ဖျက်စီးခံရခြင်း။
Vol. 3 Ch. 27
အေးစက်သော လေများ တိုက်ခတ်လာပြီး သရဲပုံရိပ်က ထင်ရှားလာသည်။
သေဆုံးသွားသော မိန်းကလေးက သူ့ရှေ့တွင် တစ်ဖန်ပြန်၍ ရပ်နေလေ၏။
သို့သော် လီကျွယ်သည် အံ့သြစရာကောင်းလောက်အောင်ပင် ကြောက်ရွံ့မှု မရှိဘဲ ထိုအရာအားလုံးကို ရင်ဆိုင်နေချေသည်။
ဖြစ်နိုင်သည်မှာ သေခြင်းတရား သို့မဟုတ် သဘာဝလွန် သတ္တဝါများ ဖြစ်နေသည့်တိုင် အတွင်းစိတ်မှ မိမိကိုယ်ကိုယ် မေးခွန်းထုတ်နေသည့် ဒုက္ခနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့သောကြောင့် ဖြစ်ပေလိမ့်မည်။
စီတုယန်၏ ဝိညာဉ်ဝင်စားပုံရိပ်က နောက်ဆုံးတွင် အေးချမ်းသောလေသံဖြင့် စကားပြောလာသည်။
"ငါ နင့်ကို အငြိုးမထားပါဘူး… ပြီးတော့ နင့်ကို ငါ မသတ်နိုင်ဘူး…" သူမ၏ အသံသည် ငရဲပြည်မှ တိုက်ခတ်လာသော လေပြင်းကဲ့သို့ အေးစက်နေသည်။
"ငါ..." လီကျွယ် သူမကို စိုက်ကြည့်ရင်း တစ်ခဏမျှ ပြောစရာစကား ပျောက်ရှနေသည်။
ထို့နောက် စီတုယန်က ရုတ်တရက် အရေးတကြီး အော်ပြောလိုက်သည်။ "နင် သွားတော့…"
"မင်း ဘာဖြစ်နေတာလဲ…" လီကျွယ်က ထိတ်လန့်သွားပြီး ကြက်သေ သေသွားပုံရသည်။ သို့သော်ငြား၊ ထွက်မပြေးဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်လျက်သား ရှိနေဆဲပင်။
"အား…"
စီတုယန်က အော်ဟစ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများက သူတို့ပတ်လည်တွင် မြည်ဟီးလာသည်။ ရေကန်ဘေးတစ်ဝိုက်သည် သေလွန်သူတို့၏ နယ်ပယ်ကဲ့သို့ အရိုးခိုက်မတတ် အေးစက်သွားချေသည်။
သူမ၏ မျက်လုံးများမှ တဖြည်းဖြည်းနှင့် ကြက်သွေးရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
သို့သော် သူမသည် ရုန်းကန်နေရင်းမှ မနည်းကြိုးစား၍ ပြောလိုက်သည်။
"မလုပ်နဲ့..."
သူမက ခေါင်းမော့လိုက်ပြီး လီကျွယ်ကို ထပ်မံ အော်ဟစ်လိုက်သည်။ "နင် သွားတော့လို့…"
ထိုအခါမှသာ လီကျွယ်သည် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။ သူ နောက်သို့ ယိုင်နဲ့နဲ့ ဆုတ်သွားပြီး ပြေးရန် ကြိုးစားလိုက်တော့သည်။
သို့သော် သူ ထွက်ခွာသွားသည်နှင့် စီတုယန်၏ ဆံပင်နက်များ ရုတ်တရက် ထောင်မတ်လာပြီး၊ ကြောက်မက်ဖွယ်ကောင်းသော သွေးကြောများဖြင့် ဖုံးလွှမ်းနေသည့် သရဲမျက်နှာကြီးတစ်ခုလုံး ပေါ်ထွက်လာတော့သည်။
"နေခဲ့စမ်း…"
သူမ၏ အသံသည် လုံးဝဥဿုံ အေးစက်သော ခြိမ်းခြောက်သံအဖြစ် ပြောင်းလဲသွားသည်။
သူမ၏ သဘောထားက လုံးဝ ပြောင်းလဲသွားလေပြီ။
သူမ လက်ကိုမြှောက်လိုက်သည်နှင့် ချက်ချင်းဆိုသလို လီကျွယ်ရှိရာသို့ ပြေးဝင်သွားလေသည်။
ထိုအချိန်တွင် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော စုန့်ချင်းရီသည်လည်း လက်ပိုက်ကြည့်မနေတော့ပေ။
သူမက ချူလျန်ကို ပြောလိုက်သည်။ "ကျွန်မ ဖြေရှင်းလိုက်မယ်…."
