မင်းတော့ ဒုက္ခအကြီးအကျယ် ရောက်နေပြီ။
Vol. 3 Ch. 24
သက်တံလမင်း ဧည့်ခန်းဆောင်သည် ယန်ကျိုးမြို့၏ အကြီးဆုံး ပြည့်တန်ဆာစံအိမ်ဖြစ်ပြီး၊ မြို့ရှိ လူယဉ်ကျေးများနှင့် ပညာတတ်များစုဝေးရာ လူကြိုက်များသော နေရာတစ်ခု ဖြစ်သည်။
ဤကမ္ဘာလောကတွင်၊ ပြည့်တန်ဆာစံအိမ်နှင့် ဆောင်ကြာမြိုင်တို့အကြား ခြားနားချက်သည် သိသာထင်ရှား၏။
ဆောင်ကြာမြိုင်ဆိုသည်မှာ အသွေးအသားဆိုင်ရာ ရင်းနှီးမှုဖလှယ်ရန် သီးသန့် ရည်ရွယ်ထားသော နေရာဖြစ်ပြီး၊ ပုံမှန်အားဖြင့် အတိုင်းအတာ သေးငယ်ကာ သိုသိပ်စွာ တည်ရှိသည်။ ယခင်က ချူလျန် ဝင်ရောက်စီးနင်းခဲ့ဖူးသော ပင့်ကူမိစ္ဆာ၏ ဆောင်ကြာမြိုင်ကဲ့သို့ပင်၊ ၎င်းသည် မြို့အစွန် မထင်မရှားနေရာများတွင် တည်ရှိလေသည်။
ဆန့်ကျင်ဘက်အားဖြင့်၊ ပြည့်တန်ဆာစံအိမ်သည် အနုပညာစွမ်းရည်များကို ရောင်းချခြင်းဘက်သို့ ပိုမို ယိမ်းယိုင်ပြီး၊ ပိုမို ကြီးမားသော အတိုင်းအတာနှင့် ပိုမို ထင်ရှားသော လူမှုရေးနှင့်ဖျော်ဖြေရေးကဏ္ဍများ ပါဝင်သည်။
အတွင်းရှိ ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးများသည် ဧည့်သည်များနှင့်အတူ အဖော်ပြုပေးရန်၊ အဖျော်ယမကာများ သောက်သုံးရန်နှင့် ဖျော်ဖြေမှုများကို ခံစားရန် ရှိနေကြခြင်းသာ ဖြစ်၏။
မှန်ပေသည်၊ အကယ်၍ တစ်စုံတစ်ယောက်က အခြားသော တောင်းဆိုမှုများ ပြုလုပ်ရန် အတင်းအကျပ် တောင်းဆိုလာပါက၊ ထိုအမျိုးသမီးများကိုယ်၌လည်း ဆန္ဒရှိလျှင်မူ လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော်၊ ထိုအလွန် လူကြိုက်များသော အဆင့်အတန်းမြင့် အမျိုးသမီးများသည် ထိုကဲ့သို့သော တောင်းဆိုမှုများကို လွယ်ကူစွာ သဘောတူလိမ့်မည် မဟုတ်ပေ။
ငွေကြေးပမာဏ အများအပြား သုံးစွဲလျှင်ပင်၊ အများဆုံးအနေဖြင့် ယဉ်ကျေးသော စကားဝိုင်းများနှင့် ပျော်ရွှင်ဖွယ်စုဝေးမှုများအတွက် အခွင့်အရေးများသာ ရရှိနိုင်သည်။ ပိုမိုနက်ရှိုင်းပြီး အဓိပ္ပာယ်ရှိသော ဆက်ဆံရေးများကိုမူ အလွယ်တကူ ရရှိနိုင်မည် မဟုတ်ပေ။
မကြာသေးမီက၊ ယန်ရှောင်ဟူသည် သက်တံလမင်း ဧည့်ခန်းဆောင်မှ ရို့ရီ အမည်ရှိ လူကြိုက်များသော ကချေသည်တစ်ဦးကို ပိုးပန်းနေသည်။
