အရေခွံခြယ်သရဲ။
Vol. 3 Ch. 23
"အတန်းထဲမှာ စာသင်နေတုန်း လေးစားလောက်စရာ မကောင်းမှာ၊ အရှိန်အဝါမရှိမှာကို ကျွန်မ စိုးရိမ်လို့... အဲဒါကြောင့်..." စုန့်ချင်းရီက ထစ်အစွာ ရှင်းပြလိုက်သည်။
ရုတ်တရက်၊ သူမ၏မျက်နှာထား ပြောင်းလဲသွားပြီး၊ မျက်မှောင်ကြုတ်ကာ "ငါ ဘာလို့ မင်းကို ဒါတွေ ပြောပြနေရတာလဲ... တကယ်လို့ မင်း ဒီဆန်းကြယ်တဲ့အမှုအကြောင်း ပြောမှာ မဟုတ်ရင်... ပြန်လိုက်တော့"
"တောင်းပန်ပါတယ်..." ချူလျန် တောင်းပန်လိုက်ပြီး၊ အပြုံးလေးတစ်ခုက နှုတ်ခမ်းတွင် တွဲခိုနေသည်။ ထို့နောက် သူ အချိန်ဖြုန်းမနေတော့ဘဲ အရေးကြီးသောကိစ္စရပ်ကို ဆွေးနွေးလိုက်သည်။ "ခင်ဗျား ကျောင်းသား (၂)ယောက်ရဲ့ အလောင်းတွေကို စစ်ဆေးပြီးပြီ မဟုတ်လား... ကလဲ့စားဝိညာဉ်ရဲ့ လက်ချက်ဆိုတာ သေချာရဲ့လား..."
"သူတို့ရဲ့ အလောင်းတွေက ကြောက်စရာကောင်းပြီး... ခြောက်ခြားစရာပဲ..." စုန့်ချင်းရီ ပြန်ဖြေသည်။ "သူတို့ဆီမှာ သေခြင်းတရားအရှိန်အဝါ အပြင်းအထန်ကို ရှိနေတယ်... သရဲတစ်ကောင် သတ်လိုက်တယ်ဆိုတာ ငါ သေချာတယ်..."
ထို့နောက် သူမ ခဏတာ ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။ "ဒါပေမဲ့... ငါ ထင်တာက ကလဲ့စားဝိညာဉ်မဟုတ်ဘူး... ပိုအဆင့်မြင့်တဲ့ သရဲဖြစ်ပုံပဲ..."
ကလဲ့စားဝိညာဉ်များတွင် ဉာဏ်ရည်မရှိသလို၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိပေ။ သူတို့သည် ပုံမှန်အားဖြင့် တည်နေရာတစ်ခုတည်းတွင်သာ ပေါ်လာလေ့ရှိပြီး၊ အလွန် ပြင်းထန်သော အငြိုးအတေးများ ရှိနေသော်လည်း၊ ရှုပ်ထွေးသော အပြုအမူများကို ပြသလေ့ မရှိကြပေ။
ကျောင်းသား (၂)ဦးကို နေအိမ်များမှ ရေကန်ဘေးသို့ ရောက်အောင် မျှားခေါ်ပြီးမှ သတ်ဖြတ်ခြင်းသည် ထူးခြားဆန်းကြယ်သော တိုက်ဆိုင်မှုတစ်ခု မဟုတ်လျှင်၊ ကလဲ့စားဝိညာဉ်များ လုပ်ဆောင်လေ့ရှိသည့် အရာမျိုး မဟုတ်ပေ။
"ဒါပေမဲ့ စီတုယန်က ကျင့်ကြံခြင်းစွမ်းရည်မရှိတဲ့ သာမန် မိန်းကလေးတစ်ယောက်လေ..." ချူလျန် မှတ်ချက်ချသည်။
ကျင့်ကြံခြင်းစွမ်းရည်မရှိသော သာမန် လူတစ်ယောက်တွင် အကန့်အသတ် ရှိသော ဝိညာဉ်စွမ်းအားကိုသာ ပိုင်ဆိုင်ပြီး၊ သူတို့သည် နက်ရှိုင်းသော အငြိုးအတေးများ ထားရှိခဲ့လျှင်ပင်၊ အနည်းငယ် ပိုမိုသန်မာသော ကလဲ့စားဝိညာဉ်တစ်ကောင်ထက် ပိုဖြစ်လာနိုင်စရာ အကြောင်း မရှိပေ။
အကယ်၍ မည်သူမဆို အကန့်အသတ်မဲ့စွမ်းအားဖြင့် ဆိုးယုတ်သော သရဲတစ်ကောင်အဖြစ် ပြောင်းလဲနိုင်မည်ဆိုပါက၊ သေဆုံးပြီးချက်ချင်း မယုံနိုင်လောက်အောင် စွမ်းအားကြီးမား လာနိုင်သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
