စိတ်ဝိညာဉ်ချည်ခြင်း အမွှေးနံ့သာ
Vol. 38 Ch. 526
မြို့သခင်မချင်းယွီသည် အမျိုးသားများကို စိတ်ဝင်စားတာမျိုး တစ်ခါမှ မရှိခဲ့ပေ။ ယင်းက ကြိမ်နက်မြို့ထဲတွင် သိသားပြီးသား အရာဖြစ်၏။ သူမသည် အမျိုးသမီးများကို နှစ်သက်ပြီး အမျိုးသမီးများကို ကြိုက်သည့်သူဟူ၍ ကောလာဟလများတောင် ရှိခဲ့သည်။
သူမသည် ငယ်ရွယ်စဉ်ထဲက ချင်းမျိုးနွယ်စုကနေ ဆက်ခံသူတစ်ဦးအဖြစ် ပျိုးထောင်ခံခဲ့ရသည်။ သူမက အသက်(၁၈)နှစ် အရွယ်ရောက်သည့် အချိန်၌ စိတ်ဝိညာဉ်မျောလွင့်ခရီးသွား အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ တာအိုပုံစံကို စတင်ဆင်ခြင်နေခဲ့ပြီ ဖြစ်သည်။ လက်ရှိချင်းမျိုးနွယ်စု ခေါင်းဆောင်က ပင်လယ်ထဲသို့ ခရီးထွက်သွားပြီး ပြင်းထန်သည့် ဒဏ်ရာများဖြင့် ပြန်ရောက်လာတာ နှမျောစရာကောင်းသည်။ ချင်းမျိုးနွယ်စု၌ ကျန်သည့် ထူးချွန်ထက်မြက်သော ဆက်ခံသူ မရှိတော့ချေ။ သူတို့က သူမအတွက် စိတ်ဝိညာဉ်တာအိုအက်ကွဲမှုကို သန့်စင်ပေးပြီး သူမ၏ခွန်အား မြန်မြန်ဆန်ဆန် တိုးတက်ခွင့် ပေးထား၏။ ချင်းယွီသည် တစ်နှစ်ခန့် တံခါးပိတ်ကျင့်ကြံပြီး တာအိုပုံစံ အက်ကွဲမှု သုံးခုကို သန့်စင်ပြီးနောက် သူမ၏ ခွန်းအားက ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။
တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည့် အချိန်တွင် ယခင်မျိုးနွယ်စုခေါင်းဆောင်က စိုးရိမ်ပူပန်စရာ မရှိတော့သောကြောင့် ဆုံးပါးသွားခဲ့၏။ သူမသည် ချင်းမျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့ပြီး ကြိမ်နက်မြို့ဟူ၍ အမည်ပေးခဲ့သည်။ သူတို့သည့် အစက မြို့သခင်မချင်းယွီကို ခင်ပွန်းသည်တစ်ယောက် ယူစေချင်ခဲ့သည်။ သို့သော် သူမက သူတို့အားလုံးကို ငြင်းပယ်ခဲ့သည်။ တစ်ချိန်တည်းတွင် မြို့သခင်မက ချင်းယွီက အမျိုးသားများကို နှစ်သက်ကြောင်း မည်သူမျှ မကြားဖူးချေ။
ချင်းမျိုးနွယ်စုများကလည်း အလွန်စိုးရိမ်ပူပန်လာ၏။ သူတို့သည် သူမအတွက် ချောမောခန့်ညားသော လူငယ်များစွာကို ခေါ်လာပေးခဲ့သည်။ သို့သော် သူမက အားလုံးကို ငြင်းပယ်ခဲ့၏။ ယခုအချိန်တွင် ကျန်းရီကို ခန်းဆောင်အတွင်း ခေါ်သွားတာကို သူတို့ မြင်လိုက်ရသည့်အချိန် ချင်းမျိုးနွယ်စုဝင်များက ချက်ချင်း စိတ်လှုပ်ရှားကုန်သည်။