ချူလျန်သည် ယန်အိမ်တော်အစောင့်ထံမှ ဤသတင်းအချက်အလက်ကို ရရှိခဲ့ခြင်း ဖြစ်၏။ ထိုဦးလေးကြီးသည် ဖော်ရွေသော လူတစ်ယောက် ဖြစ်ပြီး၊ ချူလျန် ယဉ်ကျေးစွာ မေးမြန်းလိုက်သောအခါ၊ သူ သိသမျှအရာအားလုံးကို လိုလိုလားလား မျှဝေပေးခဲ့သည်။
ချူလျန်သည် လေးစားမှု ပြသသောအနေဖြင့်၊ မေးခွန်းများ မမေးမြန်းမီ ငွေ (၂)တေးလ်ကို ကမ်းလှမ်းခဲ့သည်။
ညအချိန်က လျင်မြန်စွာ ချဉ်းကပ်လာချေပြီ။
သက်တံလမင်း ဧည့်ခန်းဆောင်သို့ ရောက်ရှိသောအခါ၊ ပထမထပ်သည် သာယာနာပျော်ဖွယ် ဂီတသံများ၊ ကျက်သရေရှိသော ကချေသည်များဖြင့် သက်ဝင်လှုပ်ရှားနေသည်။
နူးညံ့သိမ်မွေ့သော ပိုးသားအဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းမလှ အများအပြားသည် ဂီတပညာရှင်များ၏ တီးခတ်မှုနှင့်အတူ ကျက်သရေရှိစွာ ယိမ်းနွဲ့နေကြသည်။
မြေညီထပ်တွင်၊ ဧည့်သည်များသည် စားပွဲဝိုင်းအသီးသီး၌ ထိုင်နေကြပြီး၊ ကျက်သရေရှိသော အမျိုးသမီးများ၏ နှစ်လိုဖွယ်အဖော်ပြုမှုနှင့်အတူ ဂီတသံကို နားဆင်ရင်း အစားအစာများကို မြည်းစမ်းနေကြသည်။
ဒုတိယထပ်တွင်၊ ပုတီးစေ့လိုက်ကာများဖြင့် သီးသန့် အခန်းငယ်များကို ပိုင်းခြားထားသော မျက်စိပသာဒရှိသည့် ထိုင်ခုံအခင်းအကျင်းများ ပါရှိလေသည်။
တတိယထပ်တွင်မူ၊ သီးသန့်အခန်းများ ပါဝင်ပြီး၊ ကြွယ်ဝသူများ သို့မဟုတ် နာမည်ကြီးပုဂ္ဂိုလ်များ အများဆုံး လာရောက်လေ့ ရှိကြသည်။
ယန်ရှောင်ဟူသည် ထိုအမျိုးအစား နှစ်ခုစလုံးတွင် ပါဝင်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ထို့ကြောင့်၊ ချူလျန်သည် ဝင်ရောက်လိုက်သည်နှင့်တပြိုင်နက် လှေကားပေါ်သို့ တက်သွားလိုက်သည်။
ချက်ချင်းဆိုသလို၊ ယပ်တောင်ကိုင်ဆောင်ထားသော ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး ချဉ်းကပ်လာပြီး၊ သူမ၏ မျက်လုံးများက တောက်ပနေသည်။
"အိုက်ယား... ဒီမှာ ဧည့်သည်အသစ်တစ်ယောက် ရောက်နေပုံပဲ..." သူမက ချွဲနွဲ့စွာ ပြောလိုက်သည်။
"သခင်လေး… အပေါ်ထပ် ကျွန်မတို့ရဲ့ မိန်းကလေးတွေထဲက တစ်ယောက်ယောက်ရဲ့ အဖော်ပြုမှုကို တောင်းဆိုဖို့ စိတ်ဝင်စားမလား..."
"မင်္ဂလာပါ... ကျွန်တော် လူတစ်ယောက်ကို လာရှာတာပါ..." ချူလျန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ယန်ရှောင်ဟူ အပေါ်ထပ်မှာ ရှိလား..."
