တန်ပြန်
Vol. 53 Ch. 738
ကောင်းကင်ထက်တွင် ရှိနေသော ဇူယွမ်မှာ လေးနက်တည်ကြည်သော မျက်ဝန်းများဖြင့် အဆုံးအစမဲ့သော မိုးကုပ်စက်ဝိုင်းအား ကြည့်ရှုနေလျက် ရှိသည်။
"ဘာဖြစ်လို့လဲ....မျိုးနွယ်စုခေါင်းဆောင်..."
ဇူယွမ်၏အသံမှာ နှလုံးသားအတွင်းမှ ထွက်ပေါ်လာသည်။ သူသည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ စိတ်ခံစားချက်များအပေါ် အာရုံခံမိနေခြင်း ဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် စကားဆိုလိုက်သည်။ "ကန်ရွှမ်းကောင်းကင်ဒေသရဲ့ အကာအကွယ်ထဲကို အရမ်းကြီးမားလွန်းတဲ့ စွမ်းအင်လှိုင်းတွေက ဝင်တိုးဖို့ လုပ်နေတယ်။ ငါထင်တာမမှားရင် အဲ့ဒါက တော်ဝင်နန်းတော်က ဖြစ်လိမ့်မယ်။"
"တော်ဝင်နန်းတော်လား..."
ဇူယွမ်မှာ စိုးရိမ်ပူပန်သွားရသည်။ "သူတို့က ယောင်ယောင့်ဆီကို လာကြတာလား။"
"ဟုတ်တယ်။"
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ တိုးညင်းစွာဖြင့် ပြောလိုက်သည်။ "သူမရဲ့ ချိပ်စည်း ပျက်ပြယ်သွားတာနဲ့ တော်ဝင်နန်းတော်က သူမရဲ့စွမ်းအင်ကို ခြေရာခံလို့ ရသွားလိမ့်မယ်။"
"သူမကို တော်ဝင်နန်းတော်လက်ထဲ အပါခံလို့မဖြစ်ဘူး။ မဟုတ်ရင် ထျန်းယွမ်ကမ္ဘာကြီး တစ်ခုလုံးက သက်ရှိတွေအတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံးကုန်ရလိမ့်မယ်။"
"ယောင်ယောင်က ဘယ်သူလဲ။" ဇူယွမ်မှာ ယောင်ယောင်သည် ထိုမျှကြီးမားသော သက်ရောက်မှု ဖြစ်စေနိုင်သည်ကို မယုံကြည်နိုင် ဖြစ်နေရသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ထိုမေးခွန်းအား ပြန်လည်ဖြေကြားခြင်းမပြုပဲ ယောင်ယောင့်အနီးသို့ ပျံဝဲသွားလိုက်သည်။
ယောင်ယောင်၏ ရွှေရောင်ဆံနွယ်များမှာ လေနှင့်အတူ မျောလွင့်နေလျက်ရှိပြီး သူမ၏ ရွှန်းစိုတောက်ပနေသော မျက်ဝန်းများမှာ တည်ငြိမ်နေလျက် ရှိသည်။ ဇူယွမ်အား တွေ့ရှိလိုက်ရသောအခါတွင် သူမ၏မျက်ဝန်းများထဲမှ အေးစက်စက် အငွေ့အသက်များ အနည်းငယ် ပျောက်ကွယ်သွားသည်။
"ရှင့်ရဲ့စွမ်းအင်က အရမ်းပြင်းထန်လွန်းတယ်။ ဇူယွမ်ရဲ့ခန္ဓာကိုယ်က တော်တော်နာကျင်နေရလိမ့်မယ်။" ယောင်ယောင်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ စကားဆိုလိုက်သည်။ "ဒီလိုအခြေအနေတောင် ရောက်နေပြီပဲ။ ဇူယွမ် နည်းနည်းပါးပါးလောက် ခံစားရတာက ဘာမှမဖြစ်ပါဘူး။"
"ဒါပေမယ့် မင်း...."