ကျန်းရီက တိုင်းတစ်ပါးသား ဖြစ်ကောင်းဖြစ်နိုင်သော်ငြား သူ မျိုးအောင်နိုင်သည်ကပင် ပိုအရေးကြီးသည် မလား။ ကျန်းရီက ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ခန်းဆောင်ထဲ ခေါ်သွင်းခြင်း ခံလိုက်ရသည်။ အပြင်ဘက်ကမူ ထပ်ခိုးနှင့်ဆင်တူနေပြီး အတွင်းခန်းကမူ ထောင်ဖေး၏ နန်းတော်အတွင်းဆောင်ကဲ့သို့ပင် အင်မတန်ခမ်းနားကာ အုပ်စိုးသူတစ်ဦး၏ အခန်းမျိုး ဖြစ်သင့်ပေ၏။
မြို့သခင်မချင်းယွီက ခရမ်းရောင်ပလ္လင်ထက်တွင် ထိုင်ပြီး သူမ၏ မူလချစ်မြတ်နိုးဖွယ် အရှိန်အဝါသို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခုဆို တိုင်းပြည်တစ်ပြည်၏ ဘုရင်မတစ်ပါးကဲ့သို့ တော်ဝင်ဆန်ပြီး ရဲစွမ်းသတ္တိရှိသော အရှိန်အဝါတို့ ဖြာထွက်နေ၏။
အတွင်းခန်းဆောင်ကို နှင်းဖြူရောင်ကော်ဇောဖြင့် ဖြန့်ခင်းထားပြီး ဖြူစွတ်နေသော နံရံများကို လုံမန်သီး၏ အရွယ်အစားခန့် ရှိသော ပုလဲလုံးများဖြင့် အလှဆင်ထားသည်။ ထူးကဲသော အလှဆင်ယင်မှုများစွာ ရှိပြီး ခန်းဆောင်၏ထောင့်တွင် အမွေးနံ့သာ ထွန်းညှိထား၏။ အပြင်ဘက်ရှိ ကောင်းကင်က မှိန်ပျနေပေရာ လှပသော အမျိုးသမီးနှင့် သဟဇာတ ဖြစ်နေပေသည်။ ဤနေရာတွင် ရှိသည့်သူတိုင်း အလွယ်တကူ စိတ်ညှို့ခံရနိုင်၏။
“သွား.. မင်းတို့ သွားလို့ရပြီ”
လက်တစ်ဖက် ဝေ့ယမ်းပြီး ဒေသသခင်မချင်းယွီသည် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်ကို ထွက်သွားခိုင်းပြီးနောက် အခန်းနံရံထဲသို့ အတွင်းအား ထည့်လိုက်သည်။ တစ်ခန်းလုံးက လင်းထိန်လာပြီးနောက် ကန့်သတ်ချက် အသက်သွင်းပြီး ဖြစ်သွားသည်။ ပြီးနောက် ကျန်းရီကို ကြည့်ကာ အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။
“တိုင်းတစ်ပါးသား မင်းနာမည်က ဘာလဲ ဒီကို ဘာကြောင့် ရောက်လာတာလဲ၊ ဖီးနစ်အော်သံနယ်မြေကို ရောက်လာတာ ဘာရည်ရွယ်ချက်လဲ အမှန်အတိုင်းပြောဖို့ ဒီမြို့သခင်မက အကြံပေးလိုက်မယ် တစ်လုံးတောင် လိမ်ရဲရင် မြေမြှုပ်ဖို့ မရှိဘဲ သေသွားစေရမယ်”
ကျန်းရီက ပခုံးတွန့်ပြီးနောက် ပြောလိုက်တော့သည်။
“ကျုပ်နာမည်က တစ်ကိုယ်တော်ဝံပုလွေ ဖီးနစ်အော်သံနယ်မြေကနေ ဖြတ်သွားရုံပဲ ဘာရည်ရွယ်ချက်မှ မရှိဘူး ဒီအတိုင်း ဖြတ်သွားတာ”
“ဖြတ်သွားတာတဲ့လား ဘယ်သူ့ကို လိမ်ဖို့ ကြိုးစားနေတာလဲ”
