လက်ခံရယူခြင်း
Vol. 53 Ch. 740
ဝုန်း.....
ကမ္ဘာတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု ထင်မှတ်ရပြီး ပတ်ဝန်းကျင်မှ လေထုများလည်း ဆုတ်ပြဲသွားသောအချိန်တွင် နန်းဆောင်သခင် ရှန့်ယွမ်မှ ယောင်ယောင်အား လက်ဝါးဖြင့် ရိုက်လိုက်သည်။
တောင်ကြီးတစ်လုံး သူမပေါ် ကျဆင်းလာသကဲ့သို့ ရွှေရောင်မီးလျှံကြာပွင့်မှာလည်း ဖြတ်သန်းလာရာ လမ်းတလျှောက်ရှိ အရာအားလုံးကို ဗလာနတ္ထိအဖြစ် လောင်ကျွမ်းပျောက်ကွယ်သွားစေသည်။
နန်းဆောင်သခင် ရှန့်ယွမ်၏ ပြောင်းလဲမှုမှာ အလွန်ထူးခြားပြီး လျင်မြန်လွန်းလှသည်။ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းသည်ပင် ချက်ချင်းဆိုသလို သတိထားခဲ့မိပါသော်လည်း တုံ့ပြန်တိုက်ခိုက်ရန် နောက်ကျသွားခဲ့သည်။ ထို့အပြင် လက်ရှိအချိန်၌ သူသည် အကာအကွယ် အပြင်ဖက်ရှိ တော်ဝင်နန်းတော်မှ အဆင့်မြင့်ကျင့်ကြံသူများအား ခုခံတိုက်ခိုက်နေရသည်။
ထို့ကြောင့် နန်းဆောင်သခင် ရှန့်ယွမ်မှ ယောင်ယောင်အား စွမ်းအင်အပြည့်ဖြင့် တိုက်ခိုက်ခြင်းကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်ရှုနေရုံသာ တက်နိုင်ခဲ့သည်။
ယောင်ယောင်မှာ ကောင်းကင်ထက်တွင် ရှိနေပြီး သူမ၏ရွှေရောင်ဆံနွယ်များမှာ လေယူရာအတိုင်း ယိမ်းနွဲ့ကခုန်နေလျက် ရှိသည်။ သူမသည် နန်းဆောင်သခင် ရှန့်ယွမ်မှ တိုက်ခိုက်လာခြင်းကို တွေ့မြင်လိုက်ရပြီးနောက် မျက်မှောင်ကျုံ့လိုက်မိသည်။
နန်းဆောင်သခင် ရှန့်ယွမ်၏ တိုက်ခိုက်မှုမှာ ရုတ်တရက်ဆန်လွန်းလှသည်။
ထိုလူမှာ အမှန်တကယ် စိတ်ရှုပ်ဖို့ ကောင်းလွန်းသည်။
ယောင်ယောင်၏ တောက်ပနေသော မျက်ဝန်းများထဲ၌ အေးစက်လွန်းသော ချီစွမ်းအင်များ စတင်ဆူပွက်လာသည်။ သူမသည် လက်ငါးချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် နန်းဆောင်သခင် ရှန့်ယွမ်အား ထိုးနှက်လိုက်သည်။
"မူလရင်းမြစ်ဆီ ပြန်သွားစမ်း..."
သူမ၏နှုတ်ခမ်းထက်မှ ရှေးဟောင်းစကားသံတစ်ခု ထွက်ပေါ်လာသည်။
ဒုန်း....