ထိုသို့ ပြောပြီးနောက် သူမ၏ ပုံရိပ်က လှုပ်ရှားသွားပြီး လက်ထဲရှိ ကျောက်စိမ်းပေတံဆီမှ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာသည်။
မွန်မြတ်သူများ ခန်းမဆောင်တွင် လူ့လောက၏ ရတနာတစ်သောင်းစာရင်း ထိပ်တန်း (၁၀၀)စာရင်းဝင် ရှေးဟောင်း တန်ခိုးရှင်လက်နက်တစ်ခုရှိပြီး ၎င်းကို မြစ်တိုင်းတာ ကျောက်စိမ်းပေတံဟု ခေါ်သည်။
စုန့်ချင်းရီ၏ လက်နက်မှာ ထိုမြစ်တိုင်းတာ ကျောက်စိမ်းပေတံကို ပုံတူကူးထားသော နှလုံးသားတိုင်းတာ ပေတံပင် ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် ထိုကဲ့သို့သော ပုံတူပစ္စည်းများ မြောက်မြားစွာ ရှိသော်လည်း ပုံမှန်အားဖြင့် ရတနာပိုင်ရှင် မူလလက်ရင်းကသာ ဖန်တီးနိုင်သည်။ အရည်အသွေးမြင့် ပုံတူပစ္စည်းများသည် များသောအားဖြင့် မူလပစ္စည်းနှင့် အဆင့်တူညီကြသည်။
နှလုံးသားတိုင်းတာ ပေတံသည် ဖြောင့်မတ်မှန်ကန်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး ပစ်မှတ်ကို လျင်မြန်စွာ ရှာတွေ့သွားသည်။ စီတုယန်သည် လီကျွယ်ကို တိုက်ခိုက်ရန် ပြင်နေသော်လည်း မမျှော်လင့်ဘဲ ဝင်ရောက်တိုက်ခိုက်ခံရသဖြင့် ပေတံနှင့် ရိုက်ခတ်ခံရလုနီးပါး ဖြစ်သွားသည်။
ကံကောင်းသည်မှာ ဝိညာဉ်ခန္ဓာကိုယ်ရှိနေသော သရဲဖြစ်သည့်အတွက် ဘေးသို့ ပေအနည်းငယ်မျှ ချက်ချင်း ရွှေ့လိုက်နိုင်ပြီး တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော် စုန့်ချင်းရီ၏ တိုက်ခိုက်မှုက ချက်ချင်းဆိုသလို ထပ်မံ ရောက်ရှိလာသည်။ သူမက ကျောက်စိမ်းပေတံကို ရှေ့သို့ ပစ်လွှတ်လိုက်ရာ စီတုယန်၏ ခါးကို ထိမှန်သွားပြီး မသဲမကွဲ အသံတစ်သံ ထွက်ပေါ်လာသည်။
ဘန်း…။
အရေခွံခြယ်သရဲ၏ ဝိညာဉ်ခန္ဓာကိုယ် ထိခိုက်သွားပြီး မီးခိုးမည်းများ ထွက်ပေါ်လာပြီး မြေကြီးပေါ်သို့ အပြင်းအထန် လဲကျသွားရသည်။
ပေတံသည် စုန့်ချင်းရီ၏ လက်ဝါးပေါ်သို့ ပြန်လည် ရောက်ရှိလာချေသည်။
စုန့်ချင်းရီက အခွင့်ကောင်းယူ၍ သရဲကို လိုက်ဖမ်းရန် ပြင်လိုက်စဉ်၊ ရုတ်တရက် ပုံရိပ်တစ်ခုက ရှေ့သို့ ရောက်လာပြီး သူမ၏ လမ်းကို ပိတ်ဆို့လိုက်သည်။
လီကျွယ်က လက်နှစ်ဖက်ကို ဆန့်တန်းကာ စုန့်ချင်းရီကို တားဆီးထားပြီး ဝမ်းနည်းပက်လက် လေသံဖြင့် တောင်းပန်လိုက်သည်။
"မိန်းကလေးစုန့်... ကျေးဇူးပြုပြီး စီတုယန်ကို မသတ်ပါနဲ့… သူက လူဆိုးမဟုတ်ပါဘူး… သူက သနားစရာကောင်းပါတယ်..."
