ရန်ပွဲ
Vol. 3 Ch. 21
စုန့်ချင်းရီသည် ကျောင်းတော်၏ ပင်မဝင်ပေါက်ကို ဖြတ်သန်းသွားစဉ်၊ အပြင်ဘက်မှ ရုန်းရင်းဆန်ခတ် အသံများကို မသဲမကွဲ ကြားလိုက်ရသည်။
ကျက်သရေရှိသော အမျိုးသမီးဆရာမသည် လှပတင့်တယ်စွာ လှမ်းထွက်လာပြီး၊ ဝင်ပေါက်နှင့် မဝေးလှသောနေရာတွင် ကျောင်းသားအုပ်စု တစ်စု စုဝေးနေပြီး၊ တစ်စုံတစ်ခုကို အာရုံစိုက်နေကြသည်ကို တွေ့လိုက်ရသည်။
ထိုးကြိတ်ကန်ကျောက်သံများ…၊
ထို့အပြင် လူအုပ်၏ အလယ်ဗဟိုမှ နာကျင်စွာ အော်ဟစ်သံများ ပဲ့တင်ထပ် ထွက်ပေါ်နေသည်။
စုန့်ချင်းရီသည် ချက်ချင်းဆိုသလို မျက်မှာအမူအရာ တင်းမာသွားပြီး၊ ပြဿနာဖြစ်ပွားရာ နေရာသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ သူမသည် ကျောင်းသားများကြားမှ တိုးဝင်သွားရင်း မေးလိုက်သည်။ "ဘယ်သူတွေ ရန်ဖြစ်နေကြတာလဲ... ဘာတွေ ဖြစ်နေတာလဲ..."
လူအုပ်သည် ပြည့်ကျပ်နေသဖြင့်၊ သူမသည် တစ်လက်မချင်း ခက်ခက်ခဲခဲ တိုးဝှေ့ဝင်ရောက်သွားရသည်။
"ဆရာမစုန့်…" လူအုပ်၏အစွန်းရှိ ကျောင်းသားများ စုန့်ချင်းရီကို သတိထားမိလိုက်သောအခါ အော်ဟစ်လိုက်ကြသည်။
သူတို့သည် သူမအတွက် လမ်းဖယ်ပေးလိုက်ပြီး ရိုသေစွာ ဖြေကြားလိုက်သည်။ "ယန်ရှောင်ဟူနဲ့ ကျွန်တော်တို့ မသိတဲ့ ကျောင်းသားသစ် တစ်ယောက်ပါ..."
"ယန်ရှောင်ဟူ..." စုန့်ချင်းရီက နာမည်ကို ရေရွတ်လိုက်ပြီး ချက်ချင်း အော်ဟစ်လိုက်သည်။
"ယန်ရှောင်ဟူ... ချက်ချင်း ရပ်လိုက်စမ်း… မင်းရဲ့ အတန်းဖော်တွေကို အနိုင်ကျင့်တာ.. ရိုက်နှက်တာတွေ မလုပ်သင့်ဘူးနော်…"
သူမ သတိပေးလိုက်သော်လည်း၊ အတွင်းမှ တိုက်ခိုက်သံများနှင့် နာကျင်စွာ အော်ဟစ်သံများသည် ရပ်တန့်မသွားပေ။ အမှန်စင်စစ်အားဖြင့်၊ သူမ နီးကပ်လာသည်နှင့်အမျှ ဆူညံသံများက ပို၍ပင် ပြင်းထန်လာသေးသည်။
စုန့်ချင်းရီသည် ထိုးနှက်သံများနှင့် ရိုက်ပုတ်သံများကို နားထောင်ရင်း၊ မျက်မှောင်ကြုတ်လိုက်ပြီး အသံကို မြှင့်လိုက်သည်။ "ဒါ နောက်ဆုံး သတိပေးချက်ပဲ… ယန်ရှောင်ဟူ... မင်း မရပ်ရင်... ကျောင်းအုပ်ကြီးကို ပြောပြီး မင်းကို ကျောင်းထုတ်ခိုင်းပစ်မယ်…"
သူမ အော်ဟစ်လိုက်သည့် အခိုက်အတန့်တွင်၊ လူအုပ်ထဲရှိ ကျောင်းသားများသည် သူမ၏ အသံကို မှတ်မိသွားကြပြီး၊ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ အလယ်ဗဟိုသို့ ရောက်ရှိနိုင်ရန် လမ်းဖယ်ပေးလိုက်ကြသည်။
ထိုရှုပ်ထွေးနေသော အလယ်ဗဟို၌၊ မျက်နှာတွင် သွေးများပေသလူးနေပြီး သနားစဖွယ် အခြေအနေဖြင့်၊ မြေကြီးပေါ်တွင် လဲကျနေသော ယန်ရှောင်ဟူကို စုန့်ချင်းရီ တွေ့လိုက်ရသည်။