နန်းဆောင်သခင် ရှန့်ယွမ်၏ လက်ဝါးချက်မှာ ယောင်ယောင်၏ပုခုံးအား ရိုက်မိသွားသကဲ့သို့ တစ်ချိန်တည်းမှာပင် သူမ၏လက်သီးမှာလည်း ရှန့်ယွမ်၏ရင်ဘတ်အား ထိုးနှက်လိုက်သည်။
၎င်းတို့နှစ်ဦးအကြားရှိ လေထုမှာ ချက်ချင်းဆိုသလို ပေါက်ကွဲသွားရလေသည်။
ပြင်းထန်လွန်းလှသော စွမ်းအင်လှိုင်းဂယက်များကြောင့် နှစ်ဦးစလုံး အဝေးသို့ လွင့်စင်သွားကြရသည်။
ယောင်ယောင်မှာ ခြေဗလာဖြင့် လေထုအား ညင်သာစွာ ထိတွေ့လျက် ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်စေလိုက်သည်။ ရွှေရောင်အက်ကွဲရာများမှာ သူမ၏ဖြူဖွေးနူးညံ့သော အသားအရေထက် ပိုမိုပျံ့နှံ့လာသည်။
အဝေးသို့ ထပ်တူလွင့်စင်သွားရသော နန်းဆောင်သခင် ရှန့်ယွမ်မှာလည်း စိတ်ရှုပ်ထွေးသွားရဟန်ဖြင့် ခန္ဓာကိုယ်အား အလျင်အမြန် ပြန်လည်တည်ငြိမ်စေလိုက်သည်။ အစောပိုင်း လက်ဝါးရိုက်ချက်တွင် သူ၏ရှိသမျှ စွမ်းအင်အားလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် ယောင်ယောင်အား ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏စွမ်းအင်များအားလုံးမှာ အဆုံးအစမဲ့သော အမှောင်တွင်းတစ်ခုထဲ ကျဆင်းသွားသည့်အလား ရုတ်ချည်းပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယောင်ယောင်၏ အသွင်အပြင်သည် အားနည်းသည်ဟု ထင်မှတ်ရပါသော်လည်း သူမပိုင်ဆိုင်ထားသော စွမ်းအင်များမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ အတွေးများကြား မျက်မှောင်ကျုံ့လိုက်မိသည်။ ထို့နောက် ရင်ဘတ်အား ကြည့်ရှုလိုက်သောအခါတွင် သေးငယ်လှသော လက်သီးရာလေးအား တွေ့ရှိလိုက်ရသည်။ ၎င်းလက်သီးရာမှတဆင့် ဆန်းကြယ်သော စွမ်းအင်လှိုင်းများမှာ သူ၏ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့နေလျက် ရှိသည်။
ထိုစွမ်းအင်လှိုင်းများ ဖြတ်သန်းသွားရာ လမ်းတလျှောက်ရှိ အသွေးအသားများမှာ အားနည်းကုန်ရသည်။
ဤသို့ဖြင့် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် သူ၏ရင်ဘတ်၌ သွေးထွက်နေသော အပေါက်တစ်ခု ဖြစ်ပေါ်လာလေသည်။
ထို့အပြင် နန်းဆောင်သခင် ရှန့်ယွမ် အံ့သြထိတ်လန့်ရသည်မှာ ခန္ဓာကိုယ်အတွင်း ရှိနေသော သူ၏ချီစွမ်းအင်များအား ထိန်းချုပ်၍ မရနိုင်တော့ခြင်းပင်။ သူ၏စွမ်းအင်များအားလုံးမှာ စကြာဝဠာအတွင်းရှိ အခြေခံအကျဆုံး ပိုင်ရှင်မဲ့ သဘာဝစွမ်းအင်များအဖြစ် ပြန်လည်ဖြစ်တည်သွားသကဲ့သို့ ခံစားနေရသည်။
ထိုဆန်းကြယ်သော စွမ်းအင်လှိုင်းများသာ သူ၏အသွေးအသားများအား ဆက်လက်တိုက်စားနေပါက ခန္ဓာကိုယ် တစ်ခုလုံးသည်ပင် အခြေခံကျသော သဘာဝချီစွမ်းအင်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့မည့်အလား ထင်မှတ်ရလေသည်။
နန်းဆောင်သခင် ရှန့်ယွမ်၏အမူအရာမှာ ခက်ထန်သွားရပြီး ချက်ချင်းပင် ရင်ဘတ်၌ ပို၍ကြီးမားသော အပေါက်တစ်ခုကို ဖြစ်ပေါ်စေလျက် အသွေးအသားများနှင့် ကလီစာများကို ထုတ်ပစ်လိုက်သည်။
စကြာဝဠာကြီး၏ အခြေခံအကျဆုံး ပိုင်ရှင်မဲ့ သဘာဝစွမ်းအင်များအဖြစ် ပြောင်းလဲနေသော အသွေးအသားများအား အလျင်အမြန် တားဆီးနိုင်ရန် ကိုယ်တွင်းမှ ထုတ်ပစ်နေခြင်း ဖြစ်သည်။
စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှာ ထိုမြင်ကွင်းအား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြရသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ ယောင်ယောင်အား စွမ်းအင်အပြည့်အဝ အသုံးပြု၍ ရုတ်ချည်းတိုက်ခိုက်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ပြင်းထန်စွာ ထိခိုက်သွားရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