"လီကျွယ်…" စုန့်ချင်းရီက ကမန်းကတန်း အော်ပြောလိုက်သည်။
"စီတုယန်က သေသွားပြီ… သူက သရဲဖြစ်နေပြီ… တခြား သာမန်ဝိညာဉ်တွေလို ပုံမှန် သံသရာစက်ဝန်းထဲ ဝင်ရောက်နိုင်အောင် သူ့ကို ကူညီပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သူ့ဝိညာဉ်ကို ဖျက်ဆီးပစ်တာပဲ… တကယ်လို့ ငါတို့က သူ့ကို ဒီတိုင်း ဆက်နေခွင့်ပေးထားရင် သူ ဘယ်တော့မှ ပြန်လည်ဝင်စားခွင့် ရမှာမဟုတ်ဘူး…"
"ဗျာ..."
လီကျွယ်တစ်ယောက် ထိုစကားကို ကြားလိုက်သောအခါ တစ်ကိုယ်လုံး တုန်ခါသွားတော့သည်။
စုန့်ချင်းရီ လိမ်ပြောနေခြင်း မဟုတ်ပေ။
ကျင့်ကြံခြင်းလောက၏ ယုံကြည်ချက်အရ သရဲ၏ သဘောသဘာဝ မည်သို့ပင်ရှိစေကာမူ၊ ၎င်းတို့၏ ဝိညာဉ်ကို ဖျက်ဆီးပြီး သံသရာစက်ဝန်းထဲသို့ ပို့ဆောင်ပေးခြင်းသည် ကြီးမားသော ကုသိုလ်တစ်ရပ် ဖြစ်သည်။
ထိုသို့ ခေတ္တရပ်တန့်နေသည့် အချိန်တွင် ကြမ်းပြင်ပေါ် လဲကျနေသော စီတုယန်က သတိပြန်ဝင်လာပြီး စူးရှစွာ အော်ဟစ်လိုက်သည်။ သူမက လက်ကိုမြှောက်ပြီး သူတို့ဆီသို့ အနက်ရောင် စွမ်းအင်တစ်ခု လွှတ်ထုတ်လိုက်လေသည်။
အနက်ရောင် စွမ်းအင်များ လှိမ့်ဝင်လာပြီး ချက်ချင်းပင် မြူခိုးနက်များအဖြစ် ပြောင်းလဲကာ ရေကန်ဘေးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား…" စုန့်ချင်းရီက ချက်ချင်းပင် လေပေါ်သို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး မြူခိုးနက်များ၏ ဖုံးလွှမ်းမှုမှ ရှောင်တိမ်းလိုက်သည်။
သူမသည် ရွှေရောင်စက္ကူတစ်ပိုင်းကို ခေါင်းပေါ်တွင် မြှောက်ကိုင်ထားပြီး၊ အောက်ဘက်ရှိ ဧရိယာကို တောက်ပသော အလင်းရောင်များဖြင့် ဆက်တိုက် လွှမ်းခြုံထားစေကာ မြူခိုးနက်များအတွင်းရှိ အရေခွံခြယ်သရဲကို ထွက်ပြေးခွင့်မရအောင် တားဆီးထားလိုက်သည်။
သို့သော် မြူခိုးနက်များထဲမှ မည်သည့်ပုံရိပ်မှ ထွက်ပေါ်လာခြင်း မရှိပေ။
အချိန်အတန်ကြာသော် လေပြေများ တိုက်ခတ်လာသည်နှင့်အမျှ၊ ရေကန်ဘေးရှိ မြူခိုးနက်များ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး စုန့်ချင်းရီလည်း မြေကြီးပေါ်သို့ ပြန်ဆင်းလိုက်သည်။
ထို့နောက် သူမ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။
လီကျွယ်သည် မြေကြီးပေါ်တွင် ထိုင်လျက် ငေးငိုင်နေပြီး ဖြစ်ပျက်ခဲ့သည့် အရာများကြောင့် တွေဝေမိန်းမောနေပုံရသည်။
သူ့ဘေးတွင် နောက်ထပ် လီကျွယ်တစ်ယောက်ကလည်း တွေဝေမိန်းမောနေသည့်ပုံဖြင့် ဘေးဘီဝဲယာကို ကြည့်နေချေသည်။
အမှန်တကယ်ပင် ရေကန်ဘေး၌ ထပ်တူညီသော လီကျွယ်နှစ်ယောက် ရှိနေလေ၏။
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ…" လီကျွယ်(က) က ထိတ်လန့်တကြား ဖြစ်နေသည်။
လီကျွယ်(ခ) ကလည်း ကြောက်ရွံ့နေသည့် အမူအရာဖြင့် နောက်တစ်ယောက်နှင့် ခပ်ခွာခွာနေလိုက်ပြီး စုန့်ချင်းရီကို လှမ်းကြည့်လိုက်သည်။
"ဆရာမစုန့်..."