သူသည် မျက်လုံးတစ်ဖက်တည်းသာ ဖွင့်နိုင်တော့ပြီး၊ ထိုမျက်လုံးထဲတွင်မူ နာကျင်မှုနှင့်အတူ၊ သွေးနှင့် မျက်ရည်များ ရောနှောပြည့်နှက်နေချေသည်။
သူ အားနည်းစွာ ရေရွတ်လိုက်သည်။ "ဆရာမစုန့်... ကျွန်တော် ရပ်ထားတာ ကြာပါပြီဗျာ.. ကျွန်တော် ပြန်တိုက်ခိုက်ဖို့ လုံးဝ မဝံ့ရဲပါဘူး… ကျွန်တော် ဒီလောက်တောင် အရိုက်ခံထားရတာကို... ဆရာမက ကျွန်တော့်ကို ကျောင်းထုတ်ချင်နေတုန်းလား..."
စုန့်ချင်းရီ အံ့အားသင့်သွားပြီး၊ သူမ၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုများ ပေါ်လွင်နေသည်။ "အမ်..."
သူမ၏ မှတ်ဉာဏ်ထဲတွင်၊ ယန်ရှောင်ဟူသည် တောင်ပိုင်းတောင်တန်းကျောင်းတော်၏ လူဆိုးတစ်ဦး ဖြစ်ပြီး၊ အတန်းဖော်များကို အမြဲတမ်း နှိပ်စက်ကလူ ပြုလုပ်လေ့ရှိသူ ဖြစ်သည်။
သူပါဝင်ပတ်သက်နေသော ရန်ပွဲတစ်ခုအကြောင်း သူမ ပထမဆုံး ကြားသိလိုက်ရသောအခါ၊ သူသည် ရန်လုပ်သူ ဖြစ်ရမည်ဟု ချက်ချင်း ထင်လိုက်မိသည်။
သို့သော်၊ ယန်ရှောင်ဟူသည် သိုင်းပညာ ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ သူ့နောက်တွင် လူမိုက် (၂)ဦး အမြဲတမ်း လိုက်ပါလေ့ရှိသည်။ မည်သူကများ သူ့ကို ထိုကဲ့သို့ ဒဏ်ရာအပြင်းအထန် ရရှိအောင် ပြုလုပ်နိုင်ပါသနည်း။
ခဏလေး...။
ဘေးနားတွင် ဒူးထောက်လျက်၊ နားရွက်များကို လက်ဖြင့်အုပ်ထားပြီး အညံ့ခံနေပုံရသော လူထွားကြီးနှစ်ဦးသည် ထိုလူမိုက် (၂)ဦးပင် မဟုတ်ပါလော။
ထို့သို့ဆိုလျှင်၊ ယန်ရှောင်ဟူကို ရိုက်နှက်ခဲ့သူက အဘယ်မှာနည်း။
စုန့်ချင်းရီသည် အခြေအနေကို စဉ်းစားသုံးသပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကို လျင်မြန်စွာ ကြည့်ရှုစစ်ဆေးလိုက်ရာ၊ ရှိနေသူအားလုံးသည် ကျောင်းသားများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အခင်းဖြစ်ပွားရာတွင် အခြား မည်သည့်ပုဂ္ဂိုလ်မျှ ပါဝင်ပတ်သက်ခြင်း မရှိပုံ ရသည်။
ထို့နောက်၊ စုန့်ချင်းရီသည် တင်းမာသော အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ "ရန်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူ ဘယ်သူလဲ... ရှေ့ထွက်ခဲ့စမ်း…"
သို့သော်…
လူအုပ်ထဲမှ မည်သူမျှ ရှေ့ထွက်မလာရဲကြပေ။
သို့သော်ငြား၊ ဘေးမှ ကြည့်ရှုနေသူအားလုံးသည် တညီတညွတ်တည်း ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကြသဖြင့်၊ လူနှစ်ဦးသာ မူလနေရာတွင် ကျန်ရစ်ခဲ့တော့သည်။ သူတို့၏ အပြုအမူသည် သူမ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်လိုက်သည်။
