← Chapters

မျိုးနွယ်စုခေါင်းဆောင်နှင့်ပြန်လည်တွေ့ဆုံခြင်း

Vol. 53 Ch. 736

မျိုးနွယ်စုခေါင်းဆောင်နှင့်ပြန်လည်တွေ့ဆုံခြင်း

Vol. 53 Ch. 736

ဝုန်း.....

စတုတ္ထမြောက် သူတော်စင်မှော်စာလုံး ပေါ်ပေါက်လာပြီးနောက် သူတော်စင်မှော်စာလုံး လေးခုလုံးမှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအတွင်း ဝင်ရောက်သွားကြသည်။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာ အနည်းငယ် တုန်ခါသွားကာ အဆုံးအစမဲ့သော အလင်းတန်းများ ထွက်ပေါ်လာလေသည်။

အလင်းတန်းများမှာ ပတ်ဝန်းကျင်အား ချက်ချင်းဆိုသလို လွှမ်းမိုးသွားသည်။

ထိုအလင်းတန်းများ ထွက်ပေါ်လာပြီးနောက် နန်းဆောင်သခင် ရှန့်ယွမ် ကန့်သတ်ထားခဲ့သော စွမ်းအင်များ ပြန်လည်အသက်ဝင်လာသည်ကို အံ့အားသင့်စွာဖြင့် သိရှိလိုက်ကြရသည်။

နန်းဆောင်သခင် ရှန့်ယွမ်၏ စွမ်းအင်ကန့်သတ်ထားခြင်းမှာ ပျက်ပြယ်သွားပြီပင် ဖြစ်သည်။

ဇူယွမ်မှာ စူးရှတောက်ပလွန်းသော အလင်းတန်းများကြောင့် မျက်ဝန်းများကို ပိတ်ထားလိုက်ရသည်။ အချိန်အတော် ကြာမြင့်သွားပြီးမှသာ သူသည် မျက်ဝန်းများကို ဖြည်းညင်းစွာ ပြန်လည်ဖွင့်ဟလိုက်သည်။

မျက်ဝန်းဖွင့်ဖွင့်ခြင်း မြင်တွေ့လိုက်ရသော မြင်ကွင်းများကြောင့် ဇူယွမ်မှာ အလွန်အံ့အားသင့်သွားရသည်။

သူ၏ပတ်ဝန်းကျင်တွင်ရှိသော မြင်ကွင်းမှာ ပြောင်းလဲသွားလေပြီ။ ပြင်ပကမ္ဘာရှိ ပြင်းထန်လှသော တိုက်ခိုက်သံများအား ကြားရတော့ခြင်းမရှိပဲ လှပလွန်းသော ရှေးဟောင်းကြယ်ရောင်စုံကောင်းကင်တစ်ခုထံ ရောက်ရှိသွားသကဲ့သို့သာ မြင်တွေ့နေရသည်။

"ဒါက....." ဇူယွမ်မှာ မျက်လုံးကလယ်ကလယ်ဖြင့် မရေမရာဖြစ်နေမိသည်။

"ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားထဲက နေရာတစ်ခုပဲ။" ခပ်ဖွဖွရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

ဇူယွမ်မှာ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သောအခါတွင် လေထုထဲ၌ ဝဲပျံနေသော လင်းလက်တောက်ပနေသည့် ကြာပန်းတစ်ပွင့်အား တွေ့ရှိလိုက်ရသည်။ ယင်းကြာပန်းထက်တွင် ဆန်းကြယ်သောပုံရိပ်တစ်ခု ထိုင်လျက်ရှိနေ၏။

ထိုပုံရိပ်မှာ ရှည်လျားသော ဝတ်ရုံအား ခြုံထားလျက်ရှိပြီး ဆံနွယ်များမှာ ပုခုံးထက်သို့ ဖြာကျနေလေသည်။ ဖြူဖျော့သော အသားအရေနှင့် ချောမောခန့်ညားသော အသွင်အပြင်ရှိပြီး ၎င်း၏ လေးနက်တည်ကြည်သော မျက်ဝန်းများသည် ဇူယွမ်အား နှစ်လိုဖွယ် အမူအရာဖြင့် ကြည့်ရှုနေလျက် ရှိသည်။

ဇူယွမ်မှာ ထိုပုံရိပ်အား တွေ့ရှိလိုက်ရပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း..."

