေနိုင်တုန်းပဲ။ ဒါပေမဲ့ ဘုရင်မက လူသား တစ်ယောက် မဟုတ်လို့ .....။”
ပြီးနောက် ကျန်းချွင်းဟွာသည် သူမ၏စကားက အနည်းငယ် လေးနက်သွားသလို ခံစားရသောကြောင့် ချက်ချင်း ဆွဲဆောင်မှုရှိသည့် အကြည့်ဖြင့် ပြောသည်။ “ရှမ့်လန်.. ရှင် အထီးကျန်နေတယ်လို့ ခံစားရရင် ကျွန်မဆီ လာလို့ရတယ်။ ရှင်က လက်ရှိအချိန်မှာ လူပျိုဖြစ်နေပြီဆိုတော့ ကျွန်မတို့ရဲ့ ပတ်သက်မှုကို ဒီမိုင်ပေါင်း ထောင်ချီဝေးကွာတဲ့ နေရာမှာ ဆက်ပြီး ပြုစုပျိုးထောင်လို့ ရတယ်။ မကောင်းဘူးလား။”
ရှမ့်လန်က ပြုံးလိုက်၏။ ပြီးနောက် ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွား၏။
...........
အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ဘုရင်မမြို့တော်၏ အောက်ခြေရှိ ရန်သူ့စစ်သည်များက ပိုမိုကာ များပြားလာ၏။ ၅ ရက်ကုန်ဆုံးပြီးနောက် မြို့စားကြီးရပ်လ်ဆဲ၏ စစ်သည် နှစ်သိန်းခွဲက ရောက်ရှိ လာခဲ့ပြီ ဖြစ်၏။ ၇ ရက်ကုန်ဆုံးခဲ့ပြီးနောက် စစ်တပ်ကြီးက ဘုရင်မမြို့တော်ကို တရားဝင် ပိတ်ဆို့လိုက်သည်။
၉ ရက်ကြာပြီးသည့်နောက် တတိယရှီလွန်အင်ပါယာမှ မြို့စားကြီးရပ်လ်ဆဲက အမိန့်တစ်ခု ပေး၏။ “စစ်တပ်ကြီး... မြို့ကို တိုက်ခိုက်တော့။”
ဘုရင်မမြို့တော်၏ တိုက်ပွဲက တရားဝင် စတင်ခဲ့၏။ စုန်းအင်ပါယာ၏ နောက်ဆုံးတိုက်ပွဲက တရားဝင် စတင်ခဲ့ပြီ ဖြစ်၏။ သို့သော်ငြား ယခုအချိန်ထိ ဘုရင်မ မီဒူဆာက နိုးထလာခဲ့ခြင်း မရှိသေးချေ။ ဤစစ်ပွဲက ရှမ့်လန် ဝင်ရောက် စွက်ဖက်နိုင်သည့် စစ်ပွဲမျိုး မဟုတ်ချေ။ သို့သော်ငြား သူ၏ မောက်မာမှုနှင့် အစွဲအလမ်း များကို ပြန်လည်ရုပ်သိမ်းရပေလိမ့်မည်။
ယခင်က သူသည် ဤမြို့တော်ကြီးအား ဆပ်ပြာပူပေါင်းတစ်ခုကဲ့သို့ အိမ်မက်ဆန်ပြီး လက်တွေ့မကျဟု ခံစားခဲ့ရ၏။ ယခုတိုင်လည်း သူ့အမြင်ကို ဆုပ်ကိုင်ထားနေဆဲပင်။ သို့သော်ငြား ဘုရင်မမြို့တော်က ပဲရစ်မြို့ မဟုတ်ခဲ့ချေ။
ဒုတိယကမ္ဘာစစ်အတွင်းက အားအကောင်းဆုံး စစ်တပ်က ဂျာမနီမဟုတ်ဘဲ ပြင်သစ်ဖြစ်ခဲ့၏။ ထိုသူတို့က စစ်သည်ပေါင်း သန်းချီ၊ အမြောက်တပ်ဖွဲ့ပေါင်း သောင်းချီနှင့် တင့်ကား ထောင်ချီ ရှိခဲ့သော်လည်း ဂျာမနီ၏ တိုက်ခိုက်မှုအောက်တွင် ၄၄ ရက်အတွင်း လက်နက်ချခဲ့ရ၏။
ဘုရင်မမြို့တော်မှ လူများ၏ အပြုအမူက တကယ်ပင် ရယ်ရွှင်စရာ ကောင်းလွန်းသောကြောင့် ထိုသူတို့ကလည်း ပြင်သစ်အတိုင်း ဖြစ်လိမ့်မည်ဟု ရှမ့်လန်က ထင်မှတ်ထားခဲ့သည်။
စစ်မီးများ ကျရောက်လာသည့် အချိန်တွင် ထိုသူတို့က စိုးရိမ်တုန်လှုပ်ခြင်း အလျင်းမရှိဘဲ ကခုန်သီဆိုမြဲ သီဆိုနေကြဆဲပင်။
စစ်ပွဲ အမှန်တကယ် စတင်ဖြစ်ပွားချိန်၌လည်း ဘုရင်မမြို့တော်မှ လူများက ဘုရင်မကြီး သက်တော်ရာကျော် ရှည်ပါစေဟု ကြွေးကြော်ကာ သီချင်းဆိုနေကြဆဲပင်။ သို့သော်ငြား သူတို့က တိုက်ပွဲဝင်ရင်း သီဆိုနေကြခြင်း ဖြစ်၏။