တစ်ဖက်တွင်မူ ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ ထိုမြင်ကွင်းအား ကျေနပ်အားရစွာဖြင့် ကြည့်ရှုနေကြသည်။
၎င်းတို့နှင့်မတူပဲ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ မျက်ဝန်းများမှာ အလွန်အမင်း စိုးရိမ်ပူပန်နေဟန် ရှိသည်။ သူသည် ယောင်ယောင်၏ အသားအရေထက်မှ မှိန်ပြလှသော ရွှေရောင်အက်ကွဲရာများအား မြင်တွေ့နိုင်ပေသည်။
ယောင်ယောင်၏ လက်ရှိခန္ဓာကိုယ်မှာ ချိပ်စည်းအတွင်း ကွယ်ဝှက်ထားခဲ့သော စွမ်းအင်များ၏ ပြင်းထန်မှုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ယောင်ယောင်၏ အခြေအနေမှာ အလွန်ထူးခြားလှသည်။ ဤခန္ဓာကိုယ်အား လက်ခံရရှိခဲ့ခြင်းမှာလည်း သူမအတွက် ဆန်းကြယ်လှပြီး အကယ်၍ ပျက်စီးသွားခဲ့ပါက သူမသည်လည်း ဒုက္ခရောက်ရပေလိမ့်မည်။
သူမစွမ်းအင်များ ပိုမိုအသုံးပြုလိုက်တိုင်း မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ မသက်မသာ ခံစားနေရသည်။
အဆိုးရွားဆုံးအချက်မှာ ယောင်ယောင်မှာ ထိုစွမ်းအင်များအား တော်ဝင်နန်းတော်မှ အဆင့်မြင့်ကျင့်ကြံသူများရှေ့တွင် အသုံးပြုနေရခြင်းပင် ဖြစ်သည်။
ဝုန်း....
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ကောင်းကင်ထက်မှ ရွှေရောင်မျက်ဝန်းကြီး မျက်တောင်ခတ်သွားသည်ကို အာရုံခံလိုက်မိသည်။ အလွန်ဝေးကွာနေပါသော်လည်း တော်ဝင်နန်းတော်မှ အဆင့်မြင့်ကျင့်ကြံသူများမှာ စိတ်ခံစားချက်များ မတည်မငြိမ်ဖြစ်နေသည်ကို သိရှိနေမိလေသည်။
"လက်ခံရယူပါ..."
လွန်စွာဝေးကွာနေသော အရပ်ဒေသဆီမှ တိုးညင်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ ထိုစကားအား ကြားလိုက်ရသောအချိန်တွင် စိတ်လှုပ်ရှားသွားရသည်။ သူ၏မျက်ဝန်းများ၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်ပြေးသွားသည်။ ယနေ့တွင် မည်သည့်အခြေအနေပဲ ဖြစ်ပေါ်လာပါစေ သူ့အနေဖြင့် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား အရယူကာ ကောင်းကင်အရှင်သခင်အသစ် ဖြစ်ကိုဖြစ်လာရမည် ဖြစ်သည်။
ထို့ကြောင့် မည်သည့်နည်းလမ်းကိုပင် အသုံးပြုရပါစေ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းနှင့် ယောင်ယောင်တို့အား သတ်ဖြတ်ပစ်ရမည်ပင်။
သို့သော် လက်ရှိအခြေအနေအရ တော်ဝင်နန်းတော်မှ အဆင့်မြင့်ကျင့်ကြံသူများအနေဖြင့် စကြာဝဠာမူလတော်ဝင်သတ်ဖြတ်ခြင်းအစီအရင်အား ကျော်ဖြတ်နိုင်ရန် ခက်ခဲလွန်းလှသည်။ ၎င်းတို့မှာ ကန်ရွှမ်းကောင်းကင်ဒေသအတွင်း ဆင်းသက်နိုင်ခြင်းမရှိပဲ များစွာပေးဆပ်ကာ စွမ်းအင်များကိုသာ ပို့လွှတ်နေနိုင်ကြောင်း ရှန့်ယွမ်မှ ကောင်းစွာသိရှိထားသည်။
ထို့ကြောင့် တော်ဝင်နန်းတော်မှ အဆင့်မြင့်ကျင့်ကြံသူများအနေဖြင့် လက်ခံရယူနိုင်မည့် တစ်စုံတစ်ယောက်အား လိုအပ်နေပေသည်။
"အဟက်....နောက်ဆုံးတော့ ငါပဲအကျိုးအမြတ်ရတာပဲ။"
နန်းဆောင်သခင် ရှန့်ယွမ်မှာ ယောင်ယောင်အား တစ်ချက်မျှကြည့်လျက် မထီမဲ့မြင် ပြုံးလိုက်ပြီးနောက် လက်နှစ်ဖက်အား ဟန်ပန်အမျိုးမျိုး ပြောင်းလဲစေကာ စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ခန္ဓာကိုယ် တဝက်ကျော်မျှအား ဖောက်ကွဲဖျက်စီးလိုက်သည်။
ဝုန်း......
