အကျပ်အတည်း
Vol. 3 Ch. 28
ချူလျန်သည် ယန်ကျိုးမြို့ရှိ လီအိမ်တော်သို့ ပြန်ရောက်သည့်အချိန်တွင်၊ လင်းပေ့တစ်ယောက် ပြန်မရောက်လာသေးပေ။ ထို့ကြောင့် ချူလျန်သည် တင်ပျဉ်ခွေထိုင်၍ တရားမှတ်လိုက်ပြီး၊ ဆုလာဘ်များကို ထုတ်ယူရန် အခွင့်အရေး ယူလိုက်လေ၏။
စေတီတော်ဖြူအတွင်းသို့ ဝင်ရောက်သွားသည့်အခါ အခန်းကျဉ်းတစ်ခုအတွင်း အကျဉ်းချခံထားရသော ရွှေရောင်ဝိညာဉ်အရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။
ယခင်က ချူလျန်သည် စေတီတော်ဖြူမှာ တန်ဖိုးရှိသောပစ္စည်းများ ရရှိရန်အတွက် ဝိညာဉ်များကို သန့်စင်ပေးသော ဆိုးယုတ်သည့် မှော်ဝင်ကိရိယာတစ်ခု ဖြစ်နေမည်လောဟု သံသယဝင်ခဲ့ဖူးသည်။
သို့သော် နောက်ပိုင်းတွင် ထိုသို့မဟုတ်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။
စေတီတော်ဖြူသည် ဝိညာဉ်များ၏ သေဆုံးခြင်းနှင့် ပြန်လည်ဝင်စားခြင်း လုပ်ငန်းစဉ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ စေတီတော်ဖြူမှ သန့်စင်လိုက်သော ရွှေရောင်ဝိညာဉ်အရိပ်များသည် တံဆိပ်ခတ်နှိပ်ထားခြင်းနှင့် ပိုမိုတူညီလှသည်။
၎င်းတို့သည် သူ အမှန်တကယ် သုတ်သင်ခဲ့သော မကောင်းဆိုးဝါးများကို သက်သေပြသည့် မှတ်သားမှုများသာ ဖြစ်ချေသည်။
ယခု သူ၏ရှေ့မှောက်တွင် ရောက်ရှိနေသော အရေခွံခြယ်သရဲနှင့် ယခင်က ကြောင်မိစ္ဆာတို့သည် ယင်းအချက်၏ အကောင်းဆုံး သက်သေသာဓကများ ဖြစ်ကြသည်။
သဘာဝလွန်သတ္တဝါများအဖြစ် ပြောင်းလဲသွားပြီးနောက်၊ ၎င်းတို့သည် ဝိညာဉ်သက်သက်သာ ဖြစ်ကြပြီး၊ အနှစ်သာရအားဖြင့် ရုပ်ခန္ဓာမရှိသော သတ္တဝါများသာ ဖြစ်ကြ၏။
အကယ်၍ စေတီတော်ဖြူသည် သန့်စင်ရန်အတွက် ဝိညာဉ်များကို အမှန်တကယ် ထုတ်ယူခဲ့ခြင်းသာဖြစ်ပါက၊ စေတီတော်ဖြူအတွင်းရှိ ၎င်းတို့၏ပုံပန်းသဏ္ဌာန်နှင့် အခြေအနေသည် စေတီတော်အပြင်ဘက်တွင် ရှိနေစဉ်နှင့် ကွာခြားမှုရှိမည် မဟုတ်ပေ။
သို့သော်ငြား စေတီတော်ဖြူအတွင်း၌ အသိစိတ်ကင်းမဲ့နေသော ရွှေရောင်ဝိညာဉ်အရိပ်များသာ ရှိနေခဲ့သည်။