မြို့စားကြီးဟောလ်၏ တိုက်တွန်းနှိုးဆော်မှုအောက်တွင် ရေတွက်၍မရသည့် ပြည်သူ့စစ်များက လက်နက် ကိုယ်စီဖြင့် အိမ်ပြင်သို့ ပြေးလွှားထွက်လာ၏။ ဤမြို့က လွတ်လပ်သည့် ဝိညာဉ်များ ကိန်းဝပ်ရာ မြို့တော် လည်း ဖြစ်၏။ သူတို့က စည်းကမ်းမဲ့ကြသော်လည်း ရုန်းကန်တိုက်ပွဲဝင်ရန် စိတ်ဓာတ်ကတော့ တစ်ချက်ကလေးမှ လျော့ပါးခဲ့ခြင်း မရှိချေ။
စုန်းအင်ပါယာ၏ လက်အောက်တွင် စစ်တပ်လေးခု ရှိ၏။ ရိုလန်သူရဲကောင်းတပ်ဖွဲ့၊ အရှေ့ပိုင်းသူရဲကောင်း တပ်ဖွဲ့၊ အရှေ့ပိုင်းစစ်သည်တော်များနှင့် ပုလဲနက်တပ်ဖွဲ့တို့ ဖြစ်သည်။ ယခုအချိန်မှာတော့ ထိုစစ်တပ် လေးခုလုံးက မြို့ရိုးပေါ်သို့တက်ပြီး ရဲရဲဝံ့ဝံ့ ခုခံရန် ပြင်ဆင်နေကြပြီ ဖြစ်၏။ ပင်လယ်ဓားပြ စစ်သည်တော် များပင်လျှင် မြို့တော်ကို စတင်ကာကွယ်နေကြ၏။
………..
နောက်ဆုံးမှာတော့ ရှမ့်လန်က မြို့စားကြီးရပ်လ်ဆဲကို မြင်လိုက်ရ၏။ ထိုသူက အနောက်တိုင်းသားတစ်ဦး ဖြစ်သော်လည်း ရှမ့်လန်က ထိုသူကိုမြင်မြင်ချင်း အလွန်အမင်း အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။
ရှမ့်လန်က ဤလူကို ကြည့်ရှုရင်း မင်းကြီးပျံ့ရှောင်းကိုပင် ပြေးမြင်မိ၏။ သူတို့နှစ်ဦးလုံးက တူညီသည့် မောက်မာမှု၊ သံမဏိကဲ့သို့သော စိတ်ဓာတ်နှင့် ကြီးမားသည့် ခွန်အားများ ရှိကြ၏။
ထို့အပြင် မြို့စားကြီးရပ်လ်ဆဲက အရပ်အလွန်ရှည်ပြီး ၂ ဒသမ ၁ မီတာခန့် မြင့်မားကာ လက်ထဲမှ ဓားကြီးက ၁ ဒသမ ၆ မီတာကျော် ရှည်လျား၏။ သူ၏ သိုင်းပညာက အလွန်မြင့်မားမည်မှာ အထင်အရှားပင်။ မင်းကြီး ပျံ့ရှောင်းထက်ပင် သာလွန်နိုင်ပြီး စစ်မြေပြင်၏ မဟာပညာရှင်ကြီးတစ်ဦး ဖြစ်ပေလိမ့်မည်။
“ကျုပ်တို့ အရှေ့တိုင်းရဲ့ သိုင်းပညာ အဆင့်အတန်းအရဆိုရင် ဒီမြို့စားကြီးရပ်လ်ဆဲက မဟာပညာရှင် အဆင့်ကို ရောက်နေပြီလား။” ရှမ့်လန်က မေးလိုက်၏။
“ဟုတ်တယ်။ သူက စစ်မြေပြင်ရဲ့ သိုင်းပညာ မဟာပညာရှင်တစ်ယောက်ပဲ။”
ကျန်းချွင်းဟွာက ဖြေသည်။ “သူက စစ်မြေပြင်မှာ အရှုံးမရှိသေးဘူး။ အသက် ၂၅ နှစ်တည်းက တစ်ခါမှ မရှုံးဖူးသေးဘူး။ သူ့မိသားစုလုပ်ငန်းကို ဆက်ခံတုန်းက နယ်မြေက ခရိုင်ဝက်လောက်ပဲ ရှိခဲ့တာ။ အခု ပြည်နယ် စီရင်စု လေးခုထိ ပိုင်ဆိုင်လာပြီ။ ဒီလူက တကယ့်ကို ထိပ်တန်း အစွမ်းထက်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ပဲ။”
အပိုင်း (၈၀၂)
ထိုစဉ်မှာပင် မြို့စားကြီး ရပ်လ်ဆဲက မြေပြင်ပေါ်တွင် မတ်တတ်ရပ်ကာဖြင့် နန်းတော်ကို မော့ကြည့်နေ၏။ သူရပ်နေသည်က ကျောက်ဆောင်ကမ်းပါးကြီးတစ်ခု ကဲ့သို့ပင်။
“သူက တကယ့်ကို မြင့်မြတ်တဲ့ လူတစ်ယောက်ပဲ။”