သူ၏ရှေ့တွင် ရှိနေသူမှာ သူတော်စင်အကြွင်းအကျန်ဒေသ၌ တွေ့ဆုံခဲ့ရသော မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းပင် ဖြစ်သည်။

"မျိုးနွယ်စုခေါင်းဆောင်က မသေသေးဘူးပေါ့။" ဇူယွမ်မှာ ပျော်ရွှင်သွားရသည်။ မျိုးနွယ်စုခေါင်းဆောင်သည် ရှန့်ယွမ်အား ရင်ဆိုင်တိုက်ခိုက်နိုင်မည့်သူ ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ သမ်းဝေလျက် ပြုံးကာပြောလိုက်သည်။ "ငါကသေသွားပါပြီ။ ဒါပေမယ့် အစစ်အမှန် သူတော်စင်တစ်ယောက်ကို အဲ့လောက်လွယ်လွယ်နဲ့ ဖျက်စီးလို့မရဘူးလေ။ ငါသေသွားတုန်းက ငါ့ရဲ့စိတ်ဝိဉာဉ် အပိုင်းအစတစ်ခုကို ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားထဲမှာ ထည့်ထားခဲ့တာ။"

"နန်းဆောင်သခင် ရှန့်ယွမ်က ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုယူဖို့လုပ်နေပြီး ကလန်ခေါင်းဆောင် ချင်းယန်နဲ့ တခြားသူတွေကလည်း သူ့ကိုမတားနိုင်ဘူး ဖြစ်နေတယ်။" ဇူယွမ်မှ စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ သက်ပြင်းချလျက် "ငါသိပါတယ်။"

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်ကာ မေးမြန်းလိုက်သည်။ "အဲ့ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ နန်းဆောင်သခင် ရှန့်ယွမ်သာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကိုရသွားရင် ကန်ရွှမ်းကလန်လည်း လုံခြုံမှာ မဟုတ်တော့ဘူး။"

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ စကားဆိုလိုက်သည်။ "အစက ငါ့မှာ လျှို့ဝှက်အစီအစဉ်ရှိတယ်။ ရှန့်ယွမ်လက်ထဲ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား ရောက်သွားတဲ့အချိန်ကြမှ သူ့ကိုတိုက်ခိုက်မလို့ပဲ။"

သူသည် ခေါင်းကိုခါယမ်းလျက် ဆက်လက်ပြောဆိုလိုက်သည်။ "ဒါပေမယ့် အခုအခြေအနေကိုကြည့်ရတာ နောက်ကျသွားပြီထင်တယ်။ မင်းကောင်မလေးရဲ့ ချိပ်စည်းက စပြီးပျက်နေပြီ။"

ဇူယွမ်မှ ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။ "ယောင်ယောင်ရဲ့ ချိပ်စည်းပျက်သွားရင် ဘာတွေဖြစ်လာမှာလဲဟင်။"

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ မေးခွန်းအားရှောင်ကာ ပြောလိုက်သည်။ "အခုက သူမရဲ့ ချိပ်စည်း ဖျက်ပစ်ရမယ့် အချိန်မဟုတ်သေးဘူး။"

ထို့နောက် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ဇူယွမ်အား ထူးဆန်းနေဟန်ဖြင့် ကြည့်ရှုလိုက်သည်။

ဇူယွမ်မှာ ထိုအကြည့်များအား သက်တောင့်သက်သာ မရှိသောကြောင့် စကားဆိုလိုက်သည်။ "အကြီးအကဲက ကျွန်တော့်ကို ဘာလို့အဲ့လိုကြီး ကြည့်နေရတာလဲ။"

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "သူမက မင်းအပေါ် ခံစားချက်တွေ ရှိလာအောင် လုပ်နိုင်လို့ မင်းကိုအထင်ကြီးမိလို့ပါ...ဟားဟား။"