"သြော်... သခင်လေးယန်ရဲ့ သူငယ်ချင်းတစ်ယောက်ကိုး... ကျေးဇူးပြုပြီး ခဏစောင့်ပါ... ဧည့်သည်ကို လိုက်ပို့ပေးဖို့ တစ်ယောက်ယောက် စီစဉ်ပေးပါ့မယ်..." ဧည့်ခန်းဆောင်တာဝန်ခံက ပြန်ဖြေလိုက်သည်။
ချူလျန်၏ ချောမောသော ရုပ်ရည်၊ ယဉ်ကျေးသိမ်မွေ့သော အမူအရာနှင့် ဆန်းပြားသော လေယူလေသိမ်းတို့သည် ကူညီလိုစိတ် ဖြစ်ပေါ်လာစေရန် အခန်းကဏ္ဍ တစ်ခု ပါဝင်ခဲ့ပုံ ရသည်။ သူသည် ပြဿနာရှာမည့်ပုံ မပေါက်သော၊ ယဉ်ကျေးသော လူကြီးလူကောင်း တစ်ဦးကဲ့သို့ ထင်ရချေသည်။
သူမသည် လူငယ်အစေခံတစ်ဦးကို ရှေ့ထွက်လာရန် အချက်ပြလိုက်ပြီး၊ တတိယထပ်ရှိ သီးသန့်အခန်းတစ်ခု အပြင်ဘက်သို့ ချူလျန်အား လိုက်ပါပို့ဆောင်ပေးရန် ညွှန်ကြားလိုက်သည်။
ထင်ရှားသော နားထင်ရိုးများရှိသည့် တောင့်တင်းသန်မာသော အမျိုးသား (၂)ဦးသည် သီးသန့်အခန်း အပြင်ဘက်တွင် စောင့်ကြပ်နေကြပြီး၊ ယန်ရှောင်ဟူ၏ ကိုယ်ရံတော် အသစ်များအဖြစ် တာဝန်ထမ်းဆောင်နေကြကြောင်း ထင်ရှားပေသည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်များသည် ချူလျန် ကြုံတွေ့ခဲ့ရဖူးသော လူမိုက် (၂)ဦးထက် သာလွန်ကြောင်း သိသာထင်ရှားလှသည်။
"ကျေးဇူးပြုပြီး ခဏစောင့်ပါ... သခင်လေး... ကျွန်တော် အထဲဝင်ပြီး အကြောင်းကြားပေးပါ့မယ်..." အစေခံက ပြောလိုက်သည်။
"ရပါတယ်... ကျွန်တော် ကိုယ့်ဘာသာပဲ ဝင်သွားလိုက်မယ်..." ချူလျန်က ကြင်နာစွာ ငြင်းပယ်လိုက်ပြီး တစ်ယောက်တည်းသာ အခန်းဆီသို့ ချဉ်းကပ်သွားလိုက်သည်။
ကိုယ်ရံတော် (၂)ဦးသည် ခြိမ်းခြောက်နေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေချေသည်။ ချူလျန် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်နှင့်၊ သူတို့သည် သူစိမ်းများကို လာမရှုပ်သင့်ကြောင်း သတင်းစကားပေးပို့သည့် ကြီးစိုးသောအမူအရာကို ချက်ချင်း ပြသလိုက်ကြသည်။
သို့သော်ငြား၊ ချူလျန်အား မခြောက်လှန့်နိုင်ခဲ့ပေ။ သူ ဆက်လက် ချဉ်းကပ်သွားပြီး ရိုသေလေးစားသော ပုံစံဖြင့် မေးလိုက်သည်။ "မင်္ဂလာပါ... ကျွန်တော် ယန်ရှောင်ဟူကို လာတွေ့တာပါ... ကျွန်တော်က သူ့အတန်းဖော်ပါ..."
"အတန်းဖော်.." ဘယ်ဘက်မှ ကိုယ်ရံတော်က မျက်မှောင်ကြုတ်လိုက်သည်။ "သခင်လေးက ဘယ်သူ့ကိုမှ မတွေ့ဘူးလို့ ပြောထားတယ်..."