စုန့်ချင်းရီက ထပ်တူညီသော လီကျွယ်နှစ်ယောက်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်သူက အစစ်လဲ…”
"ကျွန်တော်က အစစ်ပါ..."
လီကျွယ်(က)နှင့် လီကျွယ်(ခ)တို့ ပြိုင်တူ အော်ပြောလိုက်ကြသည်။
စုန့်ချင်းရီတစ်ယောက် ခဏမျှ ဘာလုပ်ရမှန်း မသိဖြစ်သွားတော့သည်။
ထိုအချိန်တွင် အနီးနားရှိ ခြုံပုတ်များဆီမှ ခြေသံများ ကြားလိုက်ရပြီး၊ ပြုံးရွှင်နေသော မျက်နှာဖြင့် ချောမောသော လူငယ်လေးတစ်ဦး ဖြည်းညှင်းစွာ ထွက်လာလေသည်။
ချူလျန်က လှလှပပ ပွဲထွက်လာခြင်းပင်။
သူသည် လီကျွယ်(က) အနားသို့ သွားပြီး ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော့်မှာ ခွဲခြားနိုင်တဲ့ နည်းလမ်းရှိတယ်… လီကျွယ်အတုက ကျွန်တော့်ကို တစ်ခါမှ မတွေ့ဖူးဘူး… ခင်ဗျားတို့ထဲက ဘယ်သူမဆို ကျွန်တော့်နာမည်ကို မှန်မှန်ကန်ကန် ပြောနိုင်တဲ့သူက လီကျွယ်အစစ်ပဲ…"
"ခင်ဗျားက ချူလျန်လေ.." ချူလျန်၏ ဘေးနားရှိ လီကျွယ်(က)က ချက်ချင်း ဖြေလိုက်သည်။
လီကျွယ်(ခ)မှာမူ ခဏမျှ ကြောင်အမ်းသွားပြီး စကားတစ်ခွန်းမျှမပြောနိုင် ဖြစ်နေတော့သည်။
ထိုအချိန်တွင် ချူလျန်၊ စုန့်ချင်းရီနှင့် လီကျွယ်(က)တို့အားလုံး လီကျွယ်(ခ)ကို စိုက်ကြည့်နေကြသည်။
ထိုအခိုက်အတန့်တွင်ပင် ချူလျန်က ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူသည် ရွှေအုတ်ခဲပိုင်းကို ချိန်သားကိုက် ဝှေ့ယမ်းလိုက်ပြီး လီကျွယ်(က)၏ ခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ ဖောင်းကနဲ အသံကျယ်ကြီး ထွက်ပေါ်လာချေသည်။
ထိုရိုက်ချက် တစ်ချက်တည်းဖြင့် အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာပြီး လီကျွယ်(က)သည် ခေါင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ်လိုက်ရင်း ချက်ချင်းပင် အရေခွံခြယ်သရဲ၏ ပုံပန်းသဏ္ဌာန်သို့ ပြန်လည် ပြောင်းလဲသွားတော့သည်။
ချူလျန်က ၎င်းကို ရုန်းကန်ခွင့် မပေးပေ။ ဘယ်လက်ရှိ အုတ်ခဲဖြင့် လီကျွယ်(က)ကို မူလပုံစံ ပေါ်လာအောင် လုပ်လိုက်ပြီးနောက် ညာလက်ရှိ တောက်ပသောဓားဖြင့် ချက်ချင်း ခုတ်ပိုင်းလိုက်သည်။
ရွှပ်…။
ဓားရှည်က အရေခွံခြယ်သရဲ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်နှင့် ၎င်း၏ ဝိညာဉ်ခန္ဓာကိုယ်အနှံ့ အက်ကြောင်းများ စတင် ပေါ်ပေါက်လာတော့သည်။