ကံတရားနှင့် ဇွဲရှိသော ကျင့်ကြံအားထုတ်ခြင်းတို့၏ ပေါင်းစပ်မှုမှတဆင့် သေဆုံးသူများ၏စွမ်းအား ဆက်လက် ကြီးထွားလာခြင်းကြောင့်သော်လည်းကောင်း၊ သို့မဟုတ် သက်ရှိထင်ရှား ရှိစဉ်ကတည်းက ကြံ့ခိုင်သောဝိညာဉ်စွမ်းအားနှင့် ကောင်းမွန်စွာ လေ့ကျင့်ထားသော ကျင့်ကြံခြင်းစွမ်းရည်များ ပိုင်ဆိုင်ထားသူများ ဖြစ်ကြသောကြောင့်သော်လည်းကောင်း၊ အဆင့်မြင့် သဘာဝလွန်သတ္တဝါများ ဖြစ်ပေါ်လာကြသည်။
ဤသည်မှာ ငြင်းပယ်၍မရနိုင်သော အမှန်တရားတစ်ခု ဖြစ်သည်။
သို့သော်၊ မကြာသေးမီကမှ ကွယ်လွန်သွားခဲ့သော စီတုယန်သည် ဤစံသတ်မှတ်ချက် နှစ်ခုစလုံးနှင့် မကိုက်ညီကြောင်း ထင်ရှားသည်။
"ဒီတော့.. ဒီကျောင်းသားတွေကို တခြားသရဲတွေ သတ်တာ ဖြစ်ရမယ်..." စုန့်ချင်းရီ ပြောလိုက်သည်။ "မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေရဲ့ ယုတ်မာတဲ့လက်ချက်လည်း ဖြစ်နိုင်တယ်..."
ချူလျန် သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
အချို့သော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသည် အငြိုးအတေးများဖြင့် စွဲကပ်နေသော လူသားဝိညာဉ်များကို လက်နက်များ သို့မဟုတ် ကျင့်ကြံခြင်း အားဖြည့်ကိရိယာများအဖြစ် တမင်သက်သက် သန့်စင်လေ့ရှိကြသည်။ ဤလုပ်ရပ်များသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး၊ လူသားဆန်မှုနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။
ဥပမာအားဖြင့်၊ လက်ရှိတွင် လူကြိုက်များမှု မြင့်တက်နေသော မိစ္ဆာလမ်းစဉ်ကို လိုက်စားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော အမှောင်အုပ်စိုးသူဂိုဏ်းသည် သရဲများကို သန့်စင်ခြင်းမှတဆင့် ပြုလုပ်ထားသော လက်နက်အများအပြားကို ကိုင်ဆောင်အသုံးပြုကြသည်။
ထို့နောက်၊ ချူလျန်သည် လီကျွယ် ပြောပြခဲ့သော ဇာတ်လမ်းအချို့ကို စုန့်ချင်းရီအား မျှဝေလိုက်သည်။
လီကျွယ်နှင့် စီတုယန်တို့ ပါဝင်ပတ်သက်နေသော အဖြစ်အပျက်များကို တမင်သက်သက် ချန်လှပ်ထားခဲ့ပြီး၊ စီတုယန်၏ လက်စားချေမှုအန္တရာယ် ကျရောက်နိုင်သူများ၏ အမည်များကိုသာ သူမအား ပေးအပ်ရန် ရွေးချယ်လိုက်သည်။
"ချန်တနဲ့ ယန်ရှောင်ဟူ..." စုန့်ချင်းရီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မနက်ဖြန် သူတို့နှစ်ယောက်စလုံးဆီ သွားလည်လိုက်မယ်..."