စေတီတော်ဖြူသည် မိစ္ဆာများကို သုတ်သင်ရန်နှင့် မကောင်းဆိုးဝါးများကို ရှင်းလင်းရန် သူ့အား အားပေးတိုက်တွန်းသော အပြုသဘောဆောင်သည့် မီးရှူးတန်ဆောင်တစ်ခုသာ ဖြစ်ပေသည်။
ထိုအချက်ကို စိတ်ထဲစွဲမှတ်လျက် သူသည် "သန့်စင်ခြင်း" ဟူသော စာလုံးကို ပေါ့ပေါ့ပါးပါး နှိပ်လိုက်လေသည်။
ဝုန်း...။
အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီးနောက်၊ ဆုလာဘ်ပစ္စည်းကို သူ ဖမ်းယူလိုက်ရာ ကြည်လင်တောက်ပသော အဖြူရောင်ကျောက်စိမ်းအဆောင်လက်ဖွဲ့တစ်ခု ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။
[ဝိညာဉ်လဲလှယ်မန္တန် - ဤပစ္စည်းသည် အသက်ရှူချိန် (၃)ချက်စာ ကာလတိုလေးအတွင်း ရုပ်ခန္ဓာရှိသော အခြားသတ္တဝါတစ်ဦးနှင့် ဝိညာဉ်ချင်း လဲလှယ်နိုင်စေသည်။ မျိုးစိတ်မတူသော ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်းသည် သာယာသော အတွေ့အကြုံဖြစ်မည်မဟုတ်သဖြင့်၊ သင်၏မျိုးစိတ်တူ သတ္တဝါများအပေါ်တွင်သာ အသုံးပြုရန် အကြံပြုအပ်ပါသည်။ အသက်ရှူချိန် (၃)ချက်စာ ကြာမြင့်ချိန်သည် အလွန်တိုတောင်းသော်လည်း၊ တစ်ခါတစ်ရံတွင် ထိုမျှလောက်သာ လိုအပ်တတ်ပါသည်။]
ချူလျန် နှုတ်ခမ်းမဲ့လိုက်မိသည်။ သူ ဤဆုလာဘ်အပေါ် အတော်လေး စိတ်ပျက်မိသွားပုံ ရသည်။
တိတိကျကျ ပြောရလျှင် ဤကျောက်စိမ်းအဆောင်လက်ဖွဲ့အမျိုးအစားကို အဆောင်လက်ဖွဲ့တစ်ခုဟု ယူဆ၍ မရနိုင်ပေ။ ၎င်းသည် သိမ်းဆည်းထားသော မန္တန်တစ်ခုနှင့် ပိုမိုတူညီလှသည်။
ကျင့်ကြံသူများသည် ကျောက်စိမ်းအဆောင်လက်ဖွဲ့အတွင်း ၎င်းတို့၏ တန်ခိုးစွမ်းရည်တစ်ခုကို လုံခြုံစွာ သိမ်းဆည်းထားနိုင်ရန် ရှုပ်ထွေးသော နည်းလမ်းတစ်ခုကို အသုံးပြုကြသည်။
လက်ရာမြောက်သော အဆင့်အတန်းဖြင့် ပြုလုပ်ထားသည့် ကျောက်စိမ်းအဆောင်လက်ဖွဲ့များသည် ပိုမိုကောင်းမွန်သော သိမ်းဆည်းနိုင်စွမ်းကို ပေးစွမ်းနိုင်သည်။ ချူလျန် ပိုင်ဆိုင်ထားသော အဖြူရောင်ကျောက်စိမ်းအဆောင်လက်ဖွဲ့ကဲ့သို့သော ပစ္စည်းများသည် နည်းစနစ်၏ စွမ်းအား (၈၀)ရာခိုင်နှုန်းခန့်ကို ထိန်းသိမ်းထားနိုင်သည်။
ဤကျောက်စိမ်းအဆောင်လက်ဖွဲ့များတွင် အံ့သြဖွယ်ရာ အသုံးပြုမှု အချို့ရှိသည်။