"စီတုယန်..." လီကျွယ်က တိုးညှင်းစွာ ခေါ်လိုက်သည်။
အရေခွံခြယ်သရဲက နောက်သို့ လှည့်ကြည့်လိုက်ပြီး လီကျွယ်ကို စိုက်ကြည့်နေသည်။ ၎င်း၏ မျက်ဝန်းများတွင် လွတ်လပ်မှု အရိပ်အယောင်များ ပေါ်နေသည်။
ဘုန်း…။
သရဲ၏ ဝိညာဉ်ခန္ဓာကိုယ် ကြေမွသွားပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။
"ရှင်..." စုန့်ချင်းရီက အနည်းငယ် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"သူက ရှင့်နာမည်ကို ပြောနိုင်ရဲ့သားနဲ့ သူက လီကျွယ်အစစ်မဟုတ်မှန်း ရှင် ဘယ်လိုသိတာလဲ…"
"အဟဲ… ကျွန်တော် တကယ်မသိပါဘူး… ဒီသရဲက ကျောင်းထဲမှာ နေ့တိုင်း ပုန်းအောင်းနေတာဆိုတော့ တစ်ချိန်ချိန်မှာ ကျွန်တော့်နာမည်ကို ကြားဖူးကောင်း ကြားဖူးလိမ့်မယ်လို့ တွေးမိတာပါ…" ချူလျန်က ပြုံး၍ ပြန်ဖြေသည်။
"မေးခွန်းမေးတယ်ဆိုတာ သူ့အနားကပ်ဖို့ နည်းလမ်းတစ်ခုပါပဲ… အုတ်ခဲနဲ့ သေချာရိုက်လိုက်တာက ပိုစိတ်ချရတဲ့ နည်းလမ်းပေါ့လေ…"
"ဒီကိစ္စအတွက် ရှင်ကို တကယ် ကျေးဇူးတင်ရမှာပါ" စုန့်ချင်းရီက ပြောလိုက်သည်။
အကယ်၍သာ ချူလျန်သာ မရှိခဲ့ပါက အရေခွံခြယ်သရဲကြောင့် သူမ တော်တော်လေး ဒုက္ခရောက်နိုင်ပုံ ရှိသည်။
"ကျွန်တော်တို့အားလုံးက ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ကို လိုက်နာတဲ့ ကျင့်ကြံသူတွေလေ… မကောင်းဆိုးဝါးတွေကို ချေမှုန်းဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ…" ချူလျန်က ကျေးဇူးတင်စကားကို ပခုံးတွန့်ကာ တုံ့ပြန်လိုက်သည်။
ရိုးရိုးသားသားဆိုရလျှင်၊ နောက်ဆုံးအချိန်၌ ပြဿနာအနည်းငယ် ဖန်တီးပေးခဲ့သည့် အရေခွံခြယ်သရဲကို သူက ကျေးဇူးတင်ရမည် ဖြစ်သည်။
အကယ်၍ စုန့်ချင်းရီသာ လွယ်လွယ်ကူကူ ဖမ်းမိသွားပါက၊ အထူးသဖြင့် ကွန်ဖြူးရှပ်ဂိုဏ်းများ၏ နယ်မြေအတွင်း ဖြစ်ပွားခြင်း ဖြစ်သည့်အတွက် သူ ဝင်ရောက်စွက်ဖက်ခွင့် ရတော့မည် မဟုတ်ပေ။
အရေခွံခြယ်သရဲက သူ့ကို နောက်ဆုံးအဆုံးသတ်သတ်ခွင့်ရအောင် ယုတ္တိရှိရှိ ဖန်တီးပေးခဲ့သည်။ စုန့်ချင်းရီကပင် သူ့ကို ကျေးဇူးတင်စကား ဆိုနေသေးသည်။
ယင်းသည် တကယ့်ကို အကောင်းဆုံးသော ဇာတ်သိမ်းခန်း မဟုတ်ပါလော။