ခေတ္တမျှ စကားပြောဆိုပြီးနောက်၊ ချူလျန်သည် တောင်ကုန်းနောက်ဘက်ခြမ်းမှ ထွက်ခွာလာခဲ့ပြီး၊ ယန်ကျိုးမြို့ရှိ လီအိမ်တော်သို့ ပြန်လာခဲ့သည်။
"ဒါဆို ဆရာမစုန့်က မွန်မြတ်သူများခန်းမဆောင် အဖွဲ့ဝင်တစ်ယောက်ပေါ့..." လင်းပေ့ အနည်းငယ် အံ့အားသင့်သွားသည်။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်း အဆင့်သတ်မှတ်ချက်တွင်၊ ကွန်ဖြူးရှပ်ဂိုဏ်း နှစ်ခုသာ ရှိသည်။
ပထမတစ်ခုမှာ ယွီဧကရာဇ်၏ ပိုင်နက်နယ်မြေအတွင်း ပါရမီရှင်များကို ပြုစုပျိုးထောင်ရန် ရည်စူးထားသော၊ နန်းတွင်းနှင့် နီးကပ်စွာဆက်နွှယ်နေသည့် နဂါးပျံကျောင်းတော်ဖြစ်သည်။ ဒုတိယတစ်ခုမှာ အတော်လေး လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်နေသည့် မွန်မြတ်သူများခန်းမဆောင်ပင် ဖြစ်သည်။
ကျန်းနန်ရှိ မွန်မြတ်သူများခန်းမဆောင်သည် ထင်ရှားကျော်ကြားသော ကွန်ဖြူးရှပ်ပညာရှင် အနည်းငယ်၏ ကြိုးပမ်းအားထုတ်မှုများမှ အစပြုခဲ့သည်။ ထိုခေတ်ကာလတွင်၊ ထင်ရှားသော ပညာရှင်အများအပြားသည် ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ရန်နှင့် ဗဟုသုတများမျှဝေရန် ကျန်းနန်ရှိ မြူနှင်းမိုးမဏ္ဍပ်တွင် မကြာခဏ စုဝေးလေ့ ရှိကြသည်။
ဤစုဝေးမှုသည် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုနှင့် လေးစားမှုကို ရရှိခဲ့သည်။ နောက်ပိုင်းတွင်၊ သူတို့၏ အသိအမှတ်ပြုမှုရရှိသော အခြား ထူးချွန်သည့် ကွန်ဖြူးရှပ်ပညာရှင်များကို ဤအဖွဲ့အစည်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြပြီး၊ ဉာဏ်ပညာဖလှယ်ရာ ဗဟိုဌာနတစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။
အချိန်တန်သောအခါ၊ ထိုအဖွဲ့အစည်းကို မွန်မြတ်သူများခန်းမဆောင်ဟု အမည်ပေးရန် အကြံပြုချက်တစ်ခု တင်သွင်းလာခဲ့သည်။ မိမိတို့၏ ရိုးသားဖြောင့်မတ်မှု၊ ပညာဉာဏ်ကြီးမားမှုနှင့် ကျင့်ကြံခြင်းစွမ်းရည်များအတွက် အသိအမှတ်ပြုခံရသော မည်သည့် ကွန်ဖြူးရှပ်ပညာရှင်မဆို သူတို့၏အမည်ကို မွန်မြတ်သူများခန်းမဆောင်တွင် ကမ္ပည်းတင်ခွင့် ရှိစေရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤအပြုအမူသည် သူတို့၏အမွေအနှစ်ကို မျိုးဆက်သစ်များအတွက် ထိန်းသိမ်းထားရန်နှင့် ထာဝရတည်တံ့စေရန် ရည်ရွယ်သည်။