ဥပမာအားဖြင့် - ၎င်းတို့ကို ရှုပ်ထွေးသော မန္တန်များအား ချက်ချင်း ရွတ်ဆိုရန် သို့မဟုတ် ကလေးများအတွက် ကာကွယ်ရေးမန္တန်များ သိမ်းဆည်းရန် အသုံးပြုနိုင်သည်။
သို့သော်ငြား ကျောက်စိမ်းအဆောင်လက်ဖွဲ့များကို အသုံးပြုခြင်းတွင် ကန့်သတ်ချက်များစွာ ရှိပြီး၊ ကြားကာလ ကုန်ကျစရိတ်များ မြင့်မားသဖြင့်၊ ၎င်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုကြပေ။
ဝိညာဉ်လဲလှယ်မန္တန်ကို အတွင်း၌ သိမ်းဆည်းထားသော ဤကျောက်စိမ်းအဆောင်လက်ဖွဲ့ကဲ့သို့ပင်။
ချူလျန်သည် ၎င်း၏အသုံးဝင်မှုကို များများစားစား မမြင်မိချေ။
ဗလာဖြစ်နေသော အဖြူရောင်ကျောက်စိမ်းအဆောင်လက်ဖွဲ့ကပင် ဤအရာထက် ပိုကောင်းပေလိမ့်မည်။ ၎င်းသည် လက်နက်ခန်းမသို့ ဓားဒင်္ဂါးပမာဏ အတော်အတန်ဖြင့် ရောင်းချနိုင်သော ရှားပါးပစ္စည်းတစ်ခု ဖြစ်သည်။
သို့သော်၊ အသုံးမဝင်သော မန္တန်တစ်ခု သိမ်းဆည်းထားသည့် ဤသီးခြား အဖြူရောင်ကျောက်စိမ်းအဆောင်လက်ဖွဲ့မှာမူ တန်ဖိုးသိပ်ရှိမည် မဟုတ်ပေ။
ချူလျန် ဆုလာဘ်ထုတ်ယူခြင်း ပြီးဆုံးသွားသည့်အချိန်တွင်ပင် လင်းပေ့တစ်ယောက် ပြန်ရောက်လာလေသည်။
"ဘယ်လိုဖြစ်သွားလဲ..." လင်းပေ့က မေးမြန်းလိုက်သည်။
"အဆင်ပြေပါတယ်... အရေခွံခြယ်သရဲကို ရှင်းလင်းပြီးပါပြီ..."
ချူလျန်က ပြန်ဖြေလိုက်သည်။
လင်းပေ့က ပြုံးလျက် ဆိုလေသည်။
"ကောင်းတာပေါ့... ငါ့ဘက်မှာလည်း အရာအားလုံး အဆင်ပြေတယ်... ယန်ရှောင်ဟူက ငါ့ကို အခုဆိုရင် သူ့ရဲ့ ကျမ်းကျိန်အစ်ကိုကြီးလိုတောင် ဆက်ဆံနေပြီ... ပြီးတော့ ဒီနေ့ကစပြီး လူသစ် စိတ်သစ်နဲ့ နေထိုင်ပါ့မယ်လို့ သူ ကျိန်ဆိုခဲ့သေးတယ်..."
(စကားချပ် - သိုင်းလောကစကားအရဆို သွေးသောက်ညီအစ်ကိုပေါ့။ မိုးမြေတိုင်တည်ပြီး ညီအကိုဖွဲ့တာပါပဲ။ ဒီမှာ သွေးမသောက်တာရော၊ လက်ရှိဇာတ်အရ ကျမ်းကျိန်ညီအစ်ကိုလို့ပဲ ထားလိုက်ပါတယ်။)
ချူလျန် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ဖြစ်ပျက်ခဲ့သမျှကို လင်းပေ့အား ပြောပြလိုက်၏။
"ဒါပေမဲ့... ဒီကိစ္စမှာ တစ်ခု ထူးဆန်းမနေဘူးလား..."