ထိုနေရာတွင် ဘာလုပ်ရမှန်းမသိ ငေးငိုင်ကျန်ရစ်ခဲ့သူမှာ လီကျွယ်တစ်ဦးတည်းသာ ရှိတော့သည်။ သူသည် စီတုယန် ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ရင်း ဘာလုပ်ရမှန်း မရေမရာ ဖြစ်နေသည်။
ချူလျန်က သူ့အနားသို့ သွားပြီး ပြောလိုက်သည်။ "ခင်ဗျား တကယ်ပဲ အမှန်အတိုင်း ဖြစ်စေချင်တယ်ဆိုရင် အာဏာပိုင်တွေဆီ သွားပြီး မတော်တဆ လူသတ်မှုအကြောင်း ဝန်ခံလိုက်ပါ… ကိုယ့်အသက်ကို အဆုံးစီရင်ဖို့ ကြိုးစားတာက အကျိုးဆက်တွေကို ပျောက်ကွယ်သွားစေမှာ မဟုတ်ဘူး…."
"ဟုတ်ကဲ့..." လီကျွယ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
စုန့်ချင်းရီ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်သန်းနေပြီး စီတုယန်အတွက် စိတ်မကောင်း ဖြစ်နေမိသည်။
သူမ၏ ဘဝက သနားစရာ ကောင်းသော်လည်း အမှားများစွာကို ကျူးလွန်ခဲ့သည့်အတွက် သူမကို မည်သို့ ဆုံးဖြတ်ရမည်ကို စုန့်ချင်းရီတစ်ယောက် မဝေခွဲနိုင် ဖြစ်နေသည်။
ညလေညင်းကြောင့် လှုပ်ခတ်နေသော ငြိမ်သက်နေသည့် ကန်ရေပြင်က သူတို့အားလုံးကို စွမ်းအားမဲ့သလို ခံစားချက်မျိုး ကျန်ရစ်စေခဲ့သည်။
...
"သေစမ်းကွာ…"
ယန်ကျိုးမြို့ရှိ ထိုနေရာနှင့် မနီးမဝေးသော ဧည့်ဂေဟာတစ်ခုတွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ဦးသည် စားပွဲပေါ်ရှိ မီးအိမ်ကို ရုတ်တရက် ရိုက်ချလိုက်သည်။ စားပွဲပေါ်တွင် မီးစာကုန်နေသော အနက်ရောင် ဖယောင်းတိုင်တစ်တိုင် ရှိနေသည်။
ခလွမ်း…။
မီးအိမ်က ကြမ်းပြင်ပေါ်ကျပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရာ အနက်ရောင်ဝတ်လူက အံကို ကြိတ်လိုက်သည်။
"ဒီအရေခွံခြယ်သရဲကို သန့်စင်ဖန်တီးဖို့ ငါ အများကြီး ကြိုးစားခဲ့ရတာ… လာမယ့် ဝိညာဉ်စုဆောင်းပွဲကျရင် ငါ ထိပ်ဆုံးနေရာ ရနိုင်အောင် သူက ငါ့အတွက် လူသားဝိညာဉ်တွေ ပိုစုဆောင်းပေးနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာ.. ဒါက ငါ့အတွက် ရာထူးတိုးဖို့ အခွင့်အရေးပဲ…”
"ရက်ပိုင်းလောက်ပဲ ရှိသေးတယ်.. အခု ပျက်စီးသွားရပြီ...”
"အဲဒီကောင်တွေ သေသင့်တယ်…”
"ငါ့ရဲ့ အရေခွံခြယ်သရဲကို ဖျက်ဆီးရဲလောက်အောင် ဘယ်ကောင်က သတ္တိကောင်းနေလဲ ကြည့်ကြသေးတာပေါ့…"