ထိုအချိန်မှစ၍၊ မွန်မြတ်သူများခန်းမဆောင်သည် ကွန်ဖြူးရှပ်ဝါဒအတွက် အမွေအနှစ်ခန်းမဆောင် တစ်ခု ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သော ကွန်ဖြူးရှပ်ပညာရှင်များသည် သူတို့၏အမည်များကို မွန်မြတ်သူများခန်းမဆောင်တွင် ကမ္ပည်းတင်ခံရရေးကို တစ်သက်သာ ရည်မှန်းချက်တစ်ခု အဖြစ် ထားရှိကြသည်။
နောက်ဆုံးတွင်၊ ကျန်းနန်ရှိ မွန်မြတ်သူများခန်းမဆောင်သည် ၎င်း၏ ထူးခြားသော ကိုယ်ပိုင်အမွေအနှစ်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီး မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
"ကွန်ဖြူးရှပ်ဂိုဏ်းက ကျောင်းတော်မှာ ဖြစ်ပျက်နေတဲ့ ဆန်းကြယ်တဲ့အမှုကို ကိုင်တွယ်ဖြေရှင်းနေတာ ဆိုတော့... ငါတို့ သိပ်ပြီး စိတ်ပူစရာ မလိုတော့ဘူး..." ချူလျန် မှတ်ချက်ချလိုက်သည်။
"ကွန်ဖြူးရှပ်ဝါဒက ကြီးမြတ်တယ်..." လင်းပေ့ တစ်စုံတစ်ရာကို တွေးတောမိလိုက်ပုံရပြီး၊ ထူးဆန်းသော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။ "ငါ ကွန်ဖြူးရှပ်တွေကို ချစ်တယ်..."
...
"ချန်တ သေပြီ ဟုတ်လား..."
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင်၊ စုန့်ချင်းရီသည် စိတ်မသက်မသာဖြစ်ဖွယ် သတင်းစကားဖြင့် ချူလျန်နှင့် လင်းပေ့တို့ကို လာရောက်ရှာဖွေသည်။
သူမသည် မနက်ပိုင်းအတန်းများ ပြီးဆုံးပြီးနောက်၊ ဆရာမတစ်ဦး၏ တာဝန်ဝတ္တရားကို ကျေပွန်သည့်အနေဖြင့်ဟု အကြောင်းပြကာ ကျောင်းသားချန်တ၏ နေအိမ်သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုနေရာတွင် ချန်မိသားစုနေအိမ်၏ ဆိတ်သုဉ်းဝမ်းနည်းဖွယ်မြင်ကွင်းကိုသာ သူမ မျက်မြင်တွေ့ရှိခဲ့ရသည်။
"ဒီအမှုက တော်တော် ထူးဆန်းတယ်..." ဆရာမစုန့်သည် လေးနက်သော အမူအရာဖြင့် စကားစလိုက်သည်။
သူမ ဇာတ်ကြောင်းပြန်ပြောပြနေစဉ်၊ ချူလျန်နှင့် လင်းပေ့တို့ ဂရုတစိုက် နားထောင်နေကြသည်။
"ချန်မိသားစုဝင်တွေ ပြောတာကတော့... ကျန်းကုံးနဲ့ ဝူရှောင်အန်း သေသွားပြီးကတည်းက... ချန်တ အခန်းအပြင်ကို မထွက်ရဲတော့ဘူး... သူ့အခန်းသူ သော့ပိတ်ထားခဲ့တယ်တဲ့... သူ့မိဘတွေ ထမင်းဟင်းသွားပို့တဲ့ အချိန်ကျမှပဲ သူ့ကို တွေ့ရတာတဲ့..."
"မနေ့ညက ချန်တအဖေက သူ့သားဆီ ထမင်းသွားပို့တဲ့အချိန်... သူ့မိန်းမက လင်ဗန်းတစ်ချပ်ကိုင်ပြီး အခန်းထဲ ဝင်သွားတာကို မြင်လိုက်ရတယ်တဲ့... ချန်တအဖေက ထူးဆန်းတယ်လို့ ထင်ခဲ့တယ်... ဘာလို့လဲဆိုတော့ ချန်တဆီ ထမင်းသွားပို့ဖို့ သူ့မိန်းမက သူ့ကို ခိုင်းထားတာလေ... ဒါကြောင့် ဘာလို့ သူမကိုယ်တိုင် ထမင်းသွားပို့နေရတာလဲ ဆိုတာ သူ နားမလည်နိုင်ခဲ့ဘူး..."