မြို့သခင်မ ချင်းယွီက နှာခေါင်းရှုံ့ပြီးနောက် သူမ၏ အရှိန်အဝါတို့က ထပ်မံ ဖြန့်ကျက်လာပြန်၏။ သူမ၏ တင်းမာသည့် လေသံဖြင့် ပြောလိုက်သည်။
“မင်းရဲ့ဒန်တျန်ထဲမှာ ရှိတဲ့ ကြယ်ကိုးလုံးက ထူးဆန်းကောင်း ထူးဆန်းမယ်၊ ဒါပေမဲ့ အတွင်းအားလှည့်ပတ်မှု မရှိဘူး၊ မင်းက အင်မတန်အစွမ်းထက်တဲ့ ရောင်ဝါတည်ရှိမှုကိုလည်း ဖုံးကွယ်ထားတယ်၊ ဒါပေမဲ့ ဒီသခင်မရဲ့ မျက်လုံးထဲကနေ မဖုံးကွယ်နိုင်ပါဘူး၊ မင်းရဲ့အလုံးစုံခွန်အားက ဗာဂျရာနယ်ပယ်မှ ရှိလောက်တယ် မဟုတ်လား ဘာကြောင့် အစောတုန်းက မခုခံတာလဲ၊ ဘာကြောင့်ထောင်ဖေးကို ဓားစာခံအဖြစ် ချုပ်ထားပြီး ကြိမ်နက်မြို့ကို ရောက်လာရတာလဲ ငါတို့ ဖီးနစ်အော်သံနယ်မြေကို ခိုးဝင်လာတာ ဘာရည်ရွယ်ချက် ရှိလဲ ပြော..”
သူ ထုတ်ဖော်ခံလိုက်ရချေပြီ။
မြို့သခင်မချင်းယွီက သူ၏ ကြယ်ကိုးလုံးကို ရှာမတွေ့ခဲ့လျှင် ကျန်းရီက သိပ်အံ့ဩမှ မဟုတ်ဘဲ ထူးဆန်းသလို ခံစားနေရပေမည်။ သူမက အာရုံမစိုက်ခဲ့လျှင် မြို့သခင်မသည် သူ့ခွန်အားကို အထင်သေးသည်ဟု ဆိုလိုရာရောက်သည်။ သူ့ကို အလွယ်တကူ ဖိချေနိုင်သည်ဟု တွေးမိပြီး အစောပိုင်းက သူ့ကို သတ်လိုက်နိုင်၏။ သို့သော် ဘာမှမလုပ်ခဲ့ဘဲ သူ့ကို နန်းတော်ထဲတွင် ရပ်နေခိုင်းခဲ့သည်။ သူ၏ရန်သူက သူ့ကို ပိုအထင်သေးလေ ကျန်းရီက ပိုစိတ်အေးလေ ဖြစ်၏။ သူသည် ပိုတောင် ထိန်းသိမ်းမရသည့် ပုံစံမျိုး ပြုမူကာ လက်နှစ်ဖက်ဖြင့် သာမန်သာ အရိုအသေပေးလိုက်၏။
“မြို့သခင်မက တစ်ကိုယ်တော်ဝံပုလွေက အမှန်တကယ် ဖြတ်သွားရုံပါ မြို့သခင်မက အရှေ့ပိုင်းတော်ဝင်နန်းတော်ဆီ သွားတဲ့ မြေပုံတစ်ချပ် ပေးဖို့ မျှော်လင့်မိပါတယ် ကျုပ် ချက်ချင်း ထွက်သွးမှာပါ နောင်ကျ ကျေးဇူးတရားကို သေချာပေါက် ပြန်ပေးဆပ်မယ်.. လိုလာခဲ့ရင် အလဲအလှယ်အနေနဲ့ ရတနာပေးနိုင်တယ်”
“ရတနာတွေလား..”
မြို့သခင်မချင်းယွီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“မင်းက ဗာဂျရာနယ်ပယ် ပထမအဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ မင်းမှာ ဘယ်လို ရတနာမျိုးရှိမှာလဲ ငါ စိတ်ကျေနပ်စေတာ ရှိလားဆိုတာ သိရအောင် မြို့သခင်မရှေ့ ယူလာခဲ့.. မင်း အရှေ့ပိုင်းတော်ဝင်နယ်မြေဆီ သွားနိုင်ဖို့ မင်းအတွက် မြေပုံတစ်ချပ် ပေးဖို့ တွေးပေးနိုင်တယ်..”