ကျန်းချွင်းဟွာက ဆက်ပြော၏။ “သူက သူ့ရဲကောင်း တစ်ယောက်ပဲ။ ရှီလွန် တတိယအင်ပါယာကို ထူထောင်တဲ့နေရာမှာ သူက အကြီးမားဆုံး အကျိုးပြုခဲ့တယ်။ ဒီတစ်ခါ စုန်းအင်ပါယာကို ချေမှုန်းတဲ့ ရှီလွန်အင်ပါယာ မဟာမိတ်တပ်ထဲမှာ သူ့စစ်တပ် ထက်ဝက်လောက် ပါဝင်နေတယ်။”
ရှမ့်လန်က ပြောသည်။ “ပြီးတော့ သူက နယ်စားကြီး ဒက်ရှ်ဘို့ချ်နဲ့လည်း မဟာမိတ်ဖွဲ့ထားခဲ့ပြီပေါ့။”
ကျန်းချွင်းဟွာက ပြော၏။ “နယ်စားကြီး ဒီဘိုရာက အစွမ်းထက်တယ် ဆိုပေမဲ့ မြို့စားကြီး ရပ်လ်ဆဲ လောက်တော့ အားမကောင်းဘူး။ သူက မာနကြီးပြီး ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီး တစ်ယောက်။ ဒါပေမဲ့ မြို့စားကြီးရပ်လ်ဆဲကတော့ စစ်မှန်တဲ့ မျိုးချစ်စိတ်ရှိသူ တစ်ယောက်။”
ရှမ့်လန်က ကျန်းချွင်းဟွာကို မကြည့်ဘဲ မနေနိုင်တောပေ။ ထို့အပြင် ယောက်ျားတစ်ဦးကို အဘယ်ကြောင့် ဤမျှ ချီးမွမ်းနေရသနည်း။
“မပူပါနဲ့ ရှမ့်ရယ်။ ကျွန်မက သူ့ရဲကောင်းတွေကို လေးစားတတ်ပေမဲ့ အကောင်ငယ်လေးတွေကိုပဲ ပိုပြီး စိတ်ဝင်စားတတ်ပါတယ်။”
ကျန်းချွင်းဟွာက နွဲ့နွဲ့နှောင်းနှောင်းဖြင့် ပြော၏။ “အထူးသဖြင့် ကြက်တစ်ကောင် ကိုတောင် ဖမ်းဖို့ ခွန်အားမရှိတဲ့ အကောင်ငယ်လေးတွေပေါ့။”
ထိုစဉ်မှာပဲ မြို့စားကြီး ရပ်လ်ဆဲ၏ စစ်သည်တော် နှစ်သိန်းငါးသောင်းတို့က အလုံးစုံ စုရုံးပြီးစီးသွားခဲ့၏။ သူက ၁.၆ မီတာရှည်သော ဓားကြီးကို ဖြည်းညှင်းစွာ ဆွဲထုတ်ကာ ဟစ်အော်သည်။ “ရှီလွန် တတိယ အင်ပါယာအတွက် မြို့ကို တိုက်ခိုက်ကြ။”
သူ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် သူ၏လက်အောက်ရှိ စစ်သည်တော်များက ဒီလှိုင်းများကဲ့သို့ပင် ရှေ့သို့ အရှိန်အဟုန်ဖြင့် တက်လာ၏။
“ဟူး... ဟူး...” သန်မာသည့် စစ်သည်တော်များ၏ တွန်းပို့မှု အောက်မှာတော့ ဧရာမ မြို့သိမ်းခံတပ်ကြီး အခု ၂၀ က မြို့ရိုးများဆီသို့ တရွေ့ရွေ့ တက်လာ၏။
မြို့စားကြီးရပ်လ်ဆဲက အမှန်တကယ်ပင် မြင့်မြတ်သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ရှမ့်လန် ယခု ဝန်ခံလိုက်မိ၏။ သူ၏ စစ်တပ်တွင် ဧရာမ ကျောက်ခဲပစ်စက်များ ပါရှိသော်လည်း ထိုအရာများကို အသုံးမပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဘုရင်မမြို့တော်က ရှီလွန်တတိယအင်ပါယာ၏ ဗိသုကာ ရတနာတစ်ပါး ဖြစ်နေသောကြောင့်ပင်။ အကယ်၍ ကျောက်ခဲပစ်စက်များကို အသုံးပြုပါက မြို့တော်၌ ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပေမည်။
အနုပညာကို ချစ်မြတ်နိုးသူများက ထိုမြို့တော်ကို ဖျက်ဆီးရန် မရက်စက်နိုင်ကြပေ။ သူတို့က ကျောက်ခဲပစ်စက်များကို အသုံးပြုရမည့်အစား ကြီးမားသည့် အသေအပျောက်ဒဏ်ကိုသာ ခံယူရန် ရွေးချယ်ခဲ့သည်။
...........