ညာဘက်မှ ကိုယ်ရံတော်က ပိုမိုပြတ်သားပြီး အေးစက်စွာ ပြောလိုက်သည်။ "ထွက်သွားစမ်း..."
"သိပါပြီ..." ချူလျန်က ဖျော့တော့သော အပြုံးဖြင့် ပြန်ဖြေလိုက်တော့သည်။
...
"မိန်းကလေးရို့ရီ ဘယ်တော့ ရောက်လာမှာလဲ..." ယန်ရှောင်ဟူက သီးသန့်အခန်းအတွင်း မေးလိုက်ပြီး၊ မကျေနပ်မှုကို ပြသလိုက်သည်။
သူ့ဘေးတွင် တောက်ပသော ဝတ်စုံများ ဝတ်ဆင်ထားသည့် မိန်းမငယ် (၂)ဦး ရှိနေပြီး၊ နှစ်ဦးစလုံးသည် စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့နေကြပုံ ပေါက်နေသည်။
အာဏာရှင်သခင်လေး အချိန်မရွေး ဒေါသပေါက်ကွဲလာမည်ကို ကြောက်ရွံ့နေသကဲ့သို့ တုန်လှုပ်နေကြသည်။
"ရို့ရီက လက်ရှိ တခြားဧည့်သည် တစ်ယောက်နဲ့ စကားပြောနေလို့ပါ... မကြာခင် ရောက်လာပါလိမ့်မယ်... သခင်လေးယန်... ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါဦး..."
"ငါ သူမအတွက် ငွေတေးလ်ထောင်ချီ သုံးစွဲထားတာ... ငါ့အလှည့် မြန်မြန် ရောက်အောင် မလုပ်ပေးနိုင်ဘူးလား..." ယန်ရှောင်ဟူက ညည်းတွားလိုက်သည်။
သူ၏ မျက်နှာပေါ်ရှိ ဒဏ်ရာဒဏ်ချက်များက ထင်ရှားနေဆဲ ဖြစ်သည်။ ဒေါသတကြီးဖြင့် သူ ဆက်ပြောလိုက်သည်။ "ငါ အခု သောက်ရမ်းကို စိတ်ဓာတ်ကျနေတယ်..."
မနေ့က တောင်ပိုင်းတောင်တန်း ကျောင်းတော်တွင် အရိုက်ခံခဲ့ရသော အရှက်တကွဲဖြစ်မှုကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသဖြင့်၊ အပျော်အပါးရှာရန် ဤနေရာသို့ စောလျင်စွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သို့သော် ရောက်လာပြီးသည့်အခါ၌၊ မိန်းကလေးရို့ရီ မအားလပ်သေးကြောင်းနှင့် သူ စောင့်ဆိုင်းရမည်ဖြစ်ကြောင်းကိုသာ အသိပေးခံခဲ့ရသည်။
သူ ဒေါသပေါက်ကွဲနေစဉ်မှာပင်၊ ရုတ်တရက် တံခါးဝမှ ကျယ်လောင်သော ရိုက်ပုတ်သံများကို ကြားလိုက်ရသည်။ တံခါးပွင့်ထွက်သွားပြီး၊ ကိုယ်ရံတော်များ အခန်းထဲသို့ လွင့်စင်လာလေသည်။
"ဘယ်ကောင်လဲကွ..." ယန်ရှောင်ဟူ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး မေးလိုက်သည်။
"သခင်လေး... သူ အတင်း ဝင်လာဖို့ ကြိုးစားနေလို့... ကျုပ်... ကျုပ်တို့ သူ့ကို မတားနိုင်ဘူး..." ပြန်လည် မတ်တပ်ရပ်နိုင်ခဲ့သော ကိုယ်ရံတော်တစ်ဦးက ရှင်းပြလိုက်သည်။
"ယန်ကျိုးမြို့မှာ... ဘယ်မေဘေးက ငါ ယန်ရှောင်ဟူကို စိန်ခေါ်ရဲတာလဲ..." သူ ဒေါသပေါက်ကွဲလုနီးပါး ဖြစ်နေချေသည်။
ထိုအခိုက်အတန့်တွင်၊ ချူလျန်တစ်ယောက် အခန်းထဲသို့ အေးဆေးသက်သာစွာ ဝင်ရောက်လာ၏။
"ဟိုက်..." ယန်ရှောင်ဟူ၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ကနဦးတွင် သူ ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားပြီးနောက်၊ ယဉ်ကျေးသောအပြုံးတစ်ခုက မျက်နှာပေါ်တွင် ပေါ်လာသည်။ "အစ်ကို... အစ်ကိုချူ... ခင်ဗျားကိုး..."
