ထွက်ပေါ်လာပြီ။
Vol. 3 Ch. 26
"ချူလျန်... သောက်ပြဿနာတော့ တက်ပြီ..."
လင်းပေ့တစ်ယောက် အခန်းထဲသို့ ဒုန်းစိုင်းဝင်ရောက်လာသည်။
သူ့ပုံစံသည် အလောသုံးဆယ်ဖြစ်နေပြီး၊ အခန်းထဲမှ မြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင်မူ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
လင်းပေ့ မှတ်ချက်ချလိုက်မိသည်။
"အိုး... မိန်းကလေးစုန့်လည်း ရှိနေတာပဲ.. ဒီမှာ တော်တော် စည်ကားနေပါလား.."
အခန်းထဲတွင် မတ်တတ်ရပ်နေသူများနှင့် လဲနေသူများကို ပေါင်းလိုက်လျှင် မာကျောက်ကစားဝိုင်း တစ်ဝိုင်းစာပင် ရနိုင်လေသည်။
"မင်း ဘာလို့ ဒီရောက်နေတာလဲ… လီကျွယ်ကရော…" ချူလျန်က မေးလိုက်သည်။
"လီကျွယ် ပျောက်သွားပြီ…" လင်းပေ့က အရေးတကြီး ဖြေလိုက်သည်။
"ဟေ" ချူလျန် အာမေဋိတ်ပြုလိုက်မိသည်။
လင်းပေ့က ရှင်းပြလေသည်။ "ငါ အပြင်ကနေ စောင့်ကြည့်နေတာ... အတော်ကြာတဲ့အထိ အထဲက ဘာလှုပ်ရှားမှုမှ မကြားရဘူး… ထူးဆန်းတယ်ဆိုပြီး တံခါးခေါက်ကြည့်လိုက်တော့မှ ပြတင်းပေါက် ပွင့်နေတာ တွေ့လိုက်ရတယ်.. လီကျွယ် ဘယ်ရောက်သွားလဲ ငါလည်း မသိတော့ဘူး… ဒါနဲ့ မင်းဆီကို အမြန်ပြေးလာခဲ့တာပဲ…"
"ထူးထူးခြားခြား အသံတွေဘာတွေရော မကြားရဘူးလား…" ချူလျန် မေးလိုက်သည်။
"မကြားဘူး" လင်းပေ့က ခေါင်းခါလိုက်သည်။
"ထူးဆန်းတဲ့ အငွေ့အသက်တွေ.. အသံတွေ ဘာမှမရှိဘူး… ငါထင်တာတော့ သူကိုယ်တိုင် ခိုးထွက်သွားတာ ဖြစ်လောက်တယ်… ဒါပေမဲ့ သူ ဘာကိစ္စနဲ့ အဲဒီလို လုပ်ရတာလဲဆိုတာ ငါ နားမလည်နိုင်ဘူး…"
ချူလျန်၏ ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်လိုက်သည်။
ထို့နောက် သူ ပြောလိုက်သည်။
"သူ တစ်ခုခု ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်… လီကျွယ်က စီတုယန်ရဲ့ သားကောင်လည်း ဖြစ်နိုင်သေးတယ်... အခု သူဘယ်ရောက်နေလဲ ငါတို့ မသိရဘူး… ဘယ်လို ဆက်လုပ်ကြမလဲ…"
"ကျွန်မ... ကျွန်မ ကူညီပေးနိုင်မယ် ထင်တယ်…"
စုန့်ချင်းရီက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ခင်ဗျားမှာ လီကျွယ်ကို ရှာနိုင်တဲ့ နည်းလမ်းရှိလို့လား" လင်းပေ့နှင့် ချူလျန်တို့ နှစ်ဦးစလုံး သူမကို လှမ်းကြည့်လိုက်ကြသည်။
"အင်း…"
စုန့်ချင်းရီက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
ထို့နောက်၊ သူမက လက်ကိုမြှောက်ကာ ရွှေရောင်စက္ကူတစ်ပိုင်းကို ထုတ်လိုက်သည်။ ထိုစက္ကူမှာ ဗလာဖြစ်နေပုံရသော်လည်း သိမ်မွေ့သော အသက်စွမ်းအား အငွေ့အသက်များ ထွက်ပေါ်နေချေသည်။