ပြင်းထန်လှသော သွေးရနံ့များမှာ လေထုအတွင်း ပျံ့နှံ့သွားလေသည်။
ဝမ်....
သွေးငွေ့များကြားမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် အဆုံးအစမဲ့သော ကောင်းကင်ကိုပင် ဖြတ်ကျော်ကာ ကန်ရွှမ်းကောင်းကင်ဒေသ၏ အကာအကွယ်နံရံထိ ရောက်ရှိသွားသည်။
ကြီးမားလှသော ရွှေရောင်မျက်ဝန်းကြီးမှာ မျက်တောင်ခတ်သွားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ထက်ထိ ထိုးတက်သွားသော အလင်းတန်းနှင့် တွေ့ဆုံသွားသည်။
အနီးကပ်ကြည့်ရှုမည်ဆိုပါက ယင်းရွှေရောင်အလင်းတန်းအတွင်း သွေးများရွှဲစိုနေသော မျက်ဝန်းတစ်ခုအား မြင်တွေ့ရလိမ့်မည် ဖြစ်သည်။
၎င်းမျက်လုံးမှာ အလင်းတန်းနှင့်ထိတွေ့သွားသည်။ ချက်ချင်းဆိုသလို အလင်းတန်းမှာ လျင်မြန်စွာဖြင့် သွေးငွေ့များကြား ပြန်လည်ဆင်းသက်လာတော့သည်။
ထိုအရာများအားလုံးသည် ခေတ္တမျှသော အချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းနှင့် ယောင်ယောင်မှာ အရာရာအား ရှင်းလင်းစွာ မြင်တွေ့နေရပါသော်လည်း တားဆီးရန် မတက်နိုင်ခဲ့ချေ။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ခက်ထန်နေသော မျက်ဝန်းများဖြင့် နန်းဆောင်သခင် ရှန့်ယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ရှန့်ယွမ်.
..မင်းက တော်တော်အားကိုးရတဲ့ ကျွန်ပဲကွ။ တော်ဝင်နန်းတော်က စွမ်းအင်တွေကို လက်ခံရယူနိုင်ဖို့အတွက် မင်းရဲ့ခန္ဓာကိုယ်ကိုတောင် မင်းဖျက်စီးပစ်ရဲတယ်။"
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် သွေးငွေ့များကြားမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
"ဟာ...."
အဆင့်မြင့်ကျင့်ကြံသူများမှာ ထိုပုံရိပ်အား တွေ့မြင်လိုက်ရသောအခါ အံ့အားသင့်ကုန်ကြရသည်။
ယင်းပုံရိပ်၏ ခန္ဓာကိုယ် တဝက်ကျော်မှာ သွေးစများဖြင့် ဖုံးလွှမ်းနေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေသည်။ ထိုပုံရိပ်မှာ သိသာထင်ရှားစွာပင် နန်းဆောင်သခင် ရှန့်ယွမ် ဖြစ်သည်။
ရှန့်ယွမ်၏ အသွင်အပြင်မှာ မြင်မကောင်းရှုမကောင်းလောက်အောင် စုတ်ပြတ်နေပါသော်လည်း သူ၏အရှိန်အဝါမှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းကိုပင် စ၍ကျော်လွန်နေပြီ ဖြစ်သည်။
သူ၏ဦးခေါင်းနှင့် ဘယ်ဘက်ပုခုံးထက်တွင် သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အား တွေ့မြင်နိုင်ပေသည်။
ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အား မြင်တွေ့လိုက်ရသောအခါ၌ မယုံကြည်နိုင် ဖြစ်ကုန်ကြရသည်။
အစစ်အမှန် သူတော်စင်အဆင့်တွင် အဓိက အဆင့်သုံးခုရှိပြီး အဆင့်တစ်ခုချင်းစီတိုးလာတိုင်း သူတော်စင်မီးလျှံကြာပန်း တစ်ပွင့်ကို ရရှိပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။
သူတော်စင်မီးလျှံကြာပန်း သုံးပွင့်ဆိုလျှင် အစစ်အမှန် သူတော်စင်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိသွားပြီပင်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သတ်ဖြတ်ခံခဲ့ရစဉ်က သူတော်စင်မီးလျှံကြာပန်း နှစ်ပွင့်အဆင့်သို့ ရောက်ရှိနေလေပြီ။
ယခုအခါ နန်းဆောင်သခင် ရှန့်ယွမ်မှာလည်း တော်ဝင်နန်းတော်မှ စွမ်းအင်များ လက်ခံရယူခဲ့ပြီးနောက် ထိုအဆင့်သို့ ရောက်ရှိသွားပြီပင် ဖြစ်လေတော့သတည်း.......