နာရီဝက်ခန့် ကြာပြီးသည့်နောက် မြို့စားကြီးရပ်လ်ဆဲ၏ စစ်တပ်က ဘုရင်မမြို့ရိုးကို တရကြမ်း စတင်တိုက်ခိုက်၍ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်စစ်နှင့်ခံစစ် တိုက်ပွဲကြီး ဖြစ်ပွားခဲ့၏။
ရှမ့်လန်က သူ၏ ယခင်အစွဲအားလုံးကို ပြန်လည်ရုပ်သိမ်းလိုစိတ် ပေါက်သွား၏။ ဘုရင်မ မြို့တော်၏ အရှင်သခင် မြို့စားကြီးဟောလ်က မင်းသားတစ်ပါးကဲ့သို့ နူးညံ့သိမ်မွေ့သော်လည်း စစ်မြေပြင်တွင်မူ သေခြင်းတရားကို မမှုဘဲ ရူးသွပ်စွာ တိုက်ခိုက်တတ်၏။ သူက ဟောလ်မိသားစုမှ စစ်သည်တော် အနည်းငယ်ဖြင့် မိမိတို့ထက် နှစ်ဆ၊ သုံးဆခန့် သာလွန်သည့် ရန်သူများကို နောက်မဆုတ်တမ်း အသက်ပေး ခုခံနေသည်။
“လွတ်လပ်မှုအတွက် တိုက်ခိုက်ကြ။ ဘုရင်မကြီးအတွက် တိုက်ခိုက်ကြ။”
“လွတ်လပ်မှုအတွက်၊ ဘုရင်မကြီးအတွက် တိုက်ခိုက်ကြ။” မြို့စားကြီးဟောလ်၏ ဓားသိုင်းက တကယ်ပင် သိမ်မွေ့လှပသော်လည်း အားကောင်းပြီး ပြင်းထန်၏။
ရှမ့်လန်က ထိုသူ၏ဓားဆီမှ ထွက်ပေါ်လာသည့် အဖြူရောင် အလင်းလွှာများကိုပင် မြင်တွေ့နေရသည်။ ‘ဒါက ဒဏ္ဍာရီလာ တိုက်ခိုက်ရေး စွမ်းရည်မျိုးလား။ အရှေ့တိုင်းလောက၏ ဓားပညာက အတွင်းအား ဖြစ်ပြီး အနောက်တိုင်းလောကမှာ တိုက်ခိုက်ရေး စွမ်းရည်လား။’
ဤနှစ်ခုက အနှစ်သာရအားဖြင့် တူညီနိုင်သော်လည်း သူ၏ ဓားက အဘယ်ကြောင့် အလင်းများ ထွက်ပေါ်နေရသနည်း။
“လွတ်လပ်မှုအတွက်.... ဘုရင်မကြီးအတွက်...” ရိုလန်သူရဲကောင်းများက မြင်းစီးသူရဲကောင်းများ ဖြစ်ကြသော်လည်း ယခုအချိန်မှာတော့ သူတို့က မြင်းများကို စွန့်ခွာကာ မြို့ရိုးပေါ်တွင် တိုက်ပွဲဝင်နေ၏။
ဗိုင်အိုလက်က စစ်မြေပြင်မှ အစစ်အမှန် စစ်သည်တော် တစ်ဦးပင်။ သူမက ပကတိ ဖျက်လတ်မှုနှင့် ခွန်အားကို ပိုင်ဆိုင်ပြီး အင်အားသုံး တိုက်ခိုက်ရေးသမားလည်း ဖြစ်သည်။ သူမ၏ သိုင်းပညာက မူလန်နှင့် ဆင်တူပြီး တိုက်ခိုက်ရေး စွမ်းရည်မှာလည်း မူလန်ထက် မနိမ့်ကျချေ။ ထို့အပြင် သူမ၏ လက်အောက်ရှိ ရိုလန်သူရဲကောင်းများက အလွန်အမင်း အစွမ်းတက်လှသောကြောင့် မိမိတို့ထက် ငါးဆကျော် သာလွန်သည့် ရန်သူများကို ဟန့်တားထားနိုင်ရုံသာမက အသာစီးပင် ရရှိနေသည်။
“ရိုလန်သူရဲကောင်းတွေက တကယ်ပဲ ဒီလောက် သန်မာတာလား။ သူတို့က လူဖြူတွေပဲ။ ဘာလို့ ဘုရင်မ မီဒူဆာအပေါ် ဒီလောက် သစ္စာရှိနေရတာလဲ။” ရှမ့်လန်က မေးမိ၏။
“ရှင် အမေဇုန်တွေအကြောင်း ကြားဖူးလား။” ကျန်းချွင်းဟွာက တန်ပြန် မေးခွန်းထုတ်သည်။
ရှမ့်လန်က အံ့အားသင့်သွား၏။ ထိုအရာက ကမ္ဘာပေါ်မှ ဂရိဒဏ္ဍာရီလာ အကြောင်းအရာ တစ်ခု မဟုတ်ပါလား။ DC ရုပ်ရှင်ကားများထဲမှ Wonder Woman က အမေဇုန်မင်းသမီးတစ်ယောက် ဖြစ်၏။
ကျန်းချွင်းဟွာက ဆက်ပြောသည်။ “တကယ်တော့ သူတို့ကို မူလက အဲဒီလိုခေါ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ရှေးဟောင်း အနောက်တိုင်း ဒဏ္ဍာရီထဲမှာတော့ အမေဇုန်တွေအကြောင်း မှတ်တမ်းတွေ ရှိတယ်။ ရှီလွန် မင်းဆက်က တောင်ဘက်ပိုင်းကို ဆင်းလာတုန်းက ဒီတိုက်သစ်ပေါ်မှာ ရှိသမျှလူတွေ အားလုံးကို အောင်နိုင်ခဲ့ပေမဲ့ မအောင်နိုင်ခဲ့တဲ့ မျိုးနွယ်စု အနည်းငယ် ရှိခဲ့တယ်။