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ယောင်ယောင်အား ကြည့်ရှုလိုက်သည်။ သူမ၏ နူးညံ့ဖြူဖွေးသော အသားအရေပေါ်တွင် မှိန်ပျပျ ရွှေရောင်အက်ကွဲရာများ ထင်ဟပ်နေလေသည်။
"မင်းက အရမ်းမဆင်မခြင်လုပ်တာပဲ။ အဲ့လောက်ပြင်းထန်လွန်းတဲ့ စွမ်းအင်တွေကို မင်းခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။"
"မင်းရဲ့စွမ်းအင်တွေက အပြည့်အဝ မနိုးထလာသေးဘူးလေ။"
"အခုဒီလိုလုပ်လိုက်တော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။"
ရွှေရောင်ဆံနွယ်များမှာ ယောင်ယောင်၏မျက်ဝန်းရှေ့၌ လွင့်ပျံနေလေသည်။ သူမသည် ဆံနွယ်များအား လက်ဖြင့်သပ်ကာ နားနောက်ဖက်သို့ ပို့လိုက်သည်။ သို့သော် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏စကားအား ပြန်လည်ဖြေကြားခြင်း မရှိပေ။ ထိုအစား သူမသည် ခေါင်းကိုမော့လျက် အဆုံးမရှိသော ကောင်းကင်ပြင်ကြီးကိုသာ ကြည့်ရှုလိုက်သည်။
ရှန့်ယွမ်မှာ ယောင်ယောင်နှင့် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းတို့ ယခုအချိန်ထိ မည်သည့်တိုက်ခိုက်မှုမှ မပြုလုပ်သည်ကို နားမလည်ဟန်ဖြင့် ကောင်းကင်ထက်သို့ လိုက်လံမော့ကြည့်လိုက်သည်။ သို့သော် အချိန်ခေတ္တမျှ ကြာမြင့်သွားပြီးနောက်တွင် သူ၏နှလုံးသားမှာလည်း တုန်လှုပ်လာရသည်။
သူသည်လည်း အာရုံခံမိလိုက်ပြီ ဖြစ်သည်။
"သူတို့က ဘာလို့အကာအကွယ်ကို ထပ်ဖောက်ဝင်ချင်နေရတာလဲ။" ရှန့်ယွမ်မှာ စိတ်ရှုပ်ထွေးသွားရသည်။
ကန်ရွှမ်းကောင်းကင်ဒေသ၏ အပြင်ဖက်၌ တော်ဝင်နန်းတော်မှသူများ ဝင်ရောက်ခွင့် မရစေရန် ပြုလုပ်ထားသော စကြာဝဠာမူလတော်ဝင်သတ်ဖြတ်ခြင်းအစီအရင် ရှိသည်။ အတိတ်ကာလများ၌ နန်းဆောင်သခင် ရှန့်ယွမ်၏ အကူအညီကြောင့်သာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှန်းအား သတ်ဖြတ်ရန် တော်ဝင်နန်းတော်မှသူများ ကန်ရွှမ်းကောင်းကင်ဒေသအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင် နန်းဆောင်သခင် ရှန့်ယွမ်မှ ၎င်းတို့အား အကြောင်းကြားထားခြင်း မရှိပါချေ။
တော်ဝင်နန်းတော်မှ သူများပင် ဖြစ်လင့်စကား စကြာဝဠာမူလတော်ဝင်သတ်ဖြတ်ခြင်းအစီအရင်ကို ဖြတ်ကျော်နိုင်ရန်အတွက် ကြီးမားလှသော ပေးဆပ်မှုများကို ပေးဆပ်ရလိမ့်မည်ပင်။