“အမ်..”
ကျန်းရီက မြို့သခင်မ၏ လေသံ ပြေလျော့သွားတာကို မြင်သည့်အချိန်၌ သူက မက်မောသွားသည်။ သူသာ သူ့ကိုယ်ပိုင်ပစ္စည်းများနှင့် မြေပုံကို လဲလှယ်နိုင်လျှင် မလှုပ်ရှားချင်ပေ။
အုတ်အော်သောင်းတင်း ဖြစ်မှု ပိုကျယ်လောင်လေ သူ့အတွက် ပိုအကျိုးယုတ်လေ ဖြစ်၏။ ထောင်ဖေးက သိုင်းခန်းမအကြောင်း မပြောခဲ့သော်ငြား သိုင်းခန်းမသည် ဤနယ်မြေကို တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း သိနေပေသည်။ ကောင်းကင်ကြယ်တာရာနယ်မြေကဲ့သို့ပင် ဖြစ်သည်။ သူက ဤနေရာ၌ လှုပ်ရှားခဲ့လျှင် ဖီးနစ်အော်သံနယ်မြေနှင့် သိုင်းခန်းမထဲရှိ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင် နှစ်ယောက် လိုက်တာ ခံရနိုင်သည်။ သူက ရေရွတ်ပြောလိုက်ပြီးနောက် သူ့ဓားရှည်ကို ထုတ်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဒီလက်နက်ကရော ဘယ်လိုလဲ”
မြို့သခင်မချင်းယွီက အထင်တသေး ပြောသည်။
“မင်းက သူတော်စင်လက်နက်နဲ့ ငါ့ဆီကနေ ဝယ်ချင်နေတယ်ပေါ့ ငါတို့ ချင်းမျိုးနွယ်စုကို အထင်သေးနေတာပဲ”
“ဒါဆို..”
ကျန်းရီက အံ့ကြိတ်ပြီးနောက် ပြောလိုက်သည်။
“နတ်ဆိုးဘုရင်ငါးပါးရဲ့ အလောင်းငါးလောင်း ထပ်ထည့်ပေးမယ် ဆိုရင်ကော.. ဘယ်လိုလဲ”
“နတ်ဆိုးဘုရင်ငါးပါးရဲ့ အလောင်းလား..”
မြို့သခင်မချင်းယွီက သွေးဆောင်ခံလိုက်ရပုံပေါ်၏။ သူမက တိတ်ဆိတ်သွားပြီး စဉ်းစားနေပုံပေါ်ကာ ကျန်းရီကို ပျော်ရွှင်သွားစေ၏။ မြို့သခင်မချင်းယွီက မကျေနပ်သေးလျှင် သူက ဧကရီနန်းတော်ထဲတွင် ရှိသော နတ်ဆိုးဘုရင်များ၏ အလောင်းများအားလုံးကို သူ ပေးအပ်နိုင်သည်။ မြေပုံမရှိဘဲ သူက ဦးခေါင်းမဲ့သော ယင်ကောင်တစ်ကောင်နှယ် ကြုံရာကျပန်း ပျံသန်းနေရမှာပဲ ဖြစ်သည်။ သူ၏ဘဝတွင် အရှေ့ပိုင်းတော်ဝင်နယ်မြေကို ရှာမတွေ့တာတောင် ဖြစ်နိုင်၏။ စုလော့ရွှယ်က ကျီထင်ယွီ၏ လက်ထဲတွင် ရှိနေရာ ကျန်းရီ၏ ရင်ထဲ တစ်နေ့ပြီးတစ်နေ့ ပိုမသက်မသာ ဖြစ်လာတော့သည်။
အချိန်က တတိတိ ကုန်ဆုံးသွားသည်။ မြို့သခင်မ ချင်းယွီက တွေးတောနေသေးဆဲ ဖြစ်၏။ ကျန်းရီက ဒေါသအနည်းငယ် ထွက်လာကာ တစ်စုံတစ်ခု ပြောချင်လာ၏။ မြို့သခင်မချင်းယွီက ရုတ်တရက် ပြောသည်။
“မင်းက ရတနာနည်းနည်းလေးပဲ ပေးတယ် ပြီးတော့ မင်း သူလျှိုတစ်ယောက်ဆိုတာ သိတယ် ဧကရီက ငါ သူလျှိုတစ်ယောက်နဲ့ အပေးအယူ လုပ်တယ်ဆိုတာ ရှာတွေ့သွားရင် နောက်ဆက်တွဲက မမှန်းဆနိုင်စရာပဲ”
ကျန်းရီက မြို့သခင်မချင်းယွီ လေးနက်တည်ကြည်စွာ ပြောနေတာကို မြင်သည့်အချိန်၌ သူ့ရင်ထဲ သက်ပြင်းချလိုက်၏။ သူက နာကျင်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
“နတ်ဆိုးဘုရင်သုံးပါးရဲ့အလောင်း ထပ်ပေးနိုင်တယ် ကျန်တာ မရှိတော့ဘူး..”