ထိုအထဲမှ တစ်ဦးမှာ နွေးထွေးသော အပြုံးပိုင်ရှင် ချောမောခန့်ညားသည့် လူငယ်လေး တစ်ဦး ဖြစ်ပြီး၊ ယနေ့မှ ရောက်ရှိလာသော ကျောင်းသားသစ်ဖြစ်ကြောင်း ထင်ရှားသည်။
သူ့နာမည်မှာ ချူလျန်ဖြစ်သည်။
အခြားတစ်ဦးမှာမူ၊ သူ၏ စာအုပ်ကိုင်ဖြစ်ပြီး၊ မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးဖြင့် သူ၏ဘေးတွင် ရပ်နေချေသည်။
ချူလျန်နှင့်စာအုပ်ကိုင် နှစ်ဦးစလုံးသည် လူအုပ်ထဲမှ သာမန်ကြည့်ရှုသူများအဖြစ် ဟန်ဆောင်နေကြပုံ ရသည်။
စုန့်ချင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး ချူလျန်ကို စူးစိုက်ကြည့်လိုက်သည်။ "ရှင်တို့နှစ်ယောက် လက်ချက်လား..."
"ဟူး..." ချူလျန် သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်မိသည်။
တောင်ပိုင်းတောင်တန်းကျောင်းတော်မှ ကျောင်းသားများ ဤမျှ စည်းလုံးညီညွတ်ကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
သူ ခေါင်းကို အလျင်အမြန် ငုံ့လိုက်ပြီး တောင်းပန်စကား ဆိုလိုက်သည်။ "တောင်းပန်ပါတယ် ဆရာမစုန့်... ကျွန်တော် ဒီနေ့မှ ရောက်တာပါ... ယန်ရှောင်ဟူက ကျွန်တော့်ဆီကနေ ဆက်ကြေးငွေ (၁၀)တေးလ် တောင်းပါတယ်...
ငြင်းဆန်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့လို့... အခုလို ထိပ်တိုက်တွေ့ပြီး ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိပါတယ်... ကျွန်တော့်ကို အပြစ်ပေးပါ..."
စုန့်ချင်းရီ ခဏတာ တွေးတောဆင်ခြင်ရင်း တိတ်ဆိတ်သွားသည်။
သူမ စကားမပြောနိုင် ဖြစ်သွားပြီး၊ မူလက ရည်ရွယ်ထားသကဲ့သို့ သူတို့ကို ဆူပူကြိမ်းမောင်းနိုင်ခြင်း မရှိတော့ပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊ သူမ ခပ်တိုးတိုး ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်... အကြမ်းဖက်တာက လက်ခံနိုင်စရာ မရှိဘူး..."
ချူလျန်က လေးနက်စွာ ထပ်ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ မူလရည်ရွယ်ချက်က ပိုက်ဆံပေးပြီး ကိစ္စဖြတ်ဖို့ပါပဲ... ဒါပေမဲ့..
ဒေါသကို မထိန်းနိုင်တော့တဲ့ ကျွန်တော့်ရဲ့ စာအုပ်ကိုင်က စိတ်လိုက်မာန်ပါ ဖြစ်သွားပြီး တခြား (၃)ယောက်နဲ့ ရန်ဖြစ်ခဲ့တာပါ... စိတ်ချပါ... ကျွန်တော်တို့ ပြန်ရောက်တာနဲ့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ပါ့မယ်..."