ချူလျန်ထံမှ အဖြစ်အပျက် အပြည့်အစုံကို ကြားသိလိုက်ရသောအခါ လင်းပေ့က ဇဝေဇဝါဖြင့် ထုတ်ဖော်ပြောဆိုလိုက်သည်။
"သူမရဲ့ သားကောင်အားလုံးက သူမကို အနိုင်ကျင့်ခဲ့တဲ့ လူတွေချည်းပဲ... ဒါဆိုရင် ဘာဖြစ်လို့ စီတုယန်က ယန်ရှောင်ဟူကို အငြိုးမထားရတာလဲ... သူက သေလောက်အောင် ကြောက်နေပေမဲ့… နောက်ဆုံးကျတော့ သူက သူမရဲ့ လက်စားချေမယ့် စာရင်းထဲမှာတောင် ပါမနေဘူး..."
"ဖြစ်နိုင်တာက... ယန်ရှောင်ဟူက သူမရဲ့ ရုပ်ရည်သွင်ပြင်ကြောင့် ခွဲခြားဆက်ဆံတာမျိုး မလုပ်ခဲ့လို့ ဖြစ်မှာပါ..."
ချူလျန်က သုံးသပ်ပြလိုက်သည်။
"သူက စီတုယန်ဆီက ငွေညှစ်ခဲ့တယ်ဆိုပေမဲ့... တခြားလူတွေဆီကလည်း အဲဒီလိုပဲ လုပ်ခဲ့တာလေ... သူတူညီမျှ ပမာဏတူတူပဲ ညှစ်ခဲ့တာ... တစ်မျိုးတွေးကြည့်ရင် ဒီကိစ္စမှာတော့... သူက သူမကို တခြားလူတွေနဲ့ တန်းတူထား ဆက်ဆံခဲ့တာပေါ့... စီတုယန်ကို တကယ် နာကျင်အောင် လုပ်ခဲ့တဲ့သူတွေက သူမကို တခြားလူတွေနဲ့ မတူအောင် ခွဲခြားဆက်ဆံခဲ့တဲ့ လူတွေပဲ..."
"သိပ်ကို အဓိပ္ပာယ်ရှိတယ်..." လင်းပေ့က ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။
ထို့နောက် သူ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။
...
တိတ်ဆိတ်ငြိမ်သက်နေသင့်သော သန်းခေါင်ယံ အချိန်အခါ...။
စုန့်ချင်းရီသည် တောင်ပိုင်းတောင်တန်းကျောင်းတော်သို့ ပြန်ရောက်လာခဲ့သည်။
ထိုနေရာတွင် သူမသည် တရားမှတ်ရန်နှင့် ချီစွမ်းအင်လှည့်ပတ်ရန် ထိုင်လိုက်သည်။ ခေတ္တမျှ ကျင့်ကြံပြီးနောက် အိပ်စက်ရန် လှဲလျောင်းလိုက်လေ၏။
လူသားနယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများသည် စွမ်းအင်ပြန်လည်ဖြည့်တင်းရန် အိပ်စက်ဖို့ လိုအပ်သည်။
သို့သော်ငြား၊ သူတို့သည် ဝိညာဉ်အသိအမြင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ကျေနပ်လောက်သော သက်စောင့်စွမ်းအား၊ ချီနှင့် ဝိညာဉ်အဆင့်များကို ရရှိပြီးသည်နှင့်တပြိုင်နက်၊ အိပ်စက်ခြင်းကို ကျင့်ကြံခြင်းဖြင့် အစားထိုးနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ၊ ထိုသို့ ပြုလုပ်ခြင်းသည် စိတ်လက်ပေါ့ပါးစွာ အနားယူပြီး တစ်ညတာ ကောင်းမွန်စွာ အိပ်စက်ခြင်းလောက် သက်တောင့်သက်သာ မရှိလှချေ။
ခဏအကြာတွင်၊ မိုးသောက်ချိန် နီးကပ်လာသည်နှင့်အမျှ ရှိုက်ကြီးတငင် ငိုကြွေးသံများကြောင့် သူမ ရုတ်တရက် နိုးလာခဲ့ရသည်။
"ဟမ်..."