"ဒါပေမဲ့ ချန်တအဖေ အခန်းထဲ ပြန်ရောက်တဲ့အခါ... သူ့မိန်းမက အိပ်ရာပေါ်မှာ အိပ်နေတာကို တွေ့လိုက်ရတယ်..."
"ချန်တအဖေက မကောင်းတာ တစ်ခုခုတော့ ဖြစ်ခဲ့ပြီဆိုတာ ချက်ချင်း သဘောပေါက်လိုက်တယ်... သူ ချန်တရဲ့ အခန်းကို ပြေးသွားပြီး ကြည့်လိုက်တော့... တစ်ကိုယ်လုံး မည်းတူးနေအောင် မီးလောင်ကျွမ်းထားတဲ့ ချန်တ မြေကြီးပေါ်မှာ လဲကျနေတာကို တွေ့လိုက်ရတယ်... မီးလောင်ပြီး သေသွားရတာ ထင်ရှားတယ်..."
"ဒါပေမဲ့... အခန်းထဲမှာ မီးနဲ့ ပတ်သက်တဲ့ အနံ့အသက် လုံးဝမကျန်ရစ်ခဲ့သလို... မီးလောင်ပျက်စီးထားတဲ့ လက္ခဏာလည်း မရှိဘူး... ထူးခြားတာက... ချန်တက အကူအညီတောင်း အော်ဟစ်တာမျိုးလည်း မရှိခဲ့ဘူး... ဒီအတိုင်းလေး မီးလောင်သေသွားတာ... မီးလောင်ရတဲ့ အရင်းအမြစ်ကိုလည်း မသိရဘူး..."
"ကျွန်မ သူ့အလောင်းကို စစ်ဆေးပြီးပြီ... သေခြင်းတရားအရှိန်အဝါ ပြင်းထန်နေတယ်... သရဲလက်ချက်ဆိုတာ ထင်ရှားတယ်..."
စုန့်ချင်းရီသည် မည်သည့် လျှို့ဝှက်ချက်မျှမထားဘဲ အခြေအနေတစ်ခုလုံးကို ရှင်းပြလိုက်သည်။
သူမအမြင်တွင်၊ ဤအမှုကို စောစီးစွာ ဖြေရှင်းနိုင်လေ ပိုကောင်းလေဖြစ်ပြီး၊ လူများများကူညီပေးနိုင်လျှင် ပိုမိုအကျိုးရှိမည်ဟု ယူဆသည်။
"ချန်တအခန်းထဲ ဝင်သွားတဲ့ဇနီးသည်... ချန်တအဖေ မြင်လိုက်ရတဲ့သူက... အယောင်ဆောင်ထားတဲ့ သရဲတစ်ကောင်ပဲ..." ချူလျန် ခဏတာတွေးတောလိုက်ပြီး ဆက်ပြောလိုက်သည်။ "တခြားလူတွေ အသွင်ယူနိုင်တဲ့ သရဲက သိပ်မများပါဘူး..."
လူသားအဖြစ် အသွင်ပြောင်းနိုင်သော ရုပ်ပြောင်းရုပ်လွဲအတတ်သည် အထူးတလည် မခက်ခဲလှပေ။ လက်တွေ့တွင်၊ မကောင်းဆိုးဝါး အများအပြားက ဤအရာကို လုပ်ဆောင်နိုင်ပေသည်။
သို့သော်၊ တစ်စုံတစ်ယောက်၏ ပုံစံအတိုင်း အတိအကျ ရုပ်သွင်ပြောင်းလဲရန်မှာမူ အလွန်အမင်း ခက်ခဲလှသည်။
အသွင်ပြောင်းလဲခြင်း တန်ခိုးစွမ်းရည်မျိုး ပိုင်ဆိုင်ထားရန်၊ သို့မဟုတ် ထူးခြားသော မျိုးရိုးစွမ်းရည် လိုအပ်သည်။
ဤစွမ်းရည်ကို မြေခွေးမိစ္ဆာများနှင့် သရဲအမျိုးအစားတစ်ခုတွင်သာ အတွေ့ရများသည်။
"အရေခွံခြယ်သရဲ" လင်းပေ့ ရုတ်တရက် အော်ဟစ်လိုက်သည်။
"မှန်တယ်... အရေခွံခြယ်သရဲကသာ သူတို့ ဖြစ်ချင်တဲ့သူအဖြစ် သဏ္ဌာန်ပြောင်းလဲနိုင်တာ... ကျောင်းသား (၂)ယောက်ကို အရေခွံခြယ်သရဲက ရေကန်ဆီ မျှားခေါ်သွားတာ ဖြစ်ရမယ်..." စုန့်ချင်းရီ ကောက်ချက်ချလိုက်သည်။
သို့သော်၊ မကြာသေးမီကမှ သေဆုံးသွားသော စီတုယန်သည် ဤမျှ စွမ်းအားကြီးမားသော တန်ခိုးပါရမီပိုင်ဆိုင်သည့် အရေခွံခြယ်သရဲတစ်ကောင် မည်သို့ ဖြစ်လာရသနည်း။