အဲဒီထဲက တစ်ခုကတော့ မိခင်တွေပဲ အုပ်စိုးတဲ့ မျိုးနွယ်စုပဲ။ အမျိုးသမီးစစ်သည်တော်တွေက အရမ်းကို စွမ်းထက်တယ်။ အဲဒီတုန်းက ရှီလွန်မင်းဆက်က နှစ်ပေါင်း ၁၀၀ ကျော် တိုက်ခိုက်ခဲ့ပြီး လူပေါင်းသိန်းချီ သေဆုံးခဲ့ပေမဲ့ အဲဒီမျိုးနွယ်စုကိုတော့ မအောင်နိုင်ခဲ့ဘူး။ အဲဒီ မိခင်အုပ်စိုးတဲ့ မျိုးနွယ်စုက ရှေးဟောင်းဒဏ္ဍာရီထဲက အမေဇုန်တွေနဲ့ အရမ်းဆင်တူတယ်လို့ ခံစားမိတယ်။ အချိန်ကြာလာတော့ သူတို့က အဲဒီမျိုးနွယ်စုကို အမေဇုန်လို့ပဲ ခေါ်ကြတော့တယ်။”
“ဪ..” ရှမ့်လန်က စဉ်းစားမိ၏။ ဂရိဒဏ္ဍာရီထဲက အမေဇုန်များ ဤလောကတွင် ပေါ်လာဖို့ ဆိုသည်က မဖြစ်နိုင်ချေ။
ကျန်းချွင်းဟွာက ဆက်ပြောလိုက်၏။ “ပြီးတော့ အဲဒီရိုလန်သူရဲကောင်းတွေဆိုတာ အမေဇုန်ဆီကနေ နှင်ထုတ်ခံခဲ့ရတဲ့ အပယ်ခံတွေပဲ။”
ရှမ့်လန်က မေးသည်။ “ဘာလို့ သူတို့က အမေဇုန်တွေဆီကနေ နှင်ထုတ်ခံရတာလဲ။”
ကျန်းချွင်းဟွာက ပြော၏။ “ဘာလို့လဲဆိုတော့ သူတို့က အားနည်းလွန်းလို့။ အရည်အချင်း မပြည့်မီလို့ပေါ့။”
“ဟင်.. ဒါ အားနည်းတာလား။”
ရှမ့်လန်က ရက်စက်ကြမ်းကြုတ်သည့် ရိုလန်သူရဲကောင်း အုပ်စုကို လှမ်းကြည့်၏။ အမှန်တိုင်း ပြောရလျှင် ထိုသူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က ပထမ နိဗ္ဗာန တပ်တော်ထက် မနိမ့်ကျချေ။ ထို့အပြင် ထိုသူတို့၏ လက်နက်ကိရိယာများက နိဗ္ဗာနတပ်တော်ထက် များစွာ ညံ့ဖျင်းသည်။
ကျန်းချွင်းဟွာက ဆက်ရှင်းပြ၏။ “စမ်းသပ်မှုပြီးတိုင်းမှာ အမေဇုန်တွေက စမ်းသပ်မှု မအောင်မြင်တဲ့ လူတချို့ကို ပယ်ထုတ်လေ့ ရှိတယ်။ အမေဇုန်တွေက အသန်မာဆုံး အမျိုးသမီး စစ်သည်တော်တွေကိုပဲ လိုချင်တာမို့လို့ ကျန်တဲ့သူတွေကို လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ပို့လိုက်တယ်။ အချိန်ကြာလာတော့ အဲဒီ အပယ်ခံ လူတွေက 'ရိုလန်သူရဲကောင်း' ဆိုတဲ့ မျိုးနွယ်စုသစ် တစ်ခု ဖြစ်လာတယ်။”
ရှမ့်လန်က ရိုလန်သူရဲကောင်း အမျိုးသမီး စစ်သည်တော်များကို တစ်ဖန်ပြန်ကြည့်သည်။ “ဒါဆိုရင် သူတို့က အမေဇုန် စစ်သည်တော်တွေလောက် မသန်မာဘူးဆိုတဲ့ သဘောလား။”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ဟုတ်တယ်။ သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ အရပ်အမောင်းတွေက အမေဇုန်တွေလောက် အားမကောင်းဘူး။”
သို့သော်ငြား ဤအပယ်ခံ ရိုလန်သူရဲကောင်း မျိုးဆက်များကပင်လျှင် အရပ် အလွန်ရှည်၏။ ပျမ်းမျှအားဖြင့် ၁.၈ မီတာကျော် မြင့်၏။ အကယ်၍ ဤမျှ သန်မာနေသည် ဆိုပါက အမေဇုန် အစစ်အမှန်များက မည်မျှပင် အစွမ်းထက်မည်နည်း။
ကျန်းချွင်းဟွာက ဆက်ပြောသည်။ “ရှီလွန်မင်းဆက်နဲ့ အမေဇုန်တွေ ကြားထဲမှာ သွေးကြွေး ရှိတယ်။ သူတို့က အမေဇုန်တွေကို မအောင်နိုင်တော့ ရိုလန်သူရဲကောင်းတွေကို တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီထဲက ရိုလန်သူရဲကောင်းတွေရဲ့ ဘဝက အရမ်းကို သနားစရာ ကောင်းခဲ့တယ်။ ဝမ်းနည်းစရာ ကောင်းခဲ့တယ်။ မျိုးတုံးမတတ်တောင် ဖြစ်ခဲ့ရတယ်။”