ယခုအခါ သူ ချူလျန်ကို ကြောက်ရွံ့နေမိသည်။ ချူလျန်ကို မနိုင်သောကြောင့် သာမက၊ ချူလျန် ပေးပို့လိုက်သော ဓားဒင်္ဂါးကို သူ၏ဖခင် မြင်တွေ့လိုက်ရသောအခါ၊ ထိုကဲ့သို့လူမျိုးကို ရန်စ၍ မရနိုင်ကြောင်း တိုက်ရိုက် ပြောဆိုခဲ့သောကြောင့်လည်း ဖြစ်သည်။
လက်စားချေရန်မှာ မဖြစ်နိုင်သောကိစ္စသာ ဖြစ်တော့သည်။
မိမိကို ရိုက်နှက်နိုင်သော လူတစ်ယောက်သည် ကိုယ့်ထက် ပိုမို အင်အားကြီးမားသော နောက်ခံရှိနေသည်ကို သိလိုက်ရသောအခါ၊ အမှန်စင်စစ်အားဖြင့် အတော်လေး စိတ်ပျက်စရာ ကောင်းလှပေသည်။
"ငါ မင်းဆီ အလည်လာတာ... ဒါပေမဲ့ သူတို့က ငါ့ကို ထွက်သွားဖို့ ပြောတယ်လေ..."ချူလျန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီကောင်တွေ တကယ်ကို ယဉ်ကျေးမှုမရှိလိုက်တာ…" ယန်ရှောင်ဟူ မျက်မှောင်ကြုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။ "မင်းတို့နှစ်ကောင်... ထွက်သွားစမ်း…"
နေရင်းထိုင်ရင်း ဆူပူကြိမ်းမောင်းခံလိုက်ရသော ကိုယ်ရံတော် (၂)ဦးသည် စိတ်ပျက်လက်ပျက် ထွက်ခွာသွားရုံမှတပါး ရွေးချယ်စရာမရှိတော့ဘဲ၊ တံခါးကိုပါ ပိတ်ပေးခဲ့ကြသည်။
"အဟဲ... အစ်ကိုချူ... ကျေးဇူးပြုပြီး ထိုင်ပါဦး..." ယန်ရှောင်ဟူက ဖော်လံဖားသော အပြုံးဖြင့် ပြောလိုက်သည်။
"ကျေးဇူးပါ..." ချူလျန် ချဉ်းကပ်သွားပြီးနောက်၊ သူ့ဘေးရှိ မိန်းကလေး (၂)ဦးကို တစ်ချက် ကြည့်လိုက်သည်။
မိန်းကလေးနှစ်ဦးစလုံး အတော်လေး ငယ်ရွယ်ကြပြီး၊ သူမတို့နားလည်ထားသလောက်တွင် ယန်ရှောင်ဟူသည် ယန်ကျိုးမြို့၌ ကြောက်ရွံ့ရဆုံး အာဏာရှင်သခင်လေး ဖြစ်နေပြီ ဖြစ်၏။
ဤချောမောသော လူငယ်လေးက သူ့ကို ဤမျှ ကြောက်ရွံ့အောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
ရလဒ်အနေဖြင့်၊ သူမတို့ ပို၍ပင် ကြောက်ရွံ့လာကြတော့သည်။
သို့သော်၊ ချူလျန်၏နွေးထွေးသော အပြုံးက သူတို့၏ ကြောက်ရွံ့မှုကို လျင်မြန်စွာ ဖယ်ရှားပေးလိုက်လေသည်။
'ဒီလောက် နွေးထွေးတဲ့အပြုံး ပိုင်ဆိုင်ထားတဲ့ လူငယ်လေးတစ်ယောက်က... လူဆိုးတစ်ယောက် မဖြစ်နိုင်ပါဘူး.. ဟုတ်တယ်ဟုတ်...'