ထိုသို့ ပြောပြီးနောက်၊ ချူလျန်သည် လင်းပေ့ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
အခြေအနေကို လျင်မြန်စွာ သဘောပေါက်သွားသော လင်းပေ့သည် နာကျင်စွာ အော်ဟစ်သံကို ယုံကြည်လောက်အောင် လုပ်ပြလိုက်သည်။
"အား… သခင်လေး... သူ့မျက်နှာက ကျွန်တော့်လက်ကို အရမ်းကို အပြင်းကြီးလာရိုက်တယ်ဗျာ... ကျွန်တော့်လက် တကယ်ကျိုးသွားသလားတောင် မသိတော့ဘူး... ဆေးကုသမှု ချက်ချင်း ခံယူဖို့ လိုနေပါပြီ…"
"အဲဒီလောက်တောင် ဆိုးတာလား..." ချူလျန်တစ်ယောက် သိသာထင်ရှားစွာ စိုးရိမ်ပူပန်နေပုံ ပေါက်နေပြီး၊ စုန့်ချင်းရီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဆရာမစုန့်... ကျွန်တော့် စာအုပ်ကိုင်အတွက် ဆေးကုသမှု ချက်ချင်း ခံယူဖို့ လိုအပ်နေပါပြီ... တကယ်လို့ နှောင့်နှေးသွားရင်..."
"ကောင်းပါပြီ... ရှင်တို့နှစ်ယောက်လုံး ဆေးကုသမှု သွားခံယူကြပါ..." စုန့်ချင်းရီ လက်လျော့လိုက်ပြီး၊ စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း ထင်ရှားနေသည်။
သူမသည် ချူလျန်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီးနောက်၊ မြေကြီးပေါ်တွင် လဲကျနေသော ယန်ရှောင်ဟူနှင့် သူ၏ အပေါင်းအဖော်များကို ပြောလိုက်သည်။ "မနက်ဖြန် ကျောင်းပြန်တက်တဲ့အခါ... ဒီကိစ္စတွေအားလုံးကို ကျောင်းအုပ်ကြီး ဖြေရှင်းပါလိမ့်မယ်..."
ထပ်မံအချိန်မဖြုန်းတော့ဘဲ၊ ချူလျန်သည် သောက်ကျိုးနည်းဒဏ်ရာရနေသော စာအုပ်ကိုင်လင်းပေ့၊ ယန်ရှောင်ဟူကို တွဲထူထားသည့် လူမိုက် (၂)ဦးတို့နှင့်အတူ ဆေးကုသဆောင်သို့ ထွက်ခွာလာခဲ့ကြသည်။
သို့သော်၊ ယန်ရှောင်ဟူကို တွဲထူထားသော ကျားနက်ဂိုဏ်းမှ လူမိုက် (၂)ဦး သိပ်ဝေးဝေးမရောက်မီမှာပင် နောက်ဘက်မှ အော်ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။
နှစ်ယောက်သား လှည့်ကြည့်လိုက်ရာ၊ စောစောက ပြဿနာရှာသူများကိုပင် တွေ့လိုက်ရသည်။
သူတို့ ထပ်မံရှေ့မတိုးရဲတော့ဘဲ၊ ယန်ရှောင်ဟူကို မြေကြီးပေါ်သို့ ချက်ချင်းပစ်ချလိုက်ပြီး ဒူးထောက်ကာ နားရွက်များကို ကိုင်ထားလိုက်ကြသည်။
"ဒီလောက်ကြီး ကြောက်နေစရာ မလိုပါဘူး..." ချူလျန် ပြုံးပြီး သူတို့ကို ကြည့်ကာ ပြောလိုက်သည်။ "ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စအတွက် ခင်ဗျားတို့မှာ အပြစ်ရှိပေမဲ့... ကျွန်တော်တို့က အကျိုးအကြောင်း နားမလည်တဲ့သူတွေ မဟုတ်ပါဘူးလို့ ပြောမလို့ပါ..."
ထိုသို့ ပြောပြီးနောက်၊ သူသည် လင်းပေ့ဘက်သို့ လက်လှမ်းလိုက်ပြီး မေးလိုက်သည်။ "ဓားဒင်္ဂါးပြား တစ်ပြားပေး..."
လင်းပေ့သည် ဘာဖြစ်နေမှန်း နားမလည်နိုင်သော်လည်း၊ အိတ်ကပ်ထဲမှ ဓားဒင်္ဂါးပြားတစ်ပြား ထုတ်ယူပြီး ချူလျန်ကို ကမ်းပေးလိုက်သည်။
ချူလျန်သည် ဓားဒင်္ဂါးပြားကို လူမိုက်တစ်ဦးထံ ကမ်းပေးလိုက်ပြီး ညွှန်ကြားလိုက်သည်။ "ဒါကို ယူသွားပြီး ခင်ဗျားတို့ ဂိုဏ်းချုပ်ကို ပေးလိုက်ပါ... သူ့သားရဲ့ ဆေးကုသစရိတ်အတွက်လို့ ပြောလိုက်... ခင်ဗျားတို့ ဂိုဏ်းချုပ်ဆီ ကိုယ်တိုင်ကိုယ်ကျရောက်အောင် ပို့ပေးဖို့ သေချာပါစေ..."