သူမက ညာလက်ဖြင့် စုတ်တံကိုင်၍ စာရေးသကဲ့သို့ ဟန်လုပ်ကာ စက္ကူပိုင်းပေါ်တွင် လက်ချောင်းများဖြင့် ဖွဖွလေး လှုပ်ရှားလိုက်သည်။
ရုတ်တရက် အနီရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး၊ သူမ၏ လက်ချောင်းထိပ်များ ရွေ့လျားရာနောက်သို့ လိုက်ကာ စာလုံးများ စတင် ဖြစ်ပေါ်လာချေသည်။
လီ... ကျွယ်...။
နာမည်ကို ရေးသားပြီးနောက် စုန့်ချင်းရီသည် ရွှေရောင်စက္ကူပိုင်းကို လေထဲသို့ ပစ်မြှောက်လိုက်သည်။
စက္ကူပိုင်းသည် လေထဲတွင် သုံးပတ်တိတိ လည်သွားပြီးနောက် ဦးတည်ရာကို ရှာတွေ့သွားပုံရသည်။ ထို့နောက် တောက်ပသောအလင်းရောင်နှင့်အတူ အောက်သို့ ပြန်ဆင်းလာပြီး၊ ညွှန်ပြရာ အရပ်မျက်နှာအတိုင်း ပြတင်းပေါက်မှတဆင့် ပျံထွက်သွားလေသည်။
"လိုက်ကြစို့…"
လမ်းပြနေသည့် အလင်းတန်းနောက်သို့ လိုက်ရန် စုန့်ချင်းရီက ပြောလိုက်ပြီး၊ စက္ကူပိုင်းနောက်မှ ထပ်ကြပ်မကွာ ပြတင်းပေါက်မှတဆင့် ပျံသန်းထွက်ခွာသွားသည်။
"တစ်ယောက်ယောက်ကတော့ ယန်ရှောင်ဟူကို စောင့်ရှောက်ဖို့ ဒီမှာ ကျန်ခဲ့မှ ဖြစ်မယ်…"
ချူလျန်က ယန်ရှောင်ဟူကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"ငါနေခဲ့မယ်" ဤတစ်ကြိမ်တွင် လင်းပေ့က တာဝန်ယူလိုက်သည်။
ချူလျန် ခေါင်းညိတ်လိုက်ပြီး စုန့်ချင်းရီနောက်သို့ လိုက်ကာ ပျံသန်းထွက်ခွာသွားသည်။
အခန်းထဲတွင် ယန်ရှောင်ဟူနှင့် လင်းပေ့တို့သာ ကျန်ရစ်ခဲ့ပြီး၊ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြတော့သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယန်ရှောင်ဟူက သတိထားပြီး မေးလိုက်သည်။
"အဲဒါဆို... အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲဟင်…"
လင်းပေ့က ခဏမျှ စဉ်းစားလိုက်ပြီး "အရင်ဆုံး စားစရာတွေ မှာလိုက်ကြတာပေါ့…"
"ဗျာ" ယန်ရှောင်ဟူ ကြောင်သွားသည်။
လင်းပေ့က ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး မှီထိုင်လိုက်သည်။
"ပြီးရင် သူတို့ကို နှိုးမယ်… သီချင်းဆိုမယ်… ကကြမယ်လေ…"
"အဲဒါ ကောင်းပါ့မလားဗျာ…" ယန်ရှောင်ဟူက ခေါင်းကုတ်ရင်း မေးလိုက်သည်။
"ကျွန်တော်က အန္တရာယ်ရှိနေတုန်း မဟုတ်ဘူးလား…"
"ငါရှိနေသရွေ့ မပူစမ်းနဲ့…"
လင်းပေ့က သူ့ပခုံးကို ပုတ်ရင်း ပြောလိုက်ချေသည်။
"ငါ စောင့်ကြည့်ပေးနေတဲ့သူတစ်ယောက် ဒုက္ခရောက်သွားတယ် ဆိုပေမဲ့... အဲဒါက မတော်တဆမှုတစ်ခုရယ်.. ဒီတစ်ခါတော့ အောင်မြင်မယ်လို့ မျှော်လင့်တယ်..."