"မင်းတို့နှစ်ယောက်ရဲ့ နောက်မှာ ဘာကြီးလဲ..." ကိုလူချောက ဇဝေဇဝါ ဖြစ်နေပုံဖြင့် သူတို့၏ နောက်ကျောဘက်ကို ညွှန်ပြလိုက်သည်။
"ဘာကြီးလဲ..." မိန်းမငယ် (၂)ဦး နောက်လှည့် ကြည့်လိုက်ကြသည်။
ဖောင်း..၊ ဖောင်း…။
အသံအုပ်အုပ် ရိုက်ခတ်သံ (၂)ချက် ထွက်ပေါ်လာပြီး၊ မိန်းမငယ် (၂)ဦး တစ်ယောက်ပြီးတစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားကြသည်။
ချူလျန်သည် ဝင်းလက်နေသော ရွှေရောင်အုတ်ခဲပိုင်းကို ကိုင်ဆောင်လျက် သူတို့နောက်တွင် ရပ်နေပြီး၊ အတော်လေး စိတ်ပျက်နေပုံ ပေါက်နေချေသည်။
"အာ..." ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ရှိလိုက်ရသော ယန်ရှောင်ဟူသည် ပါးစပ်အဟောင်းသားနှင့် ဘာပြောရမှန််းမသိ ဖြစ်သွားရသည်။
သူ အနည်းငယ် ကြောင်အမ်းသွားမိသည်။
ယန်မိသားစုဝင်အားလုံးသည် လောင်းကစားခြင်းနှင့် ဆောင်ကြာမြိုင်သွားခြင်းတို့တွင် ကျွမ်းကျင်သူများ ဖြစ်ကြ၏။
ယန်ရှောင်ဟူ ကလေးဘဝကတည်းက၊ အကြီးအကဲများ မီးအိမ်နီရပ်ကွက်များသို့ လည်ပတ်သောခရီးစဉ်များတွင် လိုက်ပါခဲ့ဖူးပြီး၊ ကိရိယာတန်ဆာပလာမျိုးစုံကို တွေ့ကြုံခဲ့ဖူးသည်။
သို့သော်၊ အုတ်ခဲတစ်လုံးကိုမူ သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင် ဖြစ်သည်။
'ဒါက ဘယ်လိုထူးဆန်းတဲ့ စွဲလမ်းမှုမျိုးကြီးလဲ...'
ထို့နောက်၊ ချူလျန် လက်ထဲရှိ ရွှေရောင်အုတ်ခဲပိုင်းကို စစ်ဆေးနေသည်ကိုသာ သူ ကြည့်နေလိုက်ရသည်။
ချူလျန် အုတ်ခဲကို သိမ်းဆည်းလိုက်ပြီးနောက် ပြောလိုက်သည်။ "စိတ်မပူပါနဲ့... သူတို့ အဆင်ပြေပါတယ်... ဒီအုတ်ခဲက မူးဝေစေတဲ့ အကျိုးသက်ရောက်မှုကိုပဲ ဖြစ်စေတာပါ... ဒါပေမဲ့ မင်း အန္တရာယ်ကြီး ကျရောက်နေတယ်ဆိုတာ မင်း သိလား... အဲဒီအကြောင်း သတိတောင်ထားမိရဲ့လား..."
"အန္တရာယ်ကြီး…" ယန်ရှောင်ဟူ ခဏတာ ရပ်တန့်လိုက်ပြီး ခေါင်းညိတ်လိုက်မိသည်။
‘ဟုတ်တာပေါ့လို့... ခင်ဗျား ဒီမှာရှိနေမှတော့... ကျွန်တော်မှ အန္တရာယ်ကြီး ကျနေတာ မဟုတ်ရင် ဘယ်သူဖြစ်တော့မှာတုန်း...'