"နားလည်ပါပြီ..." လူမိုက် (၂)ဦး ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်ပြီး အလျင်အမြန် ထွက်ပြေးသွားကြသည်။
"ဟေး… ခင်ဗျားတို့ သခင်လေးကို မြေကြီးပေါ်မှာ ထားခဲ့တယ်လေ..." လင်းပေ့ လှမ်းအော်လိုက်သည်။
"ကျေးဇူးပါ... ကျေးဇူးပါ..." လူမိုက် (၂)ဦး အလျင်အမြန် ပြန်ရောက်လာပြီး၊ ဒဏ်ရာရနေသော ယန်ရှောင်ဟူကို ကောက်ယူကာ နောက်တစ်ကြိမ် ထွက်ခွာသွားကြသည်။
လူမိုက်များ အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း၊ လင်းပေ့ မေးလိုက်သည်။ "ဘာလို့ သူတို့ကို ဓားဒင်္ဂါးပြား ပေးလိုက်တာလဲ..."
"အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကာကွယ်ဖို့ပါ..." ချူလျန် ရှင်းပြလိုက်သည်။
"တကယ်လို့ ငါတို့က သားဖြစ်သူကို ရိုက်နှက်လိုက်ရင်... အဖေလုပ်သူက ငါတို့ကို လိုက်ရှာလာနိုင်တယ်... ယန်ရှောင်ဟူရဲ့ အဖေကို ဒင်္ဂါးပြားပေးလိုက်ခြင်းအားဖြင့်... သူက ငါတို့ကို ပြဿနာရှာဖို့ ဝန်လေးသွားပါလိမ့်မယ်..."
"ဒါဆိုရင် ဘာလို့ ငါ့ရဲ့ ဓားဒင်္ဂါးပြားကို ပေးလိုက်ရတာလဲ..." လင်းပေ့ မေးလိုက်သည်။
ချူလျန် လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်၏။
"ငါ့ပိုက်ဆံကို တခြားအသုံးစရိတ်တွေအတွက် လိုအပ်လို့ပါ..."
လင်းပေ့ "…"
...
ညအချိန်…။
ချူလျန်သည် လီကျွယ်ကို သူ၏ အခန်းထဲတွင် ရှာတွေ့လိုက်သည်။ လီကျွယ်သည် တစ်စုံတစ်ခုကို စဉ်းစားရင်း အတွေးလွန်နေချေသည်။
ယနေ့အစောပိုင်းက ချူလျန် စုဆောင်းရရှိခဲ့သော သတင်းအချက်အလက်များအရ၊ လီကျွယ်သည် တစ်ချိန်က ကြိုးစားအားထုတ်သော ကျောင်းသားတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း၊ မကြာသေးမီက တစ်စုံတစ်ခု ပြောင်းလဲသွားပြီး၊ သူ့ကို စိတ်ပျက်အားငယ်သော အခြေအနေတွင် ကျန်ရစ်စေခဲ့သည်။
လီကျွယ်သည် သူ အခန်းထဲ ဝင်လာသည်ကို မြင်လိုက်ရသောအခါ၊ အတွေးထဲမှ ရုန်းထွက်လိုက်ပြီး မေးလိုက်သည်။ "ဘာကိစ္စလဲ..."
ချူလျန်သည် ငွေ (၅)တေးလ်ကို စားပွဲပေါ် တင်လိုက်ပြီး ပြောလိုက်သည်။ "ဒါက ဒီနေ့ ယန်ရှောင်ဟူဆီကနေ ပြန်ယူလာနိုင်ခဲ့တဲ့ ပိုက်ဆံပါ... မင်း သူ့ကို ပေးစရာ မလိုတော့ဘူး... ပြီးတော့ နောက်နောင်လည်း ပေးစရာ လိုတော့မယ် မထင်ဘူး..."