"သူတို့က မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းရဲ့ စိတ်ဝိဉာဉ် အပိုင်းအစကို အာရုံခံမိသွားတာများလား။ မဖြစ်နိုင်ဘူး။ စိတ်ဝိဉာဉ် အပိုင်းအစ တစ်ခုအတွက်နဲ့ သူတို့အဲ့လိုလုပ်မှာ မဟုတ်ဘူး။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ တစ်ချက်မျှ တွေးတောလိုက်ပြီးနောက် ယောင်ယောင်အား ကြည့်ရှုလိုက်မိသည်။
သူမသည် တော်ဝင်နန်းတော်၏ ပြစ်မှတ်ဖြစ်လိမ့်မည်ဟု နန်းဆောင်သခင် ရှန့်ယွမ်မှ ခံစားနေရသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ ခပ်ဖွဖွရယ်မောလျက် ပြောလိုက်သည်။ "ကန်ရွှမ်း....ကောင်းကင်ဘုံက မင်းကိုတကယ် သေစေချင်နေတဲ့ပုံပဲ။ ကံကောင်းမှုတွေအကုန် ငါ့ဖက်မှာ ရှိနေတယ်။"
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ယောင်ယောင်အားကြည့်ကာ သတိပေးလိုက်သည်။ "ဒီလူက အနှောင့်အယှက်ပဲ။ ငါသူ့ကို သူတော်စင်အဆင့်ကနေ ဆွဲချပစ်မယ်။ ဒါပေမယ့် မင်းဘာမှလုပ်လို့မရဘူးနော်။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ ထိုစကားအား ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အဝေးသို့ ဆုတ်ခွာလိုက်သည်။ သူသည် တော်ဝင်နန်းတော် ရောက်ရှိသည်အထိ တိုက်လိုက်မှုအား ရှောင်ရှားရန် ကြံစည်နေခြင်း ဖြစ်သည်။
"ကန်ရွှမ်း....မင်းတို့နှစ်ယောက်ပေါင်းရင် ငါမတိုက်နိုင်ဘူးဆိုပေမယ့် မင်းတစ်ယောက်တည်းနဲ့တော့ ငါ့ကိုတားလို့ရမယ်မထင်နဲ့။" နန်းဆောင်သခင် ရှန့်ယွမ်မှ မထီမဲ့မြင် ပြောလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ထွက်ပြေးဆုတ်ခွာနေသော နန်းဆောင်သခင် ရှန့်ယွမ်အား ကြည့်ရှုနေရင်းဖြင့် တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ရှန့်ယွမ်....မင်းငါ့ရဲ့ သူတော်စင်နှလုံးသားကို မြိုချထားတာမလား။"
နန်းဆောင်သခင် ရှန့်ယွမ်မှ မျက်ဝန်းများ ကျဉ်းမြောင်းကာ မေးမြန်းလိုက်သည်။ "မင်းဘာကို ပြောချင်နေတာလဲ။"
"တခြားသူတစ်ယောက်ရဲ့ ပစ္စည်းကိုသုံးပြီး အစစ်အမှန် သူတော်စင်အဆင့်ကိုတက်တာက အဆင်မပြေဘူးဆိုတာ မင်းကိုသိစေချင်ရုံလေးပါ။"
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ လက်နှစ်ဖက်မှာ လက်ဟန်တစ်မျိုးကို ပုံဖော်လိုက်သည်။ "သူတော်စင်နှလုံးသား....ကွဲကြေစမ်း..."