...
တချိန်တည်းမှာပင် အခြားတစ်နေရာ၌..။
ချူလျန်နှင့် စုန့်ချင်းရီတို့သည် ရွှေရောင်ကျမ်းစာတစ်ပိုင်းနောက်သို့ လိုက်ရင်း လေထဲမှတဆင့် ယန်ကျိုးမြို့အပြင်ဘက်သို့ ပျံသန်းလာကြသည်။
လမ်းခရီးတွင် ချူလျန်တစ်ယောက် မချီးကျူးဘဲ မနေနိုင်တော့ပေ။
"မိန်းကလေးစုန့်... ခင်ဗျားရဲ့ ဒီမှော်ဝင်ပစ္စည်းက တော်တော်အဆင်ပြေတာပဲ… လူနာမည်ကို သိနေသရွေ့ ခင်ဗျား ခြေရာခံလို့မရတဲ့သူ မရှိသလောက်ပဲနော်…"
"အဲဒီလိုတော့လည်း မဟုတ်ပါဘူး… ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်မားသေးတော့ ယန်ကျိုးမြို့ အတိုင်းအတာလောက်ပဲ ခြေရာခံနိုင်ပါသေးတယ်…" စုန့်ချင်းရီက ရှင်းပြသည်။
"ဒါတောင် တော်တော်မိုက်နေပါပြီ…" ချူလျန် ပြန်ပြောလိုက်သည်။
စုန့်ချင်းရီက ထပ်ပြောသည်။ "ဒီရွှေရောင်ကျမ်းစာတစ်ပိုင်းက ဒီတာဝန်အတွက် ဆရာပေးလိုက်တဲ့ အကာအကွယ်ပစ္စည်းပါ… သူ့မှာ တခြား အံ့ဖွယ်အသုံးပြုပုံတွေ အများကြီးရှိပေမဲ့… ကျွန်မက သေချာ မကျွမ်းကျင်သေးပါဘူး…"
ချူလျန် ခဏမျှ တိတ်ဆိတ်သွားမိသည်။
သူမမှာ တကယ်ကောင်းတဲ့ ဆရာတစ်ယောက် ရှိတာပဲ…။
သောက်ကျိုးနည်း... ငါ ဘာလို့ ဝမ်းနည်းနေမိတာပါလိမ့်…။
သို့သော်…
ချူလျန် နားလည်ထားသည်မှာ ယင်းသည် တိနွီဖုန့်၏ ပြဿနာသက်သက် မဟုတ်ကြောင်းပင်။
ရှုတောင်ဂိုဏ်းတွင် တပည့်တစ်ဦးသည် ထူးခြားသော ပါရမီရှင်ဖြစ်နေလျှင် သို့မဟုတ် ကြီးကျယ်သော လုပ်ရပ်များ လုပ်ဆောင်ထားလျှင်မှသာ ဆရာဖြစ်သူထံမှ မှော်ရတနာများ ရရှိတတ်သည်။
ငွေဓားတောင်ထွတ်သာမက ဤအချက်သည် အမှန်တရားပင် ဖြစ်၏။
သို့သော် တခြားသော အင်မော်တယ်ဂိုဏ်းများတွင်မူ မှော်ဝင်ပစ္စည်းများ လက်ဆောင်ပေးခြင်းက အလွန်တရာ သမားရိုးကျသော ကိစ္စတစ်ခုသာ ဖြစ်လေသည်။
အဓိကကွာခြားချက်မှာ ဂိုဏ်းအသီးသီး၏ မတူညီသော ကျင့်ကြံခြင်းလမ်းစဉ်များကြောင့်ပင်။
အထူးသဖြင့် အဓိက လမ်းစဉ်ကြီးသုံးခုနှင့် ဆက်နွှယ်နေသော ဂိုဏ်းများတွင် ပိုမိုသိသာပေသည်။
ထိုဂိုဏ်းများအနက်၊ ကွန်ဖြူးရှပ်ဝါဒကို လိုက်နာသော ကျင့်ကြံသူများသည် အခြား လမ်းစဉ်ကြီးနှစ်ခု၏ သွန်သင်ချက်များကို လိုက်နာသူများနှင့် ကွဲပြားခြားနားကြသည်။