လီကျွယ် ခဏတာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ "ဒီနေ့ ခင်ဗျား သူ့ကို သင်ခန်းစာ ပေးလိုက်တာ ကျွန်တော် မြင်လိုက်ပါတယ်... ကျေးဇူးတင်ပါတယ်..."
"ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူတွေဟာ တရားမျှတစွာ ပြုမူရမယ်လေ... ဒါ ကျွန်တော်တို့ရဲ့ တာဝန်ပါ..." ချူလျန် ပြုံးပြီး ပြန်ဖြေလိုက်သည်။
"အင်း..."
လီကျွယ် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့၊ သူ့အတွေးထဲတွင် ပြန်လည် နစ်မြုပ်သွားသည်။
ရုတ်တရက် ချူလျန် မေးလိုက်သည်။ "သူ သိပ်ကြာကြာ အသက်ရှင်ရတော့မှာ မဟုတ်ဘူးလို့ ဘာကြောင့် ပြောခဲ့တာလဲ..."
"ဟင်..." လီကျွယ် မေးခွန်းကြောင့် အံ့အားသင့်သွားသည်။ သူ၏ အကြည့်များ ရွေ့လျားသွားသော်လည်း၊ ပြန်မဖြေပေ။
"စီတုယန်ကြောင့်လား..." ချူလျန် ထပ်မံ ဖိအားပေး မေးလိုက်သည်။
လီကျွယ် ခေါင်းခါလိုက်သည်။ "ကျွန်တော် မသိဘူး..."
ချူလျန် ဆက်ပြောလိုက်သည်။ "သူတို့ စီတုယန်ကို အနိုင်ကျင့်ခဲ့ဖူးတယ် ဆိုတာ မင်း သိထားလို့ ဒီအကြောင်းကို သိနေတာလား..."
လီကျွယ် အနည်းငယ် စိတ်လှုပ်ရှားလာပုံရပြီး ချူလျန်ကို စိုက်ကြည့်လိုက်သည်။ "ကျေးဇူးပြုပြီး... ထပ်မမေးပါနဲ့တော့..."
"မင်းရဲ့အဖေက မင်းကို ကာကွယ်ပေးဖို့ ငါတို့ကို ငွေအများကြီး ပေးငှားထားပြီး... ရှုတောင်ဂိုဏ်းမှာ အများကြီး ရင်းနှီးမြှုပ်နှံထားတယ်... ငါတို့ ဒီမှာ ကြာကြာနေလေ... ကုန်ကျစရိတ် ပိုများလေပဲ...
ဒီကိစ္စကို စောစောစီးစီး ဖြေရှင်းလိုက်တာ မင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်..." ချူလျန်က တည်ငြိမ်သော်လည်း ဆွဲဆောင်မှု ရှိသော လေသံဖြင့် ပြောလိုက်သည်။ "ငါ မင်းကို တဲ့တိုးပဲ မေးပါရစေ... ကလဲ့စားဝိညာဉ်က စီတုယန်လား..."
"..." လီကျွယ် မျက်မှောင်ကြုတ်လိုက်ပြီး၊ နက်ရှိုင်းစွာ တွေးတောနေပြီးနောက်၊ နောက်ဆုံးတွင် ခေါင်းမော့လိုက်သည်။
"အင်း... သူမ ဖြစ်လောက်တယ်..."
"ဒါဆိုရင်... မင်း ကြောက်လန့်နေတာက... မင်း သူမကို အနိုင်ကျင့်ခဲ့ဖူးလို့လား..." ချူလျန် ဆက်မေးလိုက်သည်။
"ကျွန်တော် မလုပ်ခဲ့ဘူး.." လီကျွယ် ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။
"ကျွန်တော် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး.."
"ဒါဆိုရင်... အနိုင်ကျင့်တဲ့သူတွေက ဘယ်သူတွေလဲ..." ချူလျန် စုံစမ်းမေးမြန်းလိုက်သည်။
လီကျွယ် ခေါင်းကို ကိုင်လိုက်သည်။ သူ မပြောချင်သော အရာများစွာ ရှိနေသကဲ့သို့ပင်…။
သို့သော်၊ နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။ "ကျန်းကုံး.. ဝူရှောင်အန်း.. ယန်ရှောင်ဟူ.. ချန်တ... သူတို့ပဲ... သူတို့က စီတုယန်ကို မကြာခဏ အနိုင်ကျင့်ခဲ့တဲ့သူတွေ..."