ရှမ့်လန်က ပြော၏။ “ရိုလန်သူရဲကောင်းတွေက နှင်ထုတ်ခံလိုက်ရတယ် ဆိုပေမဲ့ သူတို့က အမေဇုန်တွေရဲ့ မျိုးနွယ်တွေပဲ မဟုတ်လား။ အမေဇုန်တွေက ဘာလို့ သူတို့ကို မကယ်တင်ရတာလဲ။”
ကျန်းချွင်းဟွာက ပြောသည်။ “အမေဇုန်တွေမှာ သူတို့ရဲ့နယ်မြေထဲကနေ ဘယ်တော့မှ အပြင်မထွက်ရ ဆိုတဲ့ ဘိုးဘေးစည်းကမ်း ရှိတယ်။ ပြီးတော့ တခြား မျိုးနွယ်စု စည်းကမ်းတွေလည်း ရှိသေးတယ်။ ဘယ်ယောက်ျား တစ်ယောက်မှ သူတို့ကျွန်းပေါ် ခြေချခွင့် မပြုဘူး။ ခြေချခဲ့ရင် အပိုင်းပိုင်း ခုတ်ဖြတ်ခံရမှာပဲ။”
ရှမ့်လန်က အနည်းငယ် တုန်လှုပ်သွားခဲ့၏။ “ဒါဆိုရင် သူတို့က မျိုးဆက်ကို ဘယ်လိုပွားကြတာလဲ။”
ကျန်းချွင်းဟွာက ပြောသည်။ “နွေဦးရာသီရောက်တိုင်းမှာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမေဇုန် အမျိုးသမီးတွေက ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာတယ်။ အဲဒီနေ့မှာ ကျွန်းကို ဖွင့်ပေးထားတတ်တယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်လိုထူးချွန်တဲ့ ယောက်ျားမျိုးကမဆို အဲဒီကျွန်းပေါ်ကို လာကြတယ်။ အမေဇုန်အမျိုးသမီး စစ်သည်တော်တွေက သူတို့ နှစ်သက်တဲ့ အမျိုးသားကို ရွေးချယ်ပြီး တစ်ညတာ အချိန်ကုန်ဆုံးတယ်။”
ဤကဲ့သို့သော မျိုးပွားခြင်း နည်းလမ်းက အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်း၏။ ရှမ့်လန်က မေးလိုက်၏။ “နှစ်တိုင်း အဲဒီကို သွားတဲ့ ယောက်ျားတွေ အများကြီး ရှိလား။”
ကျန်းချွင်းဟွာက ပြောသည်။ “ရေတွက်လို့တောင် မရဘူး။ ဒါက တိုက်သစ်ကြီးရဲ့ မြင့်မြတ်တဲ့ ပွဲတော် တစ်ခုလိုတောင် ဖြစ်နေတာ။ ပြီးတော့ အမေဇုန် အမျိုးသမီး စစ်သည်တော်တွေက မျိုးပွားဖို့အတွက် အထူးချွန်ဆုံး ယောက်ျားလေးကိုပဲ ရွေးချယ်တတ်ကြတယ်။ မြို့စားကြီးရပ်လ်ဆဲနဲ့ မြို့စားကြီးဟောလ် တို့တောင် အဲဒီကို ရောက်ခဲ့ဖူးတယ်။”
“မဖြစ်နိုင်တာ။” ရှမ့်လန်က မယုံနိုင်ပေ။ မြို့စားကြီးရပ်လ်ဆဲကဲ့သို့ မြင့်မြတ်သည့် သူရဲကောင်း တစ်ယောက် က အဲဒီကို သွားခဲ့ဖူးသည်လား။
ကျန်းချွင်းဟွာက ပြော၏။ “ရှင်က ဒီလောကရဲ့ ရိုးရာဓလေ့အကြောင်းကို နားမလည်သေးဘူး။ ဒါက တကယ်ကို မြင့်မြတ်တဲ့ အရာတစ်ခုပဲ။ အဲဒီတုန်းက ရှီလွန်မင်းဆက်က ဒီနည်းလမ်းကို သုံးပြီး အမေဇုန်တွေကို အောင်နိုင်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီမျိုးနွယ်စုက ပကတိ မိခင်အုပ်စိုးတဲ့ စနစ်မို့လို့ပဲ။ သူတို့က မိခင်ကိုပဲ အသိအမှတ်ပြုပြီး ဖခင်ကို ဂရုမစိုက်ကြဘူး။”
ရှမ့်လန်က ပြောသည်။ “ရိုလန်သူရဲကောင်းတွေကလည်း မိခင်အုပ်စိုးတဲ့ မျိုးနွယ်စုပဲလား။”
ကျန်းချွင်းဟွာက ပြော၏။ “ရိုလန်သူရဲကောင်းတွေမှာတော့ ပုံသေ မိသားစု ဆက်ဆံရေး ရှိသေးတယ်။ ဒါပေမဲ့ ယောက်ျားတွေက အိမ်မှာ ကလေးထိန်းရပြီး အမျိုးသမီးတွေက အပြင်ကို ထွက်ပြီး တိုက်ပွဲဝင်ရတာမျိုးပဲ။”
.........