တန်ခိုးစွမ်းအားများကို ကျင့်ကြံခြင်းအပြင် ကွန်ဖြူးရှပ်ဝါဒသည် အသိပညာနှင့် ကိုယ်ကျင့်တရားအပေါ် ပိုမို အလေးထားသည်။ ထိုလက္ခဏာရပ်ကို မွန်မြတ်သူများခန်းမဆောင်တွင် အထူးထင်ရှားစွာ တွေ့မြင်နိုင်သည်။
စုန့်ချင်းရီ၏ ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် အခြား အင်မော်တယ်ဂိုဏ်းများ၌ ဤမျှလောက် အာရုံစိုက်ခံရမည် မဟုတ်ပေ။
သို့သော် မွန်မြတ်သူများခန်းမဆောင်အတွင်း၌မူ၊ သူမ၏ ထူးချွန်သော အသိပညာနှင့် ကိုယ်ကျင့်တရားများကြောင့် အကြီးအကဲများနှင့် စီနီယာတပည့်များ၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှေရောင်ကျမ်းစာတစ်ပိုင်းသည် များစွာ မြန်မြန်ဆန်ဆန် ပျံသန်းခြင်း မရှိပေ။
အချိန်အတန်ကြာပြီးနောက် ၎င်းသည် ရင်းနှီးနေသော နေရာတစ်ခုသို့ ဦးတည်သွားလေသည်။ ထိုနေရာမှာ ကျောင်းတော်နောက်ဘက် တောင်ကုန်းရှိ ရေကန်ကြီးပင် ဖြစ်၏။
"ဟိုမှာ လီကျွယ်..." စုန့်ချင်းရီက တီးတိုးပြောလိုက်သည်။
"မလောနဲ့ဦး… အရင်ဆုံး စောင့်ကြည့်ရအောင်…"
လီကျွယ်ရှိနေကြောင်း အတည်ပြုပြီးသည်နှင့် စုန့်ချင်းရီက သူမ၏ မှော်ပစ္စည်းကို ပြန်သိမ်းလိုက်သည်။
သူတို့နှစ်ဦးသား သတိထားကာ ရှေ့တိုးသွားကြစဉ် ညကောင်းကင်ယံသည် တိတ်ဆိတ်ငြိမ်သက်နေချေသည်။
မကြာမီမှာပင် ရေကန်ဘေးရှိ ပိန်ပါးသော အရိပ်တစ်ခုကို သူတို့ တွေ့လိုက်ရတော့သည်။
"ဘာလို့လဲ..." ပိန်ပါးသောပုံရိပ်က ရေပြင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
အသံနှင့် ပုံသဏ္ဌာန်အရ အမှန်ပင် လီကျွယ်ဖြစ်နေသည်။
"မင်းက ဘာလို့များ အသက်ပေါင်းများစွာကို နှုတ်ယူသွားရတာလဲ..." လီကျွယ်၏ အသံထဲတွင် နာကျင်ခံစားရမှုများ ပြည့်နှက်နေသည်။
"မင်းသေရတာက ငါ့ကြောင့်ပါ… မင်း ငါ့ကို တိုက်ရိုက် လာသတ်လို့ ရသားနဲ့… ဘာလို့များ တခြားလူတွေရဲ့ အသက်တွေကို လိုက်နှုတ်ယူနေရတာလဲ…"
ချူလျန်က သူ့ကို တိတ်တဆိတ်အကဲခတ်ရင်း မျက်လုံးများ အရောင်တောက်သွားသည်။
"ဟမ်..."