အတိတ်ကာလများ၌ ဇူယွမ်နှင့်ယောင်ယောင်မှာ အတူတကွ ရှိနေကြပါသော်လည်း မိတ်ဆွေသူငယ်ချင်းကဲ့သို့ ခင်မင်ရင်းနှီးသော ဆက်ဆံရေးသာဖြစ်သည်ဟု မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ခံစားခဲ့ရသည်။

သို့သော် ယခုအချိန်တွင်မူ ၎င်းတို့နှစ်ဦး၏ဆက်ဆံရေးမှာ သူငယ်ချင်းအဆင့်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ယောင်ယောင်မှာ ဇူယွမ်အား ကာကွယ်နိုင်ရန်အတွက် သူမ၏ချိပ်စည်းကိုပင် ပယ်ဖျက်ခဲ့သည်။ သူမသည် တစ်စုံတစ်ယောက်အပေါ် ပထမဆုံးအကြိမ်အနေဖြင့် ခံစားချက် ရှိလာခဲ့ပြီပင်။

ဇူယွမ်မှာ ပါးပြင်များ နီရဲသွားရပြီး မည်သို့ပြန်လည်ပြောဆိုရမည်ကိုပင် မသိတော့ပေ။

"ကျွန်....ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတယ်။" ဇူယွမ်မှ ရှက်ရွံ့နေဟန်ဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ခပ်ဖွဖွ ရယ်မောလိုက်သည်။ "မင်းက အရမ်းကံကောင်းတယ်ဆိုတာပဲ ငါပြောနိုင်တော့တယ်။"

ဇူယွမ်မှာ မျိုးနွယ်စုခေါင်းဆောင်အား အခြားမေးခွန်းများ မေးမြန်းချင်သေးပါသော်လည်း ယောင်ယောင်၏ လက်ရှိအခြေအနေကို တွေးတောမိလိုက်သောကြောင့် ထိုအကြောင်းအား ဆက်၍မပြောတော့ပေ။ "အကြီးအကဲပေးထားတဲ့ တာဝန်ကို ကျွန်တော်လုပ်နိုင်ခဲ့ပြီ။ အကြီးအကဲ သေဆုံးသွားရတဲ့ နောက်ကွယ်က အကြောင်းအရင်းက တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းကြောင့်ပဲ။"

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ "မင်းဒီကိုရောက်လာနည်းက ဖြစ်ပျက်သွားတဲ့ အကြောင်းတွေကို ငါသိပါတယ်။ ငါနဲ့အချိန်အကြာကြီး ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ယောက်က ငါ့အပေါ် အဲ့လောက်အငြှိုးအတေးတွေ ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

"ငါငယ်ငယ်တုန်းကဆို လဲ့ကျွမ်းက ငါအမြဲအတုယူရတဲ့ ထူးချွန်တဲ့လူတစ်ယောက်ပဲ။ သူများတွေ ငါ့ကိုအနိုင်ကျင့်ကြရင်လည်း သူကအမြဲကာကွယ်ပေးတယ်။ သူကငါ့အတွက်တော့ အကိုကြီးတစ်ယောက်လိုပါပဲ။"

"နောက်ကျတော့ ငါကထျန်းယွမ်ကမ္ဘာကြီးရဲ့ ထိပ်သီးတစ်ယောက် ဖြစ်လာခဲ့တယ်။ သူကတော့ အရင်တုန်းက မြို့ငယ်လေးမှာပဲ ရှိနေတုန်းပဲ။ အတိတ်တုန်းက အရမ်းထူးချွန်ခဲ့တဲ့သူက အဲ့အချိန်မှာ လူမသိသူမသိ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်လာတယ်။ အဲ့ဒါကြောင့် သူ့ရဲ့အရည်အချင်းတွေကို ကမ္ဘာကြီးကမြင်နိုင်ဖို့ ငါသူ့ကို ကန်ရွှမ်းကလန်ကို ခေါ်ခဲ့တယ်။"

"ဒါပေမယ့် သူကတော့ ငါကသူ့ကို အကူအညီပေးတယ်မထင်ပဲ အရှက်ခွဲတယ်လို့ ထင်သွားပုံရတယ်။"

ဇူယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် စကားဆိုလိုက်သည်။ "သူ့မျက်လုံးထဲက ညီငယ်လေးက သူမျှော်ကြည့်ရုံပဲ တက်နိုင်တဲ့ အနေအထားကို ရောက်သွားခဲ့တယ်။ အဲ့လိုနဲ့ သူ့စိတ်က အဆင်မပြေတော့တဲ့အချိန်မှာ သစ္စာဖောက်ဖို့ လွယ်ကူသွားတာပဲ။"

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ခါးသက်စွာဖြင့် ရယ်မောလိုက်သည်။ သူသည် အစစ်အမှန် သူတော်စင်တစ်ဦး ဖြစ်ခဲ့ပါသော်လည်း အခြားသူများ၏ စိတ်အခြေအနေများကို မဖတ်နိုင်ခဲ့ပေ။ လဲ့ကျွမ်းသည်လည်း သူ၏အကြံအစည်များကို ကောင်းစွာဖုံးကွယ်ထားနိုင်ခဲ့သည်။

"ထားလိုက်ပါတော့။ သူ့အကြောင်း မပြောတော့ဘူး။"

မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှ လက်ကိုခါယမ်းကာ ပြောလိုက်သည်။ "ငါတို့ဦးစားပေးလုပ်ရမှာက ရှန့်ယွမ်နဲ့ ရင်ဆိုင်ဖို့ပဲ။"

"ဘယ်လိုလုပ်ကြမှာလဲ။" ဇူယွမ်မှ အလျင်စလို မေးမြန်းလိုက်သည်။ "သူက အစစ်အမှန် သူတော်စင်အဆင့်ကို ရောက်နေပြီလေ။"

မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှ ခပ်ဖွဖွရယ်မောလိုက်သည်။ "အဲ့ဒါကို အစစ်အမှန် သူတော်စင်အဆင့်လို့ ဘယ်ပြောလို့ရမလဲ။ သူက သူတော်စင်နှလုံးသားကို မှီခိုထားရတာ။ တကယ့်အစစ်အမှန် သူတော်စင်တစ်ယောက် မဟုတ်ဘူး။"

"တော်ဝင်နန်းတော်ရဲ့ အကူအညီသာမပါရင် သူကငါ့ကို တိုက်တောင်တိုက်ရဲမှာ မဟုတ်ဘူး။"

"အစက ငါ့ရဲ့နောက်ဆုံးကျန်တဲ့ စွမ်းအင်တွေကို သူသတိလက်လွတ် ဖြစ်နေတဲ့အချိန်ကြမှ သုံးဖို့တွေးထားတာ။ ဒါပေမယ့် အခုအတိုင်းဆို အဲ့အစီအစဉ်ကို မလိုတော့ဘူး။ ဒီတိုင်းတိုက်ခိုက်ဖို့ပဲ ရှိတော့တယ်။"

မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း၏ တည်ငြိမ်နေသော အမူအရာကြောင့် ဇူယွမ်မှာလည်း အနည်းငယ် စိတ်သက်သာသွားရသည်။

"ငါမင်းရဲ့ ခန္ဓာကိုယ်ကို ခဏငှားရလိမ့်မယ်။ အဲ့ဒါက မင်းကိုနည်းနည်းတော့ နာကျင်စေလိမ့်မယ်ဆိုပေမယ့် လူငယ်တွေက နာကျင်မှုနဲ့ အကျွမ်းတဝင် ရှိသင့်တယ်လေ။ ဟုတ်တယ်မလား။" မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှ ဇူယွမ်၏ပုခုံးအားပုတ်ကာ ပြောလိုက်သည်။

ဇူယွမ်မှာ အံ့အားသင့်သွားရပြီးနောက် မည်သည့်စကားမှ မပြောနိုင်သေးခင်မှာပင် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ အလင်းမှုန်များအဖြစ် ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားတော့သည်။

ဇူယွမ်၏ခန္ဓာကိုယ်ထံမှ အရာအားလုံးကို ကြီးစိုးနိုင်သော စွမ်းအင်လှိုင်းများ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

ဝှစ်.....