စုန့်ချင်းရီ ထထိုင်လိုက်ပြီး၊ ပြတင်းပေါက်မှတဆင့် အပြင်ဘက်မှ သဲ့သဲ့ကြားရသော ငိုသံတစ်ခု ဝင်ရောက်လာနေကြောင်း အတည်ပြုလိုက်သည်။
သူမ အဝတ်အစားများကို လျင်မြန်စွာ ဝတ်ဆင်လိုက်ပြီး အပြင်သို့ ခုန်ထွက်လိုက်လေသည်။
စုန့်ချင်းရီ၏ နေထိုင်ရာနေရာကို တောင်ပိုင်းတောင်တန်းကျောင်းတော်က သူမအတွက် အထူး စီစဉ်ပေးထားခြင်း ဖြစ်သည်။ အခြားသော ဆရာ၊ ဆရာမများ တည်းခိုရာနေရာနှင့် အတော်လေး ဝေးကွာပြီး၊ ထိုဧရိယာတွင် နေထိုင်သူ လူအနည်းငယ်သာ ရှိပေသည်။
'ဘယ်သူ ငိုနေတာလဲ...'
သူမ ငိုသံ၏ အရင်းအမြစ်ကို လိုက်ရှာကြည့်လိုက်ရာ၊ ဆံပင်ကို အထုံးနှစ်ထုံး စည်းထားသော ပုံရိပ်ငယ်လေးတစ်ခု အနီးအနားရှိ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုကလေးငယ်သည် သူမကို ကျောပေးလျက် ငိုကြွေးနေခြင်း ဖြစ်သည်။
"ကလေးလေး..." စုန့်ချင်းရီ အလျင်စလို သွားရောက်ရင်း လှမ်းခေါ်လိုက်သည်။ "ဘာဖြစ်လို့လဲ..."
ဤအချိန်တွင်၊ အရေခွံခြယ်သရဲကိစ္စ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် သူမ အထူးတလည် သတိရှိမနေခဲ့ပေ။
ကလေးငယ် လှည့်ကြည့်လိုက်သောအခါ၊ စုန့်ချင်းရီ၏ အာရုံခံစားမှုများသည် ပြင်းထန်သော သေခြင်းတရား အရှိန်အဝါတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။
သူမ ချက်ချင်း တင်းမာသွားပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်မိ၏။
သို့သော်…၊ အနည်းငယ် နောက်ကျသွားချေပြီ။
ကလေးငယ်၏ မျက်နှာကို သူမ မြင်တွေ့လိုက်ရသည်။ ၎င်းသည် နက်မှောင်ပြီး ကြောက်မက်ဖွယ် ကောင်းလှချေသည်။
ရွံရှာဖွယ်ကောင်းအောင် လိမ်တွန့်ပြီး ထုံးဖွဲ့နေသော သွေးကြောများ ဖုံးလွှမ်းနေသည်မှာ ပျော့အိပြီး အက်ကွဲနေသော ဖရဲသီးပုပ်တစ်လုံးနှင့် တူနေသည်။
သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသော အသံတစ်ခု ထွက်ပေါ်လာပြီး၊ လေးလံသော တူတစ်ချောင်းက သူမ၏ ဝိညာဉ် အနက်ရှိုင်းဆုံး အစိတ်အပိုင်းများကို ရိုက်ခတ်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
စုန့်ချင်းရီ အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်သော်လည်း၊ ဤတိုက်ခိုက်မှုကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီး ရုတ်တရက် နေရာမှာတင် အေးခဲသွားရသည်။
ထိုအချိန်တွင်ပင်၊ သူမ၏ ခြေထောက်အနီးတွင် တစ်စုံတစ်ရာ ပေါက်ကွဲထွက်လာသော အသံများ ထွက်ပေါ်လာသည်။ အဆစ်များဖုထစ်နေပြီး ရှည်လျားသော အနက်ရောင်လက်သည်းများ ရှိသည့် အရိုးစု သရဲလက် (၇)ချောင်း၊ (၈)ချောင်းခန့် မြေကြီးအောက်မှ ဖောက်ထွက်လာပြီး၊ သူမ၏ ခြေကျင်းဝတ်များကို တပြိုင်နက်တည်း ဖမ်းဆုပ်လိုက်ကြလေတော့သည်။