အရှေ့ပိုင်း သူရဲကောင်း တပ်ဖွဲ့မှာ တပ်မှူးလန်ဖုန်းနှင့် အရှေ့ပိုင်း မြင်းစီးသူရဲကောင်း တပ်ဖွဲ့ရဲ့ တပ်မှူးမိုချန်က စစ်သည်တော်အနည်းငယ်ဖြင့် မိမိထက် နှစ်ဆသာလွန်သော ရန်သူများကို တိုက်ခိုက်နေသည်။
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ဒါတွေက ဘုရင်မရဲ့ လက်အောက်မှာ ရှိတဲ့ အရှေ့တိုင်းသား နှစ်ယောက်ပဲ။ တပ်မှူးနှစ်ယောက်လုံးက အစွမ်းထက်ပြီး သူတို့ရဲ့ လက်အောက်က စစ်သည်တော်တွေကလည်း အရမ်းကို ရဲရင့်တယ်။ ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ရိုလန်သူရဲကောင်းတွေကို မမီသေးဘူး။”
ရှမ့်လန်က ပုလဲနက်ပင်လယ်ဓားပြ တပ်ဖွဲ့ကို တစ်ဖန်ပြန်ကြည့်၏။ ဤဓားပြတပ်ဖွဲ့တွင် လူပေါင်း သုံးထောင်ခန့်သာ ရှိသော်လည်း သူတို့က လေးငါးဆ ပိုမိုကာ အင်အားများသည့် ရန်သူများနှင့် ရင်ဆိုင်နေ၏။ ဤဓားပြအုပ်စု၏ စုဖွဲ့စည်းပုံက တကယ်ပင် ရှုပ်ထွေး၏။ လူမည်း၊ လူဖြူနှင့် လူညိုများ ပါဝင်သော်လည်း လူတိုင်းက အံ့အားသင့်စရာကောင်းသည့် ဓားသိုင်းပညာကို ပိုင်ဆိုင်၏။ ဤဓားပြအုပ်စုက ကုန်းမြေပေါ်တွင် ပင်လျှင် ဤမျှ အစွမ်းထက်သည်လား။
“ပုလဲနက်ပင်လယ်ဓားပြအဖွဲ့ရဲ့ နောက်ခံက ဘာလဲ။” ရှမ့်လန်က မေး၏။
ကျန်းချွင်းဟွာက တန်ပြန်မေးပြန်သည်။ “ရှင် ဦးခေါင်းခွံဂိုဏ်း ဆိုတာကို ကြားဖူးလား။”
ရှမ့်လန်က ခေါင်းခါယမ်းလိုက်သော်လည်း ရော့ဆိုမိသားစု၏ သမိုင်းမှတ်တမ်းထဲတွင် ဦးခေါင်းခွံဂိုဏ်း အကြောင်းကို ဖတ်ဖူးကြောင်း ချက်ချင်း သတိရလိုက်၏။
“ဒါက မိုင်ပေါင်းသောင်းချီတဲ့ပင်လယ်ပြင်မှာ အင်အားအကောင်းဆုံး ပင်လယ်ဓားပြအုပ်စုပဲ။”
ကျန်းချွင်းဟွာက ပြောသည်။ “ဒီဓားပြအုပ်စုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက တန်ခိုးကြီးထွားခဲ့တာ။ တိုက်သစ်ရဲ့ ကမ်းရိုးတန်းမြို့အားလုံးကို အောင်နိုင်ခဲ့တယ်။ သူတို့က လုံးဝကို အရှုံးမရှိခဲ့ဘူး။ ပင်လယ်ဓားပြဘုရင် လို့ခေါ်တဲ့ ချောင်ထျန်းဝေ တို့ဆိုတာ သူတို့နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။”
ရှမ့်လန်က နားမလည်သေးချေ။
ကျန်းချွင်းဟွာက ပြော၏။ “သူတို့က အနောက်တိုင်းလောကရဲ့ နံပါတ်တစ် ပင်လယ်ဓားပြတွေပဲ။ မီဒူဆာရဲ့ ရေတပ်နဲ့ ပင်လယ်ထဲမှာ တွေ့ရင်တောင် ဘယ်သူနိုင်မလဲ ဆိုတာ ပြောရခက်တယ်။ သူတို့အားအကောင်းဆုံး အချိန်တုန်းက ရှီလွန်မင်းဆက်ရဲ့ မြို့အားလုံး၊ မင်းသားတွေ၊ မင်းသမီးတွေ အားလုံးက ဦးခေါင်းခွံဂိုဏ်း ကိုတောင် ဆက်ကြေး ပေးခဲ့ရတယ်။”
ဤအချိန်မှာတော့ ရှမ့်လန်က နားလည်သွားခဲ့၏။ ထိုသူတို့က လူတကာကို တုန်လှုပ်စေလောက်သည်ထိ အစွမ်းထက်ခဲ့သူများပင်။
ရှမ့်လန်က ပြောသည်။ “ဒါဆို ပုလဲနက်ပင်လယ်ဓားပြအုပ်စုနဲ့ ဦးခေါင်းခွံဂိုဏ်းက ဘာတွေ ပတ်သက် နေတာလဲ။”
ကျန်းချွင်းဟွာက ပြော၏။ “လွန်ခဲ့တဲ့ ၁၀ စုနှစ်တုန်းက ဦးခေါင်းခွံဂိုဏ်း ရုတ်တရက် ပျောက်ကွယ် သွားတယ်။ တချို့ကတော့ သူတို့က မိစ္ဆာတြိဂံနယ်မြေထဲကို စူးစမ်းဖို့ သွားကြတယ်လို့ ပြောတယ်။ တချို့ကတော့ မြောက်ဘက်စွန်းဒေသကို သွားကြတယ်လို့ ပြောတယ်။