နန်းဆောင်သခင် ရှန့်ယွမ်မှာ ဆန်းကြယ်သောနေရာငယ်အတွင်း ရောက်ရှိလာသည်။

သူသည် တလက်လက် တောက်ပနေသော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား အလိုရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။ ထို့နောက် တံဆိပ်ပြား၏ဘေးတွင် ခံစားချက်ကင်းမဲ့နေဟန်ဖြင့် ရှိနေသော ဇူယွမ်အား တွေ့ရှိလိုက်ရသည်။

"မျက်စိနောက်စရာကောင်းတဲ့ကောင်ပဲ။"

နန်းဆောင်သခင် ရှန့်ယွမ်၏ စကားသံမှာ အလေးမထားသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ သူသည် လက်ဖြောက်တစ်ချက်တီးလျက် ရွှေရောင်သူတော်စင်မီးတောက်အား ထွက်ပေါ်စေလိုက်သည်။ မီးတောက်မှာ လေထုအား တုန်ခါစေလျက် ဇူယွမ့်ထံ ဦးတည်ပျံဝဲသွားသည်။ ထိုမီးတောက်နှင့်သာ ထိတွေ့မိပါက ဇူယွမ်၏ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ် အကုန်လုံးမှာ ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားရမည်ပင် ဖြစ်သည်။

သူတော်စင်မီးတောက်ထံမှ ရှောင်တိမ်းရန်မှာလည်း မဖြစ်နိုင်ပေ။ ကမ္ဘာကြီး၏ မည်သည့်နေရာတွင် ပုန်းကွယ်နေကာစေ သူတော်စင်မီးတောက်မှာ ပစ်မှတ်ထားခံရသူသည် ဗလာနတ္ထိအဖြစ် မပျောက်ကွယ်သွားမချင်း ထိုသူ၏စိတ်ဝိဉာဉ်နောက်သို့ အမြဲတစေ လိုက်နေလိမ့်မည်သာ ဖြစ်သည်။

ပြင်ပကမ္ဘာတွင် ရှိနေသော ကလန်ခေါင်းဆောင် ချင်းယန်မှာ ဇူယွမ်အား ကယ်ဆယ်ရန် မဖြစ်နိုင်တော့သဖြင့် အလွန်စိုးရိမ်ပူပန်နေမိသည်။ ရှန့်ယွမ်၏ မျက်လုံးထဲတွင် ဇူယွမ်မှာ အသိအမှတ်ပြုရန်ပင် မလုံလောက်သော ပုရွက်ဆိတ်သာသာ လူတစ်ဦးသာ ဖြစ်သည်။

တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့၊ ဟုန်ယာတောင်ထွတ်ဆရာသခင်နှင့် အခြားသူများမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကြသည်။

အခြားသော အဆင့်မြင့်ကျင့်ကြံသူများမှာ သနားကရုဏာသက်ဟန်ဖြင့် ခေါင်းတခါခါ ဖြစ်နေရသည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် သူတော်စင်မီးတောက်မှာ ဇူယွမ်၏အနီးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုအချိန်မှာပင် ဇူယွမ်၏ခန္ဓာကိုယ်မှာ တောင့်တင်းလာကာ ခေါင်းအားမော့လိုက်သည်။

သူ၏မျက်ဝန်းအိမ်အတွင်း သူတော်စင်မီးတောက်၏ပုံရိပ်မှာ ထင်ဟပ်နေလျက် ရှိသည်။

သူသည် သူတော်စင်မီးတောက်အားကြည့်ကာ ပြုံးလိုက်ပြီးနောက် နှုတ်ခမ်းအစုံအားဟကာ ညင်သာစွာ မှုတ်လိုက်သည်။

"ဟူး...."

လောကကိုကြီးစိုးခြင်း အဆင့်ရှိသူများကိုပင် ဗလာနတ္ထိအဖြစ် ပြောင်းလဲပစ်နိုင်သော သူတော်စင်မီးတောက်မှာ ဖယောင်းတိုင်တစ်တိုင်အလား ငြိမ်းသက်သွားလေသည်။

ကမ္ဘာမြေပြင်တစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားရသည်။

ရှန့်ယွမ်၏ အမူအရာမှာလည်း ထိန်းမထားနိုင်လောက်အောင် ပျက်ယွင်းသွားရလေတော့သတည်း.....

All Chapters