စုန့်ချင်းရီသည် ကြောင်အမ်းနေသော အခြေအနေမှ လွတ်မြောက်ရန် လျှာဖျားကို ပြင်းထန်စွာ ကိုက်လိုက်သည်။ ထို့နောက် သရဲလက်များကို ခုတ်ဖြတ်ရန် နှလုံးသားတိုင်းတာပေတံကို ဆွဲထုတ်လိုက်သည်။
သို့သော် အရိုးခိုက်မတတ် အေးစက်သော အအေးလှိုင်းတစ်ခုက သူမ၏ နောက်ကျောဘက်မှ လွှမ်းခြုံလာခဲ့သည်။ သူမ အလွန်အမင်း အေးစက်ပြီး တောင့်တင်းသွားကာ၊ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
အကယ်၍ တစ်စုံတစ်ယောက်က သူမကို ဘေးဘက်မှ ကြည့်လိုက်လျှင်၊ ဆံပင်ရှည်များ မျက်နှာကို ဖုံးအုပ်ထားသော အဖြူရောင်ဝတ်ရုံဝတ် သရဲမတစ်ကောင်သည် တစ်ချိန်ချိန်ကတည်းက စုန့်ချင်းရီ၏ နောက်ကျောတွင် တွယ်ကပ်နေပြီး၊ ပခုံးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို မြင်တွေ့ရပေလိမ့်မည်။
"နင် ဘယ်သူလဲ..."
စုန့်ချင်းရီ လေးနက်စွာ မေးမြန်းလိုက်သည်။
ချုပ်နှောင်ခံထားရသော်လည်း၊ စုန့်ချင်းရီ မထိတ်လန့်ပေ။ သရဲ အများအပြား တပြိုင်နက်တည်း ပေါ်လာခြင်းသည် ရိုးရှင်းသော တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ကြောင်း သူမ သိရှိထားသည်။ ၎င်းတို့ကို ကြိုးကိုင်ခြယ်လှယ်နေသူ တစ်ဦး ရှိရပေမည်။
"ဟီးဟီး... မွန်မြတ်သူများ ခန်းမဆောင်က မိန်းကလေး ဖြစ်နေတာကိုး..."
အက်ကွဲပြီး နားဝင်ဆိုးသော အသံတစ်ခု ဘေးဘက်မှ ထွက်ပေါ်လာသည်။
ခေါင်းစွပ်ပါသော အနက်ရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။
သူ၏ အသံသည် လူအိုတစ်ဦး၏ အသံနှင့် တူသော်လည်း၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ကိုယ်နေဟန်ထားကမူ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဤပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထူးခြားနေလေသည်။
"မင်း ငါပင်ပန်းခံဖန်တီးထားတဲ့ အရေခွံခြယ်သရဲကို မထိခဲ့သင့်ဘူး... တကယ်ကို မထိခဲ့သင့်ဘူး..."
အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်က နာကြည်းမှုနှင့် ဒေါသတရားတို့ ပြည့်နှက်နေသော လေသံဖြင့် ဆိုလေသည်။
"ငါ့အတွက် လတ်ဆတ်တဲ့ ဝိညာဉ်တွေ စုဆောင်းပေးဖို့ အာရုံမစိုက်ခင်... ဒီမှာရှိတဲ့ သူမရဲ့ ရန်သူ (၃)ယောက်ကို သတ်ခွင့်ပေးမယ်လို့ ငါ သူမကို ကတိပေးထားခဲ့တာ... အရာအားလုံး ပြီးဆုံးသွားလို့... သူမ ငါနဲ့အတူ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေတဲ့အချိန်မှာမှ... မင်းက သူမကို သတ်ပစ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..."