သူ ထင်ထားသည့်အတိုင်း၊ လီကျွယ်သည် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားခဲ့ချေသည်။
လီကျွယ် ဆက်ပြောလိုက်သည်။ "အဲဒီနေ့တုန်းက မင်း ငါ့ကို ကြိုးနဲ့တုပ်ပြီး မျက်နှာကို ဖျက်စီးဖို့ ကြိုးစားခဲ့တယ်… ငါ သိပ်ကြောက်သွားခဲ့တာ… ငါ ရုန်းကန်ရင်းနဲ့ မတော်တဆ မင်းကို ရေကန်ထဲ တွန်းချမိခဲ့တယ်… အရမ်းကြောက်နေမိလို့ ငါ အိမ်ကို ထွက်ပြေးခဲ့မိတယ်…”
"ကြာတော့မှ ငါ တွေးမိတာက... ရေကန်ထဲ ပြုတ်ကျသွားတဲ့ မင်း အန္တရာယ်ရှိနိုင်တယ် ဆိုတာကိုပဲ... ငါ ပြန်လာကြည့်ဖို့လုပ်ချိန်မှာ တခြားလူတွေဆီက ကြားလိုက်ရတာက ရေကန်ထဲမှာ လူတစ်ယောက် ရေနစ်သေသွားတယ်တဲ့…”
"အဲဒါ မတော်တဆမှုတစ်ခုဆိုပေမဲ့ မင်းသေအောင် ငါလုပ်မိခဲ့တာပါ…”
"ဒီရက်ပိုင်းတွေမှာ ငါ အမြဲတမ်း ကြောက်လန့်ပြီး နေခဲ့ရတယ်... အမှန်တရားကို ရှောင်ပြေးရင်းနဲ့ပေါ့... ဒါပေမဲ့ ငါ ဆက်ပြီး မပြေးနိုင်တော့ပါဘူး…”
"စီတုယန်... မင်းသာ တကယ် သရဲဖြစ်သွားပြီဆိုရင် ငါ့ကိုပဲ ကလဲ့စား လာချေလှည့်ပါ… တခြားလူတွေကိုတော့ မင်းရဲ့ လက်စားချေမှုကနေ လွှတ်ပေးလိုက်ပါတော့…"
ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသော သူ၏အသံသည် လေနှင့်အတူ ပါလာပြီး၊ ချူလျန်နှင့် စုန့်ချင်းရီတို့၏ နားထဲသို့ ရောက်ရှိလာသည်။
စီတုယန်တစ်ယောက် ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်း မဟုတ်ဘဲ၊ လီကျွယ်က သူမကို ရေနစ်သေဆုံးအောင် တိုက်ရိုက်လုပ်ဆောင်ခဲ့မိခြင်း ဖြစ်ကြောင်း ထင်ရှားသွားလေပြီ။
လီကျွယ်တစ်ယောက် အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့နေခဲ့ရသနည်း ဆိုသည်မှာ မဆန်းတော့ပေ။
မရည်ရွယ်ဘဲ လူသတ်မိခဲ့သည့် အပြစ်ရှိစိတ်နှင့် ကလဲ့စားဝိညာဉ်ကို ကြောက်ရွံ့သည့် စိတ်တို့ကြောင့် ရက်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံနေခဲ့ရခြင်း ဖြစ်၏။
ယနေ့တွင်မူ သူသည် ဆက်လက်မခံစားနိုင်တော့ဘဲ ဤနေရာသို့ ရောက်လာခဲ့ပုံရလေသည်။
သို့သော် တစ်ယောက်တည်း အချိန်အတော်ကြာ စကားပြောပြီးသည့်တိုင် ထူးထူးခြားခြား ဘာမှ ဖြစ်မလာပေ။
လီကျွယ်က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။
"မင်း ဒီမှာ မရှိတာလား... ဒါမှမဟုတ် ကိုယ်ထင်မပြချင်တာလား… ကောင်းပြီလေ... အဲဒီလိုဆိုရင်လည်း ငါ့အပြစ်အတွက် ငါကိုယ်တိုင်ပဲ ပြန်ပေးဆပ်ပါတော့မယ်..."
ကိုယ့်ဘာသာ တီးတိုးရေရွတ်ရင်း သူ ထရပ်လိုက်ကာ အောက်ဘက်ရှိ ရေကန်ဆီသို့ ဦးတည်သွားလိုက်သည်။
သူ့အသက်သူ အဆုံးစီရင်တော့မည့်ပုံပင်။
"လီ..."