“ဒီလိုဆိုရင်..”
မြို့သခင်မချင်းယွီက ခေါင်းငုံ့ပြီး ထပ်မံ စဉ်းစားပြန်သည်။ ကျန်းရီက ဒေါသကြောင့် သူ မကျရှုံးချင်ပေ။ ထို့ကြောင့် သူ စောင့်ဆိုင်းရမည်။ ရလဒ်အနေဖြင့် သူ ဆယ့်ငါးမိနစ် စောင့်ဆိုင်းပြီးသည့်တိုင် တစ်စုံတစ်ခု ထူးဆန်းလာတာကို ခံစားမိသွားသည်။ မြို့သခင်မက ဒီလိုအသေးအမွှားလေးကို ဘာကြောင့်အကြာပြီး စဉ်းစားနေရတာလဲ။
“ခစ် ခစ်..”
ထိုစဉ် မြို့သခင်မချင်းယွီက ရုတ်တရက် ထရပ်လိုက်ပြီး တောက်ပသည့် အပြုံးပြုံးလိုက်ကာ ညင်သာစွာ ပြောလိုက်၏။
“အပေးအယူ ဖြစ်ပြီ၊ ဒါပေမဲ့ မင်းကမ်းလှမ်းတဲ့ ရတနာတွေက မလုံလောက်သေးဘူး မင်းမှာရှိတာ အားလုံး ထုတ်ပေးရင် ကောင်းမယ်”
“အမ်.. မကောင်းတော့ဘူး ငါ လှည့်စားခံရပြီ”
ကျန်းရီက ထိတ်လန့်သွားသည်။ မြို့သခင်မချင်းယွီသည် သူ့အား ကြွက်ကို ဆော့ကစားနေသည့် ကြောင်ကဲ့သို့ မျက်ဝန်းများဖြင့် ကြည့်နေတာကို မြင်သည့်အချိန်၌ စိတ်ဝိညာဉ်လှုပ်ခါသွားသည်။ သူ ချက်ချင်း သဘောပေါက်လိုက်၏။ သူ လှည့်စားခံခဲ့ရသည်။ မြို့သခင်ချင်းယွီက မြေပုံကို သူနှင့် အပေးအယူလုပ်ရန် ရည်ရွယ်ချက် မရှိပေ။ အားလုံးက ဟန်ဆောင်နေခြင်းသာ ဖြစ်ပြီး သူမက အချိန်ဆွဲနေခဲ့ခြင်းသာ ဖြစ်သည်။
“သေပေတော့..”