"ငါ အရမ်းဒေါသထွက်တယ်..."
"မင်း ပေးဆပ်ရမယ်..."
အရုဏ်မတက်မီ အမှောင်ထုထဲတွင်၊ အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ်သည် ကြားရသူအဖို့ ကျောရိုးထဲထိ စိမ့်တက်သွားစေမည့် ဆိုးယုတ်လှသောလေသံဖြင့် ပြောဆိုလိုက်သည်။
စုန့်ချင်းရီ နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ပေ။ ထိုအစား၊ သူမ ဘယ်လက်တစ်ဖက်တည်းဖြင့် လက်သင်္ကေတတစ်ခု ရုတ်တရက် ပြုလုပ်လိုက်ရာ၊ ရွှေရောင်အလင်းတန်းတစ်ခု မြင့်တက်လာပြီး ခေါင်းပေါ်တွင် ပျံဝဲနေလေသည်။
၎င်းသည် တစ်ပိုင်းတစ်စ ရွှေရောင်ကျမ်းစာပင် ဖြစ်၏။
ရွှေရောင်ကျမ်းစာပိုင်းသည် မြင့်မားစွာ ပျံတက်သွားပြီး သူမအပေါ်သို့ တောက်ပသော အလင်းရောင်တစ်ခု ကျရောက်စေသည်။
စုန့်ချင်းရီကို ရစ်ပတ်ထားသော သရဲလက်များ အားလုံးသည် အလင်းရောင်ကြောင့် လောင်ကျွမ်းသွားသဖြင့်၊ မရပ်မနား တရွှီးရွှီး မြည်သံများနှင့်အတူ အမဲရောင်မီးခိုးငွေ့များ ချက်ချင်း ထွက်ပေါ်လာလေတော့သည်။
သွေးပျက်ဖွယ် အော်ဟစ်သံများနှင့် နာကျင်စွာ ညည်းညူသံများ ရုတ်တရက် လေထုထဲတွင် ပြည့်နှက်သွားသည်။
"အား…."
သရဲလက်များနှင့် အဖြူရောင်ဝတ်ရုံဝတ် သရဲမတို့ ဆုတ်ခွာသွားကြပြီး၊ စုန့်ချင်းရီ ချက်ချင်း လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိသွားသည်။
သို့သော် သူမသည် အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်ကို တိုက်ခိုက်ရန် မကြိုးစားပေ။ အစောပိုင်းတိုက်ပွဲတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် သူမထက် များစွာ သာလွန်ကြောင်းနှင့် အနည်းဆုံး ရွှေအမြုတေအဆင့်တွင် ရှိကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
ထို့အပြင်၊ သူ၏ ထူးဆန်းသော နည်းလမ်းများက သူသည် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ညွှန်ပြနေသည်။
မည်သို့ပင်ဖြစ်စေ၊ ယခုအချိန်တွင် သူမ၏ ဦးစားပေးမှာ ထွက်ပြေးရန်သာ ဖြစ်သည်။ သူမ နောက်လှည့်ပြီး ပြေးထွက်လိုက်တော့သည်။
သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်သည် သူမနောက်သို့ လိုက်လံ ဖမ်းဆီးခြင်း မပြုပေ။ သူသည် ခြောက်ခြားဖွယ်ကောင်းအောင် ပြုံးလိုက်ပြီး၊ ကြီးမားသော အနက်ရောင် သံလေးခွတစ်ခုကို ထုတ်ယူလိုက်သည်။
သူ လေးခွကို ညာလက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီး တင်းနေအောင် ဆွဲလိုက်သည်။
ထို့နောက် သူ တိုးတိုးလေး အမိန့်ပေးလိုက်သည်။
"သွား..."