အတိုချုပ် ပြောရရင် သူတို့က ဒီလောကရဲ့ တားမြစ်နယ်မြေတွေကို စူးစမ်းဖို့ ရူးသွပ်တဲ့ စွန့်စားခန်း တစ်ခု ထွက်ခဲ့တယ်။ နောက်ဆုံး သူတို့ ပြန်မလာတော့ဘူး။ ဦးခေါင်းခွံကျွန်းကို စောင့်ကြပ်ဖို့ ကျန်ခဲ့တဲ့ ကလေးတွေ က တဖြည်းဖြည်း ကြီးပြင်းလာတယ်။ အဲဒါက ပုလဲနက်နဲ့ တခြားသော သူတွေပဲ။”
ရှမ့်လန်က ပြောသည်။ “ဆိုလိုတာက ပုလဲနက်ပင်လယ်ဓားပြ အုပ်စုဆိုတာ တကယ်တော့ ဦးခေါင်းခွံဂိုဏ်းက ချန်ထားခဲ့တဲ့ အိုမင်းမစွမ်းသူတွေနဲ့ ကလေးတွေပေါ့။ သူတို့ရဲ့ အဓိက အင်အားစုကြီးကတော့ လောကရဲ့ တားမြစ်နယ်မြေထဲကို သွားကြတာလား။”
ကျန်းချွင်းဟွာက ဖြေ၏။ “အဲဒီလို ပြောလို့ရတယ်။”
ရှမ့်လန်က ထပ်မံက အသက်ရှူကြပ်သွားပြန်၏။ ပုလဲနက်ပင်လယ်ဓားပြ အုပ်စုကို မကြည့်ဘဲ မနေနိုင်ချေ။ သူတို့က မိမိထက် လေးငါးဆ ကြီးမားသည့် ရန်သူကို ယှဉ်နိုင်လောက်အောင်ပင် သန်မာနေသည် ဆိုပါက ဦးခေါင်းခွံဂိုဏ်း၏ ပင်မ အင်အားစုကြီးက မည်မျှတောင် စွမ်းထက်လိုက်မည်နည်း။
ကျန်းချွင်းဟွာက ပြောသည်။ “ဦးခေါင်းခွံဂိုဏ်း ပျောက်ကွယ်သွားတဲ့ သတင်းပျံ့နှံ့သွားတော့ ဦးခေါင်းခွံကျွန်း က ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ရှီလွန်မင်းဆက်တစ်ခုလုံးရဲ့ ရေတပ်တွေက ဦးခေါင်းခွံကျွန်းကို လာပြီး အရူးအမူး တိုက်ခိုက်ခဲ့ကြတာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီကျွန်းပေါ်မှာ မရေတွက်နိုင်တဲ့ ရတနာတွေ ရှိတယ်ဆိုတာ လူတိုင်း သိကြလို့ပဲ။ အဲဒီအချိန်က လူပေါင်း နှစ်သိန်းကျော်က ကျွန်းကို လာပြီး တိုက်ခိုက်ကြတယ်။ ကျွန်းကို စောင့်နေတဲ့လူကတော့ တစ်သောင်းတောင် မပြည့်ဘူး။”
ရလဒ်ကို ခန့်မှန်းကြည့်နိုင်၏။ ဦးခေါင်းခွံကျွန်း၌ ကျန်ရစ်ခဲ့သည့် လူများက ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရပေမည်။
“ပုလဲနက်က လူပေါင်း သုံးထောင်ကို ဦးဆောင်ပြီး ဦးခေါင်းခွံကျွန်းကနေ ထွက်ပြေးခဲ့တယ်။ ရှီလွန် မင်းဆက်ရဲ့ရေတပ်နဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တယ်။ အကြိမ်ကြိမ် ဝန်းရံ ပိတ်ဆို့ခံရပြီး မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့တယ်။ နောက်ဆုံး ဘုရင်မမီဒူဆာ ရောက်လာတော့ သူက ဘုရင်မပေါ်မှာ သစ္စာခံပြီး ဘုရင်မရဲ့ ရေတပ် တပ်မှူး ဖြစ်လာခဲ့တယ်။
ဒါနဲ့ နယ်စားကြီးဒီဘိုရာက အဲဒီတုန်းက ဦးခေါင်းခွံကျွန်းကို ဝိုင်းတိုက်တဲ့ အဓိက အင်အားစုပဲ။ သူမက အဲဒီကနေ ရွှေဒင်္ဂါးတွေ အမြောက်အမြားကို သိမ်းယူနိုင်ခဲ့လို့ နိုင်ငံတစ်ခုစာလောက် ချမ်းသာသွားခဲ့တယ်။”
“ဪ..” ရှမ့်လန်က ပီကျင်းမြို့၌ ရှိစဉ်က ရော့ဆိုမိသားစု အဘယ်ကြောင့် ဤမျှ ချမ်းသာရသနည်း ဆိုသည်ကို သိချင်မိခဲ့၏။ ဤကဲ့သို့ ဖြုန်းတီးသော နေထိုင်မှုပုံစံကို ရွဲဘုရင်ပင်လျှင် မတတ်နိုင်ပေ။ အဖြေက မြို့စားကတော်ကြီး ဒီဘိုရာက ဦးခေါင်းခွံကျွန်းဆီမှ စည်းစိမ်ချမ်းသာများနှင့် ချမ်းသာကြွယ်ဝနေခြင်းပင်။