ထိုစကားသံနှင့်အတူ နန်းဆောင်သခင် ရှန့်ယွမ်၏ ခန္ဓာကိုယ်အတွင်းမှ များပြားလှသော ရွှေရောင်အလင်းမှုန်များ ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းမှုန် တစ်ခုချင်းစီ၌ အဆုံးအစမဲ့စွမ်းအင်များ ပါဝင်နေလျက် ရှိသည်။ ထိုသည်မှာ အစောပိုင်းက နန်းဆောင်သခင် ရှန့်ယွမ် ဝါးမြိုခဲ့သော သူတော်စင်နှလုံးသားပင် ဖြစ်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ ရွှေရောင်အလင်းမှုန်များအား လိုက်လံဖမ်းဆုပ်ပါသော်လည်း အရာမထင်ခဲ့ပေ။ ရွှေရောင်အလင်းမှုန်များ၌ ကိုယ်ပိုင်အသိစိတ်ရှိနေသည်ကို လျင်မြန်စွာ သိရှိလိုက်ရသည်။
ထိုအသိစိတ်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းထံမှ ဖြစ်သည်။
ရွှေရောင်အလင်းမှုန်များမှာ နန်းဆောင်သခင် ရှန့်ယွမ်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားပြီးနောက် လေထုထဲတွင် ပျောက်ကွယ်သွားလေသည်။ ၎င်းတို့အတွင်း ပါဝင်နေသော ဆန်းကြယ်လှသည့် စွမ်းအင်များမှာ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို ကျစ်လစ်သွားစေသည်။
နန်းဆောင်သခင် ရှန့်ယွမ်၏ အမူအရာမှာ ခက်ထန်သွားရသည်။
သူ၏ဦးခေါင်းထက်တွင် ရှိနေသော ရွှေရောင်မီးလျှံကြာပွင့်မှာလည်း မီးတောက်ငယ်တစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
နန်းဆောင်သခင် ရှန့်ယွမ်၏ ကျင့်ကြံရေးအဆင့်မှာ ချက်ချင်းဆိုသလို ရွှေရည်စိမ် သူတော်စင်အဆင့်သို့ ကျဆင်းသွားရသည်။
စောင့်ကြည့်နေကြသော အဆင့်မြင့်ကျင့်ကြံသူများမှာ အံ့အားသင့်ကုန်ကြလေသည်။ မည်သူကမှ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းသည် နန်းဆောင်သခင် ရှန့်ယွမ်၏ ကျင့်ကြံခြင်းအဆင့်အား နှိမ့်ချပစ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ထို့အပြင် ပို၍ထူးဆန်းသည်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းသည် မည်သည့်တိုက်ခိုက်မှုမှ မပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအား ခက်ထန်စွာ ကြည့်ရှုလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းသည် စွမ်းအင်များကို ချွေတာနိုင်သလောက် ချွေတာနေသည်ဟု ထင်မြင်မိသောကြောင့် သူသည် ရွှေရည်စိမ် သူတော်စင်အဆင့်သို့ ကျဆင်းသွားပါသော်လည်း အလွန်အမင်း ကြောက်ရွံ့မိခြင်းမရှိ။
"မင်းဘာတွေ စိုးရိမ်နေတာလဲ။" နန်းဆောင်သခင် ရှန့်ယွမ်မှ မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။
သူသည် ယောင်ယောင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးနေအောင်ပြုံးကာ ဆက်လက်စကားဆိုလိုက်သည်။ "ဘာလဲ...မင်းအစွမ်းတွေ အရမ်းသုံးလိုက်ရင် ဒီနေရာကို တော်ဝင်နန်းတော် ရောက်လာမှာ ကြောက်နေတာလား။"
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မရှိပါသော်လည်း မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားရသည်။
နန်းဆောင်သခင် ရှန့်ယွမ်၏စကားမှာ မှန်ကန်နေသည်။ တော်ဝင်နန်းတော်မှာ ယောင်ယောင်၏ တည်ရှိမှုအား အာရုံခံမိသွားပြီ ဖြစ်ပါသော်လည်း