ရွှစ်...။
လျှပ်စီးကြောင်းတစ်ခုက ညမြင်ကွင်းကို ဖြတ်သန်းသွားချေသည်။
စုန့်ချင်းရီတစ်ယောက် လေထဲတွင် ရောက်ရှိနေစဉ် ရုတ်တရက် တုန်ခါသွားရသည်။
ချွန်ထက်သော အရာဝတ္ထုတစ်ခု သူမကို ထိုးဖောက်သွားသကဲ့သို့ အသံခပ်အုပ်အုပ်တစ်ခု ထွက်ပေါ်လာသော်လည်း၊ သူမတွင် မြင်သာသော ဒဏ်ရာများ မရှိပေ။
သို့သော် သူမ ရုတ်တရက် အေးခဲသွားပြီးနောက်၊ လေးလံသော ဆင်းသက်မှုဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။
ဘုတ်...။
စုန့်ချင်းရီ တစ်ကိုယ်လုံး အလွန်အမင်း အေးစက်ပြီး တောင့်တင်းနေသည်ဟု ခံစားလိုက်ရသည်။ သူမ၏ လက်ချောင်းများကို လှုပ်ရှားရန်ပင် မယုံနိုင်လောက်အောင် ခက်ခဲနေသည်။
အမည်နာမတစ်ခုက သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ဝိညာဉ်ဖောက် သံမှို...။
၎င်းသည် အမှောင်အုပ်စိုးသူဂိုဏ်း ပိုင်ဆိုင်သော မိစ္ဆာမှော်ဝင်ကိရိယာတစ်ခု ဖြစ်သည်။ သံမှိုသည် မမြင်နိုင်ဘဲ ခြေရာလက်ရာ မကျန်ရစ်စေသည့်အပြင်၊ လူသားတစ်ဦး၏ ဝိညာဉ်ကို ထိုးဖောက်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
သံမှိုဖြင့် ရိုက်ခတ်ခံရပြီးသည်နှင့် တပြိုင်နက်၊ ဝိညာဉ်နှင့် ခန္ဓာကိုယ် နှစ်ခုစလုံး မလှုပ်ရှားနိုင်တော့ချေ။
အနက်ရောင် ဝတ်ရုံဝတ်ပုဂ္ဂိုလ် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်နှင့်အမျှ၊ နောက်ဘက်မှ ချဉ်းကပ်လာသော ခြေသံများ ပိုမို နီးကပ်လာသည်။
ထို့နောက် သူ၏ လက်ချောင်းများကို ကွေးလိုက်ပြီး စုန့်ချင်းရီ ပတ်လည်ရှိ မမြင်ရသော ကြိုးတစ်ချောင်းကို ဆွဲလိုက်သကဲ့သို့၊ သူမ ရုတ်တရက် မတ်တပ်ရပ်လျက် အနေအထားသို့ ရောက်ရှိသွားသည်။
"ငါ့နောက် လိုက်ခဲ့..."
အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်က အမိန့်ပေးလိုက်သည်။
သူသည် ခြောက်ခြားဖွယ်ကောင်းအောင် ရယ်မောလိုက်ပြီး သူ၏ ဦးတည်ရာနေရာသို့ ဦးတည်သွားသည်။
အလွန်အမင်း တောင့်တင်းနေပြီး ထွက်ပြေးနိုင်စွမ်း မရှိသော စုန့်ချင်းရီသည် အနက်ရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်၏ နောက်သို့ လိုက်ပါရန် ဖိအားပေးခံလိုက်ရရှာသည်။
သတိမထားမိသော ထောင့်တစ်နေရာ….၊
စုန့်ချင်းရီကို ကာကွယ်ပေးခဲ့သော ရွှေရောင်ကျမ်းစာပိုင်းသည် တိတ်တဆိတ် ပျောက်ကွယ်သွားလေတော့သည်။