အကယ်၍ ဤသေဆုံးမှုများအတွက် တာဝန်ရှိသောသတ္တဝါသည် စီတုယန်မဟုတ်ခဲ့လျှင်၊ သားကောင်အားလုံးသည် စီတုယန် လက်စားချေလိုသော ပုဂ္ဂိုလ်များ ဘာကြောင့် ဖြစ်နေရသနည်း။
အရေခွံခြယ်သရဲသည် ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ပြီး ရှာဖွေရန်ခက်ခဲသည်။ ဤအရာသည် ကလဲ့စားဝိညာဉ်တစ်ကောင်ထက် အဆ(၁၀၀) ပိုမို၍ ကိုင်တွယ်ရခက်ခဲသည်။
စုန့်ချင်းရီ မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေကြောင့် စိတ်ပျက်နေကြောင်း ထင်ရှားသည်။
"ဆရာမစုန့်... စိတ်မပူပါနဲ့… ရှုတောင်ဂိုဏ်းတပည့်တွေအနေနဲ့... မကောင်းဆိုးဝါးကို သုတ်သင်ပြီး တရားမျှတမှုကို ဖော်ဆောင်တာက ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာတာဝန်ပါ... ဒီမိစ္ဆာကောင်ကို ဆက်ပြီး လူသတ်ခွင့်ပြုထားမှာ မဟုတ်ပါဘူး... ကူညီဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်" လင်းပေ့က ရင်ဘတ်ကိုပုတ်ရင်း ကတိပေးလိုက်သည်။
ချူလျန်နှင့် လင်းပေ့တို့ လီအိမ်တော်သို့ ပြန်ရောက်သောအခါ၊ လင်းပေ့သည် ချူလျန်ကို စိုက်ကြည့်လိုက်သည်။
"ဆရာသမား... အကြံဉာဏ်လေး ပေးပါဦး…" သူ စိုးရိမ်တကြီး တောင်းပန်ရှာသည်။ "မင်း ဉာဏ်ကောင်းမှန်းသိလို့ ဒီတာဝန်မှာ မင်းကို တမင်ခေါ်လာခဲ့တာ..."
"ဒါပေမဲ့.. ဆရာမစုန့်ကို ကတိပေးလိုက်တာ မင်းလေ... ဘာလို့ ငါ့ လာမေးနေတာလဲ..." ချူလျန် အပြုံးဖြင့် မေးလိုက်သည်။ "ငါတို့ရဲ့ တာဝန်က လီကျွယ်ကို ကာကွယ်ပေးဖို့ပဲလို့ ထင်ထားတာ..."
"ဆရာမစုန့်ရဲ့ လှပချိုမြိန်တဲ့အပြုံးလေးကို မမြင်ချင်ဘူးလားကွာ..." လင်းပေ့ အလောသုံးဆယ် မေးလိုက်သည်။
"ငါက မိစ္ဆာတွေကို နှိမ်နင်းချင်ရုံပဲ..." ချူလျန် ရက်စက်စွာ ပြန်ဖြေလိုက်သည်။
ချူလျန်တွင် ကူညီရန် ဆန္ဒရှိကြောင်း ထင်ရှားသည်။ မည်သို့ပင်ဖြစ်စေ၊ အရေခွံခြယ်သရဲရှိနေခြင်းသည် ကမ္ဘာလောကအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပြီး၊ တတ်နိုင်သမျှအမြန်ဆုံး အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန် လိုအပ်ပေသည်။
ခဏတာ စဉ်းစားတွေးတောပြီးနောက်၊ "ဒီ အရေခွံခြယ်သရဲရဲ့ ဇာစ်မြစ်က ဘာပဲဖြစ်ဖြစ်... သူ့ရဲ့ လှုပ်ရှားမှုတွေက စီတုယန် လက်စားချေလိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကိုက်ညီနေတယ်... သူ့ရဲ့ ပုံစံကို ငါတို့ နားလည်ထားပြီဆိုတော့... သူရည်ရွယ်ထားတဲ့ ပစ်မှတ်တွေကို အကာအကွယ်ပေးလိုက်ရင် သူ့ကို သေချာပေါက် ဖမ်းဆီးနိုင်မှာပဲ..."