"ချန်တ မနေ့ညက သေသွားပြီ... စီတုယန်ကို အနိုင်ကျင့်ခဲ့တဲ့ လူတွေထဲမှာ... မင်းတစ်ယောက်တည်းပဲ ကျန်တော့တယ်..." ချူလျန်က ပြတ်သားစွာ ပြောလိုက်သည်။
"စီတုယန်က အရေခွံခြယ်သရဲအဖြစ် ပြောင်းလဲသွားပြီး... တခြားတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို အသွင်ယူနိုင်တဲ့စွမ်းရည် ရရှိသွားတာ ဖြစ်နိုင်တယ်... သူမက မင်း ပတ်ဝန်းကျင်က ဘယ်သူ့ပုံစံမဆို အယောင်ဆောင်ထားနိုင်တယ်..."
"ဗျာ..." ယန်ရှောင်ဟူ လန့်ဖျပ်သွားသည်။
စီတုယန် ကလဲ့စားဝိညာဉ်တစ်ကောင် ဖြစ်လာသည့် ဇာတ်လမ်းများအကြောင်း သူ ကြားဖူးသော်လည်း၊ များစွာ အာရုံမစိုက်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ၊ သူသည် ထိုလူများနှင့် မတူညီဟု သူ့ကိုယ်သူ ယူဆထားသည်။ သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ အဆင့်မြင့်ကျင့်ကြံသူများ၏ ကာကွယ်မှုကို ရရှိထားသည်။
ကျားနက်ဂိုဏ်းတွင် ရှိနေစဉ်၊ မည်သည့် ကလဲ့စားဝိညာဉ်ကမျှ သူ့ကို အန္တရာယ် ပေးနိုင်စရာ အကြောင်းမရှိဟု ထင်ထားခဲ့သည်။
သို့သော်...။
အကယ်၍ စီတုယန်သည် ဒဏ္ဍာရီလာ အရေခွံခြယ်သရဲသာ အမှန်တကယ် ဖြစ်လာခဲ့လျှင်၊ ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော သူ့အသက်ကို အလွယ်တကူ ခြိမ်းခြောက်နိုင်သည်။
ချူလျန်က မည်မျှပင် ခြိမ်းခြောက်နိုင်သည်ဖြစ်စေ၊ သူ လုပ်နိုင်သည်မှာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုပေးခြင်းသာ ဖြစ်၏။ သို့သော် သရဲတစ်ကောင်ဆိုလျှင်မူ၊ သူ့အသက်ကို ယူဆောင်သွားနိုင်ပေသည်။
အခြေအနေ၏ လေးနက်မှုကို သူ ချက်ချင်း နားလည်သဘောပေါက်လိုက်ပြီး၊ ချူလျန်က သူ့အား ကူညီရန် ရောက်လာခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူ လျင်မြန်စွာ မေးလိုက်သည်။ "အစ်ကိုချူ... ကျွန်တော့်ကို ကူညီပေးနိုင်မလား..."
"ငါ မင်းကို လာကယ်တာပါ..." ချူလျန်က သူ့ကို အာမခံလိုက်သည်။
"အရေခွံခြယ်သရဲက မင်းကို ပစ်မှတ်ထားနေတယ်လို့ ငါ သံသယရှိတယ်... အဲဒါကြောင့် မင်းကို လာရှာတာပဲ... ငါ့မှာ အရေခွံခြယ်သရဲကို ရှာဖွေနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်... ဒီည မင်းအနားကို ချဉ်းကပ်လာတဲ့ ဘယ်သူ့ကိုမဆို ငါ စစ်ဆေးပေးမယ်..."
"ကောင်းပါပြီ..." ယန်ရှောင်ဟူ စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး၊ ကြမ်းပြင်ပေါ်ရှိ မိန်းကလေး (၂)ဦးကို ညွှန်ပြလိုက်သည်။
"အစ်ကိုချူ... သူတို့ကို မြန်မြန် စစ်ဆေးပေးပါဦး..."
ချူလျန် ခဏတာနှုတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
"အဲ...ငါ သူတို့ကို စစ်ဆေးပြီးပြီ..."