သူ၏မျက်လုံးက သွေးနီရောင် ရုတ်တရက် ပြောင်းလဲသွားပြီးနောက် သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်လိုက်သည်။ သူက မြန်မြန်ဆန်ဆန် သတ်ဖြတ်ပြီး ထွက်ပြေးသွားပေမည်။ ထိုစဉ် အရာအားလုံး မည်းမှောင်သွားပြီး မြေပြင်ပေါ် သူ ပြိုလဲသွားတော့၏။ သူ၏ စိတ်က မောပန်းနေပြီး ခွန်အားများ ခမ်းခြောက်နေသည်။ သူ မမေ့လဲခင် စိတ်ထဲ သက်ပြင်းချလိုက်သည်။
ခရမ်းရောင်ဆံနွယ်မိန်းမပျိုက သူ့ကို သိုသိုသိပ်သိပ်နေရန် ပြောခဲ့၏။ သို့သော် ဖီးနစ်အော်သံနယ်မြေသို့ သူရောက်လာသည်နှင့် သူမ သတိပေးတာကို သူ မေ့သွားခဲ့သည်။
သူ့ ကိုယ်ပိုင်ခွန်အားကို အားကိုးပြီး ယုံကြည်ချက် လွန်ကဲနေခဲ့သည်။
ဤမြို့သခင်မချင်းယွီသည် ဤနယ်မြေပေါ်ရှိ ကျန်သည့် အမျိုးသမီးများကဲ့သို့ပင် သူ့ကို သဘောကျပြီး သူနှင့် မြန်ဆန်စွာ ဆော့ကစားချင်စိတ် ရှိမည်ဟု သူ အစက ထင်ခဲ့သည်။ ခွန်အားကိုလည်း ယုံကြည်ချက် ရှိသောကြောင့် မြို့သခင်မချင်းယွီကို အလွယ်တကူ ဖိနှိပ်နိုင်မည်ဟု ထင်ခဲ့၏။ သူက ဂရုမစိုက် အထဲဝင်ခဲ့ပြီး မြို့သခင်မချင်းယွီ အစတည်းက အကွက်ချပြီးသား ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုအမွှေးနံ့သာက တစ်စုံတစ်ခု မှားယွင်းနေခဲ့သည်။ သူ၏မီးဝိညာဉ်ပုလဲတွင် ရှိသော စိတ်ဝိညာဉ်ခုခံမှုက ၎င်း၏ အာနိသင် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ အမွှေးနံ့သာက ပုံမှန်မဟုတ်တာ သိသာနေသည်။
“ဟူး.. ကံကောင်းလို့ ငါ့မှာ ဒီဝိညာဉ်ချုပ်နှောင်ခြင်း အမွှေးနံ့သာ ရှိနေတာ”
ကျန်းရီ သတိလစ်သွားပြီးနောက် မြို့သခင်မချင်းယွီသည် သက်ပြင်းချကာ ဝန်ထုတ်ဝန်ပိုးလျော့ကျသွားသည်။ ပြီးနောက် သူမ နဖူးပေါ်ရှိ ချွေးစေးများကို သုတ်လိုက်တော့၏။
သူမသည် အစတည်းက ကျန်းရီကို အကွက်ချခဲ့တာ ဖြစ်သည်။ အစတည်းက ကျန်းရီကို သူမ လက်ဝါးဖြင့် ရိုက်ချင်ခဲ့၏။ သူမက ကျန်းရီကို မသတ်နိုင်သောကြောင့် မဟုတ်၊ သူမရင်ထဲ၌ သေစေနိုင်သည့် အန္တရာယ်ကို အာရုံခံမိသောကြောင့် ဖြစ်သည်။ သူမ အမှန်တကယ် တိုက်ခိုက်ခဲ့လျှင် သေချာပေါက် သေပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီကို အထဲသို့ မျှားခေါ်ပြီး ဝိညာဉ်ချည်နှောင်ခြင်း အမွှေးနံ့သာဖြင့် အောင်မြင်စွာ လှည့်စားနိုင်ခဲ့သည်။
သူက သတိလစ်နေသည့် ကျန်းရီကို ကြည့်ပြီး ရယ်မောလိုက်၏။
“တစ်ယောက်ယောက် ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးကို ယူလာပြီး ဒီသူလျှိုကို ချည်နှောင်ထားလိုက် ပြီးတော့ ဘုရင်မဆီ သတင်းပို့ ဒီသူလျှိုအကြောင်းအားလုံး ပြောပြလိုက်.. သူမကို ဆုံးဖြတ်ပေးဖို့ပါ တောင်းခံလိုက်”
***