ထိုသို့ ပြောပြီးနောက်၊ သူ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "လီကျွယ်ကို စောင့်ကြည့်ထား... ငါ ယန်ရှောင်ဟူကို သွားတွေ့လိုက်မယ်..."
"ဘာလို့ အမြဲတမ်း မင်းပဲ အပြင်ထွက်နေရတာလဲ... မနေ့ညကလည်း မင်း အပြင်ထွက်ပြီး ဆရာမစုန့်နဲ့ ဆုံခဲ့တယ်... ဒီနေ့ ငါ အပြင်ထွက်ချင်တယ်" လင်းပေ့က မတ်တပ်ရပ်ရင်း ကန့်ကွက်သည်။
ချူလျန် ပြန်ဖြေလိုက်သည်။ "ငါ့မှာ အရေခွံခြယ်သရဲကို ခွဲခြားသိမြင်နိုင်တဲ့ ပစ္စည်းရှိတယ်... မင်းမှာ ရှိလား..."
လင်းပေ့ တိတ်ဆိတ်သွားချေသည်။
ထို့နောက် ပြန်ထိုင်လိုက်ပြီး "ကောင်းပြီလေ... အဲဒီလိုဆိုရင်... ငါ့အတွက် ညလယ်စာမုန့်နည်းနည်း ဝယ်လာခဲ့ပေး..."
ထို့နောက်၊ ချူလျန်တစ်ယောက် ယန်ရှောင်ဟူ၏ နေအိမ်သို့ ထွက်ခွာသွားသည်။ ယန်ရှောင်ဟူ၏ သူငယ်ချင်းတစ်ဦးအဖြစ် မိတ်ဆက်လိုက်ပြီး၊ ဒဏ်ရာအခြေအနေကို လာရောက်မေးမြန်းခြင်း ဖြစ်ကြောင်း ပြောလိုက်သည်။
သို့သော်၊ ယန်အိမ်တော်မှ အစေခံက ယန်ရှောင်ဟူတစ်ယောက် အပျော်အပါးရှာရန် အပြင်ထွက်သွားကြောင်း ပြောပြလေသည်။
ယန်ရှောင်ဟူ မနေ့က ခံစားခဲ့ရသော ပြင်းထန်သည့် ရိုက်နှက်မှုကို ထည့်သွင်းစဉ်းစားပါက၊ သူ ကျောင်းမပြန်နိုင်သေးဘဲ အိမ်၌သာ ပြန်လည်သက်သာအောင် နေနေရမည်ဟု ချူလျန် ယူဆထားခဲ့သည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ၊ ယန်ရှောင်ဟူသည် အပြင်ထွက်ကာ ပျော်ပါးနေပြီ ဖြစ်သည်။
'ဒီကောင်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ယုံနိုင်စရာမရှိလောက်အောင် သန်မာတာပဲ...'
ကိုယ့်ဘာသာ တွေးတောလိုက်ပြီးနောက်၊ မမေးသင့်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ယန်ရှောင်ဟူ အပျော်အပါးသွားရှာတာ ဘယ်နေရာလဲ..."
အစေခံက ပြုံးပြီး ပြန်ဖြေလိုက်သည်။
"သခင်လေးအကြောင်း ခင်ဗျား သိပ်မသိဘူးထင်ရဲ့... သေချာပေါက် သက်တံလမင်းဧည့်ခန်းဆောင်ကိုပေါ့ဗျာ…"