စကြာဝဠာမူလတော်ဝင်သတ်ဖြတ်ခြင်းအစီအရင်ကို ဖြတ်ကျော်လာရန် မလွယ်ကူပေ။ ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ စွမ်းအင်များ အသုံးပြုခြင်းကိုလျှော့ချကာ တော်ဝင်နန်းတော်မှ ဤတိုက်ပွဲမြေပြင်အား အာရုံခံမိခြင်း မရှိစေရန် မျှော်လင့်နေရသည်။
ကန်ရွှမ်းကောင်းကင်ဒေသမှာ အလွန်ကျယ်ပြန့်လွန်းလှသည့်အပြင် စကြာဝဠာမူလတော်ဝင်သတ်ဖြတ်ခြင်းအစီအရင်နှင့်ပါ ကာကွယ်ထားသဖြင့် တော်ဝင်နန်းတော်မှ ကောင်းကင်ဒေသတစ်ခုလုံးအား ရှာဖွေရန် မလွယ်ကူလှချေ။
ထို့အပြင် သူသည်လည်း စိတ်အပိုင်းအစ တစ်ခုမျှသာဖြစ်သောကြောင့် ရှေ့ဆက်ဖြစ်လာနိုင်မည့် အကြောင်းအရာများကို တွက်ဆကာ နန်းဆောင်သခင် ရှန့်ယွမ်နှင့် တိုက်ခိုက်ရာတွင် စွမ်းအင်များကို တက်နိုင်သမျှ လျှော့ချနေရခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ယောင်ယောင်မှာ သူမ၏ချိပ်စည်းအား အပြည့်အဝ မချိုးဖျက်လိုက်ရန် သူတားဆီးရမည် ဖြစ်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှ ရယ်မောကာ ပြောလိုက်သည်။ "ကန်ရွှမ်း...ငါကတော်ဝင်နန်းတော်ကို အသုံးချခဲ့ရုံသက်သက်ပါ။ တကယ်သူတို့နဲ့ ပူးပေါင်းနေတာ မဟုတ်ပါဘူး။ မင်းသာငါ့ကို ကန်ရွှမ်းသူတော်စင်တံဆိပ်ပြား ပေးလိုက်မယ်ဆိုရင် ကျန်တဲ့ကိစ္စတွေမှာ ငါဝင်မနှောင့်ယှက်တော့ဘူး။"
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ လှောင်ပြောင်ရယ်မောလိုက်သည်။ "ရှန့်ယွမ်....မင်းကငါ့ကို တစ်ကြိမ်ဒူးထောက်ထားဖူးတဲ့ကောင်ပါ။ ငါ့ရှေ့မှာ လာပြီးခက်ထန်ပြမနေနဲ့။ မင်းက ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားနဲ့ မတန်ဘူး။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ "အဲ့တော့ မင်းကသဘောမတူဘူးပေါ့လေ။"
သူသည် ခေါင်းအားခါယမ်းလိုက်ပြီးနောက်
"ကန်ရွှမ်း....မင်းငါ့ကို ဖိအားပေးနေတာပဲ။"
သူ၏လက်ဝါးထက်တွင် ရွှေရောင်မျက်ဝန်းတစ်ခု ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် မျက်ဝန်းအား ဖျက်စီးလိုက်တော့သည်။
ရွှေရောင်မျက်ဝန်း ပျက်စီးသွားသောအခါတွင် စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာကာ ကောင်းကင်အား လွှမ်းခြုံသွားလေသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်ဝန်းများ ပြူးကျယ်သွားရသည်။ နန်းဆောင်သခင် ရှန့်ယွမ်ထံ၌ တော်ဝင်နန်းတော်အား အသိပေးနိုင်သော ရွှေရောင်မျက်ဝန်း ရှိနေဦးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
"ရှန့်ယွမ်....မင်းကသေသင့်တဲ့အကောင်.."
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ မည်သည်ကိုမှ တွေးမနေတော့ပဲ ပြင်းထန်လှသော စွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
သို့သော် တိုက်ခိုက်တော့မည့်အချိန်မှာပင် တစ်စုံတစ်ခုအား အာရုံခံမိပြီးနောက် ခက်ထန်လှသောအမူအရာဖြင့် ကောင်းကင်အား ကြည့်ရှုလိုက်သည်။
ကောင်းကင်မှာ အက်ကွဲသွားပြီးနောက် အေးစက်ခက်ထန်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည့် ကြီးမားလှသော ရွှေရောင်မျက်ဝန်းကြီးအား တွေ့ရှိလိုက်ရလေတော့သတည်း....