စုန့်ချင်းရီ ဝင်တားရန် ပြင်လိုက်သော်လည်း ချူလျန်က သူမကို ပြန်ဆွဲထားလိုက်သည်။
"ခဏလောက် စောင့်ဦး" ချူလျန်က တီးတိုးပြောလိုက်သည်။
လီကျွယ် ရေကန်အစွန်းသို့ ရောက်သည်နှင့် တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
ထိုတုံ့ဆိုင်းမှုက ကြာကြာမခံလိုက်ပေ...
သူ ဆုံးဖြတ်ချက် ချလိုက်ပြီး ရေထဲသို့ ခုန်ချလိုက်တော့သည်။
စုန့်ချင်းရီ ဝင်ကယ်ရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက် အေးစက်သော လေပြင်းတစ်ခုက ထိုနေရာတစ်ဝိုက်ကို ဖြတ်တိုက်သွားလေသည်။
လေပြင်းများကြောင့် ငြိမ်သက်နေသော ရေကန်မျက်နှာပြင်တွင် လှိုင်းဂယက်များ ထလာချေသည်။
အရပ်မျက်နှာ အသီးသီးမှ ရောက်ရှိလာပုံရသော အေးခဲလေညင်းများက လေထဲတွင် ရောက်နေသော လီကျွယ်ကို ဝိုင်းရံလိုက်ပြီး ကမ်းစပ်ဆီသို့ ပြန်လည် တွန်းပို့လိုက်ကြသည်။
ဘုတ်…။
လီကျွယ် မြေကြီးပေါ်သို့ ပြုတ်ကျသွားသော်လည်း လျင်မြန်စွာ ပြန်ထလိုက်သည်။
"စီတုယန်... မင်းလား…"
လှည့်ပတ်တိုက်ခတ်နေသော အေးစက်သည့် လေများက နေရာတစ်ခုတည်းတွင် စုစည်းသွားပြီး၊ သူ့ရှေ့၌ လူသဏ္ဌာန်ဖြစ်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း ပြန်လည် ပျောက်ကွယ်သွားလေသည်။
မှုန်ဝါးဝါး ဝိညာဉ်ပုံရိပ်တစ်ခုသာ မူလနေရာတွင် ကျန်ရစ်ခဲ့၏။
၎င်းမှာ ကွန်ဖြူးရှပ်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမမျက်နှာတစ်ဝက်တွင် ထင်ရှားသော အမာရွတ်များ ရှိနေသည်။ သူမသည် ကောလာဟလသတင်းများထဲမှ စီတုယန်မှလွဲ၍ အခြားသူ မဖြစ်နိုင်တော့ပေ။
လီကျွယ်သည် သူ အချိန်အကြာကြီး ကြောက်ရွံ့နေခဲ့ရသော သရဲနှင့် ဆုံတွေ့လိုက်ရလေပြီ။
သူ့ပုံစံက စိတ်သက်သာရာ ရသွားသည့်ဟန်ပေါ်လာပြီး ပြောလိုက်သည်။
"နောက်ဆုံးတော့ မင်း ငါ့ကို လာတွေ့ပြီပဲ…"
ချူလျန်နှင့် စုန့်ချင်းရီတို့ကမူ အမြင့်ဆုံး သတိအနေအထားသို့ ရောက်ရှိသွားကြသည်။
ပြင်းထန်လှသော သေခြင်းတရားအငွေ့အသက်များအရ ယင်းသည် သာမန် ကလဲ့စားဝိညာဉ်တစ်ကောင် မဟုတ်ကြောင်း ညွှန်ပြနေသည်။
ထင်ရှားပြတ်သားလှသော ပုံသဏ္ဌာန်ပေါ်လာခြင်းကလည်း ထိုအချက်ကို အတည်ပြုနေသည်။
သူမ ဤမျှ စွမ်းအားကြီးမားသွားစေရန် မည်သို့ ဖြစ်ပျက်ခဲ့သည်အား သူတို့ မသိကြသော်လည်း...
တစ်ခုတော့ သေချာသွားချေပြီ။
စီတုယန်သည် အမှန်တကယ်ပင် အရေခွံခြယ်သရဲ ဖြစ်နေခြင်းပင်…။